← Chapters

ငါ မင်းကို သွားခွင့်ပေးလို့လား

Vol. 86-89 Ch. 1318

ငါ မင်းကို သွားခွင့်ပေးလို့လား

Vol. 86-89 Ch. 1318

“ဆယ်သန်း”

ထိုစကားလုံးက မိုးကြိုးပစ်ချသံကဲ့သို့ ကျယ်လောင်စွာ ထွက်ပေါ်လာသောအခါ လေလံပွဲမှ လူများအားလုံး ချက်ချင်း မှင်တက်သွားကြသည်။

*ဆေးပင်ရဲ့ ဈေးက တစ်သန်းကနေ တစ်သန်းထိ ချက်ချင်း တက်သွားတာလား*

*ပိုက်ဆံ အရမ်း ဖြုန်းသလို ဖြစ်မနေဘူးလား*

သို့သော် ဟွမ်ထျန်းချန်၏ နာမကျန်းဖြစ်နေသော သမီးဖြစ်သူကို တစ်ချက်ကြည့်ပြီးနောက် သူတို့ ချက်ချင်း သဘောပေါက် သွားကြသည်။

ထို့ကြောင့် ဘယ်သူမှ သူနှင့် လိုက်လု၍ လေလံလုမဆွဲတော့ချေ။ ပထမတစ်ချက်မှ ဈေးမတန်သောကြောင့် ဖြစ်ပြီး နောက်တစ်ချက်မှ ဟွမ်ထျန်းချန် သမီး၏ အသက်ကို ကယ်နိုင်မည့် ဆေးပင် ဖြစ်နေသောကြောင့်ပင်။ သူတို့အတွက် မရလည်း ဖြစ်သော ဆေးပင်တစ်ပင်အတွက်နှင့် ဟွမ်ထျန်းချန်အား ဆန့်ကျင်ရန် မလိုအပ်ပါ။

ဟွမ်ယွီလင်း၏ အခြေအနေက ပိုပိုဆိုးလာသည်ကို သူတို့ အားလုံးသိကြပြီး သူမ အချိန်မရွေး သေသွားနိုင် ကြောင်းလည်း သိထားကြသည်။ ယခုအချိန်၌ သူ ဘယ်ဆေးပင်ကိုမှ မဝယ်နိုင်ပါက ဟွမ်ယွီလင်း တကယ် သေသွား ပေလိမ့်မည်။

“သန်းနှစ်ဆယ်”

သို့သော် ထိုအခိုက်၌ ထောင့်နေရာမှ ရန်စသောအသံတစ်သံ ထွက်ပေါ်လာသည်။ ထိုအသံပိုင်ရှင်မှာ ဝမ်လေ့ပင်။ သူသည် ပြဿနာရှာရန် ဆုံးဖြတ်ထားပြီး ဖြစ်ပြီး ဟွမ်ထျန်းချန်အား ဆေးပင်များ အလွယ်တကူ ရသွားခွင့် မပြုနိုင်ပေ။

ဟွမ်ထျန်းချန်က သူ့ကို ချက်ချင်း ဒေါသထွက်သော အကြည့်ဖြင့် ကြည့်လာသည်။ သူ့အကြည့်က အရှင်လတ်လတ် ဝါးစားမည့်ပုံ ပေါက်နေ၏။ ဝမ်လေ့က သူ့သမီးဖြစ်သူ ဒုက္ခရောက်အောင် သွယ်ဝိုက်သောနည်းဖြင့် အကွက် ဆင်နေခြင်း ဖြစ်သည်။

သို့သော် ဝမ်လေ့က သူ့အကြည့်ကို မသိချင်ယောင်ဆောင်၍ ထီမထင်ဟန် ပြုံးနေပြီး စီးကရက်ကို တစ်ချက် ရှိုက်လိုက်သည်။

“အခုချိန်ကစပြီး သူ ဘာကို လေလံဆွဲဆွဲ ငါ နှစ်ဆ ပေးပြီး လိုက်ဆွဲမယ်”

လူတိုင်း သူ့ကို တအံ့တဩ ကြည့်လာကြသည်။

*ဝမ်လေ့က ဟွမ်ယွီလင်းကို သတ်ဖို့ ကြံစည်နေတာလား*

“ဝမ်လေ့ ငါ့သမီးကို သေအောင် လုပ်လို့ကတော့ မင်း တစ်မိသားစုလုံးကို ငါ သေအောင် လုပ်ပစ်မယ်လို့ ကျိန်ဆိုတယ်”

ဟွမ်ထျန်းချန် လုံးဝ ဒေါသထွက်ကာ အော်ဟစ်လိုက်သည်။ သူ အလွန် မုန်းတီးနေ၏။ သူ ဝမ်လေ့အား ဤနေရာ၌ နုတ်နုတ်စင်းရန် မစောင့်နိုင်တော့ချေ။

အမျိုးသမီးတစ်ယောက်အတွက် ဆန်မရှိဘဲ ချက်ပြုတ်ရန် ခက်ခဲလေသည်။ ထို့အတူပင် ဆေးပင် မရှိဘဲ ယဲ့ဖန်က သူ့သမီးကို မည်သို့ ကုသမည်နည်း။

*ငါ့သမီးကို သတ်ချင်တာလား၊ ငါ လုံးဝ ခွင့်မပြုနိုင်ဘူး*

“ငါ့တစ်မိသားစုလုံးကို သတ်ပစ်မယ် ဟုတ်လား၊ ဟဲဟဲ သေချာတာကတော့ မင်းသမီးက အရင် သေမှာကွ”

ဝမ်လေ့က ကောက်ကျစ်စွာ ရယ်မောလေသည်။ ဟွမ်ထျန်းချန်၏ ခြိမ်းခြောက်စကားကို သူ အလေးအနက် မထားပေ။

ဟွမ်ထျန်းချန် သူ့တစ်မိသားစုကို သတ်နိုင်မလား၊ မသတ်နိုင်ဘူးလားက အခြားသော ကိစ္စပင်။ ဟွမ်ထျန်းချန်၏ ဆေးပင်ကို သူ ခိုးယူနိုင်သရွေ့ ဟွမ်ယွီလင်း သေမည်က မုချမလွဲမသွေ ဖြစ်ပေသည်။

“မင်း …”

ဟွမ်ထျန်းချန် ပေါက်ကွဲလုနီးပါး ဖြစ်လာ၏။ သို့သော် ထိုအခိုက်တွင် သူ့ပခုံးပေါ်သို့ လက်တစ်ဖက် ရောက်လာသည်။

“စိတ်ထိန်း အခြေအနေက ရုတ်ရုတ်သဲသဲ ဖြစ်လာရင် ဘယ်လိုလုပ် ဆေးပင် ဝယ်လို့ ရမှာလဲ”

စကားပြောလာသူက ယဲ့ဖန်ပင်။

“ဒါပေမဲ့ …”

ဟွမ်ထျန်းရှန် အရှက်ရသွားပုံ ပေါ်သည်။ သို့သော် ဝမ်လေ့က ဤသို့ ဆက်ပြဿနာ ရှာနေပါက သူ ဆေးပင် ဝယ်နိုင်ခြေ ရှိမည် မဟုတ်ပါ။

“စိတ်မပူနဲ့ သူ မကြာခင် ကျုပ်တို့ကို အဲ့ဆေးပင်တွေ အလကား ပေးလာလိမ့်မယ်”

ယဲ့ဖန်က ဝမ်လေ့ကို ကြည့်၍ တည်ငြိမ်စွာ ပြောလိုက်သည်။ အသံက မကျယ်သော်လည်း လူတိုင်း ကြားနိုင်ရန် လုံလောက်ပေသည်။

ဝမ်လေ့လည်း ကြားပါသည်။ သူ တစ်ခဏမျှ အံ့ဩသွားပြီးနောက် ဟာသကြီး တစ်ခုကို ကြားလိုက်ရသကဲ့သို့ ဝါးလုံးကွဲမတတ် ရယ်မောလေသည်။

“မင်း ဘာပြောလိုက်တာလဲ၊ ငါ မင်းကို ဒီဆေးပင်တွေ ပေးမယ် ဟုတ်လား၊ မင်း စိတ်ကူးယဉ်နေလိုက်”

“ငါ ဝမ်လေ့ ဘုရားသခင်ကို ကျိန်ပြီး ပြောရဲတယ်၊ ငါ မင်းကို ဆေးပင် ပေးမိရင် ငါ ခွေးမသား ဖြစ်ပါစေကွာ”

လူတိုင်းက ယဲ့ဖန်ကို အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်လာသည်။ ဤလူငယ်၏ ယုံကြည်မှုက ဘယ်နေရာက ရလာသလဲ သူတို့ မသိပေ။

*ဝမ်လေ့က ဆေးပင်တွေ အလကား ပေးလာမယ်တဲ့လား၊ မင်းသခင် ဟွမ်ထျန်းချန်တောင် အဲ့လို လုပ်နိုင်စွမ်း မရှိတာ၊ မင်းက ဘာမို့လို့လဲ*

*သူကိုယ်တိုင်တောင် သူ့အသက်ကို မကယ်နိုင်တာ ဝမ်လေ့ကို ဆေးပင်တွေ ပေးလာအောင် လုပ်မယ်တဲ့လား ဟာသပဲ*

“အစ်ကိုဟွမ် ခင်ဗျားလူက တော်တော် လေကျယ်တာပဲ၊ သူ ဒီလိုဆက်ပြောနေရင် အဆုံးသတ်ကျရင် ခင်ဗျားကို သူ မျက်နှာပျက်ရအောင် လုပ်လိမ့်မယ်”

“ဟုတ်တယ် ဝမ်လေ့ကိုယ်တိုင် ဆေးပင်တွေ ပေးလာမယ်တဲ့၊ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ သူ့ကိုယ်သူ ဘာထင်နေတာလဲ သူတော်စင်လား၊ နတ်ဘုရားလား”

ဟွမ်ထျန်းချန်၏ မိတ်ဆွေများက သည်းမခံနိုင်တော့ချေ။ ဤလူငယ်လေးသည် လူထူးဆန်း ဖြစ်ပြီး ကိုယ့်ပါးစပ် ကိုယ် ပိတ်မထားနိုင်သော လူထူးဆန်းတစ်ယောက် ဖြစ်နေ၏။

သူ ပြောသမျှက ဟွမ်ထျန်းချန်အား လူရယ်စရာ ဖြစ်အောင်သာ ပြုလုပ်နေပြီး အသတ်ပင် ခံရနိုင်သည်။ ဤသို့ ထူးဆန်းသော လူငယ်ကို ဟွမ်ထျန်းချန် ဘယ်က ရှာတွေ့လာသလဲ သူတို့ မသိကြချေ။ ဟွမ်ထျန်းချန်၏ မျက်နှာကြောင့်သာ မဟုတ်ပါက သူတို့ ဤလူငယ်ကို အစောကတည်းက နှင်ထုတ်မိလောက်သည်။

“ပါးစပ်ပိတ်ထား”

သို့သော် ထိုအချိန်၌ ဟွမ်ထျန်းချန်က ဒေါသတကြီး အော်ဟစ်လာပြီး သူ့မိတ်ဆွေဟောင်းကို စူးစိုက်ကြည့် လေသည်။

“မင်း လူကြီးမင်းယဲ့ကို မလေးမစား လုပ်ရဲမယ်ဆိုရင် ငါတို့ ခင်မင်မှုကို ငါ ပစ်ထားတယ်လို့ အဆိုးမဆိုနဲ့”

*ဘာ*

*လူကြီးမင်းယဲ့ ဟုတ်လား*

*ဒီကောင်လေးက ဟွမ်ထျန်းချန်ရဲ့ ညီလေး မဟုတ်ဘူးလား*

လူတိုင်း ချက်ချင်း မှင်တက်သွားကြသည်။

*ဟွမ်ထျန်းချန်က ဒီကောင်အတွက် သူ့မိတ်ဆွေတွေကို ရန်လုပ်နေတာလား*

“လူကြီးမင်း ဘယ်လောက် သန်မာလဲ မင်းတို့ သိလား၊ မင်းတို့အားလုံးက ရေတွင်းအောက်ခြေက ဖားတွေပဲ”

ဟွမ်ထျန်းချန်က အထင်သေးသော မျက်နှာနှင့် အေးစက်စွာ ခနဲ့လေသည်။

*ယဲ့ဖန်ရဲ့ နည်းလမ်းတွေကို မင်းတို့ မမြင်ဘူးဘဲနဲ့*

*ယဲ့ဘုရင်ဆိုတာ ဘယ်သူလဲ*

*အင်ပါယာရဲ့ အသန်မာဆုံးလူ၊ အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားတောင်မှ သူ့လက်ထဲမှာ ရှုံးခဲ့ရတာ*

*ဒီလိုလူမျိုးက မလုပ်နိုင်တာ ဘာရှိဦးမှာလဲ*

*ဝမ်လေ့က သူ့ကို တိုက်ချင်နေတာက ဟာသတောင် ဖြစ်နေပြီ*

သူ့စကားကို ကြားသော် အထင်ကရ ပုဂ္ဂိုလ်များအားလုံး ပိုအံ့ဩသွားပြီး ဟွမ်ထျန်းချန်အား မယုံနိုင်သလို ကြည့်လာ၏။

*ရေတွင်းထဲက ဖား ဟုတ်လား*

*ဟွမ်ထျန်းချန်က ငါတို့ကို ရေတွင်းထဲက ဖားလို့ ပြောလိုက်တာလား*

*သွားပြီ နောက် အရူးတစ်ယောက်ပါလား*

*ဟွမ်ထျန်းချန်က ဒီကောင်လေးက အံ့ဩစရာတွေ လုပ်နိုင်မယ်လို့ တကယ် ထင်နေတာလား၊ ရယ်ရလွန်းလို့ သေလောက်တယ်၊ ဘယ်ကမှန်း မသိတဲ့လူတစ်ယောက်ကလေ ဟာသပဲ*

*ကြည့်ရတာ ဟွမ်ထျန်းချန် ဒီကောင်ရဲ့ ဦးနှောက်ဆေးတာကို ခံလိုက်ရပြီနဲ့ တူတယ်၊ သူပါ မျက်ကန်းတစ္ဆေ ဖြစ်နေပြီးတော့ မောက်မာနေပြီ*

မိတ်ဆွေများအားလုံးက ဟွမ်ထျန်းချန်ကို ဒေါသတကြီး လက်ညှိုးထိုးလာ၏။

“စေတနာနဲ့ သတိပေးတာကို ရန်လိုတဲ့ကောင်၊ မင်း ဘယ်လို အဆုံးသတ်မလဲ ကြည့်ရသေးတာပေါ့”

“တော်ပြီ လုတုံပင်း သူက စေတနာကို မသိတဲ့ကောင်ပဲ၊ မင်း ဒီကောင် လှည့်စားတာ ခံရတာတောင် နည်းသေးတယ်”

သို့သော် ဟွမ်ထျန်းချန်က အထင်သေးစွာ ပြုံးမြဲပြုံး၍ မသိချင်ယောင်ဆောင်ထားသည်။

“အဖေ သူ့မှာ တကယ်ပဲ နည်းလမ်း ရှိလို့လား”

ဟွမ်ယွီလင်းသည်လည်း အနည်းငယ် သံသယဝင်နေ၏။

“လင်းအော် သမီး လူကြီးမင်းယဲ့ကို ယုံကြည်ရမယ်၊ သူက အဖေ မြင်ဖူးသမျှထဲမှာ အံ့ဩစရာ အကောင်းဆုံးလူပဲ၊ သူ့မှာ ကောင်းကင်ကို မျိုချပြီး မြေပြင်ကို ဖမ်းဆုပ်ထားနိုင်တဲ့ စွမ်းရည် ရှိတယ်၊ အခုထိ သူ ရှုံးတာကို အဖေ မမြင်ဖူးသေးဘူး”

ဟွမ်ထျန်းချန်က ယုံကြည်မှု အပြည့်နှင့် ပြောလိုက်သည်။ မူလက သူသည် သူ့သမီးကို ကယ်ပေးခဲ့သည့်အတွက် ယဲ့ဖန်ကို ကျေးဖူးတင်မိသည်။ ယဲ့ဖန်၏ ပုံစံအမှန်ကို သိပြီးနောက် သူ ယဲ့ဖန်ကို ပိုလေးစားကာ ကြောက်လန့်လာ ရသည်။

“သူက အဲ့လောက် သန်မာလို့လား”

ဟွမ်ယွီလင်းက မလှမ်းမကမ်းမှ ယဲ့ဖန်ကို စူးစမ်းဟန်ဖြင့် ကြည့်လာပြီး သူမမျက်ဝန်း၌ တွေဝေဟန်များနှင့် ပြည့်နှက်နေသည်။

“အံ့ဩစရာကောင်းတာလား”

ဟွမ်ထျန်းချန်က ပြုံး၍ ခေါင်းခါလိုက်သည်။

“အံ့ဩစရာကောင်းတယ် ဆိုတဲ့စကားနဲ့ သူ့ပုံစံကို မဖော်ပြနိုင်တော့တာ ကြာပြီ၊ သမီး ယုံကြည်သင့်တယ်၊ အခု လူတွေရဲ့ အပြုအမူကို ဂရုစိုက်မနေနဲ့၊ လူကြီးမင်းယဲ့ လှုပ်ရှားလာပြီဆိုရင် သူတို့ ဒူးထောက်နိုင်မှာတောင် မဟုတ်ဘူး”

“အဲ့အခါကျရင် သူ့ကို ထိုးနှက်ဖို့ ကြိုးစားတဲ့လူတွေ တမလွန် ဘဝကူးတံတားကို ဖြတ်သွားရမှာတောင် စိုးရမယ်၊ အဲ့ဒါကြောင့် အဖေတို့ အခု လူကြီးမင်းယဲ့နဲ့ ကောင်းမွန်တဲ့ ပတ်သက်မှု ရှိသင့်တယ်၊ လိုအပ်ရင် သမီး သွေးဆောင် ဖြားယောင်းတဲ့ ပရိယာလေး သုံးပေါ့”

ဟွမ်ထျန်းချန်က သူ့သမီးကို ပြုံးစိစိနှင့် ကြည့်နေသည်။

“အဖေ ဘာတွေပြောနေတာလဲ”

ဟွမ်ယွီလင်း ရုတ်တရက် ရှက်သွေးဖြာသွားသည်။ ယခု သူမက ရှစ်နှစ်၊ ကိုးနှစ် အရွယ်လေးသာ ရှိနေသည် မဟုတ်ပါလော။ သူမ ဘယ်လိုလုပ် ယဲ့ဖန်ကို ဖြားယောင်းနိုင်ပါမည်နည်း။

“အခုတော့ ဘယ်ဟုတ်မလဲ ဒါပေမဲ့ သမီး နေပြန်ကောင်းသွားရင် သမီးခန္ဓာကိုယ်က အရင်ပုံစံကို ပြန်ရောက်သွား မှာလေ၊ အဖေ့သမီးရဲ့ အလှနဲ့ အသွင်အပြင်ကို ဒီအဖေ အရမ်း ယုံကြည်တယ်၊ ဘယ်ယောက်ျားမှ ခုခံနိုင်မယ်လို့ အဖေ မထင်ဘူး၊ သမီးက ညှို့ဓာတ်ပြင်းတယ်လေ”

ဟွမ်ထျန်းချန် ရယ်ကျဲကျဲနှင့် ပြောလိုက်သည်။

“အဖေနော် မုန်းဖို့ကောင်းလိုက်တာ”

ဟွမ်ယွီလင်း၏ ပါးနှစ်ဖက် ပို၍ နီမြန်းလာပြီး ယဲ့ဖန်အား မသိသာ ရှက်ရွံ့ဟန်ဖြင့် ကြည့်လိုက်သည်။

*ဒီလူက ဘယ်သူလဲ*

ထို့နောက်တွင် ဟွမ်ထျန်းချန် လေလံဆွဲသည့် အကြိမ်တိုင်း ဝမ်လေ့က နှစ်ဆတိုး၍ လိုက်ဆွဲလေသည်။ သို့သော် ယခုတစ်ကြိမ်၌ ဟွမ်ထျန်းချန်က သူနှင့် ရန်ဖက်ဖြစ်မနေတော့ချေ။

ဝမ်လေ့ လေလံဆွဲလိုက်သည်နှင့် သူ ဆက်ဈေးမခေါ်တော့ပါ။ ထိုသို့ လုပ်ပါများလာသောအခါ ဝမ်လေ့ ပျင်းလာပြီး အနည်းငယ် စိတ်ပျက်လာကာ သုန်သုန်မှုန်မှုန်နှင့် လေလံဆွဲနေသည်။

“ဟွမ်ထျန်းချန် ငါ မင်းကို ဒီဆေးပင်တွေ ပေးမယ်လို့ တကယ် ထင်နေတာလား”

*ဟိုကောင်က အရူးမို့လို့ ထားပါတော့၊ ဟွမ်ထျန်းချန်ကပါ ငါ့ကို အထင်သေးရဲတာလား*

“မဟုတ်ဘူး မင်း လူကြီးမင်းယဲ့ဖန်ရှေ့မှ ဒူးထောက်ပြီး ခွေးတစ်ကောင်လို ဘယ်လိုတောင်းပန်မလဲ မြင်ချင်နေတာ”

ဟွမ်ထျန်းချန်က ပြန်ခနဲ့လိုက်သည်။ ယခုတစ်ခေါက်၌ သူ စိတ်အခြေအနေ ကောင်းနေ၏။

“မင်း ဘာပြောလိုက်တာလဲ”

ဝမ်လေ့၏ မျက်လုံးများက စူးလက်လာပြီး အံကြိတ်မတတ် ဖြစ်လာသည်။ ထို့နောက် သူက ရယ်မောလိုက်သည်။

“ကောင်းပြီလေ အခု ငါ စိတ်ပြောင်းသွားပြီ၊ မင်းသမီးရဲ့ ဆေးကို ငါ လုယူရုံတင် မကဘူး၊ သူ သေရင် သူ့အုတ်ဂူကိုပါ ငါ တူးပစ်မယ်”

“ဟွမ်ထျန်းချန် မင်းသမီးရဲ့ အုတ်ဂူကို နေ့တိုင်း နှစ်ဆယ့်လေးနာရီလုံးလုံး စောင့်ကြည့်ဖို့သာ ပြင်ထား၊ ဟားဟားဟား”

ဟွမ်ထျန်းချန်၏ ပါးစပ်က မဲ့ရွဲ့သွားပြီး မျက်နှာက ပိုမိုသုန်မှုန်လာသည်။ ထိုအခိုက်တွင် ယဲ့ဖန်ကလည်း ခနဲ့ပြုံး ပြုံးလာသည်။ သို့သော် သူ ဘာမှမလှုပ်ရှားပေ။ လူတိုင်း ခေါင်းတခါခါနှင့် ဟွမ်ထျန်းချန်၏ ရူးမိုက်မှုကို ရယ်နေကြသည်။

*ဒီခွေးရူးလိုလူကို ရန်စပြီးတော့ မင်းကိုယ်မင်း ဘာလုပ်နိုင်မယ် ထင်နေတာလဲ*

*သူ့သမီးကို ကုဖို့ ဆေးပင်ကို အေးအေးဆေးဆေး ဝယ်တာ မကောင်းဘူးလား၊ အခုတော့ ဒီအရူးက ဝမ်လေ့ကို ခဏခဏ ရန်စနေတာ၊ အခုတော့ ဆေးပင်လည်း ဆုံးရှုံးရသလို မင်းသမီးလည်း သေရတော့မယ် မဟုတ်လား*

သူတို့စိတ်ထဲတွင် ဟွမ်ထျန်းချန်က ဘယ်ကမှန်း မသိသည့်လ လူငယ်ကို ယုံကြည်နေ၍ တုံးအလွန်းသည်ဟု ထင်နေ၏။ မကြာခင်မှာပင် ဆေးပင်များအားလုံးက ဝမ်လေ့၏ လက်ထဲသို့ ရောက်သွားလေသည်။

“မင်း မြင်ပြီလား၊ ဒါ မင်း အဲ့ကောင်ကို ယုံလိုက်တဲ့ အကျိုးဆက်ပဲ၊ ဝမ်လေ့က မင်းနဲ့ အဆုံးထိ ယှဉ်သွားတာ၊ အခု မင်း ဘာပြောမလဲ”

“ဟူး … သနားစရာ ကောင်းလိုက်တဲ့ ငါ့တူမလေး လင်းအော်၊ မင်းရဲ့ ရူးမိုက်မှုနဲ့ ဒီကောင်ရဲ့ မောက်မာမှုက မင်းသမီးရဲ့ ဘဝကို ဖျက်ဆီးသွားပြီ”

ဟွမ်ထျန်းချန်၏ မိတ်ဆွေများအားလုံးက သက်ပြင်းချသူချကာ အထင်သေးစွာ ပြောလာသူများက ပြောလာ လေသည်။ ကျန်လူများကလည်း လှောင်ရယ်ကြသည်.

“ဟေ့ကောင် ဝမ်လေ့က မင်းကို‌ ဆေးပင်တွေ ပေးလာမယ်လို့ ပြောခဲ့တယ် မဟုတ်ဘူးလား၊ အခု ဘာလို့ ဘာမှ မပြောတော့တာလဲ”

အထင်ကရ ပုဂ္ဂိုလ်တစ်ချို့က သရော်လာကြသည်။ ဝမ်လေ့က သူ့လူများကို ဆေးပင်များ သွားယူခိုင်းလိုက်ပြီး ဟွမ်ထျန်းချန်တို့ထံသို့ ကြွားလုံးထုတ်လိုဟန်ဖြင့် လျှောက်လာသည်။

“အိုး … ငါ ဒီဆေးပင်တွေနဲ့ ဘာလုပ်ရပါ့မလဲ၊ ခွေးတွေကိုပဲ ကျွေးလိုက်ရင် ကောင်းမလား မသိဘူး”

မင်းကို မပေးဘဲ ခွေးကျွေးပစ်မည်ဟု သွယ်ဝိုက်၍ ပြောလိုက်ခြင်းပင်။ အဘယ်ကြောင့်ဆိုသော် သူ ဤဆေးပင်များကို လုံးဝ မလိုအပ်ပေ။ သူ ဟွမ်ထျန်းချန်ကို ဒုက္ခရောက်စေချင်၍သာ တစ်ချိန်လုံး လိုက်တား၍ ဝယ်ခဲ့ခြင်း ဖြစ်လေသည်။

“ဘော့စ် အရမ်း ဖြုန်းတီးရာ ကျမနေဘူးလား၊ ဘော့စ်ဟွမ်ကိုပဲ ပေးလိုက်ပါလားဗျာ၊ ဘော့စ်ဟွမ် ခင်ဗျား အခွင့်အရေး ပေါ်လာပြီနော်၊ ကျုပ်တို့ဘော့စ်ကို မြန်မြန်ဒူးထောက်လိုက်လေ၊ ခင်ဗျားရဲ့ သမီးအတွက် ဘာမဆို လုပ်မယ့် ဖခင်မေတ္တာလေးကို ကျုပ်တို့ မြင်ဖူးချင်လို့”

“ဟုတ်တယ် ဟုတ်တယ်၊ ခင်ဗျား နောက်ကျရင် ထပ်မရနိုင်ဘူးနော်၊ ဘော့စ်ဟွမ် မြန်မြန်လေး ဒူးထောက်လိုက်၊ ခင်ဗျား ဒူးထောက်လိုက်တာနဲ့ သန်းရာကျော်တန်တဲ့ ဆေးပင်တွေက ခင်ဗျားအပိုင် ဖြစ်လာမှာ ဘယ်လောက် ကောင်းလိုက်လဲ”

ဟွမ်ထျန်းချန်၏ မျက်နှာက ပြာနှမ်းနေပြီး အလွန် ဒေါသထွက်နေသောကြောင့် စကားပင် မပြောနိုင်ချေ။ ဟွမ်ထျန်းချန်၏ အမူအရာကို ကြည့်ပြီး ဝမ်လေ့က ပို၍ ဂုဏ်ယူစွာ ပြောလိုက်သည်။

“ဟေ့ ညီအစ်ကိုတို့ သွားကြမယ်၊ အိမ်မြန်မြန်ပြန်ပြီး ကျုပ်တို့ ဟွမ်ထျန်းချန်အတွက် ပန်းခွေ ပြင်ထားရအောင်၊ ဘာလို့လဲဆိုတော့ မကြာခင် သူ့မိသားစုမှာ ဈာပနပွဲ ရှိလာမှာလေ၊ ဟားဟားဟား”

“ငါ မင်းကို သွားခွင့်ပေးလို့လား”

သို့သော် ထိုအခိုက်တွင် တစ်ချိန်လုံး ငြိမ်နေသော ယဲ့ဖန်က စကားစပြောလာပြီး ဆေးပင်များကို မီးဝင်းဝင်း တောက်သော မျက်လုံးများဖြင့် ကြည့်နေသည်။ သူ့လေသံ၌ ခက်ထန်မာကျောမှုများနှင့် ပြည့်နှက်နေ၏။

All Chapters