ဧကရာဇ် ကျူးလုံ
Vol. 86-89 Ch. 1322
*ရှုံးသွားတယ်*
*ယန်လောင်ရှီ တကယ် ရှုံးသွားတယ်လား*
*ဒါ မယုံနိုင်စရာ ကောင်းလွန်းတယ်၊ ဒီကောင်လေးက တကယ်ပဲ သူတော်စင်သခင်အဆင့်လား*
သူတို့စိတ်ထဲ၌ အပျော်များနှင့် ပြည့်နှက်နေခဲ့သော်လည်း ယခုအခါ၌ ရေအေး လောင်းချခံလိုက်ရသကဲ့သို့ ဖြစ်လာကြသည်။ လူတိုင်း ခေါင်းစခြေဆုံး အေးစက်ကာ ခိုက်ခိုက်တုန်လာ၏။
လက်ရှိတွင် လူတိုင်း ဆန်ခါကဲ့သို့ တုန်ယင်နေကြပြီး လည်ချောင်းထဲမှနေ၍ နှလုံး ခုန်ထွက်လာလေမလားဟု ထင်နေကြသည်။
*ဒီလောက် သန်မာတဲ့ ယန်လောင်ရှီတောင် ယဲ့ဖန်ရဲ့ လက်သီးနဲ့ ထိပ်တိုက်တိုးတော့ ဒဏ်ရာရသွားတယ်လား*
*ငါတို့စိတ်ထဲမှာ ဒဏ္ဍာရီလိုလူဟု သတ်မှတ်ထားခဲ့တဲ့ ဒီလူအိုကြီးက ရှုံးသွားတာလား*
ယန်လောင်ရှီကိုယ်တိုင်လည်း ရှက်ရွံ့သလို ခံစားမိနေ၏။ အထူးသဖြင့် လူအုပ်ကြီး၍ လက်ခုပ်တီး၍ အားပေးသံများက သူ့အတွက် မျက်နှာ ဖြတ်ရိုက်ခံလိုက်ရသလိုပင်။
သူ ယဲ့ဖန်ကို ခွေးတစ်ကောင်အား သတ်သကဲ့သို့ သတ်နိုင်မည်ဟု ယုံကြည်ထားသော်လည်း ယဲ့ဖန်၏ ထိုးနှက်ခြင်းကိုသာ ခံလိုက်ရသည်။ အရှက်တကွဲ ရှုံးနိမ့်၍ အိမ်ပြန်ရပေတော့မည်။
“မင်းက ဘာကောင်လဲ”
ယန်လောင်ရှီ စိတ်မထိန်းနိုင်ဘဲ အော်ဟစ်လိုက်မိသည်။ ဤလူငယ်သည် သေချာပေါက်ကို သာမန်လူ မဟုတ်ပေ။ သူတော်စင်သခင်အဆင့်ဖြစ်သော သူ့အား ယှဉ်တိုက်နိုင်သဖြင့် တစ်ဖက်လူ၏ ခွန်အားကလည်း မသေးပေ။
“သခင်ကြီးယန် ကျုပ် သူ့ကို လူကြီးမင်းယဲ့လို့ ခေါ်ခဲ့တာပဲ၊ ခင်ဗျား အခုထိ မစဉ်းစားမိသေးဘူးလား”
ထိုစဉ် ဟွမ်ထျန်းချန်က လှောင်ရယ်၍ ခနဲ့တဲ့တဲ့ ပြောလိုက်သည်။ ယခင်က သူ ယန်လောင်ရှီကို ဤသို့ မပြောရဲ သော်လည်း ယခု အခြေအနေက မတူတော့ပေ။ အကြောင်းမှာမူ မကြာခင် ယန်လောင်ရှီ သေလူ ဖြစ်တော့မည်ဟု ထင်နေသောကြောင့်ပင်။
“မျိုးရိုးနာမည်က ယဲ့ … မင်းက ယဲ့ဘုရင်လား”
ရုတ်တရက် ယန်လောင်ရှီ မျက်လုံးပြူးသွားပြီး သူ့မျက်လုံးတွင်းမှ ထိတ်လန့်နေသော အရိပ်အယောင်က ပိုပြင်းထန် လာသည်။
ယဲ့ဘုရင်၊ ဤစကားလေးတစ်ခွန်းက လေလံခန်းမတစ်ခုလုံးကို အုတ်အော်သောင်းတင်း ဖြစ်သွားစေ၏။ လူတိုင်း အံ့အားသင့်သော အမူအရာများ ဖြစ်လာကြသည်။
*ငါတို့ရှေ့မှာ ရပ်နေတဲ့လူက တကယ့် ယဲ့ဘုရင်လား*
*ငါတို့က ယဲ့ဘုရင်ကို ဒီလိုမျိုး လှောင်ပြောင်ခဲ့တာလား*
သူတို့အားလုံး အေးစိမ့်လာကြသည်။ မရပ်တန့်နိုင်သော အအေးဓာတ်က ငရဲမှ ထွက်လာသကဲ့သို့ သူတို့၏ ခန္ဓာကိုယ်ကို ဆက်တိုက် လွှမ်းခြုံလာသည်။ သေမင်းကို ခေါ်လိုက်မိသည့် ခံစားချက်မျိုး ရလာကြသည်။ လျှို့ဝှက်ချက် ပေါ်လာလေပြီ။
*ဘာလို့ ဒီလူက အရမ်း ရိုင်းပျခဲ့တာလဲ*
*ဘာလို့ သူက ယန်လောင်ရှီရဲ့ လေလံစံအိမ်မှာ သောင်းကျန်းရဲတာလဲ*
*ဘာလို့ သူက ငါတို့အားလုံးကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်ရဲတာလဲ*
*ဘာကြောင့်လဲဆိုတော့ ငါတို့ရှေ့က ဒီလူက ဒီနေ့ခေတ် အင်ပါယာမှာ ကြောက်စရာ အကောင်းဆုံးလူ ဖြစ်နေခဲ့တာကိုး*
သို့သော် လျှို့ဝှက်ချက် ပေါ်လာသောအခါ အမှန်တရားက သူတို့အားလုံးအတွက် လက်မခံနိုင်လောက်အောင် ဖြစ်လာ၏။
“မဟုတ်ဘူး၊ ဒီလို မဖြစ်သင့်ဘူးလေ၊ ငါ ဘာလို့ ဒီလောက် ကံမကောင်းရတာလဲ၊ ငါ ဒီလို ကံဆိုးနေလို့ မဖြစ်ဘူး၊ ငါ အိပ်မက် မက်နေတာပဲ ဖြစ်မယ်၊ ဒါ အတုကြီး”
လူတစ်ယောက် မျက်ရည်ကျလာပြီး သူ့အတွေးကို မရပ်တန့်နိုင်တော့ချေ။ သူ့အဖြစ်က လူသူကင်းမဲ့သော ပင်လယ်ပြင်၌ လှိုင်းတံပိုးက လှေငယ်အား တဖြည်းဖြည်း တိုက်စားနေသည်ကို ကြည့်နေပြီး သေရမည့်အချိန်ကို ထိုင်စောင့်နေရသည့် အဖြစ်နှင့် တူနေသည်။
“ငါ ဒီမှာ မနေချင်ဘူး၊ ငါ ဒီနတ်ဆိုးနဲ့ တစ်နေရာတည်း မနေချင်ဘူး၊ ငါ အိမ်ပြန်ချင်တယ်၊ ငါ့ကို သွားခွင့်ပေးပါ”
“အရှင်ယဲ့ဘုရင် ကျုပ်ကို မသတ်ပါနဲ့၊ ကျုပ် ခင်ဗျား လိုချင်တာအားလုံး ပေးပါ့မယ်၊ ကျုပ်ကိုသာ မသတ်ပါနဲ့”
“…”
သူတို့အားလုံး ကြောက်လန့်ကာ ဒူးထောက်လာကြပြီး မျက်ရည်ဗလပွနှင့် ယဲ့ဖန် ဆက်တိုက် ဝပ်တွား၍ တောင်းပန် နေကြသည်။ ယခင်ကကဲ့သို့ ရက်စက်မောက်မာခြင်း မပြုနိုင်တော့ချေ။ သူတို့ မူလပုံစံသို့ ပြန်ရောက်သွားသလိုပင်။
သူတို့၏ အဆင့်အတန်းက မည်မျှ မြင့်မြတ်နေပါစေ၊ သူတို့၏ ဩဇာက မည်မျှ ကြီးမားနေပါစေ ဤနတ်ဆိုးနှင့် ရင်ဆိုင်ရလျင် သူတို့၏ မောက်မာသော ခေါင်းများကို ငုံ့၍ အမြီးကုပ်ကာ တောင်းပန်ရန်သာ ရှိပေသည်။
နတ်ဆိုးဧကရာဇ်ရှေ့၌ လူတိုင်းက တန်းတူပင်။ အလယ်ပိုင်း လွင်ပြင် စစ်နတ်ဘုရားကို အနိုင်ယူ၍ မိစ္ဆာမျှော်စင်၏ မျှော်စင်သခင်ကို သတ်ဖြတ်နိုင်ခြင်း၊ ရန်သူနှစ်ယောက်ကို တစ်ယောက်တည်း ရင်ဆိုင်နိုင်သည့်သူက မည်သူမှ မယှဉ်နိုင်သော နေရာ၌ ရှိနေပြီးသား ဖြစ်လေသည်။
ဤကျုံးကျိုး အင်ပါယာ၌ မည်သူက သူ့ကို တိုက်နိုင်သနည်း။ ဤသို့သော မိစ္ဆာကောင်မျိုးနှင့် အဘယ်ကြောင့် သူတို့က တိုက်ခိုက်နိုင်ပါမည်နည်း။
“ဝှစ် ဝှစ်”
ထိုအခိုက်တွင် ယဲ့ဖန်၏ ခန္ဓာကိုယ်မှ ယန်စွမ်းအင်လှိုင်းများ ထွက်ပေါ်လာ၏။ လေလံခန်းမမှ ထွက်ပြေးရန် ကြိုးစားသည့် လူများအားလုံး ထိုစွမ်းအင်လှိုင်း ထိမှန်ပြီး ချက်ချင်း အသတ်ခံလိုက်ရသည်။ နဖူး သို့မဟုတ် နှလုံးတို့မှ သွေးများ စိမ့်ထွက်လာပြီး ဒဏ်ရာမရှိဘဲ သေဆုံးသွားကြသည်။
“ငါ့ခွင့်ပြုချက် မရှိဘဲ ဘယ်သူမှ ထွက်သွားခွင့် မရှိဘူး”
ယဲ့ဖန်က အသံဩဩဖြင့် အော်ဟစ်လိုက်သည်။ သူ့အသံက တောအုပ်ထဲမှ ဒေါသထွက်နေသော ကျားတစ်ကောင် ဟိန်းဟောက်လိုက်သကဲ့သို့ အလွန် ကြောက်စရာ ကောင်းလှသည်။
ထွက်ပြေးရန် ဟန်ပြင်နေသူများ ချက်ချင်း အသိဝင်ကာ ကြောက်လန့်သွားကြသည်။ မျက်နှာက သွေးမရှိသကဲ့သို့ ဖြူရော်လာပြီး ယဲ့ဖန်အား သနားကမား ကြည့်လာလေသည်။
“ယဲ့ဘုရင် ကျွန်တော် ခင်ဗျားမှန်း ကြိုမသိခဲ့လို့ပါ၊ ကျုပ်တို့ ဘာရန်ငြိုးမှ မရှိခဲ့ပါဘူး၊ အဲ့ဒါကြောင့် ဘာမှ လက်စားချေစရာ မလိုပါဘူး၊ ကျုပ်ကို လွှတ်ပေးပါ၊ ကျုပ် ဒီဆေးပင်အားလုံးကို ခင်ဗျားကို ပေးပါ့မယ်”
ယန်လောင်ရှီကလည်း စတင်၍ ကမ်းလှမ်းလာပြီး ကိုယ့်ကိုယ်ကိုယ် နှိမ့်ချလိုက်မိသည်။ သူ့ရှေ့မှ မိစ္ဆာကောင်အား အသေခံ၍ တိုက်မည်ဆိုလျင်တောင်မှ သူ့အတွက် အကျိုးတစ်စက်ကလေးမျှ ရှိမည်မဟုတ်ကြောင်း သူ သိပါသည်။
မျှော်စင်သခင်ကဲ့သို့ မိစ္ဆာအိုကြီးတောင်မှ ဤလူငယ်ထံ၌ ရှုံးသွားခဲ့သဖြင့် သူ့အတွက်လည်း နိုင်နိုင်ချေ ရှိမည် မဟုတ်ပါ။
ဤသို့တွေးမိသူတိုင်း သေရမည်ကို မကြောက်ဘဲ မနေနိုင်တော့ချေ။ သူတော်စင်သခင်အဆင့် ဖြစ်သည့် သူလည်း ထိုနည်းတူပင်။
ထိုစကားကို ကြားသောအခါ ဝမ်လေ့သည် ကြမ်းပြင်ပေါ် ဗိုင်းခနဲ လဲကျသွားပြီး သူ့၏ ဝဖိုင့်နေသော ခန္ဓာကိုယ်က တသိမ့်သိမ့် တုန်လာပြီး အသက်ကို မနည်းရှူနေရသည်။ မောပန်း၍ အသက်မနည်း ရှူနေရချိန်တွင်တော့ သူ သေရတော့မည်ဟု သိနေ၏။
*ဒီလူက ယဲ့ဘုရင် ဖြစ်နေခဲ့တာလား*
*အင်ပါယာကိုတောင် ဆန့်ကျင်ရဲတဲ့ ကြောက်စရာကောင်းတဲ့လူ*
*ငါက သူ့ကို ခဏခဏ ရန်စလိုက်မိတာပဲ*
ငရဲဘုရင်၏ မုတ်ဆိတ်မွေးကို သွားဆွဲမိသည့် အဖြစ်နှင့် တူနေသဖြင့် သူ့အတွက် သေလမ်းသာ ရှိပေတော့သည်။ ဤနတ်ဆိုးနှင့် ရင်ဆိုင်ရသောအခါ ယန်လောင်ရှီတောင်မှ သူ၏ မော်နေသော ခေါင်းကို ညွှတ်ထားရသည်။
ဤသည်မှာ ယဲ့ဖန်၏ လွှမ်းမိုးနိုင်မှုပင်။ သူ၏ စွမ်းဆောင်မှုကြောင့် ဂယက်ရိုက်လာခြင်းပင်။ အံ့ဩဖွယ် ကောင်းလှသည်။
လက်ရှိတွင် ယဲ့ဖန်၏ မျက်နှာက အေးစက်နေပြီး တစ်လုံးချင်း ပြောလိုက်သည်။
“ဒူးထောက်၊ မင်းလက်မောင်းတွေကို ကိုယ်တိုင် ဖြတ်မယ်ဆိုရင် ငါ မင်းကို အသက်ချမ်းသာပေးမယ်”
ထိုစကားကို ကြားသောအခါ လူတိုင်း ချောက်ချားသွားကြသည်။
*ယန်လောင်ရှီကို ဒူးထောက်ခိုင်းတာလား၊ သူတော်စင်သခင်အဆင့်ကို ဒူးထောက်ဖို့ ပြောနေတာလား*
ယဲ့ဖန်က ဤမျှ တရားလွန်လိမ့်မည်ဟု သူတို့ ထင်မထားမိပါ။ ယဲ့ဖန်၌ ပြေလည်ရာ ပြေလည်ကြောင်း ဆွေးနွေးလိုစိတ် မရှိကြောင်း အဓိပ္ပာယ် ဆောင်နေ၏။
ယဲ့ဖန်က ယန်လောင်ရှီနှင့် တိုက်ခိုက်ရန် ဆုံးဖြတ်ထားကြောင်း သူတို့ သိလိုက်သည်။ ဤသည်က သူတို့အတွက် မျှော်လင့်ချက် ရှိသေးသည်ဟု တွေးမိကာ စိတ်လှုပ်ရှားလာကြသည်။
ယန်လောင်ရှီက ယဲ့ဖန်ကို သတ်နိုင်သရွေ့ သူတို့ အသက်ရှင်နိုင်ပေသေးသည်။ သူတို့ မည်မျှ ဆိုးယုတ်ခဲ့ပါစေ ထိုလူနှစ်ယောက် တိုက်ခိုက်နေချိန်၌ သူတို့ ထွက်ပြေးနိုင်သည့် အခွင့်အရေး ရလာနိုင်သည်။
“ဘာ”
ယန်လောင်ရှီ ချက်ချင်း ဒေါကန်လာ၏။ သူသည် သူတော်စင်သခင်အဆင့် တစ်ယောက် ဖြစ်သည်။ သူ့၌ ကြီးမားသော အောင်မြင်မှုများ ရှိပြီး လေးစားခြင်း ခံရသူ ဖြစ်သည်။ ထိုသို့သော လူစားမျိုးဖြစ်သည့် သူ့ကို ဒူးထောက်ခိုင်းသည်တဲ့လား။
“ယဲ့ဖန် မင်း တော်တော် မာန်တက်နေပါလား၊ မင်း တကယ် အသေအကြေ တိုက်ချင်နေတာလား၊ အဲ့အခါကျရင် ဘယ်သူ ရှင်ပြီး ဘယ်သူ သေမလဲ မသိနိုင်ဘူး”
ယန်လောင်ရှီက ဒေါသထွက်ကာ အေးစက်စွာ ခနဲ့လိုက်သည်။
*ဒီမျိုးမစစ်လေးက တော်တော် မောက်မာတာပဲ*
“အသေအကြေတိုက်ပွဲ၊ မင်းနဲ့ ထိုက်တန်လို့လား”
ယဲ့ဖန်က ခြေတစ်ဖက်ကို ဆောင့်လိုက်သောအခါ ကြောက်စရာကောင်းသော လူသတ်လိုသည့် အငွေ့အသက်က ထပ်မံ ပျံ့လွင့်လာ၏။
ယန်လောင်ရှီ တစ်ကိုယ်လုံး အေးစက်သွားပြီး တုန်တုန်ယင်ယင်နှင့် ယဲ့ဖန်အား မယုံနိုင်သလို ကြည့်လိုက်မိသည်။
“မင်း ဒူးမထောက်ရင် သေရမယ်”
ယဲ့ဖန်က အေးတိအေးစက် မာန်မဲလိုက်ပြီး ယန်လောင်ရှီအား စူးစူးရဲရဲ စိုက်ကြည့်ကာ သတိပေးလိုက်သည်။ အထက်စီးဆန်ကာ သန်မာလွန်းသည်။ သူ့ပုံစံက ဧကရာဇ်တစ်ပါးလိုပင်။
လူတိုင်း ယဲ့ဖန်၏ လွှမ်းမိုးနိုင်စွမ်းကို ခံစားမိသည်။ လွန်ခဲ့သော မိနစ်ပိုင်းက မောက်မာဟန်ကို ပြခဲ့ပြီး ယခုအခါ၌ လွှမ်းမိုးနိုင်စွမ်းကို ပြသလာသည်။
ဤသို့သော ခွန်အားနှင့် ယုံကြည်မှုက လူအများအား ကြောက်လန့်သွားစေသည်။ သူ့အမိန့်အား မနာခံလျင် သေရမည်။ မည်သူ ဖြစ်ဖြစ်၊ မည်သည့်အဆင့်ဖြစ်ဖြစ် သေကို သေရပေမည်။
ဟွမ်ထျန်းချန် စိတ်လှုပ်ရှားကာ တုန်ယင်လာ၏။
*ဒါကမှ ဘုရင်အစစ်၊ သူ့နှလုံးသားက ကျားတစ်ကောင်လို ရဲရင့်ပြီး အရာအားလုံးကို ဝါးမျိုနိုင်တယ်*
ဤသည်က အာဏာ၊ အဆင့်အတန်းနှင့် နောက်ခံတို့ဖြင့် မသက်ဆိုင်ပါ။ ဤသို့သော လွှမ်းမိုးနိုင်စွမ်းက လူတစ်ယောက်၏ ကိုယ်ပိုင်အရည်အချင်းနှင့် ယုံကြည်မှုမှ ဆင်းသက်လာခြင်း ဖြစ်သည်။
ဤခွန်အားသည် သူ့ဘဝ၌ တစ်ခါမှ သင်ယူနိုင်မည့်အရာ မဟုတ်ကြောင်း ဟွမ်ထျန်းချန် သိနေသည်။ ဤသည်မှာ သန်မာသော လူတစ်ယောက်၏ ပြိုင်ဘက်ကင်းသော အပြုအမူပင်။
ထိုစကားကြောင့် ယန်လောင်ရှီ၏ မျက်နှာက ပိုသုန်မှုန်လာသည်။ ယဲ့ဖန်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော လူသတ်လိုသည့် အငွေ့အသက်က သူ့အား ဆာလောင်နေသော ကျားတစ်ကောင်သဖွယ် စိုက်ကြည့်နေသည်ဟု ထင်မှတ်ရသည်။
“ယဲ့ဖန် ငါတို့မှာ ဘာရန်ငြိုးမှ မရှိတာကို ဘာလို့ ဒီလို လုပ်ရတာလဲ”
ယန်လောင်ရှီက အသံကို ခပ်ပျော့ပျော့ ပြောလိုက်သော်လည်း မာန်ပါနေသေးသည်။ သို့သော် ယဲ့ဖန်က လှောင်ရယ်၍ ပြန်ပြောလေ၏။
“ငါတို့မှာ ရန်ငြိုးမရှိဘူးလို့ ဘယ်သူ ပြောလဲ”
“ငါတို့မှာ ရန်ငြိုးရှိတာလား”
ယန်လောင်ရှီ ချက်ချင်း သွေးပျက်လာသည်။
*ငါ ဘယ်တုန်းက ဒီနတ်ဆိုးနဲ့ ရန်ငြိုးရန်စ ရှိသွားတာလဲ*
*ဒီနေ့မှ ငါတို့ ပထမဆုံး တွေ့ဖူးတာ မဟုတ်ဘူးလား*
“စင်ပေါ်မှာ တိရစ္ဆာန်လို အချည်ခံထားရတဲ့ နီညိုရောင် စစ်သားက ဘယ်သူလဲ မင်း သိလား”
ယဲ့ဖန်က ချက်ချင်း စင်ပေါ်မှ ထျဲမူထားကို လက်ညှိုးထိုး၍ တစ်လုံးချင်း ပြောလိုက်သည်။ ယန်လောင်ရှီက တစ်ခုခုကို သတိထားမိသွားပြီး စင်ပေါ်မှ ထျဲမူထားကို မယုံနိုင်သလို လှမ်းကြည့်လိုက်မိသည်။
သို့သော် ထျဲမူထားက သူ့ကို ထီမထင်သလို ကြည့်နေသည်ကို တွေ့လိုက်ရသည်။ အရိုက်ခံရသော ကလေးက သူ့မိဘ ရောက်လာသည်ကို မြင်ပြီး မာန်တက်နေသော ပုံစံ ဖြစ်နေ၏။
*ငါ့ဧကရာဇ်*
ယန်လောင်ရှီက ထျဲမူထား ပြောခဲ့သော စကားကို ရုတ်တရက် ပြန်အမှတ်ရသွားသည်။ သို့ရာတွင် ထျဲမူထား ပြောသည့်လူက ယဲ့ဖန် ဖြစ်နေလိမ့်မည်ဟု မျှော်လင့်မထားမိပါ။
*ငါ့ဧကရာဇ်တဲ့၊ ယဲ့ဘုရင်ကို ပြောတာလား*
*ယဲ့ဖန်က အဲ့လူလား*
ချက်ချင်းဆိုသလိုပင် ယန်လောင်ရှီက ယဲ့ဖန်အား မယုံနိုင်ဘဲ သွေးပျက်သော မျက်လုံးဖြင့် ပြန်ကြည့်လာမိပြီး တစ်ကိုယ်လုံး တုန်ယင်ကာ ဆက်တိုက် ခေါင်းခါမိသည်။
“မဖြစ်နိုင်ဘူး ဒါ လုံးဝ မဖြစ်နိုင်ဘူး၊ ဒါ အမှန် မဟုတ်ဘူး၊ ဘယ်လိုလုပ် မင်းက သူ ဖြစ်နိုင်မှာလဲ”
ထိုလူသည် တစ်လောကလုံး၌ ပြိုင်စံရှား ဖြစ်ပြီး သူရဲကောင်းများစွာ၏ စံပြပုဂ္ဂိုလ် ဖြစ်ကာ ထာဝရ ဧကရာဇ်ဟု ကျော်ကြားလေသည်။
သူတို့က သူ့ကို မည်သို့ ခေါ်ဝေါ်သနည်း။ ချင်ဧကရာဇ်၊ ဘုရင်တို့၏ ဘုရင်၊ မဟာဧကရာဇ် ကျူးလုံ။ ထိုပုဂ္ဂိုလ် မြင်သည့် အရာအားလုံးက သူ၏ နယ်မြေ ဖြစ်သည်။ သူ၏ အရှိန်အဝါအောက်၌ သိုင်းပညာရှင်များ ဒူးထောက် ရသည်။
တစ်ချိန်က အသန်မာဆုံး ဧကရာဇ်အဖြစ် ကျော်ကြားပြီး သူ့ခေတ်တစ်လျှောက်၌ မည်သူမှ သူ့ကို မယှဉ်နိုင်ပေ။ သူ့ဘဝတစ်ခုလုံး၌ ထာဝရ အသက်ရှည်ခြင်းကို လိုက်စားခဲ့သော်လည်း သူ့ဆန္ဒ မပြည့်ဝခဲ့ပါ။ သူ မသေခင်၌ သူ စကားတစ်ခွန်း ချန်ထားခဲ့သည်။
“ငါ မသေခဲ့ရင် တစ်လောကလုံး ငါ့ခြေထောက်အောက်မှ ဝပ်တွားရမယ်”
ယနေ့ခေတ်အထိ မည်သူမှ ကျူးလုံဧကရာဇ်ကို မမေ့ကြပါ။ အတိတ်အခါက နိုင်ငံများသည် သူ၏ သိမ်းပိုက်ခြင်း ခံရမည်ကို စိုးရွံ့ကြသလို သူ့လက်အောက်ငယ်သားများကိုလည်း ကြောက်လန့်ကြသည်။
သူ သေသွားပြီးနောက်ပိုင်းတောင်မှ သန်းချီသော သိုင်းပညာရှင်များသည် သူနှင့်အတူ လိုက်ပါ မြှုပ်နှံခံရရန် လိုလား ကြလေသည်။
မဟာဧကရာဇ် ကျူးလုံ နတ်ရွာစံသွားသည့်နေ့၌ အရပ်ဘက်၌ စစ်ဘက်ဆိုင်ရာ အရာရှိများသည် ညီလာခံ၌ ရင်ကွဲ၍ သွေးအန်သည်အထိ ငိုကြွေးခဲ့သည်။
မဟာဧကရာဇ် ကျူးလုံသည် သူ့သက်တမ်းတစ်လျှောက် ပြိုင်ဘက်ကင်းကာ တစ်ခါမှ မရှုံးဖူးပေ။ သူသည် ကံကြမ္မာကိုသာ ရှုံးနိမ့်ခဲ့သည်။ သို့သော် သူ၏ ဂုဏ်သိက္ခာက ထည်ဝါ၍ တစ်လောကလုံး လေးစားကြသည်။
သန်းချီသော သိုင်းပညာရှင်များက သူ့နှင့်အတူ လိုက်သေရန် လိုလားသည်က သူ၏ ခွန်အားအပြင် သူ၏ လွှမ်းမိုးနိုင်စွမ်းက ကြောက်မက်ဖွယ်ကောင်းလောက်အောင် ကြီးမားကြောင်း ပေါ်လွင်နေ၏။
သူသည် နတ်ဘုရားတစ်ပါးလိုပင်။ ထိုပုဂ္ဂိုလ်၏ ဒဏ္ဍာရီ၊ သူ၏ ကြီးမြတ်မှုအကြောင်း ပြောရလျင် ရက်အနည်းငယ် လောက်နှင့် ပြောကုန်မည် မဟုတ်ပါ။ တစ်လောကလုံး သူ့ကို အံ့ဩလေးစားကြရုံသာ ရှိပေသည်။
ယန်လောင်ရှီကဲ့သို့သော လူမျိုးတောင်မှ မဟာဧကရာဇ် ကျူးလုံအကြောင်း တွေးမိလာလျင် နှိမ့်ချအညံ့ခံ ရပေသည်။
သို့သော် ယခုအခါ၌ ထျဲမူထားက သူ့ရှေ့မှလူက မဟာဧကရာဇ် ကျူးလုံပါဟု ပြောလာသဖြင့် သူ မည်သို့ လက်ခံနိုင်ပါမည်နည်း။