ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ
Vol. 86-89 Ch. 1321
“ဝုန်း ဝုန်း”
များစွာသော တိုက်ခိုက်မှုများက ယဲ့ဖန်ပေါ် ကျရောက်လာသဖြင့် အသံများစွာ ထွက်ပေါ် လာသည်။ သို့သော် သူက သတိမမူမိဟန်ဖြင့် တစ်နေရာတည်းကိုသာ စိုက်ကြည့်နေပြီးနောက် ရုတ်တရက် ပြန်လည် တိုက်ခိုက်လေသည်။
“ရွှစ် ရွှစ်”
သွေားများ ဆက်တိုက် ပန်းထွက်လာပြီးနောက် များစွာသော ခြေလက်အင်္ဂါများ ကြမ်းပြင်ပေါ် ပြုတ်ကျလာသဖြင့် ထိတ်လန့် ကြောက်ရွံ့ဖွယ် ကောင်းလှသည်။
တစ်ခဏအတွင်း လူဆယ်ယောက်ကျော် သေဆုံးသွားလေသည်။ အလောင်းများ၌ အကောင်းပကတိရှိသော အလောင်းဟူ၍ မရှိချေ။
လူတိုင်း လေအေးကို ရှူရှိုက်မိသကဲ့သို့ ဖြစ်သွားလေသည်။ ယဲ့ဖန်၏ လက်ချောင်းများက လက်သည်းများနှင့် တူနေပြီး သူ ဖမ်းဆုပ်လိုက်သူတိုင်း သေရပေသည်။
“သေပေတော့”
သိုင်းပညာရှင်တစ်ယောက်သည် ရုတ်တရက် ယဲ့ဖန်၏ အနောက်မှ ပေါ်လာပြီး လက်ထဲမှ တူကြီးတစ်လက်ဖြင့် ယဲ့ဖန်၏ ဦးခေါင်းကို ထုနှက်လာသည်။ ယဲ့ဖန်က လှုပ်ကိုမလှုပ်ချေ။
“ဒုန်း”
ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာ၏။
“သေပြီ ဒီကောင်တော့ သေပြီပဲ”
ဝမ်လေ့က အပြုံးဖြင့် အရင်ဆုံး ပြောလာသည်။ အထင်ကရ ပုဂ္ဂိုလ်များအားလုံးသည်လည်း စိတ်အေးသလို သက်ပြင်းချလိုက်ပြီး ယခုအခါတွင်မှ ပြန်ပြုံးလာကြသည်။
*သိပ်ကောင်းတယ်*
*နောက်ဆုံးတော့ ဒီနတ်ဆိုးကို သတ်လိုက်နိုင်ပြီပဲ*
“အချိန်အတော်ကြာပြီးမှ ဒီအဆင့်လောက်ပဲ ရှိတာကို သိလိုက်ရတော့ ငါ အံ့ဩသွားတယ်”
“ဟုတ်တယ် သူက တကယ်ကို အင်အားကြီးတဲ့လူလို့ ထင်ထားခဲ့တာ၊ ဒီလို ဖြစ်နေမယ်လို့ ငါ ထင်မထားမိဘူး”
“ဘယ်လောက်ပဲ သန်မာနေပါစေ သခင်ကြီးယန်ရဲ့ တွေ့ရင် သေခြင်းတရားပဲ ရှိလိမ့်မယ်၊ လေလံစံအိမ်မှာ ပြဿနာ လာရှာရဲပြီးမှတော့ သူ အသက်ရှင်ဦးမယ်လို့ မင်း ထင်နေတာလား”
လက်ရှိတွင် အားရကျေနပ်သော အပြုံးများ ဖြစ်ပေါ်နေကြသည်။
“ဝှီး”
သို့သော် ထိုအခိုက်တွင် ထူးဆန်းသော အသံတစ်သံနှင့်အတူ တိုက်ပွဲအလယ်ရှိ ဖုန်မှုန့်များကြားထဲမှ ခေါင်းပြတ် တစ်လုံး လွင့်ပျံလာ၏။
“အား …”
အားလုံး အလန့်တကြား အော်ဟစ်လာကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုခေါင်းပြတ်မှာ အစောပိုင်းက တိုက်ခိုက်လိုက်သည့် သိုင်းပညာရှင်၏ ဦးခေါင်း ဖြစ်နေသောကြောင့်ပင်။
*သူ ဘယ်လို သေသွားတာလဲ*
“ဒေါက်”
ထိုခြေသံက လူတိုင်း၏ နှလုံးသားကို နင်းခြေသကဲ့သို့ ခံစားလာရကာ သူတို့၏ နားစည်တွင် တဒိန်းဒိန်း ဖြစ်နေပြီး ခေါင်းမွေးထောင်လာရသည်။ မျက်လုံးများစွာက ဖုန်မှုန့်များ တထောင်းထောင်း ထနေရာသို့ စိုးရိမ်တကြီး ကြည့်လာကြသည်။
“ဒေါက် ဒေါက် ဒေါက်”
ခြေလှမ်းတိုင်းက တူနှင့် တဒုန်းဒုန်း ထုသကဲ့သို့ ဖြစ်နေပြီး သူတို့တစ်ကိုယ်လုံး တုန်ယင်နေသည်။ လူတိုင်း ကြောက်ရွံ့ တုန်လှုပ်နေကြသည်။ ယဲ့ဖန် သူတို့ရှေ့သို့ ပြန်ပေါ်လာသောအခါ လူတိုင်း စိတ်ဓာတ်ကျလုနီးပါး ဖြစ်သွားလေသည်။
*ဘာဒဏ်ရာမှ မရပါလား*
*ဒီလောက်ပြင်းတဲ့တူနဲ့ ထုတာတောင် ဒီကောင်က ဘာဒဏ်ရာမှ မရဘူးလား*
*ကြောက်စရာကောင်းလိုက်တာ၊ ကြောက်စရာ ကောင်းလွန်းတယ်*
“နောက် ဘယ်သူ လာဦးမလဲ”
ယဲ့ဖန် တည်ငြိမ်သော မျက်လုံးများဖြင့် ဘေးဘီကို တစ်ချက် ဝေ့ကြည့်လေသည်။ သို့သော် မည်သူမှ ရှေ့မတက် ရဲချေ။ လူတိုင်း၏ မျက်နှာတွင် ကြောက်လန့် သွေးပျက်ဟန်များနှင့် ဖုံးအုပ်နေပြီး နောက်သို့ ဆုတ်နေကြသည်။ သူတို့ရှေ့မှလူက လူမဟုတ်ကြောင်း အားလုံး သတိပြုမိသွားသည်။
ဟွမ်ယွီလင်းက တလက်လက် တောက်ပနေသော မျက်လုံးများဖြင့် ယဲ့ဖန်၏ ကျောပြင်ကို စိုက်ကြည့်နေ၏။ လက်ရှိတွင် ဤလူ၏ နတ်ဆိုးဆန်သော လွှမ်းမိုးချုပ်ကိုင်နိုင်သည့် ကိုယ်အမူအရာက သူမစိတ်ထဲ၌ စွဲထင်သွား လေသည်။
*ဒီလူက တကယ် လွှမ်းမိုးနိုင်တာပဲ*
*လူတစ်ယောက်တည်းနဲ့ သိုင်းပညာရှင်တွေ အများကြီးကို အနိုင်ယူနိုင်တယ်၊ ဘယ်သူ့ကို သူ့ကို မကျော်ရဲဘူး*
*ဒါ မယုံနိုင်စရာ ကောင်းလိုက်တာ*
“မင်းတို့မလာရင် ငါ လာမယ်”
ယဲ့ဖန်သည် ထိုသို့ပြောပြီးသည်နှင့် ဘုရင်အဆင့်တစ်ယောက်၏ ရှေ့သို့ ချက်ချင်း ရောက်သွားပြီး သူ့ရင်ဘတ်အား လက်သည်းများဖြင့် ထိုးဖောက်ကာ အရိုးကိုချိုး၍ ဆွဲထုတ်လိုက်သည်။
“ဝေါ့”
ထိုဘုရင်အဆင့်လူ ဆက်တိုက် သွေးအန်လာပြီး ကြောက်စိတ်ပြည့်နေသော မျက်နှာဖြင့် ကြည့်လာသည်။
*ငါ့ရှေ့က နတ်ဆိုးကို ပြန်တောင် မခုခံနိုင်ဘဲ အရိုးဆွဲထုတ်ခံလိုက်ရတာလား*
သူသည် သိုင်းပညာရှင်များ၏ အထက်တွင်ရှိသော ဘုရင်အဆင့်တစ်ယောက်ဖြစ်သည်။ သို့သော် သူ့အရှေ့မှ လူရှေ့တွင် သူသည် ကြက်ဆင်တစ်ကောင်သဖွယ် ဖြစ်နေသည့်ပုံပင်။ ကြောက်လန့် ထိတ်လန့်စရာ ကောင်းပေသည်။ ထို့အပြင် ဘေးပတ်ဝန်းကျင်မှ အထင်ကရ ပုဂ္ဂိုလ်များလည်း နားဝေတိမ်တောင် ဖြစ်သွား ကြသည်။
*နောက်ထပ် ဘုရင်အဆင့်တစ်ယောက်လည်း စက္ကန့်ပိုင်းအတွင်း အသတ်ခံလိုက်ရတာလား*
*ဒီကောင်က ဘုရင်အဆင့်တွေရဲ့ ရန်သူများလား*
ထို့နောက် ဗလုံးဗထွေး အသံများ ဆက်တိုက် ထွက်ပေါ်လာပြီး အလောင်းများ တစ်လောင်းပြီး တစ်လောင်း မြေကြီးပေါ် လဲကျလာ၏။
ယဲ့ဖန်သည် နတ်ဆိုးတစ်ကောင်သဖွယ် သိုးအုပ်အား ရှင်းလင်းနေသကဲ့သို့ အရူးအမူး သတ်ဖြတ်နေ၏။ သူ၏ လက်သည်းအောက်၌ သိုင်းပညာရှင်များသည် စက္ကူစသဖွယ် နူးညံ့ကာ အူပွင့်လာကြသည်။ သူ အသာ ကုတ်ဖဲ့လိုက်သည်နှင့် ဗိုက်ပေါက်လာသလို အရိုးများ ချိုးထုတ်ခံနေရသည်။
လေလံခန်းမတစ်ခုလုံး သားသတ်ကွင်းတစ်ခု အဖြစ်သို့ ပြောင်းလဲသွားပြီး သွေးများက မြစ်သဖွယ် စီးဆင်း လာကာ လေထုထဲ၌ သွေးညှီနံ့များ တလှိုင်လှိုင် ထနေလေသည်။
“ဟားဟားဟား သိုးအုပ်ကို ကျားဆွဲနေပြီ မဟုတ်လား၊ မင်းတို့ထိုက်နဲ့ မင်းတို့ကံပဲ”
ထျဲမူထားက အထင်သေးစွာဖြင့် အားရကျေနပ်စွာ အော်ဟစ်လေသည်။ ချက်ချင်းဆိုသလိုပင် လူတိုင်း အသိဝင်လာပြီး တံခါးရှိရာဘက်သို့ ချက်ချင်း ထွက်ပြေးလေသည်။
*ထွက်ပြေးရမယ်*
လူတိုင်း ချွေးပြန်နေကာ လက်ရှိတွင် ဤနေရာမှာ ထွက်ပြေးချင်စိတ်သာ ရှိနေ၏။
*ဒီလူက လူမဟုတ်ဘူးပဲ*
“တော်သင့်ပြီ”
ရုတ်တရက် မာန်ပါသော အသံတစ်သံ ထွက်ပေါ်လာသဖြင့် လူတိုင်း မှင်တက်သွားကြသည်။ ထိုအသံ၌ မခုခံနိုင်သော ဖိအားတစ်ခု ပါဝင်နေသည်။
လူတိုင်းရှေ့တွင် လူတစ်ယောက် ပေါ်လာပြီး မီးခိုးရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ ရိုးရှင်း၍ ရှေးဆန်ကာ တည်ငြိမ်သော မျက်နှာထားနှင့် သန်မာသော စွမ်းအင်များ ရှိနေကာ အသက်ရှူပုံက နဂါးတစ်ကောင်နှင့် ဆင်တူပြီး မျက်လုံးများက စူးရှထက်မြက်လှသည်။
“သခင်ကြီးယန် ကူညီပါဦး”
လူတိုင်း အသနားခံသော အကြည့်ဖြင့် ကြည့်လာလေသည်။
“ငါ့နယ်မြေမှာ လူသတ်တယ်ပေါ့လေ၊ ကောင်းတယ် သိပ်ကောင်းတယ်၊ ငါ မင်းကို သတ်ဖို့ အကြောင်းပြချက် တစ်ခု ပေးလာတာပဲ”
ယန်လောင်ရှီ၏ မျက်လုံးများက ခက်ထန်နေသည်။ မည်သူမှ သူ့ကို ယဲ့ဖန်ကဲ့သို့ စိတ်မပျော်ရွှင်အောင် မလုပ်ရဲပါ။ ယဲ့ဖန်က ပထမဆုံးနဲ့ နောက်ဆုံး ဖြစ်ပေမည်။
“မင်း နောက်ဆုံးအနေနဲ့ ဘာပြောချင်လဲ”
ယန်လောင်ရှီက ယဲ့ဖန်အား ဧကရာဇ်က သာမန်လူကို ကြည့်သကဲ့သို့ အထင်သေးစွာ ကြည့်လာသည်။ သူ့ကိုယ်သူ ယုံကြည်မှုနှင့် မာနများ ပြည့်နှက်နေသည်။
ဤသည်ကို မြင်သော် ထွက်ပြေးနေသည့် လူများအားလုံး တစ်ယောက်ပြီး တစ်ယောက် ထွက်ပြေးရာမှ ရပ်တန့် သွားပြီး ယဲ့ဖန်အား ရန်လိုသလို ကြည့်လာကြသည်။
“သူ့ကိုသတ်၊ သခင်ကြီးယန် ကျေးဇူးပြုပြီး သူ့ကို သတ်လိုက်ပါ”
“ဟုတ်တယ် သူက ကျုပ်တို့ထဲက လူတွေအများကြီးကို သတ်ခဲ့တာ၊ ခင်ဗျား ကျုပ်တို့အတွက် တရားမျှတမှု ရှာပေးပါ”
ယဲ့ဖန် မည်မျှ သန်မာနေပါစေ ယခု သူတော်စင်သခင်အဆင့်နှင့် ရင်ဆိုင်ရတော့မည် ဖြစ်သဖြင့် အမုန်းတရားကို ခါးစည်းခံ ရပေတော့မည်။
“ဟားဟားဟား … ဟွမ်ထျန်းချန် ငါ မင်းကို တကယ် လန့်သွားတော့မလို့၊ ဒီကောင်က ငါ့ကို သတ်နိုင်တဲ့ အရည်အချင်း ရှိတာကို ငါ ဝန်ခံတယ်၊ စိတ်မကောင်းစရာပဲ၊ သူ သခင်ကြီးယန်ကို ရန်မစခဲ့သင့်တာကို အခုတော့ သူ သေတော့မယ်၊ မင်းလည်း … သူနဲ့အတူ မြေမြှုပ်ခံရတော့မှာ”
ဝမ်လေ့၏ ယုံကြည်မှုက ပြန်တိုးမြင့်လာသည်။ ယဲ့ဖန်က သူ့တစ်ဦးတည်းကိုသာ ရန်စခဲ့လျင် ပြဿနာ မဖြစ်လောက် သော်လည်း သခင်ကြီးယန်ကိုပါ ပြိုင်တူ ရန်စခဲ့သဖြင့် အခြေအနေက ပြောင်းလဲသွားလေပြီ။
“အားလုံးပဲ ဒီကောင် ဘယ်လိုသေခြင်းမျိုးနဲ့ သေမလဲလို့ ခန့်မှန်းကြည့်ပါဦး၊ သခင်ကြီးယန်ရဲ့ လက်သီးကြောင့် သူ ခေါင်းပေါက်သွားမယ်လို့ ကျုပ် လောင်းတယ်ဗျာ”
ဝမ်လေ့ ရယ်မောလိုက်သည်။ သူ့မျက်နှာတွင် ဂုဏ်ယူဟန်ဖြင့် ပြည့်နှက်နေ၏။ ယဲ့ဖန်က လှောင်ရယ်ရုံမျှသာ ရယ်၍ ဘာမှမပြောချေ။ တစ်ချိန်တည်းမှာပင် သူသည် ရှေ့တိုး၍ ယန်လောင်ရှီ ရှိရာသို့ လျှောက်သွားလိုက်သည်။
ဤသည်ကိုမြင်သော် ယန်လောင်ရှီကလည်း ပြန်သရော်ပြုံး ပြုံးလေသည်။
“လူ့ဘဝအကြောင်း မသိတဲ့ မျိုးမစစ်လေးပဲ၊ မင်းက ငါ့ပြိုင်ဘက် ဖြစ်နိုင်မယ်လို့ တကယ် ထင်နေတာလား၊ မင်းက သေချင်နေမှတော့ ငါ မင်းဆန္ဒကို ဖြည့်ဆည်းပေးမယ်”
ယဲ့ဖန်၏ ခန္ဓာကိုယ်မှ သူ ဖိအားတစ်စက်ကလေးမျှ မခံစားမိပါ။ ဤလူသည် သူတော်စင်သခင်အဆင့် မဟုတ်ပါ။ ထိုသို့ဆိုလျင် သူနှင့် ယှဉ်တိုက်ရန် အရည်အချင်း မပြည့်မီပေ။ သူ ယဲ့ဖန်ကို တစ်ချက်တည်းနှင့် သတ်နိုင်မည်ဟု ယုံကြည်မှု ရှိနေသည်။ သူတော်စင်သခင်အဆင့်အောက်မှ လူများသည် သူ့အတွက် ပုရွက်ဆိတ်မျှသာ ဖြစ်လေသည်။
“ထိုက်ချီ ဖြိုခွင်း လက်ဝါးချက်”
ရုတ်တရက် ယန်လောင်ရှီ၏ မျက်လုံးများက ခက်ထန်လာပြီး သွေးရောင်လွှမ်းလာကာ ကျယ်လောင်စွာ အော်ဟစ် လိုက်သည်။ သူ့တစ်ကိုယ်လုံးမှ ယန်စွမ်းအင်များ ထွက်ပေါ်လာသဖြင့် အလွန် ကြောက်စရာ ကောင်းလှပေသည်။
သူသည် လက်ဝါးကိုဆန့်၍ ကောင်းကင်ကိုပင် ဖြိုခွင်းနိုင်မည့် စွမ်းအင်ဖြင့် ယဲ့ဖန်အား ကြမ်းကြုတ်စွာ တိုက်ခိုက် လာ၏။ ထိုအခိုက်တွင် မိုးမြေအောက်မှ အရာအားလုံး တုန်ခါလာပြီး လေဟာနယ်ပင် အက်ကွဲလုနီးပါး ဖြစ်လာရသည်။
လက်ရှိတွင် ယဲ့ဖန်က တည်ငြိမ်သော မျက်နှာနှင့်ပင် ဖြစ်နေပြီး လက်သီးဆုပ်၍ သူ့ရှေ့သို့ ကျရောက်လာသော လက်ဝါးကို ပြန်ထိုးနှက်လိုက်သည်။ ဤသည်ကိုမြင်သော် လူတိုင်း အံ့ဩသွားကြပြီးနောက် ဟားတိုက် ရယ်မော လာကြသည်။
“ဒီကောင် ဘာလုပ်နေတာလဲ၊ သူ သခင်ကြီးယန်ရဲ့ လက်ဝါးချက်ကို တကယ် တားနိုင်မယ်လို့ ထင်နေတာလား၊ ငါ ရယ်ရလွန်းလို့ သေတော့မယ်၊ သူ့ကိုယ်သူ ဘာမှတ်နေလဲ”
“သူ ဘယ်လိုသေမလဲ ငါ ကြည့်ဦးမယ်”
“သူ တခါတည်း တန်းမသေသွားဖို့ ငါ မျှော်လင့်တယ်၊ ငါ့လူတွေ အများကြီးကို သူ သတ်ခဲ့တာ၊ သခင်ကြီးယန်ဆီမှာ သူ တစ်စစီ ဖြစ်ပါစေလို့ ငါ ဆုတောင်းတယ်ကွာ”
“ပြီးတော့ ဟွမ်ထျန်းချန်၊ သူ့ကို ခေါ်လာတာ ဟွမ်ထျန်းချန်ပဲလေ၊ ဒီသားအဖကိုလည်း လွှတ်ထားလို့ မဖြစ်ဘူး၊ သူတို့ကိုပါ အတူတူ သတ်ရမယ်၊ သူတို့ကိုသတ်”
“ဟေ့ ဟွမ်ထျန်းချန်ကိုတော့ သတ်ကွာ၊ သူ့သမီးကိုတော့ ငါ့အတွက် ချန်ထားပေး၊ ငါ ကလေးအရွယ်လေးတွေကို အကြိုက်ဆုံးပဲ”
လူတိုင်းသည် ယဲ့ဖန် တစ်စစီ ဖြစ်သွားပြီး ဟွမ်ထျန်းချန်၏ ယူကြုံးမရသော မျက်နှာထားနှင့် အော်ဟစ်နေဟန်ကို မြင်နေရသကဲ့သို့ စိတ်လှုပ်ရှားစွာ ပြောဆိုနေကြသည်။
“ဝုန်း”
လက်ဝါးနှင့် လက်သီးတို့ ထိပ်တိုက် တွေ့ဆုံသွားချိန်တွင် လောကကိုပင် စုတ်ဖြဲနိုင်လောက်သည့် ကြောက်ဖက်ဖွယ် စွမ်းအင်းလှိုင်းတစ်ခု ပျံ့လွင့်လာ၏။
“အား...”
တစ်ခဏမျှ တိတ်ဆိတ်နေပြီးနောက် သူတို့နှစ်ယောက်ထဲမှနေ၍ နာကျင်စွာ အော်ဟစ်လိုက်သံ ထွက်ပေါ်လာ၏။
“ဟွမ်ထျန်းချန် မင်း ကြားတယ်မလား၊ မင်းရဲ့ လူကြီးမင်းယဲ့တော့ ဇာတ်သိမ်းပြီ”
ဝမ်လေ့က ဟားတိုက် ရယ်မော၍ ပြောလာသည်။ သူ့စိတ်ထဲတွင် ထိုအော်သံက ယဲ့ဖန်ထံမှ ထွက်ပေါ်လာခြင်း ဖြစ်သည်ဟု ထင်နေ၏။
သူ့စကားကို ကြားသောအခါ ဟွမ်ထျန်းချန်ကလည်း အနည်းငယ် သံသယဝင်နေသော အမူအရာနှင့် ရှေ့သို့ စိုးရိမ်တကြီး ကြည့်လိုက်သည်။ ရုတ်တရက် လက်ခုပ်တီးသံများ ထွက်ပေါ်လာလေသည်။
“သခင်ကြီးယန်က မြင့်မြတ်ပါပေတယ်၊ သူ စလှုပ်ရှားလိုက်တာနဲ့ ဒီမျိုးမစစ်ကောင်ကို ထိတ်လန့်အောင် လုပ်ပြီး သတ်ပစ်နိုင်ပြီ၊ သူက တကယ်ကို အတွေ့အကြုံ ရင့်သန်ပြီး ကြီးမြတ်တာပဲ”
“ဒါပဲလေ မင်း သခင်ကြီးယန်က ဘယ်သူလဲဆိုတာ မသိဘူးမလား၊ ဘယ်လိုလုပ် ဒီကောင်လေးက သခင်ကြီးယန်ရဲ့ ပြိုင်ဘက် ဖြစ်နိုင်မှာလဲ”
လူတိုင်း အလွန် ပျော်ရွှင်ကာ လက်သီးလက်မောင်းတန်း၍ အော်ဟစ်နေကြသည်။ သို့သော် မြင်လိုက်ရသည့် မြင်ကွင်းက သူတို့အား မျက်နှာဖြတ်ရိုက်ခံလိုက်ရသကဲ့သို့ ဖြစ်သွားစေသည်။
ယန်လောင်ရှီက မျက်လုံးအပြူးသား ဖြစ်နေပြီး သူ့မျက်လုံးတွင် မယုံနိုင်ဟန်များဖြင့် ပြည့်နှက်ကာ လက်မောင်းကို ကိုင်၍ ဆက်တိုက် နောက်ဆုတ်နေသည်ကို သူတို့ တွေ့လိုက်ရသည်။ ကြောက်လန့်ထိတ်လန့်၍ မယုံနိုင်စရာ ကောင်းလှသည်။
သူ တိုက်ခိုက်လိုက်သည့် လက်ဝါးမှာပင် လုံးဝ ပုံပျက်နေပြီး လက်ငါးချောင်းလုံးက ရွဲ့စောင်းကွေးကောက်ကာ လက်ဝါး ပေါက်နေပြီး သွေးများ စိမ့်ထွက်နေသည့်အပြင် အရိုးများကိုပင် မြင်နေရသည်။
သူ၏ ထိုက်ချီ ဖြိုခွင်းလက်ဝါးချက်က အရေးနိမ့်သွားလိမ့်မည်ဟု ယန်လောင်ရှီ မယုံနိုင်ပါ။ ယဲ့ဖန်၏ လက်သီးက နတ်ဘုရား လက်သီးသဖွယ် မာကြောသန်မာလွန်းသလို ဖျက်ဆီးမရနိုင်ပေ။
ထိုအခိုက်တွင် ယန်လောင်ရှီသည် သူ့ရှေ့မှ ဤလူငယ်က သူတော်စင်သခင်အဆင့် ဖြစ်ကြောင်း နားလည်သွား သည်။
လက်ရှိတွင် ဘေးလူများ၏ အခြေအနေက အလွန် ထူးဆန်းလာပြီး လူတိုင်း ကြက်သေ သေနေသည့်ပုံပင်။ ရယ်သံ၊ ခနဲ့သံနှင့် ကျိန်ဆဲသံများ ပျောက်ကွယ်ကုန်ကာ အံ့ဩသော အမူအရာနှင့် ကြည့်နေကြသည်။
အချိန်အတော်ကြာပြီးနောက် လေလံခန်းမတစ်ခုလုံး၌ လူတိုင်း ပြိုင်တူ ပြောလိုက်သည့် စကားတစ်ခွန်းသာ ပဲ့တင်ထပ်၍ ထွက်ပေါ်လာ၏။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”