← Chapters

အခန်း (၁-၃)

Vol. 1 Ch. 1-3

အခန်း (၁-၃)

Vol. 1 Ch. 1-3

အပိုင်း ၁

မင်းက စကား​ပြောနိုင်တာလား

________________________________

ကြည်လင်အေးချမ်းသော စနေနေ့ နံနက်ခင်းတွင် ကျောက်ယောင်သည် သူ၏ကြောင်ကို သားကြောဖြတ်ပေးရန် သွားခဲ့လေသည်။

ယင်းကြောင်သည် အဝါလေးလီဟွားဟု အမည်ရလေပြီး နဂါးလီဟု အသိများကာ တရုတ်မျိုးရင်းကြောင်တစ်ကောင် ဖြစ်ပေသည်။ အမွေးဖွားဖွား ဦးခေါင်း ၊ ကျောပြင် ၊ ခြေထောက်များတွင် လိမ္မော်နှင့်အဝါ အစင်းကြောင်းများ ခြယ်ထားပေသည်။

ကြောင်၏ ရင်ဘက်နှင့်ဝမ်းဗိုက်တို့က အဖြူရောင် အမွေးပြင်ကျယ်ကြီး ဖြစ်ပေ၏။ ၎င်း၏ ခြေလေးချောင်း အဖျားပိုင်းများသည် နှင်းကဲ့သို့ပင် ဆွတ်ဆွတ်ဖြူနေသည်။ ၎င်း၏ လက်အိတ်စွပ်ထားသကဲ့သို့သော လက်သည်းဖြူများက အမျိုးသမီးများကို ညှို့ယူဖမ်းစားနိုင်ပြီး အမျိုးသမီးများ၏ ဦးနှောက်လှိုင်းများကို အနှောင့်အယှက်ပေးကာ ပျော်ရွှင်သောအော်သံများပင် ထွက်လာစေသည်ဟု ဆိုကြပေသည်။

ဤလီဟွားက အထီးတစ်ကောင် ဖြစ်သော်လဲ ကြီးမားသော မျက်ဝန်းများကြောင့် ဆွဲဆောင်မှုရှိကာ အမဆန်နေပေသည်။

သို့သော် လက်ရှိအချိန်၌ လီဟွားက အဆုတ်ကွဲလုမတတ် ဟစ်အော်နေပေသည်။ မိသားစုကြောင် အများစုသည် တစ်သက်လုံးဆိုလျှင်ပင် အိမ်တွင်နေရသည်ကိုသာ နှစ်သက်ကြပေသည်။ အိမ်ပြောင်းခြင်း သို့မဟုတ် အိမ်မှထွက်ခြင်းတို့သည် ၎င်းတို့အတွက် အလွန်ထိတ်လန့်ဖွယ်ရာတစ်ခု သို့မဟုတ် အလွန်ကြောက်မက်ဖွယ်ရာတစ်ခု အလားပင်။ ကျောက်ယောင်အဖို့ လီဟွား တည်ငြိမ်စေရန် စိတ်ပျက်လက်ပျက် စကားလုံးများဖြင့်သာ ချော့မော့နေရပေသည်။

................

ထိုစဥ်အတွင်း ကမ္ဘာ၏ လေထုလွှာအပြင်ဘက်တွင် ကြယ်ပျံတစ်ခုသည် ကောင်းကင်ယံအား တဝီဝီမြည်ကာ ဖြတ်ကျော်သွားပြီး တရုတ်ပြည်၏ ကောင်းကင်ယံဆီသို့ တဖြည်းဖြည်းချင်း ပျံသန်းသွားနေပေသည်။ ဆန်းကြယ်သော အလင်းတစ်ခု ထုတ်လွှတ်နေသည့် ကြယ်ပျံသည် အလင်းတန်းများကို ဘေးပတ်လည်ဆီသို့ မဆုတ်မနစ် ထုတ်လွှတ်နေပုံပင်။

...............

ကြယ်စင်ကောင်းတိဆေးရုံထဲတွင် ကျောက်ယောင်သည် သူ၏ကြောင်ကို ဧည့်ကြိုဌာနသို့သွားကာ မစ္စတာကျောက်ဟူသည့် ချိန်းဆိုမှတ်တမ်းစာအုပ်ထဲတွင် ကြောင်ထီးတစ်ကောင် " သားကြောဖြတ်ရန် " ဟု ချရေးခဲ့သည်။

" မှတ်တမ်းအရဆိုရင် ရှင်က ဒီနေရာကို မလာဖူးဘူးပဲ။ ရှင့်အနေနဲ့ တစ်ဦးချင်းမှတ်တမ်းကတ်ထဲမှာ စာရင်းသွင်းဖို့လိုပါမယ် " ဧည့်ကြိုဌာနမှ ငယ်ရွယ်သော သူနာပြုတစ်ဦးက တုန့်ပြန်ပြောဆိုကာ ကျောက်ယောင်ကို ကတ်တစ်ခု ပေးလိုက်လေသည်။

ပိုင်ရှင် - ကျောက်ယောင်

အိမ်မွေးတိရိစ္ဆာန်အမည် - လီဟွား

မျိုးစိတ် - အိမ်မွေးကြောင်

အသက် - ၁၂ လ

ဆက်သွယ်ရန် - 15************

ကတ်တွင် ဖြည့်သွင်းပြီးသည့်နောက် သူနာပြုသည် ကြောင်ကို စစ်ဆေးရန်အတွက် အိတ်ထဲမှ ထုတ်ယူလိုက်လေသည်။

" အို... မင်းမှာ အတော်ချစ်ဖို့ကောင်းတဲ့ လက်သည်းတွေ ရှိနေတာပဲ " သူနာပြုက တအံ့တဩဆိုကာ လီဟွားကို အလေးချိန် ချိန်ကြည့်ရန် ပြင်လိုက်လေသည်။

..............

လေထုလွှာအထက်တွင် ကြယ်ပျံသည် တရုတ်ပြည်ကောင်းကင်ယံအား အမြန်နှုန်းဖြင့် ဖြတ်ကျော်ကာ ပစိဖိတ်သမုဒ္ဒရာဆီသို့ ဦးတည်နေသည်။ ကြယ်ပျံ ဖြတ်သန်းသွားရာ လမ်းတလျှောက်ရှိ ကြောင်များအားလုံး ကြီးစွာသော တက်ကြွမှုများဖြင့် ခုန်ပေါက်နေကြပြီး ၎င်းတို့၏မျက်ဝန်းများ အလွန်တောက်ပနေကြသည်မှာ ထိုကြယ်ပျံနှင့်ပင် ယှဥ်နိုင်လောက်ပေသည်။

.........

ထိုအခိုက်တွင် လီဟွားသည် ရုတ်တရက်ပင် ထွက်ပြေးသွားကာ တံခါးဆီသို့ ဦးတည်လေသည်။

သူနာပြုငယ်လေး အနည်းငယ်ခန့် ထိတ်လန့်သွားခဲ့လေပြီး ကျောက်ယောင်သည်ကား လီဟွားအား စိတ်ဆိုးခြင်းများစွာဖြင့် လိုက်ဖမ်းလေသည်။

ကံမကောင်းစွာဖြင့်ပင် ကျောက်ယောင်သည် နှေးကွေးလွန်းနေပြီး လီဟွား၏ခန္ဓာကိုယ်ကို ဖမ်းမိနိုင်ခြင်းမရှိဘဲ အမြီးကိုသာ ဆွဲမိခဲ့လေသည်။

အမြီးအား ဖမ်းမိသွားချိန်တွင် လီဟွား မာန်ဖီဟစ်အော်ကာ ကျောက်ယောင်၏လက်ကို လှည့်ကာကိုက်လိုက်လေ၏။ တဒင်္ဂအတွင်းမှာပင် ကျောက်ယောင်၏လက်တွင် သွေးစွန်းဒဏ်ရာ ပေါ်ထွက်လာကာ နာကျင်သွားရလေပြီး လီဟွားကို ဖမ်းထားသည့်လက်အား ဖြေလျော့ပေးလိုက်ရုံသာ တတ်နိုင်တော့သည်။

လီဟွားသည် အန္တရာယ်ဖြစ်မည်ကို ကြိုသိနေသည့်အလားပင် ထွက်ပြေးခြင်းရပ်တန့်သွားပြီး ခန္ဓာကိုယ်တွန့်ကွေးသွားကာ ကျောက်ယောင်အား သေချာသောစိုးရိမ်ခြင်းများဖြင့် လှည့်ကြည့်လိုက်လေသည်။

ကျောက်ယောင် လီဟွားကို ပွေ့ချီကာ ငေါက်ငမ်းလိုက်လေသည်..." ကြောင်ရူး... မင်း ငါ့ကို ဘာလို့ကိုက်တာလဲ။ ပုန်ကန်ဖို့ကြိုးစားနေတာလား "

လီဟွား၏ မျက်ဝန်းများ တောက်ပနေလျက်ရှိပြီး သွားကြားမှ သွေးစများ လုံးဝပျောက်ကွယ်နေသည်။

ကျောက်ယောင် ရုတ်ခြည်းပင် မူးဝေလာသည်ဟု ခံစားလိုက်ရပြီး ဒဏ်ရာကို ငုံ့ကာစစ်ဆေးကြည့်လိုက်လေသည်။ မှင်တက်မိဖွယ်ရာဖြင့်ပင် သူ၏လက်၌ ဒဏ်ရာနှင့်ကိုက်ရာ ရှိမနေဘဲ ရှင်းလင်းနေချေသည်။

နံဘေးမှ သူနာပြုသည် ကြောင်ကို လက်လွှဲချီကာ..." တော်တဲ့ ကြောင်လေး... အားလုံး အဆင်ပြေသွားမှာပါ မစိုးရိမ်ပါနဲ့ "

" မြောင်..."

ထိုအသံက ကျောက်ယောင်၏ နားထဲတွင် မြည်ဟီးသွားပေသည်။ သို့သော် ယင်းက ကြောင်တစ်ကောင်၏ မြောင်အော်သံ မဟုတ်ပေ။ တစ်နည်းနည်းဖြင့် အဓိပ္ပါယ်ပေါက်ကာ စကားသံအဖြစ် နားလည်နေရခြင်း ဖြစ်ပေသည်။

" ငါ့ကို သင်းမကွပ်နဲ့။ အဲ့ဒါက နာမှာ... မြောင် "

ကျောက်ယောင် မှင်တက်မိသွားကာ လီဟွားကို စူးစိုက်ကြည့်ပြီး တအံ့တဩရေရွတ်လိုက်သည်..." ဒီ...ဒီ... ဒီကြောင်က စကားပြောနေတယ် "

" အဆင်ပြေရဲ့လား မစ္စတာကျောက် " သူနာပြုက အံ့အားသင့် စိုးရိမ်ဟန်ဖြင့် မေးလိုက်သည်။

" ခင်ဗျား ဘာမှမကြားဘူးလား " ကျောက်ယောင် ထိတ်လန့်တကြား တုန့်ပြန်လိုက်သည်..." အဲ့ အဲ့ဒါက စကားပြောနေတာလေ "

သူနာပြု မျက်ခုံးပင့်ကာ ကျောက်ယောင်အား သံသယဟန်ဖြင့် ကြည့်လိုက်လေသည်။

" မင်း ငါပြောတာကို နားလည်တာလား... မြောင် "

" ငါ့ကို အိမ်ပြန်ခေါ်သွား..."

" ဘူးဟူး... မင်း ငါ့ကို ကြောက်အောင်လုပ်တယ်...ငါ သေးထွက်ကျတော့မယ်... မြောင် "

ကျောက်ယောင် ပါးစပ်အဟောင်းသားဖြစ်နေပြီး တုန့်ပြန်မှုမရှိသည့် သူနာပြုအား ကြည့်လိုက်ပြီးနောက် လီဟွားကို ပြန်ကြည့်ကာ မေးလိုက်လေသည်..." မင်းက ငါ ဘာပြောတယ်ဆိုတာကို နားလည်တာလား "

" ငါ နားလည်တယ်... နားလည်တယ်။ ငါ အိမ်ပြန်ချင်တယ်... ငါ့ကို အိမ်ပြန်ခေါ်သွားပေး...ဘူးဟူး "

နံဘေးမှာ သူနာပြုမှာမူ ကျောက်ယောင်က ကြောင်နှင့် စကားပြောနေသည်ကို မြင်နေရလေပြီး ကျောက်ယောင်က အလွန်ထူးဆန်းသည်ဟု ခံစားနေရပေသည်။

ကြောင်ကိုက်ခံခဲ့ရပြီး ဒဏ်ရာ ချက်ချင်း ပျောက်ကင်းသွားခဲ့ခြင်း ၊ ကြောင်က ၎င်း၏ဥများအတွက် အသနားခံကာ ပြောဆိုနေခြင်း ၊ အိမ်လွမ်းနေသော ကြောင်တစ်ကောင်... အရာအားလုံးက မယုံကြည်နိုင်အောင် ရယ်စရာကောင်းလှပြီး ကျောက်ယောင်မှာ အိမ်သို့ချက်ချင်းပြန်ကာ ဖြစ်ရပ်အားလုံးကို တွေးဆသင့်သည်ဟု ခံစားနေရပေသည်။

သူ့အား သူနာပြုက အထူးတဆန်းကြည့်နေသည်ကိုပင် အရေးမစိုက်တော့ဘဲ ကျောက်ယောင်သည် လီဟွားကို အမြန်ပွေ့ချီကာ တိဆေးရုံထဲမှ အပြေးထွက်ခွာသွားလေသည်။

..........

အငှားတိုက်ခန်းသို့ ပြန်ရောက်သောအခါတွင် လီဟွားသည် ရင်းနှီးသောပတ်ဝန်းကျင်သို့ ရောက်ရှိသွားကာ ချက်ချင်းပင် အေးဆေးသွားလေသည်။ သူသည် ကောင်တာထက်တွင် လဲလျောင်းနေကာ နှင်းကဲ့သို့ဖြူဖွေးသော လက်သည်းများကို စတင်ကာ လျက်နေပြီး မျက်လုံးမှိတ်ထားသည်။ ၎င်း၏အမူအရာသည် အေးဆေးမှုအပြည့်ပင်။ အမွေးများကို လျှာဖြင့်လျက်ကာ ကိုယ့်ကိုယ်ကိုယ် ဖြေသိမ့်ပေးနေသည်မှာ ကြောင်တစ်ကောင်အတွက် အလွန်သင့်လျော်သော အပန်းဖြေနည်းလမ်းတစ်ခု ဖြစ်ပေသည်။

ကျောက်ယောင် ကောင်တာရှေ့တွင်ရှိနေပြီး လီဟွားကို စူးစိုက်ကြည့်နေပြီး တုန့်ပြန်လာစေရန် လှုံ့ဆော်ပေးလိုက်သည်..." မင်း စကားပြောနိုင်သေးရဲ့လား။ ပြီးတော့ ဘာတွေလုပ်နိုင်သေးလဲ "

လီဟွားသည် မျက်ဝန်းကြီးများဖြင့် ဖြူစင်ရိုးသားစွာကြည့်ကာ ဆိုသည်..." ပြောနိုင်တာပေါ့ မြောင်... သခင်က ဘာကစားချင်လို့လဲ "

" ဟူး...တော်ပြီ ကစားတာက ရပ်ထားလို့ရတယ် "

ကျောက်ယောင် ခေါင်းကုတ်ကာ စိတ်ရှုပ်ထွေးစွာ ရေရွတ်လိုက်သည်..." စကား ဘယ်လိုပြောရမလဲဆိုတာကို မင်း ဘယ်အချိန်က သိသွားခဲ့တာလဲ "

လီဟွား တစ်ခဏစဥ်းစားကာ တုန့်ပြန်လာသည်..." ဒီနေ့ သခင့်ကို ကိုက်လိုက်တဲ့ အချိန်မှာပဲလေ။ ရုတ်တရက်အတွင်းမှာ ငါ့ရဲ့ဦးနှောက်က အများကြီးနိုးထလာခဲ့တာပဲ။ အဲ့ဒီအချိန်ကစပြီး ငါလဲ သခင်နဲ့ ဆက်သွယ်နိုင်ခဲ့တာပဲ... မြောင် "

လီဟွား၏ မျက်နှာထက်မှ အပြစ်ကင်းစင်ဟန်ကို မြင်သောအခါတွင် ကျောက်ယောင်၏ မျက်နှာထက်၌ သံသယများ ဖြစ်ပေါ်လာသည်။

လီဟွားက အခြေအနေများကို အနည်းငယ်မျှပင် ထူးဆန်းဟန်မပြလေဘဲ ကျောက်ယောင်၏ လက်ကြားထဲသို့ ခုန်ဝင်သွားပြီး မျက်လုံးမှိတ်ကာ ရင်ဘက်ကြားထဲတွင် လဲလျောင်းနေရင်းဖြင့်..." ငါနဲ့ကစားပေး "

ကျောက်ယောင်သည် ကလေးသဖွယ် စကားပြောနေသည့် လီဟွားကို ကြည့်နေရင်းဖြင့် ခေါင်းကုတ်လိုက်ပြီး ပျော်ရွှင်စွာ ကျိတ်ကာပြုံးလိုက်သည်။

" စဥ်းစားကြည့်မယ်ဆိုရင် မင်းက တစ်နှစ်သားပဲ ရှိသေးပေမဲ့ ငါးနှစ်သားကလေးတစ်ဦးနဲ့ တူညီနေပြီ "

ကျောက်ယောင် ခပ်ရေးရေးပြုံးကာ... " ကလေးအရွယ်ပဲ ရှိနေသေးတာကလဲ မဆိုးပါဘူးလေ "

............

တစ်လအကြာ ၊ ညကိုးနာရီ...။

ကျောက်ယောင်သည် တိုက်ခန်းတံခါးကို ထိုင်းမှိုင်းခြင်းအပြည့်ဖြင့် ဖွင့်ကာ ပျင်းရိစွာဖြင့် အဝတ်ချွတ်ပြီး ဆိုဖာပေါ်တွင် လှဲချလိုက်လေသည်။

သူ နေထိုင်သည့် အငှားတိုက်ခန်းသည့် စတုရန်းမီတာသုံးဆယ်သာ ကျယ်ဝန်းသော်လဲ ယခင်ပိုင်ရှင်ဟောင်း လက်ထပ်ပြီးခါစ ဇနီးမောင်နှံတို့က ပြန်လည်ပြုပြင်ထားကာ ပရိဘောဂအစုံ ထားရှိပေးထားပေသည်။ တိုက်ခန်းက သူ၏ အလုပ်ခွင်နေရာနှင့်လဲ အလွန်နီးပေသောကြောင့် သွားရေးလာရေးအတွက် အလုပ်ခွင်အချိန် ထိခိုက်မည်ကိုလဲ လျော့ပါးစေပေသည်။ ငှားရမ်းခ သက်သာခြင်းမရှိသော်လဲ ကျောက်ယောင်အတွက်မူ တန်ပေသည်။

ကျောက်ယောင် လဲလျောင်းနေသည်ကို မြင်သောအခါတွင် လီဟွားသည် ကျောက်ယောင်၏နံဘေးသို့ ခုန်တက်လာပြီး လက်မောင်းအား ဦးခေါင်းဖြင့် ပွတ်သပ်နေပေသည်။ မြင်ကွင်းက နွေးထွေးကျွမ်းဝင်လှပေ၏။

ကျောက်ယောင် ပြုံးလိုက်လေပြီး လီဟွား၏ဦးခေါင်းကို ပွတ်သပ်ပေးလိုက်လေရာ လီဟွား၏မျက်နှာထက်တွင် ဝမ်းမြောက်သောအမူအရာများ ပေါ်ထွက်လာသည်။

ထိုအခိုက်တွင် ဆိုဖာပေါ်ရှိ ဖုန်းသည် လီဟွားကြောင့် လွင့်သွားရလေ၏။

ငါက နတ်ဘုရားလား

အပိုင်း ၂

ပြောင်းလဲခြင်း

လီဟွားသည် ကျောက်ယောင်၏ ဟမ်းဖုန်းထဲမှ ဝက်ဘ်စာမျက်နှာကို မြင်လိုက်ရလေ၏။ ကျောက်ယောင်သည် ကြောင်စာအတွက် ထောင်းပေါင်ထဲတွင် ( တရုတ် onlin shopping website ထဲတွင် ) ရှာဖွေဖတ်ရှုထားခြင်း ဖြစ်ပေသည်။

“ ငါ့ကို တံဆိပ်မတူတဲ့ ကြောင်စာလေး ဝယ်ကျွေးနိုင်မလား ကျောက်ယောင်။ ငါ ပြ​ည်တွင်းတံဆိပ်တွေ စားနေရတာကို ငြီးငွေ့နေပြီ “ လီဟွားသည် ကျောက်ယောင်ကို စိတ်လှုပ်ရှားစွာကြည့်ကာ စောဒကတက်လိုက်သည်။

ပြည်ပမှတင်သွင်းလာသော ကြောင်စာတစ်ထုတ်သည် ယွမ်ခြောက်ရာ ခုနစ်ခုရာခန့် ကုန်ကျလိမ့်မည်ကို ကျောက်ယောင် သိပေ၏။ သူ ချက်ချင်းပင် မှတ်ချက်ချသည်…” ဈေးအရမ်းကြီးလား။ မဟုတ်ဘူး… မဟုတ်ဘူး အဲ့ဒါက အရမ်းကို ဈေးကြီးလွန်းတယ် “

ကျောက်ယောင်က ငြင်းပယ်လိုက်ခြင်းကြောင့် လီဟွားက ချစ်စဖွယ် မျက်ဝန်းကြီးများဖြင့် စူးစိုက်ကာကြည့်လိုက်လေသည်။ လီဟွားက ကျောက်ယောင်ထံတွင် အသနားခံသည်… “ အင်တာနက်ဆောင်းပါးတစ်ခုက ဆိုထားတယ် ကြောင်တွေရဲ့သက်တမ်းက သူတို့စားတဲ့ အစားအစာအပေါ်မှာ မူတည်နေတယ်တဲ့။ ကြောင်တွေ ကောင်းကောင်းမစားရဘူးဆိုရင် စိတ်မချမ်းမသာဖြစ်ပြီး အသက်ကြီးလာချိန်ကျရင် ဆီးထဲမှာတောင် သွေးပါလာနိုင်တယ်။ ပြီးတော့ ငါလဲ ဒီအစာချည်းပဲ နေ့တိုင်းစားနေရတာကို ငြီးငွေ့ပြီးတော့ အန်ထွက်လုနီးပါး ဖြစ်နေပြီ။ ကျေးဇူးပြုပြီး ငါ့ကို နိုင်ငံခြားဖြစ် ကြောင်စာလေးတွေ ဝယ်ပေးပါ “

လီဟွားသည် တောင့်တသော မျက်ဝန်းများနှင့် စကားဆိုနေပြီး ကျောက်ယောင်၏လက်ဝါးကို သူ၏ခန္ဓာကိုယ်နှင့် စတင်ပွတ်သပ်လေသည်။

ကျောက်ယောင်က တစ်ပြားသာမျှမလျော့ဘဲ ငြင်းပယ်သည်…” အဲ့ဒါက ဈေးကြီးလွန်းတယ်။ ငါ မတတ်နိုင်ဘူး။ ငါ လစာတိုးလာတဲ့အချိန်ကို မင်း စောင့်ရလိမ့်မယ် “

သူသာ နိုင်ငံခြားဖြစ် ကြောင်စာများကို ဝယ်မည်ဆိုပါက တစ်ရက်လျှင် ဆယ်ဒေါ်လာကျော် ပိုမိုကုန်ကျပေလိမ့်မည်။ ကျောက်ယောင်အတွက် ယင်းပမာဏက အသုံးအဖြုန်းကြီးလွန်းနေပေသည်။

ဒုတိယအကြိမ် အငြင်းခံလိုက်ရခြင်းကြောင့် လီဟွားသည် သူလုပ်နေသည့်အရာကို ရပ်တန့်ကာ ကျောက်ယောင်ကို စူးစိုက်ကြည့်လိုက်သည်။ လီဟွားက ကျောက်ယောင်ကို မျက်ဖြူလန်ပြကာ ဆိုဖာပေါ်မှ ခုန်ဆင်းသွားပြီး အိပ်ခန်းထဲသို့ ဝင်သွားခဲ့လေသည်။

ပြီးခဲ့သည့်လအတွင်း၌ လီဟွား၏ဥာဏ်ရည် အလွန်တိုးတက်လာခဲ့သည်။ အထူးသဖြင့် လီဟွား အင်တာနက်အသုံးပြုကာ လေ့လာသင်ယူခဲ့သည့်အချိန်မှစ၍ ဖြစ်ပေသည်။ လီဟွားသည် ချစ်စဖွယ် ငါးနှစ်သားကလေးတစ်ဦးအဖြစ်မှ ပုန်ကန်တတ်သော ဆယ်ကျော်သက်တစ်ဦးအဖြစ် ပြောင်းလဲသွားသည့်အလားပင်။

ကျောက်ယောင်သည် လီဟွား၏အထင်သေးမှုကို အာရုံခံမိကာ ရေရွတ်လိုက်သည်…” ဒီကောင် အတော်ကို ဘဝင်မြင့်နေတာပဲ…”

ကျောက်ယောင် တစ်ခဏမျှ အနားယူပြီးသည့် အိပ်ခန်းကို ရှင်းလင်းရန်အတွက် သွားခဲ့လေသည်။ လီဟွားကြောင့် ကျောက်ယောင်မှာ ကြမ်းပြင်အနှံ့ရှိ အမွေးကျွတ်များကို နေ့စဥ်ရှင်းလင်းရခြင်းနှင့် လီဟွား၏မစင်တို့ကို ရှင်းလင်းခြင်းများလဲ လုပ်ဆောင်ရပေသည်။

သူ လီဟွား၏အိမ်သာကို ရှင်းလင်းရင်းဖြင့် အိမ်သာတံခါးဝမှ မစင်စများကို မြင်လိုက်ရသည်။

“ ဒီကြောင် “

ကျောက်ယောင် အသက်အောင့်ထားပြီး တစ်ရှုးအနည်းငယ်ကို လက်အိတ်သဖွယ် အသုံးပြုကာ မစင်စများကို စွန့်ပစ်ရန်အတွက် ကျုံးလိုက်ရသည်။ ထို့နောက်တွင် သူ ကြမ်းပြင်ကို ဆပ်ပြာဖြင့် အကြိမ်ကြိမ်ဆေးကြောရသည်။

ထို့နောက်တွင် သူ အိပ်ခန်းထဲသို့ ဝင်သွားလိုက်ရာ လီဟွားက အိပ်ယာထက်တွင် လဲလျောင်းနေပြီး သူ၏ဖုန်းဟောင်းလေးကို အသုံးပြုနေသည်အား မြင်လိုက်ရသည်။

သူ ထိုနေရာသို့သွားကာ တစ်ချက်ကြည့်ပြီး ဆိုလိုက်သည်…” Mobile Legends ပဲလား “

“ ဟမ်…”

“ ဘာကြောင့် အိမ်သာအပြင်ဘက်မှာ မစင်စတွေ ရှိနေရပြန်တာလဲ။ အဲ့ဒီ မစင်စတွေကို ရှင်းလင်းဖို့အတွက် ဘယ်လောက်ခက်ခဲပြီး ဒုက္ခရောက်သလဲဆိုတာကို မင်း သိရဲ့လား “ ကျောက်ယောင် စိတ်ဆိုးစွာဖြင့် ကြိမ်းမောင်းလိုက်သည်။

“ ငါသိပါပြီ။ ငါ နောက်ထပ်မလုပ်တော့ဘူး “ လီဟွားသည် မျက်လုံးအား ဖုန်းမျက်နှာတွင် ကော်ကပ်ထားသည့်အလား ရှိနေလျက်ဖြင့် စိတ်မပါ့တပါ တုန့်ပြန်လိုက်လေသည်။

လီဟွား၏ အေးစက်စက်ပုံစံကြောင့် ကျောက်ယောင် ဒေါသထွက်သွားရသည်။ သူ ငေါက်ငမ်းလိုက်လေ၏…” ရက်သတ္တပတ်တွေ ဘယ်လောက်ကြာသွားပြီလဲ။ မင်းရဲ့ကိစ္စဝိစ္စတွေ ပြီးသွားမှပဲ အိမ်သာထဲက ထွက်ခဲ့​ပါလို့ ငါ အကြိမ်ကြိမ်ပြောခဲ့ပြီးပြီ။ မင်း မစင်စွန့်နေရင်းတန်းလန်းမှာ ထွက်သွားလို့မရဘူးလေ “

“ ငါ သိပါပြီ “ လီဟွားက ဟမ်းဖုန်းအား ဆက်လက်ဆော့နေရင်းဖြင့် ရေရွတ်လိုက်သည်။

ထို့နောက် လီဟွားက မှတ်ချက်ပြုသည်…” ဒါတွေအားလုံးက မင်းရဲ့ ညစ်ပတ်တဲ့အိမ်သာကြောင့်ပဲ။ ငါ့မှာ ခြေချစရာ နေရာတစ်ခုတောင် မရှိဘူး။ မင်း ငါ့ကို အင်တာနက်ပေါ်က ကြောင်အများစု အသုံးပြုနေတဲ့ အလိုအလျောက် သန့်ရှင်းရေးစက်ကို ဘယ်အချိန်မှ ဝယ်ပေးမှာလဲ “

ကျောက်ယောင် တုန့်ပြန်သည်…” အဲ့ဒီ အဆောင်အယောင်တွေက သဘာဝမဆန်ဘူး။ အဲ့ဒါက ပတ်ဝန်းကျင်နဲ့ သဟဇာတမဖြစ်သလို ငါကလဲ မင်းရဲ့ ကျန်းမာရေးအခြေအနေကို စစ်ဆေးကြည့်ဖို့အတွက် မင်းရဲ့မစင်ကို စစ်ကြည့်မနေနိုင်ဘူး “

လီဟွား အမြီးယမ်းကာ ဆိုသည်…” ပတ်ဝန်းကျင်နဲ့ သဟဇာတမဖြစ်တာ မဟုတ်ဘဲ မင်းက ဆင်းရဲနေတာပဲ ဖြစ်ဖို့များတယ်။ မင်း ငါ့ရဲ့မစင်တွေကို ဓာတ်မြေဩဇာအဖြစ် အသုံးပြုမှပဲ ပတ်ဝန်ကျင်းနဲ့ သဟဇာတဖြစ်နိုင်လိမ့်မယ် “

“ ငါ ကလေးတစ်ယောက် မွေးနေရသလိုပဲ။ လီဟွားက အများကြီးပိုပြီး နာခံတတ်ဖူးခဲ့တယ် “

ကျောက်ယောင်၏စိတ်ထဲတွင် လွန်ခဲ့သည့် လအနည်းငယ်ခန့်က မှတ်ဥာဏ်များကို စတင်မြင်ယောင်လာရသည်။ ကျောက်ယောင်သည် လီဟွား၏ ချစ်စဖွယ်ကောင်းကာ စည်းကမ်းရှိသည့် အချိန်များကို ထိန်းမရစွာပင် သတိရမိသွားရသည်။

လက်ရှိ Mobile Legends စွဲနေသည့် လီဟွားကို ကြည့်ကာ ကျောက်ယောင် မျက်မှောင်ကုတ်မိသွားရသည်။

သူ လည်ပင်းဆန့်ကာ ဖုန်းမျက်နှာပြင်အား လှမ်းကြည့်လိုက်ရာ လီဟွား ကစားနေသည့် ဂိမ်းဇာတ်ကောင် လုပန်းသည် စွန်းဝူခုန်း၏လက်ချက်ဖြင့် သေသွားသည်ကို မြင်လိုက်ရပေ၏။

ချက်ချင်းလိုပင် လီဟွား၏ ကစားဖော်များထံမှ ဆဲဆိုသံများ တရစပ်ထွက်ပေါ်လာသည်။

“ လုပန်း… မင်း ငတုံးလား။ မင်း ကစားပွဲစကတည်းက ထိုးကျွေးနေတာပဲ “

“ ထိုးကျွေးနေတာကို ရပ်ပေးလို့ရမလား မူလတန်းကျောင်းသားလေး။ မင်း အိမ်စာကိုပဲ ပြန်လုပ်နေပေးလို့ရမလား “

“ ငပိန်း လုပန်း… ကစားပွဲပြီးရင် လုပန်းကို ထိုးကျွေးတယ်ဆိုပြီး ရီပို့ထုကွာ “

လီဟွား အဆိုပါစာများကို မြင်သောအခါတွင် ဒေါသတကြီး အမြီးယမ်းကာ ကစားဖော်များကို ပြန်လည်ချေပပြောဆိုသည်။

“ ဒီကောင်တွေ တော်လို့ပဲ ငါ့ကို သတ်နိုင်တာလေကွာ။ ငါက ထိုးကျွေးနေတာ မဟုတ်ဘူး “

“ ငပိန်းတန့်ခ်( Tank)… ငါတို့ရဲ့ အခြေစိုက်စခန်းကို ကာကွယ်ဖို့ဆိုတာ ဘာကိုဆိုလိုမှန်းတောင် သိရောသိရဲ့လား “

ကျောက်ယောင် ဤဖြစ်ရပ်များကို အသားကျနေခဲ့ပြီး ဖြစ်ပေသည်။ လီဟွားသည် စကားပြောနိုင်သည်သာမက မျက်မှောက်ရေးရာ ဗဟုသုတများနှင့် ဥာဏ်ရည်ဥာဏ်သွေးများ တဟုန်ထိုး တိုးတက်လာကြောင်းကို သူ တစ်လအတွင်းမှာပင် သဘောပေါက်သွားခဲ့သည်။

လီဟွားသည် တရုတ်စာလုံးများကိုပင် မှတ်သားနိုင်ခဲ့ကာ စာလုံးပေါင်းများကို ကိုယ့်ဘာသာပင် လေ့လာသင်ယူနိုင်ခဲ့သည်။ လီဟွား အင်တာနက်ကို စတင်အသုံးပြုကာ Mobile Legends ဆော့ကစားခဲ့စဥ်ကတည်းက စရိုက်လက္ခဏာများ အကြီးအကျယ်ပြောင်းလဲသွားခဲ့သည်။

ကျောက်ယောင် တစ်လတာ စမ်းသပ်ကြည့်ပြီးသည့်နောက်တွင်မူ သူသည် လီဟွားမှလွဲ၍ အခြားကြောင်များကို စကားပြောနိုင်ခြင်းမရှိကြောင်း သိရှိခဲ့ရသည်။

ထို့အတူပင် လီဟွားမှာလဲ ကျောက်ယောင်မှလွဲ၍ အခြားလူသားများနှင့် ဆက်သွယ်ပြောဆိုနိုင်ခြင်း မရှိပေ။ သာမန်လူသားများအတွက်မူ လီဟွား၏ စကားလုံးများက အခြားကြောင်များကဲ့သို့ပင် မြောင်အော်သံများသာ ဖြစ်ပေသည်။

၎င်းတို့၏ဆက်သွယ်မှုသည် နှုတ်ဖြင့်ဆက်သွယ်မှုထက် စိတ်ချင်းဆက်သွယ်မှုနှင့် ပိုမိုဆင်တူသည်။ ၎င်းတို့ စကားပြောခြင်းမပြုလျှင်ပင် ဆယ်မီတာပတ်လည်အတွင်း၌ တွေးလိုက်ရုံနှင့်ပင် တစ်ဦးနှင့်တစ်ဦး ဆက်သွယ်နိုင်ကြသည်။

လက်ရှိတွင် လီဟွားသည် အသင်းဖော်များနှင့် စကားနိုင်လုကာ လောင်နေဆဲ ဖြစ်ပေသည်။ ကျောက်ယောင်က လီဟွားကို သူ၏ဖုန်းအဟောင်း ပေးလိုက်စဥ်ကတည်းကပင် လီဟွားသည် ဂိမ်းစွဲလန်းသွားခဲ့ရပေ၏။

Mobile Legends ကဲ့သို့ ဂိမ်းမျိုးများသည် အိမ်မွေးတိရိစ္ဆာန်များအတွက် သင့်လျော်သည့်နေရာတစ်ခု မဟုတ်လေဘဲ လီဟွားကို အလွန်တရာပင် လမ်းမှားရောက်စေပေသည်။ လီဟွားသည် ကစားပွဲဆယ်ပွဲအနက်တွင် ကိုးပွဲ ရှုံးနိမ့်ထားပြီး အသင်းဖော်များက လီဟွားကို တွန်းတင်ပေးထားခြင်းကြောင့်သာ တစ်ပွဲ အနိုင်ရထားပေသည်။

ကျောက်ယောင် ဖုန်းမျက်နှာပြင်အား လှမ်းကြည့်လိုက်လေရာ ရမှတ်သည် နှစ်မှ ဆယ့်နှစ်သို့ ရောက်ရှိနေပြီး လီဟွား၏အသင်းက များစွာပြတ်ကျန်နေခဲ့ကြောင်း မြင်လိုက်ရသည်။ လီဟွား၏အသင်းဖော်များအတွက် ကျောက်ယောင် စိတ်မကောင်းဖြစ်သွားရပေ၏။

ငါက နတ်ဘုရားလား

အပိုင်း ၃

စာအုပ်နဲ့စွမ်းရည်

____________________________________

ကျောက်ယောင် လီဟွား၏ခေါင်းကို ပုတ်ကာ ဖုန်းကိုယူလိုက်ခြင်းကြောင့် လီဟွားမှာ သွေးရူးတန်းရူး မြောင်အော်လိုက်ရသည်။

" တော်ပြီ... အခု အိပ်တော့။ မင်း နိုးလာရင် ကစားလို့ရတယ် "

" မရဘူး "

လီဟွား ဟစ်အော်လိုက်ပြီး ကျောက်ယောင်၏ ​ခြေသလုံးကိုဖက်ကာ ဆိုသည်..." ဒီပွဲလေးပြီးအောင် ဆော့ခွင့်ပေးဖို့ တောင်းဆိုပါတယ်။ ငါ နိုင်တော့မှာ "

ကျောက်ယောင်သည် ခြေထောက်နားမှ လီဟွားကို တဖြည်းဖြည်းချင်း တွန်းထုတ်ကာ ဆိုသည်..." မရဘူး... မင်းက နေ့တိုင်းလိုလို မနက်ကနေ ညအထိ ဆော့နေတာလေ။ ဒီအတိုင်း ဆက်သွားနေမယ်ဆိုရင် မင်းရဲ့မျက်လုံးတွေ ပျက်စီးသွားလိမ့်မယ် "

" ဒါက နောက်ဆုံးပွဲပါ။ ငါ တောင်းဆိုပါတယ် ကျောက်ယောင် "

လီဟွားက ကြီးမားတောက်ပသော မျက်ဝန်းများဖြင့် ကြည့်ကာ သနားစဖွယ်အမူအရာဖြင့် တောင်းဆိုလိုက်သည်..." ငါ AFK ဖြစ်လို့ ရီပို့ထပ်အထုခံရရင် အဘမ်းခံရလိမ့်မယ် "

ကျောက်ယောင်သည် လီဟွားက အလျော့မပေးသည်ကို မြင်သောအခါတွင် လက်လျော့လိုက်ပြီး..." ဒီတစ်ပွဲပဲနော် "

" အသက်ရှည်ပါစေ "

လီဟွားက ဖုန်းမျက်နှာပြင် ထပ်မံကာ အာရုံစိုက်သွားခဲ့လေပြီး ကျောက်ယောင်မှာ မျက်ဖြူလန်ပြကာ အိပ်ယာထက်တွင် ဝင်ခွေလိုက်လေသည်။ အလုပ်ပင်ပန်းခြင်းကြောင့် ဖြစ်ဟန်ရပြီး ကျောက်ယောင်မှာ ချက်ချင်းပင် အိပ်မောကျသွားခဲ့သည်။

ကျောက်ယောင် အိပ်ချင်မူးတူး ဖြစ်နေစဥ်အတွင်း တစ်လောကလုံး ချာချာလည်နေသည်ဟု တွေးထင်မိခဲ့ရပြီး အမွေးပွအရာတစ်ခုက သူ၏မျက်နှာအား ပွတ်သပ်နေသည်ဟု ခံစားလိုက်ရသည်။

နောက်ဆုံး သူ နိုးသွားချိန်တွင် ငလျင်လှုပ်နေကြောင်း နားလည်သွားလေသည်။ မီးပန်းဆိုင်းသည် ကြမ်းတမ်းစွာ လှုပ်ခါနေပြီး နေရာအနှံ့တွင် ပစ္စည်းများ ပြုတ်ကျနေပေသည်။

လီဟွားသည် ကျောက်ယောင်၏မျက်နှာကို ခြေဖဝါးဖြင့်တွန်းကာ ဆော်ဩနေ၏..." ငလျင်လှုပ်နေပြီ... ထတော့ ကျောက်ယောင် "

အိပ်ချင်မူးတူးဖြစ်နေသည့် ကျောက်ယောင်သည် တစ်ခဏမျှ ငိုင်နေပြီးနောက် လီဟွားကို ပွေ့ချီကာ အမြန်ထွက်သွားရန် ကြိုးပမ်းလေသည်။

ထိုအခိုက်တွင် မျက်နှာကြက် တစ်စစီအက်ကွဲသွားရသည်။ အိပ်ခန်းထဲရှိ ဆယ်ပေါင်ခန့်လေးသော မီးလုံးများက ကျောက်ယောင်ဆီသို့ ပြေးဝင်သွားကာ အန္တရာယ်ရှိသော အနေအထားသို့ ရောက်ရှိသွားရလေသည်။

အရေးအကြောင်းအခြေအနေတွင် လီဟွား၏ သူငယ်အိမ်များ အပ်ဖျားအရွယ်ခန့် သေးငယ်သွားလေ၏။

ကျောက်ယောင်မှာ မြင်နေရသည့်အရာကို မယုံကြည်နိုင်ဖြစ်နေသည်။ ပြုတ်ကျလာသော မီးသီးများသည် သူ၏ရှေ့တည့်တည့်တွင် ရပ်တန့်နေပြီး သူ့အား ထိရန်အတွက် စင်တီမီတာအနည်းငယ်ခန့်သာ ဝေးကွာပေတော့သည်။

ကျောက်ယောင် ဘေးပတ်လည်အား ကြည်လိုက်လေရာ ထိုဖြစ်ရပ်သည် မီးသီးများချည်းသာ ဖြစ်ခဲ့ခြင်မဟုတ်ကြောင်း နားလည်သွားခဲ့သည်။ တုန်ခါနေသော စားပွဲများ ၊ ပြုတ်ကျနေသော ခွက်များ ၊ ငလျင်ငယ်နှင့် လောကထဲရှိ အရာများအားလုံး ရပ်တန့်နေပေသည်။ လီဟွားနှင့် ကျောက်ယောင်တို့သာ လှုပ်ရှားနိုင်ကြသည်။

တစ်ဆက်တည်းမှာပင် ကျောက်ယောင်၏သူငယ်အိမ် ပိုကြီးလာပြီး မမြင်ရသော လက်ကြီးတစ်ဖက်က သူ၏စိတ်အား ဖျစ်ညှစ်လိုက်သည့်အလားပင် သူ၏ဦးနှောက်လှိုင်းများ ပိုမိုတုန်ခါလာသည်ဟု ခံစားလိုက်ရသည်။

ကျောက်ယောင် အလိုအလျောက်တုန့်ပြန်ကာ ခြေလှမ်းအနည်းငယ်ခန့် ဆုတ်ခွာသွားခဲ့သည်။ သူ သတိပြန်ဝင်လာချိန်၌မူ မီးသီးများက ကြမ်းပြင်ပေါ်တွင် ရောက်ရှိနေကာ တစ်စစီကွဲကြေနေသည်။

" ဒါက..."

" ဘာဖြစ်သွားတာလဲ "

အပျက်အစီးများအလယ်တွင် အငှားတိုက်ခန်း တုန်ခါနေခြင်းများ ရပ်တန့်သွားခဲ့ပြီး ကျောက်ယောင်နှင့် လီဟွားတို့မှာ အပျက်အစီးများကို ငေးငိုင်ကာကြည့်နေကြသည်။

များမကြာမီတွင် လီဟွား ပြုံးကာ..." ကျောက်ယောင်... ငါ့ရဲ့ စူပါပါဝါတွေ နိုးထလာပြီ "

" ငါ့ရဲ့စူပါပါဝါတွေ နိုးထလာပြီ ဟားဟားဟား "

လီဟွား တအံ့တဩရေရွတ်လိုက်သည်..." ငါက နတ်ဘုရားလား "

စိတ်ရှုပ်ထွေးနေဆဲဖြစ်သည့် ကျောက်ယောင်သည် စိတ်လှုပ်ရှားနေသည့် လီဟွားကိုကြည့်ကာ အဖြစ်အပျက်အသေးစိတ်ကို ပြန်လည်တွေးတောရန် ကြိုးပမ်းလိုက်သည်။ သူ၏စိတ်ထဲတွင် အချက်ပြခြင်းမျိုးစုံနှင့် အမည်မသိစွမ်းအားတို့ ရောထွေးသွားသည်ဟု ခံစားလိုက်ရပြီး ယင်းတို့က စာအုပ်တစ်အုပ်အဖြစ် ပြောင်းလဲသွားလေသည်။

ကျောက်ယောင် ဦးခေါင်းနောက်အား လုံခြုံအောင်လုပ်ဆောင်ကာ ငလျင်လှုပ်ထားသည်ကို စစ်ဆေးကြည့်ရန်အတွက် လီဟွားအားခေါ်ကာ အငှားတိုက်ခန်းထဲမှ ထွက်လာခဲ့သည်။

နေထိုင်သူများအားလုံး ကွင်းပြင်ကျယ်ထဲတွင် စုစည်းရောက်ရှိနေပြီး လေထုထဲတွင် စကားသံများ ပြည့်နေပေသည်။

" ကျန်းမန်မြို့မှာ ငလျင်လှုပ်တာလား။ ဒါ မဖြစ်နိုင်ဘူး။ နောက်ဆုံးတစ်ခေါက် ငလျင်လှုပ်ခဲ့တာ ဆယ်စုနှစ်အနည်းငယ်လောက် ကြာနေပြီ။ ငါ ကံသီတာပဲ " ကျောက်ယောင်သည် လီဟွားကို ပခုံးပေါ်တင်ကာ သယ်ထားလျက်ဖြင့် ဖုန်းဖွင့်ကာ ငလျင်အကြောင်းနှင့် ပတ်သတ်သည့် ပြည်တွင်းသတင်းများကို ဖတ်ရှုနေသည်။

ရုတ်တရက်အတွင်းမှာပင် ကျန်းမန်မြို့ထဲ၌ ငလျင်ငယ်များ ပိုမိုလှုပ်ခတ်လာရပြီး မှန်းဆမရသော ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။ ကံကောင်းစွာဖြင့်ပင် ထိခိုက်ဒဏ်ရာရသူနှင့် သေဆုံးသူများ မရှိခဲ့ပေ။

ကျောက်ယောင်မှာမူ ငလျင်ငယ်များအစား ပြုတ်ကျလာသည့် မီးသီးများ လေထဲတွင် ရပ်တန့်သွားရခြင်းနှင့် သူ၏ခေါင်းထဲရှိ ဆန်းကြယ်သော စာအုပ်အကြောင်းကိုသာ ပိုမိုသိချင်နေသည်။

" အဲ့ဒါက တကယ်ပဲ စူပါပါဝါတစ်ခု ဖြစ်နေမလား "

" အမှန်ပဲလေ " လီဟွားသည် ကျောက်ယောင်ကို လက်သည်းများနှင့်ကုတ်၍ အံ့ဩစိတ်လှုပ်ရှားစွာ ဆိုလေသည်..." ငါက နတ်ဘုရားပဲ "

ကျောက်ယောင်သည် လီဟွားကို သံသယဟန်ဖြင့် တစ်ချက်ကြည့်ကာ တွေးလိုက်သည်..." အရင်ဆုံး ဒီစူပါပါဝါက မင်းရဲ့ဟာလား ငါ့ရဲ့ဟာလားဆိုတာကို အတည်ပြုဖို့လိုတယ်။ ပြီးတော့ အဲ့ဒါက ဘယ်လိုစွမ်းအားမျိုးလဲဆိုတာ အတည်ပြုရမယ် "

အခြားငလျင်များကြောင့် ကျောက်ယောင်နှင့် လီဟွားတို့သည် မနက်ခင်းအထိ ကွင်းပြင်ထဲတွင် နေခဲ့ကြပြီး ၎င်းတို့၏ ဖြစ်နိုင်ခြေရှိသော စူပါပါဝါများကို စမ်းသပ်ကြည့်ကာ အချိန်ကုန်လွန်ခဲ့ကြသည်။

နာရီအနည်းငယ်ခန့် အတွေ့အကြုံရှာပြီးသည့်နောက် ကျောက်ယောင်၏ မျက်ဝန်းတွင် စိတ်လှုပ်ရှားခြင်းများ ပြည့်နှက်နေသည်။

လီဟွားသည် ကျောက်ယောင်၏ ပခုံးထက်တွင်ရပ်ကာ အမြီးယမ်းပြီး ဆိုလိုက်သည်..." ဟားဟား... ငါက ပြိုင်စံရှားပဲ။ ငါက ပြိုင်စံရှား "

" အချိန်ရပ်တာ... အဲ့ဒါက အချိန်ရပ်တာ " ကျောက်ယောင် လက်များတုန်ယင်နေကာ ခြေထောက်များ ပျော့ခွေလုမတတ် ဖြစ်နေပေသည်။ ထို့နောက်တွင် သူ၏စိတ်ထဲ၌ အချိန်ရပ်ခြင်းနှင့် အရာအားလုံး ရပ်တန့်သွားခြင်းကို တွေးလိုက်သည်။ သူ စွမ်းအားကို ထပ်မံနှိုးဆွလိုက်သည်။

ကျောက်ယောင်နှင့် လီဟွားတို့မှလွဲ၍ ကမ္ဘာကြီးနှင့် အရာအားလုံး ရပ်တန့်သွား၏။ ကောင်းကင်မှ တိမ်များဖြစ်စေ ၊ သစ်ပင်နှင့် မြေပြင်ပေါ်မှ သစ်ရွက်များဖြစ်စေ ၊ လမ်းမပေါ်မှ လူများပင်ဖြစ်စေ အရာအားလုံး ရပ်တန့်နေပြီး ကျောက်ယောင်နှင့် လီဟွားတို့သာ မည်သို့မျှမဖြစ်ပေ။

သုံးစက္ကန့်ကြာပြီးနောက် အရာအားလုံး ပုံမှန်ပြန်ဖြစ်သွားခဲ့သည်။ လီဟွားသည် မျက်နှာအား လက်သည်းများနှင့်အုပ်ကာ ရယ်မောလိုက်ပြီး... " ဟားဟားဟား... ဟားဟားဟား... ကျောက်ယောင်... ငါတို့က ပြိုင်စံရှားပဲ "

ကျောက်ယောင်နှင့် လီဟွားတို့ အချိန်ရပ်ပစ်နိုင်သည့် အချိန်သည် သုံးစက္ကန့်ဖြစ်ပြီး စွမ်းအားကုန်သွားသည့် အကြိမ်တိုင်းတွင် သူတို့ ထပ်မံအသုံးပြုရန်အတွက် သုံးစက္ကန့်အနားယူရန် လိုအပ်ပေသည်။

" သုံစက္ကန့် အချိန်ရပ်တာနဲ့ အနားယူချိန် သုံးစက္ကန့်ကို ငါနဲ့လီဟွား နှစ်ယောက်စလုံး လုပ်လို့ရတယ်။ ဒါက ငါတို့တွေ မျှဝေထားတဲ့စွမ်းအားပဲ။ လီဟွားက သုံးစက္ကန့် အချိန်ရပ်လိုက်မယ်ဆိုရင် ငါ သုံးစက္ကန့်အနားယူပြီးမှပဲ ဒီစွမ်းအားကို သုံးနိုင်တာမျိုး ကြုံရလိမ့်မယ်။ ဒါက ငါတို့တွေ မဖြစ်မနေ မျှဝေပြီးသုံးရမဲ့ စွမ်းအားတစ်မျိုးလား "

ကျောက်ယောင် အတွေးနက်နေပြီး မေးစေ့အားပွတ်ရင်း ဆိုလိုက်သည်..." ငါတို့က တစ်ကီလိုမီတာလောက် လူခွဲပြီးတော့ ကြိုးစားကြည့်ခဲ့ပေမဲ့ နှစ်ဦးစလုံးက အချိန်ကို ရပ်ပစ်နိုင်နေသေးတယ်။ စွမ်းအားတိုးတက်လာဖို့ လေ့ကျင့်တဲ့နည်းလမ်း ရှိလောက်လား။ ငါတို့ ဒီစွမ်းအားကို အသုံးပြုချိန်တိုင်းမှာ ငါတို့ဆီက ဘယ်အရာတွေ ကုန်ခမ်းသွားမှာလဲ "

ကျောက်ယောင်သည် ခေါင်းထဲတွင် မေးခွန်းပေါင်းများစွာ တဝဲလည်လည် ဖြစ်နေသည့်တိုင်အောင် စိတ်လှုပ်ရှားနေဆဲပင်။

" ဟုတ်သား... စာအုပ်က ဘာများပါလိမ့် " ကျောက်ယောင် သတိရသွားကာ စိတ်ထဲရှိ စာအုပ်ပုံရိပ်ကို အာရုံစိုက်လိုက်လေသည်။

All Chapters