← Chapters

ထပ်တိုက်ကြတာပေါ့

Vol. 86-89 Ch. 1317

ထပ်တိုက်ကြတာပေါ့

Vol. 86-89 Ch. 1317

*ဟမ်*

ဝမ်လေ့က ယဲ့ဖန်ကို ချက်ချင်း မျက်မှောင်ကြုတ်ကာ ရန်လိုသော အကြည့်ဖြင့် ကြည့်လိုက်သည်။ ဤသို့သော မျိုးမစစ်လေးက သူ့ကို ယခုလို ပြောလာရဲလိမ့်မည်ဟု သူ ထင်မထားမိပါ။

*အသက်ရှင်ရတာ ပင်ပန်းနေပြီနဲ့တူတယ်*

တစ်ဖက်တွင်မူ ဟွမ်ထျန်းချန်က စိတ်လှုပ်ရှားကာ တုန်ယင်လာသည်။ ယဲ့ဖန်က သူတို့အတွက် ဝင်ပါလာ လိမ့်မည်ဟု သူ မျှော်လင့်မထားမိချေ။

သူ့စိတ်ထဲတွင် ယဲ့ဖန် သူ့သမီးကို ကုသပေးခြင်းက သူ့အတွက် ကံကောင်းမှုကြီးပင် ဖြစ်ပြီး ယခုအခါတွင်လည်း သူတို့အတွက် ဝင်ပါပေးချင်နေသည်တဲ့လား။

ဤသို့တွေးမိပြီးနောက် ဟွမ်ထျန်းချန်သည် လှောင်ရယ်လိုက်ပြီး ဝမ်လေ့အား ရန်စသလို ကြည့်လိုက်သည်။ ယဲ့ဖန်၏ အကူအညီနှင့်ဆိုလျင် ဝမ်လေ့အယောက်တစ်ထောင် ဖြစ်နေလျင်တောင်မှ သူ့အတွက် ပြိုင်ဘက် မဟုတ်ပေ။

“ဟွမ်ထျန်းချန် ကြည့်ရတာ မင်းအနားမှာ တကယ် ဘယ်သူမှ မရှိတော့ဘူးနဲ့တူတယ်၊ အဲ့ဒါကြောင့် မင်းကို ကူညီဖို့ ဒီမျိုးမစစ်ကောင်ကို ရှာထားတာလား”

ဝမ်လေ့က ရယ်မောလိုက်ပြီး ယဲ့ဖန်အား ခက်ထန်စွာ စိုက်ကြည့်လေသည်။

“ခွေးကောင် မင်း ဘယ်သူ့ကို ပြောနေတာလဲရော သိရဲ့လား”

*ဘယ်ကလာမှန်း မသိတဲ့ အရိုင်းအစိုင်းကောင်က င့ါပါးစပ်ကို ဖူးရောင်သွားအောင် လုပ်မယ် ဟုတ်လား၊ သေချင်နေတာပဲ*

“ဖြောင်း”

ချက်ချင်းဆိုသလိုပင် ဝမ်လေ့ လွင့်ထွက်သွားပြီး ကြမ်းပြင်ပေါ် အရှိန်ဖြင့် ပြန်ကျလေသည်။ သူ့မျက်နှာတစ်ပြင်လုံး ချက်ချင်း ဖူးရောင်သွားပြီး သွားများ ကျွတ်ထွက်ကာ သွေးများ ဒလဟော စီးကျလာသည်။ လူတိုင်း ထိတ်လန့် သွားကြသည်။

*ဒီကောင်လေးက ဝမ်လေ့မျက်နှာကို တကယ် ရိုက်ချလိုက်တာလား*

*သူ ရူးနေတာလား*

ဟွမ်ထျန်းချန်‌တောင်မှ ဤသို့ မလုပ်ရဲပေ။ အိမ်ခြံမြေ ဘုရင်တစ်ပါးဖြစ်သော ဝမ်လေ့၌ ကြီးမားသော အဆက် အသွယ်များနှင့် စည်းစိမ်ချမ်းသာများ ရှိသည်။ ဟွမ်ထျန်းချန်‌တောင်မှ မဖြစ်မနေ ယှဉ်ပြိုင်ရမည့်အချိန်မှလွဲ၍ သူ့ကို ရန်မလုပ်ရဲသဖြင့် အဘယ်ကြောင့် ယဲ့ဖန်က လုပ်ရဲရသနည်း။

*ဟာသပဲ*

*ဟွမ်ထျန်းချန် ဒီလိုကောင်ကို ဘယ်ကနေ ရှာလာတာလဲ၊ သူက ဝမ်လေ့ကို ပေါ်တင် တိုက်ခိုက်ရဲလောက်အောင် တော်တော် အတင့်ရဲတာပဲ*

*သွားပြီ*

*ဒီကောင်တော့ လုံးဝ ပွဲသိမ်းပြီ*

ဝမ်လေ့၏ အစွမ်းအရဆိုလျင် နောက်တစ်နေ့ မနက်၌ ယဲ့ဖန်၏ ခန္ဓာကိုယ်ကို မြစ်ထဲ၌ ပြန်ဆယ်ရလောက်သည်။ သူသည်သာမက သူ့မိသားစုနှင့် မိတ်ဆွေများလည်း အသက်ချမ်းသာမည် မဟုတ်ပါ။

ဘေးပတ်လည်မှ အထင်ကရ ပုဂ္ဂိုလ်များက ယဲ့ဖန်ကို သေချာ ကြည့်လာပြီးနောက် စိတ်မဝင်စားတော့ချေ။ အဘယ်ကြောင့်ဆိုသော် သူတို့၏ စိတ်ထဲတွင် မကြာခင် ယဲ့ဖန် သေလူ ဖြစ်လာတော့မည်ဟု ထင်နေသော ကြောင့်ပင်။

*လူကြီးနှစ်ယောက် ယှဉ်ပြိုင်နေတာကို မင်းလို ကောင်‌လေးက ဘာဝင်လုပ်တာလဲ၊ မင်းမှာ ဘာအစွမ်းအစ ရှိလို့လဲ*

*သေရေးရှင်ရေး အခြေအနေနဲ့ ကြုံလာရင် ဟွမ်ထျန်းချန်ကလည်း သူ့ကို တွေဝေမနေဘဲ စွန့်ပစ်မှာ၊ မင်းလို နယ်ရုပ်လေးအတွက် သူ ဝမ်လေ့နဲ့ တိုက်ခိုက်မယ်လို့ ထင်နေတာလား*

*ဟွမ်ထျန်းချန် ရူးနေရင်တော့ မသိဘူးပေါ့*

ဝမ်လေ့၏ သက်တော်စော့င်များလည်း နေရာမှာတင် မှင်တက်မိနေသည်။ ယဲ့ဖန် မည်သို့ လှုပ်ရှားလိုက်မှန်း သူတို့ မသိလိုက်ချေ။

ဝမ်လေ့၏ သက်တော်စောင့်များထဲတွင် ဘုရင်အဆင့် တစ်ယောက်လည်း ပါရှိသည်။ ထိုဘုရင်အဆင့်တောင်မှ ယဲ့ဖန် တိုက်ခိုက်သည်ကို မတားလိုက်နိုင်ပေ။

ဟွမ်ယွီလင်းတောင်မှ မျက်နှာ ဖြူရော်သွားပြီး ယဲ့ဖန်အား မယုံနိုင်သလို ကြည့်လာသည်။ သူမတို့အတွက် ယဲ့ဖန်က တုံ့ပြန်လာလိမ့်မည်ဟု သူမ မမျှော်လင့်ထားမိပါ။

“မင်း ... မင်း င့ါကို ရိုက်ရဲတာလား”

ဝမ်လေ့က မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ့၏ အဆီပိတ်နေသော မျက်နှာက ကြောက်စရာ ကောင်းလာပြီး မျက်လုံးတွင် မုန်းတီးစိတ်များဖြင့် ပြည့်နှက်လာသည်။

ဘယ်သူမှန်းမသိသည့် နယ်ရုပ်လေးတစ်ရုပ်၏ ရိုက်နှက်ခြင်း ခံလိုက်ရသည်က သူ့အတွက် ကြီးစွာသော အရှက်ရခြင်းပင်။ ယဲ့ဖန်၏ ဆိုးဆိုးရွားရွား သေဆုံးခြင်းကပင် သူ၏ အရှက်ကို ပြန်ဆေးကြောနိုင်ပေလိမ့်မည်။

“ငါ မင်းကို သတိပေးခဲ့သားပဲ”

ယဲ့ဖန် အေးစက်စွာ ပြောလိုက်သည်။

“ပြီးတော့ ငါ စကားကို နှစ်ခါပြောရတာ မကြိုက်ဘူး”

သူ မျက်နှာကို ဖူးရောင်နေအောင် လုပ်မည်ဟု ပြောလျင် တကယ် ဖူးရောင်နေအောင် လုပ်မှာပင်။ ဤသည်က ယဲ့ဖန်၏ လွှမ်းမိုးခြယ်လှယ်သော ဟန်ပန် ဖြစ်သည်။

“ကောင်းပြီလေ ကောင်းပြီ သူ့ကိုသတ်”

ဝမ်လေ့ အလွန် ဒေါသထွက်သွားပြီး ချက်ချင်း အော်ဟစ်လိုက်သည်။ ယဲ့ဖန်ကို အခု သူ မသတ်နိုင်ပါက နောင်တွင် သူ အပြင်၌ မည်သို့ မျက်နှာပြ၍ သွားလာရမည်နည်း။

ဝမ်လေ့၏ စကားအဆုံး၌ သူ့အ‌နောက်မှ သိုင်းပညာရှင်များစွာက ရှေ့သို့ ပြေးတက်လာကြသည်။ ထိုသူများ၏ ဖိအားက ပြင်းထန်ကာ ကြောက်စရာ ကောင်းလှသည်။

“ဘာဖြစ်တာလဲ၊ မင်းတို့ ငါ သေပြီ မှတ်နေလား”

ထိုစဉ် ထည်ဝါသော အသံတစ်သံက ခန်းမတစ်ခုလုံး ပေါက်ကွဲမတတ် ထွက်ပေါ်လာ၏။

“သခင်ကြီးယန်”

လူတိုင်း စိုးရိမ်တုန်လှုပ်လာကြပြီး အထင်ကရ ပုဂ္ဂိုလ်များအားလုံး ထရပ်ကာ လေးစားရိုသေသော အမူအရာဖြင့် ဦးညွှတ်လာကြသည်။

ထိုအသံက ဤလေလံပွဲ ကျင်းပသူ၏ အသံဖြစ်ကြောင်း သူတို့ သိကြပြီး သူတော်စင်သခင်အဆင့်သို့ ရောက်နေသော သခင်ကြီးယန်ဟူသော လူဖြစ်လေသည်။ သူ ဤလေလံစံအိမ်၌ ရှိနေသောကြောင့် လေလံပွဲများက အဆင်ပြေ ချောမွေ့စွာ ကျင်းပနိုင်ခြင်း ဖြစ်သည်။

သခင်ကြီးယန်ကဲ့သို့သော လူမျိုးရှေ့၌ သူတို့၏ အဆင့်အတန်းက အရေးမပါသည့်အပြင် စကားထဲ ထည့်ပြောရန် မလိုသော လူများ ဖြစ်ကြောင်း သူတို့ သိလေသည်။

သူတို့က အင်အားတောင့်ပြီး ချမ်းသာကြွယ်ဝသော်လည်း ဤသို့သော သိုင်းပညာရှင်ရှေ့၌ ရန်ငြိုးမထားအောင်သာ နေကြရသည်။

“ကျုပ် တောင်းပန်ပါတယ် သခင်ကြီးယန်၊ ဒီလူငယ်လေးက ရိုင်းစိုင်းနေလို့ပါ”

ဝမ်လေ့ တုန်ယင်သွားပြီး ဤလေလံပွဲ၌ မိစ္ဆာအိုကြီးတစ်ယောက် ရှိနေကြောင်း သတိပြုမိသွားသည်။

“မင်းတို့ လေလံဆွဲချင်ရင် ထိုင်နေ မဟုတ်ရင် ထွက်သွားကြ၊ ဒီနေရာမှာ ပြဿနာ ရှာရဲလို့ကတော့ ငါ မင်းတို့အားလုံး လမ်းမလျှောက်နိုင်အောင် လုပ်ပစ်မယ်”

အမှောင်ထဲ၌ ပုန်းကွယ်နေသော လူအိုကြီးယန်၏ အသံက အလွန် အေးစက်နေ၏။

“ဟုတ် ဟုတ်ကဲ့ ဟုတ်ကဲ့ ...”

ဝမ်လေ့ ခေါင်းညိတ်၍ ဦးညွှတ်ကာ ပြောလိုက်သည်။ သူ တစ်ခွန်းမှ ပြန်မပြောရဲပေ။ တစ်ဖက်လူက သူတော်စင် သခင် အဆင့် ဖြစ်သည်။ တစ်ဖက်လူသာ ဆန္ဒရှိလျင် လက်တစ်ချောင်း မဆိုထားနှင့် ဆံပင်တစ်မျှင်ကပင် သူ့အား အခါတစ်ထောင်အထိ သတ်နိုင်ပေသည်။

ဟွမ်ထျန်းချန်သည်လည်း ပြန်မချေပရဲဘဲ လေးစားစွာ ဦးညွှတ်လိုက်ရသည်။ သို့သော် ထိုအခိုက်တွင် ယဲ့ဖန် မျက်မှောင်ကြုတ်နေပြီး အသံနက်နက်ဖြင့် အော်လိုက်သည်။

“ခင်ဗျားက ကျုပ်ကို ခြိမ်းခြောက်နေတာလား”

စကြဝဠာ၏ နတ်ဆိုးဧကရာဇ်ဖြစ်သော သူသည် နှစ်ထောင်သောင်းချီ၍ ရှင်သန်နေထိုင်လာသူ ဖြစ်ပြီး မည်သူမှ သူ့ကို မလှည့်စားရဲသလို ခြိမ်းခြောက်ခြင်းလည်း မပြုရဲပေ။ သို့သော် သူ့ရှေ့မှ လူအိုကြီးက သူ့အား လမ်းမလျှောက်နိုင်အောင် လုပ်ပစ်မည်ဟု ပြောနေ၏။ အဓိပ္ပာယ် မရှိသလို မုန်းတီးစရာ ကောင်းလှသည်။

ချက်ချင်းဆိုသလိုပင် အရာအားလုံး တိတ်ဆိတ်သွားလေသည်။ လေလံခန်းမတစ်ခုလုံး သုသာန်အလား တိတ်ဆိတ် လာ၏။

လူတိုင်း လည်ပင်းအညှစ်ခံထားရသကဲ့သို့ ဖြစ်နေပြီး ပါးစပ်ကို လက်ဖြင့်အုပ်ကာ အသံပင် မထွက်ရဲချေ။ သူတို့ ထိတ်လန့်၍ ကြောက်လန့်နေကြသည်။

*ငါတို့ ဘာကြားလိုက်တာလဲ၊ တစ်ယောက်ယောက်က သခင်ကြီးယန်ကို သူ့နယ်မြေထဲမှာ လာစိန်ခေါ် နေတာလား*

ကြောက်လန့်၍ မပြောပြတတ်သော အကြည့်များက ယဲ့ဖန်ပေါ် ကျရောက်လာ၏။ လူတိုင်း ယဲ့ဖန်ကို နားလည်ချင်နေကြပြီး သူ ရူးနေသလား ဒါမှမဟုတ် မိုက်ရူးရဲဆန်နေတာလား သိချင်နေကြသည်။

*ဝမ်လေ့ကို ရိုက်လိုက်ရုံနဲ့တင် အားမရလို့ အခု သူတော်စင်သခင်အဆင့်ကိုပါ ဒီလိုစကား ပြောရဲတာလား*

သခင်ကြီးယန်ကြောင့် ယဲ့ဖန် ရှစ်ပိုင်း အပိုင်းခံလိုက်ရတော့မည်ဟု သူတို့ မြင်ယောင်နေကြသလို ဤအဖြစ်ကြောင့် ဟွမ်မိသားစု ကျဆုံးရတော့မည်ဟု ထင်လာလေသည်။

*သူတော်စင်သခင်အဆင့်ကို ရန်စတာက နတ်ဘုရားကို ရန်စလိုက်တာနဲ့ အတူတူပဲ၊ နတ်ဘုရားရဲ့ ‌ဒေါသကို သေမျိုးတွေက ဘယ်လိုလုပ် ခံနိုင်မှာလဲ*

*ပုရွက်ဆိတ်တစ်ကောင်က နဂါးတစ်ကောင်ကို ချချင်နေတာလား*

သူတို့ ယဲ့ဖန်ကို ရူးနေပြီဟု ထင်နေကြသည်။ သူတို့ ထိုသို့မှလွဲ၍ အခြား မတွေးတတ်တော့ချေ။ ဝမ်လေ့ တစ်ဒင်္ဂမျှ မှင်တက်နေပြီးနောက် ဟားတိုက် ရယ်မောလိုက်သည်။

“ဟားဟားဟား အရူး မင်း ဘယ်သူ့ကို ပြောနေတာလဲ ဆိုတာရော သိရဲ့လား၊ ဒါ ရှုကျိုးရဲ့ အမြင့်ဆုံး ပုဂ္ဂိုလ် သခင်ကြီးယန်ကွ၊ မင်းလိုလူမျိုးကို သူ အသာလေး သတ်လိုက်လို့ ရတယ်၊ ဒါတောင် မင်းက သူ့ကို စိန်ခေါ်ရဲတယ်ပေါ့”

ချက်ချင်းဆိုသလိုပင် သူ ဟွမ်ထျန်းချန်ကို စိုက်ကြည့်လာ၏။

“ဟွမ်ထျန်းချန် မင်း ဒီမလာခင် ဒီကောင်လေးကို လေလံစံအိမ်မှာ ဘယ်သူ့ကိုမှ ရန်စလို့ မရဘူးလို့ မရှင်းပြ ခဲ့ဘူးလား၊ ဘယ်တော့မှ ရန်စလို့ မဖြစ်တဲ့ လူရှိတယ်လို့ မပြောခဲ့တာလား ဒါမှမဟုတ် သခင်ကြီးယန်ကို မင်းက မသိကျိုးကျွန် ပြုချင်နေတာလား”

ဤကိစ္စကို ဟွမ်ထျန်းချန်အပေါ် ခေါင်းပုံချလိုက်သဖြင့် ဟွမ်ထျန်းချန် လုံးဝ ဇာတ်သိမ်းရပေတော့မည်။ ဟွမ်ထျန်းချန် ရုတ်တရက် စက္ကူစသဖွယ် ဖြူရော်သွားပြီး ရုတ်ချည်းဆိုသလို စိုးရိမ်တုန်လှုပ်လာကာ ဒေါသတကြီး ပြောလိုက်သည်။

“ဝမ်လေ့ မဟုတ်တာတွေ ပြောမနေနဲ့၊ ငါ ဘယ်တုန်းကမှ သခင်ကြီးယန်ကို မလေးမစားလုပ်ဖို့ စိတ်ကူး မရှိဘူး”

သို့သော် သူ ယဲ့ဖန်ကို ရန်စသလို ဖြစ်သွားမည်စိုး၍ ထို့ထက် ပိုရှင်းမပြရဲချေ။ သူ့အမြင်တွင် ယဲ့ဖန်က သခင်ကြီးယန်ထက် အဆတစ်ရာ ပိုကြောက်ဖို့ကောင်းလေသည်။

သို့သော် ဝမ်လေ့က ရန်သူကို ဓားဖြင့်ထိုးနိုင်မည့် အခွင့်အရေးမျိုးကို မည်သို့ လက်လွှတ်ခံနိုင်မည်နည်း။ သူက ဆက်၍ ရယ်မောကာ ပြောလေသည်။

“ဒါဆို မင်းဘေးက လူငယ်လေးက သခင်ကြီးယန်ကို ဒီလို ပြောနေတာကို ဘယ်လို ရှင်းပြမလဲ”

“မင်း သူ့ကို သခင်ကြီးယန်အကြောင်း မပြောထားဘူးမလား၊ ဘာလို့လဲဆိုတော့ မင်းမျက်လုံးထဲမှာ သခင်ကြီးယန်ကို အရေးမပါဘူးလို့ ထင်နေလို့လေ၊ ဒါမှမဟုတ် ဒါက မင်း ပြောလို့ သူ လုပ်တာလား”

“မင်း”

ဟွမ်ထျန်းချန် ဒေါသထွက်သွားသလို အလွန် စိတ်ပျက်သွားသည်။

*ဒီခွေးမသားကတော့ ငါ့ကို တမင် ချောက်တွန်းနေတာပဲ*

“တော်လောက်ပြီ ကိုယ့်နေရာကိုယ်နေကြ”

သို့သော် လုံးဝ လူလုံးထွက်မပြသည့် သခင်ကြီးယန်က အေးစက်စွာ ပြောလာသည်။ သူ ယဲ့ဖန်ကို အရေးမလုပ်ချင်မှန်း သိသာလှသည်။ သူ့စိတ်ထဲတွင် ယဲ့ဖန်သည် ဘာကိုမှ နားမလည်သည့် လူငယ်သာ ဖြစ်သဖြင့် သူ့ကို ဤသို့ ပြောရဲခြင်း ဖြစ်သည်ဟု ထင်နေသည်။

ယဲ့ဖန်နှင့် ရင်ဆိုင်လျင်လျင် အများက သူ့ကို အနိုင်ကျင့်သည်ဟု ဆိုကြပေလိမ့်မည်။ ဤသည်ကို မြင်သော် ဝမ်လေ့ စိတ်ထဲ၌ မသိမသာ စိတ်ပျက်သွားသည်။ သူသည် သခင်ကြီးယန် လှုပ်ရှားကာ သူ့ရှေ့မှ ပြဿနာကောင်လေးကို ရှင်းပစ်ပါစေဟု မျှော်လင့်နေ၏။

သို့သော် သခင်ကြီးယန်က အရူးမဟုတ်ပေ။ နှစ်ပေါင်းများစွာ ရှင်သန်လာသည့်သူက ဘယ်လိုလုပ် အခြားသူများ၏ သွေးထိုးခြင်းကို မည်သို့ အလွယ်တကူ ခံမည်နည်း။

“မျိုးမစစ်ကောင် လေလံပွဲ ပြီးသွားရင် မင်းကို ငါ ဘယ်လိုလုပ်မလဲ စောင့်ကြည့်နေလိုက်”

ဝမ်လေ့က ခနဲ့လိုက်ပြီး အဆိပ်ပြင်းသော မြွေတစ်ကောင်ကဲ့သို့ စူးရှသည့် မျက်လုံးများဖြင့် ကြည့်နေသည်။ ဤနေရာ၌ သူ ယဲ့ဖန်ကို မရှင်းရဲသော်လည်း လေလံပွဲမှ ထွက်လာပြီးသည်နှင့် ဤလူငယ်အား သူ လုပ်ချင်သလို လုပ်မည် ဖြစ်သည်။

ထို့နောက် သူက ဟွမ်ထျန်းချန်ကို ကြည့်၍ အပြုံးနှင့် ပြောလိုက်သည်။

“ဟွမ်ထျန်းချန် မင်း ဒီနေ့ ဆေးပင် ဝယ်မလို့ မဟုတ်လား၊ မင်း မဝယ်နိုင်စေရဘူး”

ဟွမ်ထျန်းချန်က သူ့သမီးကို အလွန် တန်ဖိုးထားမှန်း သူ သိသည်။ သူ့အသက်ထက်ပင် ပို၍ တန်ဖိုးထားသေးသည်။ ဟွမ်ထျန်းချန်က သူ့ကို စိတ်မကြည်အောင် လုပ်ရဲမှတော့ သူကလည်း ဟွမ်ထျန်းချန် အလေးထားသော အရာကို လုယူရပေမည်။

“ဆေးပင်ဝယ်မယ် ဟုတ်လား၊ ဟဲဟဲ မင်း အခေါင်းပဲ ဝယ်လိုက်ပါတော့လား”

ထိုသို့ပြောပြီးနောက် သူ့လူများကိုခေါ်၍ ထောင့်တစ်နေရာသို့ လျှောက်သွားလေသည်။ ထိုအခိုက်တွင် ဟွမ်ထျန်းချန် အလွန် သုန်မှုန်သော မျက်နှာထားဖြင့် ကျန်ခဲ့သည်။ ယနေ့ လေလံပွဲက အဆင်ပြေ ချောမွေ့တော့မည် မဟုတ်ကြောင်း သူ သိလိုက်သည်။

ဟွမ်ယွီလင်းသည်လည်း အပြစ်ရှိသလို ခံစားလိုက်ရသည်။ သူမစိတ်ထဲတွင် သူမကြောင့် သူမဖခင်က နည်းပေါင်းစုံဖြင့် အလှောင်ခံနေရသည်ဟု ထင်နေ၏။

ယဲ့ဖန်က သူမလက်လေးကို တင်းနေအောင် ဆုပ်ကိုင်၍ အပြုံးဖြင့် ပြောလိုက်လေသည်။

“စိတ်မပူနဲ့ ငါ မင်းရောဂါကို သေချာပေါက် ကုပေးနိုင်တယ်”

ဟွမ်ယွီလင်း တစ်ခဏမျှ မှင်တက်သွားပြီးနောက် မျက်ရည် ကျလာ၏။

ထိုအခိုက်တွင် အမှောင်ထဲ၌ ပုန်းကွယ်နေသည့် သခင်ကြီးယန်က အန္တရာယ်ပေးချင်သော မျက်နှာထားနှင့် ဖန်သားပြင်ပေါ်မှ ယဲ့ဖန်ကို စူးစိုက်ကြည့်နေ၏။ ထို့နောက် သူ့လူတစ်ယောက်ကို ပြောလိုက်သည်။

“လေလံပွဲပြီးရင် သူတို့အားလုံးကို ရှင်းလိုက်”

“ဟုတ်ကဲ့”

ထိုလူက ခေါင်းညိတ်၍ နောက်ဆုတ်ထွက်ခွာသွားသည်။ သခင်ကြီးယန်က စဉ်းလဲစွာ ပြုံးလာသည်။ သူ၏ သဘောထားကြီးဟန်က ဟန်ပြမျှသာ ဖြစ်သည်။ တကယ်တမ်း၌ သူသည် အလွန် စိတ်သဘောထား ကျဉ်းမြောင်းသူ ဖြစ်ပြီး လက်စားချေရမှ နေတတ်သူ ဖြစ်လေသည်။ တစ်ခါက လေလံစံအိမ် သန့်ရှင်းရေး ဝန်ထမ်း အမျိုးသမီးလေးက ကြမ်းတိုက်ရင်း သူ့ဖိနပ်ကို ပေကျံအောင် လုပ်မိသွားသည်။ ထိုသန့်ရှင်းရေး ဝန်ထမ်းမလေး အပါအဝင် သူ့မိသားစု ငါးယောက်လုံး အသတ်ခံခဲ့ရသည်။

ယဲ့ဖန်က သူ့ကို ဤသို့ စိန်ခေါ်ရဲသဖြင် သူ ဘယ်လိုလုပ် ငြိမ်နေနိုင်မည်နည်း။ ယဲ့ဖန်သာမက သူ့နောက်ကို လိုက်လာသည့် ဟွမ်ထျန်းချန်တို့ သားအဖလည်း သေရပေလိမ့်မည်။

“ပထမဆုံး လေလံတင်မယ့် ဆေးပင်ကတော့ လုံရှန် ပေါင်ကွမ်း မြက်ပင်ပါ၊ စုစုပေါင်း ရှစ်ပင် ရှိပါတယ်၊ ကြမ်းခင်းဈေးကတော့ တစ်သန်းပါ”

ထိုစဉ် ဟွမ်ထျန်းချန်က ယဲ့ဖန်ကို တစ်ချက်ကြည့်လာပြီး ယဲ့ဖန်က ခေါင်းညိတ်ပြလိုက်သည်။ ဟွမ်ထျန်းချန်က ထရပ်၍ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

“ဆယ်သန်း”

All Chapters