← Chapters

အခန်း (၁၃-၁၅)

Vol. 1 Ch. 13-15

အခန်း (၁၃-၁၅)

Vol. 1 Ch. 13-15

ငါက နတ်ဘုရားလား

အပိုင်း ၁၃

တာဝန်အသစ်နှင့် ချောက်ချားဖွယ်ရာအိမ်

____________________________________

တာဝန်ပြီးမြောက်သွားပြီးနောက်တွင် ကျောက်ယောင်၏ ဦးနှောက်ထဲရှိ စာအုပ်ထဲမှ အကြောင်းအရာများ ပြောင်းလဲသွားခဲ့သည်။

စာအုပ် : အဆင့် ၁ ( ၂၀ / ၁၀၀ )

အိမ်မွေးတိရိစ္ဆာန် ( ၁ / ၁ ) : လီဟွား

အဆင့် : အဆင့် ၂ ( ၉ / ၁၀၀ )

သစ္စာရှိမှု : ၁၀၀

စွမ်းအား : အချိန်ရပ်ခြင်း ၊ စွမ်းရည်ကြာချိန် ခြောက်စက္ကန့် ၊ အားပြန်ဖြည့်ချိန် ခြောက်စက္ကန့်။

တာဝန် ပြီးမြောက်သွားခဲ့ခြင်းကြောင့် စာအုပ်သည် အတွေ့အကြုံအမှတ် ၂၀ အပိုရရှိခဲ့သည်။ လီဟွားကလဲ ဤရက်များတွင် ထိပ်တန်းကြောင်စာများ စားနေခဲ့ရပေသောကြောင့် အတွေ့အကြုံအမှတ် ၉ မှတ် ရှိနေခဲ့ပြီ ဖြစ်ပေသည်။

သို့သော် သူ အိမ်ပြောင်းသည့်တာဝန် ပြီးခါစအချိန်မှာပင် အခြားတာဝန်အသစ်နှင့် ကြုံတွေ့လိုက်ရသည်။

တာဝန် : စူပါကြောင်အသစ်။

ရည်ရွယ်ချက် : ပတ်ဝန်းကျင်ကောင်းတစ်ခုနဲ့ ဇိမ်ခံအစားအစာဆိုတာ သန်မာလာစေဖို့အတွက် ခြေလှမ်းငယ်တစ်ခုစာလောက်ပါပဲ။ ဒီကမ္ဘာကြီးထဲမှာ သင် လာဖမ်းမှာကို စောင့်နေကြတဲ့ စူပါကြောင်တွေ မရေမတွက်နိုင်အောင် ရှိနေပါတယ်။ နောက်တစ်ပတ် သန်းခေါင်ယံမှာ စူပါကြောင်တစ်ကောင် ဖမ်းဆီးပါ။ ( ၀ / ၁ )

တာဝန်ဆုလာဘ် : အတွေ့အကြုံအမှတ် ၃၀ ။

တာဝန်ကျရှုံးမှု : အတွေ့အကြုံအမှတ် ၂၀ အနုတ်ခံရမည်ဖြစ်ပြီး နောက်ခြောက်လအထိ အတွေ့အကြုံအမှတ်များ ရနိုင်မည်မဟုတ်ပေ။

ယင်းက ငြင်းပယ်၍မရသည့် တာဝန်တစ်ခုဖြစ်ကြောင်း ကျောက်ယောင် နားလည်သွားခဲ့သည်။ သူ အံ့အားအသင့်ရဆုံးမှာ ရည်ညွှန်းချက်အောက်မှ စာသားများကြောင့် ဖြစ်ပေသည်။

" ဒီလောကထဲမှာ လီဟွားက တစ်ကောင်တည်းသော စူပါကြောင် မဟုတ်ဘူးတဲ့လား " ကျောက်ယောင် အံ့ဩမဆုံးနိုင်အောင် ဖြစ်နေရသည်။ ဤလောကထဲတွင် လီဟွား တစ်ကောင်တည်းကသာ ထူးခြားနေသည်ဟု သူ ထင်မှတ်ထားမိခဲ့သည်။ သို့သော် သူ လုံးဝ မှားယွင်းသွားခဲ့သည်။

ကျောက်ယောင် ချက်ချင်းပင် တွေးလိုက်သည်..." ဒါဆို ငါ့လိုမျိုး လူအချို့လဲ ရှိနိုင်လောက်တာပေါ့။ အချို့က စူပါကြောင်တွေရဲ့စွမ်းရည်ကို ဖြည့်စွက်ပေးဖို့အတွက် ဒီစာအုပ်ကို ပိုင်ဆိုင်ထားနိုင်လောက်တာပေါ့ "

လက်ရှိတွင် ဤစွမ်းရည်များကို လူမည်မျှခန့်က အသုံးပြုကာ စံစားနေကြောင်းကို သူ မသိပေ။ သို့သော် စာအုပ်၏စွမ်းရည်ကို သူ တစ်ဦးတည်းကသာ ပိုင်ဆိုင်ထားပေသည်။

ကျောက်ယောင် ဆိုဖာပေါ်တွင်ထိုင်ကာ အတွေးများကို စုစည်းနေခဲ့သည်။

" အခြားစူပါကြောင်တွေ ရှိနေနိုင်လောက်ပေမဲ့ ငါရဲ့ နှစ်ပေါင်းများစွာ ဂိမ်းတွေဆော့ပြီး ကောမစ်တွေဖတ်လာတဲ့ အတွေ့အကြုံအရဆိုရင် အခြားစွမ်းရည်တွေအားလုံးထဲမှာ အချိန်ရပ်စွမ်းရည်က အကောင်းဆုံးစွမ်းရည် ဖြစ်လောက်မယ် "

" စူပါကြောင်တွေ အားလုံးထဲမှာဆိုရင် ငါက ကြီးကြီးမားမား အရေးသာနေတဲ့ပုံပဲ "

ခေါင်းထဲတွင် ထိုအတွေးများ တဝဲလည်လည်ဖြစ်နေသည့် ကျောက်ယောင်မှာ နောက်ဆုံးတွင် တည်ငြိမ်သွားခဲ့လေသည်။

" တစ်ပတ်အတွင်း စူပါကြောင်တစ်ကောင်ကို ဖမ်းဖို့ဆိုရင် အချိန်က နည်းလွန်းနေတယ်။ ကျန်းမန်မြို့က အရမ်းကြီးတော့ စူပါကြောင်တစ်ကောင်ကို ဘယ်နေရာမှာ သွားရှာရမှာလဲ "

ကျောက်ယောင် တစ်ခဏမျှ စဥ်းစားပြီးနောက်တွင် စိတ်ကူးအချို့ ရလာသည်။

" စူပါကြောင်တွေ ဥာဏ်ရည်ထက်မြက်လာချိန်ဆို အစပိုင်းမှာ သူတို့က ကလေးငယ်တစ်ယောက်လို အပြစ်ကင်းစွာနဲ့ စကားပြောကြတယ်။ ဒါကြောင့် သူတို့ ရှိနေတဲ့နေရာတွေမှာ လှုပ်ခတ်မှုတွေ ဖြစ်လာမှာပဲ "

ကျောက်ယောင် ထိုအကြောင်းကို တွေးမိသောအခါတွင် စူပါကြောင်များကို မည်သို့ရှာရမည်ဖြစ်ကြောင်း နားလည်သွားခဲ့သည်။

" အွန်လိုင်းဆွေးနွေးမှုဖိုရမ်တွေထဲ ကြည့်ပြီး နောက်ပိုင်းကျ ထူးဆန်းတဲ့ဖြစ်ရပ်တွေ ရှိလားဆိုတာကို ကြည့်ရမယ် "

" ပြီးတော့ စူပါကြောင်တစ်ကောင်ကို ဖမ်းဖို့ဆိုရင် တိုက်ပွဲအချို့လဲ ဖြစ်လာနိုင်တာကြောင့် လက်နက်တချို့ ယူသွားရင် ပိုကောင်းလောက်မလား "

သူ့အဖို့ တရုတ်ပြည်ထဲတွင် သေနတ်ဆောင်ထားရန်မှာ မဖြစ်နိုင်ပေ။ ထို့ကြောင့် သူ ခက်ခက်ခဲခဲ စဥ်းစားပြီးနောက်တွင် တွေးမိသွားသည်မှာ ဓားမြောင်ကဲ့သို ဓားငယ်အချို့ ဆောင်ထားရန်ပင်။ ၎င်းတို့က သူ့အတွက် အလွယ်တကူ ဖွက်ထားနိုင်သလို အလွယ်တကူ အသုံးပြု၍လဲ ရပေသည်။

မည်သို့ပင်ဖြစ်စေ အချိန်ရပ်လိုက်လျှင် သူ အသုံးပြုသည့် လက်နက်များအားလုံးက အကြီးအကျယ်ဖျက်ဆီးနိုင်သည့် စွမ်းအားများ ရှိသွားပေလိမ့်မည်။ ယင်းက လက်နက်ကို ဖွက်ရသည်ထက်ပင် ပိုမိုအရေးကြီးပေသည်။

ထို့ကြောင့် ကျောက်ယောင်က ထောင်းပေါ်တွင် ဓားမြောင်များ ရှာဖွေကြည့်လိုက်လေသည်။ လက်နက်များအကြောင်း များစွာမသိသည့် သူသည် ဈေးနှုန်းဖြင့်သာ ရှာဖွေခဲ့လေပြီး ယွမ်သုံးထောင် တန်ကြေးရှိသည့် ဓားမြောင်နှစ်ချောင်း ဝယ်ယူခဲ့သည်။

ကျောက်ယောင် ထပ်မံစဥ်းစားပြီးနောက်တွင် ဒဏ်ခံနိုင်ရည်ကောင်းသည့် နိုင်လွန်ကြိုးအချို့ကိုလဲ ရှာဖွေခဲ့သည်။

ဓားမြောင်များသည် လက်နက်များနှင့်ဆင်တူကာ များစွာပင် အန္တရာယ်ဖြစ်စေနိုင်သည်။ အတွေ့အကြုံ များစွာမရှိသည့် သူက ရင်ဆိုင်မိသည့်သူ မည်သူ့ကိုမဆို သတ်မိသွားနိုင်ပေသည်။ ထို့ကြောင့် သူက ကြိုးတစ်ခွေဝယ်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပေသည်။ ထိုသို့ဆိုလျှင် သူသည် ရင်ဆိုင်လာရသည့်သူ မည်သူ့ကိုမဆို အချိန်ရပ်ပြီးသည်နှင့် တုတ်နှောင်ပစ်နိုင်ပေသည်။

သူသည် ထောင်းပေါင်အရောင်းသမားအား ကြိုးက အဆွဲနှင့်အရုန်းတို့ကို ခံနိုင်ရည်ရှိသည်လားဟု မေးမြန်းခဲ့သည်။ သူသည် ကြိုး၏ခံနိုင်ရည်အားကို မသိသော်လဲ တစ်စုံတစ်ယောက်ကို မလှုပ်နိုင်အောင် ချည်နှောင်ရန်အတွက် လုံလောက်နိုင်ကောင်းလောက်သည်။

ထို့နောက်တွင် သူ့အား စူပါကြောင်များက ကုတ်ခြင်း သို့မဟုတ် ကိုက်ခြင်းဖြင့် တိုက်ခိုက်လာမည်ကို ကာကွယ်နိုင်ရန်အတွက် အခုတ်အဖြတ်ခံနိုင်သည့် ရာဘာဝတ်စုံတစ်စုံ ဝယ်ယူခဲ့သည်။ ယင်းဝတ်စုံက စူပါကြောင်များနှင့် ရင်ဆိုင်ရာတွင် မည်မျှအထိ အကျိုးသက်ရောက်မှုရှိမည်ကို သူ မသိသော်လဲ အနည်းစုံအနေဖြင့် သာမန်ဝတ်စုံများကို ဝတ်ဆင်ထားသည်ထက် ပိုကောင်းလိမ့်မည်ဟု ကျောက်ယောင်က တွေးမိပေသည်။

ကိစ္စများအားလုံး ပြီးစီးသွားခဲ့ပြီး သူ မေ့ကျန်နေသည့်အရာကို တွေးမရတော့ချိန်တွင် ကျောက်ယောင်သည် အွန်လိုင်းပေါ်တွင် ကျန်းမန်မြို့ထဲမှ ထူးဆန်းသောဖြစ်ရပ်များကို ရှာဖွေကြည့်ခဲ့လေသည်။

........................

ငါးရက်ကြာပြီးနောက်တွင် ​ကျန်းမန်မြို့ထဲရှိ အိမ်တစ်ခုအပြင်ဘက်တွင် လူငယ်လေးဦးအဖွဲ့သည် သူတို့၏ဖုန်းများ မြောက်ကာ ထိုနေရာတစ်ဝိုက်တွင် ကင်မရာများဖြင့် လိုက်ချိန်နေကြသည်။

မိန်းကလေးတစ်ဦးက အလွန်တရာပင် ချောမောလှပသည်။ တီရှပ်အဖြူနှင့် ဂျင်းဘောင်းဘီကို ဝတ်ဆင်ထားသည့်တိုင်အောင် သူမ၏အလှတရားက ထိုးထွင်းတောက်ပနေဆဲပင်။ အထူးသဖြင့် သူမ၏ မို့မောက်နေသော ရင်အစုံက အလွန်တရာပင် ဆွဲဆောင်မှုရှိလှသည်။

အမျိုးသမီးငယ်သည် ကျင်းကျားကျားဟု အမည်ရပြီး ကျန်းမန်မြို့ အနုပညာအကယ်ဒမီမှ ဒုတိယနှစ်ကျောင်းသူ ဖြစ်ပေသည်။ သူမသည် Game Streaming များတွင် တိုက်ရိုက်ထုတ်လွှင့် ကြေညာချက်များ မကြာခဏလုပ်ဆောင်ခဲ့ကာ လျင်မြန်စွာပင် ကျော်ကြားလာခဲ့သည်။

ထို့အပြင် အနုပညာအကယ်ဒမီ တက်ရောက်နေသည့် သူမကို အခြားသူများ နာမည်ကြီးတံဆိပ် အဝတ်အစားများ ၊ မိတ်ကပ်များ ၊ အသားအရေ ပြုပြင်ထိန်းသိမ်းရေး ပစ္စည်းများဖြင့် လွှမ်းမိုးခဲ့ကြသည်။

ကျင်းကျားကျားသည် သူစိမ်းများထံမှ အကူအညီများကို လက်ခံလိုခြင်းမရှိဘဲ သူမ၏စွမ်းရည်ဖြင့် ထိုးဖောက်ကာ မဆုတ်မနစ် ကြိုးစားခြင်းကို ပိုမိုနှစ်သက်သည်။

ယနေ့တွင် သူမနှင့် သူငယ်ချင်းသုံးယောက်တို့က ချောက်ချားဖွယ်ရာ အိမ်ကို စူးစမ်းနေကြခြင်း ဖြစ်ပေသည်။

ကျင်းကျားကျားသည် သူမ၏ဖုန်းနှင့် တိုက်ရိုက်ထုတ်လွှင့်နေကာ စိတ်လှုပ်ရှားစွာ ဆိုလေသည်..." အားလုံးပဲ...ဒီနေ့မှာ ကျွန်မတို့က ဒီအိမ်ကြီးဆီကို ရောက်နေပါတယ်။ ဒီအိမ်ကြီးကို ပြင်သစ်လုပ်ငန်းရှင်တစ်ဦးက အထူးဒီဇိုင်းထုတ်ထားခဲ့တာဖြစ်ပြီး နှစ်ပေါင်းရှစ်ဆယ်ကျော်ကဖြစ်လို့ သမိုင်းကြောင်းအရ အရေးပါတာ ထင်ရှားပါတယ် "

ကျင်းကျားကျားက စကားဆိုရင်နေဖြင့် ဓာတ်ပုံတစ်ပုံ ထုတ်ယူလိုက်လေသည်။ ဓာတ်ပုံပေါ်တွင် မှုန်ဝါးသော အဖြူရောင်အရိပ်တစ်ခုက အိမ်ကြီး၏ မီးခိုးရောင်နံရံများတလျှောက်တွင် ပျံသန်းနေသည်။

" လွန်ခဲ့တဲ့တစ်ပတ်တုန်းက အနီးနားမှာရှိတဲ့ နေထိုင်သူတွေက ညအချိန်မှာ ဒီပုံကို ရိုက်မိခဲ့တာပါ။ ဒီနေ့ ကျွန်မတို့ရဲ့ ရည်ရွယ်ချက်ကတော့ ဓာတ်ပုံထဲမှာရှိနေတဲ့ အရာက ဘာလဲဆိုတာကို ဖော်ထုတ်ဖို့ပါပဲ "

ရှည်လျားစွာ မိတ်ဆက်ပေးပြီးသည့်နောက်တွင်မူ ရုပ်သံထုတ်လွှင့်မှုသည် ကြည့်ရှုသူများ တိုးပွားလာစေရန် ဆွဲဆောင်နိုင်ခဲ့လေ၏။

ကျင်းကျားကျားက အလွန်တရာပင် လှပကျော့ရှင်းကာ နှစ်သက်စဖွယ်ဖြစ်သော်လဲ အသစ်အဆန်းများရှာဖွေပြီး တိုက်ရိုက်ထုတ်လွှင့်တတ်ပေသောကြောင့် သူမ၏ထုတ်လွှင့်မှုတွင် ပုံမှန်အားဖြင့် ကြည့်ရှုသူတစ်သောင်းဝန်းကျင်ခန့် ရှိတတ်ပေသည်။

ယခုအခါတွင် " ကျင်းမန်မြို့၏ ချောက်ချားဖွယ်ရာအိမ်များကို စူးစမ်းရှာဖွေခြင်း " ဟူသည့် ခေါင်းစဥ်သည် လူအများအပြားကို ဖမ်းစားနိုင်ခဲ့ပြီး အရေအတွက်နှစ်သောင်းသို့ ရောက်ရှိသွားခဲ့သည်။ လူအများအပြားကို ဆွဲဆောင်နိုင်ခဲ့သည်အား မြင်သောအခါတွင်မူ ကျင်းကျားကျား၏ မျက်နှာထက်၌ ချစ်စဖွယ်အပြုံးတစ်ခု ပေါ်ထွက်လာသည်။

ကျင်းကျားကျား၏ဓာတ်ပုံနှင့် ဖော်ပြချက်များအပြင် မဲမှောင်ကာ ထိတ်လန့်ဖွယ်ကောင်းသည့် တိုက်ရိုက်ထုတ်လွှင့်မှုနောက်ခံတို့ ပေါင်းစည်းလိုက်ချိန်၌ သူမ၏ထုတ်လွှင့်မှုတွင် ကြည့်ရှုသူအရေအတွက် ဆက်တိုက်တိုးပွားလာခဲ့သည်။

ကြည့်ရှုသူအရေအတွက် နှစ်သောင်းကျော်သွားသည်ကို မြင်သောအခါ၌ သူမ၏ လှုံ့ဆော်မှုနှင့် အာရုံစိုက်မှုတို့ လုံလောက်သွားခဲ့ပြီဟု ခံစားလိုက်ရသည်။ ကျင်းကျားကျားသည် နံဘေးမှ သူငယ်ချင်းသုံးဦးနှင့် မိတ်ဆက်ပေးခဲ့သည်။ နှစ်ဦးသည် သူမ၏ သူငယ်ချင်းဟောင်းများဖြစ်ပြီး ကောင်လေးတစ်ယောက်နှင့် ကောင်မလေးတစ်ယောက် ဖြစ်ပေသည်။ သူမမှလွဲ၍ ကျန်သူများက သာမန်ရုပ်ရည်သာ ရှိပေသည်။

သူမ၏အဖွဲ့ နောက်ဆုံးတစ်ယောက်ကမူ ရုပ်ရည်ပြေပြစ်သည်။ ထိုသူသည် နာမည်ကြီးတံဆိပ် ပေါ့ပေါ့ပါးပါးဝတ်စုံကို ဝတ်ဆင်ထားပေသည်။ သူသည် ဤအိမ်၏ပိုင်ရှင် ရှောင်းမင် ဖြစ်ပေ၏။

ရှောင်းမင်သည် ကင်မရာက သူ့ဘက်သို့လှည့်လာသည်ကို မြင်သောအခါတွင် လက်ပြကာ..." အားလုံး မင်္ဂလာပါ။ ကျွန်တော်က ဒီအိမ်ပိုင်ရှင် ရှောင်းမင်ပါ "

" ဝိုး... သူဌေးကလဲ ကပ်ဖားဖို့ လိုအပ်သေးတာလား "

" သူဌေးကို ကိုးကွယ်နေတယ် "

" မြို့တော်ဝန်နဲ့ နေ့လည်စာစားပြီးရင် ငါ့သားကလဲ လူတိုင်းကို ဒီအိမ်ထဲ ဝင်ခွင့်ပေးလိမ့်မယ် "

" ဝိုး... ဒီအိမ်က အနည်းဆုံး သန်းတစ်ရာလောက် ကုန်ကျလိမ့်မယ် "

ဖိုရမ်ထဲတွင် မှတ်ချက်မျိုးစုံဖြင့် ဆူပွက်နေသည်ကို မြင်သောအခါတွင်မူ ရှောင်းမင် နှုတ်ခမ်းတွန့်ကွေးကာ ခပ်ရေးရေးပြုံးလိုက်သည်။ ချမ်းသာသော မိသားစုတစ်ခုမှ ဆင်းသက်လာသည့် သူသည် အွန်လိုင်းဆယ်လီတစ်ဦးဖြစ်ရန် လုံးဝပင် စိတ်ဝင်စားခြင်းမရှိပေ။

ယနေ့တွင် သူ၏အိမ်ကို လူတိုင်းအား ပြသလိုရသည့် တစ်ခုတည်းသော ရည်ရွယ်ချက်မှာမူ ကျင်းကျားကျား အထင်ကြီးလာစေရန် ဖြစ်ပေသည်။

သေလောက်အောင် စွမ်းဆောင်နိုင်သော ခန္ဓာကိုယ်ရှိသည့် အဆိုပါမိန်းမလှကို သူ ပထမဆုံး မြင်တွေ့ခဲ့ရစဥ်ကတည်းကပင် အလွန်စွဲလန်းသွားခဲ့ရသည်။

သို့သော် အနည်းငယ်ခန့် စကားစမြည်ပြောပြီးသည့်နောက်တွင်မူ ကျင်းကျားကျားသည် သူ ဆုံတွေ့ဖူးသည့် အခြားမိန်းကလေးများနှင့် မတူကြောင်းကို သိခဲ့ရပေသည်။ အဆိုပါ မိန်းကလေးများက ငွေနှင့် အလွယ်တကူ ထိန်းချုပ်၍ရလေပြီး ငွေအတွက်ဆိုလျှင် မည်သည့်အရာကိုမဆို လုပ်နိုင်ကြသည်။ ကျင်းကျားကျားကို တဖြည်းဖြည်းချင်း ချဥ်းကပ်ရသည်ကမူ သူ့အတွက် ထူးဆန်းသော ပြီးမြောက်မှုကို ခံစားရစေပြီး သူ့ကိုယ်သူအား ကျေနပ်မိနေပေသည်။

မိတ်ဆက်ပြီးသည့်နောက်တွင် လူစုသည် အိမ်ဆီသို့ သွားခဲ့ကြလေ၏။

အိမ်အား ပြုပြင်မွမ်းမံခြင်းသည် တစ်ဝက်တစ်ပျက် ရပ်တန့်သွားခဲ့ပေသောကြောင့် နေရာအနှံ့တွင် အညစ်အကျေးများ ၊ အမှိုက်များ ၊ အုတ်ခဲများ ရှိနေပေသည်။ လျှပ်စစ်မီးလဲမရှိဘဲ ပိတ်ပိန်းမဲမှောင်နေပေသောကြောင့် နိမိတ်မကောင်းသော ချောက်ချားဖွယ်ရာ ခံစားချက်ကို ပေးစွမ်းနေပေသည်။

ကျင်းကျားကျားသည် လက်နှိပ်ဓာတ်မီး ဖွင့်ကာ အိမ်ဝန်းအတွင်းပိုင်းထဲသို့ ဝင်သွားခဲ့သည်။ သူတို့လေးယောက်သည် ခြံထဲတွင် လေ့လာရှာဖွေကြည့်ခဲ့သော်လဲ ကြွက်အနည်းငယ်အား တွေ့ရသည်မှလွဲ၍ ထူးခြားသောအရာများ မတွေ့ခဲ့ရပေ။

အချိန်တချို့အကြာတွင် လေးယောက်အဖွဲ့သည် ပင်မအဆောက်အဦထဲသို့ ဝင်သွားခဲ့လေ၏။ အိမ်ပထမအထပ်ထဲသို့ အဖြူရောင်မျက်စိတစ်စုံက သူတို့အား ကြည့်သွားသည်ကို မြင်လိုက်ရလေ၏။ အော်သံတစ်ခုနှင့်အတူ ကျင်းကျားကျား၏ အမျိုးသမီးသူငယ်ချင်းက အိမ်ထဲမှ ပြေးထွက်သွားခဲ့လေသည်။

ကျန်သုံးယောက်လုံး တုန့်ပြန်ချိန်မရခဲ့ပေ။ ကျင်းကျားကျားက အမှောင်ထုထဲသို့ ဓာတ်မီးဖြင့်ထိုးလိုက်သည်။

ကျင်းကျားကျား အံ့အားသင့်နေကြောင်း သိသာလှပြီး သတိထားကာ မေးလိုက်သည်..." ဘယ်သူလဲ "

တုန့်ပြန်စကား မလာခဲ့လေဘဲ သူမ၏ဓာတ်မီးရောင်အောက်မှာပင် ထိုပုံရိပ်သည် တဒင်္ဂအတွင်း လူတိုင်း၏ မျက်စိရှေ့မှောက်မှ ပျောက်ကွယ်သွားခဲ့လေ၏။

သူမ၏ ယောက်ျားလေးသူငယ်ချင်းနှင့် ရှောင်းမင်တို့၏ ကျောပြင်များတွင် ဇောချွေးများ အရွှဲသားဖြစ်သွားရသည်။ ထိုအခိုက်တွင် ဒုတိယအထပ်မှ အော်သံတစ်ခု ထွက်ပေါ်လာ၏။ ဖိုရမ်ထဲတွင် အမျိုးမျိုးသော မယုံကြည်နိုင်ခြင်းနှင့် အံ့အားသင့်ပြောဆိုသံများ ပေါက်ကွဲကာထွက်လာသည်။

သူမ၏ အမျိုးသားသူငယ်ချင်းမှာ ဆက်လက်၍ တောင့်မခံနိုင်တော့ဘဲ အမျိုးသမီးသူငယ်ချင်းကဲ့သို့ပင် အိမ်ထဲမှ ကြောက်လန့်တကြား ထွက်ပြေးသွားခဲ့လေသည်။

ရှောင်းမင်သည် နှလုံးခုန်နှုန်း တည်ငြိမ်လာသည်ဟု ခံစားလိုက်ရပြီး တစ်ကိုယ်တည်းဖြစ်နေသည့် ကျင်းကျားကျားကို နှစ်သိမ့်ပေးမည်ဟု တွေးလိုက်လေသည်။ သို့သော် သူမ၏အကြည့်များက ဒုတိယအထပ်သို့ စူးစိုက်ကာကြည့်နေကြောင်း သူ သတိပြုမိသွားခဲ့သည်။

" သွား သွား သွား...အမြန်သွား။ သူ့ကို မလွတ်စေနဲ့ "

ကျင်းကျားကျား၏ ခိုင်မာသော စိတ်နေစိတ်ထားကို မြင်သောအခါ၌မူ ရှောင်းမင်မှာ ရွေးချယ်စရာမရှိတော့ဘဲ ကျင်းကျားကျား၏နောက်သို့ စိတ်မပါစွာဖြင့် လိုက်ရုံသာ ရှိပေတော့သည်။

သူတို့နှစ်ဦးသည် သတိထားကာ လှေကားများအတိုင်း တက်သွားခဲ့သည်။ သို့သော် သူတို့ လှေကားပေါ်သို့ ခြေချမိလိုက်ချိန်တွင် ရင်းနှီးသောအသွင်ရှိသည့် ဝေဝါးသော အနက်ရောင်ပုံရိပ်တစ်ခု အနီးနားတွင်ရှိနေသည်ကို သတိပြုမိသွားခဲ့သည်။ သို့သော် ယင်းပုံရိပ်၏ ပခုံးအထက်တွင်မူ ခေါင်းနှစ်လုံးလူသားပမာပင် ဦးခေါင်းနှစ်လုံးအရိပ် ရှိနေချေသည်။

အပိုင်း ၁၄

လျှပ်စီးဖြူ

ရင်းနှီးသည့် ထူးဆန်းသောပုံရိပ်ကို မမျှော်လင့်ဘဲ မြင်လိုက်ရခြင်းကြောင့် ရှောင်းမင် နှလုံးရပ်လုမတတ် ဖြစ်သွားရပေသည်။ ကျင်းကျားကျားက လျင်မြန်လှပြီး ပုံရိပ်အား ဓာတ်မီးဖြင့် ထိုးလိုက်လေသည်။

ထိုအခိုက်တွင်မူ ယင်းက ခေါင်းအမွှာပါသည့် လူတစ်ဦးမဟုတ်လေဘဲ ပခုံးပေါ်တွင် ကြောင်တစ်ကောင်ရှိနေသည့် သာမန်လူငယ်တစ်ဦးသာဖြစ်ကြောင်း သူတို့ သိလိုက်ရသည်။

ကျောက်ယောင် မျက်မှောင်ကုတ်ပြီး ဓာတ်မီးအလင်းကို လက်ဖြင့်ကာထားကာ မေးလိုက်သည်…” ဘယ်သူလဲ။ ဘယ်သူတွေ ရောက်နေတာလဲ “

သူသည် ပြီးခဲ့သည့်ရက်များအတွင်း၌ အွန်လိုင်းပေါ်မှ ထူးဆန်းသောနေရာများကို လိုက်လံရှာဖွေကြည့်ခဲ့သော်လဲ မည်သည့်စူပါကြောင်ကိုမျှ မတွေ့ခဲရပေ။ ကံမကောင်းစွာဖြင့်ပင် ဤအိမ်က သူ၏စတုတ္ထမြောက် စူးစမ်းရှာဖွေမှု ဖြစ်ပေသည်။

နောက်တစ်ရက်ညသည် တာဝန်၏နောက်ဆုံးနေ့ရက် ဖြစ်ပေ၏။ လက်ရှိအချိန်၌ ကျောက်ယောင် အနည်းငယ်ခန့် စိုးရိမ်နေပေသည်။ သူသာ ဤနေရာတွင် စူပါကြောင်တစ်ကောင်ကို ရှာမတွေ့ခဲ့ပါက ပြဿနာများရပေလိမ့်မည်။

လီဟွားက ကျောက်ယောင်၏ ပခုံးထက်တွင် မသက်မသာဟန်ဖြင့် ပျင်းရိစွာလဲလျောင်းနေသည်။

လီဟွားက ကျောက်ယောင်ကို စိတ်ချင်းဆက်သွယ်ကာ ပြောလိုက်လေသည်…” ကျောက်ယောင်… ငါတို့ ဘယ်အချိန်မှာ ပြန်ကြမှာလဲ။ ငါ ဒီနေ့ Mobile Legends မဆော့ရသေးဘူး။ နေ့စဥ်တာဝန်တွေက ကိုးနာရီဆိုရင် စတော့မယ် “

ကျောက်ယောင်က လီဟွားကို ရည်ရွယ်ချက်ရှိရှိ ခေါ်လာခဲ့ခြင်း ဖြစ်ပေသည်။ အချိန်ရပ်ခြင်းက အလွန်တရာအစွမ်းထက်သော်လဲ သူသည် ရုတ်တရက် တိုက်ခိုက်လာသည်ကို အချိန်မီတုန့်ပြန်နိုင်ခြင်း မရှိမည်အား ကြောက်နေသည်ဖြစ်ပြီး သူနှင့်အတူ လီဟွားကို ခေါ်လာသည်က ပိုကောင်းလောက်ပေသည်။

ကုန်ကုန်ဆိုရလျှင် စွမ်းရည်ရှိသည်မှလွဲ၍ ကျောက်ယောင်က သာမန်လူတစ်ဦးသာ ဖြစ်ပေသည်။ ထို့ကြောင့် သူ စွမ်းအားကို အချိန်မီသုံးနိုင်ခြင်းမရှိလျှင် အာမခံချက်ရှိလာစေရန် လီဟွားကို ခေါ်လာခဲ့ခြင်း ဖြစ်ပေသည်။

ကျောက်ယောင်၏ မေးခွန်းကို ကြားသောအခါတွင် ရှောင်းမင် ကျွဲမြီးတိုသွားရကာ ဘုဆတ်ဆတ်ဆိုသည်…” မင်းက ဘယ်သူလဲ။ ဒါက ငါ့ရဲ့အိမ်ပဲ။ မင်းက ဘာကြောင့် ခိုးဝင်နေရတာလဲ “

ကျောက်ယောင် မှင်တက်မိသွားသည်။ သူသည် ပိုင်ရှင်နှင့် ပက်ပင်းတိုးခဲ့မိမည်ဟု ထင်မထားခဲ့ကာ ကို့ရို့ကားယား ဖြစ်သွားလေသည်။ သို့သော် သူ အမြန်တွေးကာ တုန့်ပြန်လိုက်လေသည်…” မင်းတို့ ထွက်သွားသင့်တယ်။ ဒီနေရာမှာ ပြဿနာတစ်ခု ရှိနေတယ်။ သဘာဝလွန်အရာတစ်ခု ရှိနေပြီး ဒီနေရာမှာ မင်းမူနေတယ်။ ငါ အဲ့ဒီအရာကို ဖမ်းဖို့အတွက် တလျှောက်လုံးလိုက်လာခဲ့ရင်း ဒီနေရာကို ရောက်လာခဲ့တာပဲ “

“ ပြဿနာတဲ့လား။ ပြဿနာက မင်းပဲလို့ ငါထင်တယ် “ ရှောင်းမင်က အေးစက်စက် လှောင်ရယ်ကာ…” ဒါက ပုဂ္ဂလိကပိုင် အဆောက်အဦတစ်ခုပါ။ ကျေးဇူးပြုပြီး ချက်ချင်းထွက်သွားပါ “

အမှန်တကယ်ပင် သရဲတစ်ကောင် ရှိနေမည်ဆိုပါက ရှောင်းမင် ချက်ချင်းထွက်ပြေးမည် ဖြစ်ပေသည်။ လူတစ်ဦးနှင့် ရင်ဆိုင်ရလျှင်မူ သူ လုံးဝပင်စိုးရိမ်နေမည် မဟုတ်ပေ။

အခြားတစ်ဖက်တွင်မူ ကျင်းကျားကျားက ကျောက်ယောင်ကို သိလိုစွာဖြင့် မေးလိုက်လေသည်…” ဒီမှာ သရဲရှိတာ သေချာရဲ့လား။ ရှင် ဘယ်လိုလုပ်ပြီး သိတာလဲ “

လက်ရှိတွင် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုသူအရေအတွက် တစ်သိန်းကျော်နေပြီဖြစ်ပြီး ကျင်းကျားကျား တစ်ခါမျှမရဖူးသည့် အောင်မြင်မှုအမှတ်သို့ ရောက်ရှိနေပေသည်။

“ ကျားကျား… ဒုတိယအထပ်မှာ တစ်ခုခုရှိလားဆိုတာ သူ့ကို မေးကြည့်လိုက် “

“ အစောတုန်းက အသံရဲ့အကြောင်းကိုလဲ မေးလိုက်ဦး “

“ သရုပ်ဆောင် “

“ အားလုံးပဲ… အဲ့ဒါက တကယ်ကို သရုပ်ဆောင်တစ်ဦး မဟုတ်ပါဘူး။ ကျွန်မက ဘယ်တုန်းကမှ သရုပ်ဆောင်တစ်ဦး မရှာခဲ့ပါဘူး “ ကျင်းကျားကျားက ဖိုရမ်ကိုကြည့်ကာ တုန့်ပြန်လိုက်လေသည်။

“ အစောတုန်းက အသံကို ရှင် ကြားလိုက်သေးလား “

ကျောက်ယောင် ခေါင်းညိတ်ကာ…” အဲ့ဒါက အဲ့ဒီအရာ လုပ်လိုက်တဲ့ အသံပဲလေ “

သူ ထပ်မံကာပြောသည်…” အဲ့ဒီအရာက အရမ်းအစွမ်းထက်တာကြောင့် မင်းတို့ မြန်မြန်ထွက်သွားသင့်တယ်။ တစ်ခုခုဖြစ်လာရင် ငါက မင်းတို့ကို ဂရုစိုက်ပေးနိုင်မှာ မဟုတ်ဘူး “

ကျောက်ယောင်က အရေးမစိုက်ပေသောကြောင့် ရှောင်းမင် မျက်မှောင်ကုတ်လိုက်သည်။ သူ၏ရှေ့မှ ထိုကောင် သာမန်ရုပ်ရည်သာရှိပြီး သာမန်အဝတ်များ ဝတ်ဆင်ထားကာ သာမန်တက္ကသိုလ်ကျောင်းသားတစ်ဦး ပုံစံမျိုးသာ ရှိပေသည်။ ထိုကောင်က မည်သို့များ သရဲဖမ်းသူတစ်ဦး ဖြစ်နိုင်ပါမည်နည်း။

မည်သို့ပင်ဖြစ်စေ သူ၏အိမ်တွင် ထိုကဲ့သို့ ထူးဆန်းသောချိန်သားကိုက်မှုမျိုး ဖြစ်လာနေသည်ဖြစ်၍ ထိုကောင့်တွင် ဖွင့်ဟ၍မရသော လျှို့ဝှက်ချက်တစ်ခု ရှိနေပေလိမ့်မည်။

ရှောင်းမင် ချက်ချင်းပင် ဖုန်းထုတ်ယူကာ…” မင်း ထွက်သွားမှာလား မသွားဘူးလား။ မင်း မသွားဘူးဆိုရင် ငါ ရဲခေါ်လိုက်မယ် “

ကျင်းကျားကျား၏ မျက်ဝန်းထဲတွင်လဲ သံသယအရိပ်အချို့ ရှိနေပေသည်။ ထို့အပြင် ကျောက်ယောင်က သရဲဖမ်းသူနှင့် လုံးဝမတူပေ။ သူက သန်းခေါင်ယံအချိန်တွင် ဤနေရာ၌ ရှိနေခဲ့သည်မှာ အမှန်တကယ်ပင် သံသယဖြစ်ဖွယ်ကောင်းလှသည်။

ကျောင်ယောင်က တုန့်ပြန်ခြင်းမပြုပေ။ သူ ကျင်းကျားကျား၏ ကင်မရာကို တစ်ချက်ကြည့်ကာ မေးလိုက်လေသည်…” မင်း တိုက်ရိုက်ထုတ်လွှင့်နေတာလား “

“ ဟုတ်တယ် “ ကျင်းကျားကျား အသာခေါင်းညိတ်ကာ… “ ဒီမှာ သရဲမြင်ခဲ့တယ်လို့ ကြားခဲ့ရတာကြောင့် ကျွန်မရဲ့ သူငယ်ချင်းတွေကို ခေါ်လာပြီးတော့ ဒီနေရာကို လာစူးစမ်းတာပါ “

ထိုအခိုက်တွင် စူးရှသောအော်သံတစ်ခု ထပ်မံထွက်ပေါ်လာ၏။ ထိုအသံက သူတို့၏ နားရွက်ဝ တည့်တည့်တွင် ထွက်ပေါ်လာသည့်အလား ရှိနေလေပြီး အသံတွင် မုန်းတီးစက်ဆုပ်မှုများ ပြည့်နေသည့်အလားပင်။ အသံတစ်ခုတည်းနှင့်ပင် ကြက်သီးမွေးညှင်းများ ထသွားရလေသည်။

ကျင်းကျားကျားသည် အသံထွက်ပေါ်လာရာဆီသို့ ကင်မရာလှည့်ကာ ဓာတ်မီးဖြင့် ထိုးလိုက်လေသည်။ သူမ၏ ဓာတ်မီးအလင်းအောက်တွင် နှစ်မီတာခန့်ရှည်​သော မြေခွေးဖြူတစ်ကောင်သည် နံရံအနီးတွင် ဝပ်နေလေပြီး သူတို့အား သွေးကဲ့သို့နီရဲသော မျက်ဝန်းများနှင့် စူးစိုက်ကာကြည့်နေသည်။

ရုတ်တရက်ပေါ်လာသော ထိုမြေခွေးဖြူကြောင့် ကျင်းကျားကျားနှင့် ရှောင်းမင်တို့ အသက်ရှုရပ်လုမတတ် ဖြစ်သွားရလေသည်။ အခြားတစ်ဖက်တွင်မူ ကျောက်ယောင်က စွမ်းရည်နှိုးဆွက ရှေ့သို့ပြေးထွက်သွားသည်။

သို့သော် သူ ခြေတစ်လှမ်း လှမ်းပြီးသည့်နောက်တွင် တစ်ဖက်သို့ပြန်လှည့်ကာ ကျင်းကျားကျား၏ ကင်မရာကို လှည့်ပစ်လိုက်လေသည်။ ထို့နောက်တွင် သူ အချိန်မဖြုန်းတော့ဘဲ မြေခွေးဖြူဆီသို့ ပြေးဝင်သွားလေ၏။

ကျင်းကျားကျားနှင့် ရှောင်းမင်တို့၏ မျက်လုံးထဲတွင်မူ ကျောက်ယောင်၏ ခန္ဓာကိုယ်က လျှပ်စီးတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး တဒင်္ဂအတွင်းမှာပင် မြေခွေးဖြူ၏ရှေ့၌ ပေါ်ထွက်လာသည်ကို မြင်လိုက်ကြရပေသည်။ ရုတ်တရက်ပင် ခုတ်ချက်ပေါင်းများစွာ ပေါ်လာသည့်အလားပင် နံရံ ၊ မြေခွေးဖြူနှင့် အရာဝတ္ထုအချို့တို့မှာ ရုတ်တရက်ပင် အမှုန်အမွှားများအဖြစ် ပြောင်းလဲသွားရသည်။

“ ဓားသိုင်း “ ကျင်းကျားကျား ထိတ်လန့်တကြား အော်လိုက်သည်။ ထို့နောက်တွင်မူ သူမ၏မျက်ဝန်းများ တောက်ပသွားလေ၏။

ကျောက်ယောင်က အချိန်ရပ်စွမ်းအား အသုံးပြုကာ မြေခွေးအား ဓားမြောင်ဖြင့် ခုတ်ပိုင်းခဲ့ကြောင်း သူမ မသိခဲ့ပေ။ လက်ရှိအချိန် ကျောက်ယောင်သည်ကား ကျင်းကျားကျား၏ မျက်ဝန်းများ အမီမလိုက်နိုင်သည့် အစွမ်းထက်သူတစ်ဦး ဖြစ်နေပေသည်။

ရှောင်းမင်သည်လဲ အံ့အားသင့်နေသည်။ သူ၏မျက်စိရှေ့မှောက်တွင် မျှော်လင့်မထားသော အဖြစ်အပျက်များ ဆက်တိုက်ဖြစ်ပွားလာမည်ဟု ထင်မထားမိခဲ့ပေ။

သို့သော် မြေခွေးဖြူသည် ဓားမြောင်နှင့် တိုက်ခိုက်ခံရပြီးနောက် ချက်ချင်းပင် လေထဲတွင်ပျောက်ကွယ်သွားခဲ့ပြီး တစ်ခဏအကြာတွင်မူ အခန်းထောင့်တစ်နေရာတွင် ပေါ်လာခဲ့ပေသည်။

မြေခွေးသည် ကျောက်ယောင်အားကြည့်ကာ လှောင်ပြုံး ပြုံးလိုက်လေပြီး ထိခိုက်မှုမရှိကြောင်း သိသာလှသည်။

လီဟွား အံ့အားသင့်သွားကာ… “ ဒီကောင့်ကို ဘာနဲ့လုပ်ထားတာလဲ။ မိစ္ဆာမြေခွေးလား “

ကျောက်ယောင် တုန့်ပြန်လိုက်သည်…” ငါ ခံစားရတာတော့ ဒီဟာက ပုံရိပ်ယောင်တစ်ခုများလား။ ငါတို့ အောက်ထပ်မှာတုန်းက ဒီကောင့်ကို ခုတ်လိုက်တာနဲ့ နှိုင်းယှဥ်ကြည့်မယ်ဆိုရင် ဘာခံစားချက်မှကိုမရှိတာ “

ကျောက်ယောင်က အိမ်ထဲသို့ ကျင်းကျားကျားတို့ သူငယ်ချင်းတစ်သိုက်ထက် ပိုမိုစောစီးစွာ ရောက်နေခဲ့ပေသည်။ သူ ပထမအထပ်တွင် ရှိနေခဲ့စဥ်က မြေခွေးနှင့် ရင်ဆိုင်ခဲ့ရပေသည်။ မူလက သူသည် မြေခွေးကို ကြိုးဖြင့်ဖမ်းဆီးရန် စီစဥ်ထားခဲ့သော်လဲ ယင်းက အကျိုးသက်ရောက်မှု မရှိသည်ကို တွေ့ခဲ့ရသည်။ ထို့နောက် သူက မြေခွေးကို ဓားဖြင့်ခုတ်ခဲ့သော်လဲ အကျိုးသက်ရောက်မှု မရှိခဲ့ပေ။

လက်ရှိအချိန်တွင်မူ မြေခွေးက ခန္ဓာကိုယ်အစစ် မဟုတ်ကြောင်းကို ကျောက်ယောင် ၈၀% ခန့် သေချာသွားပေပြီ။

ကျောက်ယောင်နှင့် မြေခွေးတို့ တိုက်ခိုက်နေကြချိန်တွင် ကျင်းကျားကျားက ဖြစ်ရပ်များကို နံဘေးမှကြည့်ကာ တုန်ယင်နေသော်လဲ သူမ၏မျက်ဝန်းများကမူ စိတ်လှုပ်ရှားနေသယောင်ပင်။

ရှောင်းမင်၏ မျက်ဝန်းတွင် အံ့ဩဟန်များဖြစ်နေပြီး ကျောက်ယောင်၏နံဘေးသို့ တုန်ယင်စွာသွားလိုက်လေသည်။

ကျောက်ယောင်က ရှောင်းမင်ကို ဧည့်ခံနေချိန်မရှိဘဲ ပြောလိုက်သည်…” မင်း ဒီနေရာကို ဘာလာလုပ်တာလဲ။ ဒါက အန္တရာယ်များတယ် အခုထွက်သွားတော့ “

သို့သော် ရှောင်းမင်၏ အမူအရာက ထူးဆန်းနေပေသည်။ သူ၏မျက်လုံးများက အကြိမ်ကြိမ်မှိတ်ပြနေပြီး တစ်စုံတစ်ခုကို အရိပ်အယောင်ပြရန် ကြိုးစားနေသည့်အလားပင်။

ထို့နောက်တွင် ရှောင်းမင်က ကျောက်ယောင်ဆီသို့ ခုန်ဝင်သွားကာ လည်ပင်းအား လက်သီးဖြင့် ထိုးလိုက်လေသည်။

ချမ်းသာသော မိသားစုမှဖြစ်သည့် ရှောင်းမင်က ခန္ဓာကိုယ်ကို ပုံမှန်ပင် လေ့ကျင့်ခန်းလုပ်ပေသည်။ ရှောင်းမင်ထံမှ အားအပြည့်လက်သီးတစ်ချက်က ကြီးစွာသောဖျက်ဆီးနိုင်စွမ်း ရှိနေပေသည်။

ရှောင်းမင် လက်သီးချက် ထုတ်ဖော်လိုက်ချိန်တွင် လီဟွားက စွမ်းရည်ထုတ်ဖော်လိုက်သည်။ ငြိမ်သက်သွားချိန်တွင် ကျောက်ယောင်က ရှောင်းမင်၏ဗိုက်ကို ကန်ပစ်လိုက်လေ၏။ တစ်ကြိမ် ၊ နှစ်ကြိမ် ၊ ထို့နောက် သုံးကြိမ်…။

အချိန်ပြန်စသွားချိန်တွင်မူ ရှောင်းမင် လက်သီးချက် ထုတ်ဖော်လိုက်ချိန်တွင် သူ၏တစ်ကိုယ်လုံးအား မမြင်ရသောအားတစ်ခု ထိမှန်သွားသည်ဟု ခံစားလိုက်ရပြီး နောက်သို့ မီတာအနည်းငယ်ခန့် လွင့်စဥ်သွားရသည်။

ရှောင်းမင် လွင့်စဥ်သွားချိန်တွင် သူတို့၏အထက်၌ ကျယ်လောင်သော အော်သံတစ်ခု ထွက်ပေါ်လာသည်။

“ အပေါ်မှာ “

ကျောက်ယောင်နှင့် လီဟွားတို့ ချက်ချင်းပင် ခေါင်းမော့ကြည့်လိုက်ကြသည်။ ကျောက်ယောင်က သဲကွဲစွာမမြင်လိုက်ရသော်လဲ လီဟွားကမူ အမှောင်ထုအလယ်မှ တိုင်တစ်လုံးပေါ်ရှိ လျှပ်စီးဖြူတစ်ခုကို မြင်နိုင်ခဲ့ပေသည်။

“ ကျောက်ယောင်…တိုင်လုံးအထက်မှာ “

ကျောက်ယောင် လက်ကိုအားကုန်လှုပ်ရှားကာ ဓားမြောင်အား ထိုအရပ်မျက်နှာဆီသို့ ပစ်လိုက်လေသည်။ သို့သော် သူ၏ ချိန်သားကိုက်အဆင့်အရဆိုလျှင် လွဲချော်သွားသည်မှာ ပုံမှန်သာဖြစ်ချေသည်။

သို့သော် ထိုအပြုအမူကြောင့် လျှပ်စီးဖြူသည်လဲ အံ့အားသင့်သွားခဲ့ရသည်။ ၎င်းက ဗီဇသဘာဝအတိုင်း ခုန်ဆင်းသွားကာ မြေပြင်ဆီသို့ မြန်ဆန်စွာ ကျဆင်းသွားလေသည်။ ၎င်း မြေပြင်ပေါ်သို့ ရောက်သွားသည်နှင့် တံခါးဆီသို့ လျင်မြန်စွာပြေးသွားလေသည်။

လျှပ်စီးဖြူ လှေကားများအတိုင်း ဆင်းခါစအချိန်မှာပင် အချိန်ရပ်တန့်သွားခဲ့လေ၏။

ကျောက်ယောင် တံခါးဆီသို့ ပြေးသွားခဲ့လေပြီး နောက်ဆုံးတွင် ဝိုးတဝါးဖြစ်နေသည့် လျှပ်စီးဖြူကို ဖမ်းနိုင်ခဲ့လေသည်။

အပိုင်း ၁၅

ရတ်ဒေါလ် ( Ragdoll )

ယင်းက အလွန်တရာပင် ချစ်စဖွယ်ကောင်းလှသည့် ကြောင်တစ်ကောင် ဖြစ်ပေသည်။ ယင်းကြောင်က လီဟွားထက် သိသိသာသာပင် ပိုကြီးလေပြီး ဦးစွန်းမွေးက အဖြူရောင်အမွေးဖွားများ ဖြစ်ပေ၏။ ၎င်း၏အမွေးများက ရှည်လွန်းလှပေသောကြောင့် လည်ပင်းတွင် လည်စွပ်တပ်ထားသည့်အလားပင်။

၎င်း၏ဦးခေါင်းတွင် မီးခိုးဖျော့ရောင် အစက်အပျောက်များရှိပြီး ပန်းရောင်အဆင်းရှိသော နှာခေါင်းနှင့်ပါးစပ်တို့ ပေါင်းဖက်လိုက်ချိန်တွင်မူ အခြားသူများအတွက် ချစ်စဖွယ်ကောင်းကာ စွဲမက်ဖွယ်ကောင်းသည် ထင်မြင်ချက်မျိုး ရရှိလာစေပေသည်။ ၎င်း၏ အပြာရောင်မျက်ဝန်းများက သလင်းကဲ့သို့ပင် ကြည်လင်သော်လဲ ကြောက်ရွံ့ဟန်အချို့ ဖြစ်ပေါ်နေသည်။ ထိုကြောင်က အလွန်တရာပင် ထူးခြားလှပေသောကြောင့် ကျောက်ယောင်က ချက်ချင်းပင် မှတ်မိသွားလေသည်။

“ ဒါ ရတ်ဒေါလ် (Regdoll) တစ်ကောင်ပဲ “

ရတ်ဒေါလ်သည် မကြာသေးမီ ဆယ်စုနှစ်များအတွင်း၌ ​ပေါက်ဖွားလာသည့် မျိုးကောင်းမျိုးသန့်တစ်ခု ဖြစ်ပေသည်။ ရှင်းစွာဆိုရသော် ၎င်း၏ ပြောင်မြောက်သော သွင်ပြင်လက္ခဏာများက ကြီးမားသော ကိုယ်လုံးကိုယ်ထည် ၊ ရှည်လျားသောအမွေးများ ၊ လှပသောပုံစံ ၊ လူများနှင့် ရင်းနှီးကျွမ်းကာ လက်ပွန်းတစ်တီးနေတတ်ကြခြင်းများ ဖြစ်ပေသည်။ ၎င်းတို့ကို ကြောင်အသွင်နှင့် ခွေးများဟု မကြာခဏပင် ချီးကျူးပြောဆိုခံရပြီး ဒေါ်လာတစ်သောင်းမှ ဒေါ်လာတစ်သိန်းခန့်အထိ တန်ကြေးရှိကြသည်။

ထိုကဲ့သို့ ရတ်ဒေါ်လ်မျိုးက အတုမဲ့စွမ်းရည် နိုးထလာကာ ထုတ်ဖော်နိုင်နေလိမ့်မည်ဟု ကျောက်ယောင် ထင်မထားခဲ့ပေ။

ကျောက်ယောင် အခန်းထဲမှ ထွက်လာသည်မှာ နှစ်စက္ကန့်ကြာမြင့်ပြီး လှေကားမှ ရတ်ဒေါလ်၏နံဘေးသို့ ရောက်ရှိရန်အတွက် သုံးစက္ကန့်ကြာမြင့်ပေသည်။ ကျန်သည့် တစ်စက္ကန့်သည် ရတ်ဒေါလ်အား ကြိုးဖြင့် တစ်ပတ်ချည်ရန်သာ လုံလောက်ပေ၏။ ထို့နောက်တွင်မူ အချိန်ပြန်စသွားခဲ့လေသည်။

အချိန်ပြန်စသည်နှင့် ကျယ်လောင်သော ဟစ်အော်သံကြီးတစ်ခု ထွက်ပေါ်လာသည်။ ကျောက်ယောင်၏ ရှေ့မှောက်တွင်ရှိသည့် ရတ်ဒေါလ်ထံမှ ကျယ်လောင်သော နာနာကျင်ကျင်အော်သံ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်ပေသည်။ ယခင်အော်သံများက ရတ်ဒေါလ်၏ အော်သံများဖြစ်ကြောင်း ချက်ချင်းပင် ရှင်းလင်းသွားခဲ့ပေသည်။

ထိုအခိုက်တွင် အော်သံနှင့်အတူ ကျောက်ယောင်မှာ ခန္ဓာကိုယ် နစ်မြုပ်သွားသည်ဟု ခံစားလိုက်ရပေ၏။ ယင်းက သူ့ကိုယ်သူအား ထိန်းချုပ်နိုင်စွမ်း ကင်းလွတ်သွားသည့်အလားပင်။

ရတ်ဒေါလ်ကြောင်၏ ကြီးမားသော မျက်ဝန်းပြာများက သူ့အား စူးစိုက်ကြည့်နေကြောင်း ကျောက်ယောင် မြင်လိုက်ရသည်။ အားကောင်းသော အခြားစိတ်အသိတစ်ခုက သူ၏ဦးနှောက်ထဲသို့ ဝင်ရောက်လာကာ သူ၏ခန္ဓာကိုယ်ကို ကိုယ်စားထိန်းချုပ်နေသည်ဟု ခံစားလိုက်ရပေသည်။

သူ၏လက်များက ကြိုးကို ဖြည်ပေးနေလျက်ရှိသော်လဲ ကျောက်ယောင်မှာမူ ခန္ဓာကိုယ်က သူ၏ထိန်းချုပ်မှုကို တွန်းလှန်နေပေသောကြောင့် ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။

ထိုအခိုက်တွင် လီဟွားသည် မြောင်အော်သံတစ်ခုနှင့်အတူ ပေါ်လာခဲ့ကာ ရတ်ဒေါလ်၏ဦးခေါင်းကို လက်သည်းတစ်ဖက်ဖြင့် ရိုက်ချလိုက်လေသည်။ ထို့နောက်တွင်မူ လီဟွား၏ ဘယ်နှင့်ညာ လက်သည်းချက် အနည်းငယ်ခန့်တို့က ရတ်ဒေါလ်၏မျက်နှာဆီသို့ လျင်မြန်စွာရောက်ရှိသွားလေ၏​။

ထိခိုက်မှုများ မည်မျှအထိဖြစ်သွားသည်ကို မသိရသော်လဲ ရတ်ဒေါလ် ဒေါသထွက်သွားသည်မှာ သေချာလှပြီး လီဟွားကို သတ်ဖြတ်လိုခြင်းများဖြင့် ကြည့်နေပေသည်။

ကျောက်ယောင်နှင့် လီဟွားတို့၏ စိတ်များထဲတွင် ကလေးမတစ်ဦးကဲ့သို့ ကြည်လင်သောအသံတစ်ခု ရောက်ရှိလာလေသည်…” နင် ငါ့မျက်နှာကို ရိုက်ဝံ့နေတယ်ပေါ့လေ “

လီဟွား မြောင်အော်လိုက်ပြီး ရတ်ဒေါလ်၏ ကျောပေါ်သို့ခုန်အုပ်ကာ…” နင် မရပ်ဘူးဆိုရင် ငါ နင့်ကို မုဒိန်းကျင့်ပစ်မယ် “

ရတ်ဒေါလ် ဒေါသထွက်သွားကာ နတ်ဆိုးဆန်သော မျက်ဝန်းများက အပ်ပေါက်သဖွယ် ကျဥ်းမြောင်းသွားပြီး…” ငါ နင့်ကို သေတဲ့အထိ ကိုက်ပစ်ချင်တယ် “

ထိုအခိုက်တွင် ရတ်ဒေါလ်၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိနေသည့် ကျောက်ယောင်က လီဟွားကို ကန်လိုက်လေသည်။ လီဟွား နောက်သို့ခုန်ကာ ကန်ချက်ကို ရှောင်တိမ်းသွားလေသည်။ ကျောက်ယောင် လိုက်လာကာ လီဟွားကို ဒေါသတကြီး ကန်နေပေ၏။ လီဟွားသည် မကြာသေးမီက အနည်းငယ်ခန့် ဝိတ်တက်လာသော်လဲ ကြောင်တို့၏ဗီဇအတိုင်း အခုန်အရှောင်များက လွယ်ကူလှသည်။ ယင်းအဖြစ်ကြောင့် ကျောက်ယောင်၏ ကန်ချက်တိုင်း လွဲချော်နေရပေသည်။

ရတ်ဒေါလ်က ကျောက်ယောင်ကို အသုံးချကာ လီဟွားအား တိုက်ခိုက်နေချိန်တွင် အားဖြည့်ချိန်ခြောက်စက္ကန့် ကုန်လွန်သွားခဲ့သည်။ အချိန်ရပ်ခြင်းကို ထပ်မံထုတ်ဖော်နိုင်ခဲ့ကာ တစ်လောကလုံး ရပ်တန့်သွားလေသည်။

အချိန်ရပ်သွားချိန်၌ ကျောက်ယောင် ပုံမှန်ပြန်ဖြစ်သွားခဲ့ပြီး သူ့ကိုယ်သူအား ထိန်းချုပ်နိုင်နေကြောင်း တွေ့လိုက်ရပေသည်။ အချိန်ရပ်သွားချိန်တွင် ရန်သူ၏စွမ်းရည်များလဲ ရပ်တန့်သွားကြောင်း သိသာလှသည်။

ကျောက်ယောင် ရှေ့သို့သွားကာ တိုတောင်းလှသော ခြောက်စက္ကန့်အတွင်းမှာပင် ရတ်ဒေါလ်၏ ဦးခေါင်း ၊ လည်ပင်း ၊ ခြေလေးချောင်းတို့ကို ကြိုးတုတ်လိုက်လေ၏။ ရန်သူက ထူးဆန်းသောစွမ်းရည်ကို အချိန်မရွေး အသုံးပြုလာနိုင်သည်ကို စိုးရိမ်ပေသောကြောင့် ကျောက်ယောင်သည် အချိန်ခြောက်စက္ကန့် ကုန်ဆုံးသွားမည်ကို အရေးမစိုက်တော့ ရတ်ဒေါလ်အား ဒဏ်ခံနိုင်လွန်ကြိုးဖြင့် တစ်ပတ်ပြီးတစ်ပတ် တုတ်နှောင်နေခဲ့သည်။

“ သူ့ရဲ့မျက်လုံးတွေနဲ့ ငါ့ကို စိုက်ကြည့်လိုက်တဲ့အချိန်မှာ ငါ သူ့ရဲ့ထိန်းချုပ်မှုအောက်ကို ရောက်သွားခဲ့တယ်။ သူ့ရဲ့စွမ်းအား အကြည့်ကနေတစ်ဆင့် ထုတ်ဖော်ရတာများလား “

“ ပြီးတော့ အဲ့ဒီအော်သံကလဲ သူက ငါ့ကို အသံနဲ့ထိန်းချုပ်နေတာလား “

ပိုမိုအာရုံစိုက်လေလေ ကျောက်ယောင် ပိုမိုတည်ငြိမ်လာလေလေပင်။ သူ၏ဦးနှောက်ထဲတွင် အစောပိုင်းမှ တိုက်ပွဲမြင်ကွင်းများ ပေါ်လာခဲ့ပေသည်။

ထို့ကြောင့် ရတ်ဒေါလ်၏ ပါးစပ်နှင့် မျက်လုံးတို့ကိုပင် ကြိုးများချည်ပစ်ခဲ့လေသည်။ ရတ်ဒေါလ်၏ တစ်ကိုယ်လုံး ကြမ်းပြင်ပေါ်တွင် လဲကျနေပြီး လှုပ်ပင်မလှုပ်နိုင်ခဲ့ချေ။

ကြမ်းပြင်ပေါ်တွင် မံမီရုပ်တစ်ခုပမာ ကြိုးတုတ်ခံထားရသည် ရတ်ဒေါလ်အားကြည့်ကာ ကျောက်ယောင် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်၏။ ကံကောင်းစွာဖြင့်ပင် ရတ်ဒေါလ် ထိန်းချုပ်ခံခဲ့ရပြီး သူမ၏စွမ်းရည်ကို ထပ်မံအသုံးပြုနိုင်ခြင်း မရှိတော့ပေ။ သူမက ပစ်မှတ်နှစ်ခုကို တစ်ပြိုင်တည်း ထိန်းချုပ်နိုင်ခြင်းမရှိသည်လဲ ဖြစ်ဟန်ရှိပေသည်။ သူမ၏ စွမ်းရည်အကန့်အသတ်ကို မသိရသေးသော်လဲ ကျောက်ယောင်က ရတ်ဒေါလ် စွမ်းရည်အသုံးပြုလာမည်ကို အောင်မြင်စွာ ကြိုတင်ကာကွယ်နိုင်ခဲ့ဟန် ရှိပေသည်။

“ ငါ့ကို လွှတ်ပေးစမ်း “

“ နင်တို့က ငါ့ကို ကြိုးတုတ်ဝံ့နေတယ်ပေါ့လေ “

“ ငါ လွတ်တာနဲ့ နင်တို့အားလုံးကို သေတဲ့အထိ ကိုက်ပစ််မယ် “

ကျောက်ယောင်၏ခေါင်းထဲတွင် အမျိုးသမီးတစ်ဦး၏ စူးရှသောအော်သံများ မြည်ဟီးနေသည်။ လီဟွားသည် ရတ်ဒေါလ်ဆီသို့ လျှောက်သွားကာပြီး ရတ်ဒေါလ်၏ တင်ပါးနားတွင် နှာခေါင်းထိုးကာ တရွှပ်ရွှပ်နမ်းလေတော့သည်။

“ နင်… နင် အတင့်ရဲလှပါ့လား။ နင် ဒီလိုမျိုး တရွှပ်ရွှပ်နမ်းဝံ့နေတယ်ပေါ့လေ “

တင်ပါးအား အနံ့ခံခြင်းသည် အထက်တန်းကျသည့် ကြောင်က အဆင့်အတန်းနိမ့်သည့် ကြောင်ကို ရံဖန်ရံခါတွင် လုပ်တတ်ကြပေသည်။ လီဟွား၏အပြုအမူက ရတ်ဒေါလ်ကို အပြင်းအထန်ပင် မထီလေးစားပြုနေကြောင်း ထင်ရှားလှသည်။

လီဟွားက လျှာသပ်ကာ…” အမတစ်ကောင်ပါ့လား။ ပြောစမ်း မင်းရဲ့စွမ်းရည်က ဘာလဲ “

ရတ်ဒေါလ် ငြိမ်သက်သွားသည်။ သူမ၏မျက်ဝန်းတွင် ဒေါသများ ပြည့်နေပေသည်။

ကျောက်ယောင်သည် တာဝန်ဖော်ပြချက်ကို မြင်သောအခါတွင် တာဝန်က ပြီးဆုံးခြင်းမရှိသေးကြောင်း နားလည်သွားလေသည်။

ထို့နောက်တွင်မူ ကျင်းကျားကျားနှင့် ရှောင်းမင်တို့ အပြေးရောက်လာကြလေ၏။ သူတို့သည် ကျောက်ယောင်ကို စူးစိုက်ကြည့်နေကြပြီး သူတို့၏မျက်ဝန်းများထဲတွင် အံ့အားသင့်ခြင်း ၊ ကြည်ညိုခြင်း ၊ ကြောက်ရွံ့ခြင်း စသည်အားဖြင့် များစွာသောခံစားချက်များ ရှုပ်ထွေးနေပေသည်။

ကျောက်ယောင်က အချက်ပေါင်းများစွာ ကန်ခဲ့သည်ကို ခံထားရသည့်တိုင်အောင် ရှောင်းမင်ကမူ ကျောက်ယောင်ကို တစ်မျိုးမြင်နေကာ လေးစားနေလျက်ရှိပြီး သူ၏မျက်ဝန်းတွင် ဒေါသများ တစ်စိုးတစ်စိမျှပင် ရှိမနေပေ။

သူက ကျောက်ယောင်ကို ကျေးဇူးတင်စွာ ဆိုလိုက်လေသည်… “ အစောတုန်းက ကျွန်တော့်ကို ကယ်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာ။ ကျွန်တော့်ကို သရဲစီးသွားပြီလို့ ခံစားလိုက်ရတာ “

ကျင်းကျားကျားက သိလိုစွာဖြင့် မေးလိုက်လေသည်…” ဆရာ… အဲ့ဒီဟာက ဘယ်ကိုပြေးသွားတာလဲ။ ဆရာက ဘာကိုဖမ်းထားတာလဲ။ ကျွန်မတို့ကို ပြလို့ရမလား “ သူမသည် ကြမ်းပြင်ပေါ်တွင် ကြိုးတုတ်ခံထားရသည့် အမွေးဖွားဖွားအရာကိုကြည့်ကာ ထိုစကားများ ပြောလိုက်လေသည်။

ကျောက်ယောင် စကားမဆိုဘဲ ရတ်ဒေါလ်ကို ကျောပေါ်တွင်ထမ်းကာ …” စိတ်မပူပါနဲ့။ အဲ့ဒီဟာက ကျုပ် ဖမ်းဆီးတာကို ခံလိုက်ရပါပြီ။ ဒီနေရာက လုံခြုံသွားပြီ။ ကျုပ်လဲ သွားတော့မယ် “

ကျောက်ယောင် ထိုသို့ပြောကာ လှည့်ထွက်သွားလေသည်။

ကျောက်ယောင် ထွက်သွားသည်ကို မြင်သောအခါ၌ ကျင်းကျားကျားနှင့် ရှောင်းမင်တို့က နောက်မှလိုက်လာကြသည်။ သို့သော် သူတို့ တံခါးမကြီးကို ဖြတ်ကျော်လာခဲ့ပြီး ခြံထဲသို့ ကြည့်လိုက်ချိန်တွင် ကျောက်ယောင်ကို မတွေ့ရတော့ပေ။

ကျောက်ယောင်သည် အစောပိုင်းက အချိန်ရပ်ကာ ခြံဝန်းထဲမှ ချက်ချင်းထွက်ခွာသွားခဲ့ပေသည်။

ကျင်းကျားကျားက ဒေါသထွက်စွာဖြင့်ပင် ကင်မရာကိုကြည့်ကာ ဆိုသည်…” အားလုံး မြင်လိုက်ကြတယ်မ…..”

“ ဟမ်… ငါ့ရဲ့ကင်မရာက ဘာကြောင့် နောက်ပြန်ဖြစ်နေရတာလဲ “

“ အစောက ဖြစ်သွားတာတွေကို ဘယ်သူမှ မမြင်လိုက်ကြဘူးလား “

ကျင်းကျားကျားသည် ယခုမှသာလျှင် တည်ငြိမ်သွားခဲ့ပြီး ကင်မရာက နောက်ပြန်ဖြစ်နေကြောင်း သိရှိသွားခဲ့သည်။ ကင်မရာသည် သူမ၏မျက်နှာကိုသာ ချိန်ထားလေပြီး ကျောက်ယောင်နှင့် ရတ်ဒေါလ်တို့၏ တိုက်ပွဲကို မှတ်တမ်းတင်ထားခြင်း မရှိခဲ့ပေ။

“ ဒီဟာက Web ပေါ်မှာ ပျံ့သွားလိမ့်မယ်လို့ ထင်ထားခဲ့တာကို ငါက ဘာကြောင့်များ မရိုက်ကူးနိုင်ခဲ့ရတာလဲ “

လက်ရှိအချိန်တွင် သူမ၏မျက်နှာထက်၌ စိတ်ရှုပ်ထွေးခြင်းနှင့် စိတ်အနှောင့်အယှက်ဖြစ်ခြင်းများ ပြည့်နှက်နေပေသည်။

All Chapters