← Chapters

အခန်း (၁၀-၁၂)

Vol. 1 Ch. 10-12

အခန်း (၁၀-၁၂)

Vol. 1 Ch. 10-12

ငါက နတ်ဘုရားလား

အပိုင်း ၁၀

အိမ်ဝယ်ထွက်ခြင်း

ရှောင်းရှီးယွီ စာရိုက်လိုက်သည်…” ဘယ်လို အခန်းတွေကို စိတ်ဝင်စားတာလဲ “

ကျောက်ယောင် တုန့်ပြန်လိုက်သည်…” ငါ မင်းတို့ဆီမှာရှိတဲ့ စတုရန်းမီတာ ၁၄၈ တိုက်ခန်းကို ကြည့်ချင်တယ် “

ရှောင်းရှီးယွီ အံ့အားသင့်သွားသည်။ ခရိုင်အတွင်းရှိ ကောင်းကင်နန်းတော်၏ အထပ်မြင့် အဆောက်အဦများထံမှ တိုက်ခန်းများက အတော်ပင်ဈေးကြီးလှပြီး တိုက်ခန်းတစ်ခုချင်းစီက ယွမ်ဆယ်သန်းကျော် ကုန်ကျပေသည်။ ကျောက်ယောင်၏ နောက်ခံအရဆိုလျှင် တတ်နိုင်မည်မဟုတ်ပေ။

ကျောက်ယောင်က တိုက်ခန်းဝယ်ရန် ဆန္ဒမရှိလေဘဲ သူမကိုသာ ပိုးပမ်းလိုခြင်းဖြစ်သည်ဟု ရှောင်းရှီးယွီ ယုံကြည်သွားခဲ့သည်။

ရှောင်းရှီးယွီက လိုရင်းကိုဖြေလိုက်သည်… “ ဒါဆိုရင် ရက်ပြောလိုက်လေ။ ငါ နင့်ကို တိုက်ခန်းတွေ ပြပေးမယ် “

ကျောက်ယောင်သည် သူမ၏ စကားလုံးများထဲမှ ထေ့လုံးများကို ခံစားမိခြင်းမရှိဘဲ စာရိုက်လိုက်သည်…” ကောင်းပြီ… ငါ တိုက်ခန်းတွေ ကြည့်ဖို့အတွက် ညနေလေးနာရီလောက် လာခဲ့မယ်ဆိုရင် ဘယ်လိုလဲ “

ရှောင်းရှီးယွီ အံ့အားသင့်သွားကာ တွေးလိုက်လေသည်…” နင် တတ်နိုင်မလားဆိုတာ ကြည့်ကြသေးတာပေါ့… “

သူမ တုန့်ပြန်လိုက်သည်…” ကောင်းပြီ… ငါ နင့်ကို စောင့်နေမယ် “

ကျောက်ယောင် အားတက်သရောနှင့်ပင် အငှားကားဖြင့် သွားခဲ့လေပြီး ဆယ်မိနစ်အတွင်းမှာပင် ကောင်းကင်နန်းတော်သို့ ရောက်ရှိသွားခဲ့သည်။ သူ ရောက်ရှိနေကြောင်းကို ရှောင်းရှီးယွီအား အသိပေးလိုက်သည်။

တစ်ခဏအကြာတွင် ခရမ်းရောင် ရုံးဝတ်စုံ ဝတ်ဆင်ထားသည့် ရှောင်းရှီးယွီ ပေါ်လာသည်။ သူမ၏ ယိမ်းနွဲ့နေသော ဆံနွယ်နက်များ ၊ ဆင်စွယ်ဖြူရောင် သွားတန်းများနှင့် အနက်ရောင် ခြေအိတ်ရှည် ဝတ်ဆင်ထားသည့် သေးသွယ်သော ခြေတံအစုံတို့ကြောင့် ကျောက်ယောင် ချက်ချင်းပင် အသက်ရှုမှားသွားရသည်။

သူမ အလုပ်ခွင်အတွင်း ဝင်ရောက်ပြီးနောက်တွင် ဝတ်တတ်စားတတ်လာကြောင်း ထင်ရှားလှသည်။ သူမက ယခင်ကထက်ပင် မိန်းမောဖွယ်ကောင်းနေသည်။

ကျောက်ယောင် လက်ပြကာ…” မင်္ဂလာပါ… နင့်ကို ဒုက္ခပေးမိလို့ စိတ်မရှိနဲ့နော် “

“ ပြဿနာမရှိပါဘူး “

ရှောင်းရှီးယွီက အတော်ပင် သံသယဖြစ်နေဆဲသာ ရှိနေသည့်တိုင်အောင် ယဥ်ကျေးစွာပင် တုန့်ပြန်ခဲ့သည်…” နင် အိမ်တွေနဲ့ပတ်သတ်ပြီး ထူးထူးခြားခြား တွေးထားတာမျိုးရှိလား “

“ အင်း…မရှိဘူး “ ကျောက်ယောင် တစ်ခဏတွေးကာ ဆိုသည်…” အရင်ဆုံး လိုက်ကြည့်ကြမယ်လေ “

ရှောင်းရှီးယွီမှာ ကျောက်ယောင်၏ ဝတ်ပုံစားပုံကို မြင်သောအခါတွင် ပိုမို၍ပင် စိတ်ဓာတ်ကျသွားရသည်။

ရှောင်းရှီးယွီသည် ကျောက်ယောင်အား ခရိုင်ထဲသို့ ခေါ်သွားခဲ့လေပြီး စိမ်းလန်းသော သစ်ပင်တန်းနှင့် ခမ်းနားသောပုံစံရှိသည့် အဆောက်အဦကို မြင်တွေ့လိုက်ရသည်။ ခန်းမဆောင်ကို အနောက်တိုင်းပုံစံ ပန်းအိုးများ ၊ ရုပ်ထုများနှင့် တန်ဆာဆင်ထားလေပြီး အလွန်တရာပင် အထက်တန်းကျသော အရှိန်အဝါတစ်ခု ထုတ်လွှတ်နေပေသည်။

ရှောင်းရှီးယွီသည် ကျောက်ယောင်ကို အဆောက်အဦတစ်ခု၏ ၁၇ လွှာသို့ ခေါ်သွားခဲ့သည်။ ရှောင်းရှီးယွီက ကျောက်ယောင်ကို တိုက်ခန်းတစ်ခုထဲသို့ ခေါ်သွားကာ…” အတွင်းပိုင်းနံရံတွေကို မီးခိုးနဲ့အဖြူစင်း နံရံကပ်စက္ကူတွေ ကပ်ပေးထားပြီးတော့ ဧည့်ခန်းရဲ့ထောင့်မှာ ပန်းပွင့်ဖြူဒီဇိုင်းဖော်ထားတဲ့ ပန်းအိုးတစ်လုံး ချပေးတယ် “

ရှောင်းရှီးယွီ ဆက်ပြောသည်…” ဒီအဆောက်အဦထဲက တိုက်ခန်းတွေမှာ အခန်းငါးခန်းပါပြီး အတွင်းပိုင်းတွေကို ပြန်လည်ပြုပြင်ထားပြီးတော့ အလှဆင်ထားပြီးပြီ။ နင့်အနေနဲ့ ပရိဘောဂတွေ ရွှေ့လာပြီးရင် အသင့်နေရုံပဲ “

ကျောက်ယောင်မှာ တိုက်ခန်းအား ကြည့်နေရင်းဖြင့် စိတ်လှုပ်ရှားလာရသည်။ သူနေထိုင်သည့် ချီးတွင်းနှင့်ယှဥ်လျှင် ဤတိုက်ခန်းက နတ်ပြည်သာ ဖြစ်ချေသည်။ ဧည့်ခန်းကပင် သူ၏လက်ရှိနေရာထက် ပိုကြီးသည်ဖြစ်ပြီး တိုက်ခန်း၏ ဘေးတစ်ဖက်တစ်ချက်စီတွင် လေသာဆောင်များ ပါနေသည်ကို ထည့်မပြောရသေးပေ။

အိမ်သာကိုလဲ ကြမ်းခင်းနှင့် နံရံများတွင် မီးခိုးရောင်အောက်ခံ ရွှေရောင်အစင်းကြောင်းများပါသည့် ကြွေပြားများ ကောင်းစွာခင်းကျင်းပေးထား၍ စည်းစိမ်ပြည့်သော ခံစားချက်ကို ပေးစွမ်းပေသည်။ စကျင်ကျောက်ဖြင့် ပြုလုပ်ထားသည် လက်ဆေးဇလုံက ခိုင်မာတောင့်တင်းသော အခြေခံအုတ်မြစ် ရှိနေဟန်ရသည်။

ရှောင်းရှီးယွီက ဆက်လက်၍ လိုက်ပြနေရင်းဖြင့်….” နင်သာ ဒီတိုက်ခန်းကို အခုဝယ်မှာဆိုရင် မြေအောက်ခန်းမှာ ယွမ်တစ်သိန်းခွဲလောက် တန်ဖိုးရှိတဲ့ ကားပါကင်နေရာတစ်ခု အခမဲ့ရလိမ့်မယ် “

အကြိမ်အနည်းငယ်ခန့် လှည့်ပတ်ကြည့်ရှုပြီးနောက်တွင်မူ ကျောက်ယောင် စိတ်ကျေနပ်နေသည်။ ဤနေရာကို နာမည်ကြီး အဖွဲ့အစည်းတစ်ခုက တည်ဆောက်ထားသည်ဖြစ်ပြီး အရည်အသွေး ၊ ပြုပြင်မွမ်းမံနှင့် ဘေးပတ်ဝန်းကျင်တို့က အလွန်တရာပင် စိတ်ကျေနပ်ဖွယ်ကောင်းသည်။

သို့သော် ယွမ်းဆယ်သန်းကျော် ဈေးနှုန်းကို တွေးမိသောအခါတွင်မူ သူ ရင်ခံသွားရပေ၏။

ရှောင်းရှီးယွီသည် ကျောက်ယောင် ချီတုံချတုံဖြစ်နေသည်ကို မြင်သောအခါတွင် မျက်မှောင်ကုတ်ကာ မေးလိုက်လေသည်…” ကျောက်ယောင်… နင်က ဝယ်ဖို့ စီစဥ်ထားတာမလား။ လက်ရှိမှာ ဒီတိုက်ခန်းတွေက အရမ်းကို ရေပန်းစားနေတာဖြစ်လို့ နင်သာ အခု မဆုံးဖြတ်ဘူးဆိုရင် အခွင့်အရေးနဲ့ လွှဲသွားနိုင်တယ် “

“ အင်း… ငါ ဝယ်မယ်။ ငွေအပြည့် တန်းချေမယ်။ အဲ့ဒါနဲ့ပတ်သတ်ပြီး ပြဿနာမရှိဘူးမလား “

“ ရပါတယ်။ အရင်ဆုံး သွားကြရအောင်လေ။ ငါ့ကို အခြားဝယ်သူတွေ စောင့်နေသေး…..” ကျောက်ယောင်က မဝယ်လောက်ဟု ထင်နေမိခဲ့သည့် ရှောင်းရှီးယွီမှာ အမြန်ပင် ပါးစပ်ပိတ်လိုက်ရသည်။ သူမ ချက်ချင်းပင် ကျောက်ယောင်ကို စူးစိုက်ကြည့်ကာ…” နင်… နင် ဒီတိုက်ခန်းကို ဝယ်ချင်တယ်လို့ ပြောလိုက်တာလား။ နင်က ငွေအပြည့်ချေမှာလား “

သူမ ကြားလိုက်ရသည့်အရာကို မယုံကြည်နိုင်ဖြစ်နေသည်။ ဤတိုက်ခန်းသည် အခွန်မပါဘဲ ၁၀.၈ သန်း ကုန်ကျမည်ဖြစ်ပြီး ပရိဘောဂများနှင့် လျှပ်စစ်ဓာတ်အားများ ပေါင်းလိုက်ပါက ၁၁ သန်းကျော် ကုန်ကျပေလိမ့်မည်။ ရှောင်းရှီးယွီအတွက်ပင် ယင်းက ကြီးမားသောငွေပမာဏ ဖြစ်ပေသည်။ ကျောက်ယောင်ကဲ့သို့ လူမျိုးက ထိုငွေပမာဏကို တတ်နိုင်နေလိမ့်မည်ဟု သူမ ထင်မထားခဲ့ပေ။

ကျောက်ယောင်သည် ရှောင်းရှီးယွီ၏ အံ့အားသင့်နေသော အမူအရာကို ကြည့်ကာ ဝင့်ကြွားစွာဖြင့်ဆိုသည်…” အမှန်ပဲ။ ငါက ငွေအချို့ ရှာနိုင်ခဲ့တာကြောင့် အိမ်ဝယ်ဖို့ စီစဥ်ထားတယ်လေ “

ရှောင်းရှီးယွီမှာ ယုံကြည်ရန် ခက်ခဲနေလျက်ဖြင့်ပင် ခေါင်းညိတ်လိုက်ပြီး…” အဲ့ဒါ ကောင်းတယ်။ နင် စာချုပ်မှာ လက်မှတ်ထိုးဖို့အတွက် ငါနဲ့လိုက်ခဲ့ပေး “

ထို့နောက်တွင် ကျောက်ယောင်သည် ရှောင်းရှီးယွီနှင့်အတူ ဧည့်ကြိုခန်းမသို့ လိုက်သွားခဲ့လေသည်။ ယင်းနေရာတွင် အရောင်းစာရေးမအချို့ တီးတိုး​ပြောဆိုနေကြသည်။

အနည်းငယ်ဝသည့် အရောင်းစာရေးမတစ်ဦးက ဆိုလေသည်…” သူက အရမ်းငယ်သေးပြီး ဝတ်ပုံစားပုံကလဲ သာမန်ပါပဲ။ ဒီလိုလူမျိုးက တိုက်ခန်းဝယ်ဖို့ မတတ်နိုင်ဘူးဆိုတာကို တစ်ချက်ကြည့်ရုံနဲ့ ပြောနိုင်တယ် “

အရပ်မြင့်သော အခြားအရောင်းစာရေးမက ဆိုသည်…” ဒါ အမှန်မဟုတ်လောက်ဘူး။ သူ့ရဲ့ကြွယ်ဝမှုတွေကို ဖုံးကွယ်ထားတာပဲ ဖြစ်ရမယ် “

“ ဟီးဟီး… သူက ရှောင်းရှီးယွီကို စိတ်ဝင်စားနေတာလောက်ပဲလို့ ငါထင်တယ်။ ဒီလထဲမှာတင် အဲ့ဒီလိုလူမျိုးတွေ အတော်များခဲ့တာပဲမလား။ သူတို့က အိမ်ကို စိတ်ဝင်စားသလို ဟန်ဆောင်ပြီးတော့ ရှောင်းရှီးယွီအတွက် ရောက်လာကြတာချည်းပါပဲ “

သူတို့သုံးယောက် စကားပြောနေစဥ်တွင် ချောင်းဟန့်သံတစ်ခုကြောင့် ငြိမ်ကျသွားလေသည်။

“ မန်နေဂျာ “

အရောင်းမန်နေဂျာက သူမတို့သုံးယောက်ကို စူးစိုက်ကြည့်ကာ ဆိုသည်…” ဒီကောင်လေးက စတုရန်းမီတာ ၁၄၈ တိုက်ခန်းတစ်ခု ဝယ်ခဲ့ပြီးတော့ ငွေအပြည့်တောင် ချေဦးမယ်တဲ့။ နောက်တစ်ခါကျရင် အလွယ်တကူ ဆုံးဖြတ်ချက်မချကြနဲ့ “

အရောင်းစာရေးမသုံးဦး အံ့အားသင့်သွားရသည်။ မန်နေဂျာ ထွက်သွားသောအခါတွင် ဝသော အမျိုးသမီးက တအံ့တဩဆိုသည်…” စတုရန်းမီတာ ၁၄၈ တိုက်ခန်းက ယွမ်ဆယ်သန်းကျော်တယ်မလား။ ဒီကောင်လေးက အတော်ချမ်းသာတာပဲ “

အရပ်မြင့်သော အရောင်းစာရေးမက မနာလိုဟန်ဖြင့် ဆိုလေသည်…” ရှောင်းရှီးယွီက တကယ်ကို ကံကောင်းတာပဲ။ ကော်မရှင်ခက ၁% ရဲ့ တစ်ဝက်ပဲဆိုပေမဲ့ ယွမ်တစ်သောင်းကျော်တယ်လေ “

“ သူ ယွမ်တစ်သောင်းကျော် ရသွားတော့ရော ဘာဖြစ်မှာမလို့လဲ “ ဝသော အရောင်းစာရေးမက ထပ်လောင်းကာပြောသည်…” ဒီကောင်လေးမှာ ရည်းစားရှိလားကို ငါသိချင်မိတယ်။ ငါ့ကို ဒီအဆောက်အဦထဲက စတုရန်းမီတာ ၁၄၈ တိုက်ခန်းတစ်ခု ဝယ်ပေးတဲ့သူ ဘယ်သူ့ကိုမဆို ချက်ချင်းလက်ထပ်ပစ်မှာပဲ “

“ ဟားဟား… နင်က သူ့ရဲ့ရည်းစားဖြစ်ဖို့ တွေးနေဝံ့သေးတာလား။ ရှောင်းရှီးယွီ ရှိနေပြီဆိုမှတော့ နင့်ရဲ့အလှည့် ဘယ်တော့မှ ရောက်မလာတော့ဘူးလို့ ဆိုလိုနေတာပဲလေ “

အရောင်းစာရေးမများ ရယ်မောနေကြချိန်တွင် ဧည့်ကြိုခန်းမထဲရှိ ရှောင်းရှီးယွီမှာမူ မှင်တက်မိနေဆဲပင်။

ထိုအခိုက်တွင် အရောင်းမန်နေဂျာ ရောက်ရှိလာကာ ပြုံးလိုက်လေပြီး…” မစ္စတာကျောက်က ၁၇ လွှာမှာရှိတဲ့ တိုက်ခန်းတစ်ခု ဝယ်ချင်တယ်ဆိုတာကို ကျွန်တော် ရှီးယွီဆီကနေ ကြားပြီးပါပြီ။ အဲ့ဒီတိုက်ခန်းက ယွမ် ၁၀.၈ သန်း ကျသင့်တယ်မလား “

“ ဟုတ်ပါတယ်။ ကျွန်တော်က ငွေအပြည့်ချေချင်ပါတယ် “ ကျောက်ယောင်က အပြင်ပန်းတွင် တည်ငြိမ်နေသော်လဲ ရင်တွင်း၌မူ စို့တက်နေသည်။ သူသည် ချေးငွေယူရသည်ကို ပိုမိုသဘောကျသော်လဲ ထိုသို့လုပ်ပါက တာဝန်ကို အချိန်မီပြီးမြောက်ခြင်းမရှိသည့် ရလဒ်သာ ဖြစ်လာပေလိမ့်မည်။

အရောင်းမန်နေဂျာ၏အပြုံးများ ပိုမို၍ပင် တောက်ပလာခဲ့သည်…” ရတာပေါ့ ရတာပေါ့… ကျွန်တော် စာရွက်စာတမ်းတွေ ပြင်ဆင်ပေးပါ့မယ်။ ခဏလောက် စောင့်ပေးပါဦး “

ငါက နတ်ဘုရားလား

အပိုင်း ၁၁

စီးဆင်းမှု

_______________________________

အိမ်ဝယ်သည့် ဖြစ်စဥ်တစ်ခုလုံး အောင်မြင်သွားခဲ့သည်။ ကျောက်ယောင်သည် စရံငွေ ယွမ်သုံးသိန်း ပေးခဲ့သည့်အတွက် ယနေ့အတွက်တာဝန် ပြီးမြောက်သွားပြီဟု ဆိုနိုင်ပေသည်။ သူသည် လုပ်ထုံးလုပ်နည်းအားလုံး အပြီးသတ်ရန်အတွက် ရက်အနည်းငယ်အတွင် ငွေလွှဲစင်တာသို့ သွားရပေလိမ့်မည်။

ရှောင်းရှီးယွီသည် နံဘေးတွင်ရပ်နေခဲ့ပြီး ကျောက်ယောင်က စာချုပ်ပေါ်တွင် လက်မှတ်ထိုးခြင်း ၊ ယွမ်သုံးသိန်းအား အေးဆေးထုတ်ပေးလိုက်ခြင်းများကို ကြည့်နေခဲ့သည်။ သူမ၏အမြင်တွင် နဂိုက သာမန်သာဖြစ်သည့် ကျောက်ယောင်က ပိုမို၍ပင် ယောက်ျားပီသလာသည်ဟု မြင်နေမိသည်။

အရောင်းမန်နေဂျာ ပြုံးကာဆိုသည်..." အားလုံး ပြီးသွားပါပြီ မစ္စတာကျောက်။ သောကြာနေ့ကျ ငွေလွှဲစင်တာမှာ လုပ်ထုံးလုပ်နည်းအားလုံး အပြီးသတ်ပြီးသွားရင် အိမ်က မစ္စတာကျောက်ရဲ့အပိုင် ဖြစ်ပါပြီ။ ဒါမှမဟုတ် မစ္စတာကျောက် အားလပ်တဲ့အချိန်မှ လုပ်မယ်ဆိုရင်လဲ ကျွန်တော်တို့က အချိန်ညှိပေးမှာပါ "

လက်ရှိတွင် ကျောက်ယောင်မှာ ရင်နာနေရဆဲပင်။ အရောင်းမန်နေဂျာ၏ ယဥ်ကျေးပျူငှာမှုနှင့် ကြုံရသောအခါတွင် သူ အနည်းငယ်ပြုံးကာ ဆိုသည်..." ကောင်းပါပြီ... ကျွန်တော် အရင်သွားနှင့်ပါဦးမယ်။ သောကြာနေ့က အဆင်ပြေပါတယ်။ အခြားနေ့တွေ အချိန်ညှိပေးဖို့ မလိုပါဘူး "

အရောင်းမန်နေဂျာ ပြုံးကာဆိုသည်..." ကျွန်တော် လိုက်မပို့တော့ဘူးနော်။ ရှီးယွီ... မစ္စတာကျောက်ကို လိုက်ပို့ပေးလိုက်ပါဦး "

ရှောင်းရှီးယွီ ခေါင်းညိတ်ကာ ကျောက်ယောင်၏ နောက်မှလိုက်၍ တံခါးဆီသို့သွားသည်။

တံခါးကို ဖြတ်ကျော်ပြီးနောက် ကျောက်ယောင် ဆိုသည်..." ရပါပြီ... နင် ငါ့ကို လိုက်ပို့ဖို့လိုတော့ပါဘူး။ တက္ကစီဂိတ်ကို ငါ့ဘာသာပဲ သွားလိုက်ပါ့မယ် "

ရှောင်းရှီးယွီ ခေါင်းယမ်းကာ... " ဘာမှမဖြစ်ပါဘူး။ နင် ငွေလွှဲတာ ပြီးမြောက်သွားရင် ငါ့အနေနဲ့ ဒီတစ်လလုံး အလုပ်မလုပ်ဘဲတောင် နေလို့ရတယ်။ ငါ နင့်ကို လိုက်ပို့ပေးပါ့မယ် "

ကျောက်ယောင်ကလဲ နံဘေးတွင် မိန်းမလှတစ်ဦး ရှိနေသည်ကို ငြင်းပယ်နေမည်မဟုတ်ပေ။ သူတို့နှစ်ဦး တက္ကစီဂိတ်ဆီသို့ ဆက်သွားခဲ့ကြသည်။

လမ်းတွင် ရှောင်းရှီးယွီသည် ယခင်ကထက် ပိုမိုရိုကျိုးလာပုံပင်။ ထို့အပြင် လက်ရှိ ကျောက်ယောင်က အတိတ်ကနှင့် ကွာခြားနေပေပြီ။ တစ်နှစ်မျှ အလုပ်လုပ်ရုံဖြင့် ယွမ်ဆယ်သန်းကျော် တန်ကြေးရှိသည့် အိမ်တစ်လုံး ဝယ်နိုင်နေသည့် ကျောက်ယောင်သည် သူတို့၏ လူမှုရေးနှင့်စီးပွားရေး မညီမျှမှုများကို အကြီးအကျယ်တိုးပွားသွားစေပြီး သူတို့အား မနာလိုခြင်းအချို့နှင့် ဝန်တိုခြင်းအချို့ ဖြစ်စေခဲ့ကာ သူမသည်ပင် အနည်းငယ်ခန့် လေးစားမိသွားရသည်။

မီတာရာအနည်းငယ်ခန့် လမ်းလျှောက်ပြီးနောက်တွင် ရှောင်းရှီးယွီမှာ သူမကိုယ်သူမ မထိန်းနိုင်တော့ဘဲ ဆိုလိုက်လေသည်..." ကျောက်ယောင်... နင်က အတော်ကို အထင်ကြီးဖို့ကောင်းတယ်။ ဒီလို အသက်ငယ်ငယ်နဲ့တင် နင့်ဘာသာ အိမ်တစ်လုံး ဝယ်နိုင်နေပြီ "

ကျောက်ယောင်က သူ့ကိုယ်သူအား အံ့ဩဖို့ကောင်းသည်ဟု မခံစားရပေ။ ထို့အပြင် ဤငွေများသည် သူ၏စွမ်းရည် အသုံးပြုကာ လောင်းကစားလုပ်ရာမှ ရရှိလာခဲ့ခြင်း ဖြစ်ပေသည်။ သူ ရှောင်းရှီးယွီကို တစ်ချက်ပြုံးပြကာ တုန့်ပြန်လိုက်သည်..." အဲ့ဒါက အဆင်ပြေပါတယ် "

ရှောင်းရှီးယွီ ဆက်ပြောသည်..." အခု နင် ဘာတွေလုပ်နေတာလဲ။ ပရိုဂရမ်ပဲလား "

ကျောက်ယောင် မျက်မှောင်ကုတ်ကာ တွေးလိုက်သည်။ သူက အလုပ်ထွက်တော့မည်ဖြစ်ပြီး အနာဂတ်တွင် ပရိုဂရမ်ပိုင်းအား ဆက်မလုပ်သင့်တော့ပေ။

စူပါကြောင်တစ်ကောင် မွေးထားကာ သူ၏အတုမဲ့စွမ်းရည်ဖြင့် ငွေရှာရပေမည်။ သူက မည်သည့်အလုပ်ကို လုပ်ရဦးမည်နည်း။

ကျောက်ယောင် တစ်ခဏတွေးကာ မရေမရာဆိုလိုက်သည်..." မဟုတ်ဘူး... အခု ငါ့မှာ ကိုယ်ပိုင်လုပ်ငန်းတစ်ခု ရှိတယ် "

" အို... လုပ်ငန်းလား "

ရှောင်းရှီးယွီ၏မျက်ဝန်းများ တောက်ပသွားလေသည်။ သူမ၏မျက်ဝန်းတွင် အထင်ကြီးသော အမူအရာများ မြင်တွေ့ရလျက်ဖြင့်..." နင်က အရမ်းကို အရည်အချင်းရှိတာပဲ။ ငါလဲ လုပ်ငန်းတွေ ဟိုစပ်စပ် ဒီစပ်စပ်လုပ်ရတာ သဘောကျပေမဲ့ ငါ့ရဲ့ပိုက်ဆံတွေ ဆုံးရှုံးသွားမှာကို ကြောက်နေတာကြောင့် ဒီတစ်လျှောက်လုံး မလုပ်ရဲခဲ့ဘူး "

" ဟုတ်သား... နင်က အရမ်းကို စွမ်းဆောင်နိုင်တယ်ဆိုတော့ နင့်မှာ ရည်းစားတစ်ယောက် ရှိလောက်မယ်ထင်တယ် "

" မရှိပါဘူး။ ငါ ဘယ်မိန်းကလေးနဲ့မှ ကောင်းကောင်းစကားမပြောဖြစ်ဘူး " မိန်းမလှတစ်ဦးက အထင်တကြီးအကြည့်များဖြင့် ကြည့်နေသည်ကို ခံရသည်မှာ သက်တောင့်သက်သာ ရှိလှပေသည်။ ကျောက်ယောင် ပြုံးကာ ဆက်ပြောလေသည်..." ဘာပဲဖြစ်ဖြစ် လုပ်ငန်းတစ်ခု ကောင်းကောင်းလည်ပတ်နိုင်သွားတာ ကံကောင်းမှုကြောင့်ပါပဲ "

" ဟုတ်တယ် "

ကျောက်ယောင်၏ တုန့်ပြန်စကားကို ကြားသောအခါတွင် ရှောင်းရှီးယွီ၏ မျက်ဝန်းများ ပိုမို၍ပင် တောက်ပသွားလေသည်။ သူမ ဆက်လက်၍ ပြောသည်..." နောက်ပိုင်းမှာ နင် အိမ်ပြောင်းလာရင် ပရိဘောဂတွေ ဝယ်တာနဲ့ ပြန်လည်ပြင်ဆင်တာတွေ လုပ်ချင်တယ်ဆိုရင် ငါ ကူညီပေးနိုင်ပါတယ်။ ငါက ကုမ္ပဏီတော်တော်များများကို သိတယ်လေ "

ကျောက်ယောင် ခေါင်းညိတ်ကာ... " ကောင်းပြီ... ဒီအပတ် ငွေလွှဲတာတွေ လုပ်ပြီးသွားရင် ငါက နောက်အပတ်ထဲမှာ ပြောင်းချင်တယ်။ ပြန်ပြီးပြင်ဆင်ဖို့က မလိုပါဘူး။ အခန်းအပြင်အဆင်က အတော်လေး ကောင်းနေပြီးသားပါ။ ငါသာ ပြန်ပြီးပြင်ဆင်မယ်ဆိုရင် ​ဘယ်အချိန်မှာမှ ပြောင်းလာရမယ်ဆိုတာကို ငါလဲ မသိနိုင်တော့ဘူး "

တာဝန်က အချိန်အကန့်အသတ် တစ်လသာ ပေးသည်ဖြစ်ပြီး ကျောက်ယောင်ကလဲ ပြန်လည်ပြင်ဆင်ရန် ပျင်းရိပေသည်။

ရှောင်းရှီးယွီ ရယ်မောကာ..." ဒါဆို ငါ့ကို WeChat မှာ အပ်ပေးထားဦး။ နင် ကုမ္ပဏီတွေနဲ့ ဆက်သွယ်နိုင်အောင် ငါကူညီပေးမယ် "

" ကောင်းပြီ "

နှစ်ယောက်လုံး WeChat တွင် အပ်လိုက်ကြပြီးနောက်တွင်မူ ကျောက်ယောင် တက္ကစီပေါ်သို့ ရောက်သည်အထိ လမ်းတွင် စကားပြောခဲ့ကြသည်။

ကျောက်ယောင် တွေးနေခဲ့သည်..." ငါ တက္ကသိုလ်က အလှဆုံး အမျိုးသမီးတစ်ဦးနဲ့ စကားစမြည်ပြောလာခဲ့တာလား "

ကျောက်ယောင် သူ၏အခန်းကို စတင်ရှင်းလင်းကာ အခန်းရသည်နှင့် ပြောင်းရွှေ့နိုင်ရေးအတွက် ပစ္စည်းများထုပ်ပိုးထားခဲ့သည်။

အစပိုင်းတွင် လီဟွားသည် ဆိုဖာဘေးဘက်တွင် လဲလျောင်းနေပြီး JoJo's Bizarre Adventure ကို ကြည့်နေခဲ့ကာ အဘယ့်ကြောင့် ကျောက်ယောင်က ပိုင်ဆိုင်သည့်ပစ္စည်းများကို သုတ်သီးသုတ်ပြာဖြင့် ထုတ်ပိုးနေကြောင်းကို နားမလည်ခဲ့ပေ။

နောက်ဆုံးတွင် သူ မေးလိုက်လေသည်..." ဘာတွေလုပ်နေတာလဲ ကျောက်ယောင် "

" အိမ်ပြောင်းမလို့ "

ကျောက်ယောင် လီဟွားကို ဝင်းပစွာပြုံးပြကာ..." ကြောင်စုတ်... မင်းရဲ့သခင်က ဇိမ်ခံအိမ်တစ်လုံး ဝယ်လိုက်ပြီ။ ငါတို့တွေ စည်းစိမ်ခံဖို့အတွက် ငါ မင်းကို ခေါ်သွားမယ် "

လီဟွားက ကျောက်ယောင် တွေးထားသကဲ့သို့ပင် တုန့်ပြန်ခဲ့သည်။ လီဟွား ထိတ်လန့်ဟန်များ ပေါ်လာပေသည်။

" မ...မ...မ..မင်း အိမ်ပြောင်းတော့မယ်လို့ ပြောလိုက်တာလား "

ကျောက်ယောင် စူပုပ်သွားကာ မေးလိုက်သည်..." ဘာမှားနေလို့လဲ။ မင်းက မပျော်တာလား "

" မပျော်ဘူး " လီဟွား ပျာပျာသလဲဆိုသည်... " ဘာကြောင့် ပြောင်းမှာလဲ။ ဒီမှာ အားလုံးအဆင်ပြေနေတာပဲ မဟုတ်ဘူးလား။ ငါက ဒီနေရာနဲ့ အသားကျနေပြီဖြစ်လို့ မပြောင်းချင်ဘူး "

ကျောက်ယောင် ချက်ချင်းပင် နားလည်သွားသည်။ ကြောင်များက အလွန်ပင် စိတ်ခံစားမှုရှိသော မျိုးစိတ် ဖြစ်ပေသည်။ သူတို့သည် အိမ်ထဲရှိ ပြောင်းလဲမှုအနည်းငယ်ကိုပင် သတိထားမိလိမ့်မည်ဖြစ်ပြီး စိတ်ခံစားချက်များ ပြောင်းလဲသွားပေလိမ့်မည်။ အိမ်ပြောင်းခြင်းသည် ၎င်းတို့အတွက် အဆိုးရွားဆုံးပုံစံတစ်ခု ဖြစ်ပေသည်။

မိသားစုများစွာတွင် အိမ်ပြောင်းပြီးသည့်နောက်တွင် မပျော်ရွှင်သော ကြောင်များ ရှိလာပေသည်။ အချို့ကြောင်များဆိုလျှင် ယခင်အိမ်ဟောင်းဆီသို့ပင် ထွက်ပြေးတတ်ကြပေ၏။

လီဟွားက ဥာဏ်ရည်ထက်မြက်လာပြီး သားကြောဖြတ်ထားခြင်း မရှိသည့်တိုင်အောင် နေရာအနှံ့တွင် ပေါက်တတ်ကရများ မလုပ်တတ်ပေ။ ထို့ကြောင့် လီဟွားတွင် အခြားကြောင်များကဲ့သို့ စရိုက်သဘာဝများ ရှိမနေလောက်ဟုသာ ကျောက်ယောင် ထင်ထားခဲ့သည်။ ယခုတွင်မူ ကျောက်ယောင် မျှော်လင့်ချက်လွန်ကဲသွားခဲ့ပုံပင်။

ကျောက်ယောင် တစ်ခဏစဥ်းစားကာ ရှင်းပြလိုက်လေသည်..." အိမ်ပြောင်းပြီးသွားရင် ငါ မင်းကို အလိုအလျောက် ကြောင်အိမ်သာတစ်ခုနဲ့ အလိုအလျောက် ဖျော်ရည်စက်တစ်ခု ဝယ်ပေးမယ်။ မင်း အများကြီးပိုပြီး ပျော်ရွှင်ရမှာပါ "

" မင်း လာနောက်နေတာလား။ မင်းက ငါ့ရဲ့ အိမ်သာ ၊ အစာ ၊ အစာခွက်ကိုလဲ ပြောင်းပစ်ချင်နေတာလား။ ငါ အကြိမ်ပေါင်းများစွာ စမ်းသပ်ကြည့်ပြီး စီစဥ်ပြီးတဲ့နောက်မှာ ဒီနေရာမှာရှိနေတဲ့ အရာအားလုံးက သက်တောင့်သက်သာအရှိဆုံးနဲ့ အသင့်လျော်ဆုံးဆိုတာကို မင်းသိရဲ့လား။ ငါက အဲ့ဒီအရာတွေကို နောက်ထပ် ဆယ်စုနှစ်အနည်းငယ်လောက်အထိ အသုံးပြုချင်တယ် "

" အိမ်ပြောင်းတာက ကြောင်တွေရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ခံစားချက်တွေကို ဘယ်လောက်အထိ ထိခိုက်စေတယ်ဆိုတာကို မင်းသိရဲ့လား။ ငါအနေနဲ့ လုံးဝကွဲပြားတဲ့ ဘဝတစ်ခုနဲ့ လုံးဝအသားကျသွားဖို့ ဘယ်လောက်အထိကြာမှာလဲ "

" လုပ်စမ်းပါကွာ... ဒါက အိမ်ပြောင်းတာလေးပါပဲ " ကျောက်ယောင်က အလျော့မပေးဘဲ တုန့်ပြန်လိုက်သည်။

လီဟွားက ကျောက်ယောင်ကို ခပ်စိမ်းစိမ်းကြည့်ကာ ခေါင်းယမ်းလိုက်လေပြီး..." မပြောင်းဘူး။ မင်း ငါ့ကို သေအောင်ရိုက်မယ်ဆိုရင်တောင် မပြောင်းဘူး။ ငါ အစာငတ်ပြီး သေခဲ့ရမယ်ဆိုရင်တောင် ဒီအိမ်ရဲ့တစ္ဆေပဲ ဖြစ်ချင်တယ်။ ငါက ဒီအိမ်မှာ အရိုးပြာထားဖို့ နေရာတောင် ရွေးထားပြီးပြီ "

လီဟွားသည် ကျောက်ယောင်၏ စကားများကို အရေးမစိုက်တော့ဘဲ ဖုန်းကစားရန်အတွက် ဆိုဖာပေါ်တွင် လှဲချလိုက်လေသည်။

လီဟွားက အလွန်ပြတ်သားနေသည်ကို ကြည့်နေရင်းဖြင့် ကျောက်ယောင် မှင်တက်မိနေသည်။ လီဟွားက အိမ်ပြောင်းခြင်းကို အကြောက်အကန် ကန့်ကွက်နေလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။

....................

" ဟားဟားဟား... ငါ အရမ်းဂေါ်သွားပြီ။ ငါ အရမ်းဂေါ်သွားပြီ " လီဟွားသည် သူ၏ Mobile Legends ဂိမ်းထဲမှ လုပန်းစကင်ကို ကြည့်နေရင်းဖြင့် သူ၏မျက်ဝန်းတွင် စိတ်လှုပ်ရှားခြင်းများ ပြည့်နေသည်။ သူ စိတ်လှုပ်ရှားစွာဖြင့် ဆက်ပြောလေသည်..." ငါက မင်းတို့အားလုံးကို သတ်ပစ်မှာကို ကြည့်နေလိုက်ကြစမ်း "

နံဘေးတွင်ရှိနေသည့် ကျောက်ယောင်က သူ၏ဖုန်းကိုယူရန် ရောက်လာသည်။ လီဟွားကို ၂၈ ယွမ်သာရှိသည့် ဈေးအနည်းဆုံး စကင်တစ်ခုသာ လက်ဆောင်ပေးခဲ့သော်လဲ လီဟွားကမူ နားမလည်နိုင်လောက်အောင်ပင် ပျော်ရွှင်နေပေသည်။

ကျောက်ယောင်က ဆိုလိုက်သည်..." ဒါဆိုရင် အိမ်ပြောင်းဖို့အတွက် ပြဿနာမရှိတော့ဘူးမလား "

လီဟွားက ခပ်အေးအေးပင် တုန့်ပြန်လိုက်သည်..." Wifi နဲ့ လေအေးပေးစက် ရှိတယ်ဆိုရင် ဘာနေနေအဆင်ပြေတယ် "

ကျောက်ယောင် ပြုံးကာ လီဟွား၏ဦးခေါင်းကို ပွတ်လိုက်လေသည်။ လီဟွား၏ မျက်နှာက တစ်နေ့ထက်တစ်နေ့ ဝကစ်ဖောင်းမို့လာပြီး လက်နှင့်ထိကြည့်ရုံနှင့်ပင် ၎င်းကို ခံစားမိပေသည်။ လီဟွား၏မျက်နှာက ထိတွေ့ကိုင်တွယ်ရန် ပိုကောင်းလာခဲ့ချေ၏။

လက်ရှိအချိန်၌ မြို့၏အခြားတစ်ဖက်တွင်ရှိသည့် ရှောင်းရှီးယွီမှာ သံသယနှင့် စိတ်မချရခြင်းတို့ကို ခံစားနေရပေသည်။

" ဒီလောက်ကြာနေတာတောင် ဒီကောင် ဘာကြောင့်မလို့ ငါ့ဆီကို စာပို့မလာရသေးတာလဲ " ရှောင်းရှီးယွီသည် တိတ်ဆိတ်နေသော WeChat ကို ကြည့်နေရင်းဖြင့် သူမ၏မျက်နှာကို ကိုင်ကြည့်ကာ ဆိုသည်..." ငါ့ရဲ့အလှတရားတွေ မှေးမှိန်သွားတာများလား "

ထိုအခိုက်တွင် WeChat သတိပေးချက်အသံ ရုတ်တရက် ထွက်ပေါ်လာသည်။ ရှောင်းရှီးယွီက အချိန်မဆိုင်းဘဲ WeChat ကို ​ဖွင့်ကြည့်လိုက်သော်လဲ စိတ်ပျက်သွားရပေသည်။ မက်ဆေ့သည် ကျောက်ယောင်ထံမှ မဟုတ်လေဘဲ လုပ်ဖော်ကိုင်ဖက် အခြားအမျိုးသားတစ်ဦးထံမှ ဖြစ်ပေသည်။

" ဂုဏ်ပြုပါတယ် ရှီးယွီ။ မင်း အရောင်းအဝယ်ကြီးတစ်ခု လုပ်နိုင်ခဲ့တယ်လို့ ငါကြားထားတယ် "

ရှောင်းရှီးယွီ မျက်မှောင်ကုတ်ကာ တုန့်ပြန်လိုက်သည်..." ဟုတ်တယ် "

" အခု မင်း တကယ်ကို ပျော်နေလောက်မယ်။ အချိန်တစ်ခဏလောက် ကောင်းကောင်းအနားယူလိုက်ပါ။ ဒါပေမဲ့ မင်း အပျော်လွန်ပြီးလဲ ပြိုင်းမသွားစေနဲ့နော် "

ရှောင်းရှီးယွီ မကျေမနပ်ဖြင့် အနည်းငယ် မျက်မှောင်ကုတ်ကာ ချက်ချင်းပင် တုန့်ပြန်လိုက်သည်..." စိတ်မကောင်းပါဘူး... ကျွန်မ ရေချိုးတော့မယ် Bye Bye "

ငါက နတ်ဘုရားလား

အပိုင်း ၁၂

အိမ်ပြောင်းခြင်း

____________________________________

ယနေ့သည် ငွေလွှဲပေးရမည့် သောကြာနေ့ ဖြစ်ပေသည်။ ကျောက်ယောင်သည် ပိုင်ဆိုင်ခွင့်ဆိုင်ရာ အသေးစိတ်အချက်အလက်များကို အပြီးသတ်ရန် ငွေလွှဲစင်တာသို့ သွားခဲ့လေပြီး ထို့နောက်တွင်မူ ငွေလွှဲရန်အတွက် ဘဏ်သို့သွားခဲ့သည်။

ငွေများ တလုံးတခဲ ဖြုန်းတီးပစ်လိုက်ရသည့် ခံစားချက်က ကျောက်ယောင်၏အသားကို အပ်နှင့်စွနေသည့်အလားပင်။ အရောင်းမန်နေဂျာ ထွက်သွားပြီးသည့်နောက်တွင် ရှောင်းရှီးယွီ ကျန်နေခဲ့သည်။

" ဘာမှားနေလို့လဲ။ နင်က ကြီးမားတဲ့ ဇိမ်ခံအိမ်တစ်လုံး ဝယ်ပြီးခဲ့တာတောင် ဘာကြောင့် မပျော်တဲ့ပုံ ဖြစ်နေရတာလဲ " ယနေ့တွင် ရှောင်းရှီးယွီက ယူနီဖောင်း ဝတ်ထားခြင်းမရှိဘဲ တီရှပ်နှင့် ဘောင်းဘီတိုကို ဝတ်ဆင်ထားပေသည်။ ပူပြင်းသော နေရောင်ခြည်အောက်တွင် သူမ၏ ဖြူဝင်းသော ပေါင်တံများ ရွှန်းစိုတောက်ပနေလျက်ရှိပြီး သူမ၏ ပြီးပြည့်စုံသော အသားအရေနှင့် မိတ်ကပ်ခြယ်သထားသော မျက်နှာတို့က လူအများကို ထာဝရနုပျိုသော ခံစားချက်တစ်ရပ် ပေးစွမ်းနေပေသည်။

ကျောက်ယောင် ပြုံးကာ တုန့်ပြန်လိုက်သည်..." ဘာမှမဖြစ်ပါဘူး။ နင် ငါ့အတွက် အိမ်ရွှေ့ပေးတဲ့သူတွေကို ဆက်သွယ်ပေးလို့ရမလား။ ငါ အမြန်ဆုံး အိမ်ပြောင်းချင်တယ် "

" အင်း... မနက်ဖြန်ဆို ဘယ်လို​လဲ။ ငါ့ဆီကို ​နင့်ရဲ့လိပ်စာ ပို့လိုက်ဦး "

ရှောင်းရှီးယွီ ဆက်ပြောလေသည်... " နင် အလုပ်သမား ဘယ်လောက်ခေါ်ချင်လဲ။ ပုံမှန်ဆိုရင်တော့ ဘယ်လိုကုန်ကားမျိုးကို မောင်းရမယ်ဆိုတာ မူတည်ပြီး အလုပ်သမား ဘယ်လောက်ခေါ်ရမယ်ဆိုတာ ဆုံးဖြတ်ကြတာပဲ "

" အများကြီးမလိုဘူး... ပရိဘောဂတွေ မရှိဘူးလေ။ ပစ္စည်းပစ္စယအချို့လောက်ပါပဲ "

" နင် ဂရိဘောဂတွေ မဝယ်ရသေးဘူးလား " ရှောင်းရှီးယွီက ဆိုသည်..." လက်ရှိ ပရိဘောဂအများစုမှာ ဖော်မယ်ဒီဟိုက်ဓာတ်ငွေ့ ပါတာကြောင့် နင့်အနေနဲ့ ပရိဘောဂတွေကို စောစောစီးစီးဝယ်ထားပြီး မှုတ်ထုတ်ထားသင့်တယ်။ ဖော်မယ်ဒီဟိုက်ဓာတ်ငွေ့က ရေရှည်မှာ ကျန်းမာရေးအတွက် မကောင်းတာကို နင်သိတာပဲလေ "

" ဒီလိုကိစ္စမျိုးလဲ ရှိသေးတာလား " ကျောက်ယောင် ခေါင်းကုတ်လိုက်သည်။ သူသည် ဤကိစ္စမျိုးတွင် အကျွမ်းတဝင်မရှိပေ။

" ဒါပေါ့ " ရှောင်းရှီးယွီက ကျောက်ယောင်ကို ဘဏ်ထဲမှ တွန်းထုတ်ကာ ထွက်လာခဲ့ပြီး ..." အနီးနားမှာ ပရိဘောပကုန်လှောင်ရုံတစ်ခု ရှိတယ်။ အတူသွားကြမယ်။ ငါတို့သာ သူတို့ဆီကနေ အနုစိတ်အစုံလိုက် အော်ဒါမှာနိုင်မယ်ဆိုရင် အကောင်းဆုံးပဲ။ အနုစိတ်လုပ်ပြီးသွားရင် ဖော်မယ်ဒီဟိုက်ဓာတ်ငွေ့တွေလဲ ဆေးကြောပြီးသွားလောက်မှာပါ "

" မလိုတော့ပါဘူး " ကျောက်ယောင် ရှက်ကိုးရှက်ကန်ဖြင့် ဆိုသည်..." အဲ့ဒါက မင်းကို အများကြီးဒုက္ခရောက်စေလိမ့်မယ် "

" ဒါက အဆင်ပြေပါတယ်။ ဘာပဲဖြစ်ဖြစ် ငါက ဒီရက်အနည်းငယ်မှာ နားရက်ရထားတယ်လေ " ရှောင်းရှီးယွီ ပြုံးကာ..." နင်က ဒီအိမ်ကို ငါ့ဆီကနေ ဝယ်ထားခဲ့တာဆိုတော့ ငါ နင့်ကို ကျေးဇူးမတင်ရသေးဘူးလေ။ ငါက နင့်ကို အိမ်ပြောင်းတာနဲ့ အလုပ်အချို့ကို ကူညီပေးမှာပါ "

ရှောင်းရှီးယွီသည် ကျောက်ယောင်နှင့်အတူ ပရိဘောဂအစုံ ၊ TV ကဲ့သို့ လျှပ်စစ်ပစ္စည်းများ ဝယ်ယူရန်အတွက် ပရိဘောဂကုန်လှောင်ရုံသို့ သွားခဲ့လေသည်။

ထိုတစ်နေ့လုံးတွင် ရှောင်းရှီးယွီသည် ကျောက်ယောင်အတွက် ပရိဘောဂများ ဝယ်ယူပေးခြင်း ၊ အိမ်ပြောင်းရွှေ့ခြင်း ၊ အိမ်အတွင်းပိုင်းပုံစံ ၊ Wifi တပ်ဆင်ခြင် ၊ အိမ်အသစ်အား ရှင်းလင်းရန်အတွက် သန့်ရှင်းရေးသမား ငှားရမ်းခြင်းများ ကူညီလုပ်ဆောင်ပေးခဲ့သည်။ ကိစ္စရပ်တစ်ခုလုံးတွင် ရှောင်းရှီးယွီက အားတက်သရော ဖြစ်နေပေသောကြောင့် ကျောက်ယောင်မှာ အနည်းငယ်ခန့် ရှက်ကိုးရှက်ကန်ဖြစ်ခဲ့ရသည်။

အလုပ်များနေစဉ်အတွင်း ကျောက်ယောင်၏ အကြီးမားဆုံးအတွေးမှာ ကားတစ်စီးရှိလာရေး ဖြစ်ပေသည်။ လမ်းလျှောက်နေရသည်မှာ အလွန်ပင်ပန်းလှသည်ဖြစ်ပြီး သူ့တွင်လဲ အိမ်ဝယ်ရာတွင် ကားပါကင်အလွတ်တစ်ခု ရှိနေခဲ့ပေသည်။

ယနေ့သည် အိမ်ပြောင်းသည့်နေ့ ဖြစ်ပေသည်။ ကျောက်ယောင်သည် လက်ထဲတွင် အိတ်များအပြည့်ဖြင့်ပင် အိမ်ထဲသို့ ဝင်လာခဲ့သည်။ အတွင်းပိုင်းသည် သန့်ရှင်းတောက်ပနေပြီး အံ့ဩဖွယ်ကောင်းအောင် ခေတ်မီသစ်လွင်သော အိမ်က တောက်ပစွာပြုံးကာ ကြိုဆိုနေသယောင်ပင်။

သူ အိတ်များကို ဘေးသို့ချကာ ကြောင်လှောင်အိမ်ကို ဖွင့်လိုက်လေသည်။ ကျောက်ယောင် လီဟွားကိုကြည့်ကာ အံ့ဩတကြီး ဆိုလိုက်လေ၏..." လီဟွား... ငါတို့ရဲ့ အိမ်အသစ်ကို ရောက်ပြီ "

သို့သော် လီဟွားကမူ လှောင်အိမ်ထဲတွင် အနည်းငယ်ခန့် မသက်မသာဖြစ်နေပုံပင်။ လီဟွားသည် အိမ်အသစ်ကို မျက်လုံးအပြူးသားဖြင့် လိုက်လံကြည့်ရှုနေပေ၏။ လီဟွားက ဉာဏ်ရည်ထက်မြက်လာသည်ဖြစ်၍ မသက်မသာဖြစ်နေသည့် ပုံစံများ မရှိခဲ့ပေ။

ကျောက်ယောင်သည် လီဟွား၏ဦးခေါင်းကို ပွတ်သပ်နေခဲ့သည်။ လီဟွားကလဲ ကျောက်ယောင်၏လက်နှင့် ပြန်လည်ပွတ်သပ်ကာ မြောင်ဟု ခပ်ဖွဖွအော်နေပေသည်။

ကျောက်ယောင် ပြုံးကာ လက်တော့ပ်အား ဖွင့်လိုက်သည်။ သူသည် Web ထဲတွင် အလိုအလျောက် ကြောင်အိမ်သာကို စတင်ရှာဖွေလေ၏။

အိမ်ပြောင်းပြီးလျှင် လီဟွားအတွက် အလိုအလျောက် ကြောင်အိမ်သာနှင့် အလိုအလျောက် အစာနှင့်သောက်စရာ ဖျော်စက်တို့ကို ဝယ်ပေးရမည်ဟု တာဝန်က ဖော်ပြထားပေသည်။ အိမ်အသစ်သို့ ပြောင်းပြီးသည့်နောက်တွင် ကျောက်ယောင်အဖို့ ထိုပစ္စည်းများကို ရှာဖွေရပေမည်။

ထိုပစ္စည်းများက ယွမ်ငါးထောင်ကျော် ကုန်ကျပေမည်။ သူ ဝယ်ယူထားသည့် ပရိဘောဂများ ၊ လျှပ်စစ်ပစ္စည်းများ ၊ Wifi ၊ ပြောင်းရွှေ့စရိတ် ၊ သန့်ရှင်းရေးစရိတ်များပါ ပေါင်းလိုက်ပါက ယွမ်တစ်သိန်းကျော် သုံးစွဲထားရပေသည်။

အိမ်အတွက် သူ အသုံးပြုထားသည့် သန်းချီခန့်နှင့် နှိုင်းယှဉ်ကြည့်ပါက နာကျင်သည်ဟု မခံစားရပေ။

ဤရက်အနည်းငယ်အတွင်း၌ လီဟွားသည် ထိပ်တန်းအရည်အသွေး ကြောင်စာများကို စားသုံးခဲ့ကာ အတွေ့အကြုံအမှတ်အချို့ ရရှိခဲ့ပေသည်။ လက်ရှိ အတွေ့အကြုံအမှတ်က အဆင့် ၂ ( ၆ / ၁၀၀ ) ဖြစ်ပေသည်။

" တာဝန်ကို ထည့်မတွက်ဘဲ ထိပ်တန်းအရည်အသွေး ကြောင်စာတွေကို သုံးလလောက် စားခိုင်းလိုက်ရင်လဲ အဆင့်တက်တဲ့ရလဒ် ဖြစ်လာလောက်မှာပဲ "

ကျောက်ယောင် စဉ်းစားရင်းဖြင့် သူ၏လက်ကြားထဲတွင် တိုးဝှေ့ကာခွေနေသည့် လီဟွားကို ကြည့်လိုက်လေသည်။ လီဟွား၏ခန္ဓာကိုယ်က ခွေခွေလေးဖြစ်နေကာ အနည်းငယ်ခန့် လှုပ်နေသည်။ သူ၏ နှင်းကဲ့သို့ဖြူဖွေးသော ဝမ်းဗိုက်သည် ဖောင်းမို့နေပြီး သူ အနည်းငယ်ခန့် ဟောက်နေပေသည်။ လီဟွား အိပ်မောကျနေကြောင်း သိသာလှသည်။

" Web ထဲမှာ ပြောထားသလောက်အရဆိုရင် သာမန်ကြောင်တွေက အိမ်အသစ်ပြောင်းပြီး ရက်အနည်းငယ်လောက် ကြာတော့မှပဲ အသားကျသွားလိမ့်မယ်တဲ့ " ကျောက်ယောင် လီဟွား၏ဗိုက်ကို ပွတ်နေခဲ့သည်။ လီဟွားက အိပ်နေလျက်ဖြင့် အနည်းငယ်ခန့် လှုပ်သွားခဲ့သည်။

" လီဟွား မကြာခင်မှာ အသားကျသွားလိမ့်မယ်လို့ မျှော်လင့်ပါတယ် "

နောက်တစ်နေ့မနက်တွင် တံခါးခေါင်းလောင်းသံကြောင့် ကျောက်ယောင် နိုးလာခဲ့သည်။ ကျောက်ယောင် မျက်လုံးကိုပွတ်သပ်ပြီး ခေါင်းကြွကာကြည့်လိုက်ရာ ကုတင်ပေါ်တွင် လီဟွားကိုသာ မြင်လိုက်ရသည်။

လက်ရှိအချိန်တွင် မြေပြင်တုန်ခါနေကာ ငလျင်တစ်ခု လှုပ်လာတော့မည့် အရိပ်အယောင်များ ပေါ်နေသည်။ ဤကာလအတွင်း အသေးစားငလျင် ငါးကြိမ်မြောက်လှုပ်ခတ်ခြင်းဖြစ်ပြီး ယင်းတို့က အမြန်လာကာ အမြန်ထွက်သွားခဲ့ပြီး မည်သည့်ထိခိုက်ပျက်စီးမှုကိုမျှ မဖြစ်စေခဲ့ပေ။

ကျောက်ယောင် ခေါင်းထောင်ကြည့်ကာ..." ဘာတွေဖြစ်နေတာလဲ။ ဘာကြောင့် ကမ္ဘာကြီးက အရမ်းကို တဂျုန်းဂျုန်းမြည်နေရတာလဲ။ ကြီးမားတဲ့ ငလျင်တစ်ခု လာတော့မှာများလား "

ထို့နောက် သူ တံခါးဆီသို့သွားလိုက်ရာ အလိုအလျောက် ကြောင်အိမ်သာကို ချောပို့ဖြင့် ပို့လာခဲ့ကြောင်း သိလိုက်ရပေသည်။

ဤနှစ်ရက်ခန့်အတွင်း အစာနှင့်သောက်စရာ အလိုအလျောက်ဖျော်စက်တို့လဲ သူ့အိမ်သို့ ရောက်ရှိလာခဲ့သည်။ လီဟွားက သူနှင့်အတူ အိပ်သည်ဖြစ်၍ ဖျော်စက်နှစ်ခုလုံးကို သူ၏အိပ်ခန်းထဲတွင်သာ ထားခဲ့ပေသည်။

သူ့အဖို့ လီဟွား လိုအပ်သည့်အရာကို ဖျော်စက်ထဲတွင် တစ်ပတ်လျှင်တစ်ကြိမ် ဖြည့်ပေးရန်သာ လိုအပ်ပေသည်။ လီဟွားအတွက် အစာနှင့်ရေကို နေ့စဥ်လုပ်ပေးရန် မလိုအပ်တော့သလို မနက်လေးနာရီတွင် လီဟွားကာ ဗိုက်ဆာကာ အော်ဟစ်ခြင်းကြောင့် လန့်နိုးလာရခြင်း သို့မဟုတ် သူ အိပ်နေချိန်တွင် လီဟွားက ခြေထောက်အား လာကုတ်ခြင်းတို့ကြောင့် လန့်နိုးလာရရန် မလိုအပ်တော့ပေ။

ကြောင်အိမ်သာကလဲ ကျောက်ယောင်အတွက် အကူအညီဖြစ်စေပြီး လီဟွား၏ အညစ်အကျေးများ နေ့စဥ်ရှင်းလင်းရသည့် တာဝန်မှ လွတ်မြောက်သွားခဲ့သည်။ ကျောက်ယောင်သည် ပါဆယ်ထုတ်အား ဖွင့်လိုက်လေပြီး ​ကြောင်အိမ်သာ အစိတ်အပိုင်းများကို ကြည့်နေရင်းဖြင့် မျက်ဝန်းများ တောက်ပလာသည်။

" နောက်ဆုံးတော့ ငါ လီဟွားရဲ့ အညစ်အကျေးတွေကို ရှင်းဖို့မလိုတော့ဘူး "

ပြီးခဲ့သည့်နှစ်တွင် လီဟွား၏ အညစ်အကျေးများကို ရှင်းလင်းခဲ့ရသည့် သူ၏အတွေ့အကြုံနှင့် ပြင်းထန်စူးဝါးသော အနံ့အသက်တို့ကို ပြန်တွေးမိသောအခါတွင်မူ ကျောက်ယောင်သည် အလိုအလျောက် ကြောင်အိမ်သာကို နတ်သမီးတစ်ပါးအား ကြည့်နေသည့်အလားပင် ကျေးဇူးတင်ခြင်းများဖြင့် ကြည့်နေပေသည်။

ထို့နောက်တွင်မူ ကျောက်ယောင်သည် အိမ်သာအစိတ်အပိုင်းများကို တွေဝေခြင်းမရှိ တပ်ဆင်လိုက်သည်။

အဆိုပါ အလိုအလျောက် ကြောင်အိမ်သာကို ရေအဝင်အထွက်နှင့် ချိတ်ဆက်ရမည်ဖြစ်၍ ကျောက်ယောင်က ၎င်းကို ရေချိုးခန်းထဲတွင် နေရာချခဲ့သည်။

ရေအဝင်အထွက် ချိတ်ဆက်ပြီးနောက်တွင် သန့်ရှင်းရေးပစ္စည်းနှင့် အညစ်အကျေးခွက်တို့ကို လျှပ်စစ်ချိတ်ဆက်လိုက်လေ၏။ အညစ်အကျေးခွက်သည် သန့်ရှင်းရေလုပ်ရာတွင် ကျွမ်းကျင်လှပြီး ကြောင်၏မစင်ကို ရေအသုံးပြုကာ ရှင်းလင်းပေးခြင်းနှင့် သန့်စင်ဆေးဖြင့် ဆေးကြောပေးကာ အခြောက်ခံခြင်းဟူ၍ ခွဲခြားထားပေသည်။

တပ်ဆင်နေဆဲအချိန်တွင် လီဟွား နိုးလာကာ သိလိုစွာဖြင့် ကြည့်လိုက်ပြီးနောက် သူ၏မျက်ဝန်းများက အလိုအလျောက် ကြောင်အိမ်သာကို စူးစိုက်ကာကြည့်နေခဲ့သည်။

" ဒါက အလိုအလျောက် ကြောင်အိမ်သာပဲ။ ဒါက အာကာသယာဥ်နဲ့ ဆင်တူတယ် "

အိမ်သာကို တပ်ဆင်ပြီးသွားချိန်တွင်မူ လီဟွားက စိတ်လှုပ်ရှားစွာဖြင့် အထဲသို့ဝင်သွားခဲ့သည်။ သူ အမြီးအား မြောက်လိုက်ရာ ခန္ဓာကိုယ်တုန်ယင်သွားလေပြီး အိမ်သာထဲသို့ ပထမဆုံးမစင်များ ဝင်ရောက်သွားလေသည်။

ကျောက်ယောင်နှင့် လီဟွားတို့က အိမ်သာရှေ့တွင် ရပ်နေကြလေပြီး အိမ်သာ အလုပ်လုပ်ဆောင်နေသည်ကို သိလိုစွာဖြင့် ကြည့်နေကြသည်။

အိမ်သာက မစင်တုံးကြီးကို အပိုင်းအစငယ်များဖြစ်အောင် လုပ်ဆောင်ပြီး နေရာချထားလိုက်သည်ကို လီဟွား မြင်သောအခါတွင် အံ့ဩတကြီးရေရွတ်လိုက်သည်..." အတော်ကို အထင်ကြီးစရာပဲ "

ထို့နောက်တွင် အလိုအလျောက် ကြောင်အိမ်သာက ဆေးကြောခြင်း ၊ သန့်စင်ခြင်း ၊ အခြောက်ခံခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။

အားလုံးပြီးဆုံးသောအခါ၌ ကြောင်အိမ်သာ အတွင်းပိုင်းသည် အသစ်အတိုင်း ကောင်းမွန်သွားလေပြီး လီဟွား အသုံးမပြုမီကနှင့် အတိအကျတူညီပေသည်။

စမ်းသပ်ကြည့်လိုသည့် လီဟွားက အိမ်သာဆီသို့ လျှောက်သွားကာ သန့်စင်ပြီးဖြစ်သော အညစ်အကျေးခွက်ပေါ်တွင် လက်သည်းတင်ကြည့်လိုက်ပြီး ကျေနပ်သောအမူအရာ ဖြစ်ပေါ်လာသည်။

" ချီး နင်းမိမှာကို ကြောက်နေစရာမလိုတော့ဘူး "

" သန့်ရှင်းရေးလုပ်ဖို့လဲ မလိုတော့ဘူး "

ကျောက်ယောင် စိတ်ကျေနပ်သည့် အမူအရာများ ပြသနေသည်။ သူသည် လီဟွား၏ အညစ်အကျေးများကို ထပ်မံကာ ရှင်းလင်းခြင်းမပြုရတော့သည့်အတွက် ဝမ်းသာနေပေသည်။

ထိုစဥ် သူ၏ခေါင်းထဲရှိ စာအုပ်သည် သတိပေးချက်အသံသဲ့သဲ့ ပေါ်ထွက်လာပြီး တာဝန်ပြီးမြောက်သွားကြောင်း အချက်ပြလာခဲ့သည်။ သို့သော် အိမ်ပြောင်းသည့်တာဝန် ပြီးဆုံးသွားသည်နှင့် အခြားသော သိပေးချက်အသံတစ်ခု မြည်ဟီးလာကာ တာဝန်အသစ် ရောက်ရှိလာခဲ့သည်။

All Chapters