အခန်း (၅၄၃-၅၄၄)
Vol. 39 Ch. 543-544
အခန်း ၅၄၃ - ဘေးဒုက္ခကို လွယ်ကူစွာ ကျော်ဖြတ်ခြင်း၊ အဆင့် ၅ အခွင့်အရေးကို ရရှိခြင်း
"သန်းခေါင်ယံ အချိန်မှာ တောင်ကိုးလုံးကို ရောက်ချင်တယ် ဆိုရင်တော့ အင်းတစ်သောင်း မြို့ကနေ အခုချက်ချင်း ထွက်ခွာတာ ပိုကောင်းမယ်။"
ကျန်းဖန်သည် မျက်လုံးများကို မှေးကျဉ်းလိုက်၏။
အင်းတစ်သောင်းမြို့တွင် အချိန်အတိုင်းအတာ တစ်ခုအထိ နေထိုင်ခဲ့ပြီး ဖြစ်သဖြင့် ပတ်ဝန်းကျင် ပထဝီဝင် အနေအထားကို သူ အတော်လေး သိရှိနေခဲ့ပြီ ဖြစ်သည်။
တောင်ကိုးလုံးဟု ခေါ်ဆိုသော နေရာမှာ အင်းတစ်သောင်း မြို့၏ အရှေ့တောင်ဘက် ကီလိုမီတာ တစ်ထောင်ကျော် အကွာတွင် တည်ရှိသော တောင်တစ်လုံးပင် ဖြစ်၏။
လက်ရှိ သူ၏ အမြန်နှုန်းဖြင့် ဆိုပါက ထိုနေရာသို့ ရောက်ရှိရန် အချိန် အများကြီး ယူရမည် မဟုတ်ချေ။
သို့သော် ဘေးဒုက္ခကြီးမှာ ဆိုက်ရောက်တော့မည် ဖြစ်ရာ အင်းတစ်သောင်း မြို့တွင် သူ ဆက်နေရန် မလိုအပ်တော့ချေ။
တတ်နိုင်သမျှ အဝေးဆုံးသို့ ထွက်ပြေးခြင်းက အကောင်းဆုံး ဖြစ်သည်။
သူ၏ နောက်ထပ် ခရီးပန်းတိုင်က ဘယ်နေရာ ဖြစ်သင့်သနည်း ဆိုသည်ကိုမူ ဤ ဧရာမ ဘေးအန္တရာယ်ကြီးမှ လုံးလုံးလျားလျား လွတ်မြောက်သွားပြီးမှသာ သူ ဆက်လက် စဉ်းစားနိုင်လိမ့်မည်။
ထို့အပြင် ကောင်းကင် လျှို့ဝှက်ချက် စံအိမ်တော်မှ အတွင်းတပည့် ဖြစ်သူ ယန်ယွီ ဆိုသူလည်း ရှိနေသေး၏။ အခုလောလောဆယ်တွင် ထိုသူ၏ ရည်ရွယ်ချက်များက ဘာလဲဆိုသည်ကို သူ ဂရုမစိုက်ချင်သေးပေ။ ဤ ကြီးမားသော ဘေးဒုက္ခကြီးမှ လွတ်မြောက်ပြီးမှသာ သူ ထည့်တွက် စဉ်းစားမည် ဖြစ်၏။
"ယောက်ျား။"
"စီနီယာ။"
ဤအခိုက်အတန့်တွင်၊ စုဝေဝေ နှင့် လုယိုယိုတို့ နှစ်ဦးစလုံး အပြင်ဘက်မှ ပြန်ရောက်လာကြသည်။
ကျန်းဖန်၏ ပုံရိပ်ကို မြင်တွေ့လိုက်ရချိန်တွင် သူတို့ အလွန်အမင်း ဝမ်းသာပီတိ ဖြစ်သွားကြ၏။
မည်သို့ဆိုစေ ကျန်းဖန်သည် ယခင်က အမှတ် ၅ လျှို့ဝှက် နယ်မြေတွင် တစ်နှစ် တိတိ နေထိုင်ခဲ့ပြီး ယခုမှ ပြန်ရောက်လာခြင်း ဖြစ်သည်။
"အင်း မင်းတို့ ပြန်လာတာ အချိန်ကိုက်ပဲ။ ငါတို့ အင်းတစ်သောင်းမြို့ကနေ ထွက်ခွာကြမယ်။"
ကျန်းဖန်က အနည်းငယ် ပြုံးကာ အမျိုးသမီး နှစ်ဦးကို ပြောလိုက်သည်။
အင်းတစ်သောင်းမြို့ကနေ ထွက်ခွာမယ် ဟုတ်လား။
ဤသည်ကို ကြားလိုက်ရချိန်တွင် စုဝေဝေ နှင့် လုယိုယိုတို့သည် သူတို့၏ လှပသော မျက်တောင်လေးများကို တဖျပ်ဖျပ် ခတ်လိုက်ကြ၏။
ဆုံးဖြတ်ချက်မှာ ရုတ်ချည်းဆန်လွန်းသည်ဟု ခံစားရသော်ငြားလည်း ၎င်းမှာ ဤအမျိုးသား၏ ဆုံးဖြတ်ချက် ဖြစ်သဖြင့် သူတို့တွင် မည်သည့် ကန့်ကွက်မှုမျှ မရှိခဲ့ချေ။
ဝှစ်။
မျက်တောင်တစ်ခတ် အတွင်းမှာပင် ကျန်းဖန်သည် သူ၏ လက်ကြီးကို ဝှေ့ယမ်းလိုက်ပြီး စုဝေဝေ၊ လုယိုယို နှင့် ယွမ်ဟုန်မင်တို့ သုံးဦးစလုံးကို သူ့ခရီးတွင် ခေါ်ဆောင်သွားရန် ရည်ရွယ်ချက်ဖြင့် အလွန်ကောင်းမွန်သော မျှော်စင်၏ အတွင်းကမ္ဘာထဲသို့ ချက်ချင်း ထည့်သွင်းလိုက်၏။
မည်သို့ဖြစ်စေ ရွှေအမြုတေ လွတ်လပ်သော ကျင့်ကြံသူ ယွမ်ဟုန်မင်သာ အင်းတစ်သောင်းမြို့တွင် ဆက်နေမည် ဆိုပါက၊ သူသည်လည်း ဘေးဒုက္ခတွင် သေဆုံးသွားနိုင်ပေသည်။
ဤသူမှာ သူ၏ သစ္စာရှိသော လက်အောက်ငယ်သား တစ်ဦး ဟု သတ်မှတ်၍ ရနိုင်သဖြင့်၊ သူ သေဆုံးသွားမည်ကို သေချာပေါက် လက်ပိုက် ကြည့်မနေနိုင်ချေ။
ထို့အပြင် ယွမ်ဟုန်မင်သည် အရှေ့ပိုင်း တိုက်ကြီး၏ ဒေသခံ ကျင့်ကြံသူ တစ်ဦး ဖြစ်သဖြင့် ဤ ဒေသ နှင့် အလွန်အမင်း ရင်းနှီးကျွမ်းဝင်နေ၏။
ဤကောင်လေးကို ခေါ်ဆောင်သွားခြင်းက အနာဂတ်တွင် အရှေ့ပိုင်း တိုက်ကြီး၌ သူ အခြေချ ရပ်တည်ရန် အတွက် အသုံးဝင်ပေလိမ့်မည်။
နောက်တစ်စက္ကန့်တွင် ကျန်းဖန်သည် ရွှေအမြုတေ စံအိမ်မှ ထွက်ခွာခဲ့ပြီး အင်းတစ်သောင်းမြို့မှ လျင်မြန်စွာ ထွက်ခွာကာ တောင်ကိုးလုံးသို့ ဦးတည် ပျံသန်းသွားခဲ့တော့၏။
......
သို့သော် ကျန်းဖန် ရွှေအမြုတေ စံအိမ်မှ ထွက်ခွာသွားသည်နှင့် တစ်ပြိုင်နက် တစ်စုံတစ်ယောက်က သူ၏ တည်ရှိမှုကို စောစီးစွာကတည်းက သတိပြုမိသွားခဲ့၏။ ထို့နောက် သူသည် ကောင်းကင် လျှို့ဝှက်ချက် စံအိမ်တော်မှ အတွင်းတပည့် ယန်ယွီကို အသိပေးရန် အတွက် လျင်မြန်စွာ သတင်းစကား ပေးပို့လိုက်၏။
"စီနီယာ အစ်ကို ယန်၊ သူစိမ်း ရွှေအမြုတေ ကျင့်ကြံသူ တစ်ယောက် စံအိမ်ထဲကနေ ရုတ်တရက် ထွက်သွားတယ်လို့ သူလျှို တစ်ယောက်က အခုလေးတင် သတင်းပို့လာတယ်။"
"အဲဒီသူက ဟို အမျိုးသမီး ကျင့်ကြံသူတွေရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ယောက်ျား ဖြစ်ဖို့ အများဆုံးပဲ။"
"ဒီလောက် အချိန်အကြာကြီး နောက်ယောင်ခံ လိုက်နေရပြီးတဲ့နောက်မှာ နောက်ဆုံးတော့ ဒီကောင်လေး ထွက်လာပြီပဲ။"
ကောင်းကင် လျှို့ဝှက်ချက် စံအိမ်တော်မှ ကျင့်ကြံသူ တစ်ဦးက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။
"အာ ဒီလောက်တောင် အချိန်အကြာကြီး စောင့်လိုက်ရတယ်။ နောက်ဆုံးတော့ ပေါ်လာပြီပေါ့လေ။ ကောင်းတာပေါ့။"
အတွင်းတပည့် ယန်ယွီ၏ မျက်လုံးများတွင် အေးစက်သော အရိပ်အယောင် အနည်းငယ် ထွက်ပေါ်လာ၏။ ထို့နောက် လျှို့ဝှက်ဆန်းကြယ်သော ရောင်ဝါ တစ်ရပ်သည် သူ့ အပေါ်သို့ လွှမ်းခြုံသွားသည်။ သူ၏ မျက်ဆန်များထဲတွင် နားလည်ရခက်သော အင်းကွက်များ ဝဲဂယက်ရိုက်နေပုံ ရပြီး၊ လျှို့ဝှက်ချက် အများအပြားကို ဖောက်ထွင်း မြင်နိုင်သကဲ့သို့ပင် ဖြစ်၏။
"စီနီယာ အစ်ကို ယန်၊ သူက လွတ်လပ်သော ကျင့်ကြံသူ တစ်ယောက် သက်သက်ပဲလေ။ ဘာလို့ ဒီလောက်တောင် အပင်ပန်းခံ နေရတာလဲ။"
ကောင်းကင် လျှို့ဝှက်ချက် စံအိမ်တော်မှ အဖြူရောင် ဝတ်စုံဝတ် ကျင့်ကြံသူက သိချင်စိတ်ဖြင့် မေးလိုက်၏။ တစ်ခါမှတောင် မဆုံဖူးဘဲလျက် သူ၏ စီနီယာ အစ်ကိုက ဤ လွတ်လပ်သော ကျင့်ကြံသူကို အဘယ်ကြောင့် နောက်ယောင်ခံ လိုက်နေသနည်း ဆိုသည်ကို သူ နားမလည်ခဲ့ချေ။ အားလုံးမှာ တကယ်ကို ယုံကြည်နိုင်စရာ မရှိလောက်အောင်ပင် ဖြစ်၏။
"မှန်တာပေါ့ကွာ၊ ပုံမှန် အခြေအနေ မျိုးမှာဆိုရင်တော့ သာမန် လွတ်လပ်သော ကျင့်ကြံသူ တစ်ယောက်က ငါ့ရဲ့ အာရုံစိုက်မှုကို ရနိုင်မှာ မဟုတ်ဘူးပေါ့။"
"ဒါပေမယ့် ငါ့ အဖေဆီကနေ အဆင့် ၄ အင်းတစ်ခု ဖြစ်တဲ့ ကောင်းကင် လျှို့ဝှက်ချက် အင်းကို ငါ အရင်က ရရှိထားခဲ့တယ်။"
"ကောင်းကင် လျှို့ဝှက်ချက် အင်းရဲ့ နာမည်ကို မင်းလည်း သိထားမယ်လို့ ငါ ယုံတယ်။"
ယန်ယွီ က တည်ကြည်လေးနက်သော အသံဖြင့် ပြောလိုက်၏။
"သေချာတာပေါ့၊ ကျွန်တော် သိပါတယ်။"
"ကောင်းကင် လျှို့ဝှက်ချက် အင်းဟာ ကောင်းကင် ရဲ့ လျှို့ဝှက်ချက်တွေကို ခွဲခြား သိမြင်နိုင်ပြီး အခွင့်အရေးတွေကို ရှာဖွေနိုင်တယ်လို့ ပြောကြတဲ့၊ ကျွန်တော်တို့ ကောင်းကင် လျှို့ဝှက်ချက် စံအိမ်တော်ရဲ့ နာမည်ကြီး အင်းတစ်ခုလေ။"
"ယွမ်ယင်း အကြီးအကဲ အနည်းငယ်နဲ့ ဟွာရှန် ဘိုးဘေးတွေကလွဲရင် ကျန်တဲ့သူတွေက အဲဒါကို မသန့်စင်နိုင် မဖန်တီးနိုင်ကြဘူး။ သူ့ရဲ့ ရှားပါးမှုက စိတ်ကူးယဉ် တွေးတောနိုင်စွမ်းထက်တောင် ကျော်လွန်နေသေးတယ်။"
"ကောင်းကင် လျှို့ဝှက်ချက် အင်းကို ပိုင်ဆိုင်ထားခြင်းက အနီးအနားမှာ ရှိတဲ့ အခွင့်အရေး အများအပြားကို အာရုံခံနိုင်စေပြီး ရတနာတွေကို ရှာဖွေရာမှာ အထောက်အကူ ဖြစ်စေတယ်လို့ ဆိုကြတယ်။"
"အတိတ်တုန်းက ငါတို့ ကောင်းကင် လျှို့ဝှက်ချက် စံအိမ်တော်က များစွာသော နောင်တော်ကြီးတွေက ကောင်းကင် လျှို့ဝှက်ချက် အင်းရဲ့ စွမ်းအားကို အသုံးပြုပြီး အခွင့်အရေးတွေ အများကြီးကို ရရှိခဲ့ကြတယ်၊ အဲဒီအတွက်ကြောင့်ပဲ ကောင်းကင်ယံ အထိ မြင့်တက်သွားခဲ့ကြတာ။"
အဖြူရောင် ဝတ်စုံဝတ် ကျင့်ကြံသူက ကြီးမားသော လေးစား အားကျမှုများဖြင့် အော်ဟစ်လိုက်၏။
သူသည် ယန်ယွီကို မနာလို ဝန်တိုမှုများဖြင့် ကြည့်လိုက်သည်။ ဤ ကျီးစားမည့် ဒုတိယ မျိုးဆက် နတ်အမတသည် အမှန်တကယ်ပင် အလွန်အမင်း ချမ်းသာ ကြွယ်ဝလှပေသည်။
သူသည် သာမန်ထက် ထူးကဲစွာ ပါရမီ ပါသော်ငြားလည်း ဤကဲ့သို့သော ဒုတိယ မျိုးဆက် နတ်အမတ တစ်ဦးကို သူ မယှဉ်ပြိုင်နိုင်ခဲ့ချေ။
သို့သော် ၎င်းမှာ ရှောင်လွှဲ၍ မရနိုင်ပေ။
မည်သို့ဆိုစေ ဤကောင်လေး၏ အဖေမှာ ယွမ်ယင်း အကြီးအကဲ တစ်ဦး ဖြစ်နေ၏။
ထို့အပြင် သူသည် ကလေးဘဝကတည်းက အဆုံးအစမရှိ အလိုလိုက် ခံခဲ့ရသည်ဖြစ်ရာ လေ နှင့် မိုးကိုတောင် အမိန့်ပေးနိုင်သကဲ့သို့ပင်။
"မင်းက ကောင်းကင် လျှို့ဝှက်ချက် အင်းရဲ့ စွမ်းအားကို သိထားတဲ့ပုံပဲ။"
"အရင်က အဲဒါကနေ တစ်ဆင့် အခွင့်အရေးတွေ နဲ့ ရတနာတွေ အများကြီးကို ငါ ရရှိခဲ့ဖူးတယ်။"
"ဒါပေမယ့် အဲဒီလို ဖြစ်နေရင်တောင်မှ သူ့ရဲ့ စွမ်းအား တစ်စိတ်တစ်ပိုင်းကိုပဲ ငါ သုံးစွဲပစ်ရသေးတယ်။"
"ဒါပေမယ့် စောစောက လမ်းမပေါ်မှာ အဲဒီ အမျိုးသမီး ကျင့်ကြံသူ နှစ်ယောက် နဲ့ ဆုံတွေ့လိုက်ရချိန်မှာ ကောင်းကင် လျှို့ဝှက်ချက် အင်း ရဲ့ စွမ်းအားက ရုတ်တရက် ပေါက်ကွဲ ထွက်လာခဲ့တယ်။"
"အဲဒါက အင်း ရဲ့ စွမ်းအား အားလုံးနီးပါးကို စုပ်ယူပစ်လိုက်သလိုပဲ။"
"အစတုန်းကတော့ အခွင့်အရေးက အဲဒီ အမျိုးသမီး ကျင့်ကြံသူ နှစ်ယောက်ဆီမှာ ရှိတယ်လို့ ငါ ထင်မှတ်ထားခဲ့တာ။ ဒါပေမယ့် သေချာ စုံစမ်း စစ်ဆေးပြီးတဲ့ နောက်မှာတော့ သူတို့ဆီမှာ အခွင့်အရေး မရှိဘူး ဆိုတာ ငါ သိလိုက်ရတယ်၊ အဲဒါက အဲဒီ ရွှေအမြုတေ လွတ်လပ်သော ကျင့်ကြံသူဆီမှာ သေချာပေါက် ရှိရမယ်။"
ယန်ယွီ၏ မျက်လုံးများတွင် လောဘကြီးသော အရိပ်အယောင်များ ထွက်ပေါ်လာခဲ့၏။
ကောင်းကင် လျှို့ဝှက်ချက်အင်း ဤမျှ ပြင်းထန်စွာ တုံ့ပြန်သည်ကို သူ ဘယ်သောအခါကမျှ မမြင်တွေ့ခဲ့ဖူးချေ။
ရွှေအမြုတေ လွတ်လပ်သော ကျင့်ကြံသူထံရှိ အခွင့်အရေးမှာ စိတ်ကူးယဉ်၍ပင် မရနိုင်လောက်အောင် ကြီးမား အရေးပါရမည် ဖြစ်ကြောင်း သူ အပြည့်အဝ စိတ်ကူးကြည့်နိုင်ပေသည်။
အကယ်၍ ၎င်းကို လုယူရန် သူ လှုပ်ရှားနိုင်မည်ဆိုပါက သာမန်ထက် ထူးကဲသော ရတနာများကို သူ သေချာပေါက် ရရှိမည် ဖြစ်၏။
"ဪ ဒါကြောင့် မင်းက အဲဒီ အမျိုးသမီး ကျင့်ကြံသူ နှစ်ယောက်ကို သောင့်ကြည့်နေခဲ့တာကိုး။ အဲဒီ ရွှေအမြုတေ လွတ်လပ်သော ကျင့်ကြံသူကို ချောချောမွေ့မွေ့ ရှာတွေ့နိုင်ဖို့ ကြိုးစားနေတာပဲ ဖြစ်ရမယ်။"
"ဒါပေမယ့် အဲဒီလို ဖြစ်နေရင်တောင်မှ ဒီ ရွှေအမြုတေ လွတ်လပ်သော ကျင့်ကြံသူက သာမန် မဟုတ်ဘူးနော်။"
"ငါတို့ လူအနည်းငယ်လောက်ကိုပဲ အားကိုးပြီး သူ့ကို အနိုင်ယူနိုင်ဖို့ ဆိုတာ မဖြစ်နိုင်ဘူး။"
"ဆက်သွယ်ရေး အင်း တစ်ခုကို အသုံးပြုပြီး မင်း အဖေကိုပါ ဘာလို့ ဆွဲမထည့်ရတာတုန်း"
သူတို့ နှစ်ဦး သုံးဦးခန့်ဖြင့် ဤ ရွှေအမြုတေ လွတ်လပ်သော ကျင့်ကြံသူကို ကိုင်တွယ် ဖြေရှင်းရန်မှာ အနည်းငယ် အန္တရာယ်များလိမ့်မည်ဟု အဖြူရောင် ဝတ်စုံဝတ် ကျင့်ကြံသူက ခံစားလိုက်ရ၏။
……..
အခန်း ၅၄၄ - ဘေးဒုက္ခကို လွယ်ကူစွာ ကျော်ဖြတ်ခြင်း၊ အဆင့် (၅) အခွင့်အရေးကို ရရှိခြင်း (၂)
သူတို့သည် ကောင်းကင် လျှို့ဝှက်ချက် စံအိမ်တော်မှ အတွင်းတပည့်များ ဖြစ်ကြသော်ငြားလည်း လွတ်လပ်သော နောက်ခံ ရှိသည့် ရွှေအမြုတေ လွတ်လပ်သော ကျင့်ကြံသူများ အနေဖြင့် မည်မျှအထိ ရက်စက်ကြမ်းကြုတ်နိုင်ကြောင်းနှင့် လှည့်ကွက်ပေါင်း မည်မျှ ပိုင်ဆိုင်ထားကြောင်းကိုမူ သိနိုင်မည် မဟုတ်ချေ။
“တကယ်လို့များ ကျွန်တော်တို့ ပေါ့ပေါ့တန်တန် လှုပ်ရှားမိမယ်ဆိုရင် ကောင်းကောင်း အဆုံးသတမဟုတ်ဘူးနော်။
ရိုးရိုးသားသား ပြောရရင် လုံးဝ အပြစ်အနာအဆာ ကင်းတဲ့ အစီအစဉ်ဆိုတာ ယွမ်ယင်း ကျင့်ကြံသူ တစ်ယောက်ကို လှုပ်ရှားခိုင်းတာပဲ။ အဲဒါက တကယ်ကို လုံခြုံစိတ်ချရဆုံး ဖြစ်လိမ့်မယ်။
ဘာပဲဖြစ်ဖြစ် မင်း အဖေက ယွမ်ယင်း ကျင့်ကြံသူ တစ်ယောက်ဆိုတော့ လှုပ်ရှားဖို့ ယွမ်ယင်း တစ်ယောက်ကို ဖိတ်ခေါ်တာက သိပ်ပြီး ကြီးမားတဲ့ ပြဿနာ တစ်ခု ဖြစ်မှာ မဟုတ်ဘူးလေကွာ။”
"ငါ့ အဖေကို လှုပ်ရှားဖို့ ဖိတ်ခေါ်ချင်ပေမယ့် ငါ့ အဖေက တခြား ကိစ္စတွေ ရှိနေလို့ လောလောဆယ် အင်းတစ်သောင်း မြို့ကို မလာနိုင်ဘူးကွ။ တခြား ယွမ်ယင်း တစ်ယောက်ကို ဖိတ်ခေါ်မယ် ဆိုရင်လည်း ငါ စိတ်ချရမှာ မဟုတ်ဘူး။"
"ဒါကြောင့် သေချာစဉ်းစားကြည့်ပြီးတော့ ကိုယ်တိုင်ကိုယ်ကျ လှုပ်ရှားတာက ပိုကောင်းမယ်လို့ ခံစားရတယ်။"
"ဒီလို သာမန် ရွှေအမြုတေ လွတ်လပ်သော ကျင့်ကြံသူ တစ်ယောက်လေးကိုများကွာ။ ငါတို့ သုံးယောက် ပေါင်းရင် သိပ်ပြီး ပြဿနာ မရှိလောက်ပါဘူး။"
"အကယ်၍ အဲဒီကောင်ရဲ့ စွမ်းအားက စိတ်ကူးယဉ် တွေးတောနိုင်စွမ်းထက် ကျော်လွန်နေတယ် ဆိုရင်တောင်မှ၊ ငါတို့ရဲ့ နည်းလမ်းတွေနဲ့ဆိုရင်၊ ငါတို့ လုံလုံခြုံခြုံ ဆုတ်ခွာနိုင်ဖို့ အခွင့်အရေးက အတော်များပါတယ်။"
ယန်ယွီက တည်ကြည်လေးနက်စွာ ပြောလိုက်၏။
"မှန်တယ်"
အဖြူရောင် ဝတ်စုံဝတ် ကျင့်ကြံသူသည် ခေါင်းမညိတ်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့၏။ ထို ရွှေအမြုတေ လွတ်လပ်သော ကျင့်ကြံသူ၏ စွမ်းအားသည် စိတ်ကူးယဉ်၍ မရနိုင်လောက်အောင် ဖြစ်နေခဲ့မည် ဆိုလျှင်တောင်မှ ဟွာရှန် သန့်ရှင်းသော မြေမြတ်မဟာမှ အတွင်းတပည့်များ အနေဖြင့် သူတို့သည် တစ်ဖက်လူ၏ လက်ချက်ဖြင့် သေဆုံးသွားရန် မဖြစ်နိုင်ချေ။
ထို့ကြောင့် ဤတစ်ကြိမ် လှုပ်ရှားရာတွင် အပြစ်အနာအဆာ ကင်းရန် လိုအပ်ပေသည်။
"ဒီလိုဆိုမှတော့ စကားတွေ ထပ်ပြောမနေတော့ဘူး"
"အဲဒီကောင်ရဲ့ ပုံစံကို ကြည့်ရတာ၊ သူက အင်းတစ်သောင်း မြို့ကနေ ထွက်ခွာဖို့ စီစဉ်နေတဲ့ ပုံပဲ။"
"အကယ်၍ ဒီ အခွင့်အရေးကို ငါတို့ လက်လွတ်ခံလိုက်ရရင် သူ့ကို ဘယ်အချိန်မှ ပြန်တွေ့ရမလဲ ဆိုတာ ဘယ်သူ သိနိုင်မှာလဲ။"
"ချက်ချင်းပဲ လိုက်သွားပြီး အခွင့်အရေးကို လုယူကြစို့။"
ယန်ယွီက သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်များဖြင့် ပြောလိုက်၏။
…
အချိန်များ လျင်မြန်စွာ ကုန်လွန်သွားခဲ့ပြီး များမကြာမီတွင် ညနက်ပိုင်းသို့ ရောက်ရှိလာခဲ့သည်။
ကျန်းဖန်သည် အင်းတစ်သောင်း မြို့မှ ထွက်ခွာပြီးနောက် သူသည် တစ်လမ်းလုံး ပျံသန်းလာခဲ့ပြီး နိမိတ်ဖတ်အင်းက ညွှန်ပြထားသည့်အတိုင်း တောင်ကိုးလုံးသို့ မကြာမီ ရောက်ရှိလာခဲ့၏။
ဝုန်း ဒိုင်း~~
ဤအခိုက်အတန့်တွင် သူ၏ ဝိညာဉ်အာရုံသည် အရပ်မျက်နှာ အနှံ့အပြားသို့ ပြန့်နှံ့သွားပြီး ပတ်ဝန်းကျင် ကီလိုမီတာ ရာပေါင်းများစွာကို လွှမ်းခြုံသွားခဲ့သည်။
အာရုံမခံမိလျှင် အဆင်ပြေသော်ငြားလည်း အာရုံခံမိလိုက်သည်နှင့် သူ လန့်နိုးသွားခဲ့၏။
"ဟင်။ ဘာလို့ ဒီနေရာမှာ ရွှေအမြုတေ မိစ္ဆာ ကျင့်ကြံသူတွေ ဒီလောက်တောင် များနေရတာလဲ။"
ကျန်းဖန် သူ၏ မျက်လုံးများကို တဖျပ်ဖျပ် ခတ်လိုက်သည်။
သူ၏ ဝိညာဉ်အာရုံ မှတစ်ဆင့်၊ တောင်ကိုးလုံး း၏ လိုဏ်ဂူတစ်ခု အတွင်း၌၊ ရွှေအမြုတေ မိစ္ဆာ ကျင့်ကြံသူ ဒါဇင်နှင့်ချီ ပုန်းအောင်းနေကြသည်ကို သူ မမျှော်လင့်ဘဲ တွေ့ရှိလိုက်ရ၏။
ဤ လိုဏ်ဂူသည် မိစ္ဆာတွင်း တစ်ခု နှင့် တူညီလှပြီး၊ အတွင်း၌လည်း သိပ်သည်းလှသော မိစ္ဆာ ချီများဖြင့် ပြည့်နှက်နေခဲ့သည်။
ရိုးရိုးသားသား ဆိုရလျှင် ဤ တောင်တွင် မိစ္ဆာ ကျင့်ကြံသူများကို ယခုလောက် အများကြီး ကြုံတွေ့ရလိမ့်မည်ဟု သူ ဘယ်သောအခါကမျှ မမျှော်လင့်ထားခဲ့ချေ။
"ဒီနေရာမှာ အဆင့် ၅ အခွင့်အရေး တစ်ခု ရှိတယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား။ အဆင့် ၅ အခွင့်အရေးက ဘယ်မှာလဲ။"
"အဲဒါက ဒီ မိစ္ဆာ ကျင့်ကြံသူတွေဆီမှာများ ရှိနေတာလား။"
ကျန်းဖန် သူ၏ မေးစေ့ကို ပွတ်သပ်လိုက်၏။
မူလက ဤ မိစ္ဆာ ကျင့်ကြံသူများကို တိုက်ခိုက်ရန် သူ စီစဉ်ထားခဲ့သည်။ မည်သို့ဆိုစေ ဖြောင့်မတ်သော ကျင့်ကြံသူများ နှင့် မိစ္ဆာ ကျင့်ကြံသူများသည် မွေးရာပါ ရန်သူများ ဖြစ်ကြသည်။ မကြာမီ သူသည် မဝေးလှသော နေရာမှ ပျံသန်းလာသော ပုံရိပ် သုံးခုကို အာရုံခံမိလိုက်၏။ သူတို့မှာ ဖြောင့်မတ်သော ရွှေအမြုတေ ကျင့်ကြံသူများ ဖြစ်ကြောင်း ရှင်းလင်းလှပြီး၊ သူတို့၏ အမြန်နှုန်းမှာ အလွန်အမင်း မြန်ဆန်လှပေသည်။
ဝှစ်။
ထိုအခါ သူ၏ ပုံရိပ်မှာ လင်းလက်သွားပြီး ကျနိးဖန်သည် မြေလျှိုးအင်း၏ စွမ်းအားကို အသုံးပြုကာ သူ၏ ကိုယ်ပိုင် ရောင်ဝါကို ဖုံးကွယ်ရင်း မြေကြီး နက်ရှိုင်းရာသို့ ချက်ချင်း ထွက်ပြေး ပုန်းအောင်းလိုက်၏။
သူသည် ပေါ့ပေါ့ဆဆ မလှုပ်ရှားသင့်ဘဲ အခြေအနေကို စောင့်ကြည့်သင့်ကြောင်း ပင်ကိုယ်ဗီဇအရ ခံစားလိုက်ရသည်။
မျက်တောင်တစ်ခတ် အတွင်း သူသည် ကျောက်တုံး တစ်တုံး အဖြစ်သို့ အသွင်ပြောင်းသွားသကဲ့သို့ မြေကြီး နှင့် ပေါင်းစပ်သွားခဲ့၏။
ရောက်ရှိလာသူများမှာ သဘာဝကျကျပင် ယန်ယွီ ဦးဆောင်သော ကောင်းကင် လျှို့ဝှက်ချက် စံအိမ်တော်မှ ရွှေအမြုတေ ကျင့်ကြံသူ သုံးဦးပင် ဖြစ်သည်။
"ဘာတွေ ဖြစ်ကုန်တာလဲ။ အဲဒီကောင်လေး ဘယ်ကို ထွက်ပြေးသွားတာလဲ။"
"သူက ဘာလို့ ရုတ်တရက် ပျောက်သွားရတာလဲ။"
ယန်ယွီ မျက်မှောင်ကြုတ်လိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။ သို့သော်ငြားလည်း ကျန်းဖန်၏ မည်သည့် အရိပ်အယောင်ကိုမျှ ရှာမတွေ့ခဲ့ချေ။
မူလက ထိုကောင်လေးကို အရင် ဖမ်းမိရန် သူ အလိုရှိခဲ့သော်ငြားလည်း တစ်ဖက်လူ၏ အမြန်နှုန်းကို သူ လျှော့တွက်မိသွားခဲ့သည်။
ဤသည်က သူတို့ နှစ်ဦး အကြား အကွာအဝေးကို ပို၍ပို၍ ဝေးကွာသွားစေခဲ့၏။
ဤသည်က သူ၏ နှလုံးသားကို အလွန်အမင်း စိတ်မသက်မသာ ဖြစ်သွားစေပြီး၊ တစ်ခုခု မှားယွင်းနေကြောင်း ပို၍ပို၍ ခံစားလာရသည်။
"လခွမ်း ကောင်းကင် လျှို့ဝှက်ချက် စံအိမ်တော်က ကျင့်ကြံသူတွေက ဘာလို့ ဒီကို ရောက်လာရတာလဲ။"
"သူတို့က ငါတို့ ရှေးဦး မိစ္ဆာဂိုဏ်းရဲ့ အစီအစဉ်ကို သိသွားတာများလား။"
"ကောင်းကင် လျှို့ဝှက်ချက် စံအိမ်တော်က ကြိုတင် ဟောကိန်းထုတ်တဲ့ နေရာမှာ နတ်ဘုရားတွေလိုပဲ ကောင်းကင် ရဲ့ လျှို့ဝှက်ချက်တွေကို ခွဲခြား သိမြင်နိုင်တယ်လို့ ကောလာဟလတွေ ရှိတယ်။ သူတို့ တကယ်ပဲ တစ်ခုခုကို ထောက်လှမ်းမိသွားတာ ဖြစ်နိုင်တယ်။"
"ဒီကောင် သုံးယောက်ကို လွတ်သွားခွင့်ပေးလို့ မဖြစ်ဘူး။ မဟုတ်ရင် ငါတို့ ရှေးဦး မိစ္ဆာဂိုဏ်းရဲ့ အစီအစဉ်ကြီးကို သေချာပေါက် ပျက်စီးသွားစေလိမ့်မယ်။"
ဤအခိုက်အတန့်တွင် မူလက လိုဏ်ဂူ အတွင်း၌ ပုန်းအောင်းနေသော ရွှေအမြုတေ မိစ္ဆာ ကျင့်ကြံသူများသည် ယန်ယွီ နှင့် အခြားသူများ ပေါ်လာသည်ကို မြင်တွေ့လိုက်ရပြီး ကောင်းကင် လျှို့ဝှက်ချက် စံအိမ်တော်မှ ကျင့်ကြံသူများက သူတို့၏ အစီအစဉ်ကို ဖော်ထုတ်လိုက်ပြီဟု ထင်မှတ်ကာ လန့်ဖျပ်နေသော ငှက်များကဲ့သို့ စတင် ပြုမူလာကြ၏။
ဝုန်း ဒိုင်း~~
မျက်တောင်တစ်ခတ် အတွင်းမှာပင် သူတို့သည် လိုဏ်ဂူထဲမှ ယန်ယွီတို့ ရွှေအမြုတေ ကျင့်ကြံသူ သုံးဦးဆီသို့ ပျံသန်း ထွက်ပေါ်လာကြပြီး ပြင်းထန်စွာ တိုက်ခိုက်လိုက်ကြသည်။
သူတို့ တစ်ဦးစီတိုင်းသည် မိစ္ဆာ လျှို့ဝှက်နည်းစနစ် အမျိုးမျိုးကို အသုံးပြုပြီး အညှာအတာမဲ့စွာ တိုက်ခိုက်လိုက်ကြ၏။
"ရှေးဦး မိစ္ဆာဂိုဏ်းက မိစ္ဆာ ကျင့်ကြံသူတွေလား။ မင်းတို့က ဘယ်လိုလုပ် ဒီကို ရောက်နေတာလဲ။ တကယ်တမ်း မင်းတို့ ဘာလုပ်ဖို့ ရည်ရွယ်ထားတာလဲ။"
"ဟက်၊ ကောင်းကင် လျှို့ဝှက်ချက် စံအိမ်တော် ဟန်ဆောင်နေတာတွေကို ရပ်လိုက်စမ်း။ မင်းတို့ ငါတို့ကို ဒီနေရာမှာ ရှာတွေ့ကတည်းက ငါတို့ရဲ့ အစီအစဉ်က အစောကြီးကတည်းက ပေါက်ကြားသွားခဲ့လို့ပဲ ဖြစ်ရမယ်။ ဒါပေမယ့် မင်းတို့က အရမ်း နောက်ကျသွားပြီ၊ ငါတို့ရဲ့ အစီအစဉ်ကို မင်းတို့ ဘယ်လိုမှ တားဆီးနိုင်မှာ မဟုတ်ဘူး။"
"အစီအစဉ် ဟုတ်လား။ မင်းတို့ ရှေးဦး မိစ္ဆာဂိုဏ်းမှာ ဘယ်လို အစီအစဉ်မျိုး ရှိလို့လဲ။"
"ဟက် ဟန်ဆောင်နေလိုက်ဦး၊ ငရဲပြည် ကျမှပဲ ဆက်ပြီး ဟန်ဆောင်နေလိုက်တော့။"
ကောင်းကင် လျှို့ဝှက်ချက် စံအိမ်တော်မှ ကျင့်ကြံသူများ နှင့် ရှေးဦး မိစ္ဆာဂိုဏ်း၏ ကျင့်ကြံသူများသည် ချက်ချင်း စတင် တိုက်ခိုက်ကြတော့၏။ နှစ်ဖက်စလုံးမှာ မူလကတည်းက ကမ္ဘာမကျေ ရန်သူများ ဖြစ်ကြရာ တစ်ကြိမ် ဆုံတွေ့လိုက်သည်နှင့် သေချာပေါက် မည်သည့် အညှာအတာမျှ ပြသမည် မဟုတ်ဘဲ သေသည်အထိ တိုက်ပွဲဝင်ကြမည် ဖြစ်သည်။
ထို့ကြောင့် မည်သည့်ဘက်ကမျှ ဘာကိုမှ ဂရုမစိုက်ကြချေ။ အသက်ရှင်သန်ရန် အတွက်၊ သူတို့ ရှိသမျှ အားလုံးကို ထုတ်သုံးရုံသာ တတ်နိုင်ပေသည်။
ဒိုင်း၊ ဒိုင်း၊ ဒိုင်း။
ကီလိုမီတာ ရာပေါင်းများစွာ အတွင်းရှိ ဧရိယာသည် ဤ ရွှေအမြုတေ ကျင့်ကြံသူများ၏ စွမ်းအားကြောင့် ဖျက်ဆီးခံလိုက်ရ၏။
ရိုက်ခတ်မှုတိုင်းသည် ဒုံးကျည်များ ပေါက်ကွဲသကဲ့သို့ ဖြစ်နေပြီး မြေကြီးပေါ်တွင် ဧရာမ တွင်းကြီးများကို ဖြစ်ပေါ်စေကာ ကျောက်စရစ်ခဲများ နှင့် ဖုန်မှုန့်များကို အရပ်မျက်နှာ အနှံ့အပြားသို့ လွင့်စင်သွားစေပြီး ပတ်ဝန်းကျင်ရှိ တောင်များကိုပင် ပြိုကျသွားစေခဲ့သည်။
"သူတို့ တကယ် တိုက်ခိုက်နေကြတာလား။"
ဤသည်ကို မြင်တွေ့လိုက်ရချိန်တွင် မြေကြီး နက်ရှိုင်းရာ၌ ပုန်းအောင်းနေသော ကျန်းဖန်သည် သူ၏ မျက်လုံးများကို တဖျပ်ဖျပ် ခတ်လိုက်ပြီး၊ အလွန်အမင်း အံ့အားသင့်နေခဲ့၏။
သူသည် အခွင့်အရေးကို ရှာဖွေရန် အတွက် တောင်ကိုးလုံးသို့ လာရမည်ဆိုသည့် နိမိတ်ဖတ်အင်းထံမှ သတင်းအချက်အလက်ကို လိုက်နာခဲ့ခြင်း သက်သက်သာ ဖြစ်သည်။
ဤနေရာတွင် အကြံအစည် တစ်ခုခု ပြုလုပ်နေသော မိစ္ဆာ ကျင့်ကြံသူများ အဖွဲ့ နှင့် ကြုံတွေ့ရလိမ့်မည်ဟု မည်သူက ထင်မှတ်ထားခဲ့မည်နည်း။
ပို၍ အံ့သြဖွယ်ကောင်းသည်မှာ ကောင်းကင် လျှို့ဝှက်ချက် စံအိမ်တော်မှ ကျင့်ကြံသူ သုံးဦးက သူ့အား အစောကြီးကတည်းက ခြေရာခံနေသည့်ပုံ ပေါ်သည်။
ရလဒ်အနေဖြင့် နှစ်ဖက်စလုံး ဆုံတွေ့သွားကြပြီး ပြင်းထန်သော တိုက်ပွဲတွင် ပါဝင်လာကြ၏။
သူ့မှာမူ ပွဲကြည့်သူ တစ်ဦး ဖြစ်လာခဲ့ပြီး မည်သည့် ဘေးဒုက္ခတွင်မျှ ပါဝင်ပတ်သက်နေခြင်း မရှိတော့ချေ။
"ဒီ ကောင်းကင် လျှို့ဝှက်ချက် စံအိမ်တော်က ကျင့်ကြံသူက အဲဒီ အတွင်းတပည့် ယန်ယွီများ ဖြစ်နေမလား။"
"ငါ့ကို ဘာလို့ တိတ်တဆိတ် ခြေရာခံနေရတာလဲ၊ ဘာ ရည်ရွယ်ချက် အတွက်လဲ။"
"တကယ်ပဲ ငါ့ဆီက ရတနာကို လုယူဖို့များ ဖြစ်နေမလား။"
ကျန်းဖန် သူ၏ မေးစေ့ကို ပွတ်သပ်လိုက်သည်။ သူသည် ကောင်းကင် လျှို့ဝှက်ချက် စံအိမ်တော်၏ အတွင်းတပည့် ယန်ယွီ နှင့် ယခင်က မဆုံဖူးဘဲလျက် သူ့ကို တိတ်တဆိတ် လျှို့ဝှက် ကြံစည်နေခြင်းမှာ သာမန် မဟုတ်ဟု ခံစားရသဖြင့် ၎င်း၏ ရည်ရွယ်ချက် နှင့် ပတ်သက်၍ အလွန် ဇဝေဇဝါ ဖြစ်နေခဲ့၏။
သို့သော် မည်သို့ပင် ဖြစ်ပျက်ခဲ့ပါစေ အခြေအနေက ဤသို့ ဖြစ်လာခဲ့သည် ဆိုတော့ ထိုကောင်လေးနှင့် ထိုက်တန်သည်ပင်။
အကယ်၍ သူ့အား လျှို့ဝှက် ကြံစည်ရန် ကြိုးစားခြင်း မရှိခဲ့ပါက သူသည် ဤကဲ့သို့သော ဘေးဒုက္ခမျိုး နှင့် ကြုံတွေ့ခဲ့ရမည် မဟုတ်ချေ။
"ဒါနဲ့ နိမိတ်ဖတ်အင်းရဲ့ သတင်းစကားအရ ဆိုရင်၊ ငါသာ ကျောက်စိမ်းရောင်တောင်ကို သွားခဲ့မယ် ဆိုရင် အခက်အခဲတွေ တစ်ခုပြီး တစ်ခု ကြုံရမှာပေါ့၊ ပြီးတော့ သေရေးရှင်ရေး အခြေအနေ နဲ့ အဆုံးအစမရှိတဲ့ အနာဂတ် ပြဿနာတွေကိုလည်း ရင်ဆိုင်ရမှာပဲ။"
"အကယ်၍ ငါသာ ကျောက်စိမ်းရောင် တောင်ကို သွားခဲ့ရင်တောင်မှ ကောင်းကင် လျှို့ဝှက်ချက် စံအိမ်တော်က ဒီ အတွင်းတပည့်တွေက ငါ့ကို ဆက်ပြီး အမဲလိုက်နေဦးမှာများလား။"
"အကယ်၍ ဒါသာ အမှန်တကယ်ပဲဆိုရင်၊ ကျောက်စိမ်းရောင် တောင်မှာ မိစ္ဆာ ကျင့်ကြံသူတွေ မရှိတဲ့ အတွက် ငါ ကိုယ်တိုင် လှုပ်ရှားရတော့မှာပဲ။"
"သူတို့ရဲ့ စွမ်းအားကို အကဲခတ် ကြည့်ရသလောက်တော့ သူတို့က သေချာပေါက် ငါ့ရဲ့ ပြိုင်ဘက်တွေ မဟုတ်ဘူး။"
"ဒါပေမယ့် ကောင်းကင် လျှို့ဝှက်ချက် စံအိမ်တော်က အတွင်းတပည့်တွေ ဆိုတော့လည်း၊ ပြီးတော့ ယန်ယွီက ယွမ်ယင်း တစ်ယောက်ရဲ့ ဆင်းသက်လာသူ ဖြစ်နေတဲ့ အတွက် အကယ်၍များ သူတို့ကို ငါ သတ်လိုက်မယ် ဆိုရင် အဲဒါက အဆုံးအစမရှိတဲ့ အနာဂတ် ပြဿနာတွေကို သေချာပေါက် ဖြစ်ပေါ်စေမှာပဲ။ နောက်ပြီး ကောင်းကင် လျှို့ဝှက်ချက် စံအိမ်တော်ရဲ့ လိုက်လံ အမဲလိုက်ခြင်းကို ခံရမှာက သေချာသလောက်ပဲ"
ကျန်းဖန်၏ မျက်လုံးများ အရောင်လက်သွားခဲ့၏။
ဤ ရွေးချယ်မှု နှစ်ခု၏ အကျိုးဆက်များကို သူ ချက်ချင်း နားလည် သဘောပေါက်သွားခဲ့သည်။
တစ်ခုမှာ ကောင်းကင် လျှို့ဝှက်ချက် စံအိမ်တော် နှင့် ရှေးဦး မိစ္ဆာဂိုဏ်းမှ ကျင့်ကြံသူများကို အချင်းချင်း အပြန်အလှန် ပျက်စီးစေခဲ့ပြီး သူ့ကို ပူပင်သောက ကင်းဝေးစေကာ ဘေးဒုက္ခမှ အားစိုက်ထုတ်စရာမလိုဘဲ ရှောင်လွှဲနိုင်စေခြင်း ဖြစ်၏။
အခြားတစ်ခုမှာ ကိုယ်တိုင်ကိုယ်ကျ လှုပ်ရှားခြင်း ဖြစ်ပြီး ကောင်းကင် လျှို့ဝှက်ချက် စံအိမ်တော်မှ ကျင့်ကြံသူများကို သတ်ဖြတ်ခြင်း ဖြစ်သော်ငြားလည်း အဆုံးအစမရှိသော ပြဿနာများ နှင့် ရင်ဆိုင်ရကာ လိုက်လံ အမဲလိုက်ခြင်း ခံရမည် ဖြစ်သည်။
မတူညီသော ရွေးချယ်မှုများသည် မတူညီသော အနာဂတ်များဆီသို့ ဦးတည်သွားစေ၏။
တစ်ခုမှာ အလွန် ကောင်းမွန်သော နိမိတ်ဖြစ်ပြီး အခြားတစ်ခုမှာ အလွန် နိမိတ်ဆိုးပင် ဖြစ်သည်။
ကံကြမ္မာ၏ လမ်းစဉ်သည် အမှန်တကယ်ပင် လျှို့ဝှက်ဆန်းကြယ်ပြီး နက်နဲလှပေသည်။
တစ်ခါတစ်ရံတွင် ရန်သူများကို ကိုင်တွယ် ဖြေရှင်းရာတွင် ကိုယ်တိုင်ကိုယ်ကျ ထိပ်တိုက် ရင်ဆိုင်ရန် မလိုအပ်ချေ။
အခြား ရန်သူများကို လှုပ်ရှားခွင့်ပေးပြီး အပြစ်ကို အခြားသူများ အပေါ် လွှဲချခြင်းသည်လည်း ကောင်းမွန်သော ဗျူဟာ တစ်ခုပင် ဖြစ်၏။
ဝုန်း ဒိုင်း~~
နောက်ထပ် တစ်နာရီ ထပ်မံ ကုန်လွန်သွားခဲ့သည်။
နှစ်ဖက်စလုံး အကြား ရလဒ်တစ်ရပ်မှာ ပေါ်လွင် ထင်ရှားလာခဲ့ပြီ ဖြစ်၏။
ကောင်းကင် လျှို့ဝှက်ချက် စံအိမ်တော်မှ ရွှေအမြုတေ ကျင့်ကြံသူ သုံးဦးသည် ဖုံးကွယ်ထားသော လှည့်ကွက် အများအပြားဖြင့် အစွမ်းထက်သော တိုက်ခိုက်ရေး စွမ်းအားကို ပိုင်ဆိုင်ထားကြသော်ငြားလည်း။
ရှေးဦး မိစ္ဆာဂိုဏ်း၏ ရွှေအမြုတေ မိစ္ဆာ ကျင့်ကြံသူ တစ်ဦးစီတွင်လည်း သစ္စာဖောက်တတ်သော နည်းလမ်းများ ရှိကြသည်။ သူတို့၏ သာလွန်သော အရေအတွက် အပြင် သူတို့သည် သေရမည်ကိုလည်း မကြောက်ရွံ့ကြချေ။
ယန်ယွီ နှင့် အခြားသူများသည် နည်းလမ်း အမျိုးမျိုးကို အသုံးပြုခဲ့လျှင်တောင်မှ အချည်းနှီး သက်သက်သာ ဖြစ်ခဲ့ပြီး နောက်ဆုံးတွင် ဤ မိစ္ဆာ ကျင့်ကြံသူများ၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ကြရ၏။
သို့သော် ဤ မိစ္ဆာ ကျင့်ကြံသူများသည်လည်း ပြင်းထန်သော သေကျေပျက်စီးမှုများကို ခံစားခဲ့ရပြီး အသက်ရှင် ကျန်ရစ်သူ သုံးဦးသာ ကျန်ရှိတော့သည်။
ထို့အပြင် အသက်ရှင် ကျန်ရစ်သော ရွှေအမြုတေ မိစ္ဆာ ကျင့်ကြံသူ သုံးဦးမှာလည်း အပြင်းအထန် ဒဏ်ရာရရှိထားကြ၏။
ဒေါင်။
ဤအခိုက်အတန့်တွင် မမျှော်လင့်ထားသော သတင်းစကား တစ်ရပ်သည် ကျန်းဖန်၏ အသိစိတ် နက်ရှိုင်းရာတွင် ပဲ့တင်ထပ်သွားခဲ့သည်။ "အင်းတစ်သောင်း မြို့မှ အောင်မြင်စွာ ထွက်ပြေး လွတ်မြောက်နိုင်ခဲ့ပြီး ကောင်းကင် လျှို့ဝှက်ချက် စံအိမ်တော်မှ ကျင့်ကြံသူများ နှင့် ရှေးဦး မိစ္ဆာဂိုဏ်း မှ ကျင့်ကြံသူများ၏ လိုက်လံ အမဲလိုက်ခြင်း မှ ရှောင်လွှဲနိုင်ခဲ့ကာ ဘေးအန္တရာယ်ကြီး တစ်ခုမှ သီသီလေး လွတ်မြောက်ခဲ့သည့်အတွက် ကံကောင်းခြင်း အမှတ် နှစ်သိန်း နှင့် အဆင့် (၅) အခွင့်အရေး တစ်ခုကို ရရှိသည်။"
ဘေးဒုက္ခ ပြီးဆုံးသွားပြီလား။
ဤ သတင်းစကားကို လက်ခံရရှိချိန်တွင် ကျန်းဖန် သူ၏ မျက်လုံးများကို တဖျပ်ဖျပ် ခတ်လိုက်၏။ သူ ဘာမှ မလုပ်လိုက်ရဘဲနှင့် ကြီးမားသော ဘေးဒုက္ခ တစ်ခုမှ အားစိုက်ထုတ်စရာမလိုဘဲ ရှောင်လွှဲနိုင်ခဲ့သည်။ သူသည် သူ၏ ရန်သူများ သေဆုံးသွားသည်ကို ကြည့်နေခဲ့ရုံသာ ကြည့်နေခဲ့သည်။ ဤသည်မှာ တကယ်ကို လွယ်ကူလွန်းလှပေသည်။