← Chapters

ဘယ်သူမှ မင်းကို မကယ်နိုင်ဘူး

Vol. 86-89 Ch. 1319

ဘယ်သူမှ မင်းကို မကယ်နိုင်ဘူး

Vol. 86-89 Ch. 1319

သူသည် ထူးဆန်းသော အပြုံးတစ်ခုကို ပြုံးနေပြီး ထိုအပြုံးက မျက်နှာဖုံးတစ်ခုသဖွယ် ဖြစ်နေကာ ပြုံးနေပုံ ရသော်လည်း ကြောက်စရာကောင်းလှသည်။

*ဟမ်*

ထိုအခိုက်တွင် လူတိုင်း မှင်တက်သွားကြသည်။

*မောက်မာလိုက်တာ*

*မောက်မာလွန်းတယ်*

*ဒီကောင်ရဲ့ စကားတွေက တော်တော် တင်စီးတာပဲ*

*သူကပဲ မြင့်မြတ်ပြီး အထက်စီးဆန်သလိုမျိုး ဝမ်လေ့ကို အမိန့်ပေးနေရသေးတယ်၊ သူက ဘာမို့လို့လဲ*

*သူတစ်ယောက်တည်းနဲ့ ဝမ်လေ့ကို တားနိုင်မယ်လို့ ထင်နေတာလား*

*ဒီအရူးကတော့ ဒီလေလံခန်းမမှာ တကယ် ရိုင်းစိုင်းတော့မလို့လား၊ ဒါ သခင်ကြီးယန်ကို ရန်စလိုက်တာပဲ၊ ဒါ သေကြောင်းကြံစည်နေတာ*

လူတိုင်း၏ မျက်လုံးတွင် အေးစက်မှုများ ပေါ်လွင်လာပြီး သေလူတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်လာ ကြသည်။

*အရူး*

*တကယ့် အရူး*

သူတို့စိတ်ထဲတွင် ယဲ့ဖန်က အလွန် ရူးမိုက်လွန်းပြီး ထိုရူးမိုက်မှုက ရွံစရာ ကောင်းလှသည်ဟု တွေးနေကြသည်။

“ငါ သွားတယ်ကွာ၊ မင်း ငါ့ကို ဘယ်လို တားရဲမလဲ”

ဝမ်လေ့က လှောင်ပြောင်၍ ယဲ့ဖန်၏ ခြိမ်းခြောက်မှုကို လုံးဝ မျက်လုံးထဲ မထည့်ပေ။

“မင်း စမ်းကြည့်ပေါ့”

ယဲ့ဖန်က မချိုမချဉ် ပြုံးနေပြီး ထိုအပြုံးက အေးစက်ကာ ကြမ်းကြုတ်လေသည်။

“ဟားဟားဟား”

ဝမ်လေ့က လှောင်ရယ်လိုက်ပြီးနောက် ခေါင်းမော့ကာ အော်ပြောလိုက်သည်။

“သခင်ကြီးယန် ခင်ဗျားလည်း ကြားတယ် မဟုတ်လား၊ ပြဿနာ ရှာချင်တာ ကျုပ် မဟုတ်ဘူး၊ တစ်ယောက်ယောက်က ကျုပ်ကို မသွားအောင် လုပ်နေတာ”

“ဟေ့ကောင် မင်း ငါ့နယ်မြေမှာ လာသောင်းကျန်းချင်တယ်ပေါ့၊ မင်း သေချင်နေတာလား”

အမှောင်ထဲမှ သခင်ကြီးယန်သည် ဒေါသတကြီး အော်လာသည်။ ထိုအော်သံသည် မိုးခြိမ်းသံသဖွယ် ကျယ်လောင်၍ ကြက်သီးထဖွယ် ကောင်းလှသည်။ လူတိုင်း ထိတ်လန့်သွားပြီး သူငယ်အိမ်ပင် တုန်ယင်လာသည်။

သခင်ကြီး၏ နာမည်မှာ ယန်လောင်ရှီ ဖြစ်ပြီး ရက်စက်မှုဖြင့် ကျော်ကြားလေသည်။ သူသည် တစ်ချိန်က ဂိုဏ်းတစ်ခုကို ထောင်ခဲ့ပြီး ဂိုဏ်းချုပ်အဖြစ် နေခဲ့သည်။ နောက်ပိုင်းတွင် သူသည် ဂိုဏ်းကို စွန့်ပစ်၍ တာအိုလမ်းစဉ်အား စိတ်ပါလိုက်ပါ လိုက်စားလေတော့သည်။

အင်ပါယာက သူ့အား တစ်ကြိမ်မက အဆင့်အတန်းတစ်ခု ပေးမည်ဟု ကမ်းလှမ်းလာသော်လည်း သူ အကြိမ်တိုင်း ပယ်ချခဲ့သည်။

ရှုကျိုးနယ်မြေတွင်း၌ မျှော်စင်သခင်အား မကျေနပ်အောင် လုပ်နိုင်သူအား ပြပါဆိုလျင် ဤယန်လောင်ရှီကိုသာ ပြရပေမည်။

ယဲ့ဖန်သည် ပထဆုံး ယန်လောင်ရှီကို ရန်စပြီးနောက် ဝမ်လေ့အား လေလံပွဲမှ ထွက်သွားခြင်းမှ တားဆီးခဲ့သည်။ ယခု သူ့အား သိကြားမင်းပင် ဆင်းမကယ်နိုင်လောက်တော့ချေ။

“ကျုပ်ကို သေအောင် သတ်မယ်ပေါ့လေ”

ယဲ့ဖန်က ရယ်လိုက်ပြီးနောက် တစ်နေရာအား အေးစက်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

“ခင်ဗျားကလား၊ ခင်ဗျားက ဘာမို့လို့လဲ”

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။ လူတိုင်း အံ့အားသင့်သွားပြီး သူတို့မျက်နှာတွင် ကြောက်လန့်ဟန်များ ပေါ်လာကာ အသံပင် မထွက်ရဲတော့ချေ။ လက်ရှိတွင် သူတို့သည် လိပ်ပြာပါ လွင့်ချင် နေကြ၏။

*ဒီသောက်ကောင်လေးက ဘာတွေ လုပ်နေတာလဲ*

ကပ်ဆိုးတစ်ခု ဖြစ်ပေါ်လာတော့မည်ဟု သူတို့ သိနေကြသည်။ သူတော်စင်သခင်အဆင့် လူတစ်ယောက်၏ ဒေါသက ဒဏ်ခတ်သလိုပင်။

*ဒီကောင်တော့ ကောင်းကင်ဘုံကိုမှ တုတ်နဲ့ ထိုးမိတာပဲ*

လူတိုင်းသည် မိမိပါ ရောပါသွားမည်စိုး၍ အသည်းအသန် နောက်ဆုတ်ကာ ယဲ့ဖန်နှင့် အကွာအဝေးတစ်ခု ဖြစ်သွားသည်အထိ အမြန်ဆုံးနည်းဖြင့် ရွှေ့သွားကြသည်။ သူတော်စင်သခင်အဆင့်၏ ဒေါသအောက်၌ မိုးမြေပင် ပျက်စီးကာ အသက်များစွာ ဖျက်ဆီးခံရနိုင်သည်။ ထိုသို့ဆိုလျင် ဤလေလံခန်းမပါ ပြိုကျသွားနိုင်၏။

လက်ရှိတွင် သူတို့ ယဲ့ဖန်ကို မုန်းတီးနေကြသည်။ ယန်လောင်ရှီကို ဆက်တိုက် ရန်စနေသဖြင့် သူတို့ပါ ဒုက္ခရောက် ရပေတော့မည်။

တစ်ခဏမျှ တိတ်ဆိတ်နေပြီးနောက် ယန်လောင်ရှီက ဒေါသတကြီး အော်ဟစ်လာ၏။

“ငါ မင်းကို တစ်စစီ စုတ်ဖြဲပစ်မယ်ကွ”

“ဝုန်း”

ပြင်းထန်သော ယန်စွမ်းအင်တစ်ခုက လေလံခန်းမတစ်ခုလုံးသို့ ပဲ့တင်ရိုက်ခတ်လာပြီး မမြင်ရသော ဧရာမ လက်တစ်ဖက်က ယဲ့ဖန်ရှိရာ အရပ်သို့ အားဖြင့် ကျလာသလိုပင်။

လူတိုင်း အလွန် ကြောက်လန့်ကာ မျက်နှာ ဖြူရော်သွားကြသည်။ ထို့နောက် ယဲ့ဖန်၏ သွေးများ သူတို့ထံ စဉ်လာမည်ကို စိုးရွံ့ဟန်ဖြင့် နောက်သို့ အသည်းအသန် ဆုတ်သွားလေသည်။

*သေပြီ*

*ဒီကောင်တော့ သေချာပေါက် သေပြီပဲ*

ထိုအခိုက်တွင် ဟွမ်ထျန်းချန်နှင့် ဟွမ်ယွီလင်းတို့ပါ ပြင်းထန်စွာ တုန်ယင်နေပြီး ဓာတ်လိုက်သကဲ့သို့ ခြေထောက် များပါ တုန်ခါနေ၏။ ပြင်းထန်သော ဤဖိအားကို သူတို့ တောင့်မခံနိုင်ပါ။

“သခင်ကြီးယန် ဒီကောင်က သခင်ကြီးကိုယ်တိုင် သတ်ဖို့ မထိုက်တန်ပါဘူး၊ အဲ့ဒါကြောင့် ခင်ဗျားလက်ကို ညစ်ပတ် မခံပါနဲ့”

ဝမ်လေ့က ချက်ချင်း မသိမသာ မျက်နှာလုပ်၍ ဝင်ပြောလာသည်။

“လေလံပွဲ ပြီးသွားရင် ကျုပ်ကိုယ်တိုင် သူ့ကို တမလွန်ကို ပို့လိုက်ပါ့မယ်”

“မင်း သူ့ကို သတ်နိုင်မယ်ဆိုတာ သေချာလား”

ယန်လောင်ရှီ ပြန်မေးလာ၏။

“ဒါပေါ့ဗျာ၊ မိုးမြေက ဘာမှန်း မသိတဲ့ ကောင်စုတ်လေး တစ်ယောက်ကို ကျုပ် ခွေးတစ်ကောင်ကို သတ်သလို သတ်မှာပါ”

ဝမ်လေ့က ယုံကြည်မှုရှိစွာ ပြောလေသည်။

“ခင်ဗျားက သူတော်စင်သခင်အဆင့်၊ ခင်ဗျားမှာ မြင့်မြတ်တဲ့ ဂုဏ်သိက္ခာ ရှိသလို အဆင့်အတန်းလည်း မြင့်မားတယ်၊ ဒီလို အမှိုက်ကောင်ကြောင့်နဲ့ ခင်ဗျားလက်ကို ဘယ်လိုလုပ် ညစ်ပတ်ခံခိုင်းလို့ ဖြစ်မလဲ”

ဤမျက်နှာချိုသွေးသော စကားက အလွန် အသုံးဝင်လှသည်။ ယန်လောင်ရှီက တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။

“ကောင်းပြီလေ သူ့အသက်ကို မင်း ရှင်းလိုက်တော့၊ ငါ သဘောတူတယ်”

ယန်လောင်ရှီ၏ ခွင့်ပြုချက် ရသောအခါ ဝမ်လေ့ အပျော်လွန်သွားပြီး ထပ်ခါထပ်ခါ ခေါင်းညိတ်လေသည်။ ထို့နောက် သူ့အနားမှ လူများကို အမိန့်ပေးလိုက်သည်။

“ဒီကောင့်ကို သေချာ ကြည့်ထား၊ လေလံပွဲပြီးတာနဲ့ သူ့ကို ချက်ချင်း သတ်ပစ်လိုက်”

“ဟုတ်ကဲ့”

ထိုသိုင်းပညာရှင်များကလည်း ယဲ့ဖန်ကို အန္တရာယ်ပေးလိုသော အကြည့်များဖြင့် ကြည့်လာသည်။ အစမှအဆုံးတိုင် ယဲ့ဖန်က ဂရုမစိုက်ဟန်ဖြင့် ပြုံး၍သာ ကြည့်နေ၏။

ထိုအခိုက်တွင် လူတစ်ချို့က ဟွမ်ထျန်းချန်ကို ဖျောင်းဖျလာသည်။

“ဘော့စ်ဟွမ် လက်ရှိအခြေအနေကို ခင်ဗျားလည်း မြင်တာပဲ၊ အရူးတစ်ယောက်အတွက်နဲ့ သခင်ကြီးယန်ကို ရန်စဖို့ မလိုပါဘူး၊ ခင်ဗျား ဒီကောင်လေးနဲ့ မြန်မြန် စည်းခြားသင့်တယ်”

“ဘာမှထပ်ပြောစရာ မလိုဘူး၊ လူကြီးမင်းယဲ့နဲ့ ငါနဲ့ သေအတူ ရှင်အတူပဲ”

ဟွမ်ထျန်းချန်က အခိုင်အမာ ပြောလိုက်သည်။

“ကောင်းပြီလေ ဒါဆိုလည်း မင်း သူနဲ့အတူ သေလိုက်ပေါ့”

လေထုထဲမှ ယန်လောင်ရှီ၏ ရက်စက်ခက်ထန်သော သရော်သံ ပျံ့လွင့်လာ၏။ ဟွမ်ထျန်းချန်က သေချင်နေသည် ဆိုမှတော့ သူ ဟွမ်ထျန်းချန်၏ ဆန္ဒကို ဖြည့်ဆည်းပေးလိုက်မှာပင်။

ဟွမ်ထျန်းချန်၏ မိတ်ဆွေများက ချက်ချင်း သူနှင့် ကင်းအောင် နေလာကြပြီး အေးစက်သော မျက်နှာထားများ ဖြစ်သွားကာ သူ့ကြောင့် ရော၍ ဒုက္ခရောက်မည်ကို စိုးသောကြောင့် ထပ်မံ၍ စကားမပြောတော့ချေ။

ဝမ်လေ့က ဝင့်ကြွားသော အပြုံးမျိုး ပြုံးလိုက်သည်။

“ဟွမ်ထျန်းချန် မင်းလည်း ဦးနှောက်မရှိတဲ့ လူပဲ၊ အစတုန်းက မင်းရဲ့ သမီးတစ်ယောက်ပဲ သေမှာ၊ အခုတော့ မင်းကြောင့် မင်းတစ်မိသားစုလုံး သေတော့မယ်ကွ ဟားဟားဟား”

“စိတ်မပူနဲ့ မင်း သေသွားပြီးရင် မင်း တစ်မိသားစုလုံးကို ငါ အလွတ်ပေးမယ်၊ ငါ သူတို့အားလုံးကို တစ်ယောက်ချင်းစိ သတ်ပေးမယ်၊ ငါ မင်းမိသားစု နာမည်အောက်က ပိုင်ဆိုင်မှုအားလုံးကိုလည်း ငါ လက်လွှဲယူပေးမယ်၊ အဲ့ဒါမှ မင်း တစ်မိသားစုလုံး တမလွန်မှာ ပြန်စုံစည်းနိုင်မှာလေ၊ မင်း ဘာမှ စိုးရိမ်စရာ မလိုတော့ဘူး”

ဟွမ်ထျန်းချန်က သရော်၍ ပြန်ပြောလိုက်သည်။

ဘယ်သူ အသက်ရှင်ပြီး ဘယ်သူ သေမှာလဲဆိုတာ အခု ပြောဖို့ စောပါသေးတယ်”

ဆေးပင်များကို လေလံတင် ရောင်းချပြီးနောက် နောက်ထပ် လေလံတင်မည့် အရာမှာ ရှားပါးရတနာအချို့ ဖြစ်လေသည်။

“အားလုံးပဲ အခု လေလံတင်မယ့် ရှားပါးရတနာက လောကမှာ ရှာတွေ့ဖို့ ခက်ခဲတဲ့ သက်ရှိ နီညိုရောင် စစ်သားပါပဲ”

အစီအစဉ် တင်ဆက်သူ၏ စကားအဆုံးတွင် ပရိသတ်များအားလုံး ထိတ်လန့်သွားကြသည်။

*သက်ရှိ နီညိုရောင် စစ်သား ဟုတ်လား၊ ဒါ ဖြစ်နိုင်ပါ့မလား*

ထိုစကားကို ကြားသောအခါ ယဲ့ဖန် ချက်ချင်း မျက်နှာ မည်းမှောင်သွားပြီး မသိမသာ ခါးမတ်ကာ သူ့ရှေ့မှ လေလံစင်မြင့်အား စိုက်ကြည့်နေ၏။

မကြာခင်မှာပင် လှောင်အိမ်တစ်ခုကို တွန်းလာပြီး အထဲ၌ တကယ်ပင် နီညိုရောင် စစ်သားတစ်ယောက် ရှိနေ၏။ သူသည် သံချပ်ကာကို ဝတ်ဆင်ထားပြီး ခန္ဓာကိုယ်က ကြေးနီရောင် သန်းနေကာ ဓားရာများနှင့် ကျာပွတ်ရာများ မရေတွက်နိုင်အောင် ရှိနေသို လည်ပင်း၌ လျှပ်စစ်လည်ပတ် တစ်ခု ပတ်ထာပြီး လှောင်အိမ်နှင့် ချည်ထားသည်။

ဤနီညိုရောင် စစ်သားသည် ထျဲမူထားပင်။ ယဲ့ဖန်၏ မျက်လုံးတွင် အေးစက်စက် အလင်းတန်းများ ဖြတ်ပြေး သွားပြီး သတ်ဖြတ်ချင်စိတ်များ တိုးပွားလာ၏။

သူ၏ လက်အောက်ငယ်သားက ဖိနှိပ်ခံရပြီး ခွေးတစ်ကောင်လို အနင်းခံနေရတာလား။ သူ၏ စစ်သူကြီးက နှိပ်စက် ခံရပြီး စားစရာလို ပေါပေါပဲပဲ အရောင်းခံနေရသည်တဲ့လား။ ရှက်ဖို့ကောင်းလိုက်လေခြင်း။ ထျဲမူထားတင် အရှက်ရသည် မဟုတ်ဘဲ ချင်ဧကရာဇ်ဖြစ်သော သူ့အတွက်လည်း အရှက်ရစေ၏။

ထျဲမူထား ပေါ်လာသည်နှင့် အထင်ကရ ပုဂ္ဂိုလ်များအားလုံး ကြောက်လန့်သွားကြသည်။

*တကယ် နီညိုရောင် စစ်သား ဖြစ်နေတာပဲ၊ ကြောက်လန့်ဖို့ကောင်းလိုက်တာ*

“ဒီနီညိုရောင် စစ်သားကို ဖမ်းနိုင်ဖို့အတွက် ကျုပ်တို့ ဘုရင်အဆင့် ဆယ်ယောက် သုံးခဲ့ရတယ်၊ ဒါပေမဲ့ ငါးယောက် ဒဏ်ရာ အပြင်းအထန် ရပြီး ငါးယောက် သေသွားတယ်၊ သခင်ကြီးယန် ကိုယ်တိုင် ဝင်တိုက်မှပဲ သူ့ကို ဖမ်းနိုင်ခဲ့တာ”

အစီအစဉ် တင်ဆက်သူက အပြုံးဖြင့် ပြောလိုက်သည်။ လူတိုင်း ထိတ်လန့်သွားကြပြန်သည်။

*ဘုရင်အဆင့် ဆယ်ယောက်တောင် သူ့ကို မနိုင်ဘူးလား*

*ဒီနီညိုရောင်စစ်သားရဲ့ ခွန်အားက အဲ့လောက်တောင် ကြောက်ဖို့ကောင်းတာလား*

ထိုအခိုက်တွင် အစီအစဉ် တင်ဆက်သူက ထျဲမူထားဘက် လှည့်၍ ပြောလိုက်သည်။

“ဟေ့ အရူးကောင်ကြီး စကား နည်းနည်းပြောဦးလေ”

သို့သော် ထျဲမူထားက သူ့ကို ဂရုမစိုက်သလို တစ်ချက်ကြည့်ကာ မျက်လုံးမှိတ်၍ မောက်မာဟန် ပြုမူလာသည်။ ဤသည်ကိုမြင်သော် အစီအစဉ် တင်ဆက်သူ၏ မျက်နှာတွင် ခက်ထန်သော အမူအရာ ပေါ်လာ၏။

*ကျွန်တစ်ယောက်ကများ ငါ့ကို လျစ်လျူရှုရဲတယ်လား*

ထို့နောက် သူသည် ရက်စက်စွာ ပြုံးလိုက်ပြီး ခလုတ်တစ်ခုကို ထုတ်ကာ ဖိနှိပ်လိုက်သည်။ ထျဲမူထား၏ လည်ပင်းရှိ လျှပ်စစ်လည်ပတ်မှ ယန်စွမ်းအင်များ ရုတ်တရက် ထွက်ပေါ်လာပြီး သူ့အား အရူးအမူး ထိမှန်လာလေသည်။

“အား …”

ထျဲမူထားတောင်မှ နာကျင်သည့် ဒဏ်ကြောင့် အော်ဟစ်လိုက်မိပြီး သေသည်ထက် ဆိုးသော ဘဝကို ခံစားနေရသည်။

ဤလျှပ်စစ်လည်ပတ်က စိတ်ဝိညာဉ်ကို တိုက်ခိုက်ရန် အထူး ပြုလုပ်ထားခြင်း ဖြစ်သည်။ ဤနာကျင်မှုက ခန္ဓာကိုယ် နာကျင်မှုထက် အဆတစ်ထောင်မက ပိုပြင်းလေသည်။

ထျဲမူထားသည် ရုပ်ခန္ဓာကိုယ် တိုက်ခိုက်မှုကို မကြောက်သော်လည်း ဤသို့သော စိတ်ဝိညာဉ် တိုက်ခိုက်မှုက သူ့အားနည်းချက် ဖြစ်သည်။

“မျိုးမစစ်ကောင် ကျေးဇူးမသိတတ်ဘူးပေါ့လေ”

အစီအစဉ် တင်ဆက်သူက အေးစက်စွာ သရော်လိုက်ပြီး သူ့မျက်နှာတွင် ပျော်ရွှင်ဟန်များ ပေါ်လာသည်။ ထို့နောက် သူက တစ်ဖက်ပြန်လှည့်၍ ထိတ်လန့်နေသော လူအုပ်ကြီးကို ပြန်ကြည့်လိုက်သည်။

“အားလုံး မြင်ကြပါရဲ့လား၊ ဒီအထူးလည်ပတ်က နီညိုရောင် စစ်သားကို ယဉ်ပါးအောင် လုပ်ဖို့ အထူး အသုံးပြုတာပါ၊ ဒါနဲ့ဆိုရင် ခင်ဗျားတို့ အထူးကျွန်တစ်ယောက်ကို ပိုင်ထားတာနဲ့ အတူတူပါပဲ၊ ခင်ဗျား ရှိနေတဲ့ နေရမှာ ဘုရင်အဆင့် ဆယ်ယောက် ရှိနေတယ်လို့ တွေးကြည့်လိုက်ပါ”

ထိုစကားက လူတိုင်းကို စိတ်လှုပ်ရှားသွားစေသည်။ နီညိုရောင် စစ်သားတစ်ယောက်ကို ကျွန်အဖြစ် ပိုင်ဆိုင်ထားပြီး ဘုရင်အဆင့်များကို အသာလေး ဖြေရှင်းနိုင်သူ ဖြစ်သဖြင့် မည်မျှ လူထင်ကြီးစရာ ကောင်းလိုက် သနည်း။

အဓိကအချက်မှာ လည်ပတ်ဖြင့် ထိန်းချုပ်ခြင်း ဖြစ်သည်။ ၎င်းရှိနေသရွေ့ နီညိုရောင်စစ်သား ပုန်ကန်မည် မဟုတ်ပါ။

“ကြမ်းခင်းဈေးက သန်းငါးရာပါ”

ဤတန်ဖိုးက အလွန် ဈေးကြီးသော်လည်း ထိုက်တန်ပေသည်။ အဘယ်ကြောင့်ဆိုသော် လက်တွေ့၌ ဘုရင်အဆင့် ဆယ်ယောက်ကို ငှားမည်ဆိုလျင် ဤဈေးထက်ပင် ပိုများသည်။ ထျဲမူထား တစ်ယောက်တည်းနှင့် ဘုရင်အဆင့် ဆယ်ယောက်ကို ယှဉ်နိုင်သဖြင့် ပေးရသည့်ဈေးနှင့် တကယ် ထိုက်တန်ပေ၏။

ပို၍ အရေးကြီးသော အချက်မှာ ဤပုဂ္ဂိုလ်များ ငှားရမ်းထားသော ဘုရင်အဆင့်များသည် အလွန် ဈေးကြီး သော်လည်း သူတို့အမိန့်ကို နာခံသည် မနာခံသည်က သူတို့ စိတ်အခြေအနေပေါ် မူတည်လေသည်။

သို့သော် သူတို့ စိတ်တိုင်းကျ ခိုင်းစေနိုင်သော ခွေးတစ်ကောင်ကို ယခု ဝယ်နိုင်မည် ဖြစ်သည်။ သူတို့ မုန်းတီး နိုင်သလို နှိပ်စက်၍လည်း ရနိုင်သည်။ ဤသို့ လုပ်နိုင်သည့်အတွက် ဘယ်လောက်ပေးရ ပေးရန် တန်ပေသည်။

“လူကြီးမင်းယဲ့ သူ့ကို သိသလား”

ယဲ့ဖန်၏ အမူအရာ ပြောင်းလဲမှုကို မြင်ပြီး ဟွမ်ထျန်းချန်က အလျင်အမြန် မေးလိုက်သည်။

“ငါ့လက်အောက်ငယ်သားပဲ”

ယဲ့ဖန် ပြောသာ ပြောလိုက်သော်လည်း မျက်လုံးများက ထျဲမူထားကိုသာ ဆက်တိုက် ကြည့်နေပြီး လူသတ် ချင်စိတ်က ဆက်တိုက် တိုးမြင့်လာ၏။

ထိုစကားတစ်ခွန်းကတင် ဟွမ်ထျန်းချန်အား သဘောပေါက်သွားစေသည်။

*ဒီလူ ကြောက်ဖို့ကောင်းနေတာ အံ့ဩစရာ မဟုတ်တော့ဘူးပဲ၊ လတ်စသက်တော့ သူက ဒီလူရဲ့ လက်အောက် ငယ်သား ဖြစ်နေတာကိုး၊ ဒါ နားလည်နိုင်စရာပဲ*

ယဲ့ဖန်၏ လက်အောက်ငယ်သားများသည် သူ့ကဲ့သို့ အလွန် ကြမ်းကြုတ်ကြသည်။ ချက်ချင်းဆိုသလိုပင် ဟွမ်ထျန်းချန် အကြံရသွားပြီး တန်းပြောလိုက်သည်။

“တစ်ဘီလီယံ”

ထိုစကားအဆုံး၌ လေလံဈေးက တစ်ဘီလီယံ ကျော်သွားပြီး ထျဲမူထားကို သူ အရဝယ်မည်ဟု ဆုံးဖြတ် ထားကြောင်း လူတိုင်း သိလိုက်ကြသည်။

“တစ်ဘီလီယံက အံ့ဩစရာ ကောင်းလို့လား နှစ်ဘီလီယံလား”

ဝမ်လေ့က ရုတ်တရက် သရော်၍ ပြောကာ နောက်မှလိုက်၍ နှစ်ဆတင်ကာ လေလံလိုက်ဆွဲလေသည်။

“သုံးဘီလီယံ”

ဟွမ်ထျန်းချန်က တည်ငြိမ်စွာဖြင့် နောက်တစ်ဘီလီယံ ထပ်တိုးလိုက်သည်။ လက်ရှိတွင် ပိုက်ဆံက သူ့အတွက် ကိန်းဂဏန်းမျှသာ ဖြစ်ပြီး အရေးမပါသလိုပင်။

သူသည် စီးပွား‌ရေးသမား တစ်ယောက် ဖြစ်ပြီး မည်သို့ ရင်းနှီးမြှုပ်နှံရမလဲ ကောင်းကောင်း သိပါသည်။ ယဲ့ဖန် သူ့အပေါ် ကျေးဇူးကြွေး တင်အောင် လုပ်နိုင်ခြင်းက မည်သည့် ပိုက်ဆံထက်မဆို တန်ဖိုးကြီးပေ၏။

ဝမ်လေ့ မျက်နှာ မည်းမှောင်သွားပြီး မသိမသာ အံ့ဩသွားလေသည်။

*အခုချိန်မှာတောင် ဟွမ်ထျန်းချန်က ထျဲမူထားကို အရဝယ်ဖို့ စိတ်ပါနေသေးတာလား*

ထိုအချိန်တွင် ထျဲမူထားကလည်း ယဲ့ဖန်ကို ဇဝေဇဝါဖြင့် ကြည့်လာသည်။ ယဲ့ဖန်က ဧဝရက်တောင်သဖွယ် မားမားမတ်မတ် ထိုင်နေသည်ကို မြင်သောအခါ သူ့မျက်နှာတွင် အံ့ဩ တုန်လှုပ်ဟန် ပေါ်လာသည်။ ထို့‌နောက် သူ ဟားတိုက် ရယ်မော၍ ပြောလိုက်သည်။

“ဟားဟားဟား … မင်းတို့ သေပြီ၊ မင်းတို့အားလုံး သေပြီ၊ ဒီနေ့ မင်းတို့ကို ဘယ်သူမှ မကယ်နိုင်တော့ဘူး”

All Chapters