သဘာဝကျင့်ကြံခြင်းလိုဏ်ဂူအား ရရှိခြင်း၊ ရွှေဓာတ်လုံးအဆင့်ဆီသို့
Vol. 2 Ch. 23
အခန်း (၂၃) သဘာဝကျင့်ကြံခြင်းလိုဏ်ဂူအား ရရှိခြင်း၊ ရွှေဓာတ်လုံးအဆင့်ဆီသို့
ဟန်ကျွယ်ကို ပြန်ဖြေလိုက်ပါတယ် “ကျွန်တော်က တတိယနေရာ ရတာကို ပျော်နေတာ မဟုတ်ပါဘူး၊ အဓိကတောင်ထိပ်ကို ပထမဆုံးအကြိမ် သွားရမှာမို့လို့ စိတ်လှုပ်ရှားနေတာပါ၊ ဆရာသခင်က ကျွန်တော့်ကို တတိယနေရာမှာပဲ ရပ်ဖို့ မပြောထားပါဘူး၊ ကျွန်တော် ကျောက်အေးတောင်ထိပ်ခန်းမကို မရောက်တာလည်း ကြာပါပြီ၊ ကျွန်တော်က ကိုယ်ပိုင်တပည့်ဖြစ်ပေမဲ့ ကျွန်တော် အကောင်းဆုံးကြိုးစားရင် လုံလောက်ပြီလို့ ဆရာသခင်က ပြောထားတယ်”
မိုးကြိုးအင်မော်တယ်ဟာ ဟန်ကျွယ်ရဲ့စကားကို မယုံကြည်တာကြောင့် နှာခေါင်းရှုံ့လိုက်ပါတယ်။
ကျိုးဖန်ဟာ မိုးကြိုးအင်မော်တယ်ရဲ့ ကိုယ်ပိုင်တပည့် ဖြစ်ပါတယ်။ ဟန်ကျွယ်က ကျိုးဖန်ကို အနိုင်ယူပြီး ကျန်တဲ့သူတွေကို မတိုက်ခဲ့ဘဲ အရှုံးပေးလိုက်ခြင်းက မိုးကြိုးတောင်ထိပ်ကို မျက်နှာသာ မပေးတာပါပဲ၊ ဒါပေမဲ့ မိုးကြိုးအင်မော်တယ်ဟာ အကြီးအကဲတစ်ယောက် ဖြစ်တာကြောင့် ဟန်ကျွယ်ကို ထင်သလို အပြစ်မပေးနိုင်ပါဘူး။
ဟန်ကျွယ်ဟာ တစ်ခြားတပည့်နှစ်ယောက်ကို ပြုံးပြလိုက်ပါတယ်။ သူတို့သုံးဦးဟာ စကားပြောဆိုခြင်း မရှိပါဘူး၊ ဒီလိုအချိန်မှာလည်း စကားပြောဖို့က သိပ်မသင့်တော်ပါဘူး။ မကြာခင်မှာပဲ သူတို့လေးဦးဟာ အဓိကတောင်ထိပ်ကို ရောက်ရှိသွားပါတယ်။
မိုးကြိုးအင်မော်တယ်ဟာ ဟန်ကျွယ်တို့သုံးဦးကို တာအိုသခင်ကျင်ရှုနဲ့ မိတ်ဆက်ပေးပြီး ထွက်သွားပါတယ်။
“အတွင်းဂိုဏ်းစမ်းသပ်မှုမှာ ထိပ်ဆုံးရတဲ့သုံးယောက်က လက်ရွေးစင်တပည့်အဖြစ် တိုးမြှင့်ခံရမယ်၊ ဒါ့အပြင် မင်းတို့တွေ သဘာဝကျင့်ကြံခြင်းလိုဏ်ဂူတစ်ဂူကို ရွေးချယ်နိုင်တယ်၊ ပထမရတဲ့သူက ပထမဆုံး ရွေးချယ်ပါ” တာအိုသခင်ကျင်ရှုဟာ ခံစားချက်ကင်းမဲ့စွာ ပြောလိုက်ပြီး ဟန်ကျွယ်ကို မသိမသာ အကဲခတ်လိုက်ပါတယ်။
‘ဒီကောင်လေးက ထိပ်ဆုံးသုံးယောက်ထဲကို တကယ်ပဲ ရောက်လာတယ်၊ ကြည့်ရတာ ရွှမ်အာ မမှားဘူး၊ ဒီကောင်လေးက တကယ့်ကို အရည်အချင်းရှိတာပဲ’
တစ်ခြားတပည့်နှစ်ယောက်ဟာ သဘာဝကျင့်ကြံခြင်းလိုဏ်ဂူကို ကြားရတဲ့အခါမှာ အံအားသင့်ခြင်း မရှိပါဘူး၊ သူတို့တွေလည်း ဒီကိစ္စကို ကြိုသိထားတယ်ဆိုတာ ပေါ်လွင်ထင်ရှားပါတယ်။
တာအိုသခင်ကျင်ရှုက သူ့လက်ကို ဝှေ့ယမ်းလိုက်တဲ့အခါမှာ သဘာဝကျင့်ကြံခြင်းလိုဏ်ဂူ သုံးဂူရဲ့ ပုံရိပ်တွေ ထွက်ပေါ်လာပါတယ်။ ဒီကျင့်ကြံခြင်းလိုဏ်ဂူသုံးခုဟာ တောင်တန်းတစ်ခုကို ဝန်းရံထားပါတယ်။
ဟန်ကျွယ်ဟာ သေချာကြည့်လိုက်တဲ့အခါမှာ ဒီတောင်တန်းက ယွီဂျင်ဂိုဏ်းတည်ရှိရာ ဖြစ်နေပါတယ် ‘ဂိုဏ်းက ငါတို့ကို လုံခြုံရေးအစောင့်တွေ ဖြစ်စေချင်တာလား?’ ဟန်ကျွယ် ဒီလိုတွေးတာလည်း မဆန်းပါဘူး၊ ဒီသဘာဝကျင့်ကြံခြင်းလိုဏ်ဂူ သုံးဂူက တောင်ထိပ် ၁၈ထိပ်ကို အံချိန်ကိုက် ဝန်းရံထားပါတယ်။
ဘယ်လိုပဲဖြစ်ပါစေ သဘာဝကျင့်ကြံခြင်းလိုဏ်ဂူက အလွန်ကို တပ်မက်စရာပါ၊ အလကားရတဲ့ စိတ်ဝိညာဉ်အိုင်လိုမျိုး ဖြစ်တဲ့အတွက် လုံခြုံရေးစောင့်ရလည်း ကိစ္စမရှိဘူးလို့ ဟန်ကျွယ်က တွေးလိုက်ပါတယ်။
တာအိုသခင်ကျင်ရှုက သဘာဝကျင့်ကြံခြင်းလိုဏ်ဂူ သုံးဂူအကြောင်းကို စတင်မိတ်ဆက်ပေးပါတယ်။
ပထမဂူက မီးနဲ့လေ စိတ်ဝိညာဉ်ချီတွေနဲ့ ပြည့်နှက်နေပြီး ဒုတိယဂူကတော့ ရေ၊ မီး၊ သစ်သား စိတ်ဝိညာဉ်ချီတွေ များများစားစား ရှိနေပါတယ်၊ နောက်ဆုံးဂူကတော့ စိတ်ဝိညဉ်ချီ သဘာဝအားလုံးရှိပြီး သာမန်စိတ်ဝိညာဉ်အိုင်လောက်ပဲ စိတ်ဝိညာဉ်ချီ ထူထပ်ပါတယ်။
ဒီလိုဏ်ဂူသုံးဂူမှာ ဟန်ကျွယ်အတွက် အသင့်တော်ဆုံးက နောက်ဆုံးဂူဆိုတော့ ပိုက်ဆုံအကုန်ခံပြီး ဗေဒင်တွက်စရာ မလိုပါဘူး။
ဒီအဆင့်ထိရောက်လာတဲ့ ကျင့်ကြံသူတွေက စွမ်းရည်သုံးလေးမျိုးရှိတဲ့ ပါရမီရှင်တွေပါ၊ ဒါပေမဲ့ သူတို့တွေက စွမ်းရည်တစ်မျိုးတည်ကိုပဲ လေ့ကျင့်ကြတာ ဖြစ်တဲ့အတွက် ပထမ သဘာဝကျင့်ကြံခြင်းလိုဏ်းဂူနှစ်ဂူကို ရွေးချယ်ကြမှာပါ၊ သူတို့တွေမှာ ဟန်ကျွယ်လို အထောက်အပံ့ ကောင်းကောင်း မရှိပါဘူး။
ဟန်ကျွယ်မှာ ရွေးချယ်ခွင့်မရှိပေမဲ့ သူ့နဲ့အသင့်တော်ဆုံး လိုဏ်ဂူကို ရရှိလိုက်ပါတယ်၊ သဘာဝကျင့်ကြံခြင်းလိုဏ်ဂူကို ရွေးချယ်ပြီးတဲ့အခါမှာ တာအိုသခင်ကျင်ရှုက သူတို့ကို လက်ဖွဲ့တစ်ခုစီ ပေးပြီး ဒီလက်ဖွဲ့ကို စုတ်ဖြဲလိုက်ရင် သူတို့ရဲ့ သဘာဝကျင့်ကြံခြင်းလိုဏ်ဂူကို ဒီလက်ဖွဲက ညွှန်ပြလိမ့်မယ်လို့ ပြောလိုက်ပါတယ်။
အဲဒီနောက် ဟန်ကျွယ်တို့သုံးဦးဟာ တာအိုသခင်ကျင်ရှုကို ဦးညွှတ်ပြီး ခန်းမထဲကနေ ထွက်ခွာလာခဲ့ပါတယ်။
ခန်းမအပြင်ကို ရောက်တဲ့အခါမှာ ဟန်ကျွယ်ဟာ လက်ဖွဲ့ကို ချက်ချင်း စုတ်ဖြဲပစ်လိုက်ပါတယ်။ ရွှေရောင်ခိုငှက်တစ်ကောင်ဟာ ဘာမှမရှိတဲ့လေထဲကနေ ထွက်ပေါ်လာပြီး အဝေးတစ်နေရာကို ပျံသန်းသွားတဲ့အတွက် ဟန်ကျွယ်ဟာ နောက်ကနေ ချက်ချင်း လိုက်သွားပါတယ်။ တစ်ခြားတပည့်နှစ်ယောက်ဟာလည်း တစ်ဦးနဲ့တစ်ဦး နှုတ်ဆက်ပြီး ခွဲခွာလိုက်ကြပါတယ်။
…
ရွှေရောင်ခိုငှက်နောက်ကို နာရီဝက်ခန့် လိုက်ပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ သဘာဝကျင့်ကြံခြင်းလိုဏ်ဂူကို ရှာတွေ့သွားပါတယ်။
ဟန်ကျွယ်ရဲ့ သဘာဝကျင့်ကြံခြင်းလိုဏ်ဂူဟာ တောအုပ်အတွင်းမှာ တည်ရှိပါတယ်။ ရွှေရောင်ခိုငှက်ဟာ ချောက်ကမ်းပါးနံရံကို ဝင်တိုက်တဲ့အခါမှာ အလင်းတန်းတစ်ခု ထွက်ပေါ်လာပါတယ်။ မတည်ငြိမ်တဲ့ စိတ်ဝိညာဉ်ချီကို ခံစားရင်း သူ့ရှေ့မှာ ဖော်မေးရှင်းတစ်ခု ရှိနေတယ်လို့ ဟန်ကျွယ် သိလိုက်ပါတယ်။
ချောက်ကမ်းပါးနံရံမှာ အပေါက်တစ်ခု ပေါ်လာတဲ့အတွက် ဟန်ကျွယ်ဟာ အထဲကို ဝင်လိုက်ပါတယ်။ ဒီလိုဏ်ခေါင်းဟာ လူလေးယောက် ယှဉ်လျှောက်လို့ရတဲ့အထိ ကျယ်ဝန်းပါတယ်၊ ခြေလှမ်းငါးဆယ်လောက် လျှောက်ပြီးတဲ့နောက်မှာတော့ ဟန်ကျွယ်ဟာ သဘာဝကျင့်ကြံခြင်းလိုဏ်ဂူကို မြင်လိုက်ရပါတယ်။ ဒီလိုဏ်ဂူဟာ အတော်လေးကြီးမားပြီး နံရံတွေက စိုထိုင်းနေပါတယ်။ လိုဏ်ဂူအမိုးမှာ အပေါက်တစ်ပေါက်ရှိနေပြီး ဒီအပေါက်ကနေ လိုဏ်ဂူထဲကို လေအေးတွေ ဝင်နေပါတယ်။ လိုဏ်ဂူရဲ့ အလယ်မှာတော့ ရေနေအပင်တွေ အများကြီး ပေါက်ရောက်နေတဲ့ အိုင်တစ်အိုင် ရှိပါတယ်။ အိုင်ထဲကရေဟာ နွေးထွေးတာကြောင့် ရေငွေ့တွေကို အိုက်မျက်နှာပြင်ထက်မှာ တွေ့မြင်နိုင်ပါတယ်။
ဟန်ကျွယ်ဟာ သိပ်သည်းတဲ့ စိတ်ဝိညာဉ်ချီကို ခံစားမိလိုက်ပြီး စိတ်ဝိညာဉ်အိုင်တွေမှာ ရှိတဲ့စိတ်ဝိညာဉ်ချီ သိပ်သည်းမှုထက် အနည်းငယ် ပိုများတယ်လို့ ခံစားလိုက်ရပါတယ်။ နောက်ပြီး ဒီစိတ်ဝိညာဉ်ချီထဲမှာ ဟန်ကျွယ်လေ့ကျင်တဲ့ စွမ်းရည်ခြောက်မျိုး တစ်နည်းအားဖြင့် စိတ်ဝိညာဉ်သဘာဝ ခြောက်မျိုးလုံး ပါဝင်နေပါတယ်။
ဟန်ကျွယ်ဟာ ကျေနပ်အားရသွားပါတယ်။ ပထမဦးဆုံး ဟန်ကျွယ်ဟာ ရွှေရောင်ဆန်းကြယ်နတ်ဝတ်ရုံ ထုတ်ယူပြီး ခန္ဓာကိုယ်မှာ ဝတ်ဆင်လိုက်ပါတယ်၊ ပြီးတော့မှာ အပေါ်ကနေ ယွီဂျင်ဂိုဏ်းရဲ့ ဂိုဏ်းဝတ်စုံကို ဝတ်ဆင်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ စိတ်ဝိညာဉ်ရတနာကို ဝတ်ဆင်လိုက်တာနဲ့ သူ့ရောင်ဝါတစ်ခုလုံး ပြောင်းလဲသွားပြီး အလွန်တရာလုံခြုံတယ်လို့ ခံစားလိုက်ရပါတယ်။
ဟန်ကျွယ်ဟာ ပျော်ရွှင်စွာ ပြုံးလိုက်ပြီး လိုဏ်ဂူဝကို ပြန်လျှောက်သွာပါတယ်။ ဟန်ကျွယ်ဟာ သူ့ကိုယ်ပိုင်လိုဏ်ဂူကို နာမည်ပေးရရင် ကောင်းမယ်လို့ တွေးမိတာကြောင့် လိုဏ်ဂူဝင်ပေါက်ရဲ့ အပေါ်မှ သူ့လက်ချောင်းကို ဓားအဖြစ်သုံးပြီး စာထွင်းလိုက်ပါတယ်။
“ယနေ့ သည်းခံ၊ မနက်ဖြန် လွတ်လပ်မည်”
ဟန်ကျွယ်ဟာ ကျေနပ်စွာ ခေါင်းညိတ်လိုက်ပါတယ်၊ ဒီစာလုံးတွေကို သူ့ဓားချီက ဘယ်လောက်ထိ စွမ်းအားကြီးပြီး ဘယ်လောက်ထိ အစွမ်းထက်တယ်ဆိုတာကို ဖော်ပြနေပါတယ်။
ဟန်ကျွယ်ဟာ စာလုံးထွင်းပြီးတာနဲ့ အနီးအနားက သစ်ပင်တွေကို ခုတ်ဖြတ်ပြီး စားပွဲ၊ ကုလားထိုင်တွေနဲ့၊ ခုတင်တစ်ခု ပြုလုပ်လိုက်ပါတယ်။
…
ကျောက်အေးတောင်ထိပ်ရဲ့ ခန်းမမှာ နတ်မိမယ်ရှီရွှမ်ဟာ ရေခဲလိုအေးစက်စွာ ထိုင်နေပါတယ်။
ချန်ယွီအာက အတွင်းဂိုဏ်းစမ်းသပ်မှုမှာ ဘာတွေဖြစ်ပျက်ခဲ့တယ်ဆိုတာကို တစ်လုံးမကျန် ခရေစေ့တွင်းကျ ပြန်ပြောပြနေပါတယ်။
နတ်မိမယ်ရှီရွှမ်ဟာ ဟန်ကျွယ်က ထိပ်ဆုံးသုံးယောက်စာရင်းကို ဝင်တာနဲ့ ထပ်မတိုက်တော့ဘဲ အရှုံးပေးလိုက်တာကို ကြားလိုက်ရတဲ့အခါ နှုတ်ခမ်းတွန့်သွားပါတယ် ‘ဒီကောင်လေးက တော်တော်လေး ရည်မှန်းချက် မရှိတာပဲ’
နတ်မိမယ်ရှီရွှမ်ဟာ ဟန်ကျွယ်ရဲ့ တာအိုအပေါ်စူးစိုက်တဲ့ နှလုံးသားကို လေးစားပါတယ်၊ ဒါပေမဲ့ ဟန်ကျွယ်က ကျော်ကြားမှုကို ဘာလို့ ဒီလောက်ထိ ကြောက်နေရလဲဆိုတာကို နားမလည်နိုင်ပါဘူး။ ဟန်ကျွယ်က လှောင်ပြောင် ခံရလောက်အောင်ကို သတ္တိနည်းသူပါ။ ဒီထက်ပိုပြီး အရေးကြီးတာက ဟန်ကျွယ်ရဲ့ ရုပ်ရည်ဟာ အလွန်တရာမှာ ချောမောပါတယ်၊ မြင်မြင်ချင်း ချစ်မိသွားစေမဲ့ ရုပ်ရည်မျိုးပါ။ ဒါတောင် သူက ကုပ်ကုပ်လေးနေချင်တယ်ဆိုတော့ တော်တော်လေး နားလည်ရခက်ပါတယ်။
“ဆရာသခင်... ဂျူနီယာဟန် ငယ်ငယ်တုန်းက နှိပ်စက်ညှဉ်းပန်းတာကို ခံစားခဲ့ရလို့လား?” ချန်ယွီအာက မေးလိုက်ပါတယ်။
နတ်မိမယ်ရှီရွှမ်က လေးလေးနက်နက် တွေးတောလိုက်ပါတယ် ‘ကြည့်ရတာ ငါ အကြီးအကဲသံမဏိကို မေးကြည့်ရမဲ့ပုံပဲ၊ အပြင်ဂိုဏ်းမှာတုန်းက အကြီးအကဲသံမဏိက ဟန်ကျွယ်ကို နှိပ်စက်ခဲ့လို့များလား?’
ဒီအတွေးကို တွေးမိလိုက်တဲ့ နတ်မိမယ်ရှီရွှမ်ရဲ့ အကြည့်တွေဟာ ရေခဲတောင်ထက် အေးစက်သွားပါတယ်။ သူဟာ အကြီးအကဲသံမဏိကို ဘယ်တုန်းကမှ မနှစ်သက်ခဲ့ပါဘူး၊ အပြင်ဂိုဏ်းမှာ အကျိုးဆောင်မှုတွေ အများကြီးတွေ ပြုလုပ်ခဲ့လို့သာ အကြီးအကဲသံမဏိက အတွင်းဂိုဏ်းထဲကို ဝင်ခွင့်ရခဲ့တာပါ၊ နို့မဟုတ်ရင် သူ့ကို ဘယ်သူကမှ လက်မခံချင်ပါဘူး။ အကြီးအကဲသံမဏိက အခြေခံအဆင့်ကို ရောက်ခဲ့ရင်တောင် ထပ်ပြီးအဆင့်တက်ဖို့က ကောင်းကင်ပေါ် လှေကားထောင်တက်ရသလို ခက်ခဲသွားပါပြီ။
…
အတွင်းဂိုဏ်းစမ်းသပ်မှု ပြီးသွားတဲ့အခါမှာ ဟန်ကျွယ်ဟာ သိပ်ပြီး အာရုံစိုက်မခံရပါဘူး။ တပည့်တွေဟာ ဟန်ကျွယ်နာမည်ကို ကြားရင် ပြုံးရုံသာပြုံးပြီး သူ့အကြောင်း သိပ်မပြောဖြစ်ကြပါဘူး။
ဟန်ကျွယ်ကလည်း အတွင်းဂိုဏ်းမြို့ကို မသွားတော့ဘဲ သူ့ကျင့်ကြံခြင်းလိုဏ်ဂူသစ်မှာ အေးအေးဆေးဆေး ကျင့်ကြံအားထုတ်ပါတယ်။ ဒါ့အပြင် ဟန်ကျွယ်ဟာ ရွှေဓာတ်လုံးအဆင့်ကို မြန်မြန်ဝင်နိုင်အောင် လိုအပ်တာတွေကို ပြင်ဆင်ပါတယ်။
ဟန်ကျွယ်ရဲ့ စိတ်ဝိညာဉ်ခြောက်မျိုးလုံးဟာ အခြေခံအဆင့် နဝမတန်းကို ရောက်ရှိနေပြီးပါပြီ၊ အပြည့်စုံဆုံးဖြစ်အောင် လေ့ကျင့်လိုက်တာနဲ့ ဟန်ကျွယ်ဟာ ရွှေဓာတ်လုံးအဆင့်ကို တက်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ တက်ကြွလန်းဆန်းနေပါတယ်၊ ရွှေဓာတ်လုံးအဆင့်ကို ဟန်ကျွယ် ရောက်ရှိတာနဲ့ ပြန်လည်မွေးဖွာရာ လမ်းခြောက်သွယ်ကျင့်စဉ်ရဲ့ နတ်အစွမ်းကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
ပြန်လည်မွေးဖွားရာ လမ်းခြောက်သွယ်မှာ သူ့ကိုယ်ပိုင်နတ်ပညာ ရှိပါတယ်၊ ဒါပေမဲ့ ဒီဟာကို ရရှိဖို့အတွက် အဆင့်တစ်ခုခုကို ရောက်ရှိဖို့ လိုအပ်ပါတယ်။ ရွှေဓာတ်လုံးအဆင့်ကို ရောက်မဲ့ဆိုရင်တော့ နတ်ပညာအများကြီးထဲက တစ်ခုကို ရရှိမှာ ဖြစ်ပါတယ်။
လဝက်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဆီ ဧည့်သည်တွေ ရောက်ရှိလာပါတယ်။ အဲဒီဧည့်သည်တွေက မော့ဖူချိုနဲ့ ကျိုးဖန်တို့ပဲ ဖြစ်ပါတယ်။ မော့ဖူချိုနဲ့ ကျိုးဖန်ဟာ လိုဏ်ဂူဝင်ပေါက်ရဲ့ အပေါ်မှာ ထွင်းထားတဲ့ စာလုံးတွေကြောင့် ဆွံအားသွားပါတယ်။
“ယနေ့သည်းခံ၊ မနက်ဖြန် လွတ်လပ်မည်”
‘ဒီစာလုံးတွေက သူ့နဲ့ လိုက်ဖက်ပါပေတယ်’ မော့ဖူချိုနဲ့ ကျိုးဖန်နှစ်ယောက်စလုံးက စိတ်ထဲမှာ တွေးလိုက်ပါတယ်။
“ရောင်းရင်းဟန်... ကျုပ်မော့ဖူချို မင်းဆီ လာလည်တယ်” မော့ဖူချိုဟာ သူ့လက်ကို ဆုပ်ကိုင်၍ အော်ဟစ်လိုက်ပါတယ်။
စက္ကန့်အနည်းငယ် အကြာမှာတော့ လိုဏ်ဂူတံခါးပွင့်သွားတဲ့အတွက် မော့ဖူချိုနဲ့ ကျိုးဖန်ဟာ အထဲကို ဝင်လိုက်ပါတယ်။ သူတို့နှစ်ယောက်ဟာ ဟန်ကျွယ်ကို မြင်တဲ့အခါမှာ ဟန်ကျွယ်ဟာ အိုင်ဘေးနားမှာ တရားထိုင်နေပါတယ်။
ဟန်ကျွယ်က မျက်လုံးဖွင့်ပြီး မေးလိုက်ပါတယ် “ခင်ဗျားတို့နှစ်ယောက် ဘယ်လေတိုက်လို့ ကျုပ်ဆီရောက်လာတာလဲ?”
ကျိုးဖန်က သူ့ကို ရှုပ်ထွေးတဲ့အမူအရာနဲ့ ကြည့်လိုက်ပါတယ်။
မော့ဖူချိုက ပြုံးပြီး ပြောလိုက်ပါတယ် “မကြာသေးခင်က ကျုပ်တို့ဂိုဏ်းနဲ့ ချင်မင်ဂိုဏ်းရဲ့ ပဋိပက္ခက ပိုပြီး ပြင်းထန်လာတယ်၊ ဘယ်နေ့မှာ အင်တိုက်အားတိုက် တိုက်ခိုက်ကြမလဲဆိုတော့ ဘယ်သူမှ မသိဘူး၊ ကျုပ်တို့က ချင်မင်ဂိုဏ်းခွဲတစ်ခုကို ဖျက်ဆီးရမဲ့တာဝန်ကို ယူမလို့၊ ဒီဂိုဏ်းခွဲက ကျင့်ကြံခြင်းကို အထောက်အကူပြုတဲ့ ဆေးလုံးတော်တော်များများ ပိုင်ဆိုင်ထားတယ်”
မော့ဖူချိုဟာ မလာခင်ကတည်းက ဟန်ကျွယ်ကို ဘယ်လိုဆွယ်ရမလဲဆိုတာ တွေးခဲ့ပြီးပါပြီ၊ သူသာ ဟန်ကျွယ်ကို အပါခေါ်ချင်တယ်ဆိုရင် ကျင့်ကြံခြင်းအကြောင်းပါမှ ဖြစ်မှာပါ။
ဟန်ကျွယ်ဟာ ခေါင်းခါပြီး ပြောလိုက်ပါတယ် “ရောင်းရင်းရဲ့ ကြင်နာမှုအတွက် ကျေးဇူးပါပဲ၊ ဒါပေမဲ့ ကျုပ်က ဒီအချိန်မှာ အပြင်မထွက်ချင်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ အဆင့်တက်ဖို့အတွက် ဂူအောင်းကျင့်ကြံရမှာ မို့လို့ပါ”
အဆင့်တက်ဖို့အတွက် ဂူအောင်းမယ်? မော့ဖူချိုနဲ့ ကျိုးဖန်ဟာ ကြက်သေသေသွားပါတယ်။
ကျိုးဖန်က မနေနိုင်ဘဲ မေးလိုက်ပါတယ် “ခင်ဗျားက ရွှေဓာတ်လုံးအဆင့်ကို တက်ချင်တာလား?”
ဟန်ကျွယ်က ခေါင်းညိတ်ပြလိုက်ပါတယ်။
ရွှေဓာတ်လုံးအဆင့်ကို တက်ဖို့က မလွယ်ကူဘူး၊ ရောင်းရင်းရင်ဆိုင်ရမဲ့ ကောင်းကင်ဒုက္ခက အခြေခံအဆင့်မှာ ရင်ဆိုင်ရတာထက် အဆပေါင်းများစွာ ကြောက်ဖို့ကောင်းတယ်၊ ကောင်းကင်မိုးကြိုးကို ဖြေရှင်းပြီး ရောင်းရင်းရဲ့ တာအိုနှလုံးသားကို ခိုင်မာစေဖို့အတွက် ကောင်းကင်ဒုက္ခဖြေဆေးလုံးတွေကို အသုံးပြုရလိမ့်မယ်” မော့ဖူချိုက သတိပေးလိုက်ပါတယ်။
ကျိုးဖန်ကလည်း ထပ်လောင်း ပြောကြားလိုက်ပါတယ် “ဒီတာဝန်က အရမ်းအရေးကြီးတယ်၊ ကျုပ်တို့တွေ သေသေချာချာ လုပ်မယ်ဆိုရင် ကျိန်းသေပေါက် အောင်မြင်မှာ၊ ယွီဂျင်ဂိုဏ်းမှာ ကျုပ်တို့ရဲ့ အဆင့်အတန်းကလည်း အနာဂတ်မှာ မြင့်တက်လာလိမ့်မယ်၊ ကျင့်ကြံခြင်းလောကမှာလည်း ကျုပ်တို့ နာမည်ကို လွှင့်ထူနိုင်လိမ့်မယ်”
[သင်သည် သင်၏ရောင်းရင်းထံမှာ ဖိတ်ခေါ်မှုတစ်ခုကို ရရှိခဲ့သည်။ ကျော်ကြားမှုနှင့် ရတနာများကို ရင်ဆိုင်ရသော သင့်တွင် အောက်ပါရွေးချယ်မှုများ ရှိသည်။
[၁။ သူတို့ကို ကတိပေး၍ ယွီဂျင်ဂိုဏ်းအတွက် အကျိုးဆောင်မည်၊ အနိမ့်စားစိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးကို ရရှိမည်။]
[၂။ သူတို့ကို ငြင်းပယ်၍ ခပ်ကုပ်ကုပ်နေထိုင်ကာ ဆက်လက်ကျင့်ကြံအားထုတ်မည်၊ ရတနာပစ္စည်းတစ်မျိုး ရရှိမည်]
စာကြောင်းသုံးကြောင်းဟာ ဟန်ကျွယ်မျက်စိရှေ့မှာ ပေါ်လာပါတယ်။
‘အား... ဘယ်သူက တစ်ကိုရွေးမှာလဲ?’
ဟန်ကျွယ်က အမှန်တရားကို နင်း၍ ပြောလိုက်၏ “တောင်းပန်ပါတယ်၊ ကျုပ်က ကျော်ကြားမှုနဲ့ ရတနာတွေကို စိတ်မဝင်စားဘူး၊ ကျင့်ကြံခြင်းကိုပဲ စိတ်ဝင်စားတယ်၊ ယွီဂျင်ဂိုဏ်းသာ အနာဂတ်မှာ ဘေးတွေခဲ့ရင် ကျုပ်အသက်နဲ့ရင်းပြီး ဂိုဏ်းအတွက် ခုခံမှာပါ၊ ဒါပေမဲ့ အခုအချိန်မှာတော့ ကျုပ် တောင်ပေါ်က မဆင်းချင်သေးဘူး”