အခန်း (၇-၉)
Vol. 1 Ch. 7-9
ငါက နတ်ဘုရားလား
အပိုင်း ၇
ပြန်လာခြင်း
ပြီးခဲ့သည့်သုံးရက်တွင် သူ ယွမ် ၁၃ သန်း အနိုင်ရခဲ့သည်။ ယင်းငွေပမာဏသည် သာမန်လူတစ်ဦးအဖို့ တစ်သက်လုံးပင် ရှာနိုင်မည်မဟုတ်ပေ။ သူ အာရုံစိုက်မှုများကို ဆွဲဆောင်မိနိုင်ခြင်းကြောင့်သာ မဟုတ်ခဲ့ပါက မကာအိုတွင် ဆက်လက်နေထိုင်ကာ လောင်းကစားလုပ်နေမည် ဖြစ်ပေသည်။ ထိုကဲ့သို့ ငွေရလွယ်ခြင်းမျိုးနှင့် သူ၏ဘဏ်ငွေစာရင်း ထိုးတက်လာခြင်းအား ကြည့်နေရခြင်းမျိုးတို့ကို တောင့်ခံနိုင်ရန် ခက်ခဲလွန်းပေသည်။
ငွေရှာခြင်းအတွေးကြောင့် ကျောက်ယောင်မှာ စိတ်လှုပ်ရှားလွန်းနေကာ အိပ်စက်နိုင်ခြင်းပင် မရှိခဲ့ပေ။ သို့သော် လက်ရှိတွင် ကျောက်ယောင် လေဆိပ်ခန်းမထဲတွင်ထိုင်ကာ လေယာဥ်စောင့်နေရင်းဖြင့် တဖြည်းဖြည်းချင်း တည်ငြိမ်လာခဲ့သည်။
“ လောင်းကစားလုပ်ပြီး ငွေအနိုင်ရတာက ရေရှည်မှာ ကောင်းတဲ့အစီအစဥ်တစ်ခု မဟုတ်ဘူး။ ငါ့အနေနဲ့ မဖြစ်မနေလုပ်ရတာမျိုး မဟုတ်သရွေ့ ပိုကောင်းတဲ့ ငွေရှာနိုင်တဲ့နည်းလမ်းကို ရှာတာက ပိုကောင်းတယ် “
ကျောက်ယောင်သည် သူ၏စူပါပါဝါအကြောင်းနှင့် စူပါပါဝါအား အဆင့်မြင့်နိုင်မည့် ဖြစ်နိုင်ခြေများကို တွေးမိသောအခါတွင်မူ သူက ပိုမိုအစွမ်းထက်လာမည်ဖြစ်ပြီး ယွမ်ဆယ်သန်းမျှက ဘာမျှမဟုတ်ဟု ခံစားမိပေသည်။
သို့သော် သူသည် ကမ္ဘာကြီးကို အုပ်စိုးခြင်း သို့မဟုတ် လူသားမျိုးနွယ်ကို ပြောင်းလဲခြင်းများ လုပ်လိုစိတ်မရှိပေ။ ငွေကြေးချမ်းသာကာ သူ အလိုရှိသည့်ဘဝအား ရရှိလျှင် လုံလောက်သည်။
ငါးနာရီကြာပြီးနောက်တွင် ကျောက်ယောင် ကျန်းမန်လေဆိပ်သို့ ရောက်သွားခဲ့သည်။ သူ ဖုန်းဖွင့်လိုက်သည်နှင့် ဖုန်းသံမြည်လာသည်။
ကျောက်ယောင် ဖုန်းဖြေလိုက်ချိန်တွင် ဒေါသထွက်နေသော အမျိုးသမီးတစ်ဦး၏ အော်သံကိုသာ ကြားလိုက်ရသည်.. “ ကျောက်ယောင်… နင် အလုပ်ထုတ်ခံချင်နေတာလား။ အလုပ်တွေ အရမ်းများနေပါတယ်ဆို နင်က သုံးရက်နားဝံ့နေသေးတာလား။ နင့်ရဲ့ တာဝန်ယူစိတ်က ဘယ်မှာလဲ။ ငါ နင့်ကို ဖုန်းခေါ်ဖို့ကြိုးစားနေတာ အကြိမ်ဘယ်လောက်တောင် ရှိသွားပြီလဲဆိုတာကို သိရဲ့လား။ နင် အခုချက်ချင်း ပြန်မလာဘူးဆိုရင် လစဥ်ဘောနပ်စ်နဲ့ နှစ်ကုန်ဘောနပ်စ်တွေကို တာ့တာလုပ်လိုက်တော့။ ငါ့ရဲ့ရုံးခန်းထဲမှာ ငါ့ကို လာတွေ့ဖို့အတွက် အချိန်တစ်နာရီပေးမယ် “
ကျောက်ယောင် တုန့်ပြန်နိုင်ခြင်းမရှိမီမှာပင် ဖုန်းခေါ်ဆိုမှု အဆုံးသတ်သွားခဲ့သည်။ သူ ခေါင်းယမ်းလိုက်သည်။ ယင်းက သူ၏သူဌေးဖြစ်ပြီး စီမံကိန်းခေါင်းဆောင် ယွမ်ယင်း ဖြစ်သည်ကို သူသိပေသည်။
ယွမ်ယင်းက အမြဲတမ်းလိုပင် အပေါက်ဆိုးသူဖြစ်သည်။ ဤတစ်ခေါက်တွင် ကျောက်ယောင်က မပြီးဆုံးသေးသော စီမံကိန်းထဲမှ ထွက်လာခဲ့ပြီး သုံးရက်ပျက်ကွက်ခဲ့သည်။ ထို့အပြင် သူ့အား ထိုသုံးရက်အတွင်း၌ ဆက်သွယ်၍မရပေသောကြောင့် ယွမ်ယင်း ဒေါသထွက်နေသည်သာ ဖြစ်ရပေမည်။
သို့သော် ကျောင်ယောင် မစိုးရိမ်ပေ။ ယွမ် ၁၃ သန်းနှင့် အချိန်ရပ်စွမ်းရည်တို့က သူ့အား အကန့်အသတ်မဲ့သော အနာဂတ်တစ်ခု ပေးပေလိမ့်မည်။ သူသည် လက်ရှိအလုပ်မှထွက်ရန် စီစဥ်ထားသည်။ အလုပ်ပျက်ကွက်ခြင်းကြောင့် သူဌေးဖြစ်သူက အလုပ်စာချုပ်ကို ဖျက်သိမ်းမည်ဆိုလျှင်ပင် သူ အဆင်ပြေပေသည်။
“ အစတုန်းကတော့ ငါက တစ်ဆင့်ပြီးတစ်ဆင့် လုပ်မလို့ပါပဲ။ ဒါပေမဲ့ မကြာသေးခင်က တာဝန်ရလဒ်အရဆိုရင် ငါ့အနေနဲ့ မဖြစ်မနေကို ငွေတွေအများကြီး ရှာရမှာပဲ။ ဒါက ပြီးပြည့်စုံတယ်။ ငါ့ရဲ့ သာသာယာယာဘဝကို စောစောစတင်မယ် “
သူ၏ငွေများက တရားဝင်ရလာခြင်းဖြစ်ပြီး သူက အစိုးရထဲတွင် အလုပ်မလုပ်ပေသောကြောင့် သေးငယ်သော ငွေပမာဏက မည်သူတစ်ဦး၏ အာရုံများကိုမျှ ဆွဲဆောင်မိမည်မဟုတ်ပေ။ လူအများက ထိုကိစ္စကို သိသွားခဲ့လျှင်ပင် သူ၏ကံကောင်းမှုဟုသာ ယူဆကာ ကျော်သွားကြပေလိမ့်မည်။
ကျောက်ယောင် အငှားကားငှားကာ အိမ်သို့ဦးစွာပြန်ပြီး လီဟွားကို သွားကြည့်မည်ဟု ဆုံးဖြတ်ခဲ့သည်။
အငှားကား စောင့်နေစဥ်မှာပင် မြေပြင်သည် ရုတ်တရက် တုန်ခါသွားလေ၏။ ငလျင်သည် ရုတ်တရက်ပေါ်လာကာ ရုတ်တရက်ပင် ထွက်ခွာသွားခဲ့ပြီး တုန်ခါခြင်းများ ရပ်တန့်သွားခဲ့သည်။
“ သောက်ကျိုးနည်း…. “
ကျောက်ယောင် အံ့အားသင့်သွားရပြီး ထိတ်ပျာနေသော လူအများကိုကြည့်ကာ တွေးလိုက်သည်…” နောက်ထပ်ငလျင်လား “
သို့သော် ဤတစ်ကြိမ် ငလျင်က အားနည်းလေပြီး ဘေးပတ်ဝန်းကျင်အား ထိခိုက်စေခြင်းမရှိပေ။ ကျောက်ယောင် တုန်ဆိုင်းမနေဘဲ အငှားကားဖြင့် အိမ်ပြန်လာခဲ့လေသည်။
သူ တံခါးဖွင့်လိုက်ချိန်တွင် အမှိုက်များအပြည့် ဖြစ်နေသည့် ကြမ်းပြင်အား တွေ့လိုက်ရသည်။ တစ်ရှုးစများ ၊ ခွက်များ ၊ ရီမုကွန်ထရိုးများ ၊ ဝါယာများ ၊ စားပွဲပေါ်ရှိ တစ်ဝက်တစ်ပျက် ကြောင်စာများ ၊ ရေကွက်များတို့မှာ ကြမ်းပြင်အနှံ့ ပြန့်ကျဲနေပေသည်။
ကျောက်ယောင် ဟစ်အော်လိုက်သည်…” ကြောင်စုတ်… အခုထွက်ခဲ့စမ်း “
လီဟွားကို ဧည့်ခန်းထဲတွင် မတွေ့ရပေသောကြောင့် သူ အိပ်ခန်းဆီသို့ တည့်တည့်ဝင်သွားခဲ့လေသည်။
အိပ်ယာထက်တွင် နူးညံ့သော အဝါရောင်အရာတစ်ခုသည် အားသွင်းလျက်သားရှိသည့် ဖုန်းကို ကိုင်ကာ လဲလျောင်းနေသည်။ ကြောင်စာများက နေရာအနှံ့တွင် ရှိနေသည်ဖြစ်ပြီး လီဟွားက ကြောင်စာအချို့ ယူလာခဲ့ခြင်းသာ ဖြစ်ရပေမည်။
Mobile Legends ဆော့နေရင်းဖြင့် လီဟွား၏အမူအရာ လေးနက်နေသည်ကို မြင်သောအခါတွင်မူ ကျောက်ယောင်၏ မျက်ဝန်းတွင် ဒေါသများယိုဖိတ်လာကာ…” ကြောင်စုတ်… ငါ မင်းကို အိမ်စောင့်နေဖို့ မပြောခဲ့ဘူးလား။ ဒီနေရာကို ကြည့်လိုက်စမ်း “
ကျောက်ယောင်၏ ဆူပူကြိမ်းမောင်းသံကို ကြားသောအခါတွင် လီဟွားသည် အမြီးယမ်းကာ စိတ်မရှည်စွာဖြင့် တုန့်ပြန်သည်…” ငါက ဘာလုပ်နိုင်လို့လဲ။ ငါက ကြောင်တစ်ကောင်ပဲဟာကို။ မင်းရဲ့ပါးစပ်နဲ့ လက်သည်းတွေ သုံးပြီးတော့ ကြောင်စာဖွင့်ဖို့ ဒါမှမဟုတ် တစ်ရှုးယူဖို့ကို ကြိုးစားကြည့်လိုက်….. “
စကားပြောနေစဥ်မှာပင် ကမ္ဘာကြီး ရုတ်တရက် ရပ်တန့်သွားလေပြီး လီဟွား တစ်ကောင်တည်းသား ဖုန်းကို ကြမ်းတမ်းစွာနှိပ်နေပေသည်။
“ ဂိမ်းဆော့နေတုန်း အချိန်ရပ်လိုက်တာလား။ မင်း အဲ့ဒါကို လုပ်နိုင်တာလား။ အဲ့ဒါက အလုပ်ဖြစ်သွားသေးတာလား “ ကျောက်ယောင် မှင်တက်မိသွားသော်လဲ အသေအချာ ကြည့်ပြီးသည့်နောက်တွင်မူ လီဟွားက အချိန်ရပ်စွမ်းရည်ကို စာရိုက်ရာတွင် အသုံးပြုနေကြောင်း နားလည်သွာခဲ့သည်။
“ စောက်သုံးမကျတဲ့ မျောက်… မင်းက တောဓားမြောင်မပါဘဲ တောဝင်နေတာလား “
“ ငပိန်း ကျူးကော်လျှန့်…. Rank ဆော့နေရင် မင်း မဆော့တတ်တဲ့ ဟီးရိုးကို မရွေးလို့မရဘူးလား “
“ ပြိုင်ဘက်အသင်းက လီပိုင်… ငါတို့အသင်းက စောက်သုံးမကျတဲ့ မျောက်ကြောင့်သာ မဟုတ်ရင် ငါက မင်းကို အဆုံးသတ်ပေးလိုက်မှာ “
အချိန် ပြန်လည်စီးဆင်းသွားလျှင် ဖုန်းမျက်နှာပြင်ပေါ်၌ တောက်လျှောက်ရိုက်ထားသော စာများ ပေါ်လာပေလိမ့်မည်။ ဟုတ်သည်။ စာရိုက်သူက လီဟွား ဖြစ်ပေ၏။
အချိန်ရပ်ထားစဥ်အတွင်း Mobile Legends သည်လဲ ရပ်နေမည်ဖြစ်သည်။ သို့သော် အချိန်ရပ်ခြင်း အသက်မဲ့သွားသည်နှင့် ထိုအခိုက်အတန့်အတွင်းမှ လုပ်ဆောင်မှုများအားလုံးကို ဂိမ်းက မှတ်တမ်းတင်ထားပေလိမ့်မည်။ အချိန်များ ပုံမှန်ပြန်ဖြစ်သွားချိန်တွင် ဖုန်းမျက်နှာပြင်ပေါ်၌ စာများ တစ်ပြုံတစ်မကြီး ပေါ်လာပေလိမ့်မည်။
လီဟွားသည် စူပါလူသား အမြန်နှုန်းဖြင့် စာရိုက်နိုင်လေပြီး သူက တစ်ယောက်နှင့် သုံးယောက် ယှဥ်ပြောနေရသည့်တိုင်အောင် အရေးနိမ့်သည့်အနေအထား၌ သေချာပေါက်ရှိမနေပေ။ လီဟွားက ကစားသမားများကို ပြစ်တင်ပြောဆိုရင်းဖြင့်ပင် ဂိမ်းကစားနေပေသည်။
လီပိုင်က လုပန်းကို အဆုံးသတ်ခဲ့သည်။
လီပိုင်က လုပန်းကို အဆုံးသတ်ခဲ့သည်။
လီပိုင်က လုပန်းကို အဆုံးသတ်ခဲ့သည်။
လီပိုင်: : noob တယ်။
လီဟွား ဟစ်အော်ကာ အပြင်းအထန်ပင် စာရိုက်နေသည်။
ကျောက်ယောင်သည် လီဟွားက စွမ်းအားများကို အကြိမ်ကြိမ် အသုံးပြုနေသည်အား မြင်သောအခါတွင် မေးစေ့အားပွတ်၍ သက်ပြင်းချကာ…” ဒီရက်အနည်းအတွင်းမှာ အချိန်ရပ်တဲ့ဖြစ်စဥ်တွေ ခဏခဏဖြစ်နေတာ မအံ့ဩတော့ဘူး။ ဒီကောင့် လက်ချက်ပဲကိုး…”
ထိုအခိုက်တွင် လီဟွားက သွေးရူးတန်းရူးဖြင့် မြောင်ဟု ထအော်လိုက်ပေသောကြောင့် ကျောက်ယောင်က မေးလိုက်လေသည်…” ဘာဖြစ်တာလဲ “
လီဟွားက လက်သည်းများ ယမ်းပြကာ…” မြန်မြန် မြန်မြန်။ ငါ့ကို ကူညီဦး။ ငါ မထနိုင်တော့ဘူး “
“ ဘာဖြစ်တာလဲ “ ကျောက်ယောင် အမြန်သွားကာ လီဟွား ထလာနိုင်စေရန် ကူညီပေးလိုက်သည်။
လီဟွားက ရှင်းပြသည်… “ အကြာကြီး လဲလျောင်းနေခဲ့တာကြောင့် ငါ့ရဲ့ခြေထောက်တွေ ထုံကျဥ်နေတာလေ “
ကျောက်ယောင် အနည်းငယ် နှုတ်ခမ်းမဲ့သွားကာ ကြောင်ဖက်တီးအား ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်လေသည်။
မြောင်…။
လီဟွား ကြမ်းပြင်ပေါ်တွင် လူးလှိမ့်ကာ ဟစ်အော်လိုက်လေသည်…” အခု ငါ ထနိုင်အောင် ကူညီပေးဦး။ ငါ့ရဲ့အသင်းဖော်တွေကို အပြစ်တင်နေတာ မပြီးသေးဘူး “
ကျောက်ယောင် လီဟွားကို တစ်ချက်ကြည့်ကာ အိပ်ခန်းထဲမှ ထွက်ခွာသွားခဲ့ပြီး သူ၏လက်တောပ့်ထဲတွင် ကြောင်စာများ ရှာဖွေကြည့်လိုက်လေသည်။
“ အာမခံ အစာတဲ့လား။ ဒါက ပိုပြီးကောင်းနိုင်လောက်တယ်မလား “
ကျောက်ယောင်သည် ထောင်းပေါင်ထဲတွင် မွှေနှောက်ရှာဖွေရင်းဖြင့် ဈေးအကြီးဆုံး ကြောင်စာများနှင့် စည်သွပ်ဘူးကြောင်စာများကို တွေ့ခဲ့ရပေသည်။ သူ ရှာဖွေသောနေရာတွင် ထပ်မံစာရိုက်ကာ တံဆိပ်များကို ရှာဖွေခဲ့လေပြီး ၎င်းတို့၏ သုံးသပ်ချက်များကို ကြည့်ရှုခဲ့သည်။
နေ့တစ်ဝက်ခန့် ကြည့်ရှုပြီးသည့်နောက် အခြေအနေများ ရှုပ်ထွေးလာခဲ့သည်။ တံဆိပ်အမျိုးမျိုး ၊ ဖော်စပ်ပုံအမျိုးမျိုးနှင့် အရသာအမျိုးမျိုးပင် ရှိနေပေသည်။ ကြောင်စာအတွက် သုတေသနများစွာ လုပ်ဆောင်ထားသည်ကို ကျောက်ယောင် တစ်ခါမျှမသိခဲ့ပေ။
ငါက နတ်ဘုရားလား
အပိုင်း ၈
အဆင့်များ
_________________________________
တစ်နာရီကြာပြီးနောက်တွင် ကျောက်ယောင်သည် သုတေသနစာတမ်းများနှင့် အကြံပြုထောက်ခံချက်များ ဆယ်ခုကျော်ကို လေ့လာကြည့်ရှုခဲ့သည်။ သူသည် ကြောင်စာနှင့် ပတ်သတ်ပြီး ကောင်းစွာနားလည်လာခဲ့သည်။
အမှန်တကယ်တွင် ပြည်တွင်းထုတ် ကြောင်စာများသည် မကြာသေးမီကမှ ခေတ်စားလာသည်ဖြစ်ပြီး ကြောင်စာများ၏ အရည်အသွေးကွာခြားချက်မှာမူ လွန်ကဲလွန်းပေသည်။ ကြောင်စာများထဲရှိ ပါဝင်ပစ္စည်းများနှင့် ဓာတ်ပေါင်းများက အမည်မသိအရင်းအမြစ်မှ လာခဲ့ခြင်းဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းတွင် တရုတ်ပြည် ကြောင်စာထုတ်လုပ်ရေးက အဆိုးရွားဆုံး ဖြစ်ပေသည်။
အခြားနိုင်ငံများ အထူးသဖြင့် အမေရိကမြောက်ပိုင်းတွင် ကြောင်စာထုတ်လုပ်ရေးသည် သမိုင်းကြောင်းရှည်ကြီးရှိလေပြီး ၎င်းတို့၏ ထုတ်ကုန်များက များစွာပို၍ အရည်အသွေးမြင့်မားပေသည်။
အဓိကကွာခြားချက်မှာ ပါဝင်ပစ္စည်းများကြောင့် ဖြစ်ပေသည်။ ကြောင်တစ်ကောင်သည် အသားပါဝင်မှုများသည့် အစာများကိုသာ အဓိကထားကာ စားကြသည်။ ကြောင်စာအချို့တွင် မြင်တွေ့ရသော ဂျုံများက အမှန်တကယ် အစာကျေလွယ်ခြင်း မရှိသလို အသီးအနှံများက ကြောင်၏ အစာချက်လုပ်ငန်းစဥ် အားလုံးအတွက် အကူအညီဖြစ်စေသည်ဆိုရုံမျှသာ ရှိပေသည်။ နိဂုံးချုပ်ရသော် အရည်အသွေးမြင့် ကြောင်စာများသည် အသားပါဝင်မှု ရာခိုင်နှုန်း ပိုများမည်ဖြစ်ပေသည်။ အရည်အသွေးအကောင်းဆုံး ကြောင်စာများက အများအားဖြင့် အသား ၁၀၀% ဖြင့် ပြုလုပ်ထားကြပေသည်။
အသားအပြင် ပမာဏနည်းပါးသော ဗီတာမင်များနှင့် ဓာတုပစ္စည်းများကလဲ အရေးပါပေသည်။ အသားချည်း ၁၀၀% စားနေခြင်းသည် ကြောင်တစ်ကောင်၏ အာဟာရမျှခြေအတွက် အကောင်းဆုံးအနေအထား မဟုတ်ပေ။ ကြောင်များအဖို့ ရုပ်ပိုင်းဆိုင်ရာ လုပ်ငန်းဆောင်တာများ ထိန်းသိမ်းနိုင်ရန်အတွက် အခြားသော အာဟာရပုံစံများလဲ လိုအပ်ပေသည်။
တော်ရင်းကို ဥပမာပြရပေမည်။ ကြောင်တစ်ကောင်သည် နှလုံး ၊ မျက်လုံး ၊ ကိုယ်ခံအားစနစ်များအတွက် နေ့စဥ်လိုပင် တော်ရင်းပမာဏများစွာ လိုအပ်ပေသည်။ အသားများတွင် တော်ရင်း ပါဝင်သော်လဲ ကြောင်များက တော်ရင်းကို စုပ်ယူနိုင်လိမ့်မည်ဟု အာမခံချက်မရှိသည်ဖြစ်၍ ကြောင်စာများထဲတွင် အပိုအာဟာရများ တွေ့နေရခြင်း ဖြစ်ပေသည်။
အရည်အသွေးမြင့် ကြောင်စာတစ်ခုက ဈေးနှုန်းမြင့်မားသည်မှာ ပုံမှန်သာဖြစ်သည်။
ရွေးချယ်စရာ ကြောင်စာကောင်းများ အမျိုးမျိုးရှိနေပေသောကြောင့် ကျောက်ယောင်မှာ မည်သည့်ဟာက သူ၏တာဝန် ပြီးမြောက်စေရန် အကူအညီပေးနိုင်ကို မတွေးတတ်တော့ပေ။
သူ ယွမ် ၁၃ သန်းကို ရုတ်တရက်တွေးမိသွားကာ..." အခု ငါ့မှာ ငွေတွေ အများကြီးနေတာ မဟုတ်ဘူးလား။ ငါက များများဝယ်ပြီး လီဟွားကို တံဆိပ်အမျိုးအစားအားလုံး မြည်းကြည့်ခိုင်းရမယ် "
ကျောက်ယောင် ချက်ချင်းပင် ထောင်းပေါင်ကိုဖွင့်ကာ ထိပ်ဆုံးဆယ်နေရာအတွင်းမှ ကြောင်စာများကို တစ်ထုပ်စီ အော်ဒါမှာလိုက်လေသည်။
ကျောက်ယောင် ဝယ်ယူပြီးနောက်တွင် သက်ပြင်းရှည်ကြီးချကာ..." မနက်ဖြန် ချောပို့သမား ရောက်လာခဲ့ရင် ငါ ချောပို့သမားကို စမ်းကြည့်ခိုင်းရမယ် "
ထိုစဥ်တွင် သူ၏ဖုန်း မြည်လာသည်။ သူ ခေါ်ဆိုသူအမည်ကိုကြည့်ကာ ချက်ချင်းကိုင်လိုက်လေပြီး တစ်ဖက်လူ တရစပ်မပြောနိုင်မီတွင်..." စိတ်မကောင်းပါဘူး ခေါင်းဆောင်။ ကျွန်တော် အလုပ်ထွက်တော့မယ် "
သူ၏ စီမံကိန်းခေါင်းဆောင်ဖြစ်သည့် ယွမ်ယင်းက မယုံကြည်နိုင်ဖြစ်သွားကာ..." နင် ဘာပြောလိုက်တာလဲ "
ကျောက်ယောင် ထပ်မံကာပြောသည်..." စိတ်မကောင်းပါဘူး မန်နေဂျာ... ကျွန်တော် အလုပ်ထွက်တော့မယ်။ ဒီနောက်ပိုင်းမှာ ကျွန်တော် အလုပ်အရမ်းများလာတာကြောင့် အလုပ်ထွက်ချင်နေပြီ။ ကျွန်တော် အလုပ်ထွက်စာကို အီးမေးလ်နဲ့ ပို့လိုက်ပါ့မယ် "
" ဘယ်လို "
ကျောက်ယောင် သက်ပြင်းချကာ..." သူဌေး... ကျွန်တော် စိတ်မကောင်းပါဘူး။ ကျွန်တော် အလုပ်ထွက်ပြီး ကိုယ်ပိုင်လုပ်ငန်းတစ်ခု စတင်ချင်ပြီ။ အလုပ်ထွက်တာ ရှင်းလင်းပြီးသွားရင် အလုပ်ထွက်စာကို ကျွန်တော် ပြန်လာပြီးပို့ပါ့မယ်။ ကျွတ်တော့်ရဲ့အလုပ်တွေ လက်လွှဲပေးဖို့ကိုလဲ ကျွန်တော် မထွက်ခင်မှာ သေချာဖြေရှင်းပေးသွားပါ့မယ်။ သူဌေး စိုးရိမ်နေစရာမလိုပါဘူး။ ဒါပေမဲ့ ကျွန်တော် ဒီအလုပ်ကို တကယ်ပဲ ဆက်မလုပ်ချင်တော့ဘူး။ စိတ်မကောင်းပါဘူး "
" အလျင်စလိုမလုပ်နဲ့ "
တစ်ဖက်လူ လေသံပျော့သွားကာ..." ဒီလိုလုပ်မယ်လေ... နင့်ကိုကြည့်ရတာ တကယ် ပင်ပန်းနေပုံရလို့ ငါ နင့်ကို အနားယူခွင့်ပေးမယ်။ နင် အဆင်ပြေပြီဆိုမှ အလုပ်ပြန်လာလုပ်ပေါ့ "
ကျောက်ယောင် တုန့်ပြန်မည့်အချိန်တွင် ယွမ်ယင်းက ဖုန်းချသွားခဲ့သည်။
ကျောက်ယောင် ထပ်မံကာ သက်ပြင်းရှည်ကြီး ချလိုက်လေ၏။ သူသည် စီမံကိန်းတစ်ခု လုပ်ဆောင်နေဆဲသာဖြစ်ပြီး သူဌေးသည် အခြားတစ်ယောက်ယောက်ထံ အလုပ်လက်လွှဲပေးလိမ့်မည် မဟုတ်ပေ။ သို့သော် သူက အလုပ်ဆက်လုပ်ရန် စိတ်ပါခြင်းမရှိတော့ပေ။
ရုံးတွင်...။
ယွမ်ယင်းသည် ဖုန်းခေါ်ဆိုမှု အဆုံးသတ်သွားသည်ကို ကြည့်ကာ ခေါင်းယမ်းလိုက်ပြီး..." ခုခေတ် ကလေးတွေက တကယ်ကို တာဝန်မဲ့တာပဲ။ သူတို့ရဲ့ အလုပ်ကနေထွက်ပြီး လုပ်ငန်းတစ်ခုကို အလွယ်တကူ ထူထောင်နေကြပြီလား။ လုပ်သက်တစ်နှစ်လောက်နဲ့ သူတို့ဘာသာ လုပ်ငန်းထူထောင်နေရအောင် ရင်းနှီးမြုပ်နှံသူတွေကို ငတုံးတွေလို့ ထင်နေတာလား။ နှစ်အနည်းငယ်လောက် အလုပ်ကြိုးစားပြီး သူတို့ရဲ့ကျွမ်းကျင်မှု တိုးတက်အောင်လုပ်ပြီးမှ လုပ်ငန်းသစ်စဖို့ကို ဘာကြောင့်များ မတွေးကြတာလဲ။ ဟူး... ဒီလူငယ်တွေက ကမူးကရှုးထိုးနိုင်လွန်းတယ် "
လက်ရှိအချိန်တွင် သူမ၏စီမံကိန်းက တစ်ဝက်ပြီးစီးနေပြီဖြစ်ပြီး ကျောက်ယောင်သာ နုတ်ထွက်သွားပါက စီမံကိန်းတိုးတက်မှုအား ကြီးစွာပင် ထိခိုက်သွားစေပေလိမ့်မည်။
ကျောက်ယောင်က အလုပ်ကြိုးစားကာ စောဒကတက်ခြင်း ရှားပါးသည်ကို ထည့်မပြောရသေးပေ။ ကျောက်ယောင်သည် နေ့စဥ်နေ့တိုင်း မနက်ကိုးနာရီမှ ညဆယ်နာရီအထိ အချိန်ပိုကြေးမပေးရဘဲ အလုပ်ဆင်းပေးနိုင်ပေသည်။
သူမသည် ကျောက်ယောင်ဆီသို့ စာပို့လိုက်လေ၏။
" ဒီစီမံကိန်း ပြီးသွားချိန်ကျရင် ငါ နင့်ရဲ့လစာကို ယွမ်သုံးထောင်လောက် တိုးပေးမယ် "
" လုပ်ငန်းသစ် စဖို့ဆိုတာက အရမ်းမလွယ်ဘူး။ အဲ့ဒီလိုလုပ်ဖို့ ကြိုးစားရင်းနဲ့ ဆိုးဆိုးဝါးဝါး ကျရှုံးသွားတဲ့သူတွေ မနည်းဘူး။ နင့်အနေနဲ့ အတွေ့အကြုံအချို့ ရသွားတာလဲ ပိုကောင်းပါတယ် "
ယွမ်ယင်းသည် မက်ဆေ့ပို့ပြီးသည့်နောက် မျက်မှောင်ကုတ်လိုက်၏။ သူမ၏ မသိစိတ်ထဲတွင် ကျောက်ယောင် အလုပ်ဆီသို့ ပြန်မလာတော့မည်ကို စိုးရိမ်နေမိသည်။
သို့သော် ကျောက်ယောင်ကမူ သကာလောင်းထားသော မက်ဆေ့များကို ဂရုမစိုက်ပေ။
ကြောင်စာ မှာယူကာ ယွမ်ယင်းနှင့် ဖုန်းပြောပြီးနောက်တွင်မူ ကျောက်ယောင်၏ လက်တော့ပ်ပေါ်၌ QQ မက်ဆေ့အသစ်တစ်ခု ပေါ်လာသည်။ ယင်းသည် တက္ကသိုလ်မှ သူ၏ သူငယ်ချင်းဟောင်း ရှောင်းရှီးယွီထံမှ ဖြစ်ပေသည်။
" ကောင်းကင်နန်းတော် ကွန်ဒိုမီနီယံဥယျာဥ် ၊ မြောက်နဲ့တောင် မျက်နှာပွင့် ၊ အထပ်မြင့်နဲ့ အထပ်နိမ့် ရတယ် ၊ ဘူတာရုံနဲ့ မီတာငါးရာအကွာ....."
ယင်းက အိမ်ခြံမြေကြေညာ ဖြစ်ပေသည်။ ထိုမက်ဆေ့ ပေါ်လာပြီးနောက်တွင်မူ သေဆုံးနေသော တက္ကသိုလ်ချက်ဂရုမှာ ရုတ်တရက်ပင် အသက်ဝင်လာခဲ့သည်။
" နတ်ဘုရားမရှောင်းက အခု အိမ်ခြံမြေ ရောင်းနေတာလား "
" အထင်ကြီးစရာပဲ။ ကောင်းကင်နန်းတော်မှာ အိမ်ကောင်းတွေပဲရှိတယ်။ အဲ့ဒီမှာ အိမ်တစ်လုံးဝယ်ဖို့က ငါ့ရဲ့ ဘဝရည်မှန်းချက်ပဲ "
" ဈေးကြီးလွန်းတယ်။ လက်ရှိမှာ ဂရုထဲက တစ်ယောက်ယောက်က ဝယ်နိုင်ပါ့မလားဆိုတာကို ငါ သံသယဝင်မိတယ် "
QQ ဂရုချက်သည် အစပိုင်းတွင် အလွန်အသက်ဝင်ခဲ့ဖူးသည်။ သို့သော် လူတိုင်းသည် လုပ်ငန်းခွင်ဝင်နေကြပြီး အလုပ်ကိုယ်စီဖြင့် အလုပ်ရှုပ်နေကြသည်ဖြစ်၍ ချက််ဂရုသည် ပို၍ ပို၍ပင် အသက်မဲ့လာခဲ့ရသည်။ တစ်လအတွင်းမှာပင် စာများကို မမြင်သလောက်နီးပါး ဖြစ်ခဲ့ရသည်။
ရှောင်းရှီးယွီထံမှ မက်ဆေ့တစ်ခုကြောင့် ဂရုချက်တစ်ခုလုံး ပြန်လည်အသက်ဝင်လာခဲ့သည်။ ယင်းက မိန်းမလှတစ်ဦး၏စွမ်းအား ဖြစ်ပေသည်။
............
အခြားတစ်ဖက် ကွန်ပြူတာတွင် ကျစ်ဆံမြီးရှည်ဖြင့် အမျိုးသမီးတစ်ဦးသည် ဂရုချက်ထဲမှ မက်ဆေ့များကို စူးစိုက်ကာကြည့်နေလေ၏။ သူမတွင် ကြီးမားသော မျက်ဝန်းတစ်စုံနှင့် ဖြူဝင်းသော အသားအရေရှိပြီး သူမက ရုံးအဝတ်အစားကို ဝတ်ဆင်ထားသောလဲ အံ့ဩဖွယ်ရာ ခန္ဓာကိုယ်ကို ဖုံးကွယ်ထားနိုင်ခြင်းမရှိပေ။ သေးသွယ်သော်လဲ လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းကြောင့် သန်မာနေသည့် ခြေတံအစုံလဲ ရှိပေသည်။
ရှောင်းရှီးယွီသည် ကျောက်ယောင်၏ တက္ကသိုလ်အတန်းဖော်ဖြစ်ပြီး သူမက အိမ်ခြံမြေအကျိုးဆောင်အဖြစ် အလုပ်ဝင်ခဲ့သည်။ သူမ၏ ကောင်းမွန်သော စွမ်းဆောင်ရည်ကြောင့် မကြာမီလာတော့မည့် စီမံကိန်းဖြစ်သည့် ကောင်းကင်နန်းတော်အား လွှဲအပ်ခံခဲ့ရသည်။
သို့သော် လအနည်းငယ်ခန့် ကြာသွားသည့်တိုင်အောင် အိမ်တစ်လုံးကိုမျှ ရောင်းနိုင်ခြင်းမရှိခဲ့ပေ။ သူမ ဖိအားများ စတင်ဖြစ်လာရလာခြင်းကြောင့် မိတ်ဆွေအသိုင်းအဝိုင်းများကြားထဲတွင် ကြေညာဝင်ခဲ့ခြင်း ဖြစ်ပေသည်။
သူမ QQ ချက်ဂရုထဲတွင် ကြေညာခဲ့ပြီး အတန်းဖော်များ၏ တုန့်ပြန်မှုများကို ကြည့်နေရင်းဖြင့် စိတ်ပျက်ခြင်းများ ကြီးထွားလာရသည်။
သူမ၏ အတန်းဖော်များထဲတွင် ငွေဇွန်းကိုက်ကာ မွေးဖွားလာသူများ မရှိသလို လူတိုင်းက အလုပ်ဝင်ခါစနှစ်သာဖြစ်၍ ထိုကဲ့သို့အိမ်မျိုးကို တတ်နိုင်ရန်မှာ ဖြစ်နိုင်ခြေနည်းလှကြောင်း သူမ သိပေသည်။
လက်ရှိတွင် သူမသည် QQ နှင့် Wechat ချက်ဂရုများထဲမှ မက်ဆေ့များကို စတင်ကာ စစ်ဆေးနေသည်။
................
ကျောက်ယောင် ဝင်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
" ဒီနေရာက မြို့စွန်ကျပေမဲ့ ဘူတာရုံရှိတဲ့အပြင် ဘေးပတ်ဝန်းကျင်ကလဲ စိမ်းလန်းစိုပြေပြီး လက်လီစတိုးဆိုင်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေ ဝန်းရံနေတယ်....."
" အင်း... ယွမ် ၁.၄ သန်းတန် အိမ်က တကယ်ကို မဆိုးဘူးပဲ "
ကျောက်ယောင်သည် အိမ်များ၏ အတွင်းပိုင်း ၊ အပြင်အဆင်နှင့် ဘေးပတ်ဝန်းကျင်တို့ကို ကြည့်နေရင်းဖြင့် ဆွဲဆောင်ခံနေရသည်။
သို့သော် ဈေးနှုန်းသည် သူ့အား အင်တင်တင်ဖြစ်စေပေ၏။ သူသည် အိမ်ဝယ်ရန် ငွေအလုံအလောက်ရှိသော်လဲ ပြန်လည်ပြင်ဆင်ခြင်း ၊ ပရိဘောဂများနှင့် အခြားသော ထွေလီကာလီ ပစ္စည်းများအတွက် ကုန်ကျမှုများက သူ့အတွက် ပိုမို၍ပင် အကုန်အကျများစေပေလိမ့်မည်။ ယင်းက သူ၏အစီအစဥ်ထဲတွင် မပါပေသောကြောင့် မဝယ်တော့ရန် ဆုံးဖြတ်ခဲ့သည်။
ကျောက်ယောင် အိမ်ဝယ်ရန်အတွေးကို စွန့်လွှတ်လိုက်လေ၏။ အိမ်က ဈေးကြီးလွန်းနေသော်လဲ ကျောက်ယောင်တွင် ပိုကောင်းသည့်အတွေးတစ်ခု ရှိပေသည်။
" အခု ငါ့မှာ ငွေအချို့ ရှိလာပြီဆိုတော့ ပိုကြီးတဲ့အိမ်ကို ဝယ်ဖို့အတွက် အချိန်ကျပြီမလား "
ကျောက်ယောင်က ကျန်းမန်မြို့ဇာတိဖြစ်ပြီး သူ၏မိသားစုတွင် အိမ်တစ်လုံးရှိပေသည်။ သို့သော် သူ၏အိမ်က ဆင်ခြေဖုံးရပ်ကွက်ထဲတွင်ရှိပြီး သူ၏အလုပ်သို့သွားရန် နှစ်နာရီခွဲ ကြာပေသည်။ သက်သာစေရေးအတွက် သူက အလုပ်အနီးတွင် တိုက်ခန်းတစ်ခု ငှားခဲ့ရပေသည်။
ကျန်းမန်မြို့ထဲတွင် အိမ်တစ်လုံး ဝယ်ရေနိုင်းသည် အမြဲတမ်းလိုပင် သူ၏ပန်းတိုင်တစ်ခု ဖြစ်ပေသည်။ ထို့ကြောင့် သူသည် ကျန်းမန်မြို့ထဲမှ အိမ်ဈေးများအကြောင်းကို အွန်လိုင်းထဲတွင် ရှာဖွေကြည့်ခဲ့သည်။
သူ တုန်လှုပ်သွားရသည်။ ကောင်းကင်နန်းတော်မှ အိမ်များ ဈေးကြီးနေသည်မှာ ခြွင်းချက်မဟုတ်ခဲ့ပေ။ ယခင်က သူသည် အိမ်ဝယ်ရန် တတ်နိုင်ခြင်းမရှိကြောင်း သိနေပေသောကြောင့် အိမ်ခြံမြေဈေးများကို ကြည့်ရှုခြင်းမပြုခဲ့ပေ။ ယခုတွင်မူ သူ့တွင် ယွမ် ၁၃ သန်း ရှိနေပြီဖြစ်၍ ကျန်းမန်မြို့ထဲတွင် အိမ်ဝယ်ရန်အတွက် ငွေပမာဏ မီနိုင်လောက်ပြီဟု ထင်ထားမိခဲ့သည်။
ကျန်းမန်မြို့လယ်ခေါင်ရှိ အိမ်များ ယွမ်ဆယ်သန်းခန့် အသာလေးကုန်ကျနိုင်သည်။ သူသာ ပိုကြီးသည့် အိမ်တစ်လုံး ဝယ်ယူလိုပါက မြို့လယ်ခေါင်အပြင်ဘက် သို့မဟုတ် မြို့ပြင်များတွင်သာ ရှာရပေမည်။
အစပိုင်းက ယွမ် ၁၃ သန်းကို ပမာဏများပြားသော ငွေများဟု ထင်နေမိခဲ့သည့် ကျောက်ယောင်အဖို့ အိမ်တစ်လုံး ဝယ်ရန်အတွက် ငွေများ ပိုမိုလိုအပ်ကြောင်း နားလည်သွားခဲ့သည်။
ကျောက်ယောင် ပူဆွေးသွားကာ..." ငါ မဖြစ်မနေကို ငွေရှာရတော့မယ် "
မသိလိုက် မသိဘာသာဖြင့်ပင် တစ်ရက်တာ ကုန်လွန်သွားခဲ့ကာ နောက်တစ်ရက် နေ့လည်ခင်းသို့ ရောက်ရှိသွားခဲ့သည်။ ကျောက်ယောင် ကြောင်စာကို တမျှော်မျှော် စောင့်နေခဲ့သည်။
ချောပို့သမားသည် ကြောင်စာဆယ်ထုတ်ကျော် ပါကင်ထုတ်ကို လက်ဖြင့်ဆွဲလာကာ ချွေးပြိုက်ပြိုက်ကျနေပေ၏။ သူ စောဒကတက်လိုက်သည်..." ခင်ဗျား ဘာတွေဝယ်ထားတာလဲ။ အတော်ကိုလေးတယ် "
" ဟဲဟဲ... ဘာမှမဟုတ်ပါဘူး ကြောင်စာလေးတွေပါ "
ချောပို့သမား ထွက်သွားခဲ့လေပြီး ကျောက်ယောင်မှာမူ ကြောင်စာများ ဖွင့်ရန်အတွက် မစောင့်နိုင်တော့ပေ။
အခြားတစ်ဖက်တွင်မူ လီဟွားက ပိုမို၍ပင် စိတ်လှုပ်ရှားနေပြီး အိပ်ခန်းထဲမှ ပြေးထွက်လာကာ ပတ်ချာလည်လှည့်ပြီး မြူးတူးခုန်ပေါက်နေသည်။
" ကြောင်စာလား။ အဲ့ဒါ ကြောင်စာအသစ်လား "
လီဟွား အနံ့ခံကာ မြောင်အော်လိုက်ပြီး..." ကျောက်ယောင်... ဘာကြောင့် အများကြီးဝယ်ထားတာလဲ။ ငါတို့က စည်သွပ်ဘူးကြောင်စာဖိုးတောင် မတတ်နိုင်တဲ့အထိ ဆင်းရဲလွန်းနေတယ်လို့ ငါက ထင်နေခဲ့တာ "
ငါက နတ်ဘုရားလား
အပိုင်း ၉
အိမ်
__________________________________
ကျောက်ယောင် ခပ်အေးအေးပင် တုန့်ပြန်လိုက်သည်..." မင်းရဲ့ပိုင်ရှင် ငါက ချမ်းသာနေပြီ။ အခုချိန်ကစပြီး မင်းအနေနဲ့ ချမ်းသာတဲ့ ကြောင်တစ်ကောင်ဘဝမှာ နေလို့ရပြီ "
လီဟွား မျက်ဝန်းများတောက်ပသွားကာ လောဘတကြီး တောင်းဆိုလိုက်သည်..." Mobile Legends ထဲမှာ ( skin) စကင်တစ်ကောင် ဝယ်ဖို့အတွက် ငါ့ကို ပိုက်ဆံနည်းနည်းလောက် ပေးပါ့လား "
ကျောက်ယောင် ခေါင်းယမ်းကာ ဆိုသည်..." ဘာကို စကင်ဝယ်ချင်တာလဲ။ ငါ မင်းကို ပြောလိုက်မယ် စကင်ဆိုတာ ငနုတွေအတွက် မဟုတ်သလို တကယ်ကောင်းတဲ့ ကစားသမားတွေကလဲ စကင်မလိုဘူး။ မင်းအတွက် လိုအပ်တာက ရန်သူတွေကို သတ်ပစ်ဖို့ပဲ "
လီဟွား ပြန်ပက်လိုက်သည်..." ဒါပေမဲ့ ငါက ငနုပဲလေ "
" ဒီကောင်စုတ်လေး... မင်း အားမာန်ပိုရှိပေးလို့ မရဘူးလား။ အခုချိန်မှာ မင်း ( noob ) နုနေတယ်ဆိုရင်တောင် တစ်သက်လုံး နုနေလိမ့်မယ်လို့ ဆိုလိုတာမှမဟုတ်တာ။ တွေးကြည့်လိုက်စမ်း... လူတိုင်းမှာ စကင်တွေရှိနေပြီး မင်းတစ်ယောက်တည်းပဲ စကင်မရှိဘူးဆိုရင် မင်းကို ပိုပြီးထင်ပေါ်သွားစေမယ် မဟုတ်ဘူးလား "
" ဒါပေမဲ့ ငါက စကင်လိုချင်တယ်လေ။ လူတိုင်း စကင်တွေ ရလာတဲ့အချိန်အထိ ငါစောင့်နိုင်တယ်။ ပြီးရင် ငါ့ရဲ့စကင်တွေကို ဖယ်ရှားပစ်လိုက်မယ်လေ "
ကျောက်ယောင် ဒေါကန်သွားပြီး လီဟွားကို ဘေးသို့ကန်ထုတ်ကာ..." ဒီအကြောင်းကို မပြောနဲ့တော့။ ဒီကြောင်စာတွေကို မြည်းကြည့်ပြီးတော့ ဘယ်တစ်ခုက အကောင်းဆုံးလဲဆိုတာ ကြည့်ပေး "
ကျောက်ယောင် ကြောင်စာများကို ဖွင့်လိုက်လေပြီး လီဟွား၏ရှေ့တွင် ကြောင်စာတစ်ခုချင်းစီကို အနည်းငယ်ခန့်စီ ပုံချပေးလိုက်ပေသည်။
စုစုပေါင်း တံဆိပ်ကွဲ ဆယ်မျိုးနှင့် အရသာကွဲ ဆယ့်ငါးမျိုး ရှိသည်။ လီဟွားသည် ကြောင်စာအချို့ကို အနံ့သာခံပြီး မြည်းကြည့်ခြင်းပင် မရှိခဲ့ပေ။ အချို့ကြောင်စာများကိုမူ လီဟွားက အကုန်စားခဲ့သည့်တိုင်အောင် စိတ်တိုင်းမကျသည့်အသွင်ဖြင့်သာ ရှိနေပေသည်။
လီဟွားက ကြောင်စာအားလုံးကို မြည်းစမ်းပြီးတော့မည့်အချိန်တွင် ကျောက်ယောင်၏စိတ်ထဲ၌ စာအုပ် ထပ်မံပေါ်ထွက်လာပြီး အံ့ဩဖွယ်ရာ တောက်ပနေပေသည်။
ကျောက်ယောင် ကြောင်စာကို မြင်တွေ့သွားကာ မည်သည့်အရာက ကွဲပြားနေကြောင်းကို ချက်ချင်းသိရှိသွားခဲ့သည်။ ကြောင်စာကို ကြည့်နေဆဲအချိန်မှာပင် သူ၏စိတ်ထဲ၌ တန်ဖိုးစာရင်း ပေါ်ထွက်လာသည်။
" အရည်အသွေးညံ့တဲ့ ကြောင်စာက ဆာလောင်တာကို ပြေပျောက်စေပေမဲ့ ကြောင်ရဲ့ခန္ဓာကိုယ်အတွက်တော့ အများကြီး အကျိုးမဖြစ်စေဘူး "
ကျောက်ယောင်က အခြားကြောင်စာများကို ကြည့်လိုက်လေသည်။
" သာမန်အရည်အသွေး ကြောင်စာက ဆာလောင်မှုကို ပြေပျောက်စေတဲ့အပြင် အာဟာရနဲ့ဗိုက်တာမင် အချို့ကိုလဲ ဖြည့်တင်းပေးတယ်။ တစ်လ စားမယ်ဆိုရင် အတွေ့အကြုံအမှတ် တစ်မှတ်ပေးမယ် "
ကျောက်ယောင်သည် ကြောင်စာများကို တန်ဖိုးဖြတ်ခဲ့လေပြီး ကြောင်စာတိုင်းတွင် ညံ့ ၊ သာမန် ၊ ကောင်း ၊ ပရီမီယံ ဟူသည့် အမျိုးအစားလေးခုရှိကြောင်း လေ့လာခဲ့ရသည်။
အရည်အသွေးညံ့ ကြောင်စာက ဆာလောင်မှုကိုသာ ပြေပျောက်စေနိုင်ပြီး သာမန်အရည်အသွေး ကြောင်စာတွင် အာဟာရအချို့ရှိကာ တစ်လအတွက် အတွေ့အကြုံအမှတ် တစ်မှတ် ပေးပေလိမ့်မည်။
ကောင်းနှင့် ပရီမီယံအဆင့် ကြောင်စာများကမူ ကြောင်တစ်ကောင် ကြီးထွားလာစေရန် လိုအပ်သည့် အာဟာရများ ပိုမိုပါဝင်ပေသည်။ အရည်အသွေးကောင်း ကြောင်စာအတွက် ဆယ်ရက်လျှင် အတွေ့အကြုံအမှတ် တစ်မှတ်ပေးမည်ဖြစ်ပြီး ပရီမီယံအရည်အသွေး ကြောင်စာကိုမူ တစ်ရက်လျှင် တစ်မှတ်ပေးမည် ဖြစ်ပေသည်။
လီဟွား ကြိုက်နှစ်သက်သည့် ကြောင်စာက အရည်အသွေးကောင်းနှင့် ပရီမီယံအရည်အသွေးတို့ မဟုတ်နိုင်လောက်ဘဲ အရသာပိုကောင်းသည့် တစ်ခုသာ ဖြစ်လိမ့်မည်ဟု ကျောက်ယောင် တွေ့ရှိခဲ့ရသည်။ လီဟွား မကြိုက်သည့်အရာမှာ အရည်အသွေးညံ့နှင့် သာမန်အရည်အသွေးတို့ မဟုတ်လောက်လေဘဲ အရသာကို မကြိုက်ခြင်းမျှသာ ဖြစ်ရပေမည်။
ကျောက်ယောင်၏ လက်ထဲတွင် Desire တံဆိပ် ကြောင်စာကို ကိုင်ထားလေပြီး ၎င်းက သူ ဝယ်ယူထားသည် ကြောင်စာဆယ်မျိုးထဲတွင် ထိပ်တန်းအရည်အသွေးရှိသည့် တစ်ခုတည်းသောတံဆိပ် ဖြစ်ပေသည်။ ယင်းက ဈေးအကြီးဆုံးလဲ ဖြစ်ပေ၏။
" ဟားဟားဟား... ပရီမီယံ ကြောင်စာ။ ဒီဟာကိုစားရင် တစ်ရက်ကို အတွေ့အကြုံအမှတ် တစ်မှတ်ပေးတယ်ဆိုတော့ တာဝန်ပြီးမြောက်ဖို့မလိုဘဲ လီဟွားက ဆယ်ရက်အတွင်း အဆင့်မြင့်နိုင်မယ်လို့ ဆိုလိုနေတာပဲ မဟုတ်ဘူးလား "
တစ်ပေါင်လျှင် ယွမ် ၇၀ ၊ ၈၀ ခန့် ပေးရသော်လဲ ထိုကဲ့သို့ ငွေပမာဏမျိုးက ကျောက်ယောင်အတွက်မူ ဘာမျှမဟုတ်တော့ပေ။
" လီဟွား... အဲ့ဒါက Desire ပဲ ဖြစ််မယ်။ အခုချိန်ကစပြီး မင်းက ဒီတံဆိပ် ကြောင်စာကို နေ့တိုင်းစားရမယ် "
ကျောက်ယောင်တွင် အတွေးတစ်ခုရှိသည်... " ပရီမီယံကြောင်စာ ရှိနေတယ်ဆိုတော့ ( Epic ) မော်ကွန်းကြောင်စာနဲ့ ( legend ) ဒဏ္ဍာရီကြောင်စာလဲ ရှိနေနိုင်ခြေ ရှိလောက်တယ်မလား။ ရှိခဲ့မယ်ဆိုရင် အတွေ့အကြုံအမှတ်တွေ ပေးတာကလဲ ပိုများလာလိမ့်မယ်။ ဒါပေမဲ့ ထောင်းပေါင်ပေါ်မှာတော့ Desire ကြောင်စာက ဈေးအကြီးဆုံးတစ်ခု ဖြစ်နေပြီးသားပဲ "
ကျောင်ယောင်သည် အရည်အသွေးပိုကောင်းသည့် ကြောင်စာကို ကြိုးစားရှာဖွေရန် စိတ်ပိုင်းဖြတ်လိုက်သည်။ သို့မှသာလျှင် လီဟွားက ပိုမိုမြန်ဆန်စွာ အဆင့်တက်နိုင်ပေလိမ့်မည်။
ထိုအခိုက်တွင် ကျောက်ယောင်၏ ခေါင်းထဲ၌ ခေါင်းလောင်းသံတစ်ခု မြည်ဟီးသွားသည်။ တာဝန် ပြီးဆုံးသွားပေပြီ။ သူ ချက်ချင်းပင် အတွေ့အကြုံရမှတ် ၁၀ မှတ် ရရှိခဲ့လေပြီး စာအုပ်၏ ပထမစာမျက်နှာမှ အကြောင်းအရာများလဲ အသစ်ဖြစ်သွားခဲ့သည်။
စာအုပ် : အဆင့် ၁ ( ၁၀ / ၁၀၀ )
အိမ်မွေးတိရိစ္ဆာန် ( ၁ / ၁ ) : လီဟွား
အဆင့်အတန်း : အဆင့် ၁ ( ၁ / ၁၀ )
သစ္စာရှိမှု : ၁၀၀
စွမ်းအား : အချိန်ရပ်ခြင်း ၊ ကြာချိန် သုံးစက္ကန့် ၊ အားပြန်ဖြည့်ချိန် သုံးစက္ကန့်။
အတွေ့အကြုံအမှတ်အား စာအုပ်ထဲတွင် ပေါင်းထည့်ပေးလိုက်ခြင်းကြောင့် လီဟွား၏အမည် နံဘေးတွင် အပေါင်းသင်္ကေတ တောက်ပသွားလေသည်။
ကျောက်ယောင် စီစစ်ကြည့်သည်..." အတွေ့အကြုံအမှတ်တွေ အားလုံးကို ငါ့ရဲ့စာအုပ်ထဲ ပေါင်းထည့်ပေးခဲ့တယ်။ ဒါပေမဲ့ ဒီအမှတ်တွေက စာအုပ်ကိုအဆင့်မြင့်ဖို့ ဒါမှမဟုတ် အိမ်မွေးတိရစ္ဆာန်ကိုပေးဖို့ ရတဲ့ပုံပဲ "
ကျောက်ယောင်သည် လီဟွား၏ အမည်နံဘေးမှ အပေါင်းသင်္ကေတကို နှိပ်လိုက်လေရာ အတွေ့အကြုံအမှတ် ၁၀ မှတ်ကို လီဟွားဆီသို့ ချက်ချင်းပင် လွှဲပြောင်းပေးသွားခဲ့သည်။ လီဟွား၏အကြောင်းအရာ ပြောင်းလဲသွားခဲ့သည်။
အိမ်မွေးတိရိစ္ဆာန် ( ၁/၁) : လီဟွား
အဆင့်အတန်း : အဆင့် ၂ ( ၀ / ၁၀၀ )
သစ္စာရှိမှု : ၁၀၀
စွမ်းအား : အချိန်ရပ်ခြင်း ၊ ကြာချိန် သုံးစက္ကန့် ၊ အားပြန်ဖြည့်ချိန် သုံးစက္ကန့်။
အတွေ့အကြုံရမှတ်မှာ အဆင့်သုံးသို့ရောက်ရန် လိုအပ်နေချိန်တွင် ရုတ်တရက်ပင် ၁၀၀ သို့ ခုန်တက်သွားခဲ့သည်။ တစ်ချိန်တည်းမှာပင် လီဟွား၏စွမ်းရည် နံဘေး၌ အပေါင်းသင်္ကေတစ်ခု ပေါ်လာသည်။
ကျောက်ယောင် အပေါင်းသင်္ကေတကို နှိပ်လိုက်လေရာ စွမ်းရည်သစ်ပင်တစ်ပင် ပေါ်ထွက်လာပေ၏။
ကျောက်ယောင် သေချာကြည့်လိုက်ရာ လီဟွား အဆင့်တက်သွားချိန်တိုင် သူ့အား ပေးထားခဲ့သည့် ရွေးချယ်မှုနှစ်ခုထဲမှ တစ်ခုကို ကျွမ်းကျင်မှုအမှတ် အသုံးပြုရန် ရွေးချယ်နိုင်ကြောင်းကို နားလည်သွားခဲ့သည်။ အချိန်ရပ်စွမ်းအားက အဆင့် ၁ ပွင့်ထားခဲ့ပြီး ဖြစ်ပေသည်။
အဆင့် ၂ သို့ တက်ခြင်းသည် အဆင့် ၂ စွမ်းအားနှစ်မျိုးထဲမှ တစ်မျိုးကို ရွေးချယ်ခွင့်ပြုထားပေသည်။
အဆင့် ၂ စွမ်းရည်နှစ်မျိုး၏ ကွာခြားချက်ကမူ....။
အချိန်ကွေးခြင်း - အချိန်ရပ်ကြာချိန် နှစ်ဆဖြစ်လာမည်။
ဟင်းလင်းပြင် ဆိတ်သုဥ်းခြင်း - အားပြန်ဖြည့်ချိန် တစ်ဝက်လျော့သွားမည်။
ကျောက်ယောင်သည် တိုးမြင့်လာသည့် အရာနှစ်ခုကိုကြည့်ကာ မျက်မှောင်ကုတ်လိုက်၏။ တစ်ခုသည် အချိန်ရပ်ခြင်းကို ကြာချိန်တိုးလာစေပြီး အခြားတစ်ခုက အားပြန်ဖြည့်ချိန်ကို တစ်ဝက်လျော့နည်းစေပေသောကြောင့် သူက ကိစ္စများ ပိုမိုလုပ်ဆောင်နိုင်ရန် အချိန်ကြာသည်ကို ရွေးချယ်မည်လော သို့မဟုတ် အချိန်ရပ်ခြင်းကို ပိုမို၍အကြိမ်ရေစိပ်စွာ အသုံးပြုနိုင်ရန် ရွေးချယ်မည်လောဟု ဆိုလိုနေခြင်း ဖြစ်ပေသည်။
အားပြန်ဖြည့်ချိန် တိုတောင်းခြင်းကို ကောင်းစွာအသုံးချနိုင်ရန်အလို့ငှာ သူ့အနေဖြင့် စွမ်းအားများကို ပိုမို၍ပင် အကြိမ်ရေစိပ်စွာ အသုံးပြုရမည်ဟု ဆိုလိုခြင်းဖြစ်ပြီး ယင်းက ထိန်းချုပ်ရလွယ်မည့်ပုံ ရှိမနေပေ။
ကျောက်ယောင်သည် ကျွမ်းကျင်မှုအမှတ်များကို အချိန်းကွေးခြင်းထဲတွင် ထည့်သွင်းပြီး အချိန်ရပ်ခြင်းကြာချိန်ကို တိုးမြင့်လာစေမည်ဟု ဆုံးဖြတ်လိုက်သည်။
အချိန်ကွေးခြင်းပုံ တောက်ပသွားပြီး စွမ်းရည်သစ်ပင် ပျောက်ကွယ်သွားသည်။
လီဟွား၏ စွမ်းအားဖော်ပြချက် ပြောင်းလဲသွားခဲ့သည်။ အချိန်ရပ်ခြင်း ခြောက်စက္ကန့်နှင် အားပြန်ဖြည့်ချိန် ခြောက်စက္ကန့် ဖြစ်လာခဲ့သည်။
" အမ်... အားပြန်ဖြည့်ချိန်လဲ တိုးသွားတာလား "
ကျောက်ယောင် မမှိတ်မသုန် ကြည့်နေရင်းဖြင့်..." အချိန်ရပ်ကြာချိန် တိုးလာပြီးတဲ့နောက်မှာ တစ်စက္ကန့်အတွက် အားပြန်ဖြည့်ချိန် တစ်စက္ကန့်ဆိုတဲ့ မူဝါဒမျိုး ရှိတဲ့ပုံပဲ။ အားပြန်ဖြည့်ချိန် လျော့နည်းစေတာက ပိုပြီးအသုံးဝင်မဲ့ပုံပဲ "
သို့သော် ကျောက်ယောင်က သူ၏ရွေးချယ်မှုအတွက် နောင်တမရလေဘဲ လက်ရှိတွင် အဆင့် ၂ ဖြစ်နေသည့် လီဟွားကို ပြုံးကာကြည့်လိုက်သည်။
တစ်ချိန်တည်းမှာပင် သူ၏တာဝန်ကြေညာစာ တောက်ပသွားသည်။
တာဝန် : ပိုသန်မာလာဖို့အတွက် သင့်လျော်တဲ့ ပတ်ဝန်းကျင်က အရေးအကြီးဆုံးပါ။
ဆုလာဘ် : အတွေ့အကြုံအမှတ် ၂၀ ။
ကျရှုံးမှုအပြစ်ဒဏ် : ကြောင်သည် ခြောက်လတိတိ အတွေ့အကြုံအမှတ်များ မရနိုင်တော့ပါ။
" ဒီအပြစ်ဒဏ်က ကြမ်းလွန်းတယ် " ကျောက်ယောင်သည် ယွမ်ဆယ်သန်းတန် အိမ်တစ်လုံး တာဝန်လိုအပ်ချက်ကို ကြည့်ကာ သက်ပြင်းချလိုက်၏။
" ငါ ဒီယွမ်ဆယ်သန်းကို အကြာကြီးစုခဲ့ရပေမဲ့ မကြာခင်မှာ ဆုံးရှုံးရတော့မယ် "
ကျောက်ယောင်သည် ပျော်ရွှင်စွာ အစာစားနေဆဲဖြစ်သည့် လီဟွားကိုကြည့်ကာ ပြစ်တင်ကြိမ်းမောင်းလိုက်သည်... " ဒီလိုခမ်းနားတဲ့ အိမ်မျိုးကို ဘယ်လိုကြောင်မျိုးကများ လိုအပ်လို့လဲ။ လူသားတွေတောင် ဒီလိုကောင်းတဲ့ဘဝမျိုး မရှိဘူး။ ဒါက ကြောင်လောကရဲ့ ဂျက်မား ပဲ "
ကျောက်ယောင် မလိုလားနေသည့်တိုင်အောင် အတွေ့အကြုံအမှတ် ၂၀ အတွက်သာမက ကြမ်းတမ်းသော အပြစ်ဒဏ်အား ကာကွယ်ရန်အတွက် တာဝန်ကို ပြီးမြောက်အောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ကျောက်ယောင် သိသည်။
" ယွမ်ဆယ်သန်းတန် အိမ်လို့ ပြောကာမှပဲ....." ကျောက်ယောင်သည် QQ ဂရုချက်ထဲမှ ကောင်းကင်နန်းတော် ကွန်ဒိုမီနီယံကို သတိရသွားလေသည်။
၎င်းတို့၏ အိမ်ယာအများစုက ကုန်ကျစရိတ် ဆယ်သန်းကျော်မည်ဖြစ်ပြီး ကျောက်ယောင်သည် မူလက အိမ်ယာများကို သဘောကျခဲ့သော်လဲ ကုန်ကျစရိတ်ကြောင့် ရွေးချယ်ခြင်းမပြုခဲ့ပေ။ သို့သော် ယခုတွင်မူ အခြေအနေများ ကွာခြားသွားပေပြီ။
ထို့နောက်တွင် သူ QQ ထဲသို့ဝင်ကာ ရှောင်းရှီးယွီဆီသို့ မက်ဆေ့ပို့လိုက်သည်။
" ဘယ်ရောက်နေလဲ။ ငါ ကောင်းကင်နန်းတော်မှာ အိမ်တစ်လုံးလောက် ဝယ်ချင်တယ် "
.................
" ဒီး...ဒီး..." ရှောင်းရှီးယွီ၏ဖုန်း တုန်ခါသွားသည်။ သူမ မက်ဆေ့ကိုကြည့်ကာ အံ့အားသင့်သွားလေ၏။
" ကျောက်ယောင်လား "
သူမ မှတ်မိသရွေ့အရ ကျောက်ယောင်က အလွန်ပင် သာမန်ဆန်ပြီး တက္ကသိုလ်တက်ခဲ့စဥ်ကလဲ မည်သည့်ကဏ္ဍတွင်မျှ ထူးချွန်ခြင်းမရှိခဲ့ပေ။ သူ၏မိသားစုနောက်ခံကလဲ သာမန်သာ ဖြစ်ပေသည်။ ယုတ္တိကျကျဆိုလျှင် ကျောက်ယောင် နှစ်နှစ် ၊ သုံးနှစ်ခန့် အလုပ်လုပ်လျှင်ပင် အိမ်ဝယ်ရန် တတ်နိုင်သည်အထိ လုံလောက်မည်မဟုတ်ပေ။
" သူ ငါ့ကို စိတ်ဝင်စားနေတာလား "
အိမ်ခြံမြေအကျိုးဆောင်တစ်ဦး ဖြစ်လာပြီးနောက်တွင် သူမကို ပိုးပမ်းရန်အတွက် တူညီသောနည်းလမ်းများ အသုံးပြုခဲ့သည့် ငနဲများကို သူမ ကြုံဖူးပေသည်။
ရှောင်းရှီးယွီသည် ကျောက်ယောင်ကို လျစ်လျူရှုတော့မည့်အချိန်မှာပင် ဤလတွင် ညံ့ဖျင်းနေသော အရောင်းစွမ်းဆောင်ရည်ကို တွေးမိသွားကာ သူမသည် ကျောက်ယောင်ကို အခွင့်အရေးတစ်ခု ပေးကြည့်ရန် ဆုံးဖြတ်လိုက်သည်..." နင်သာ အိမ်ဝယ်ဖို့မတတ်နိုင်ဘဲ ငါ့ရဲ့အချိန်တွေကို လာဖြုန်းနေတယ်ဆိုတာ ငါသိခဲ့ရမယ်ဆိုရင် ငါ နင့်ကို ဘာလုပ်မယ်ဆိုတာ မြင်ရလိမ့်မယ် "