အခန်း (၄-၆)
Vol. 1 Ch. 4-6
ငါက နတ်ဘုရားလား
အပိုင်း ၄
ရုတ်တရက် အခြေအနေ
စာအုပ်အဖုံးသည် အနက်စင်စစ်ဖြစ်ပြီး “ စာအုပ် “ ဟူသည့် စကားလုံးများသာ ရေးထိုးထားပေသည်။ ကျောက်ယောင် ပထမစာမျက်နှာကို လှန်ကြည့်လိုက်ရာ စကားလုံးဇယားတစ်ခု တွေ့လိုက်ရသည်။
စာအုပ် : အဆင့် ၁ ( ၁ / ၁၀၀ )
အိမ်မွေးတိရိစ္ဆာန် ( ၁/၁) : လီဟွား
အဆင့်အတန်း : အဆင့် ၁ ( ၁ / ၁၀ )
သစ္စာရှိမှု : ၁၀၀
စွမ်းရည် : သုံးစက္ကန့် အချိန်ရပ်ခြင်းစွမ်းရည် ၊ အားပြန်ဖြည့်ချိန် (cooldown ) သုံးစက္ကန့်။
အဆင့်အတန်းနှင့်စွမ်းရည် အပိုင်းများနောက်တွင် အပိုဆောင်းစာသား အနည်းငယ်ခန့် ရေးထားပေသည်။ ကျောက်ယောင်သည် စာရွက်အား လှန်ကြည့်ချင်နေသော်လဲ မမြင်ရသော စွမ်းအားတစ်ခုက သူ့အား လွှမ်းခြုံထားခဲ့ခြင်းကြောင့် စာရွက်လှန်ရန် စွမ်းအားမဲ့နေရပြီး တာဝန်အခြေအနေ ၊ ဆင့်ကဲဖြစ်စဥ် စသည်အားဖြင့် ခေါင်းစဥ်များကိုသာ မြင်နေရပေသည်။ သို့သော် သူ့မှာမူ စာရွက်လှန်ရန် စွမ်းအားမရှိချေ။
ကျောက်ယောင်မှာ စာအုပ်၏အကျဥ်းချုပ်ကို ဖတ်ရှုပြီးနောက် သိလိုစိတ်များ ကြီးထွားလာရသည်…” ငါနဲ့လီဟွားရဲ့ စမ်းသပ်မှုတွေအရဆိုရင် သူ့ရဲ့စွမ်းရည်က စာအုပ်ထဲမှာ ဖော်ပြထားတာနဲ့ အတိအကျတူနေတယ်။ ဒါကြောင့်ပဲ အချိန်ရပ်တာက ဒီကြောင်ရူးရဲ့စွမ်းရည်ဆိုရင် ငါ့ရဲ့စွမ်းရည်က စာအုပ်ထဲမှာ ရှိနေတာလား။ လီဟွားက အဆင့် ၁ ဖြစ်နေပြီး ငါ့ရဲ့စာအုပ်ကလဲ အဆင့် ၁ ဖြစ်နေတယ် “
သူ၏ဦးနှောက်ထဲတွင် သတင်းအချက်အလက်များစွာကို ပြန်တွေးမိနေသည်။ သူ၏အတွေးများနှင့် ခံစားချက်များ ပေါင်းစည်းသွားခဲ့ခြင်းသည် ထိုစာအုပ်ကို ဖြစ်ပေါ်လာစေမိခဲ့ပေ၏။ ထိုစာအုပ်က သူ၏စွမ်းရည်အစစ်ဖြစ်ပြီး အချိန်ရပ်ခြင်းက လီဟွား၏စွမ်းရည် ဖြစ်လိမ့်မည်ဟု ကျောက်ယောင် သံသယဖြစ်နေမိသည်။
ထိုစွမ်းရည်၏ အသုံးဝင်ပုံကို ဂရုတစိုက် တွေးတောကြံဆရပေမည်။ ထိုစွမ်းရည်က သူ့အတွက် အကျိုးအမြတ်များစွာ ရှိနေနိုင်လောက်သော်လဲ ဘေးလူများအတွက်မူ သံသယနှင့် မနာလိုခြင်းများ ဖြစ်လာနိုင်သည်။ ထို့ကြောင့် သူက ပုံမှန်အတိုင်း ပိုနေမြဲကျားနေမြဲသာ နေထိုင်ရန် စီစဥ်ထားသည်။
…………………..
နောက်တစ်ရက်တွင်…. ။
လီဟွားသည် ဆိုဖာထက်တွင် လဲလျောင်းနေပြီး ငါးငယ်များကို လက်သည်းတစ်ဖက်ဖြင့် ယူကာ ပါးစပ်ထဲသို့ ထည့်နေလျက်ရှိပြီး သူ၏မျက်ဝန်းကြီးများကမူ TV ကိုသာ စူးစိုက်ကြည့်နေသည်။ ယင်းက Jo Jo’ Bizarre Adventure ကာတွန်းကား ဖြစ်ပေသည်။
ကာတွန်းကားထဲမှ ဇာတ်ကောင်များ၏ စွမ်းရည်များကို ကြည့်နေရင်းဖြင့် လီဟွား၏ သူငယ်အိမ်များ ကြီးမားနေပြီး…” ဒီလိုအသုံးပြုတဲ့နည်းလမ်း တကယ်ရှိတာပဲ “
စကားဆိုနေချိန်မှာပင် ခွက်ထဲမှ ငါးငယ်များ ပျောက်သွားလေပြီး တဒင်္ဂအတွင်းမှာပင် သူ၏ပါးစပ်ထဲသို့ ရောက်သွားခဲ့ချေသည်။ ငါးများကို သူ၏ပါးစပ်ထဲသို့ သုံးစက္ကန့်အတွင်း ထည့်ရန်အတွက် အချိန်ရပ်ခြင်းစွမ်းရည်ကို အသုံးပြုခဲ့ကြောင်း သိသာပေသည်။
ကျောက်ယောင် အိပ်ခန်းထဲမှ ထွက်လာခဲ့လေပြီး လီဟွားက ဆိုဖာပေါ်တွင် လဲလျောင်းနေသည်ကို မြင်သောအခါတွင် ဆိုလိုက်လေသည်…” မင်း စားတာတွေ အရမ်းများနေပြီ။ အခု မင်းကိုယ်မင်း ပြန်ကြည့်လိုက်ဦး တစ်ရက်ထက်တစ်ရက် ပိုဝလာနေပြီ။ အသည်းအဆီဖုံးမှာနဲ့ သွေးတိုးလာမှာတောင် စိုးရိမ်ရတယ် “
လီဟွား မျက်ဖြူလန်ပြကာ…” အေးဆေးပေါ့ ငါက လီဟွားပါ။ ငါက ရေသောက်ရင်တောင် ဝလာမှာပဲ “
ကျောက်ယောင်ကလဲ မျက်ဖြူလန်ပြကာ… “ မင်း အရမ်းဝသွားမယ်ဆိုရင် အနာဂတ်မှာ ကိုယ့်ရဲ့အညစ်အကျေးတွေကို ကိုယ့်ဘာသာ သန့်ရှင်းနိုင်မှာတောင် မဟုတ်တော့ဘူး။ ငါက မင်းကို သန့်ရှင်းပေးမယ်လို့တော့ မျှော်လင့်မထားနဲ့နော် “
ကျောက်ယောင်က ဆိုသာဆိုနေသော်လဲ လီဟွား၏ ဦးခေါင်းအား ပွတ်သပ်နေခြင်းကိုမူ မရပ်ခဲ့ပေ။ လီဟွားက ပြုံးကာဆိုသည်…” အားပိုထည့်ဦး “
ကျောက်ယောင် ကြောင်အား ပွတ်သပ်နေရင်းဖြင့် တွေးနေသည်…” အချိန် သုံးစက္ကန့်ရပ်နိုင်တာကို အကျိုးရှိရှိ အသုံးချမယ်ဆိုရင် ငွေရှာနိုင်တဲ့ အခွင့်အလမ်းတွေ အများကြီးရှိတယ်။ ဒါပေမဲ့ တုန့်ပြန်မှုနည်းအောင် လုပ်မယ်ဆိုရင် တရားမဝင်တာတွေ လုပ်လို့မရသလို ဒီစွမ်းရည်ကို လူတွေသိသွားအောင်လဲ ချပြလို့မရဘူး….. “
ကျောက်ယောင်တွင် စိတ်ကူးအချို့ ရှိနေပေသည်။ ထိုစွမ်းရည်တွင် ဘေးထွက်ဆိုးကျိုး ကြီးကြီးမားမားမရှိပါက ဆက်တိုက် အသုံးပြုနိုင်မည်ဖြစ်ပြီး သူ၏အနာဂတ်က အကန့်အသတ်မဲ့သွားမည်ကိုလဲ နားလည်ပေသည်။
မနက် ၈ နာရီ…။
ကျောက်ယောင် အိမ်မှ အချိန်ကိုက်ထွက်လာခဲ့ပြီး လမ်းသွားရင်းဖြင့် ဈေးဆိုင်ငယ်တစ်ခုထဲမှ စပျစ်ခြောက်ကိတ်တစ်လုံး ဝင်ဝယ်ခဲ့သည်။ သူ ငါးမိနစ်ခန့် လမ်းလျှောက်ပြီးနောက် သူ၏ရုံးခန်းထဲသို့ ရောက်ရှိသွားခဲ့သည်။
သူ့ အငှားတိုက်ခန်း၏ အကြီးဆုံးအကျိုးအမြတ်မှာ သူ၏ရုံးနှင့် နီးလွန်းနေခြင်း ဖြစ်ပေသည်။
ကျောက်ယောင်က ပရိုဂရမ်မာတစ်ဦးဖြစ်ပြီး ဘွဲ့ရပြီးခါစနှစ်တွင် သာမန်လုပ်ခလစာဖြင့်သာ စတင်ခဲ့ရသည်။
သူသည် နေ့စဥ် စားသောက်နေထိုင်ရေးအတွက် ပူပန်စရာမရှိပေ။ သို့သော် ကြီးပွားချမ်းသာလာရန်နှင့် ကျန်းမန်မြို့ထဲတွင် တိုက်ခန်းနှင့်ကား ဝယ်နိုင်ရန်အတွက်ကမူ များစွာလိုနေသေးသည်။ အချိန်ရပ်စွမ်းရည်ကို ရှာဖွေ့တွေ့ရှိခဲ့ချိန်၌ သူ၏စိတ်ထဲတွင် ပထမဆုံးတွေးမိသည့်အရာမှာ ကားတစ်စီးနှင့် အိမ်တစ်လုံး ဝယ်ယူရန်အတွက် ငွေများစွာ ရှာဖွေရေးသာ ဖြစ်ပေသည်။
ရုံးခန်းထဲသို့ ခြေချမိသောအခါတွင် လုပ်ဖော်ကိုင်ဖက်များကို နှုတ်ဆက်ကာ သူ၏စားပွဲဆီသို့ သွားခဲ့လေသည်။ ထိုစဥ်တွင် သူ၏မြင်ကွင်းထဲရှိ အရာတစ်ခုက သူ၏အာရုံစိုက်မှုကို ဖမ်းစားသွားလေ၏။
ရှည်လျားသော ဆံနွယ်ရှည်ကောက်များနှင့် ကြယ်များပမာ တောက်ပနေသည့် မျက်ဝန်းကြီးများရှိသည့် လှပသော အမျိုးသမီးတစ်ဦး ဖြစ်ပေသည်။ သူမ၏ တောက်ပသော အသားအရေက ဘဲဥတစ်လုံးပမာ ဆွတ်ဆွတ်ဖြူနေပြီး သူမ၏သေးသွယ်သော ခြေတံရှည်များက ကျောက်ယောင်၏ အကြည့်များကို ဆွဲဆောင်နေသည်။
ထိုအမျိုးသမီးက လူ့အရင်းအမြစ်ဌာနမှ အသစ်စက်စက် ဘွဲ့ရထားသည်ဖြစ်ပြီး ဆိုနီယာဟု အမည်ရကြောင်း ကျောက်ယောင် သိပေသည်။ သူမက ယခုနှစ်တွင် ဘွဲ့ရထားခါစဖြစ်ပြီး အနီးဝန်းကျင်ရှိ တက္ကသိုလ်တစ်ခုမှ လာခဲ့ခြင်းဖြစ်ကြောင်း သိသာပေသည်။
ကျောက်ယောင်သည် သူမ HR အခန်းထဲသို့ ဝင်သွားသည်ကို ကြည့်နေရင်းဖြင့် သူမနှင့်ပတ်သတ်သည့် အခြေအနေများကို မှန်းဆကြည့်နေသည်။
သူက သူမနှင့် ရင်းနှီးခြင်းမရှိသော်လဲ ထိုမျှလှပသော အမျိုးသမီးတစ်ဦးကို သေချာပေါက်ပင် သတိပြုမိပေသည်။ ကျောင်ယောင်သည် သူမကို ငေးကြည့်နေရင်းဖြင့် သာယာနေပေ၏။
စင်စစ်တွင် ကျောက်ယောင်၏ အမျိုးသား လုပ်ဖော်ကိုင်ဖက်အများစုသည် ဆိုနီယာကို စတင်ကာ ပိုးပမ်းနေကြပြီ ဖြစ်ပေသည်။
ကျောက်ယောင်သည် သူမကို သဘောကျခြင်းများ ပိုတိုးလာသော်လဲ ဘဏ္ဍာရေးတည်ငြိမ်မှုသည် အချစ်နှင့်လက်ထပ်ခြင်းတို့၏ အခြေခံဖြစ်ကြောင်းကို ပြီးခဲ့သည့်နှင့် အလုပ်ခွင်၌ သူ့အား သင်ကြားပေးခဲ့ပေသောကြောင့် သူသည် သမီးရည်းစားဆက်ဆံရေးတစ်ခုကို စတင်ရန် ကြိုးပမ်းဝံ့ခြင်း မရှိခဲ့ပေ။
သို့သော် အချိန်ရပ်စွမ်းရည်ကြောင့် သူ၏စိတ်ထဲတွင် အခြားတစ်မျိုးအား တွေးနေခဲ့ပေပြီ။
ထို့နောက် သူ စွမ်းရည်ကို နှိုးဆွလိုက်သည်။ အချိန်ရပ်သွားကာ အရာအားလုံး ရပ်တန့်သွားလေ၏။ သူ၏ လုပ်ဖော်ကိုင်ဖက်များ ရပ်တန့်နေသည်။ ကျောက်ယောင် သူမအပေါ်တွင် ရှိနေသည့် ခံစားချက်များကို ဖွင့်ချလိုက်လေ၏။
“ လက်ရှိအချိန် ငါက သာမန်လူတစ်ဦး မဟုတ်တော့ဘူး “
“ အခု ငါနေချင်တဲ့ဘဝမှာ နေလို့ရပြီ “
သုံးစက္ကန့် ပြည့်သောအခါတွင် လောကကြီး ပြန်လည်အသက်ဝင်လာသည်ကို မြင်လိုက်ရလေပြီး ကျောက်ယောင်၏မျက်ဝန်းတွင် တောက်ပမှုအချို့ လင်းလက်သွားသည်။
ထိုအခိုက်တွင် ကျောက်ယောင်၏ ဦးနှောက်ထဲရှိ စာအုပ်သည် လင်းလက်တောက်ပသွားပြီး တာဝန်ဟူသည့် စာမျက်နှာသည် အကြောင်းအရင်းမရှိ ပွင့်သွားခဲ့သည်။
စာအုပ်ပေါ်တွင် ရေးထားသည်မှာ…
တာဝန် : သန်မာလာစေရန် စတင်စားသုံးပါ။
ပစ်မှတ် : တစ်လအတွင်း ယွမ်တစ်သန်း ရှာဖွေရန် ၊ လီဟွားကို ဇိမ်ခံအစားအစာများ ထောက်ပံ့ပေးရန် ၊ အစားအစာများ မနိမ့်ကျစေရန်။
တာဝန်အတွက် ဆုလာဘ် : အတွေ့အကြုံအမှတ် ၁၀ မှတ်။
တာဝန်ပြီးမြောက်ရန် ကျရှုံးမှု : အတွေ့အကြုံအမှတ် ၁၀ မှတ် နုတ်ယူမည်။
စာအုပ်ထဲရှိ တာဝန်အကြောင်းအရာများကို မြင်သောအခါတွင် ကျောက်ယောင်၏ မျက်ဝန်းများ တောက်ပသွားသည်။ သို့သော် သူ တာဝန်၏ပစ်မှတ်ကို မြင်သောအခါ၌မူ ထိန်းမရစွာပင် စောဒကတက်မိသည်။
“ တစ်လအတွင်း ယွမ်တစ်သန်း ရှာဖို့ဆိုရင် ငါ ဘဏ်ကို ဓားပြတိုက်ရလိမ့်မယ် “
“ ပြီးတော့ အတွေ့အကြုံအမှတ် ၁၀ မှတ် နုတ်မယ်ဆိုပဲ။ လက်ရှိမှာ လီဟွားရဲ့ အတွေ့အကြုံအမှတ်က သုညလေ။ အတွေ့အကြုံအမှတ် ၁၀ မှတ် နုတ်လိုက်မယ်ဆိုရင် စွမ်းရည် ဆုံးရှုံးသွားလောက်မလား။ ဒါမှမဟုတ် စာအုပ်က သုညကနေ စခဲ့တာဆိုတော့ နုတ်ခံရမယ်ဆိုရင် စာအုပ်ကို ပျက်စီးသွားစေလောက်မလား “
ကျောက်ယောင်သည် တာဝန်ကျရှုံးခြင်း၏ အပြစ်ဒဏ်ကို မြင်သောအခါတွင် ဒေါသများ တလိပ်လိပ်ထွက်လာရသည်။ သို့သော် သူ တစ်ခဏမျှ မကျေမချမ်းဖြစ်နေပြီးနောက် တွေးလိုက်သည်…” တစ်သန်းဆိုတာက ပမာဏများပေမဲ့ ငါ့ရဲ့စွမ်းရည်နဲ့ဆိုရင် လုံးဝမဖြစ်နိုင်တာတော့ မဟုတ်ဘူး “
ကျောက်ယောင် တွေးနေရင်းဖြင့် စိတ်ကူးတစ်ခု စတင်ပုံဖော်ခဲ့သည်။ သူ ချက်ချင်းပင် Web Browser ဖွင့်ကာ အွန်လိုင်း သတင်းအချက်အလက်များ ရှာဖွေလိုက်လေသည်။
များမကြာမီတွင် သူ နုတ်ထွက်စာ အီးမေးလ်တစ်စောင် ပို့လိုက်လေသည်။ သူ ရုံးခန်းထဲတွင် လိုက်လံကြည့်ရှုလိုက်ပြီးနောက် ယနေ့တွင် လူစားထိုးပေးမည့်သူ မရှိကြောင်း သိရှိသွားသည်။
ကျောက်ယောင် အချိန်ကိုကြည့်ကာ မျက်မှောင်ကုတ်လိုက်ပြီး…” ထားလိုက်ပါလေ… ငါက ထွက်တော့မှာပဲကို “
သူသည် ယွမ်တစ်သန်းအတွက် ဖြေရှင်းချက်တစ်ခု ရှိထားခဲ့ပြီး ဖြစ်ပေသည်။
“ စဥ်းစားကြည့်မယ်ဆိုရင် မကာအိုကို သွားတာက အမြန်ဆုံးနည်းလမ်းပဲ “
အချိန်ရပ်ခြင်းဖြင့် ငွေရှာနိုင်သည့်နည်းလမ်းများ များစွာရှိပေသည်။ ထိုနည်းလမ်းများထဲမှ တစ်ခုသည် လောင်းကစားလုပ်ခြင်းဖြစ်ပြီး မကာအိုက တရုတ်ပြည်ထဲတွင် လောင်းကစားလုပ်ရန် အသင့်လျော်ဆုံး နေရာတစ်ခု ဖြစ်ပေသည်။
ငါက နတ်ဘုရားလား
အပိုင်း ၅
ငွေကြေးအခက်အခဲ
ကျောက်ယောင် အိမ်ပြန်ရောက်လာခဲ့ကာ လီဟွားကို အိမ်စောင့်ရန် မှာကြားပြီးနောက် ဗီဇာလုပ်ရန်နှင့် မကာအိုသို့ လေယာဥ်လက်မှတ်ဖြတ်ရန် အပြင်သွားခဲ့လေသည်။ ကျောက်ယောင်က အလုပ်အားလပ်ရန်တွင် မကာအိုသို့ သွားဖူးပေသောကြောင့် သူ့အတွက် ဗီဇာနှင့် လေယာဥ်လက်မှတ်တို့ကို တစ်ရက်အတွင်း အရလုပ်နိုင်ခဲ့ပြီး လေယာဥ်က ထိုညတွင် ထွက်ခွာခဲ့သည်။
ထိုနေ့ ညကိုးနာရီတွင် ကျောက်ယောင် မကာအိုသို့ ရောက်ရှိသွားခဲ့သည်။ လေဆိပ်မှ ထွက်ခွာလာခဲ့ပြီး မကာအို၏ ညမြင်ကွင်းကြောင့် ကျောက်ယောင် စိုးရိမ်စိတ်ဖြစ်ကာ သက်ပြင်းရှည်ကြီး ချလိုက်လေသည်။
အချိန်ရပ်စွမ်းအားနှင့်ဆိုလျှင် လောင်းကစားသည်သာ ငွေတပုံတပင် ရှာဖွေနိုင်သည့် အကောင်းဆုံး စင်မြင့်တစ်ခုဖြစ်ပြီး ထိုကိစ္စအား လုပ်ဆောင်ရန်အတွက်မူ တရုတ်ပြည်တစ်ခုလုံးတွင် မကာအိုထက် ပိုမိုလုံခြုံသည့်နေရာ မရှိပေ။ ခမ်းနားထည်ဝါသော ဤမြို့ထဲတွင် ပိုင်ဆိုင်သမျှအားလုံး ဆုံးရှုံးသွားကြသူများ များစွာပင်ရှိပြီး သန်းချီ သို့မဟုတ် ဘီလီယံနှင့်ချီကာ အိမ်ပြန်သယ်သွားကြသူများလဲ များစွာပင်ရှိပေသည်။
အရေးအကြီးဆုံးအရာမှာ မကာအိုသည် ကမ္ဘာအနှံ့ သတင်းမွှေးသည်ဖြစ်၍ ကျောက်ယောင်အဖို့ ငွေများ အနိုင်ရခဲ့လျှင်ပင် အသက်အန္တရာယ် စိုးရိမ်နေရန် မလိုအပ်ပေ။
“ အောင်မြင်မယ် မအောင်မြင်ဘူး ဆိုတာကို မြင်ရတော့မှာပါ “
ကျောက်ယောင် လေဆိပ်မှ ခရီးသည်တင်ကားစီးလာခဲ့ပြီး မကာအိုမြို့ထဲတွင် အကြီးဆုံးကာစီနိုဖြစ်သည့် Grand Lisboa ကာစီနိုသို့ တိုက်ရိုက်ရောက်ရှိသွားခဲ့သည်။ Grand Lisboa သည် ဖမ်းစားနိုင်သော ပတ်ဝန်းကျင် ၊ ဒီဇိုင်း ၊ အပြင်အဆင်များ ၊ ထိပ်တန်းဝန်ဆောင်မှုများဖြင့် ထုံမွှမ်းထားပေ၏။
သူ ကာစီနိုခန်းမထဲသို့ လမ်းလျှောက်ကာ ဝင်သွားချိန်တွင် မျက်စိတဆုံး လူပင်လယ်ကြီးနှင့် နေရာအနှံ့တွင် လောင်းကစားခုံများ ရှိနေသည်ကို မြင်တွေ့လိုက်ရသည်။
မျှော်လင့်ချက် ၊ ရူးသွပ်ခြင်း ၊ နာကျင်ခြင်း ၊ စိတ်ပျက်ခြင်း စသည်အားဖြင့် အရာအားလုံးက တစ်နေရာထဲတွင် စုစည်းကာရှိနေပြီး ကာစီနိုအား မကောင်းသော ဩဇာတိက္ကမနှင့် ပြည့်စုံသွားစေပေသည်။
မကာအိုရှိ လောင်းကစားရုံများ အားလုံးသည် ဟောင်ကောင်ဒေါ်လာကို တိုကင်ပြားများနှင့် လဲလှယ်ပေးသည်။
နွမ်းပါးသောနောက်ခံမှ လာခဲ့သည့် ကျောက်ယောင်အဖို့ တက္ကသိုလ်တွင် ကျူရှင်လခပေးရန်ပင် ခြိုးခြံချွေတာခဲ့ရသည်။ သူ့အဖို့ အပိုငွေရရန် ကျပန်းအလုပ်များပင် လုပ်ခဲ့ရသည်။
ကျပန်းအလုပ် လေးနှစ်နှင့် အချိန်ပြည့်အလုပ် တစ်နှစ် လုပ်ခဲ့ပြီးနောက်တွင် ကျောက်ယောင်သည် ငွေအချို့ စုဆောင်းနိုင်ခဲ့သည်။
သို့သော် မျက်တောင်တစ်ခတ်အတွင်းမှာပင် ကျောက်ယောင် ပင်ပင်ပန်းပန်း ရှာဖွေထားရသော ပိုက်ဆံများက တစ်ပြားလျှင် ဟောင်ကောင်ဒေါ်လာထောက်ချီကာ တန်ကြေးရှိသည့် လောင်းကစားတိုကင်ပြားများအဖြစ် ပြောင်းလဲသွားခဲ့ရသည်။
သူသာ ထိုတိုကင်ပြားများ ရှုံးသွားပါက ယခုနှစ်တွင် ကြိုးစားမှုများအားလုံး သဲထဲရေသွန် ဖြစ်သွားရပေလိမ့်မည်။
ကျောက်ယောင် အလွန်သတိထားနေပြီး ပထမဆုံးတွေ့ရသော လောင်းကစားဝိုင်းများတွင် လောင်းကစားလုပ်ခြင်းမပြုဘဲ လေ့လာစူးစမ်းရန်အတွက် ကာစီနိုအနှံ့ တစ်ခေါက်ပတ်ခဲ့သည်။
ကာစီနိုပင်မခန်းမထဲတွင် ပုံမှန်လောင်းကစားလုပ်သူများ ကစားနေလျက်ရှိပြီး အဓိက ကစားနည်းမှာ ဖဲကစားနည်း ဖြစ်ပေသည်။ အော်သံနှင့် အောင်ပွဲခံသံများ မကြာမကြာ ထွက်ပေါ်လာနေပေသည်။
တိုကင်ပြားများကို ဟောင်ကောင်ဒေါ်လာ ထောင်အနည်းငယ်ခန့်နှင့် လဲလှယ်ရသည်။ လောင်းကစားဝိုင်း တစ်ခုချင်းစီတိုင်းပေါ်ရှိ ငွေကြေးများက သူ၏လစာထက် ဆယ်ဆ သို့မဟုတ် ပေပေါင်းရာချီ၍ပင် ပိုများနိုင်သည်။ ဆယ်နှစ်ကျော်ခန့် စုဆောင်းထားသည့် လစာများနှင့် တူညီသောပမာဏရှိသည့် ငွေများအား ယနေ့ညတွင် တစ်စုံတစ်ယောက်က အနိုင်ရခြင်း သို့မဟုတ် ရှုံးခြင်းဖြစ်လာမည်ဖြစ်၍ ကျောက်ယောင်မှာ ခံစားချက်များ ဒွိဟဖြစ်နေရသည်။
သို့သော် ယင်းအရာအားလုံးက အတိတ်များသာ ဖြစ်ပေသည်။ အချိန်ရပ်စွမ်းအားနှင့်သာ ဆိုပါက ကာစီနိုထဲတွင် အရာအားလုံးက သူ၏အလိုအတိုင်းသာ ဖြစ်လာပေမည်။
ကျောက်ယောင် တစ်ခဏမျှ ငြိမ်နေပြီးနောက် စားပွဲပေါ်ရှိ ဖဲတစ်ချပ်အား လှန်လိုက်လေရာ ညှင်း ၂ ပေါ်လာသည်။ ထို့နောက် ဖဲချပ်အား ပြန်မှောက်လိုက်လေ၏။ ထို့နောက်တွင် အချိန်ပြန်လည်စတင်ခဲ့လေပြီး သူ လုပ်ခဲ့သည့်အရာများကို မည်သူကမျှ သတိပြုမိခဲ့ခြင်း မရှိခဲ့ပေ။
“ ငါ့မှာ ပိုက်ဆံပိုရှိလာရင် ဖဲကစားဖို့ တွေးလို့ရပြီ “
ကျောက်ယောင် ဆုံလည်ဘီးစားပွဲတစ်ခုဆီသို့ ချဥ်းကပ်သွားခဲ့သည်။ ထိုစားပွဲက လူအုံနေခြင်း မရှိလေဘဲ လေးယောက် ငါးယောက်ခန့်သာ ရှိပေသည်။ ၎င်းတို့၏ မျက်ဝန်းများက ဆုံလည်ဘီးပေါ်ရှိ ဆင်စွယ်ဖြင့်ပြုလုပ်ထား အဖြူရောင်ဘောလုံးငယ် လည်နေသည်ကိုသာ စူးစိုက်ကာကြည့်နေကြသည်။
ဆုံလည်ဘီးကစားပွဲဆိုသည်မှာ အကွက်ငယ်များစွာ ပါရှိနေသည့် ကြီးမားသော ဘီးတစ်ခုပေါ်တွင် ကစားကြရခြင်း ဖြစ်ပေသည်။ ဘောလုံးသည် ဘီးလုံးနှင့်အတူ လည်နေမည်ဖြစ်ပြီး တဖြည်းဖြည်းချင်းဖြင့် အကွက်ငယ်တစ်ခုထဲသို့ ကျရောက်သွားပေလိမ့်မည်။
ကစားပွဲ၏ ရည်ရွယ်ရင်းမှာ ဘောလုံးက မည်သည့်အရောင် မည်သည့်နံပါတ်တွင် ကျရောက်သွားမည်ကို ခန့်မှန်းရခြင်း ဖြစ်ပေသည်။ သင်တို့အနေဖြင့် စွန့်စားဝံ့ကာ နံပါတ်နှင့်အရောင် နှစ်ခုစလုံးကို ခန့်မှန်းနိုင်ရပေမည်။
နံပါတ်တစ်ခုတည်းပေါ်တွင် လောင်းကြေးထည့်လျှင် အလေးသာခြင်းအား ၁ မှ ၃၅ အထိ ပေးထားသည်ဖြစ်ပြီး အနိုင်ရခဲ့လျှင် သင်၏လောင်းကြေးထက် ၃၅ ဆ အနိုင်ရရှိမည်ဟု ဆိုလိုခြင်းဖြစ်ပေသည်။ ယင်းက ကျောက်ယောင်၏စိတ်ထဲတွင် ရှိနေသည့်အရာ ဖြစ်ပေ၏။
ဘောလုံး နှေးကွေးစပြုလာချိန်တွင် ကျောက်ယောင်သည် ဆုံလည်ဘီးနှင့် အနီးဆုံးအနေအထားသို့ သွားကာ အချိန်ရပ်တန့်လိုက်သည်။ သူ ချက်ချင်းပင် ဆင်စွယ်ဘောလုံးကို ကောက်ယူကာ ဖိချလိုက်ပြီးနောက် လက်ကို မူလအနေအထားအတိုင်း ပြန်ဆုတ်လိုက်လေသည်။
အချိန်ပြန်စသည်နှင့် ကျောက်ယောင်က ယခင်အနေအထားအတိုင်း ပြန်ရောက်နေပြီဖြစ်ပြီး သူ၏ဘေးပတ်လည်မှ လူများကမူ အဖြစ်အပျက်များကို သတိပြုမိခဲ့ခြင်းမရှိပေ။
ဘောလုံးသည် ကျောက်ယောင်၏ ဖိချလိုက်ပြီးနောက် အကြိမ်အနည်းငယ်ခန့် ခုန်ကာ နံပါတ် ၁၂ အကွက်ထဲတွင် ရပ်သွားလေသည်။
အနည်းငယ်ခန့်သော အမျိုးသားနှင့် အမျိုးသမီးများတို့က တပြိုင်တည်းလိုပင် အောင်ပွဲခံခြင်းနှင့် ဆဲဆိုခြင်းများ ဟစ်အော်ခဲ့ကြသည်။ အနိုင်ရသူနှင့် ရှုံးနိမ့်သူများ ရှိနေပေသည်။ အနိုင်ရသူများသည် အနိုင်ရရန်အခွင့်အရေးပိုများသည့် ဂဏန်းတွဲစပ်မှုသာဖြစ်ပြီး ပြန်ရလာသည်မှာမူ နိမ့်လွန်းကာ လောင်းကြေးပမာဏ၏ နှစ်ဆ သို့မဟုတ် သုံးဆခန့်မျှသာ ဖြစ်ပေသည်။
နံပါတ်တစ်ခုတည်းဖြင့် လောင်းကြေး အနိုင်ရရှိရန်အတွက်ကမူ ပမာဏများပြားသော ကံကောင်းမှုတစ်ခု လိုအပ်ပေသည်။
ဘောလုံးက ၁၂ အကွက်ထဲသို့ ကျရောက်သွားသည်ကို ကျောက်ယောင် မြင်သောအခါတွင် မျက်မှောင်ကုတ်လိုက်သည်။ သူ ဘောလုံးကျရောက်စေလိုသည့် အကွက်နံပါတ်က ၁၅ ဖြစ်သော်လဲ မအောင်မြင်ခဲ့ပေ။
“ ဘောလုံး ခုန်တာက ထင်ထားတာထက်် ပိုနေတာပဲ “
ကျောက်ယောင်သည် လောင်းကြေးမထည့်တော့ရန် ဆုံးဖြတ်ခဲ့သော်လဲ ဆုံလည်ဘီးစားပွဲနံဘေးတွင် ရပ်နေကာ ဒိုင်က ဘောလုံးလှိမ့်သည့် အကြိမ်တိုင်းကို ကြည့်နေခဲ့သည်။ ဘောလုံးရပ်တော့မည့် အချိန်တွင် သူ ကြားဝင်စွက်ဖက်မည် ဖြစ်ပေသည်။
ငါက နတ်ဘုရားလား
အပိုင်း ၆
သန်းချီ
အကြိမ်အနည်းငယ်ခန့် လေ့ကျင့်ပြီးနောက်တွင်မူ ကျောက်ယောင်သည် မည်သည့်အရာအား လုပ်ရမည်ကို သိသွားခဲ့လေ၏။ တစ်ခါတည်း အချိန်ရပ်မည့်အစား တစ်စက္ကန့်စီခွဲကာ အချိန်ရပ်လျှင် သူ့အဖို့ ဘောလုံးအား ထိန်းချုပ်ရန်အတွက် အခွင့်အရေးသုံးကြိမ် ရှိလာပေသည်။ ယင်းသည် ကျောက်ယောင် အကြိမ်များစွာ လေ့ကျင့်ပြီးနောက် ရရှိလာခဲ့သည့် လှည့်ကွက်တစ်ခု ဖြစ်ပေသည်။
ကျောက်ယောင်၏ အချိန်ရပ်စွမ်းရည်က သုံးစက္ကန့် ရပ်နိုင်သော်လဲ ထပ်မံအသုံးပြုရန်အတွက် သုံးစက္ကန့်စောင့်ဆိုင်းရပေသည်။ အတွေ့အကြုံရလာပြီးနောက်တွင် သုံးစက္ကန့်ထက်နည်းသည့် မည်သည့်အချိန်ပမာဏကိုမဆို အသုံးပြုခဲ့ပါစေ စောင့်ဆိုင်းချိန်မှာ သုံးစက္ကန့်သာဖြစ်ကြောင်း သူ တွေ့ရှိခဲ့ရသည်။
သူက အချိန်ရပ်စွမ်းရည်ကို တစ်စက္ကန့်စီပိုင်းခြားကာ ခွဲခြားအသုံးပြုနိုင်ပေသောကြောင့် အသုံးပြုပြီးချိန်တိုင်းအတွက် စောင့်ဆိုင်းချိန် တစ်စက္ကန့်ပြီးလျှင် သူ၏စွမ်းရည်ကို နှိုးဆွနိုင်မည် ဖြစ်ပေသည်။
ထိုသို့လုပ်ခြင်းအားဖြင့် အချိန်ရပ်ခြင်းကို သုံးကြိမ်ဆက်တိုက် အသုံးပြုနိုင်မည်ဖြစ်ပြီး ဘောလုံးရပ်တန့်မည့် နေရာကိုလဲ တိကျစွာ ခန့်မှန်းနိုင်ပေလိမ့်မည်။
ပထမနှစ်ကြိမ် အချိန်ရပ်ခြင်းသည် ဘောလုံးအား နှေးသွားစေခြင်းနှင့် ဦးတည်ရာအရပ် ချိန်ညှိပေးခြင်းအတွက် ဖြစ်ပေသည်။ နောက်ဆုံးအချိန်ရပ်ခြင်းကမူ ဘောလုံး၏ နောက်ဆုံးတည်နေရာကို အတည်ပြုပေးသည့် အဆုံးသတ်မှု ဖြစ်ပေသည်။
ကျောက်ယောင်သည် မိနစ်သုံးဆယ်ခန့်အထိ ကျွမ်းကျင်လာစေရန် လေ့ကျင့်နေခဲ့ပြီး အကြိမ်တိုင်းတွင် ဘောလုံးအား သူ လိုချင်သည့်အကွက်ထဲသို့ ရောက်ရှိစေရန် ၁၀၀% နီးပါး ထိန်းချုပ်နိုင်ပြီးသည့်နောက် လောင်းကြေးထည့်ရန် ဆုံးဖြတ်လိုက်သည်။
လက်ရှိအချိန်တွင် စားပွဲ၏ဘယ်ဘက်တွင် လူလတ်ပိုင်း အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးသာ ရှိပေသည်။ အမျိုးသားက ပိုက်ဆံများစွာ ရှုံးထားခဲ့ဟန် ရှိနေပေသည်။ သူ၏မျက်လုံးများ ရဲရဲနီနေကာ ဒေါသထွက်နေဟန် ရှိနေပေ၏။
ထိုသူက ကျောက်ယောင်ကိုကြည့်ကာ ပြစ်တင်ပြောဆိုလိုက်သည်…” ဟေ့ အူကြောင်ကြောင်ကောင်… မင်း လောင်းကြေးထည့်မှာလား မထည့်ဘူးလား။ မင်းက ဘာကိုကြည့်နေတာလဲ။ မင်းကြောင့် ငါ ဒေါသထွက်ရတယ် “
ကျောက်ယောင် ခပ်မျှင်းမျှင်းပြုံးကာ…” ကျုပ်က လောင်းကြေးထည့်မှာပါ “
သူသည် တစ်ခုလျှင် ဟောင်ဟောင်ဒေါ်လာတစ်သောင်း တန်ကြေးရှိသည့် တိုကင်ပြားဆယ်ခုကို နံပါတ် ၁၅ ပေါ်တွင် တင်လိုက်လေသည်။
ကျောက်ယောင် လုပ်ဆောင်နေသည်ကို ကြည့်နေရင်းဖြင့် ဒိုင်နှင့် အခြားလောင်းကစားသူများ အံ့အားသင့်သွားရသည်။ ဟောင်ကောင်ဒေါ်လာတစ်သောင်း လောင်းကြေးထည့်သည်မှာ ပုံမှန်သာဖြစ်ပြီး နံပါတ်တစ်ခုထဲတွင် လောင်းကြေးထည့်သည်ကမူ မြင်ရခဲပေသည်။
လူလတ်ပိုင်းက မှတ်ချက်ပြုသည်…” အူကြောင်ကြောင်ကောင်… မင်း ရူးနေတာလား။ နံပါတ်တစ်ခုတည်းပဲ လောင်းကြေးထည့်တာလား။ ဒါက ကိုယ့်ကိုယ်ကိုယ် သတ်သေနေတာပဲ “
လူလတ်ပိုင်းက တစ်ခဏစကားရပ်ကာ တစ်ခုလျှင် ငါးထောင်တန်ကြေးရှိသည့် တိုကင်ပြားများ ထုတ်ယူကာ…” ငါ နံပါတ် ၁ နဲ့ ၁၂ မှာ လောင်းမယ် “
အမျိုးသမီးကလဲ လောင်းကြေးထည့်သည်…” ကျွန်မက နံပါတ် ၁၈ ယူမယ် “
သူတို့သုံးယောက် လောင်းကြေးထည့်ပြီးသည်နှင့် ဒိုင်သည် ဆင်စွယ်ဘောလုံးကို ဘီးလုံး၏အဖျားပိုင်းတွင် ထားကာ ပြင်းပြင်းလှည့်လိုက်လေသည်။
ပြင်းထန်စွာလည်နေသော ဘောလုံးက စတင်နှေးကွေးလာခဲ့လေပြီး ကျောက်ယောင်မှာ စိတ်လှုပ်ရှားနေကာ ကျောပြင်တွင် ချွေးများစို့လာရသည်။
ထို့နောက်တွင် သူ ပထမဆုံးအကြိမ် အချိန်ရပ်ခြင်းကို အသုံးပြုကာ ဘောလုံးအား ဖိချလိုက်သည်။
အချိန်များ ဆက်လည်နေခဲ့ပြီး ဘောလုံးသည် အရှိန်လျော့ခြင်းမရှိဘဲ ဘီးလုံးအဖျားပိုင်းထဲသို့ ကျသွားကာ စတင်ခုန်ပေါက်လာသည်။ ကျောက်ယောင် အချိန်ရပ်ခြင်းအား ဒုတိယအကြိမ် အသုံးပြုလိုက်သည်။ ဤတစ်ကြိမ်တွင် ဘောလုံးအား နံပါတ် ၁၅ ဆီသို့ လှိမ့်လိုက်သည်။
ဘောလုံးက နံပါတ် ၁၄ ၊ ၁၅ ၊ ၁၆ တို့ကြားတွင် ခုန်နေသည်ကို မြင်သောအခါတွင် ကျောက်ယောင်က နောက်ဆုံးအကြိမ် အချိန်ရပ်ခြင်းကို အသုံးပြုကာ ဘောလုံးအား နံပါတ် ၁၅ အကွက်သို့ ရောက်ရှိစေရန် သေချာလုပ်ဆောင်လိုက်သည်။
အချိန် ပြန်လည်စီးဆင်းသွားခဲ့လေပြီး ကျောက်ယောင်၏ လက်ဖဝါးတွင် ချွေးစေးများ ထွက်နေသည်။ ဘောလုံးက နံပါတ် ၁၅ တွင် ရပ်နေသည်ကို ကြည့်ရင်းဖြင့် သူ ထိန်းမရစွာပင် ချောင်းဟန့်လိုက်သည်။
အမျိုးသမီးသည် ရလဒ်ကြောင့် အလွန်အံ့အားသင့်နေဟန်ဖြင့် အော်လိုက်သည်။
လူလတ်ပိုင်း အမျိုးသားက မယုံကြည်နိုင်ဟန်ဖြင့် ရေရွတ်လိုက်သည်…” ဒီကောင် တကယ်ပဲ အနိုင်ရသွားတာလား။ ၃၅ ဆ လား။ ဒါက ဟောင်ကောင်ဒေါ်လာ ၃.၅ သန်း မဟုတ်ဘူးလား “
ဒိုင်က အနည်းငယ်ခန့် အံ့အားသင့်နေသော်လဲ ကစားသူများ အချီကြီးနိုင်သွားသည်ကို အကြိမ်များစွာ မြင်ဖူးထားပေသောကြောင့် ဟန်မပျက်ရှိနေသည်။
ဒိုင်က ယဥ်ကျေးစွာ မေးလိုက်လေသည်…” ဆက်ပြီးဆော့မှာလား ရပ်တော့မှာလား လူကြီးမင်း “
ကျောက်ယောင် ပြုံးကာ တုန့်ပြန်လိုက်သည်…” ကျွန်တော် ဒီနေ့အတွက် တော်ပါပြီ။ အနိုင်ရထားတဲ့ ငွေတွေကို ကျွန်တော့်ရဲ့အကောင့်ထဲ လွှဲပေးလို့ရမလား “
“ ဟုတ်ကဲ့ပါ လူကြီးမင်း “
ကျောင်ယောင် လေ့လာစမ်းသပ်မှုများ ပြီးဆုံးသွားပေပြီ။ မကာအိုတွင် အနိုင်ရငွေများကို လက်ငင်းထုတ်ယူကာ အိမ်သို့သယ်သွား၍ရသလို ဘဏ်ငွေစာရင်းထဲသို့ တိုက်ရိုက်လွှဲခိုင်း၍လဲ ရပေသည်။ ငွေသားထုတ်ယူကာ ကစားသူထံသို့ ပို့ပေးခြင်းသည် အခက်အခဲအချို့ရှိလေပြီး ဘဏ်စနစ်ကမူ ပိုမိုအဆင်ပြေသော်လဲ ငွေလွှဲခများ ပေးရပေသည်။
အစောင့်နှစ်ဦးသည် ကျောက်ယောင်၏အနီးတွင် ရှိနေလေပြီး အနိုင်ရငွေများ ထုတ်ယူရေးတွင် လိုက်လံစောင့်ရှောက်ပေးခဲ့သည်။ ဝန်ထမ်းက သူ့အား ငွေလွှဲရာတွင် ကူညီပေးခဲ့သည်။
“ လူကြီးမင်းရဲ့ အနိုင်ရငွေတွေအားလုံးကို လူကြီးမင်းရဲ့ ဘဏ်အကောင့်ထဲ လွှဲမှာပါလား “
ကျောက်ယောင်က တုန့်ပြန်သည်…” ကျွန်တော် ဟောင်ကောင်ဒေါ်လာတစ်သန်းနဲ့ တန်ကြေးညီတဲ့ တိုကင်ပြားတွေ ယူထားချင်တယ်။ ကျန်တဲ့ငွေတွေကိုတော့ လွှဲပေးလိုက်ပါ “
ငွေလဲလှယ်နှုန်းနှင့် ငွေလွှဲခတို့ကြောင့် ဟောင်ကောင်ဒေါ်လာ ၂.၅ သန်းသည် ယွမ် ၂.၁၅ သန်းအဖြစ် ပြောင်းလဲသွားကာ ကျောက်ယောင်၏ ဘဏ်အကောင့်ထဲသို့ ရောက်ရှိလာသည်။
ကာစီနိုမန်နေဂျာက ကျောက်ယောင်အား မေးလိုက်သည်…” လူကြီးမင်းက ဆက်ပြီး ကစားချင်ပါသေးလား။ လူကြီးမင်း ဆက်ပြီးကစားမယ်ဆိုရင် ကျွန်တော်က VIP ဟိုတယ်ခန်းတစ်ခုမှာ တစ်ညတာ အလကားနေခွင့်နဲ့ အခမဲ့အဖွဲ့ဝင်ခွင့် ပေးမှာပါ။ လူကြီးမင်း ထွက်ခွာဖို့ ဆန္ဒရှိတယ်ဆိုရင် ကျွန်တော်တို့ဆီ အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်။ ကျွန်တော်တို့က လူကြီးမင်းကို ဟယ်လီကော်ပတာ ဝန်ဆောင်မှုနဲ့ လေဆိပ်အထိ လိုက်ပို့ပေးမှာပါ “
ဟောင်ကောင်ဒေါ်လာသုံးသန်း အနိုင်ရထားသည့်တိုင်အောင် ကျောက်ယောင် စိုးရိမ်နေဆဲပင်။ ကာစီနိုက စောင့်ကြည့်ရေးကင်မရာမှတစ်ဆင့် သူ၏လှုပ်ရှားမှုများကို စုံစမ်းစစ်ဆေးမည်ဆိုလျှင်ပင် အချိန်ရပ်ထားစဥ်အတွင်း၌ သူသည် ထိပ်တန်းအမြန်နှုန်းဖြင့် လှုပ်ရှားနိုင်ကာ မူလအနေအထားအတိုင်း ပြန်ရောက်ရှိအောင် လုပ်ဆောင်နိုင်ပေသည်။
သို့သော် ကာစီနိုဝန်ထမ်း၏ တုန့်ပြန်မှုများအရဆိုလျှင် သူ၏အနိုင်ရမှုအား မည်သူကမျှ စစ်ဆေးကြမည်မဟုတ်ဟု ကျောက်ယောင် ယုံကြည်သည်။ ဝန်ထမ်းများက ဤအခြေအနေမျိုးကို အကြိမ်ပေါင်းများစွာ ကြုံတွေ့ဖူးကာ နောကျေနေကြပြီ ဖြစ်ပေသည်။ သူတို့အတွက်မူ ဤကဲ့သို့ အနိုင်ရမှုမျိုးက သေးငယ်သည်ဟု ဆိုနိုင်ပေသည်။
ကျောက်ယောင် ပြုံးကာ ယဥ်ကျေးစွာတုန့်ပြန်သည်…” ကျွန်တော်က သာမန်အခန်းပဲ ကြိုက်ပါတယ်။ ကျွန်တော် အလည်အပတ်လုပ်ရင်း အချိန်တချို့လောက် တည်းဖို့ စီစဥ်ထားပါတယ် “
အခန်းဆီသို့ လိုက်ပါပို့ဆောင်ပေးခံရပြီးနောက်တွင် ကျောက်ယောင်မှာ ထိုနေရာ၏ အဆင့်အတန်းမြင့်ပုံနှင့် ခမ်းနားပုံတို့ကိုကြည့်ကာ ရင်သပ်ရှုမော ဖြစ်နေရပေသည်။ လက်ရှိတွင် သူ အနည်းငယ်ခန့် ရင်ဖိုနေသည်။
သူ၏ဘဏ်အကောင့်ထဲရှိ ယွမ် ၂.၁၅ သန်းနှင့် လက်ထဲရှိ တစ်ခုလျှင် ဟောင်ကောင်ဒေါ်လာတစ်သိန်းစီ တန်ကြေးရှိသော တိုကင်ပြားဆယ်ခုကို ကြည့်နေရင်းဖြင့် ကျောက်ယောင်မှာ ထိန်းချုပ်မရအောင် ရင်ခုန်နေသည်။
ယွမ်သုံးသန်း…။
သူ ဆယ်နှစ်အလုပ်လုပ်လျှင်ပင် ထိုမျှလောက်အထိ စုဆောင်းနိုင်မည်မဟုတ်သော်လဲ နာရီအနည်းငယ်ခန့်အတွင်းမှာပင် သူ ယွမ်သုံးသန်း အနိုင်ရခဲ့သည်။
ကျောက်ယောင် မပြီးပြတ်သေးသည့် လုပ်ဆောင်ရန်စာရင်းကို ကြည့်ကာ တွေးလိုက်သည်…” ငါ ပိုက်ဆံအများကြီး ရှာနိုင်ခဲ့ပေမဲ့ ငါ့ရဲ့တာဝန်က မပြီးမြောက်သေးဘူး။ ငါက လီဟွားရဲ့ ကြောင်စာကို မဝယ်ရသေးတာကြောင့်များလား “
ကျောက်ယောင် ရည်ရွယ်ရင်းပြီးမြောက်သွားက ပြန်နိုင်ဖြစ်သော်လဲ သူသည်ကား မကာအိုတွင် ရောက်နေသည်ဖြစ်၍ ယွမ်သုံးသန်းမျှဖြင့် တင်းတိမ်နိုင်ပါမည်လော။
သူ လက်ကျန်တိုကင်ပြားများကို ကြည့်ကာ ပြုံးလိုက်လေပြီး…” ငါ ဆုံလည်ဘီးကို ထပ်မကစားတော့ဘူး။ ဒါပေမဲ့ မကာအိုမှာ နောက်ထပ်နှစ်ရက် နေရဦးမှာဆိုတော့ ငါ အပီဖြုတ်ရမှာပဲ “
ကျောက်ယောင် စိတ်လှုပ်ရှားနေသော်လဲ ဟန်မပျက်ပေ။ ဆုံလည်ဘီးသည် လျော်ကြေးများသော်လဲ အနိုင်ရရှိရန် အခွင့်အရေးကမူ နိမ့်လွန်းပေသည်။ သူသာ ဆက်လက်အနိုင်ရနေလျှင် သံသယဖြစ်လာကြပေလိမ့်မည်။
ဖဲကစားနည်းကဲ့သို့ ကစားပွဲများကမူ ကွဲပြားပေသည်။ ၎င်းတို့က ပိုမိုသိုဝှက်သည်ဖြစ်ပြီး ဟောင်ကောင်ဒေါ်လာတစ်သန်း တန်ကြေးရှိသော တိုကင်ပြားများနှင့်ဆိုလျှင် သူ့အဖို့ ပိုမိုများပြားစွာ အနိုင်ရရှိပေလိမ့်မည်။
မကာအိုမှ ကာစီနိုများသည် ဖောက်သည်များကို ငွေအချို့ အနိုင်ပေးရန် မကြောက်ကြသော်လဲ သိသာလွန်းသောပုံစံဖြင့် အနိုင်ရနေလျှင်မူ ၎င်းတို့ သံသယများ မြင့်မားလာကြပေလိမ့်မည်။ ယင်းက ကျောက်ယောင် ရှောင်ရှားလိုသည့်အရာ ဖြစ်ပေသည်။
ပြတင်းပေါက်တွင်ရပ်ကာ လင်းလက်တောက်ပသော မကာအိုမြို့အား ကြည့်နေရင်းဖြင့် ကျောက်ယောင်မှာ ယုံကြည်ချက်ရှိခြင်းနှင့် စိတ်လှုပ်ရှားခြင်းများကို မကြုံစဖူးခံစားနေရပြီး သူက တစ်လောကလုံးကို ပိုင်ဆိုင်သည်ဟု တွေးထင်နေမိသည်။
နောက်နှစ်ရက်တွင် ကျောက်ယောင်သည် ကာစီနိုများ တစ်ခုပြီးတစ်ခု သွားခဲ့လေပြီး အချိန်ရပ်ခြင်းစွမ်းရည်ကို အသုံးပြုကာ အရှုံးထက် အနိုင်ပိုများစေရန် လုပ်ဆောင်ခဲ့သည်။ သူ စားပွဲတစ်ခုတွင် သိန်းချီကာ အနိုင်ရပြီးချိန်တိုင်း အခြားစားပွဲတစ်ခုသို့ ပြောင်းသွားခဲ့သည်။ ထိုသို့ဖြင့် နှစ်ရက်တာကုန်လွန်သွားကာ ကျောက်ယောင် ယွမ် ၁၃ သန်းခန့် အနိုင်ရရှိခဲ့သည်။
တတိယမြောက်ရက် မနက်ရှစ်နာရီ…။
ကျောက်ယောင်သည် လေဆိပ်၏ ပင်မခန်းထဲတွင် ထိုင်းမှိုင်းခြင်းအပြည့်ဖြင့် ထိုင်နေလျက်ရှိသည်။ သူ၏ဖုန်းထဲမှ ဘဏ်အကောင့်ငွေစာရင်းကို ကြည့်နေရင်းဖြင့် သူ၏မျက်နှာထက်တွင် စိတ်ချမ်းသာသော အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။