← Chapters

အခန်း (၃၃၈-၃၃၉)

Vol. 33 Ch. 338-339

အခန်း (၃၃၈-၃၃၉)

Vol. 33 Ch. 338-339

အခန်း (၃၃၈) မထင်မှတ်ထားသောအရာ

ချိုးယွမ်ကျန်က သူ၏ အရှေ့ရှိ အစီအရင်ကို ကြည့်လိုက်သည်။ အတော်လေး ပါးနပ်စွာ စီစဉ်ထား၏။ စွမ်းအားမှာ မကြီးမားသော်လည်း သူ၏ ခြေအောက်ရှိ မြေမျက်နှာသွင်ပြင်၊ ပတ်ဝန်းကျင်ရှိ ယွမ်ချီစွမ်းအင်များနှင့် ချိတ်ဆက်ထားသည်။

ချိုးယွမ်ကျန် ဒဏ်ရာမရမီက ဆိုလျှင် သူသည် ဤအစီအရင်ကို တိုက်ခိုက်မှု တစ်ချက်တည်းဖြင့် ချိုးဖျက်နိုင်ပေသည်။

အကယ်၍ ချန်ဖေးက သူ၏ ဝိညာဉ်ဓားကို ယူမသွားခဲ့ပါက ချိုးယွမ်ကျန်သည် ဝိညာဉ်လက်နက်၏ စွမ်းအားကို အသုံးပြု၍ ဤအစီအရင်ကို ဖျက်ဆီးနိုင်မည်ဟု ယုံကြည်မှု ရှိနေဆဲ ဖြစ်၏။

ကံမကောင်းစွာဖြင့် ယခုအခါ ဤအရာများအားလုံးက မဖြစ်နိုင်တော့ချေ။ ဝိညာဉ်လက်နက်လည်း မရှိတော့သကဲ့သို့ ပြင်းထန်စွာလည်း ဒဏ်ရာရနေသည်။ ဤအစီအရင်က ချိုးယွမ်ကျန်ကို တစ်နေရာတည်းတွင် အပြည့်အဝ ပိတ်လှောင်ထားပြီး မည်သည့်နေရာသို့မျှ သွား၍မရနိုင်အောင် လုပ်ဆောင်ထား၏။

ချိုးယွမ်ကျန်က အဝေးသို့ လှမ်းကြည့်လိုက်ပြီး သူ၏ မျက်နှာပေါ်တွင် မကောင်းဆိုးဝါး အပြုံးတစ်ခု ပေါ်လာသည်။ ဤမျှ ရိုးရှင်းသော နည်းလမ်းကို အသုံးပြု၍ သူ့ကို ဤနေရာတွင် ပိတ်လှောင်ထားချင်သည်ပေါ့။

ချိုးယွမ်ကျန်က သူ၏ ညာလက်ကို အနည်းငယ် လှုပ်ရှားလိုက်ရာ သူ၏ ဘယ်ဘက်လက်မောင်းပေါ်တွင် ဧရာမ ပြတ်ရှဒဏ်ရာကြီး တစ်ခု ရုတ်တရက် ပေါ်လာပြီး ထိုနေရာမှ သွေးများ အဆက်မပြတ် စီးကျလာကာ သူ၏ ခြေအောက်ရှိ မြေပြင်ကို လျင်မြန်စွာ စိုရွှဲသွားစေသည်။

လူ့ခန္ဓာကိုယ်အတွင်းရှိ သွေးပမာဏသည် ကန့်သတ်ချက်ရှိပြီး ကုန်ခမ်းမသွားနိုင်သောအရာ မဟုတ်ပေ။ သွေးလွန်ကဲစွာ ဆုံးရှုံးခြင်းက အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်သည်။ သာမန်လူများထက် ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်များ သာလွန်ပြီး သွေးထုတ်လုပ်မှု စွမ်းရည် များစွာ ကောင်းမွန်သော သိုင်းပညာရှင်များပင်လျှင် သွေးများစွာ ဆုံးရှုံးသွားပါက သေဆုံးသွားမည်သာ ဖြစ်၏။

ဤအခိုက်အတန့်တွင် ချိုးယွမ်ကျန်၏ လက်မောင်းမှ စီးကျနေသော သွေးပမာဏမှာ ပုံမှန် ပမာဏထက် ကျော်လွန်နေပြီ ဖြစ်သော်လည်း ဖြူဖျော့နေခြင်းမှလွဲ၍ ချိုးယွမ်ကျန်၌ အခြား မူမမှန်သော လက္ခဏာများ မရှိပေ။ ဤသွေးများက သူ၏သွေးများ မဟုတ်သည့်အလားပင်။

ချိုးယွမ်ကျန်က သူ၏ ခြေအောက်ရှိ သွေးများကို စိုက်ကြည့်နေသည်။ သူ၏ မျက်ဝန်းထဲရှိ သွေးများ၏ ရောင်ပြန်ဟပ်မှုက သူ့ကို ထူးထူးခြားခြား ကြောက်မက်ဖွယ် ကောင်းနေစေ၏။

သွေးရင်းမြစ် ကျင့်စဉ်သည် သွေး၏ စွမ်းအားကို အသုံးချသည်။ ဤကျင့်စဉ်သည် မကောင်းဆိုးဝါးဆန်ပြီး အသုံးပြုသူကိုပင် နှိပ်စက်ညှဉ်းပန်းနိုင်သည်။ သို့သော် အလွန် အစွမ်းထက်သော ကျင့်စဉ်တစ်ခု ဖြစ်သည်ကိုမူ ငြင်းဆို၍ မရနိုင်ပေ။

ချိုးယွမ်ကျန်၏ အရင်းနှီးဆုံး သူငယ်ချင်းသည် မဟာမိုးကြိုး ဓားသိုင်းကို ရရှိပြီးနောက် သူ့ကို ကျင့်ကြံခွင့်ပေးရန် ဆန္ဒရှိခဲ့သော်လည်း ချိုးယွမ်ကျန်က ပြောင်းလဲကျင့်ကြံရန် ရည်ရွယ်ချက် မရှိခဲ့ပေ။

ချိုးယွမ်ကျန်၏ သွေးများ ဆက်လက် စီးကျနေပြီး တဖြည်းဖြည်းနှင့် ဤသွေးများက နဂါးဆင် အစီအရင်၏ အစီအရင် ပုံစံများကို ဖုံးလွှမ်းသွားသည်။ အစီအရင် ပုံစံများက အနည်းငယ် လင်းလက်သွားသော်လည်း လင်းလက်လာမှု အကြိမ်ရေမှာ အနည်းငယ် ထူးဆန်းလာ၏။

ဝါးမြိုခြင်း၊ ပေါင်းစည်းခြင်းနှင့် နောက်ဆုံးတွင် မိမိပိုင်ဆိုင်မှုအဖြစ် ပြုလုပ်ခြင်း၊ ဤသည်က ဤသွေး၏ ရည်ရွယ်ချက်ပင် ဖြစ်သည်။

အချိန်ကြာလာသည်နှင့်အမျှ နဂါးဆင် အစီအရင်၏ အစီအရင် ပုံစံများက သွေးရောင်အဖြစ်သို့ ပြောင်းလဲလာပြီး ချိုးယွမ်ကျန်၏ အသက်ရှူသံနှင့် ထပ်တူကျလာသည်။

ချိုးယွမ်ကျန်က အဝေးသို့ စိုက်ကြည့်နေပြီး ချန်ဖေး ရုတ်တရက် ပြန်လာမည်ကို သတိထားနေ၏။ ချန်ဖေး၏ တည်ရှိမှုကို သူ အာရုံခံမိသည့် အခိုက်အတန့်တွင် ချိုးယွမ်ကျန်က သွေးများကို ချက်ချင်း ပြန်ရုပ်သိမ်းပြီး နဂါးဆင် အစီအရင်ကို ပုံမှန်အတိုင်း ပြန်လည် ထားရှိမည် ဖြစ်သည်။

ဝီ...။

နဂါးဆင် အစီအရင်မှ သိမ်မွေ့သော လှိုင်းဂယက်တစ်ခု ပျံ့နှံ့လာပြီးနောက် ချိုးယွမ်ကျန်သည် သူ၏ မျက်နှာပေါ်ရှိ အပြုံးကို ဆက်လက်၍ မဖိနှိပ်ထားနိုင်တော့ချေ။

ချိုးယွမ်ကျန်၏ ဘယ်ဘက်လက်မောင်းမှ သွေးများ စီးကျမှု ရပ်တန့်သွားသည်။ မြေပြင်ပေါ်ရှိ သွေးများက ကြက်သွေးရောင် အလင်းတန်းများဖြင့် လင်းလက်လာပြီး ချိုးယွမ်ကျန်၏ ခန္ဓာကိုယ်အတွင်းသို့ တဖြည်းဖြည်း စိမ့်ဝင်သွား၏။

ချိုးယွမ်ကျန်က မတ်တတ်ရပ်ရန် ကြိုးစားလိုက်သော်လည်း နဂါးဆင် အစီအရင်၏ ဧရာမ အားအဟုန်ကြီးက ပြန်လည် ထွက်ပေါ်မလာတော့ပေ။ အစီအရင်သည် ယခုအခါ ချိုးယွမ်ကျန်၏ လက်ထဲသို့ လုံးလုံးလျားလျား ရောက်ရှိသွားပြီ ဖြစ်သည်။

ချိုးယွမ်ကျန်က ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။ သူ၏ အချုပ်အနှောင် ခံထားရသော ကျင့်ကြံခြင်းအဆင့်သည် ယခုတိုင် ပြန်လည် နာလန်မထူနိုင်သေးသကဲ့သို့ သူ၏ ဒဏ်ရာများမှာလည်း ထိုနည်းတူပင် ဖြစ်၏။

သို့သော် သူ၏ သန့်စင်ထားသော ခန္ဓာကိုယ်ကိုမူ အသုံးပြုနိုင်သေးသည်။ ခြေရာလက်ရာများကို သေချာစွာ ဖုံးကွယ်ထားနိုင်သရွေ့ ချန်ဖေး၏ နောက်ဆက်တွဲ လိုက်လံ ဖမ်းဆီးမှုကို ရှောင်ရှားနိုင်မည်ဟု ချိုးယွမ်ကျန်က ယုံကြည်မှု ရှိနေ၏။

ဤလိုက်လံ ဖမ်းဆီးမှုမှ လွတ်မြောက်သွားသရွေ့ ဒဏ်ရာများမှ တဖြည်းဖြည်း ပြန်လည် နာလန်ထူလာနိုင်ပြီး အခြားသော နည်းလမ်းများဖြင့် ကျင့်ကြံမှုကို တိုးတက်စေနိုင်သည်။ ဤသည်က မိမိ၏ အသက်ရှင်ခြင်း၊ သေဆုံးခြင်းကို အခြားသူ တစ်ယောက်၏ လက်ထဲကို ဤကဲ့သို့ အပ်နှင်းထားရခြင်းထက် များစွာ ပိုကောင်းပေသည်။

ချိုးယွမ်ကျန်က သူ၏ ညာဖက်ခြေထောက်ကို ဆန့်ထုတ်၍ အားယူရန် ပြင်လိုက်စဉ် ရုတ်တရက် ရင်တုန်ပန်းတုန် ဖြစ်မှု တစ်ခုက သူ့ထံသို့ လွှမ်းမိုးလာ၏။ သူ၏ အသိစိတ်ပင်လယ်အတွင်း၌ ဤခြေတစ်လှမ်းက သူ၏ အသက်ကို စတေးရလိမ့်မည်ဟု ခံစားလိုက်ရသည်။

ချိုးယွမ်ကျန်က အံ့အားသင့်မှု၊ မရေရာမှုများဖြင့် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ အဝေးမှနေ၍ မျက်လုံးတစ်စုံ တဖြည်းဖြည်း ပေါ်လာသည်ကို တွေ့လိုက်ရ၏။

ကျီ...။

ကြွက်မိစ္ဆာက ချိုးယွမ်ကျန်ကို အဝေးမှ လှမ်းကြည့်၍ တိုးဖွဖွ အော်လိုက်သည်။

သဘာဝကျစွာပင် ကြွက်မိစ္ဆာကို ချိုးယွမ်ကျန် အခြား လှည့်ကွက်များ မသုံးနိုင်စေရန် ချန်ဖေးက ချန်ထားခဲ့ခြင်း ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ အစီအရင်တစ်ခု ဆိုသည်မှာ ရပ်တန့်နေသောအရာ ဖြစ်ပြီး အထူးသဖြင့် ထိန်းချုပ်မည့်သူ မရှိချိန်တွင် ပို၍ပင် ဆိုးရွားသည်။

သို့သော် ကြွက်မိစ္ဆာသည် အသက်ရှင်နေသော အရာဖြစ်သည်။ ချိုးယွမ်ကျန်မှာ ပြင်းထန်စွာ ဒဏ်ရာရနေပြီး အချိန်တိုအတွင်း နာလန်ထူရန် မဖြစ်နိုင်ချေ။ အထူးသဖြင့် ချန်ဖေးက သူ၏ ဒွာရ ဆယ့်ငါးခုကို ယခုနေရာမှာတင် ဖောက်ခွဲပစ်ခဲ့ခြင်းကြောင့် ဖြစ်သည်။

ဤအခြေအနေတွင် ကြွက်မိစ္ဆာက ချိုးယွမ်ကျန်ကို လုံးလုံးလျားလျား ထိန်းချုပ်ထားနိုင်ပြီး မည်သည့် မထင်မှတ်ထားသော အဖြစ်အပျက်မျှ မဖြစ်ပေါ်စေရန် တားဆီးနိုင်သည်။

ချိုးယွမ်ကျန်က မြေပြင်ပေါ်သို့ ခွေယိုင်ကျသွား၏။ သူ ဒဏ်ရာမရမီက ဆိုလျှင် ဤကြွက်မိစ္ဆာလေးကို အလေးအနက်ထားမည် မဟုတ်ဘဲ လက်တစ်ချက် လှုပ်ရှားရုံဖြင့် သတ်ဖြတ်နိုင်ပေသည်။

သို့သော် ယခုမူ ချိုးယွမ်ကျန်က အမှန်တကယ်ပင် မတတ်နိုင်တော့ချေ။ ကြွက်မိစ္ဆာက ခုန်အုပ်လိုက်ရုံဖြင့် သူ့ကို နေရာမှာတင် သတ်ဖြတ်နိုင်ကောင်း သတ်ဖြတ်နိုင်ပေသည်။

"ဟီးဟီး... ဟားဟားဟား..."

ချိုးယွမ်ကျန်က အစပိုင်းတွင် တိုးဖွဖွ ရယ်မောနေခဲ့သော်လည်း နောက်ဆုံးတွင် ကောင်းကင်သို့ မော့၍ အသံကုန် ဟစ်အော်လိုက်ပြီး သူ၏ အမူအရာက နက်ရှိုင်းသော နာကြည်းချက်များဖြင့် ပြည့်နှက်နေ၏။ ဤအခြေအနေတွင်ပင် သူ ထွက်ပြေး၍ မလွတ်နိုင်သေးပေ။

ချိုးယွမ်ကျန်က အမုန်းတရားများကို ခံစားရသော်လည်း ဤအမုန်းတရားက မည်သည့်အရာကိုမျှ ပြောင်းလဲမပေးနိုင်ချေ။

အမွှေးတိုင် တစ်တိုင်စာ အချိန်မကုန်ဆုံးမီမှာပင် ချန်ဖေးက ထွက်ပေါ်လာခဲ့သည်။ ကြွက်မိစ္ဆာက ချန်ဖေး၏ ပခုံးပေါ်သို့ ခုန်တက်သွားပြီး ချန်ဖေးကို တစ်ခဏမျှ လက်ဟန်ခြေဟန် ပြုလုပ်ကာ ယခုလေးတင် ဖြစ်ပျက်ခဲ့သမျှကို ပြန်လည် ပြောပြလိုက်၏။

ချန်ဖေး၏ မျက်ခုံးများက အနည်းငယ် တွန့်ကွေးသွားသည်။ သူက ချိုးယွမ်ကျန်ကို ဤသို့ မျှော်လင့်မထားခဲ့ပေ။ သူ၏ ကျင့်စဉ်သည် အလွန် ထူးဆန်းလွန်းလှပြီး ဤအခြေအနေတွင်ပင် အခြား နည်းလမ်းများ ရှိနေသေး၏။

ချန်ဖေးက ချိုးယွမ်ကျန်ကို ကြည့်လိုက်ရာ ဓားအလင်းတန်း တစ်ခု ထွက်ပေါ်လာသည်။ ချိုးယွမ်ကျန်၏ ညာဘက်လက်မောင်းက ရုတ်တရက် သွေးမြူများအဖြစ် ပေါက်ကွဲထွက်သွား၏။ ချိုးယွမ်ကျန်က ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီး မြေပြင်ပေါ်တွင် အကြိမ်အနည်းငယ် လိမ့်ကျသွားကာ တဖြည်းဖြည်း ရပ်တန့်သွားသည်။

"နောက်တစ်ကြိမ် မင်း ထပ်ထွက်ပြေးဖို့ ကြိုးစားကြည့်လိုက်လေ..."

ချန်ဖေးက ချိုးယွမ်ကျန်၏ အရှေ့တွင် ရပ်နေပြီး သူ၏ မျက်လုံးများထဲတွင် မည်သည့် ခံစားချက်မှ မရှိချေ။ အကယ်၍ ချိုးယွမ်ကျန်၌ တန်ဖိုးရှိသည့် သတင်းအချက်အလက် တစ်ခုခု မကျန်ရစ်တော့ပါက ချန်ဖေးသည် သူ့ကို သတ်ပစ်ခဲ့ပြီးပြီ ဖြစ်သည်။

"မ... မရဲပါဘူး..."

ချိုးယွမ်ကျန်က ချန်ဖေးကို မော့ကြည့်လိုက်ပြီး သူ၏ မျက်လုံးများထဲတွင် နှိမ့်ချမှုနှင့် တောင်းပန်မှုများ ပြည့်နှက်နေကာ လုံးဝ အညံ့ခံလိုက်သည့်အလား ဖြစ်နေ၏။

သို့သော် ဤသည်က ဟန်ဆောင်မှု သက်သက်သာ ဖြစ်ကြောင်း ချန်ဖေး သိထားသည်။ ချိုးယွမ်ကျန် ကျင့်ကြံထားသော ကျင့်စဉ်က သူ၏ စရိုက်ကို အာဏာရှင်ဆန်စေပြီး မည်သူ့ကိုမျှ အညံ့မခံနိုင်အောင် ပြုလုပ်ထား၏။

"မင်းသူငယ်ချင်းက ဘယ်မှာလဲ..."

ချန်ဖေးက ချိုးယွမ်ကျန်ကို ကြည့်ရင်း မေးလိုက်သည်။

"ရှန်ဝူမြို့မှာပါ... သူက များသောအားဖြင့် အဲဒီမှာပဲ အချိန်ကုန်လေ့ရှိပါတယ်..."

ချိုးယွမ်ကျန်က အလျင်အမြန် ပြောလိုက်၏။

"ရှန်ဝူမြို့..."

ရှန်ဝူမြို့နှင့် ပတ်သက်သော အချက်အလက်များက ချန်ဖေး၏ ခေါင်းထဲတွင် လင်းလက်သွားသည်။

ချင်ဟိုင်မြို့ အနီးတွင် ရှိ၏။ ချန်ဖေး၏ လက်ရှိ အမြန်နှုန်းဖြင့်ဆိုလျှင် ထိုနေရာသို့ တိုက်ရိုက်ရောက်ရန် တစ်ရက်ကျော် အချိန်ယူရမည် ဖြစ်သည်။ချင်ဟိုင်မြို့ အကြောင်းကို တွေးမိသောအခါ ချန်ဖေးသည် ရွမ်မိသားစုကို မတွေးဘဲ မနေနိုင်တော့ချေ။ နှစ်နှစ်ကျော် အချိန်အတွင်း ရွမ်ချောင်ကျွင်းသည် ရွမ်မိသားစုကို အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့သလား သို့မဟုတ် နောက်ဆုံးတွင် ရုပ်သေးရုပ် တစ်ရုပ် ဖြစ်သွားခဲ့သလားဟု သူ တွေးနေမိသည်။

ချန်ဖေးက ချိုးယွမ်ကျန်ကို မြေပြင်မှ ဆွဲယူလိုက်ပြီး သူ၏ ပုံရိပ်က လင်းလက်သွားကာ ထိုနေရာမှ ပျောက်ကွယ်သွား၏။

နာရီအနည်းငယ် အကြာတွင် ချန်ဖေးနှင့် ချိုးယွမ်ကျန်တို့သည် ရှင်းဖန်မြို့မှ ထွက်ခွာလာခဲ့ကြသည်။ ညဥ့်နက်လာသောအခါ ခရီးဆက်မထွက်မီ ထိုနေရာတွင် ညအိပ်ရန် ချန်ဖေးက ဆုံးဖြတ်လိုက်၏။ ချန်ဖေး ကိုယ်တိုင်ကမူ သိပ်မပင်ပန်းလှပေ။ နဂါးဆင်နှိမ်နင်းခြင်း ကျင့်စဉ်က ဤမျှ ခရီးသွားလာမှု အဆင့်အတွက် သူ့ကို ထောက်ပံ့ပေးရန် လုံလောက်သည်ထက် ပိုနေသည်။

သို့သော် ချိုးယွမ်ကျန်ကမူ ဆက်၍ သည်းမခံနိုင်တော့ချေ။ မည်သို့ပင်ဆိုစေကာမူ သူသည် ပြင်းထန်စွာ ဒဏ်ရာရနေပြီး ချန်ဖေး၏ ဆွဲယူခေါ်ဆောင်ခြင်း ခံရသည်မှာ ကိုယ်တိုင် ပြေးလွှားရခြင်းထက် များစွာ ပို၍ သက်သောင့်သက်သာ မရှိပေ။

ချိုးယွမ်ကျန်သည် ယခင်က အခြားသူများကို ဤကဲ့သို့ ဆွဲချီလေ့ရှိသူ ဖြစ်၏။ တစ်နေ့တွင် သူကိုယ်တိုင် ဤသို့ ဆက်ဆံခံရမည်ဟု ဘယ်သောအခါမှ မထင်မှတ်ထားခဲ့ပေ။

ညကောင်းကင်ယံအောက်တွင် ရှင်းဖန်မြို့မှာ စည်ကားနေဆဲ ဖြစ်သည်။ ချန်ဖေးက စားသောက်ဆိုင်တွင် ထိုင်လျက် အောက်ဘက်မှ သွားလာနေသော လူများကို ကြည့်နေ၏။

ပုန်ကန်မှုများက နှစ်အတော်ကြာ ဖြစ်ပွားနေခဲ့သော်လည်း ငြိမ်သက်သွားခြင်း မရှိဘဲ ဆန့်ကျင်ဘက်အားဖြင့် ပိုမို ပြင်းထန်လာခဲ့သည်။ ရှင်းဖန်မြို့သည် နတ်တိမ်ဓားဂိုဏ်းနှင့် ပိုမို နီးကပ်သောကြောင့် သက်ရောက်မှု နည်းပါးခဲ့သည်။

သို့သော် ဤတည်ငြိမ်မှုက မည်မျှကြာအောင် တည်တံ့မည်ကိုမူ ပြောရခက်ပေသည်။

ချိုးယွမ်ကျန်က ချန်ဖေး၏ မျက်နှာချင်းဆိုင်တွင် တိတ်ဆိတ်စွာ ထိုင်နေပြီး အစားအစာ အနည်းငယ်ကို တိတ်တဆိတ် စားသောက်ကာ ရပ်တန့်လိုက်သည်။ လက်တစ်ဖက် ဆုံးရှုံးပြီးနောက် သူ လုံးဝ တိတ်ဆိတ်သွားသည့်အလားပင်။

ချန်ဖေးက သူ၏ ဝိုင်ခွက်ကို ကောက်ကိုင်၍ တစ်ငုံသောက်လိုက်ပြီး လမ်းမ၏ အဝေးတစ်နေရာသို့ လှမ်းကြည့်လိုက်စဉ် သူ၏ အမူအရာက ရုတ်တရက် အနည်းငယ် ပြောင်းလဲသွား၏။ ထိုနေရာတွင် ချန်ဖေးသည် ဒွာရသန့်စင်ခြင်းအဆင့် တစ်ဦး၏ အရှိန်အဝါကို အာရုံခံမိလိုက်သည်။

ဤဒွာရသန့်စင်ခြင်းအဆင့်၏ အရှိန်အဝါသည် ဒွာရသန့်စင်ခြင်း အစောပိုင်းအဆင့်နှင့် မတူဘဲ အလွန် ကျစ်လျစ်လှသည်။ ဤသိုင်းပညာရှင်သည် အနည်းဆုံး ဒွာရသန့်စင်ခြင်း အလယ်အလတ်အဆင့်နှင့် ညီမျှသော ကျွမ်းကျင်မှုအဆင့်ကို ပိုင်ဆိုင်ထားသင့်ပေသည်။

ရှင်းဖန်မြို့တွင် အမြဲတမ်း နေထိုင်သော ဒွာရသန့်စင်ခြင်းအဆင့် ပညာရှင် မရှိသကဲ့သို့ အပြင်ဘက်မှ လေလွင့်ကျင့်ကြံသူများသည်လည်း ဤနေရာသို့ ခြေချခဲလှသည်။ အဘယ်ကြောင့်ဆိုသော် မြို့သည် နတ်တိမ်ဓားဂိုဏ်းနှင့် အလွန် နီးကပ်လွန်းသောကြောင့် ဖြစ်၏။

ယခင်ကဆိုလျှင် ဒွာရသန့်စင်ခြင်းအဆင့် သိုင်းပညာရှင်သည် နတ်တိမ်ဓားဂိုဏ်းတွင် ဧည့်သည်တော် အကြီးအကဲ တစ်ဦး ဖြစ်လာရန် သို့မဟုတ် ဝေးဝေးနေရန် လိုအပ်သည်။ သို့မဟုတ်ပါက အချိန်မရွေး နတ်တိမ်ဓားဂိုဏ်းကို စော်ကားမိသလို ဖြစ်သွားနိုင်ပေသည်။

ယခု နတ်တိမ်မြို့ရှိ အခြေအနေများက အလွန် ရှုပ်ထွေးနေသဖြင့် လေလွင့်ကျင့်ကြံသူ တစ်ဦးက အပျင်းပြေ ဤနေရာသို့ လာရောက်လည်ပတ်နေမည် ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ချေ။

လမ်းမ၏ တစ်ဖက်စွန်းမှ အရှိန်အဝါက ဤဘက်သို့ ဦးတည်လာနေပြီး တစ်ခဏအတွင်းမှာပင် ချန်ဖေးက ထိုလူ၏ ရုပ်ရည်သွင်ပြင်ကို ရှင်းလင်းစွာ မြင်လိုက်ရကာ ချန်ဖေး၏ မျက်ခုံးများ ချက်ချင်း တွန့်ကွေးသွား၏။

ဟုန်ယွမ်ဖုန်း။

နတ်တိမ်ဓားဂိုဏ်းမှ ဟုန်ယွမ်ဖုန်းသည် ချန်ဖေးအပေါ် နက်ရှိုင်းသော မှတ်မှတ်ရရ ဖြစ်မှုတစ်ခုကို ချန်ရစ်ထားခဲ့သည်။ ဟုန်ယွမ်ဖုန်း၏ စကားတစ်ခွန်းကြောင့် သူသည် ထိုအချိန်က နတ်တိမ်ဓားဂိုဏ်း၏ အကျဉ်းချခြင်းကို ခံရလုနီးပါး ဖြစ်ခဲ့ရ၏။

မာနထောင်လွှားပြီး ချန်ဖေးကို အနိုင်ကျင့်ခဲ့သော ရှန်တင်းယန်သည် ဟုန်ယွမ်ဖုန်း၏ တပည့် ဖြစ်သည်။ ထွက်ပြေးစရာ လမ်းမရှိသောကြောင့် ချန်ဖေးက ရှန်တင်းယန်ကို သတ်ပစ်ခဲ့ရာ နောက်ဆုံးတွင် ဟုန်ယွမ်ဖုန်းကို ဒေါသထွက်စေခဲ့သည်။

ချန်ဖေးက ရှန်တင်းယန်ကို သတ်ခဲ့ကြောင်း သက်သေပြရန် ဟုန်ယွမ်ဖုန်းတွင် အထောက်အထား မရှိကာ မည်သို့ပင်ဆိုစေကာမူ ထိုအချိန်က ချန်ဖေးမှာ အရိုးသန့်စင်ခြင်း အဆင့်တွင်သာ ရှိနေသေးပြီး ရှန်တင်းယန်က ခြင်ဆီသန့်စင်ခြင်း အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။

နတ်တိမ်ဓားဂိုဏ်းမှ ခြင်ဆီသန့်စင်ခြင်း အဆင့်ရှိ တပည့်တစ်ဦးသည် မည်သို့ပင် ကြည့်စေကာမူ ယွမ်ချန်ဓားဂိုဏ်း၏ အရိုးသန့်စင်ခြင်း အဆင့်ရှိ တပည့်တစ်ဦး၏ သတ်ဖြတ်ခြင်းကို ခံရရန် မဖြစ်နိုင်ချေ။

သို့သော် ဟုန်ယွမ်ဖုန်းကမူ ချန်ဖေးကို စစ်ဆေးမေးမြန်းရန် နတ်တိမ်ဓားဂိုဏ်းသို့ ခေါ်ဆောင်လာစေရန် ယွမ်ချန်ဓားဂိုဏ်းကို အလိုရှိနေဆဲပင်။ နောက်ဆုံးတွင် အဖွဲ့အစည်း အသီးသီးကြား အာဏာပြိုင်ဆိုင်မှုများ အပြီးတွင် ယွမ်ချန်ဓားဂိုဏ်းက နတ်တိမ်ဓားဂိုဏ်းကို ရှင်းလင်းချက် တစ်ခုပေးခဲ့ပြီး ချန်ဖေးကို တစ္ဆေနယ်မြေသို့ စေလွှတ်လိုက်သည်။

နှစ်များစွာ ကြာပြီးနောက် သူ၏ အသက်ရှင်ခြင်း သို့မဟုတ် သေဆုံးခြင်းကို တစ်ချိန်က ပေါ့ပေါ့ဆဆ စကားတစ်ခွန်းဖြင့် ဆုံးဖြတ်ခဲ့ဖူးသော နတ်တိမ်ဓားဂိုဏ်းမှ အကြီးအကဲ ဟုန်ယွမ်ဖုန်းနှင့် ရှင်းဖန်မြို့တွင် ပြန်လည်ဆုံတွေ့ရမည်ဟု ချန်ဖေး ဘယ်သောအခါမှ မထင်မှတ်ထားခဲ့ပေ။

ချန်ဖေးက ဟုန်ယွမ်ဖုန်းကို မြင်လိုက်သည့် တစ်ချိန်တည်းမှာပင် ဟုန်ယွမ်ဖုန်းကလည်း ချန်ဖေးကို မြင်လိုက်ပြီး သူ၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွား၏။

ယွမ်ချန်ဓားဂိုဏ်း၏ အသစ်တက်လာသော ဒွာရသန့်စင်ခြင်းအဆင့်...

ရှန်တင်းယန်သည် သူ၏ အချစ်ရဆုံး တပည့်ဖြစ်သောကြောင့် ဟုန်ယွမ်ဖုန်းက ထိုအချိန်က ဖြစ်ပျက်ခဲ့သမျှကို သဘာဝကျစွာပင် မှတ်မိနေ၏။ သို့သော် သူသည် အသက်ရှင်လျက်ဖြစ်စေ၊ သေဆုံးလျက်ဖြစ်စေ အရိပ်အယောင်မျှပင် မရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။

ချန်ဖေးအတွက် ပြစ်ဒဏ်ကို ဆုံးဖြတ်ပြီးပြီ ဖြစ်သော်လည်း အရိုးသန့်စင်ခြင်း အဆင့်သာရှိသော သူတစ်ယောက်သည် တစ္ဆေနယ်မြေကဲ့သို့ နေရာမျိုးတွင် အသက်ရှင်လျက် ပြန်လာနိုင်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ကြပေ။

ဒွာရသန့်စင်ခြင်းအဆင့် ပညာရှင်တစ်ဦးအနေဖြင့် ဟုန်ယွမ်ဖုန်းသည် ခန္ဓာကိုယ်ကြံ့ခိုင်ခြင်း အဆင့်ရှိ တပည့်တစ်ဦးအပေါ် အာရုံစိုက်နေ၍ မရနိုင်သဖြင့် ဤကိစ္စကို ပြီးဆုံးသွားပြီဟု မှတ်ယူခဲ့သည်။

သို့သော် မထင်မှတ်ထားသောအရာမှာ ချန်ဖေးသည် ထို့နောက်ပိုင်းတွင် အဆင့်များ တစ်ဆင့်ပြီးတစ်ဆင့် တက်လှမ်းလာပြီး နှစ်အနည်းငယ် အတွင်းမှာပင် ဒွာရသန့်စင်ခြင်း အဆင့်သို့ ရောက်ရှိလာခြင်းပင်။

ဤကဲ့သို့သော ပါရမီက ရှန်တင်းယန်ကို သတ်ခဲ့သူမှာ ချန်ဖေးပင် ဖြစ်မည်ဟု ဟုန်ယွမ်ဖုန်းကို သံသယဝင်စေခဲ့သည်။

ထိုအချိန်က ချန်ဖေးမှာ အရိုးသန့်စင်ခြင်း အဆင့်တွင်သာ ရှိနေသေးသော်လည်း သူ၏ ပါရမီများက မဖြစ်နိုင်သောအရာကို ဖြစ်နိုင်စေခဲ့၏။

သို့သော် ဤကိစ္စမှာ ပြီးဆုံးသွားခဲ့သည်မှာ အလွန် ကြာမြင့်နေပြီ ဖြစ်သည်။ နတ်တိမ်မြို့တွင် ဟုန်ယွမ်ဖုန်းသည် ဤကိစ္စကို အကြောင်းပြ၍ ပြဿနာရှာ မရနိုင်သကဲ့သို့ ယွမ်ချန်ဓားဂိုဏ်းကလည်း ဤမျှ ပါရမီရှိသော ဒွာရသန့်စင်ခြင်းအဆင့် တစ်ဦးကို လက်လွှတ်ခံမည် မဟုတ်ချေ။

"ဒီနေ့ ရှင်းဖန်မြို့မှာ သူနဲ့ ပြန်ဆုံရလိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး..."

"သူ့ကို သတ်ဖို့ အခွင့်အရေး ရှာရမလား..."

ဟုန်ယွမ်ဖုန်းက မျက်လုံးများကို အနည်းငယ် ကျဉ်းမြောင်းလိုက်သည်။ သူ၏ ကျင့်ကြံခြင်းအဆင့်ဖြင့် ဒွာရသန့်စင်ခြင်း အစောပိုင်းအဆင့် တစ်ဦးကို သတ်ရန်မှာ မုန့်တစ်ခုစားသကဲ့သို့ လွယ်ကူပေလိမ့်မည်။

အခန်း (၃၃၉) လျှပ်တစ်ပြက် မြင်ကွင်းများ

ဟုန်ယွမ်ဖုန်းက တစ်ခဏမျှ စဉ်းစားပြီးနောက် နောက်ဆုံးတွင် ထိုအတွေးကို စွန့်လွှတ်လိုက်၏။ ဤနေရာသည် ရှင်းဖန်မြို့ ဖြစ်ပြီး နတ်တိမ်မြို့နှင့် အလွန် နီးကပ်လွန်းသည်။ အကယ်၍ ဤနေရာတွင် တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားပါက ချန်ဖေးကို သတ်နိုင်ခဲ့လျှင်တောင် သတင်းက နောက်ဆုံးတွင် နတ်တိမ်မြို့သို့ ပြန်ရောက်သွားမည်မှာ သေချာသည်။

အကယ်၍ ဟုန်ယွမ်ဖုန်းက ချန်ဖေးကို ရှင်းဖန်မြို့ပြင်သို့ မျှားခေါ်ပြီး အပြင်ဘက်တွင် တိတ်တဆိတ် သတ်ဖြတ်နိုင်ခြင်း မရှိပါက ဤသည်က နတ်တိမ်ဓားဂိုဏ်းနှင့် ယွမ်ချန်ဓားဂိုဏ်းကြား ဆက်ဆံရေးကို တိုက်ရိုက် ပြတ်တောက်သွားစေလိမ့်မည်။

သို့သော် ဤသည်က အချိန်ယူရပြီး လက်ရှိတွင် ဟုန်ယွမ်ဖုန်း၌ အတိအကျ ကင်းမဲ့နေသောအရာ ဖြစ်သည်။ သူ့တွင် ထမ်းဆောင်ရန် တာဝန်တစ်ခု ရှိနေပြီး ရှင်းဖန်မြို့မှာ ဖြတ်သန်းသွားမည့် နေရာတစ်ခုမျှသာ ဖြစ်၏။ သူ မနက်ဖြန် ထွက်ခွာတော့မည် ဖြစ်သည်။

ဤအရာကို တွေးမိသောအခါ ဟုန်ယွမ်ဖုန်းက သူ၏ မျက်လုံးထဲမှ သတ်ဖြတ်လိုသော အငွေ့အသက်များကို ဖိနှိပ်လိုက်ပြီး စားသောက်ဆိုင်ထဲရှိ ချန်ဖေးကို အနည်းငယ် ခေါင်းညိတ်ပြကာ လမ်းမ၏ တစ်ဖက်စွန်းသို့ ပျောက်ကွယ်သွား၏။

အပေါ်ထပ် စားသောက်ဆိုင်တွင် ချန်ဖေးက သူ၏ ညာလက်ဖြင့် စားပွဲကို ဖွဖွလေး ခေါက်နေသည်။ ဟုန်ယွမ်ဖုန်း၏ သတ်ဖြတ်လိုသော အငွေ့အသက်များက တစ်ခဏမျှသာ လင်းလက်သွားသော်လည်း ချန်ဖေးက ဖမ်းဆုပ်မိလိုက်ဆဲ ဖြစ်သည်။

ဝိညာဉ်ကြိုးမျှင် ကျင့်စဉ်၏ ကျင့်ကြံမှု အဆင့်များ တိုးလာသည်နှင့်အမျှ ဤသိမ်မွေ့သော ပြောင်းလဲမှုများအပေါ် ချန်ဖေး၏ အာရုံခံနိုင်စွမ်းမှာလည်း ပိုမို အားကောင်းလာခဲ့သည်။

ဒွာရသန့်စင်ခြင်း အလယ်အလတ်အဆင့် ကျင့်ကြံမှုရှိသော ဟုန်ယွမ်ဖုန်းသည် နတ်တိမ်ဓားဂိုဏ်း၏ ထိပ်တန်း အမွေအနှစ် ကျင့်စဉ်ကိုလည်း ပိုင်ဆိုင်ထားသည်။ ထိုသို့သော စွမ်းအားမျိုးသည် ယခင်က ချန်ဖေး ရန်စရန် မတတ်နိုင်သော အရာဖြစ်၏။

အကယ်၍ ထိုစဉ်က တစ်ဖက်လူသည် သူ့ကို သတ်ရန် အတင်းအကျပ် ကြိုးစားလာပါက ချန်ဖေးမှာ ခုခံနိုင်စွမ်း ရှိမည်မဟုတ်ချေ။ သို့သော် ယခုအခါ အခြေအနေများက လုံးဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်ပြီး အချိန်ကြာလာသည်နှင့်အမျှ နှစ်ဖက်ကြား ကွာဟချက်က ပိုမို ကျယ်ပြန့်လာမည်သာ ဖြစ်သည်။

ချိုးယွမ်ကျန်က ဟုန်ယွမ်ဖုန်း၏ ပုံရိပ် ပျောက်ကွယ်သွားသည်ကို ကြည့်နေပြီး သူ၏ မျက်လုံးများထဲတွင် စဉ်းစားတွေးတောနေသော အရိပ်အယောင်တစ်ခု ရှိနေသော်လည်း လျင်မြန်စွာပင် ပြန်လည် ဖုံးကွယ်လိုက်၏။

တစ်နာရီ အကြာတွင် တည်းခိုခန်း အခန်းတွင်း၌ ချန်ဖေးက တင်ပျဉ်ခွေ ထိုင်နေပြီး ဆွဲငင်အား စက်ကွင်းတစ်ခုက သူ့အပေါ် ဖိနှိပ်ထားသည်။ ဧရာမ စွမ်းအားကြီးက လေထုအတွင်း လှိုင်းဂယက်များ ထစေသော်လည်း ဤဆွဲငင်အားသည် ပတ်ဝန်းကျင်ရှိ အရာဝတ္ထုများအပေါ် သက်ရောက်မှု မရှိပေ။

ကျုံးယွမ် ဓားသိုင်း ပြီးပြည့်စုံခြင်း အဆင့်တွင် ချန်ဖေးသည် မိမိ၏ ခွန်အားအပေါ် အပြည့်အဝ ကျွမ်းကျင်မှု ပြသလျက် စွမ်းအား တစ်စက်ချင်းစီကို စိတ်ကြိုက် ထိန်းချုပ်နိုင်နေပြီ ဖြစ်၏။

ထိန်းချုပ်နိုင်သော စွမ်းအားကသာလျှင် မိမိကိုယ်ပိုင်စွမ်းအား အစစ်အမှန် ဖြစ်သည်။

အသိစိတ်ပင်လယ်အတွင်း၌ ဆွဲငင်အားက သူ့အပေါ် ဖိနှိပ်ထားစဉ် ဘီလူးဝိညာဉ် ဓားသိုင်းနှင့် ပတ်သက်သော ထိုးထွင်းသိမြင်မှုများက သူ၏ စိတ်ထဲတွင် ဆက်တိုက် လင်းလက်နေပြီး ထိုအရာများကို ချန်ဖေးက တစ်ခုပြီးတစ်ခု စုပ်ယူလိုက်၏။

အချိန်အနည်းငယ် ကြာပြီးနောက် ဘီလူးဝိညာဉ် ဓားသိုင်းကို ပြီးပြည့်စုံခြင်း အဆင့်ထိ ကျင့်ကြံနိုင်တော့မည် ဖြစ်သည်။ ထိုအချိန်ရောက်လျှင် ယွမ်ချန် ဓားကျမ်းစာ၏ သန့်စင်ပေးမှုအောက်တွင် ချန်ဖေး၏ တိုက်ခိုက်ရေးစွမ်းအားမှာ အဆင့်သစ်တစ်ခုသို့ ရောက်ရှိသွားမည် ဖြစ်၏။

အကယ်၍ ချန်ဖေးက ဤတစ်ကြိမ်တွင် မဟာမိုးကြိုး ဓားသိုင်းကို အောင်မြင်စွာ ပြန်လည်ရယူနိုင်ပြီး ယွမ်ချန် ဓားကျမ်းစာ၏ အခြားအဆင့်များမှ ကျင့်စဉ်များကိုပါ ရှာတွေ့နိုင်ပါက သူ၏ တိုက်ခိုက်ရေးစွမ်းအားမှာ ဆက်လက် တိုးတက်လာနိုင်မည် ဖြစ်သည်။

သို့မဟုတ်ပါက ချန်ဖေးသည် တိုက်ခိုက်ရေးစွမ်းအား ရပ်တန့်နေမှုကို ကုစားရန်အတွက် အခြား ကျင့်စဉ်များကို ရှာဖွေရာတွင် စွမ်းအင်များ ဖြုန်းတီးရလိမ့်မည် ဖြစ်သည်။ နောက်တစ်နည်းမှာ သူ၏ တိုက်ခိုက်ရေးစွမ်းအားကို တိုးမြှင့်ရန်အတွက် ဒွာရသန့်စင်ခြင်း နောက်ဆုံးအဆင့် တက်လှမ်းခြင်းကဲ့သို့ ကျင့်ကြံခြင်းအဆင့် တိုးတက်မှုကိုသာ အသုံးပြုရမည် ဖြစ်၏။

သို့သော် လုံလောက်သော ကောင်းမွန်သည့် ကျင့်စဉ်တစ်ခု မရှိဘဲ ဒွာရသန့်စင်ခြင်း နောက်ဆုံးအဆင့်သို့ တက်လှမ်းနိုင်လျှင်ပင် အဆိုးရွားဆုံး ဒွာရသန့်စင်ခြင်း နောက်ဆုံးအဆင့် မဟုတ်သည့်တိုင် ဒွာရသန့်စင်ခြင်း နောက်ဆုံးအဆင့် အချင်းချင်းကြားတွင် မည်သည့် အားသာချက်မှ ရှိမည်မဟုတ်ချေ။

သဘာဝကျစွာပင် ချန်ဖေး၌ နဂါးဆင်နှိမ်နင်းခြင်း ကျင့်စဉ် ရှိနေသော်လည်း သူက နဂါးဆင်နှိမ်နင်းခြင်း တစ်ခုတည်းကိုသာ ပိုင်ဆိုင်ထား၍ မရနိုင်ပေ။

ချန်ဖေး ယွမ်ချန် ဓားကျမ်းစာကို ပြန်လည် မရယူမီက ယွမ်ချန်ဓားဂိုဏ်း၏ အဆင့်မြင့် တိုက်ခိုက်ရေးစွမ်းအားမှာ ပတ်ဝန်းကျင်ရှိ ဂိုဏ်းများကြားတွင် အတော်လေး သာမန်သာ ဖြစ်ခဲ့၏။

တခြားနည်းလမ်း မရှိချေ။ ကျုံးယွမ် ဓားသိုင်းနှင့် ဘီလူးဝိညာဉ် ဓားသိုင်း နှစ်ခုစလုံးက ဒွာရ ရှစ်ဆယ်စီသာ ဖွင့်လှစ်နိုင်သည်။ အခြားတစ်ဖက်တွင်မူ ဒွာရသန့်စင်ခြင်း နောက်ဆုံးအဆင့်သည် ဒွာရ တစ်ရာ့ရှစ်ခု အပြည့်အဝ ဖွင့်လှစ်နိုင်ရာ ကွာဟချက်မှာ အတော်လေး ကြီးမားလှသည်။

ယခု ယွမ်ချန် ဓားကျမ်းစာ၏ ပထမဆုံး အဆင့်နှစ်ခု ပြန်လည်ရရှိလာချိန်တွင် ကျုံးယွမ် ဓားသိုင်းနှင့် ဘီလူးဝိညာဉ် ဓားသိုင်းတို့ကို ပေါင်းစပ်ပြီးနောက် ဒွာရ ကိုးဆယ်အထိ ရောက်ရှိနိုင်ပြီ ဖြစ်ရာ နတ်တိမ်မြို့ တစ်ဝိုက်ရှိ ဂိုဏ်းများကြားတွင် မဆိုးလှချေ။

နတ်တိမ်ဓားဂိုဏ်းနှင့် ရှန်းယန်ဂိုဏ်းတို့ကို ယှဉ်နိုင်မည် မဟုတ်သည်မှာ သေချာသော်လည်း အနည်းဆုံးတော့ မူလဂိုဏ်းထက် မဆိုးရွားသကဲ့သို့ ထိုဧည့်သည်တော် အကြီးအကဲများ၏ ကျင့်စဉ်များထက်လည်း မအားနည်းပေ။

နောက်တစ်နေ့ နံနက်စောစောတွင် ချန်ဖေးက ချိုးယွမ်ကျန်ကို ခေါ်ဆောင်၍ ရှင်းဖန်မြို့မှ ထွက်ခွာကာ ရှန်ဝူမြို့သို့ ဦးတည်သွား၏။ ရှန်ဝူမြို့သည် ချင်ဟိုင်မြို့ အနီးတွင် ရှိသဖြင့် ချင်ဟိုင်မြို့ကို ဖြတ်သန်းသွားရန် မလိုဘဲ ကွေ့ရှောင်သွားရုံသာ ဖြစ်သည်။

နာရီအတော်ကြာ ဖြတ်သန်းပြီးနောက် အဝေးမှ ဧရာမ မြို့ကြီးတစ်မြို့ကို မြင်ရသောအခါ ချန်ဖေးက ချိုးယွမ်ကျန်နှင့်အတူ ရပ်တန့်လိုက်သည်။

ချိုးယွမ်ကျန်ကလည်း အံ့ဩတကြီးဖြင့် အရှေ့သို့ လှမ်းကြည့်လိုက်သည်။ အခြားအကြောင်းကြောင့် မဟုတ်ဘဲ ရှန်ဝူမြို့ကို ဝိုင်းရံထားသော တပ်ဖွဲ့များ ရှိနေပြီး လုံးလုံးလျားလျား ပိတ်ဆို့ထားသောကြောင့်ပင်။

"သူပုန်တွေလား..."

ချန်ဖေးက မျက်မှောင်ကြုတ်လိုက်၏။

"အလံကို ကြည့်ရတာ ယာရှန်း တပ်မတော်နဲ့ တူတယ်..."

ချိုးယွမ်ကျန်က တိုးညှင်းစွာ ပြောလိုက်သည်။

"သူတို့ နောက်ခံက ဘာလဲ..."

ချန်ဖေးက ချိုးယွမ်ကျန်ကို လှည့်ကြည့်လိုက်၏။ ဖျင်ရင်ခရိုင်တွင် ဆုံတွေ့ခဲ့သူမှလွဲ၍ ချန်ဖေးသည် သူပုန်များနှင့် အဆက်အသွယ် အလွန် နည်းပါးခဲ့သည်။ သို့သော် ရိုးရိုးသားသား ပြောရလျှင် ထိုသူပုန်တပ်မှာ သိပ်မသန်မာလှသဖြင့် ဖျင်ရင်ခရိုင်ကဲ့သို့ ခရိုင်ငယ်လေး တစ်ခုကိုသာ သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

မင်းဆက်မှာ မတည်ငြိမ်ဘဲ နေရာအနှံ့ ပုန်ကန်မှုများ ဖြစ်ပွားနေခဲ့၏။ ဤသူပုန်အဖွဲ့ အများစုမှာ အမှန်တကယ်ပင် တောင်ပေါ် ဓားပြများမှ ဆင်းသက်လာခြင်း ဖြစ်သော်လည်း ထိုသူပုန်များသည် ကြီးမားသော အင်အားကို ရရှိခဲလှသည်။ များသောအားဖြင့် အပြတ်ရှင်းခံရခြင်း သို့မဟုတ် အခြား သူပုန်အဖွဲ့များ၏ ဝါးမြိုခြင်းကို ခံရကာ ပိုမို ကြီးမားသော သူပုန်တပ်ဖွဲ့များ ဖြစ်လာကြသည်။

ယာရှန်း ဂိုဏ်းက ပုန်ကန်မှုတစ်ခု ပြုလုပ်ခဲ့ပြီး ထိုဂိုဏ်း၏ အင်အားက အဖွဲ့ဝင်များစွာကို ဆွဲဆောင်နိုင်ခဲ့ကြောင်း ကောလာဟလများ ထွက်ပေါ်နေခဲ့သည်။ သူတို့ကို ယာရှန်း ဂိုဏ်း၏ ကျင့်စဉ်များဖြင့် ဆုချီးမြှင့်ခဲ့ပြီး ဂိုဏ်း၏ တပည့် လေ့ကျင့်ရေး နည်းစနစ်များက စစ်သားများကို သိုင်းပညာရှင်များအဖြစ် လျင်မြန်စွာ ပြောင်းလဲပေးခဲ့၏။

ချိုးယွမ်ကျန်က ပြန်လည် စဉ်းစား၍ ပြောလိုက်သော်လည်း သူ၏ စကားများက အနည်းငယ် မသေချာလှပေ။ ကောလာဟလများသာ ဖြစ်ပြီး ချိုးယွမ်ကျန်က ဤကိစ္စများကို များသောအားဖြင့် ဂရုမစိုက်သောကြောင့် ဖြစ်၏။

"ယာရှန်း ဂိုဏ်း..."

ချန်ဖေး၏ စိတ်ထဲတွင် အနည်းငယ် လှုပ်ရှားသွား၏။ အမည်က ရင်းနှီးနေပုံရသည်။

ချန်ဖေးသည် စာရွက်စာတမ်း အချို့တွင် တွေ့ဖူးခဲ့သည်။ ဂိုဏ်းအတွင်းရှိ အစွမ်းအထက်ဆုံး လူမှာ ဒွာရသန့်စင်ခြင်း အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း မည်သည့်အဆင့် ဖြစ်ကြောင်း စာရွက်စာတမ်းတွင် အတိအကျ ဖော်ပြထားခြင်း မရှိပေ။

ယွမ်ချန်ဓားဂိုဏ်းလောက် မစွမ်းဆောင်နိုင်သော်လည်း တိတ်ဆိတ်စွာဖြင့် လွတ်လပ်ပေါ့ပါးသော ဘဝကို နေထိုင်နိုင်ခဲ့ကြသည်။

မထင်မှတ်ဘဲ ဤမျှ ကြီးမားသော အတိုင်းအတာဖြင့် ပုန်ကန်ထကြွခဲ့ကြပြီး ယခုအခါ ရှန်ဝူမြို့ကိုပင် ဝိုင်းရံပိတ်ဆို့ထားကြ၏။

ရှန်ဝူမြို့မှာ မြို့ငယ်လေး မဟုတ်ပေ။ ချင်ဟိုင်မြို့နှင့် ရှင်းဖန်မြို့တို့နှင့် နှိုင်းယှဉ်ပါက ရှန်ဝူမြို့၏ ခံစစ်အင်အားမှာ ထိုမြို့နှစ်မြို့ထက် များစွာ သာလွန်၏။ ပို၍ အရေးကြီးသည်မှာ ရှန်ဝူမြို့ရှိ တပ်စွဲထားသော တပ်များက အားကောင်းရုံသာမက တပ်များကို ကွပ်ကဲနေသော စစ်သူကြီးများမှာလည်း အလွန် ကျွမ်းကျင်လှသည်။

အခြားနေရာများတွင် ယာရှန်း တပ်မတော်က ခေါင်းဆောင်ကို လုပ်ကြံခြင်းမျိုး ပြုလုပ်နိုင်သော်လည်း ရှန်ဝူမြို့တွင်မူ လုံးဝ အလုပ်ဖြစ်မည် မဟုတ်ချေ။

ပို၍ အားနည်းသော ချင်ဟိုင်မြို့ကို ရွေးချယ်မည့်အစား ယာရှန်း တပ်မတော်က ရှန်ဝူမြို့ကို ဝိုင်းရံပိတ်ဆို့ခဲ့သည်။ ရည်ရွယ်ချက်က ဘာလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရပေ။

ရှန်ဝူမြို့၏ ဂိတ်တံခါးများ အတင်းအကျပ် ပိတ်ထားပြီး နှစ်ဖက်စလုံး အကျပ်အတည်း ဖြစ်နေကြသည်။ ယာရှန်း တပ်မတော်က မတိုက်ခိုက်ဘဲ မြို့ကို ဝိုင်းရံထားသော်လည်း ရှန်ဝူမြို့အပေါ် ဆက်လက်၍ ဖိအားပေးနေ၏။

"မင်းသူငယ်ချင်းက များသောအားဖြင့် ရှန်ဝူမြို့မှာ ရှိတာလား..."

ချန်ဖေးက မေးလိုက်သည်။

ယာရှန်း တပ်မတော်က လက်ရှိတွင် ရှန်ဝူမြို့ကို ဝိုင်းရံထားပြီး မြို့တံခါး လေးပေါက်စလုံးတွင် အင်အားအများအပြား ချထားသည်။ မြို့ရိုး၏ အခြား အစိတ်အပိုင်းများတွင်ပင် လူများ အဝင်အထွက် မပြုလုပ်နိုင်ရန် ကင်းလှည့်နေကြ၏။

အကယ်၍ ချန်ဖေးက ရှန်ဝူမြို့တွင်းသို့ ဝင်ချင်ပါက ယခု တစ်ခုတည်းသော ရွေးချယ်စရာမှာ မြို့ရိုးများကို ကျော်တက်ရန်သာ ဖြစ်သည်။ သို့သော် ချိုးယွမ်ကျန်၏ သူငယ်ချင်း ရှန်ဝူမြို့တွင်း၌ ရှိနေမည်လား ဆိုသည်မှာ အခြား မေးခွန်းတစ်ခု ဖြစ်၏။

ရှန်ဝူမြို့ ဝိုင်းရံခံထားရချိန်တွင် အကယ်၍ ဒွာရသန့်စင်ခြင်းအဆင့် ပညာရှင်များ အမှန်တကယ် အတွင်း၌ ရှိနေပါက ထွက်ပြေးရန် အခွင့်အရေးကို ဆုပ်ကိုင်ကြလိမ့်မည်။

ဒွာရသန့်စင်ခြင်းအဆင့်၏ ကျင့်ကြံမှုဖြင့် ဆိုလျှင် လမ်းကို ပိတ်ဆို့နေသော အခြား အဆင့်တူ အစွမ်းထက် ပညာရှင်များ မရှိပါက သာမန် စစ်တပ်များက သူတို့ကို တားဆီးနိုင်မည် မဟုတ်ချေ။

ယာရှန်း တပ်မတော်၏ ပစ်မှတ်မှာ ရှန်ဝူမြို့ ဖြစ်ပြီး သတ်ဖြတ်ရမည့် စာရင်းတွင် မပါဝင်ပါက အခြားသော ဒွာရသန့်စင်ခြင်းအဆင့်များ ထွက်ပြေးသွားခြင်းကို သေချာပေါက် မျက်ကွယ်ပြုထားမည် ဖြစ်ပြီး တားဆီးရန် မလိုအပ်ပေ။

"ပုံမှန်ဆိုရင်တော့ ရှန်ဝူမြို့မှာ ရှိမှာပါ... ဒါပေမဲ့ လက်ရှိ အခြေအနေအရ သေချာတော့ မပြောတတ်ဘူး..."

ချိုးယွမ်ကျန်က ခေါင်းခါလျက် မသေချာစွာ ပြောလိုက်၏။

ချန်ဖေးက မျက်မှောင်အနည်းငယ် ကြုတ်၍ ကောင်းကင်ကို တစ်ချက်ကြည့်လိုက်သည်။

ညအမှောင်ကို အကာအကွယ်ယူ၍သာ မြို့ထဲသို့ ဝင်နိုင်မည်ကို သူ သိထား၏။ နေ့ခင်းဘက်တွင် မြင်ကွင်းက အလွန် ရှင်းလင်းလွန်းပြီး ချန်ဖေး မည်မျှပင် မြန်မြန် ရွေ့လျားစေကာမူ သူ၏ လှုပ်ရှားမှုများကို အလွယ်တကူ သတိပြုမိသွားနိုင်ပေသည်။ ယာရှန်း တပ်မတော်၏ မျက်စိထဲတွင်ရော ရှန်ဝူမြို့၏ မျက်စိထဲတွင်ပါ အလွယ်တကူ အာရုံစိုက်စရာ ဖြစ်သွားလိမ့်မည်။

အချိန်များ ဖြည်းညင်းစွာ ကုန်ဆုံးသွားပြီး ညအချိန်သို့ တဖြည်းဖြည်း ရောက်ရှိလာ၏။ တောင်ထိပ်ပေါ်တွင် ချန်ဖေးက သူ၏ မျက်လုံးများကို တဖြည်းဖြည်း ဖွင့်လိုက်သည်။ အဝေးမှ ယာရှန်း တပ်မတော်က ဆုတ်ခွာခရာ မှုတ်လိုက်ပြီ ဖြစ်သော်လည်း ရှန်ဝူမြို့အပြင်ဘက်ရှိ အရေးကြီးသော နေရာအသီးသီးတွင် အင်အားအများအပြား ချထားဆဲပင်။

ချန်ဖေးက ချိုးယွမ်ကျန်ကို လှည့်ကြည့်လိုက်ပြီး ဝိညာဉ်စွမ်းအင်များ ရုတ်တရက် ပေါက်ကွဲထွက်လာကာ ထက်မြက်သော ဓားတစ်လက်ဖြင့် ခုတ်ပိုင်းလိုက်သကဲ့သို့ ချိုးယွမ်ကျန်၏ စိတ်ထဲတွင် လှုပ်ရှားသွားပြီး သူ၏ အသက်ရှူသံများ ပျောက်ကွယ်သွားကြောင်း ရုတ်တရက် သတိပြုမိလိုက်၏။

ချိုးယွမ်ကျန်က ချန်ဖေးကို တစ်ဖန် မော့ကြည့်လိုက်ရာ ချန်ဖေး၏ အရှိန်အဝါကလည်း အရိပ်အယောင်မျှ မရှိဘဲ ပျောက်ကွယ်သွားကြောင်း တွေ့လိုက်ရသည်။

ချိုးယွမ်ကျန် အံ့အားသင့်သွား၏။ ဤကဲ့သို့သော ကျင့်စဉ်မျိုးကို သူ မမျှော်လင့်ထားခဲ့ချေ။

ယခင်က ချန်ဖေးသည် အရှိန်အဝါကို ဒွာရသန့်စင်ခြင်း အစောပိုင်းအဆင့်သို့ ဖိနှိပ်ထားစဉ်က ချိုးယွမ်ကျန်က များစွာ မတွေးခဲ့ပေ။ မည်သို့ပင်ဆိုစေကာမူ အရှိန်အဝါကို ဖိနှိပ်ရန် ခက်ခဲသော်လည်း အချို့သော နည်းလမ်းများနှင့် ကျင့်စဉ်များ ရှိနေဆဲ ဖြစ်၏။

သို့သော် မိမိ၏ အရှိန်အဝါကို လုံးဝ ဖုံးကွယ်ထားရုံသာမက အခြားသူများ၏ အရှိန်အဝါကိုပါ ဖုံးကွယ်ထားနိုင်ခြင်းမှာ အမှန်တကယ်ပင် အံ့မခန်း ဖြစ်သည်။ သူ၏ တစ်သက်တာလုံးတွင် ဤကဲ့သို့သော ကျင့်စဉ်မျိုးကို ချိုးယွမ်ကျန် တစ်ခါမှ မကြားဖူးခဲ့ချေ။ ယွမ်ချန်ဓားဂိုဏ်း အကြောင်းကိုလည်း မကြားဖူးခဲ့သကဲ့သို့ အလားတူ ကျင့်စဉ်မျိုးကိုလည်း မသိခဲ့ပေ။

ချန်ဖေးက သူ၏ အိတ်ထဲမှ ဝိညာဉ်လက်နက်တစ်ပိုင်းကို ထုတ်ယူလိုက်ပြီး နှစ်ဦးစလုံး၏ အရှိန်အဝါများကို ထိုအထဲသို့ ထည့်သွင်းလိုက်သည်။

ဤကဲ့သို့ အသက်စွမ်းအင်ကို လုံးဝ ဖြတ်တောက်လိုက်ခြင်းသည် အံ့မခန်း ဝိညာဉ်သတ်ဖြတ်ခြင်း ကျင့်စဉ်ဖြင့်ပင် မှီခိုအားထားစရာ တစ်ခုခု လိုအပ်ပေသည်။ ဤသည်က ချန်ဖေး၏ အသက်စွမ်းအင်ကို ဒွာရသန့်စင်ခြင်း အစောပိုင်းအဆင့်၌ ကိုယ်တိုင် ဖြတ်တောက်ခြင်းနှင့် များစွာ ကွာခြားလှ၏။

ထို့အပြင် ဤချီစွမ်းအင်ကို လုံးဝ ဖျက်ပစ်ခြင်းမှာ အချိန်ကန့်သတ်ချက် ရှိပြီး အများဆုံး တစ်နာရီအတွင်း ခန္ဓာကိုယ်မှ ပြန်လည် ထွက်ပေါ်လာမည် ဖြစ်သည်။ အကယ်၍ ဆက်လက် ဖုံးကွယ်ထားလိုပါက ချီစွမ်းအင်ကို ပြန်လည် ဖုံးကွယ်ရန် ဝိညာဉ်သတ်ဖြတ်ခြင်း ကျင့်စဉ်ကို ထပ်မံ အသုံးပြုရမည် ဖြစ်၏။

"သွားမယ်..."

ချန်ဖေးက ချိုးယွမ်ကျန်၏ ပခုံးကို ဖမ်းကိုင်လိုက်ပြီး သူ၏ ခန္ဓာကိုယ်က ဝေဝါးသွားကာ ထိုနေရာမှ ပျောက်ကွယ်သွား၏။

မိုင်အနည်းငယ် အကွာအဝေးကို မျက်စိတစ်မှိတ်အတွင်း ဖြတ်ကျော်သွားသည်။

ချန်ဖေးနှင့် ချိုးယွမ်ကျန်တို့သည် တစ္ဆေသရဲများကဲ့သို့ ရွေ့လျားနေကြပြီး အရှိန်အဝါ သို့မဟုတ် အသံ တစ်စက်မျှ ထွက်ပေါ်မလာချေ။ နီးကပ်လာသောအခါ ချန်ဖေးက သူ၏ လက်မောင်းထဲရှိ ဝိညာဉ်လက်နက်ကို အသက်သွင်းလိုက်ပြီး အမြန်နှုန်းကို ပိုမို တိုးမြှင့်လိုက်၏။

သူ၏ လက်မောင်းထဲရှိ ဝိညာဉ်လက်နက်သည် လျှို့ဝှက်နယ်မြေတွင် တုံးရှိုးကျိကို သတ်ပြီးနောက် သူ ရရှိခဲ့သောအရာ ဖြစ်သည်။ ဤဝိညာဉ်လက်နက်ကို ဖေးဆော့ကျန့်ဟု ခေါ်ပြီး အဆင့်နိမ့်သာ ဖြစ်သော်လည်း အာနိသင်များမှာ အလွန် အစွမ်းထက်လှသည်။

အစပိုင်းတွင် ပျမ်းမျှ ကိုယ်ဖော့ပညာသာ ရှိသော တုံးရှိုးကျိသည် ချန်ဖေးနှင့် အခြား နှစ်ဦးကို အမီလိုက်နိုင်ခဲ့သည်မှာ ထိုလက်နက်ကြောင့်ဖြစ်သည်။

ထို့အပြင် ချန်ဖေး၏ ဖေးဆော့ကျန့်ကို အသက်သွင်းမှုက သူ၏ အမြန်နှုန်းကို နောက်ထပ် ရာခိုင်နှုန်း ၂၀ တိုးမြှင့်ပေးနိုင်သည်။

ရာခိုင်နှုန်း ၂၀ ဆိုသည်မှာ သိပ်များလှသည်ဟု မထင်ရသော်လည်း ချန်ဖေး၏ ကိုယ်ပိုင် ရွေ့လျားမှု အမြန်နှုန်းက အလွန် မြန်ဆန်လွန်းသောကြောင့် ဖြစ်၏။ ချန်ဖေးက ကောင်းကင် ရှောင်တိမ်းခြင်း ကိုယ်ဖော့ပညာကို ပြီးပြည့်စုံခြင်း အဆင့်ထိ ကျင့်ကြံပြီးသည်နှင့် ဖေးဆော့ကျန့်မှ ပေးသော ထောက်ပံ့မှုမှာ ပို၍ပင် လျော့ကျသွားမည် ဖြစ်သည်။

သို့တိုင်အောင် ချန်ဖေးသည် ဤဖေးဆော့ကျန့်ကို အလွန် ကျေနပ်နေပြီ ဖြစ်၏။

ထို့ကြောင့် ဖေးဆော့ကျန့်သည် ရှန်းယန်ဂိုဏ်းမှ ဖြစ်ပြီး မတော်တဆ ပေါ်ပေါက်သွားပါက အသက်အန္တရာယ် ရှိနိုင်သော်လည်း ချန်ဖေးက သိမ်းဆည်းထားဆဲ ဖြစ်သည်။

ချန်ဖေး၏ မယုံနိုင်လောက်အောင် မြန်ဆန်သော အမြန်နှုန်းကို မျက်မြင်တွေ့ရှိလိုက်ရသောအခါ ချိုးယွမ်ကျန်မှာ တံတွေး မြိုမချဘဲ မနေနိုင်တော့ချေ။

ယခင် ခရီးစဉ်အတွင်း ချိုးယွမ်ကျန်သည် ချန်ဖေး၏ လှုပ်ရှားမှုများက မယုံနိုင်လောက်အောင် မြန်ဆန်နေကြောင်း တွေ့ရှိခဲ့ပြီး ဖြစ်၏။

ချိုးယွမ်ကျန်၏ မှတ်ဉာဏ်ထဲတွင် မည်သည့် ဒွာရသန့်စင်ခြင်း အလယ်အလတ်အဆင့်မျှ ချန်ဖေး၏ အမြန်နှုန်းနှင့် သွက်လက်မှုကို ယှဉ်နိုင်မည် မဟုတ်ပေ။

ယခု ပြန်လည် စဉ်းစားကြည့်သောအခါ ထိုအမြန်နှုန်းမှာ ချန်ဖေး၏ အကန့်အသတ် လုံးဝ မဟုတ်ချေ။ သူ၏ လက်ရှိ အမြန်နှုန်းမှာ ယခင်ကထက် အဆပေါင်းများစွာ ပိုမြန်နေသည်။

ဤအမြန်နှုန်းသည် ချန်ဖေး၏ အကန့်အသတ် ဖြစ်မဖြစ်ကို ချိုးယွမ်ကျန် သေချာ မပြောနိုင်တော့ပေ။

All Chapters