← Chapters

အခန်း (၃၄၂-၃၄၃)

Vol. 33 Ch. 342-343

အခန်း (၃၄၂-၃၄၃)

Vol. 33 Ch. 342-343

အခန်း (၃၄၂) ရိုက်ချခြင်း

ရှန်ဝူမြို့ရှိ ကျောက် အိမ်တော်တွင် မြို့ထဲရှိ ဒွာရသန့်စင်ခြင်းအဆင့် ပညာရှင်များ အားလုံး ဤနေရာသို့ စုရုံးရောက်ရှိနေကြပြီး စာကြည့်ခန်း အတွင်းရှိ အစီအရင် လည်ပတ်နေမှုကို စောင့်ကြည့်နေကြသော်လည်း အခန်းထဲတွင် လူတစ်ယောက်မျှ မရှိပေ။

ကျန်ရစ်သော ကျောက် မိသားစုဝင်များမှာ ဘေးဘက်တွင် တုန်ယင်စွာ ရပ်နေကြပြီး ဘာတွေ ဖြစ်ပျက်သွားသည်ကို မသိကြချေ။ မိသားစုဝင် အချို့မှာ အလွန် ကြောက်ရွံ့လွန်းသဖြင့် ငိုယိုနေကြ၏။

ချိုးယွမ်ကျန်သည် သူ ပြင်ဆင်ထားသော အရန်အစီအစဉ် အကြောင်းကို မိသားစုဝင်များကို ဘယ်သောအခါမှ မပြောပြခဲ့ပေ။ ချိုးယွမ်ကျန်၏ စိတ်ထဲတွင် မိမိကိုယ်တိုင်မှလွဲ၍ လူတိုင်းသည် သူ အသုံးချနိုင်သော သူများသာ ဖြစ်သည်။

တစ်ခုတည်းသော ကွာခြားချက်မှာ သူတို့၌ မည်မျှ တန်ဖိုးရှိသနည်းနှင့် သူ မည်မျှ အားထုတ်ရန် လိုအပ်သနည်း ဆိုသည်သာ ဖြစ်၏။

ချန်ဖေးက မြို့တွင်းရှိ ထောင့်တစ်နေရာမှ ထွက်ပေါ်လာပြီး ကျောက် အိမ်တော် ရှိရာသို့ အဝေးမှ လှမ်းကြည့်လိုက်သည်။ ထိုအခိုက်အတန့်တွင် ထိုနေရာ၌ ဒွာရသန့်စင်ခြင်းအဆင့်များ၏ အရှိန်အဝါများ ရောနှောနေပြီး မြို့စောင့်တပ်များက နေရာတစ်ခုလုံးကို လုံးလုံးလျားလျား ဝိုင်းရံထား၏။

အကယ်၍ ချန်ဖေးသာ အတွင်း၌ အမှန်တကယ် ပိတ်မိနေပါက အတင်းအကျပ် တိုက်ခိုက်ထွက်ပြေးခြင်းမှလွဲ၍ ယခု လွတ်မြောက်ရန်မှာ အလွန် ခက်ခဲမည် ဖြစ်သည်။

သို့သော် ထိုသို့ တိုက်ခိုက်ရသည့် နည်းလမ်းမှာ ချိုးယွမ်ကျန်၏ နှာခေါင်းပေါက်ကြိုးဆွဲရာသို့ လုံးလုံးလျားလျား ပါသွားခြင်း ဖြစ်သဖြင့် အတော်လေး အဓိပ္ပာယ်မဲ့ပုံ ပေါ်ပေလိမ့်မည်။ ချန်ဖေးက သူ၏ ပတ်ဝန်းကျင်ကို အာရုံခံလိုက်ပြီး မည်သည့် ထူးခြားချက်ကိုမျှ မတွေ့ရှိခဲ့ချေ။ ထို့နောက် သူက ပုံရိပ်ယောင် တစ်ခုအဖြစ် ပြောင်းလဲသွားပြီး မြို့ရိုးဆီသို့ ဦးတည်သွား၏။

ရှန်ဝူမြို့သည် ကျောက် မိသားစု၏ လုပ်ရပ်များမှာ အယောင်ပြသက်သက် ဖြစ်ပြီး မြို့ပြင်ရှိ ယာရှန်း တပ်မတော်က နောက်ဆုံးတွင် အသာစီးရသွားမည်ကို စိုးရိမ်နေသောကြောင့် မြို့ရိုးပေါ်တွင် ကင်းလှည့်မှုများကို တိုးမြှင့်ထားသည်မှာ ရှင်းလင်းလှ၏။

ချန်ဖေးက သူ၏ လက်မောင်းထဲရှိ ဖေးဆော့ကျန့်ကို အသက်သွင်းလိုက်ရာ သူ၏ အမြန်နှုန်းမှာ ပို၍ပင် တိုးလာသည်။ ထို့အပြင် ချိုးယွမ်ကျန်၏ အနှောင့်အယှက် မရှိတော့သဖြင့် ချန်ဖေး၏ လှုပ်ရှားမှုများက ပို၍ပင် သွက်လက် သဘာဝကျလာ၏။

လေစုဆောင်းခြင်း ကျင့်စဉ်ဖြင့် လေတိုက်သံကိုပင် ချန်ဖေးက ဖိနှိပ်ထားနိုင်ခဲ့သည်။ ဤတစ်ကြိမ်တွင် မြို့ရိုးပေါ်ရှိ အစောင့်များက မည်သည့် ထူးခြားချက်ကိုမျှ မသတိပြုမိမီမှာပင် ချန်ဖေးသည် မြို့ပြင်သို့ ဆင်းသက်ပြီးနေပြီ ဖြစ်၏။

ခဏအကြာတွင် ချန်ဖေးသည် သူ စတင်ထွက်ခွာခဲ့သော တောင်ထိပ်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

နီးကပ်လာသည်နှင့် တစ်ပြိုင်နက် ချန်ဖေးက ရပ်တန့်လိုက်ပြီး တောင်ထိပ် ပတ်လည်ကို ဝေ့ကြည့်လိုက်ရာ သူ၏ မျက်ခုံးများ အနည်းငယ် တွန့်ကွေးသွား၏။

"ယာရှန်း တပ်မတော်လား..." ချန်ဖေးက တိုးညှင်းစွာ ပြောလိုက်သည်။

ပတ်ဝန်းကျင်တွင် မည်သူမျှ မရှိသော်လည်း ချန်ဖေးက သူ၏ စိတ်စွမ်းအား အာရုံခံနိုင်စွမ်းမှတစ်ဆင့် မှားယွင်းနေမှု တစ်ခုခုကို အာရုံခံမိနေဆဲပင် ဖြစ်သည်။

"မျက်လုံးရှင်လှချည်လား... ငါတို့ ဒီလောက် သေချာ ဖုံးကွယ်ထားတာတောင် မင်းက သတိထားမိသေးတယ်ပေါ့..."

အားပါးတရ ရယ်မောသံ တစ်သံ ထွက်ပေါ်လာပြီး ချန်ဖေး၏ ဝိညာဉ်လက်နက်တစ်ပိုင်းကို လက်ထဲတွင် ကိုင်ဆောင်လျက် လျန်ကျုံးဖူက တဖြည်းဖြည်း လျှောက်ထွက်လာ၏။ သူ၏ အနောက်မှ လူနှစ်ယောက် လိုက်ပါလာပြီး ချန်ဖေးကို အကဲခတ် ကြည့်ရှုနေကြသည်။

"ရှန်ဝူမြို့နဲ့ ပတ်သက်တဲ့ ခင်ဗျားတို့ ကိစ္စတွေမှာ ဝင်စွက်ဖက်ဖို့ ကျွန်တော့်မှာ ရည်ရွယ်ချက် မရှိပါဘူး... ကျွန်တော်က ကိုယ်ပိုင်ကိစ္စ ဖြေရှင်းဖို့ သက်သက်ပဲ ဒီကို ရောက်လာတာပါ..."

ချန်ဖေးက ထိုလူသုံးယောက်ကို ကြည့်လိုက်သည်။

အပြာရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော လျန်ကျုံးဖူမှာ ယဉ်ကျေးသိမ်မွေ့ပုံ ရသော်လည်း သူ၏ မျက်လုံးများထဲတွင် တစ်ခါတစ်ရံ လင်းလက်သွားတတ်သော အရိပ်အယောင်က သူသည် မြင်ရသလောက် ဖော်ရွေသူ မဟုတ်ကြောင်း ဖော်ပြနေ၏။

အခြား ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက်တို့မှာ ဒွာရသန့်စင်ခြင်း အစောပိုင်းအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။

အသက်ပိုကြီးသော အမျိုးသား ကျင့်ကြံသူမှာ ရွှီယန်ရှင်း အမည်ရှိပြီး လျန်ကျုံးဖူ၏ ဂိုဏ်းတူညီ ဖြစ်၏။

လျန်ရူလန် အမည်ရှိသော အခြား အမျိုးသမီး ကျင့်ကြံသူမှာ တက်ကြွသော အရှိန်အဝါဖြင့် အတော်လေး ငယ်ရွယ်ပုံပေါ်သည်။ သူမသည် လွန်ခဲ့သော တစ်နှစ်ခန့်ကမှ ဒွာရသန့်စင်ခြင်း အဆင့်သို့ တက်လှမ်းခဲ့ခြင်း ဖြစ်နိုင်ပြီး သူမ၏ ကျင့်ကြံခြင်းကို ခိုင်မာအောင် ပြုလုပ်နေဆဲ ဖြစ်၏။

"ညကြီးမိုးချုပ် ခိုးကြောင်ခိုးဝှက်နဲ့ ရှန်ဝူမြို့ထဲကိုတောင် တိုက်ရိုက် အဝင်အထွက် လုပ်နေသေးတယ်... ဝင်မစွက်ဖက်ချင်ဘူး ဆိုတာနဲ့ ပြီးသွားရောလား..."

ရွှီယန်ရှင်းက သူ၏ မျက်လုံးများထဲတွင် ဖုံးကွယ်မထားသော ရန်လိုမှုများဖြင့် ချန်ဖေးကို စိုက်ကြည့်လိုက်၏။ လျန်ကျုံးဖူသာ ထိုနေရာတွင် မရှိပါက ရွှီယန်ရှင်းက အရှေ့သို့ ပြေးထွက်သွားပြီး ချန်ဖေးကို ဖမ်းဆီးထားပြီး ဖြစ်လိမ့်မည်။

"အဲဒီလောက်လည်း မလိုပါဘူး..."

လျန်ကျုံးဖူက လက်ဝှေ့ယမ်းလိုက်ပြီး ချန်ဖေးကို ကြည့်၍ ပြုံးကာ ပြောလိုက်သည်။ "အဆွေတော်... ကျေးဇူးပြုပြီး မင့်ရဲ့ အထောက်အထားကို အရင် ပြောပြနိုင်မလား... စစ်တပ်နှစ်ခု တိုက်ခိုက်နေချိန်မှာ မင်းက ညဥ့်နက်ပိုင်း ရှန်ဝူမြို့ထဲကို ရုတ်တရက် အဝင်အထွက် လုပ်နေတာဆိုတော့ နည်းနည်း သံသယဖြစ်စရာ ကောင်းနေလို့ပါ..."

"တောကြိုတောင်ကြားက သာမန် လေလွင့်ကျင့်ကြံသူ တစ်ယောက်ပါ..."

ချန်ဖေးက ခေါင်းအနည်းငယ် ခါယမ်း၍ လျန်ကျုံးဖူ၏ လက်ထဲရှိ ဝိညာဉ်လက်နက်တစ်ပိုင်းကို ကြည့်ရင်း ပြောလိုက်၏။ "အဲဒီပစ္စည်းကို ပြန်ပေးလို့ ရမလား... ကျွန်တော် ရှန်ဝူမြို့ကနေ အခုချက်ချင်း ထွက်သွားပါ့မယ်..."

"မင်း လာချင်သလို လာပြီး သွားချင်သလို သွားရအောင် ဒီနေရာကို ဘာမှတ်နေလဲ..." ရွှီယန်ရှင်းက အော်ဟစ်လိုက်သည်။

ချန်ဖေးက မျက်မှောင်ကြုတ်၍ ရွှီယန်ရှင်းကို လှည့်ကြည့်လိုက်ရာ သူ၏ အမူအရာက တဖြည်းဖြည်း အေးစက်လာ၏။ ချန်ဖေးက အဓိပ္ပာယ်မဲ့သည့် အရာတစ်ခုခုကို မလုပ်ချင်ရုံ သက်သက်သာ ဖြစ်သော်လည်း အခြားသူများက သူ၏ အရှေ့တွင် ဤသို့ ပြုမူနေသည်ကို သည်းခံမည်ဟု မဆိုလိုပေ။

ရွှီယန်ရှင်းက ချန်ဖေး လှည့်ကြည့်လာသည်ကို မြင်သောအခါ သူက စကားဆက်ပြောရန် ပြင်လိုက်သော်လည်း ချန်ဖေး၏ အကြည့်နှင့် ဆုံမိချိန်တွင် အကြောင်းရင်းမရှိဘဲ ရုတ်တရက် သူ၏ နှလုံးသားထဲသို့ အေးစက်စက် ခံစားချက်တစ်ခု ဝင်ရောက်လာသည်ကို ခံစားလိုက်ရသည်။ ထိုအေးစက်မှုက အကြောင်းပြချက်မရှိဘဲ ပေါ်လာသော်လည်း ရွှီယန်ရှင်းက သူ နောက်ထပ် စကားတစ်ခွန်း ထပ်ပြောလိုက်ပါက အလွန် ကြောက်မက်ဖွယ်ကောင်းသော ကပ်ဘေးတစ်ခုကို ရင်ဆိုင်ရနိုင်သည်ဟု ခံစားလိုက်ရ၏။

‘ဖြစ်နိုင်တာက... ငါ သေသွားနိုင်တယ်…’

သို့သော် သူ၏ အရှေ့ရှိ ဤလူမှာ ဒွာရသန့်စင်ခြင်း အစောပိုင်းအဆင့် တစ်ဦးမျှသာ ဖြစ်ပြီး ကျင့်ကြံခြင်းအဆင့်မှာလည်း သူ၏ အဆင့်ထက် မမြင့်မားချေ။ ထို့အပြင် သူက အလွန် ငယ်ရွယ်ပုံရပြီး ဖြစ်နိုင်သည်မှာ သူ၏ အစစ်အမှန် ဒွာရများက သူကိုယ်တိုင်လောက်ပင် အဆင့်မြင့်ချင်မှ မြင့်ပေလိမ့်မည်။ မည်သို့ ကပ်ဘေးမျိုး ရှိနိုင်မည်နည်း။ သူ ဘယ်လိုလုပ် သေနိုင်မည်နည်း ။

ထို့အပြင် သူ၏ ဘေးတွင် လျန်ကျုံးဖူ ရှိနေသေးသကဲ့သို့ ယခုလေးတင် အဆင့်တက်ထားသော လျန်ရူလန်လည်း ရှိနေ၏။ သူတို့၏ အင်အားက ချန်ဖေးထက် များစွာ သာလွန်သည်။

လျန်ရူလန်က ရွှီယန်ရှင်းကို အနည်းငယ် အံ့အားသင့်စွာ ကြည့်လိုက်သည်။ ရွှီယန်ရှင်းသည် ယာရှန်း ဂိုဏ်းတွင် ဒေါသကြီးသူအဖြစ် နာမည်ကြီး၏။ ယခု စကားအနည်းငယ် ပြောပြီးနောက် အဘယ်ကြောင့် ရုတ်တရက် ရပ်တန့်သွားသနည်း။ ဤသည်က ရွှီယန်ရှင်း၏ စရိုက်နှင့် မတူညီချေ။

လျန်ရူလန်က ချန်ဖေးကို ကြည့်လိုက်သည်။ အတော်လေး ရုပ်ရည်သန့်စင်ပြီး ငယ်ရွယ်စဉ်မှာပင် ဒွာရသန့်စင်ခြင်း အစောပိုင်းအဆင့်သို့ ရောက်ရှိနေသူ တစ်ဦး ဖြစ်၏။ ဤကဲ့သို့သော သူတစ်ယောက်က ဘယ်လိုလုပ် တောကြိုတောင်ကြားက သာမန် လေလွင့်ကျင့်ကြံသူ တစ်ယောက် ဖြစ်နိုင်မည်နည်း။

ရွှီယန်ရှင်းက နောက်ထပ် ဘာမှ မပြောတော့သည်ကို မြင်သောအခါ ချန်ဖေးက လျန်ကျုံးဖူကို လှည့်ကြည့်လိုက်၏။ လျန်ကျုံးဖူ၏ မျက်လုံးများက ချန်ဖေးနှင့် ဆုံမိချိန်တွင် သူ၏ အပေါ်သို့ ဖိအားတစ်ခု ကျရောက်လာသည်ကို ခံစားလိုက်ရသည်။

လျန်ကျုံးဖူ အံ့အားသင့်သွား၏။ သူ၏ အရှေ့ရှိ လူက အကြည့်တစ်ချက်ဖြင့်ပင် သူ့ကို ဖိအားပေးနိုင်စွမ်း ရှိနေသည်။ သူသည် ရိုးရှင်းသော ဒွာရသန့်စင်ခြင်း အစောပိုင်းအဆင့် တစ်ဦး လုံးဝ မဟုတ်ချေ။

သို့သော် လျန်ကျုံးဖူ မည်မျှပင် သေချာကြည့်စေကာမူ ချန်ဖေး၏ ကျင့်ကြံခြင်းအဆင့်မှာ သာမန်မျှသာ ဖြစ်ကြောင်း အာရုံခံမိနေဆဲပင်။

လျန်ကျုံးဖူက တစ်ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် သူ၏ ဆုပ်ကိုင်ထားမှုကို အနည်းငယ် ဖြေလျှော့လိုက်ရာ ဝိညာဉ်လက်နက်တစ်ပိုင်းက ချန်ဖေးထံသို့ ပျံသန်းသွား၏။ ချန်ဖေးက လက်နက်ကို ဖမ်းယူလိုက်ပြီး လူသုံးယောက်ကို တစ်ချက်ကြည့်ကာ လင်းလက်မှုတစ်ခုနှင့်အတူ ပျောက်ကွယ်သွားသည်။

ချန်ဖေး ထွက်ခွာသွားသည်ကို မြင်သောအခါ လျန်ကျုံးဖူက အနည်းငယ် စိတ်သက်သာရာ ရသွား၏။ သူ ယခင်က သတိမထားမိခဲ့သော်လည်း ယခုအခါ ဧရာမ ဖိအားကြီး တစ်ခုက သူ၏ အပေါ်သို့ ဖိနှိပ်ထားခဲ့ကြောင်း သတိပြုမိသွားသည်။

ချန်ဖေး ပျောက်ကွယ်သွားပြီးမှသာ နောက်ကျမှ သိလိုက်ရသော ဤဖိအားက တဖြည်းဖြည်း လျော့ကျသွားခဲ့၏။

လျန်ကျုံးဖူက ရွှီယန်ရှင်းကို လှည့်ကြည့်လိုက်ရာ ရွှီယန်ရှင်း၏ မျက်နှာက တစ်ချိန်ချိန်ကတည်းက အလွန် ဖြူဖျော့နေခဲ့ပြီး သူ၏ မျက်လုံးများမှာ သွေးကြောများဖြင့် နီရဲနေကြောင်း တွေ့လိုက်ရသည်။

မည်သည့်အရာကိုမျှ လုံးဝ သတိမထားမိခဲ့သော လျန်ရူလန်က သူတို့ နှစ်ယောက်စလုံး တစ်ခုခု မှားယွင်းနေကြောင်း သတိပြုမိလိုက်သည်။ အထူးသဖြင့် ရွှီယန်ရှင်း ဖြစ်ပြီး ယခုလေးတင် ဘာမှ မဖြစ်ခဲ့သော်လည်း သူက ပြင်းထန်စွာ ဒဏ်ရာရထားသည့်အလား ဖြစ်နေ၏။

"မင်း ဘာဖြစ်တာလဲ..." လျန်ကျုံးဖူက မျက်မှောင်ကြုတ်၍ ရွှီယန်ရှင်းကို ကြည့်ရင်း မေးလိုက်သည်။

"ငါ့ရဲ့ စိတ်စွမ်းအား ထိုးဖောက်ခံလိုက်ရတယ်..." ရွှီယန်ရှင်းက လျန်ကျုံးဖူကို ကြည့်၍ ခါးသီးစွာ ပြုံးလိုက်၏။ အလွန် ဆိုးရွားသော အခြေအနေမျိုး မဟုတ်သော်ငြားလည်း သူ အချိန်အနည်းငယ် အနားယူရန် လိုအပ်ဦးမည် ဖြစ်သည်။

ရွှီယန်ရှင်းက ချန်ဖေး၏ အကြည့်နှင့် ဆုံမိသည့် အခိုက်အတန့်တွင် ကြောက်ရွံ့မှု တစ်ခုကို ခံစားလိုက်ရပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာရမှု၏ လက္ခဏာတစ်ခု ဖြစ်နိုင်၏။ ချန်ဖေး ထွက်ခွာသွားပြီးမှသာ သူ့ကို လွှမ်းခြုံသွားသော ထိတ်လန့်မှုကို ရွှီယန်ရှင်း သိရှိသွားခဲ့သည်။

လျန်ကျုံးဖူက သူ၏ မျက်လုံးများကို အနည်းငယ် ကျဉ်းမြောင်းလိုက်သည်။ ချန်ဖေး၏ ထိုအကြည့် တစ်ချက်ကပင် ရွှီယန်ရှင်းကို စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာရစေခဲ့သည်လား။

ယခုလေးတင် စိတ်စွမ်းအားများ ရောယှက်နေပြီး တစ်ယောက်ကိုတစ်ယောက် စမ်းသပ်နေကြချိန်တွင် ရွှီယန်ရှင်း၏ စိတ်ကို သိမ်မွေ့စွာနှင့် သတိမပြုမိနိုင်အောင် ဒဏ်ရာရစေရန် ကြိုးစားခဲ့ခြင်း ဖြစ်၏။ ဤအတွက် လိုအပ်သော ကျွမ်းကျင်မှုနှင့် တိကျမှုမှာ စကားလုံးများဖြင့်ပင် ဖော်ပြ၍ မရနိုင်ချေ။

လျန်ကျုံးဖူက ရွှီယန်ရှင်း၏ ဝိညာဉ်ကို ဒဏ်ရာရစေနိုင်သော်လည်း ဤမျှ တိတ်ဆိတ်စွာဖြင့်မူ ဘယ်သောအခါမှ လုပ်ဆောင်နိုင်မည် မဟုတ်ပေ။

လျန်ရူလန်၏ မျက်လုံးများ အနည်းငယ် ပြူးကျယ်သွားပြီး ချန်ဖေး ပျောက်ကွယ်သွားရာ နေရာသို့ လှမ်းကြည့်လိုက်၏။ ထိုလူက အတိအကျ ဘယ်သူလဲ။ အကယ်၍ ပဋိပက္ခတစ်ခုသာ အမှန်တကယ် ဖြစ်ပွားခဲ့ပါက သူတို့ သုံးယောက်လုံး အမှန်တကယ် အန္တရာယ် ရှိသွားနိုင်သလား။ ‘တစ်ဖက်လူက ငါ့ထက် ငယ်ရွယ်ပုံပေါ်နေတာ အသေအချာပဲ…’’

မိုင်တစ်ဒါဇင်ခန့် အကွာတွင် ချန်ဖေးက ရပ်တန့်လိုက်ပြီး ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ လမ်းကြောင်းကို ဆုံးဖြတ်ပြီးနောက် ချင်ဟိုင်မြို့ဆီသို့ ဦးတည်သွား၏။

ချန်ဖေးက အစောပိုင်းတွင် ရွှီယန်ရှင်းကို အပြစ်ပေးမှု အသေးစား တစ်ခုသာ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ အကယ်၍ တစ်ဖက်လူကသာ သူ့ကို ဆက်လက် ဖိအားပေးလာပါက ချန်ဖေးသည် သူ၏ ဓားကို ဆွဲထုတ်ရလိမ့်မည် ဖြစ်၏။

ယာရှန်း တပ်မတော် အတွင်း၌ ဤလူသုံးဦးသာမက အခြားသော ဒွာရသန့်စင်ခြင်းအဆင့် ပညာရှင်များ သေချာပေါက် ရှိနေမည် ဖြစ်သော်လည်း အခြေအနေကို လျင်မြန်စွာ ကိုင်တွယ်နိုင်ပါက ချန်ဖေးသည် အထိအခိုက်မရှိ လွတ်မြောက်နိုင်ပေသည်။ ယာရှန်း တပ်မတော်မှ ကျန်လူများ အလွန် လျင်မြန်စွာ ရောက်လာလျှင်တောင် ချန်ဖေးက ရွှီယန်ရှင်းကို မထွက်ခွာမီ လွယ်ကူစွာ သတ်ဖြတ်နိုင်သေး၏။

တောရိုင်းမြေပြင်ကို ဖြတ်တိုက်နေသော လေပြင်းများနှင့်အတူ ညအမှောင်ကို အကာအကွယ်ယူ၍ ချန်ဖေး ချင်ဟိုင်မြို့သို့ သွားရသည့် အကြောင်းရင်းမှာ ရိုးရှင်းလှ၏။ သူ သတင်းအချက်အလက်များ စုဆောင်းရန် လိုအပ်သောကြောင့် ဖြစ်သည်။

ချန်ဖေးက အခြားသူများထံမှ ဌာနေပြန်ဓားမျှော်စင် အကြောင်း စကားအနည်းငယ် ကြားဖူးသော်လည်း အသေးစိတ်ကို မသိသကဲ့သို့ တစ်ဖက်လူက မည်သည့်မြို့တွင် ရှိနေသည်ကိုပင် မသိချေ။

လက်ရှိတွင် ရှန်ဝူမြို့က စစ်မက်ဖြစ်ပွားနေသဖြင့် သတင်းအချက်အလက် စုဆောင်းရန် အလွန် ခက်ခဲရာ အနီးဆုံးရှိ ချင်ဟိုင်မြို့သို့ သွားခြင်းက ပိုမို အဆင်ပြေသော ရွေးချယ်မှု တစ်ခု ဖြစ်သည်။

ရှန်ဝူမြို့သည် သူ ရောက်ဖူးသမျှ အဝေးဆုံး နေရာဖြစ်နေပြီ ဖြစ်ရာ ချန်ဖေး မြေပုံတစ်ခု ဝယ်ယူရန် လိုအပ်လိမ့်မည်။ ဤထက် ပိုဝေးသွားပါက သူ လမ်းပျောက်တော့မည် ဖြစ်၏။

ဤကဲ့သို့သော အချိန်မျိုးတွင် အလုံခြုံဆုံး လုပ်ရပ်မှာ ကုန်သည်အဖွဲ့များနှင့်အတူ လိုက်ပါသွားခြင်းပင် ဖြစ်သည်။ ယနေ့ခေတ်တွင် ကုန်သည်အဖွဲ့များ အလွန် ရှားပါးသွားပြီ ဖြစ်သော်လည်း ကျန်ရှိနေသေးသော အဖွဲ့များ အားလုံးမှာ အလွန် အစွမ်းထက်ပြီး အခြေတည်ပြီးသားများ ဖြစ်ကြ၏။

ဤကုန်သည်အဖွဲ့များက နေရာအနှံ့ ခရီးသွားလာကြပြီး အန္တရာယ်ရှိသော နေရာများစွာကို သဘာဝကျစွာပင် သိရှိထားကြသဖြင့် အချိန်မီ ရှောင်ရှားနိုင်ကြသည်။

သို့သော် ကုန်သည်အဖွဲ့နှင့် လိုက်ပါသွားခြင်းက ချန်ဖေးအတွက် အလွန် နှေးကွေးလွန်းလှ၏။

တစ်နာရီ မပြည့်မီမှာပင် ချန်ဖေးက အဝေးမှ မြို့တစ်မြို့ကို မြင်လိုက်ရသည်။ ချင်ဟိုင်မြို့ ဖြစ်၏။

ချန်ဖေး၏ ပုံရိပ်က ဝေဝါးသွားပြီး မြို့ရိုးကို ကျော်လွှားကာ မြို့တွင်းသို့ ဝင်ရောက်သွားသည်။

ရှန်ဝူမြို့ရှိ တိုက်ပွဲများကြောင့် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ချင်ဟိုင်မြို့က သတင်းရရှိထားပြီး မြို့ရိုးပေါ်တွင် ကင်းလှည့်နေသော စစ်သားများက ယခင်ကထက် များစွာ ပိုမို များပြားနေကြောင်း တွေ့လိုက်ရ၏။

သို့သော် ချင်ဟိုင်မြို့၏ တပ်အင်အားနှင့် စစ်သူကြီးများ၏ စွမ်းရည်အရ ယာရှန်း တပ်မတော်ကသာ ချင်ဟိုင်မြို့ကို တိုက်ခိုက်လာပါက ခုခံနိုင်ရန် အခွင့်အရေး အနည်းငယ်သာ ရှိပေလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် ချင်ဟိုင်မြို့တွင် ဒွာရသန့်စင်ခြင်း အဆင့်ကို မဆိုထားနှင့်၊ သိုင်းပညာရှင် တစ်ဦးတစ်ယောက်မျှပင် မရှိသောကြောင့် ဖြစ်၏။ ယာရှန်း တပ်မတော်သည် ခေါင်းဆောင်ကို လုပ်ကြံသည့် ရိုးရှင်းသော တိုက်ခိုက်မှုဖြင့် ချင်ဟိုင်မြို့ကို အလွယ်တကူ ပရမ်းပတာ ဖြစ်သွားစေနိုင်သည်။

ထို့နောက် ယာရှန်း တပ်မတော်မှ ဒွာရသန့်စင်ခြင်းအဆင့် ပညာရှင်များက မြို့တံခါးများကို ဖွင့်ပေးလိုက်မည် ဖြစ်ပြီး ယာရှန်း တပ်မတော်မှ စစ်သားများကို တိုက်ရိုက် ချီတက်ခွင့်ပေးကာ ချင်ဟိုင်မြို့ကို အလွယ်တကူ သိမ်းပိုက်သွားမည် ဖြစ်သည်။

ဤလောကတွင် အဆင့်မြင့် သိုင်းပညာရှင် တစ်ဦး၏ စစ်ပွဲအပေါ် သက်ရောက်မှုက အလွန် ကြီးမားလှသည်။

ဒွာရသန့်စင်ခြင်းအဆင့် သိုင်းပညာရှင် တစ်ဦးသည် လမ်းဆုံးသို့ မရောက်သရွေ့ ခန္ဓာကိုယ်ကြံ့ခိုင်ခြင်းအဆင့် သိုင်းပညာရှင်များကို အလွယ်တကူ သတ်ဖြတ်နိုင်ပေသည်။

ဒွာရသန့်စင်ခြင်းအဆင့်ကို အနိုင်ယူရန် တစ်ခုတည်းသော နည်းလမ်းမှာ အစီအရင်များကို အသုံးပြု၍ ပိတ်လှောင်ပြီးနောက် များပြားလှသော အရေအတွက်ဖြင့် လွှမ်းမိုးဖိနှိပ်ကာ နေရာမှာတင် သတ်ဖြတ်ပစ်ရန်သာ ဖြစ်၏။

သို့သော် အစီအရင်များ ရှိနေခြင်းကြောင့် ဒွာရသန့်စင်ခြင်းအဆင့် သိုင်းပညာရှင်များသည် စစ်တပ်၏ တပ်အစီအရင်ကို တိုက်ရိုက် တိုက်ခိုက်ခြင်း မရှိသလောက်ပင်ဖြစ်သည် ။ အဘယ်ကြောင့်ဆိုသော် သတိလက်လွတ်ဖြစ်ကာ အလွယ်တကူ ရှုံးနိမ့်သွားနိုင်သောကြောင့် ဖြစ်၏။

ဒွာရပေါင်းစည်းခြင်း အဆင့်ကဲ့သို့ အစွမ်းထက်သော ပညာရှင်များက လေထဲတွင် ရပ်တန့်နေနိုင်ကြသည်။

ဤအချက်အရ ခန္ဓာကိုယ်ကြံ့ခိုင်ခြင်းအဆင့် သိုင်းပညာရှင်များ မည်မျှပင် များပြားနေစေကာမူ အချည်းနှီးသာ ဖြစ်၏။ သူတို့ကို ထိခိုက်အောင်ပင် လုပ်နိုင်မည် မဟုတ်ချေ။ မြှားများနှင့် ပတ်သက်၍မူ စွမ်းအားမှာ ဒွာရသန့်စင်ခြင်းအဆင့် တစ်ဦးမှ ပစ်ခတ်ခြင်း မဟုတ်ပါက ဒွာရပေါင်းစည်းခြင်းအဆင့် ပညာရှင်တစ်ဦး၏ အနီးသို့ ချဉ်းကပ်ရန်ပင် အရည်အချင်း ပြည့်မီမည် မဟုတ်ပေ။

မင်းဆက် အတွင်းရှိ သူပုန် အများအပြားကို အမြစ်ပြတ် မချေမှုန်းနိုင်ရသည့် အကြောင်းရင်းမှာ အစွမ်းထက် ပညာရှင်များစွာက သူတို့၏ နောက်ခံအဖြစ် လုပ်ဆောင်ပေးနေသောကြောင့် ဖြစ်၏။ နတ်တိမ်မြို့ တစ်ဝိုက်ရှိ တည်ငြိမ်မှုမှာလည်း ပတ်ဝန်းကျင် ဒေသကို ထိန်းချုပ်ပေးထားသော အစွမ်းထက် ဒွာရပေါင်းစည်းခြင်းအဆင့် ပညာရှင်များ ရှိနေသောကြောင့် ဖြစ်သည်။

နောက်တစ်နေ့ နံနက်တွင် ချန်ဖေးက ရွမ် မိသားစု အိမ်တော် အရှေ့တွင် ပေါ်လာခဲ့သည်။ ရွမ် မိသားစုမှ အစောင့်က ချန်ဖေးကို ကြည့်လိုက်ပြီး သူက ရင်းနှီးနေပုံရသည်ဟု ခံစားလိုက်ရ၏။ နောက်တစ်ခဏတွင် အစောင့်၏ မျက်လုံးများ ပြူးကျယ်သွားသည်။

အဘယ်ကြောင့်ဆိုသော် သူသည် လွန်ခဲ့သော နှစ်နှစ်ကျော်က ချန်ဖေးနှင့် ဆုံဖူးခဲ့သောကြောင့် ဖြစ်သည်။

ခဏအကြာတွင် ရွမ် မိသားစု တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွား၏။ ရွမ် မိသားစု၏ ထင်ရှားသော အဖွဲ့ဝင်များ အားလုံးက ပင်မခန်းမ အတွင်းမှ အလျင်အမြန် ထွက်ခွာလာကြသော်လည်း ချန်ဖေး ရပ်နေသည်ကို မြင်သောအခါ မည်သူမျှ အပြင်သို့ မထွက်ရဲကြချေ။

အခန်း (၃၄၃) ပြင်းထန်သော

သုံးနှစ်နီးပါး ကြာပြီးနောက် ချန်ဖေးသည် ချင်ဟိုင်မြို့ရှိ ရွမ် မိသားစုသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ ရွမ် မိသားစုဝင် အများအပြားမှာ အိုမင်းရင့်ရော်လာသည့် လက္ခဏာများ ပြသနေကြ၏။ မည်သို့ပင်ဆိုစေကာမူ သုံးနှစ် ဆိုသည်မှာ မည်သူ့အတွက်မျှ အချိန်တိုတောင်းလှသည် မဟုတ်ချေ။

ကျင့်ကြံခြင်းအဆင့် ဒွာရသန့်စင်ခြင်းသို့ ရောက်ရှိနေပြီး သက်တမ်း နှစ်ရာရှိသော ချန်ဖေးကဲ့သို့သော သူတစ်ဦးသာလျှင် သူ၏ မျက်နှာပေါ်တွင် အိုမင်းရင့်ရော်သည့် လက္ခဏာ တစ်စုံတစ်ရာ မရှိပေ။

"အစ်ကို ချန်..."

ရွမ်ချောင်ကျွင်းက တောက်ပသော အပြုံးတစ်ခုဖြင့် ချန်ဖေးကို ကြည့်လိုက်၏။

သုံးနှစ်အချိန် ကုန်လွန်သွားခဲ့ပြီဖြစ်ရာ ရွမ်ချောင်ကျွင်းသည် သူမ၏ ရိုးအမှုကို စွန့်လွှတ်လိုက်ပြီဖြစ်ပြီး အစွမ်းထက်သော ခေါင်းဆောင်တစ်ဦး၏ အသွင်အပြင်ကို ရရှိနေပြီ ဖြစ်သည်။

ရွမ်တုံးလိုင်က အနောက်ဘက်တွင် ရပ်နေ၏။ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ရွမ်တုံးလိုင်က အာဏာသိမ်းရန် တွေးတောခဲ့ဖူးသည်။ မည်သို့ပင်ဆိုစေကာမူ ရွမ် မိသားစု၏ စီးပွားရေးမှာ အလွန် ကြီးမားပြီး အကျိုးစီးပွားများစွာ ပါဝင်ပတ်သက်နေသောကြောင့် ဖြစ်၏။

အကယ်၍ သူကသာ ထိန်းချုပ်နိုင်ပါက နောက်ဆုံးတွင် သူ၏ လက်ထဲသို့ ရောက်ရှိလာမည့် အကျိုးအမြတ်များမှာ အဆပေါင်းများစွာ တိုးလာမည် ဖြစ်သည်။

သို့သော် နောက်ဆုံးတွင် ရွမ်တုံးလိုင်က မလုပ်ရဲခဲ့ပေ။ အကြောင်းရင်းမှာ ရိုးရှင်းလှ၏။ ဒွာရသန့်စင်ခြင်းအဆင့်ရှိ အစွမ်းထက်သည့် ပညာရှင်တစ်ဦးဖြစ်သော ချန်ဖေးနှင့် သူမ၏ ဆက်ဆံရေးကြောင့် ဖြစ်သည်။

ရွမ်တုံးလိုင်သည် ရွမ်ချောင်ကျွင်းနှင့် ချန်ဖေးကြားရှိ ဆက်ဆံရေး၏ အတိအကျ သဘောသဘာဝကို မသေချာသကဲ့သို့ ချန်ဖေးက ရွမ် မိသားစုသို့ မည်သည့်အချိန်တွင် ထပ်မံလာရောက်မည် ဆိုသည်ကိုလည်း မသိချေ။

အကယ်၍ ချန်ဖေးက ရွမ် မိသားစု၏ အကြီးအကဲ ပြောင်းလဲသွားသည်ကို မြင်ပါက သူ ဒေါသထွက်သွားမည်လား။

ရွမ် မိသားစုသည် ချင်ဟိုင်မြို့တွင် အင်အားကြီးမားသော မျိုးနွယ်စုတစ်ခု ဖြစ်သော်လည်း ဒွာရသန့်စင်ခြင်းအဆင့် တစ်ဦး၏ အမျက်ဒေါသကို ခုခံရန် အခွင့်အလမ်း အလွန်နည်းပါးလှ၏။

သဘာဝကျစွာပင် ရွမ်တုံးလိုင်သည် ချန်ဖေးကို တန်ပြန်ရန်အတွက် အခြားသော ဒွာရသန့်စင်ခြင်းအဆင့် တစ်ဦးနှင့် မျက်နှာလိုမျက်နှာရ လုပ်ရန် ကြိုးစားနိုင်သော်လည်း ဒွာရသန့်စင်ခြင်းအဆင့်များနှင့် ဆက်ဆံရေးမှာ တစ်ခါတစ်ရံတွင် စီမံခန့်ခွဲရန် မလွယ်ကူလှပေ။

အဓိက အချက်မှာ သူတို့ မျက်နှာလိုမျက်နှာရ လုပ်ထားသော ဒွာရသန့်စင်ခြင်းအဆင့်သည် များသောအားဖြင့် ချင်ဟိုင်မြို့တွင် နေထိုင်လေ့ မရှိခြင်းပင်။ အကယ်၍ ချန်ဖေးက သူ့ကို ဓားတစ်ချက်တည်းဖြင့် သတ်ပစ်မည်ဆိုပါက သူ လက်တုံ့ပြန်နိုင်မည် မဟုတ်ချေ။

စွန့်စားခြင်းက အသက်အန္တရာယ် ရှိနိုင်သဖြင့် နောက်ဆုံးတွင် ရွမ်တုံးလိုင်က ဤဆွဲဆောင်မှုရှိသော အတွေးကို ဖိနှိပ်ထားလိုက်ပြီး ရွမ် မိသားစုတွင် ဒုတိယ အကြီးအကဲအဖြစ် နာခံမှုရှိစွာ နေထိုင်ခဲ့သည်။

ဧည့်ခန်းမ အလယ်တွင် ချူးဝမ်နီယန်နှင့် ချူးလန်တို့က ချန်ဖေးကို ကြည့်နေကြ၏။ လွန်ခဲ့သော သုံးနှစ်အတွင်း ရွမ် မိသားစုတွင် သူတို့၏ အဆင့်အတန်းမှာ ရွမ်ချောင်ကျွင်းကြောင့် လျင်မြန်စွာ မြင့်တက်လာခဲ့သည်။

ချူးဝမ်နီယန်၏ ဆံပင်များက ဖြူနေပြီဖြစ်ပြီး ချူးလန်မှာ ပို၍ပင် ယဉ်ကျေးသိမ်မွေ့ကာ ကျက်သရေရှိလာ၏။ ဤအခိုက်အတန့်တွင် ချန်ဖေးကို ကြည့်နေသော သူမ၏ အကြည့်များထဲတွင် အလင်းရောင် တစ်စွန်းတစ်စ ရှိနေဆဲပင်။

"ဒီနေ့ ငါ ဒီကို လာတာ မင်းကို ကိစ္စတစ်ခု အပ်နှင်းချင်လို့ပါ..." ချန်ဖေးက ရွမ်ချောင်ကျွင်းကို ပြုံး၍ ပြောလိုက်သည်။

ချင်ဟိုင်မြို့တွင်း၌ သတင်းအချက်အလက် စုဆောင်းနေမည့်အစား ဤကိစ္စကို ရွမ် မိသားစုထံ အပ်နှင်းခြင်းက ပိုကောင်းပေသည်။ ရွမ် မိသားစုက ချင်ဟိုင်မြို့ရှိ အခြေအနေများကို ပိုမို နားလည်သဘောပေါက်ထားသဖြင့် ယင်းက ချန်ဖေးအတွက် ပြဿနာ များစွာကို သက်သာစေလိမ့်မည် ဖြစ်၏။

တစ်နာရီ မပြည့်မီမှာပင် ချန်ဖေး၏ အရှေ့တွင် စာရွက်စာတမ်း အထပ်လိုက်ကို ချထားပေးသည်။ ချန်ဖေးက စာရွက်စာတမ်း တစ်ရွက်ချင်းစီကို သေချာစွာ စစ်ဆေးကြည့်လိုက်၏။ ခဏအကြာတွင် ချန်ဖေးက မျက်လုံးများကို မှိတ်လိုက်ပြီး စားပွဲပေါ်တွင် သူ၏ လက်ချောင်းများကို ဖွဖွလေး ခေါက်နေသည်။

ဌာနေပြန်ဓားမျှော်စင်သည် ဤနေရာမှ မိုင် နှစ်ထောင်နီးပါး ဝေးကွာသော ရှီးယွင်မြို့တွင် တည်ရှိသည်။ မျှော်စင်အတွင်းတွင် ဒွာရသန့်စင်ခြင်းအဆင့် ခုနစ်ဦး ရှိပြီး အမြင့်ဆုံးမှာ ဒွာရသန့်စင်ခြင်း အလယ်အလတ်အဆင့်သို့ ရောက်ရှိနေသူ နှစ်ဦး ဖြစ်၏။

ဤသတင်းအချက်အလက်မှာ လွန်ခဲ့သော ငါးနှစ်က ဖြစ်သည်။ မကြာသေးမီ နှစ်များအတွင်း သူပုန်များကြောင့် မြို့များကြား သတင်းအချက်အလက် စီးဆင်းမှုမှာ ယခင်ကဲ့သို့ ချောမွေ့ခြင်း မရှိတော့ချေ။

ငါးနှစ်ဆိုသည်မှာ အချိန်ကြာမြင့်လှသည်။ အရာရာက မပြောင်းလဲဘဲ ရှိနေနိုင်သကဲ့သို့ ကြီးမားစွာလည်း ပြောင်းလဲသွားနိုင်ပေသည်။ ချန်ဖေးအနေဖြင့် ရှီးယွင်မြို့သို့ ရောက်ရှိမှသာ ဤအရာကို အတည်ပြုနိုင်မည် ဖြစ်၏။

ချန်ဖေး အမြဲတမ်း သိချင်နေခဲ့သောအရာမှာ ဌာနေပြန်ဓားမျှော်စင်က မဟာမိုးကြိုး ဓားသိုင်း၏ အမွေအနှစ်ကို မည်သို့ ရရှိခဲ့သနည်း။ ပို၍ အရေးကြီးသည်မှာ ဌာနေပြန်ဓားမျှော်စင်တွင် ယွမ်ချန်ဓားဂိုဏ်း၏ အခြား အမွေအနှစ်များ ရှိနေမည်လား။

ဥပမာအားဖြင့် ယွမ်ချန် ဓားကျမ်းစာ...

ရွမ် မိသားစုမှ ပေးပို့သော အချက်အလက်များတွင် မြေပုံတစ်ခု ပါဝင်သည်။ မြေပုံတွင် အမှတ်အသား အမျိုးမျိုး ပါရှိပြီး တားမြစ်နယ်မြေ အချို့ကို အထူးတလည် ညွှန်ပြထား၏။

ဤကဲ့သို့သော မြေပုံမျိုးက အဖိုးမဖြတ်နိုင်ဘဲ ချန်ဖေးကို မလိုအပ်သော အန္တရာယ်များထဲသို့ ကျရောက်ခြင်းမှ တားဆီးပေးနိုင်သည်။

သဘာဝကျစွာပင် မိမိ၏ ခွန်အားက လုံလောက်ပါက ဤတားမြစ်နယ်မြေများ ဆိုသည်မှာ အမှန်တကယ်တွင် အခွင့်အရေးများ ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။

ချန်ဖေး၌ ဤတားမြစ်နယ်မြေများကို စူးစမ်းလေ့လာရန် လက်ငင်း အစီအစဉ် မရှိချေ။ အခြေအနေကို ရှင်းလင်းစွာ သိရှိနိုင်ရန် ဌာနေပြန်ဓားမျှော်စင်သို့ အရင် သွားချင်၏။ အကယ်၍ သူက ပြီးပြည့်စုံသော အမွေအနှစ် ကျင့်စဉ် အနည်းငယ်ကို ထပ်မံ ရှာတွေ့နိုင်ပါက သူ့အတွက် အကြီးမားဆုံး အကူအညီ ဖြစ်လိမ့်မည်။

ဒေါက်... ဒေါက်... ဒေါက်...။

တံခါးခေါက်သံ တစ်သံ ထွက်ပေါ်လာပြီး ချူးလန်က လက်ဖက်ရည်နှင့် သရေစာများ သယ်ဆောင်၍ ဝင်လာကာ စားပွဲပေါ်တွင် သေချာစွာ ချထားပေးလိုက်သည်။

"အစ်ကို ချန်... ဒါက ဒီမနက်မှ ခူးထားတဲ့ ပျားရည်ပန်းတွေနဲ့ လုပ်ထားတဲ့ မုန့်တွေပါ..."

ချူးလန်က ဘေးတွင် ကျက်သရေရှိစွာ ရပ်လျက် ချန်ဖေးကို တိုးညှင်းစွာ ပြောလိုက်၏။

"ကျေးဇူးပါပဲ..." ချန်ဖေးက ချူးလန်ကို ကြည့်လိုက်ရာ သူ၏ မျက်နှာပေါ်တွင် အလိုအလျောက် အပြုံးတစ်ခု ပေါ်လာသည်။

ဤမြင်ကွင်းက ချန်ဖေးကို ကုန်သည်အဖွဲ့နှင့် ခရီးသွားခဲ့စဉ်က ချူးလန်က အရသာရှိသော အစားအစာများကို အပူပေး၍ သူ့ထံ ယူလာပေးတတ်သော နေ့ရက်များကို သတိရသွားစေ၏။ ထိုအချိန်က ချူးဝမ်နီယန်သည် ချန်ဖေးကို သူခိုးတစ်ယောက်ကဲ့သို့ ဆက်ဆံခဲ့သည်မှာ သေချာပေသည်။

ထိုအချိန်က ချန်ဖေး၏ ကျင့်ကြံခြင်းအဆင့်မှာ ရိုးရှင်းသော အရိုးသန့်စင်ခြင်း အဆင့်တွင်သာ ရှိသေးသဖြင့် သူ၏ အဖိုးတန် မြေးမလေးကို ချန်ဖေး လှည့်စားခေါ်ဆောင်သွားမည်ကို သူ ကြောက်ရွံ့ခဲ့ခြင်း ဖြစ်၏။

အရိုးသန့်စင်ခြင်း အဆင့်မှာ မဆိုးလှသော်လည်း ချန်ဖေး၏ အသက်အရွယ်ဖြင့် အရိုးသန့်စင်ခြင်း အဆင့်မှာ သိပ်ထူးချွန်လှသည်တော့ မဟုတ်ပေ။ ထို့အပြင် ထိုအချိန်က သူတို့၏ လက်တွေ့ အခြေအနေမှာ ဖြစ်နိုင်ခြေရှိသော လုပ်ကြံသတ်ဖြတ်မှုများမှ ပုန်းရှောင်နေရခြင်း ဖြစ်သည်။

အနှစ်သာရအားဖြင့် ချူးဝမ်နီယန်က လမ်းပေါ်တွင် တွေ့ခဲ့ရသော လူငယ်လေး ချန်ဖေးကို ဤကဲ့သို့သော ကိစ္စမျိုးတွင် မပါဝင်စေချင်ခဲ့ပေ။ အရိုးသန့်စင်ခြင်း အဆင့်တွင် ခုခံနိုင်စွမ်း လုံးဝ မရှိသောကြောင့် ဖြစ်၏။

ချန်ဖေးက ပျားရည်ပန်း မုန့်ကို ကောက်ယူ၍ တစ်ကိုက် ကိုက်လိုက်ရာ သိမ်မွေ့သော ရနံ့တစ်ခုက သူ၏ ပါးစပ်ထဲတွင် ပြည့်နှက်သွားသည်။ အရသာက အမှန်တကယ်ပင် ကောင်းမွန်လတ်ဆတ်ပြီး သေသပ်စွာ ပြုလုပ်ထားသဖြင့် သူမကို အလွန် စားချင့်စဖွယ် ဖြစ်စေ၏။

ချန်ဖေး ပျားရည်ပန်း မုန့် စားနေသည်ကို မြင်သောအခါ ချူးလန်မှာ ပျော်ရွှင်စွာ မပြုံးဘဲ မနေနိုင်တော့ချေ။

"မကြာသေးခင်က အခက်အခဲတွေနဲ့ ကြုံတွေ့ခဲ့ရသေးလား..." ချန်ဖေးက လက်ဖက်ရည် တစ်ငုံသောက်၍ ချူးလန်ကို ကြည့်ရင်း မေးလိုက်သည်။

"မရှိပါဘူး... အဘိုးနဲ့ ကျွန်မ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ အတော်လေး အဆင်ပြေပါတယ်..." ချူးလန်က ခေါင်းခါလျက် ပြန်ဖြေလိုက်၏။

ရွမ်ချောင်ကျွင်းက အိမ်ကိုတာဝန်ယူထားသဖြင့် အသက်ရှင်ခြင်း နှင့်သေဆုံးခြင်းကို အတူတကွ ဖြတ်သန်းခဲ့ကြသော လူနှစ်ဦးဖြစ်သည့် ချူးဝမ်နီယန်နှင့် ချူးလန်တို့ကို သဘာဝကျစွာပင် အနိုင်ကျင့် ဆက်ဆံမည် မဟုတ်ချေ။ ထို့အပြင် ရွမ်ချောင်ကျွင်း၏ ခေါင်းဆောင်မှုအောက်တွင် ရွမ် မိသားစုသည် မကြာသေးမီ နှစ်များအတွင်း ကြီးပွားတိုးတက်နေခဲ့သည်။

ငွေကြေး ပိုမိုများပြားလာသဖြင့် မိသားစုဝင်များကို အကျိုးအမြတ်များ ပိုမို ခွဲဝေပေးနိုင်ခဲ့ရာ လူတိုင်းက ရွမ်ချောင်ကျွင်းကို ပိုမို ထောက်ခံလာကြ၏။

"ရော့... ဒါက မင်းနဲ့ မင်းအဘိုး အတွက်ပါ... မင်းတို့ နှစ်ယောက်စလုံး သောက်လို့ရတယ်..."

ချန်ဖေးက တစ်ခဏမျှ စဉ်းစားပြီးနောက် သူ၏ လက်ထဲတွင် ကြွေပုလင်း တစ်လုံး ပေါ်လာ၏။ ချိုးယွမ်ကျန်၏ လျှို့ဝှက်ခန်းမှ သူ ရရှိခဲ့သော ဆေးလုံးအချို့ ပါဝင်သည်။

လျှို့ဝှက်ခန်း အတွင်း၌ ချိုးယွမ်ကျန်က သူ၏ ကျင့်ကြံခြင်းအတွက် အကျိုးရှိသော ပစ္စည်းများကို အဓိက သိုလှောင်ထားသော်လည်း ဆေးလုံးအချို့လည်း ရှိနေသေး၏။ ဒွာရသန့်စင်ခြင်း အလယ်အလတ်အဆင့် တစ်ဦးအတွက် အသေးအဖွဲ ပစ္စည်းများဟု ယူဆနိုင်သည်။

ဤဆေးလုံးများက ဒွာရသန့်စင်ခြင်းအဆင့် တစ်ဦးအတွက် အသုံးမဝင်သော်လည်း ခန္ဓာကိုယ်ကြံ့ခိုင်ခြင်းအဆင့် သိုင်းပညာရှင်များအတွက်မူ ရှားပါးသော တွေ့ရှိမှု တစ်ခု ဖြစ်၏။ မည်သို့ပင်ဆိုစေကာမူ ချိုးယွမ်ကျန်က အမှိုက်များအဖြစ် မလွှင့်ပစ်ခဲ့ခြင်းကပင် ဆေးလုံးများ၏ တန်ဖိုးကို သက်သေပြနေသည်။

"အာ..."

ချူးလန်က ကြွေပုလင်းကို တစ်ခဏမျှ စိုက်ကြည့်နေပြီး ငြင်းဆိုရန် ပြင်လိုက်စဉ် ချန်ဖေးက သူမ၏ လက်ဖဝါးထဲသို့ အတင်း ထည့်ပေးလိုက်၏။

"ငါ ဖြေရှင်းစရာ ကိစ္စလေးတွေ ရှိသေးတယ်... ဒါကြောင့် ဒီမှာ ဆက်မနေတော့ဘူး... မကြာခင် ထွက်သွားတော့မယ်... ဂရုစိုက်နော်..." ချန်ဖေးက ပြုံး၍ ပြောလိုက်သည်။

"အစ်ကို ချန် နောက်ထပ် ရက်အနည်းငယ်လောက် ဆက်မနေတော့ဘူးလား..." ချူးလန်မှာ အမှန်တကယ်ပင် ဆွံ့အသွား၏။

စိတ်ပျက်ဝမ်းနည်းမှု လှိုင်းလုံးတစ်ခုက သူမကို လွှမ်းမိုးသွားပြီး အစောပိုင်းက ကောင်းမွန်နေခဲ့သော စိတ်ခံစားချက်များ ပျောက်ကွယ်သွားသည်။

"နောက်မှပေါ့..."

ချန်ဖေးက တိုးညှင်းစွာ ပြောလိုက်သော်လည်း ဤစကားကို ပြောပြီးနောက် ချင်ဟိုင်မြို့သို့ သူ ထပ်မံ လာရောက်ဖြစ်မည်လား ဆိုသည်ကို ချန်ဖေး ကိုယ်တိုင်ပင် မသိတော့ချေ။

နာရီဝက် အကြာတွင် ချန်ဖေးက ချင်ဟိုင်မြို့မှ ထွက်ခွာ၍ ရှီးယွင်မြို့ဆီသို့ ဦးတည်သွား၏။

ရွမ် မိသားစုက ချန်ဖေးကို ရှီးယွင်မြို့သို့ ပို့ဆောင်ပေးရန် ရထားလုံး တစ်စီး စီစဉ်ပေးရန် ရည်ရွယ်ခဲ့သည်။ သို့သော် ရထားလုံး တစ်စီး၏ အမြန်နှုန်းနှင့် မိုင်တစ်ထောင်ကျော် အကွာအဝေးကို ထည့်တွက်ပါက တောင်များ၊ မြစ်များကို ဖြတ်သန်းရမည့် ခရီးစဉ် ဖြစ်သဖြင့် ခရီးပန်းတိုင်သို့ ရောက်ရန် ဆယ်ရက်ကျော် အချိန်ယူရမည်မှာ သေချာသည်။

ထို့ကြောင့် ချန်ဖေး တစ်ယောက်တည်း ပေါ့ပေါ့ပါးပါး ခရီးသွားခြင်းက ပိုကောင်းပေလိမ့်မည်။

ချန်ဖေး၏ လက်ရှိ အမြန်နှုန်းနှင့် သွက်လက်မှုအရ သူက ပုံမှန် အမြန်နှုန်းကိုသာ ထိန်းသိမ်းထားပြီး ညဘက်တွင် အနားယူလျှင်ပင် နောက်တစ်နေ့တွင် ရှီးယွင်မြို့သို့ ရောက်ရှိနိုင်ပေသည်။ သူ အစွမ်းကုန် အသုံးပြုရန်ပင် မလိုအပ်ချေ။

နာရီအနည်းငယ် အချိန်က မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွား၏။ လမ်းတစ်လျှောက်တွင် ချန်ဖေးက ကုန်သည်အဖွဲ့ အနည်းငယ်နှင့် ဆုံတွေ့ခဲ့ပြီး ထိုအဖွဲ့များအနက် တစ်ဖွဲ့မှာ တောင်ပေါ် ဓားပြများနှင့်ပင် တိုက်ခိုက်နေကြသည်။

တောင်ပေါ် ဓားပြများမှာ မအားနည်းသော်လည်း ထိုကုန်သည်အဖွဲ့က ပိုမို အစွမ်းထက်ကြောင်း ရှင်းလင်းလှ၏။

လက်ရှိ အခြေအနေတွင် အပြင်ထွက် ခရီးသွားရဲသော မည်သည့် ကုန်သည်အဖွဲ့မဆို အလွန် အစွမ်းထက်ကြသည်။ သို့မဟုတ်ပါက အချိန်တိုအတွင်းမှာပင် ဝါးမြိုခံရမည် ဖြစ်၏။

ညအမှောင်ကို အကာအကွယ်ယူ၍ သစ်တောအုပ်တစ်ခု အတွင်း၌ မီးပုံ တစ်ပုံ ထွန်းညှိထားသည်။ ချန်ဖေးက တင်ပျဉ်ခွေ ထိုင်နေပြီး လင်းလက်နေသော မီးရောင်က သူ၏ မျက်နှာပေါ်တွင် အလင်းနှင့် အရိပ်များကို အဆက်မပြတ် ကျရောက်နေစေ၏။

ချန်ဖေးက သူ၏ လက်ထဲရှိ မဟာမိုးကြိုး ဓားသိုင်း၏ ကျောက်စိမ်းစာလိပ်ကို စစ်ဆေးနေသည်။ ခဏအကြာတွင် ချန်ဖေးက ကျောက်စိမ်းစာလိပ်ကို ပြန်သိမ်းလိုက်၏။

ချန်ဖေးသည် လက်ရှိတွင် မဟာမိုးကြိုး ဓားသိုင်းကို မလေ့ကျင့်နိုင်သေးပေ။

အဘယ်ကြောင့်ဆိုသော် ယွမ်ချန် ဓားကျမ်းစာမှာ ပထမ အဆင့်နှစ်ခုသာ ပြည့်စုံပြီး တတိယအဆင့်မှာ မပြည့်စုံသောကြောင့် ဖြစ်၏။ အကယ်၍ ချန်ဖေးကသာ ယွမ်ချန် ဓားကျမ်းစာ၏ ညှိနှိုင်းပေးမှု မပါဘဲ ကျင့်ကြံပါက မဟာမိုးကြိုး ဓားသိုင်း၏ ယွမ်စွမ်းအင်များက အချင်းချင်း ပွတ်တိုက်မိကြလိမ့်မည်။

ထိုအချိန်တွင် ချန်ဖေး၏ ခွန်အားက အနည်းဆုံးတော့ လျော့ကျသွားမည်ဖြစ်ပြီး အဆိုးရွားဆုံး အခြေအနေတွင် ဒွာရများ ပျက်စီးသွားနိုင်ရာ ယင်းက ရရှိမည့် အကျိုးအမြတ်ထက် ဆုံးရှုံးမှုက ပိုများသွားမည် ဖြစ်၏။

"အကယ်၍ မဟာမိုးကြိုး ဓားသိုင်းကို ပေါင်းစပ်လိုက်မယ်ဆိုရင် ကျင့်စဉ် သုံးခုကနေ ဖွင့်လှစ်နိုင်တဲ့ ဒွာရတွေက အတိအကျ တစ်ရာအထိ ရောက်သွားလိမ့်မယ်..."

ချန်ဖေး၏ စိတ်ထဲတွင် အတွေးတစ်ခု လင်းလက်သွား၏။ ဒွာရ တစ်ရာအထိ ဖွင့်လှစ်နိုင်သော ကျင့်စဉ် တစ်ခုကို ဖန်တီးနိုင်ခြင်းကပင် ဒွာရသန့်စင်ခြင်း အဆင့်တွင် အလွန်တရာ ရှားပါးသော အဖြစ်အပျက် တစ်ခု ဖြစ်နေပြီ ဖြစ်သည်။

ထို့အပြင် ကျင့်စဉ် သုံးခုက တစ်ခုနှင့်တစ်ခု အပြန်အလှန် ဖြည့်ဆည်းပေးသဖြင့် အလွန် အစွမ်းထက်သော သိုင်းကွက်များကို ဖြစ်ပေါ်စေသည်။ အကယ်၍ ယွမ်ချန်ဓားဂိုဏ်းကသာ ဤကဲ့သို့သော အမွေအနှစ်မျိုးကို ပိုင်ဆိုင်ထားပါက အင်အားမှာ ယုံမှားသံသယမရှိ သိသိသာသာ တိုးတက်လာမည် ဖြစ်၏။

မေးခွန်းက ကျန်ရှိနေသေးသည်။ ဌာနေပြန်ဓားမျှော်စင်တွင် ယွမ်ချန် ဓားကျမ်းစာ၏ အမွေအနှစ် အမှန်တကယ် ရှိနေသလား ဆိုသည်ပင် ဖြစ်သည်။

ညလေပြင်းက တဟူးဟူး တိုက်ခတ်နေပြီး အလွန် အေးစိမ့်နေသော်လည်း ချန်ဖေးကို သိပ်ပြီး အနှောင့်အယှက် မဖြစ်စေချေ။ ချန်ဖေးက မတ်တတ်ရပ်၍ ဝိညာဉ်သတ်ဖြတ်ခြင်း ကျင့်စဉ်ကို စတင် ကျင့်ကြံလိုက်၏။

ခုတ်...။

ချန်ဖေးက သူ၏ လက်များကို ဓားများအဖြစ် အသုံးပြု၍ သူ၏ လက်များက အရိပ်များအဖြစ် ပြောင်းလဲကာ အရှေ့သို့ စတင် ခုတ်ပိုင်းလိုက်သည်။

အခြားသူများသာ ဤကျင့်ကြံမှု နည်းလမ်းကို မြင်ပါက သေချာပေါက် အံ့အားသင့်သွားကြမည် ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ဒွာရသန့်စင်ခြင်းအဆင့် အတွက် ရိုးရှင်းသော ခုတ်ထစ်ခြင်းက မည်သို့မျှ အထောက်အကူ မပြုသောကြောင့်ပင်။ သို့သော် ဤနေရာတွင် ယခုအချိန်၌ အခြား မည်သူမျှ မရှိချေ။ အဖော်အဖြစ် ကောင်းကင်ယံမှ လရောင်သာ ရှိ၏။

ချန်ဖေး၏ ခုတ်ချက်များ ဆက်တိုက် ထွက်ပေါ်နေစဉ် ဝိညာဉ်သတ်ဖြတ်ခြင်း ကျင့်စဉ်နှင့် ပတ်သက်သော ထိုးထွင်းသိမြင်မှုများက သူ၏ စိတ်ထဲသို့ ဆက်တိုက် စီးဝင်လာသည်။ မကြာသေးမီက ချန်ဖေးသည် ဤကျင့်စဉ်၏ နက်နဲသော လျှို့ဝှက်ချက်များကို နက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်လာခဲ့၏။

ထို့ကြောင့် ဝိညာဉ်သတ်ဖြတ်ခြင်း ကျင့်စဉ်ကို ကျင့်ကြံခြင်းက ချန်ဖေးအတွက် နေ့စဉ် လုပ်ရိုးလုပ်စဉ် တစ်ခု ဖြစ်နေသည်။ ဝိညာဉ်သတ်ဖြတ်ခြင်း ကျင့်စဉ် ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်ရှိခဲ့သည်မှာ သုံးလကျော် ကြာမြင့်ခဲ့ပြီ ဖြစ်၏။

လွန်ခဲ့သော သုံးလအတွင်း ချန်ဖေးသည် ဝီရိယရှိရှိ လေ့ကျင့်ခဲ့ပြီး ဝိညာဉ်သတ်ဖြတ်ခြင်း ကျင့်စဉ်တွင် သူ၏ ကျွမ်းကျင်မှုမှာ တည်ငြိမ်စွာ တိုးတက်လာခဲ့သည်။

အထူးသဖြင့် မကြာသေးမီက ကျင့်ကြံမှု အဆင့်မှာ မဟာ ပြီးပြည့်စုံခြင်း အဆင့်သို့ နီးကပ်လာသောကြောင့် ဖြစ်၏။ အသုံးပြုရသည်မှာလည်း မကြာခဏ ဖြစ်လာခဲ့သည်။

ဤဝိညာဉ်သတ်ဖြတ်ခြင်း ကျင့်စဉ်သည် မဟာ ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်ရှိပြီးနောက် နောက်ထပ် ပြောင်းလဲမှု တစ်စုံတစ်ရာ ဖြစ်ပေါ်လာမည်လား ဆိုသည်ကို ချန်ဖေး သိချင်နေခဲ့၏။

အချိန်များ ဖြည်းညင်းစွာ ကုန်ဆုံးသွားပြီး ကောင်းကင်မှ တောက်ပသော လမင်းကြီးမှာ တစ်ချိန်ချိန်တွင် တိမ်များ ဖုံးကွယ်သွားခဲ့သည်။ သစ်တောအုပ် တစ်ခုလုံး အမှောင်အတိ ကျသွားပြီး မီးတောက် တစ်ခုသာ လင်းလက်နေ၏။

ချန်ဖေး၏ ပတ်ဝန်းကျင်မှ အေးစက်သော အရှိန်အဝါ တစ်ခု ထွက်ပေါ်လာပြီး အဝေးမှနေ၍ မျက်လုံးများက ချန်ဖေးကို တိတ်တဆိတ် စောင့်ကြည့်နေသကဲ့သို့ ဖြစ်နေသည်။

အဆက်မပြတ် ခုတ်ပိုင်းနေသော ချန်ဖေး၏ လက်မောင်းများက ရုတ်တရက် အနည်းငယ် ရပ်တန့်သွား၏။ ဝိညာဉ်သတ်ဖြတ်ခြင်း ကျင့်စဉ်နှင့် ပတ်သက်သော နက်ရှိုင်းသည့် နားလည်သဘောပေါက်မှု တစ်ခုက သူ့ကို လွှမ်းမိုးသွားသည်။ သူ၏ အသိစိတ်ပင်လယ် အတွင်း၌ ပွတ်တိုက်မှု တစ်ခု ဖြစ်ပွားသွား၏။

နောက်တစ်ခဏတွင် ရပ်တန့်နေခဲ့သော ချန်ဖေး၏ ညာလက်မောင်းက တည်ကြည်လေးနက်သော အမူအရာဖြင့် အရှေ့သို့ ခုတ်ပိုင်းချလိုက်သည်။

ဤခုတ်ချက်နှင့်အတူ ချန်ဖေး၏ အသိစိတ်ပင်လယ် အတွင်းမှ နားလည်သဘောပေါက်မှုက ရုတ်တရက် ရပ်တန့်သွားပြီးနောက် ချက်ချင်း လည်ပတ်သွားကာ ချန်ဖေး၏ စိတ်ကို ရိုက်ခတ်သွားသော နောက်ဆုံး အုတ်ခဲ တစ်ချပ်အဖြစ် ပြောင်းလဲသွား၏။

ဝိညာဉ်သတ်ဖြတ်ခြင်း ကျင့်စဉ်... မဟာ ပြီးပြည့်စုံခြင်း...

ချန်ဖေးထံမှ အေးစက်သော အရှိန်အဝါ တစ်ခု ထွက်ပေါ်လာပြီး လှိုင်းဂယက်များအဖြစ် အပြင်ဘက်သို့ ပျံ့နှံ့သွားသည်။

အသိစိတ်ပင်လယ် အတွင်း၌ အရိပ်ရောင်ပြန် နတ်ဘုရားသတ်ဖြတ်ခြင်းဓားက အနည်းငယ် လင်းလက်သွားပြီး ဤအခိုက်အတန့်တွင် မဟာ ပြီးပြည့်စုံခြင်း အဆင့် ဝိညာဉ်သတ်ဖြတ်ခြင်း ကျင့်စဉ်၏ အကူအညီဖြင့် သူ၏ စိတ်ထဲမှ ရေမတွက်နိုင်သော စိတ်ကူးဉာဏ်များက အဟုန်ပြင်းစွာ ထွက်ပေါ်လာ၏။

နောက်တစ်ခဏတွင် ဓားဆန္ဒ တစ်ခုက လင်းလက်သွားပြီး သစ်တောအုပ်၏ အနက်ရှိုင်းဆုံး နေရာသို့ ပျောက်ကွယ်သွားသည်။

All Chapters