ကျေးဇူးပြုပြီး အားလုံး သေလိုက်တော့
Vol. 86-89 Ch. 1320
မင်း ဘာကို ရယ်နေတာလဲ”
အစီအစည် တင်ဆက်သူက ထျဲမူထားကို စူးစူးရဲရဲ စိုက်ကြည့်လေသည်။ သူ့ကို ဖမ်းဆီးပြီး ကတည်းက စကား ဆယ်ခွန်းကျော်အောင်ပင် မပြောဘဲ အအတစ်ယောက်သဖွယ် ပြုမူနေခဲ့သည်။ ယခုမှ သူ ပထမဆုံးအကြိမ် စကား ပြောလာခြင်း ဖြစ်လေသည်။
*ဒါပေမဲ့ ပထမဆုံး ပြောလာတဲ့ စကားက ငါတို့ကို ကျိန်ဆဲနေတာ ဖြစ်နေပါလား*
သူ့စကားကို ကြားသော် လူတိုင်း ဒေါသထွက်သွားကြသည်။
*မလောက်လေး မလောက်စား ကျွန်က ငါတို့ကို ကျိန်ဆဲတာလား၊ သေသင့်တဲ့ကောင်*
“သူ့ကို ဆက်နှိပ်စက်၊ အကျဉ်းသား တစ်ယောက်ကများ ဒီလောက် မောက်မာရဲသေးတယ်လား၊ သူ့ကို သင်ခန်းစာ မပေးရင် ဘယ်လိုလုပ် အချိုးပြေမှာလဲ”
“ဟုတ်တယ် ခလုတ်ကို အမြင့်ဆုံးက ပြောင်းလိုက်၊ သူ နာနာကျင်ကျင်နဲ့ ထပ်အော်တာကို ငါ ကြားချင်တယ်”
“ကျွန်လေးတစ်ယောက်ပဲကို တကယ် သေချင်နေတာပဲ”
လူတိုင်း မခံမရပ်နိုင် ဖြစ်သွားပြီး သူတို့ ဒေါသကို မထိန်းနိုင်ကြတော့ချေ။
“မင်းတို့ရဲ့ မသိနားမလည်တတ်တာကို ငါ ရယ်တာ၊ မင်းတို့ရဲ့ သတိမမူခြင်းက မင်းတို့ရဲ့ ဒုက္ခကို ခေါ်ဆောင် လာတာပဲ”
“မင်းတို့ရဲ့ မောက်မာတဲ့ပုံစံကို ငါ ရယ်တာ၊ မင်းတို့ကိုယ်မင်းတို့ အပြစ်တင်လာရလိမ့်မယ်”
“မင်းတို့ ငရဲဘုရင်ကို ဒေါသထွက်အောင် လုပ်ခဲ့လို့ တစ်သက်လုံး ငရဲကျတော့မှာကို ရယ်တာ”
*ဒီအရူးတွေ သူတို့ ဘယ်လိုလူစားမျိုးကို သွားရန်စလိုက်မိလဲ မသိကြဘူးပဲ*
“မင်း သေချင်နေပြီလား”
အစီအစဉ် တင်ဆက်သူက ချက်ချင်း ငေါက်ငမ်းလိုက်ပြီး ခလုတ်ကို နှိပ်လိုက်သည်။ လျှပ်စစ်လည်ပတ်က လင်းလက်လာပြီး ကြောက်စရာကောင်းသော စိတ်ဝိညာဉ် တိုက်ခိုက်မှု ဖြစ်ပေါ်လာသည်။ သို့သော် ယခုအခါ၌ ထျဲမူထားက အော်ဟစ်မည့်အစား ဟားတိုက်ရယ်မောလေ၏။
“ယန်လောင်ရှီ မင်းတော့ ပွဲသိမ်းပြီ၊ ငါ့ကို ခွေးလိုဝက်လို ဆက်ဆံခဲ့တယ်မလား၊ ငါ့ဧကရာဇ်က မင်းကို ခွေးသတ်သလို သတ်တော့မှာကွ၊ ဟားဟားဟား”
ဤနေရာ၌ ယဲ့ဖန် အမှတ်မထင် ပေါ်လာလိမ့်မည်ဟု သူ လုံးဝ ထင်မထားမိပါ။ ယန်လောင်ရှီအတွက် ကပ်ဆိုက် ပေတော့မည်။ ယဲ့ဖန်၏ လက်ရှိပုံစံက ကပ်ဘေးတစ်ခု ဖြစ်ပေါ်လာတော့မည်ဟု အဓိပ္ပာယ် ဆောင်နေသည်။
ထျဲမူထား၏ စကားကိုကြားသောအခါ ယန်လောင်ရှီ မျက်မှောင်ကြုတ်သွားသည်။
*ငါ့ဧကရာဇ်တဲ့လား၊ ချင်ခေတ် စစ်သူကြီးက ဧကရာဇ်အဖြစ် သတ်မှတ်တဲ့လူက ရှေးခေတ်က ပထမ ဧကရာဇ်၊ ချင်ဧကရာဇ်ပဲ ရှိတယ်၊ ဒါပေမဲ့ အဲ့လူ မရှိတော့တာ နှစ်တွေ ကြာနေပြီလေ*
ထျဲမူထား၏ စကားက သူ့အား အလွန် တွေဝေသွားစေသည်။
*အဲ့လူ သေရာကနေ ပြန်လည်မွေးဖွားလာတာများလား*
ထိုသို့တွေးမိပြီးနောက် ယန်လောင်ရှီက ရုတ်တရက် အထင်သေးစွာ ခနဲ့လိုက်ပြီး ထျဲမူထားက ထူးဆန်းချင်ယောင် ဆောင်နေသည်ဟု ထင်သွားလေသည်။
“လေးဘီလီယံ”
ထိုအခိုက်တွင် အခြားလူတစ်ယောက်လည်း ဝင်၍ လေလံဆွဲလာသည်။
“ငါးဘီလီလံ”
“ခြောက်ဘီလီယံ”
လေလံဈေးက ဆက်တိုက် မြင့်တက်လျက် ရှိသည်။ ဝမ်လေ့နှင့် ဟွမ်ထျန်းချန် ကြားမှ စစ်ပွဲ မဟုတ်တော့ချေ။ သူတို့သည်လည်း နီညိုရောင် စစ်သားအား ဝယ်နိုင်ရန် ဆုံးဖြတ်ထားကြသည်။
ဟွမ်ထျန်းချန်၏ မျက်နှာက ပို၍ သုန်မှုန်လာသည်။ သူ ပိုက်ဆံ အကုန်မခံချင်၍ မဟုတ်ဘဲ သူ့၌ ထိုမျှ ပိုက်ဆံ မရှိမည်ကို စိုးရိမ်နေခြင်း ဖြစ်သည်။
လက်ရှိ အထင်ကရ ပုဂ္ဂိုလ်များထဲ၌ သူ့ထက် ပိုချမ်းသာသော လူများလည်း ရှိနေသေးသည်။ ပို၍ အရေးကြီးသော အချက်မှာ သူ ပိုက်ဆံကို တစ်ခါတည်း လုံးခနဲ မထုတ်နိုင်ချေ။ ဆယ်ဘီလီယံက သူ၏ အကန့်အသတ်ပင်။ ဤလူများက ဆယ်ဘီလီယံထက် ပိုမြင့်သောနှုန်းကို သေချာပေါက် ပေးမည့်ပုံ ပေါ်သည်။
“မင်း မသေချင်ရင် လေလံဆွဲတာကို ရပ်လိုက်တော့”
ယဲ့ဖန်၏ အေးစက်စက် အသံ ထပ်ပေါ်လာသည်။ ဘေးနားမှ ဟွမ်ထျန်းချန် ရုတ်တရက် မတ်ခနဲ ဖြစ်သွားသည်။ သူ ယဲ့ဖန်နှင့် ပိုနီးလာလေ ယဲ့ဖန်၏ ခန္ဓာကိုယ်မှ တိုးမြင့်လာသော လူသတ်လိုသည့် အရှိန်အဝါက ရူးမတတ် ဖြစ်နေသည်ကို ခံစားမိနေ၏။
စိတ်တိုနေလေပြီ။ ယဲ့ဖန် အမှန်တကယ် စိတ်တိုနေလေပြီ။ သူ့မျက်စိရှေ့၌ သူ့လက်အောက်ငယ်သားက ကုန်ပစ္စည်းသဖွယ် လေလံတင်ခံနေရပြီး ထိုလူများက စိတ်ရှိသလို နှိပ်စက်ကာ နင်းချေနေကြသည်။ ဤသည်က ယဲ့ဖန်၏ မျက်နှာ ဖြတ်ရိုက်ခံလိုက်ရသလိုပင်။
လူတိုင်း ယဲ့ဖန်ကို လှည့်ကြည့်လာကြသည်။ သို့သော် သူတို့မျက်နှာ၌ အထင်သေးဟန်များ ပေါ်လွင်နေပြီး သူ၏ ခြိမ်းခြောက်မှုကို အလေးအနက် မထားကြချေ။
*သေမင်းခံတွင်းဝကို ရောက်နေတဲ့ အရူးက သူ့ကိုယ်သူ အထင်ကရ ပုဂ္ဂိုလ်လို့ ထင်နေတာလား၊ သူကများ ငါတို့ကို လာခြိမ်းခြောက်နေသေးတယ်*
လက်ရှိတွင် သူတို့သည် ယဲ့ဖန်၏ ရူးမိုက်သော အပြုအမူနှင့် အသားကျနေပြီ ဖြစ်သည်။
*ဒီအရူးက အင်အားမရှိပင်မယ့် လူတိုင်းကို အံ့ဩအောင်တော့ လုပ်နိုင်သားပဲ*
ဤလူငယ်သည် အရူးတစ်ယောက်သဖွယ် ဝမ်လေ့နှင့် ယန်လောင်ရှီကို ငေါက်ငမ်းပြီးနောက် သူတို့အားလုံးကို ထပ်မံ၍ ငေါက်ငမ်းနေပြန်သည်။
“ခုနစ်ဆယ့်နှစ် ဘီလီယံ”
“ခုနစ်ဆယ့်သုံး …”
သူတို့သည် ယဲ့ဖန်ကို လုံးဝ လျစ်လျူရှုကာ ဆက်လက်၍ လေလံဆွဲနေကြသည်။
“ဟားဟားဟား အရူး မင်းက လူတွေကို ဒေါသထွက်စေချင်နေတာလား၊ မင်း အကြံ အောင်မြင်တယ်လို့ ငါ ပျော်ပျော်ကြီး ပြောရဲတယ်ကွ”
ဝမ်လေ့၏ စိတ်ပျက်စရာကောင်းသော ရယ်သံ ထပ်မံ၍ ပေါ်ထွက်လာပြီး ယဲ့ဖန်အား ထီမထင်သော မျက်နှာပေးနှင့် ကြည့်လာသည်။ သူ့မျက်လုံးထဲတွင် ယဲ့ဖန်သည် အရူးတစ်ယောက်သာ ဖြစ်သည်။
*ကောင်းတယ်၊ လေလံစံအိမ်က လူတိုင်းကို သူ ရန်စလိုက်ပြီပဲ*
“ဒီတော့ ငါ နောက်ဆုံးစကား ပြောရတော့မှာပေါ့ …”
ယဲ့ဖန်က ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။ သူ ထရပ်လိုက်သည်နှင့် ဟွမ်ထျန်းချန် ချက်ချင်း စိုးရိမ်တုန်လှုပ်လာပြီး သူ့သမီးကိုဆွဲ၍ နောက်သို့ အနည်းငယ် ဆုတ်လိုက်လေသည်။
လက်ရှိတွင် လူတိုင်းက ယဲ့ဖန်ကို မယုံသင်္ကာဟန်ဖြင့် ကြည့်လာပြီး သူတို့၏ စိတ်မရှည်သော မျက်နှာထားက ပိုပို သိသာလာ၏။
ရုတ်ချည်းဆိုသလိုပင် ပြင်းထန်သော လူသတ်လိုသည့် အငွေ့အသက်က ဒီရေလှိုင်းသဖွယ် ပျံ့လွင့်လာပြီး အလွန် နက်ရှိုင်းသော အငြိုးက လူထုကို ဖုံးလွှမ်းလာသည်။
လူတိုင်း၏ မျက်နှာပေါ်မှ လှောင်ပြုံးများ အေးခဲသွားပြီး သူတို့မျက်နှာတွင် မယုံနိုင်လောက်အောင် ထိတ်လန့် ဟန်နှင့် ပြည့်နှက်လာလေသည်။
*ဒီပြင်းထန်တဲ့ လူသတ်ချင်တဲ့ အငွေ့အသက်က ရက်စက်ပြီး ပြင်းထန်လွန်းတယ်*
*ဒါက တကယ်ပဲ ဒီလူငယ်ရဲ့ ကိုယ်က ထွက်လာတာလား*
*ဒီအရှိန်အဝါက တစ်ခါ ခံစားမိတာနဲ့ လောကမှာ နတ်ဆိုးရှိတယ်လို့ ယုံသွားလောက်တယ်”
“ဒါ လုံးဝ မဖြစ်နိုင်ဘူး”
နောက်ကွယ်မှ ယန်လောင်ရှီတောင်မှ တုန်ယင်လာပြီး တစ်ကိုယ်လုံး အေးစက်နေသည်။ လက်ရှိတွင် သူသည် ကြက်သေ သေနေပြီး မျက်လုံးများ ကျွတ်ကျမတတ် ဖြစ်နေပြီး နတ်ဆိုးစွမ်းအင်များ ထုတ်လွှတ်နေသော ယဲ့ဖန်အား ဖန်သားပြင်မှတစ်ဆင့် စိုက်ကြည့်နေသည်။
ဤပြင်းထန်သော လူသတ်လိုသည့် အငွေ့အသက်ကြောင့် သူတောင်မှ ကြက်သီးထရသည်။ သန်းချီသော လူများ၏ လူသတ်လိုသော အငွေ့အသက်ပင် သူ့လောက် သိပ်သည်း၍ မပြင်းထန်နိုင်ပါ။
မကျေနပ်စိတ်၊ ဒေါသစိတ်၊ မနာလိုဝန်တိုစိတ်၊ လောဘစိတ်။ လက်ရှိတွင် ယဲ့ဖန်သည် မကောင်းသော မိစ္ဆာစိတ် အားလုံး၏ အရင်းခံ ဖြစ်နေပုံ ပေါ်ပြီး လူအများအား ကြောက်လန့်ကာ တုန်လှုပ်နေစေသည်။
၎င်းသည် ယဲ့ဖန် သတ်ခြင်းကို ခံလိုက်ရသည့် လူများ၏ အငြိုး ဖြစ်ပြီး ယဲ့ဖန်၏ ကိုယ်၌ ကပ်တွယ်နေကာ လက်ရှိ နတ်ဆိုးဧကရာဇ်ကို ဖန်တီးလာခြင်း ဖြစ်ပေသည်။
ယဲ့ဖန်၌ အဘယ်ကြောင့် ဤမျှ ကြောက်စရာကောင်းနေသော နတ်ဆိုးစွမ်းအင် ရှိနေသလဲ ဆိုသည်ကို ယန်လောင်ရှီ မသိသလို သူသည်လည်း ယဲ့ဖန်ထံ၌ ခြွင်းချက်မရှိ အသတ်ခံရမည်ဟု ခံစားမိနေသည်။ တစ်ဖက်လူ၏ အရှိန်အဝါက သူ့အား လွှမ်းမိုးနိုင်လေသည်။
ထိုအခိုက်တွင် လူတိုင်းသည် ယဲ့ဖန်၏ နောက်ဆုံးစကားကို အာရုံစိုက်စ ပြုလာပြီး သူ ဘာပြောမလဲ သိချင်နေသည်။
ထိုစဉ် ယဲ့ဖန်က နှုတ်ခမ်းကို တွန့်ကွေးကာ အေးစက်စက် ပြုံးလိုက်ပြီး တစ်လုံးချင်း ပြောလိုက်သည်။
“အဲ့စကားက မင်းတို့အားလုံး သေလိုက်တော့ဆိုတာပဲ”
လေလံခန်းမတစ်ခုလုံး ထပ်မံ၍ တိတ်ဆိတ်သွားပြန်သည်။ လူတိုင်း အသက်ရှူရပ်သွားပုံ ရသည်။ လွန်ခဲ့သော တစ်မိနစ်က ယဲ့ဖန် ဤသို့ ပြောခဲ့ချိန်တွင် သူတို့အားလုံး လှောင်ရယ်ခဲ့ကြသည်။
သို့သော် ယခု သူတို့အားလုံး ကြောက်လန့်နေကြလေပြီ။ ခန်းမထဲမှ မည်သူမှ စကားမပြောရဲဘဲ ယဲ့ဖန်၏ ခက်ထန်သော အရှိန်အဝါကြောင့် လူတိုင်း တုန်လှုပ်နေ၏။
“မျိုးမစစ်ကောင် မင်း ငါတို့အားလုံးကို သတ်နိုင်မယ့် ငါ မယုံဘူးကွ”
ဝမ်လေ့က ချက်ချင်း ကြုံးဝါး၍ ယဲ့ဖန်ကို လက်ညှိုး ငေါက်ငေါက် ထိုးလေသည်။
“သူ့ကိုသတ်”
“ဝှစ်”
ဘုရင်အဆင့် သိုင်းပညာရှင်တစ်ယောက်၏ ဦးဆောင်မှုအောက်၌ သိုင်းပညာရှင်တစ်ဖွဲ့က ယဲ့ဖန်ကို သတ်ဖြတ်ရန် ပြေးတက်လာပြီး ယဲ့ဖန်၏ ခန္ဓာကိုယ်အား တိုက်ခိုက်မှုပေါင်းစုံဖြင့် တိုက်ခိုက်လာကြသည်။ အားလုံးက လည်ပင်း ကဲ့သို့သော သေစေနိုင်သည့် နေရာများကို ဦးတည်ထားသည်။
“ဟားဟား …”
သို့သော် ယဲ့ဖန်၏ တုံ့ပြန်မှုက ရယ်နေရုံမျှသာ ဖြစ်သည်။ ထို့နောက် သူက ရှေ့သို့ မာန်ပါပါ လှမ်း၍ တီးတိုး ရေရွတ်နေသည်။
“အခု မင်းတို့ကို အရင်သတ်တာနဲ့ စရတာပေါ့”
ထို့နောက် သူ့ပုံရိပ်က နေရာမှ လှစ်ခနဲ ပျောက်ကွယ်သွားသည်။
“သူ ဘယ်မှာလဲ၊ သူ ဘယ်ရောက်သွားတာလဲ”
“ဒါ … သူ့အသက်ရှူပုံကိုပါ မသိအောင် တားဆီးထားတယ်၊ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
“သတိထား၊ ဒီလူက ပုံမှန်မဟုတ်ဘူး”
အမှောင်ထဲ၌ ပုန်းနေသော ယန်လောင်ရှီသည်လည်း ထိတ်လန့်ဟန် ပြလာသည်။ အဘယ်ကြောင့်ဆိုသော် သူသည်လည်း ယဲ့ဖန်၏ အသက်ရှုနှုန်းကို နည်းနည်းလေးမှ မခံစားရကြောင်း သတိထားမိသွားကြောင့်ပင်။
*ဒီလူက တကယ်ကြီး နေရာကနေ ပျောက်သွားတာပဲ*
*သူတော်စင်သခင်အဆင့်ရဲ့ မျက်စိနဲ့ နားအောက်ကနေ ပုန်းကွယ်နေနိုင်တယ်ဆိုတော့ သူလည်း သူတော်စင်သခင် အဆင့်ပဲလား*
*မယုံနိုင်စရာပဲ*
မကြာခင်မှာပင် ယဲ့ဖန်က ဘုရင်အဆင့် သိုင်းပညာရှင်၏ ရှေ့၌ ပြန်ပေါ်လာပြီး လက်နှစ်ဖက်လုံးဖြင့် ထိုလူ၏ ပခုံးကို ဖမ်းချုပ်လိုက်သည်။ ထို့နောက် အားလုံး၏ ကြောက်လန့်နေသော အကြည့်အောက်၌ အားကုန်သုံး၍ ဖျစ်ညှစ်လိုက်လေသည်။
“ဂျွတ် ဂျွတ်”
အရိုးကျိုးသံ နှစ်သံ ထွက်ပေါ်လာပြီးနောက် ပခုံးရိုးများ ပွင့်ထွက်လာပြီး သွေးများ ပန်းထွက်လာ၏။
“အား …”
ငယ်သံပါအောင် နာကျင်စွာ အော်ဟစ်လိုက်သံက ပဲ့တင်ထပ်၍ ထွက်ပေါ်လာလေသည်။ ထိုအော်သံက လူတိုင်း၏ ပါးစပ်များကို ခြောက်သွေ့သွားစေပြီး မျက်လုံးများအား ရီဝေသွားစေသည်။ သူတို့ မြင်လိုက်ရသည့် အရာကို သူတို့ မယုံနိုင်ကြသေးပေ။
*ဘုရင်အဆင့်လူက ချက်ချင်း ရှုံးသွားတာလား*
*ပြီးတော့ ပခုံးရိုး အချိုးခံလိုက်ရတယ်လား*
ထိုစဉ် သူတို့၏ အတွေးကို သက်သေပြနေသကဲ့သို့ ယဲ့ဖန် တင်းကြပ်စွာ ဖျစ်ညှစ်ထားသော လက်နှစ်ဖက်က ပခုံးနှစ်ဖက်ကို အားဖြင့် ဆွဲဖြုတ်လိုက်သည်။
“ဗြိ”
လက်မောင်းနှစ်ဘက်လုံး အားဖြင့် စုတ်ဖြဲခံလိုက်ရလေသည်။
“အား…”
ပို၍ စူးရှသော အော်သံ ထွက်လာပြီး ဘုရင်အဆင့်လူသည် ခန္ဓာကိုယ် နှစ်ခြမ်းဖြဲခံလိုက်ရသကဲ့သို့ ခံစားမိကာ ပြင်းထန်သော ဝေဒနာကြောင့် ရူးမတတ် ဖြစ်လာ၏။
*နတ်ဆိုး*
သူ ယဲ့ဖန်ကို အလွန်တရာ ကြောက်လန့်ဟန်ဖြင့် ကြည့်နေသည်။
*ဒီလူက နတ်ဆိုးပဲ*
*နတ်ဆိုးမှာပဲ ဒီလို ကြောက်စရာကောင်းတဲ့ နည်းလမ်းတွေ ရှိနိုင်တာ*
*နတ်ဆိုးကပဲ ဒီလို ရက်စက်ပြီး ကြမ်းတမ်းနိုင်တာ*
သို့သော် ဤသည်မှာ အစသာ ရှိပေသေးသည်။ ယဲ့ဖန်၏ မျက်လုံးတွင် အေးစက်စက် အလင်းတန်း တစ်ချက် ဖြတ်ပြေးသွားပြီးနောက် လက်ဆယ်ချောင်းလုံးအား စုံချည်ဆန်ချည် လှုပ်ရှားလာပြီး ဘုရင်အဆင့်လူအား ဖမ်းချုပ် တိုက်ခိုက်လေသည်။ လေထဲ၌ အရိပ်များကိုသာ ဖျတ်ခနဲ ဖျတ်ခနဲ မြင်နေရသည်။
“ရွှစ် ရွှစ်”
သွေးများ ဆက်တိုက် ပန်းထွက်လာလေသည်။ ယဲ့ဖန်သည် ကြမ်းကြုတ်သော သားရဲအသွင် ပြောင်းနေပုံ ရသည်။ သူ၏ လက်တစ်စုံ ကျရောက်လာတိုင်း သွေးများ ပန်းထွက်လာပြီး အသားစများပါ ပဲ့ထွက်လာ၏။
တစ်ခဏကြာသော် ဘုရင်အဆင့် သိုင်းပညာရှင်တွင် အမာရွတ်များနှင့် ပြည့်နှက်လာသည်။ ယဲ့ဖန်၏ တိုက်ခိုက်မှု အောက်၌ သူ့ကိုယ်မှ သွေးနံ့များ ပို၍ ပြင်းထန်စွာ ထွက်နေပြီး အလွန် စူးလှသည်။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ဝမ်လေ့ မှင်တက်နေသည်။ သူ့ရှေ့မှလူက ဘုရင်အဆင့် ဖြစ်နေလိမ့်မည်ဟု သူ ထင်မထားမိပါ။ မယုံနိုင်စရာပင်။ သူ၏ အသန်မာဆုံး လူတစ်ယောက်က ယဲ့ဖန်၏ လက်ထဲ၌ ထိုးနှက်ခံနေရသည်တဲ့လား။
“ဘုန်း”
ထို့နောက်တွင် ထိုဘုရင်အဆင့်လူသည် ကြမ်းပြင်ပေါ် ဘုန်းခနဲ ပြုတ်ကျလာပြီး သားရဲကောင်၏ ကိုက်ဖဲ့ စုတ်ဖြဲခြင်း ခံရသကဲ့သို့ အဝတ်အစားများ စုတ်ပြတ်ကာ အရေပြား ဖွာလန်နေ၏။ သူ့ကိုယ်၌ အကောင်းတိုင်း ရှိနေသည့် အရေပြားဟူ၍ တစ်စက်ကလေးမှ မရှိပေ။
သူ၏ သေဆုံးခြင်းက ဆိုးရွားလွန်းလှသည်။ ဘေးလူများထဲမှ မည်သူမှ မလှုပ်ရဲတော့ပေ။ သူတို့အားလုံး ကြောက်လန့်နေကြသည်။
ဝမ်လေ့သည် သူ အမှားကြီးတစ်ခု လုပ်လိုက်မိပြီ ဖြစ်ကြောင်း သတိထားမိသွားလေသည်။ သူ သေချာ သတိထားရမည့် လူက ဟွမ်ထျန်းချန် မဟုတ်ဘဲ ဤလူငယ်လေး ဖြစ်နေ၏။
*ဘုရင်အဆင့်ကို ချက်ချင်း သတ်ပစ်လိုက်တယ်၊ ဒါ ကောင်းကင်ဘုံကို ဆန့်ကျင်တဲ့ နည်းလမ်းပဲ*
“သေပေတော့”
ထိုစဉ် အခြားသော သိုင်းပညာရှင်များက ဤအခွင့်အရေးကို အခွင့်ကောင်း ယူလာကြသည်။ ဝမ်လေ့၏ လက်အောက်ငယ်သားများသာကမ ဘေးပတ်လည်မှ အထင်ကရ ပုဂ္ဂိုလ်များ၏ ဘုရင်အဆင့် သိုင်းပညာရှင် များနှင့် အခြားသိုင်းပညာရှင်များပါ ပြေးတက်လာကြသည်။
“ဝုန်း ဝုန်း”
ပြင်းထန်သော တိုက်ကွက်များက ယဲ့ဖန်ထံ သည်းကြီးမည်းကြီး ဦးတည်လာသည်။ ဤနတ်ဆိုးအား ယနေ့ မရှင်းပစ်လျင် သူတို့ ဤနေရာမှ အသက်ရှင်လျက် ထွက်မသွားနိုင်ကြောင်း ရိပ်မိနေကြလေသည်။
“ကောင်းပြီလေ အတူတက်လာတော့ အတူ သေကြပေါ့”
ယဲ့ဖန်က မောက်မာစွာ ပြုံးလိုက်ပြီး လက်နှစ်ဖက်လုံးဖြင့် တစ်နေရာတည်းကို ဦးတည်၍ တိုက်ခိုက်လိုက်သည်။
စာစဉ် ၈၈ ဤတွင် ပြီးပါပြီ။