← Chapters

အခန်း (၁၆-၁၈)

Vol. 2 Ch. 16-18

အခန်း (၁၆-၁၈)

Vol. 2 Ch. 16-18

အပိုင်း ၁၆

သူမ၏တောင်းဆိုမှု

___________________________________

ရတ်ဒေါလ်ကို လက်ဖြင့်ပွေ့ထားကာ လီဟွားကို ပခုံးပေါ်တွင် သယ်လာခဲ့သည့် ကျောက်ယောင်သည် အစောပိုင်းက တိုက်ပွဲကို တွေးနေရင်းဖြင့် လမ်းကြိုလမ်းကြားများထဲတွင် လမ်းလျှောက်နေပေသည်။

" ဟုတ်တယ်... ငါက အရမ်းကို နမော်နမဲ့နိုင်ခဲ့ပြီး ဒီလို ကို့ရို့ကားယား စွမ်းအားမျိုးကို မတွေးမိခဲ့ဘူးလို့ ငါထင်တယ်။ ငါသာ လီဟွားကို အတူခေါ်မလာခဲ့ရင် ဒုက္ခရောက်ရမှာပဲ "

" ပြီးရင် ဒီမျက်နှာ..." ကျောက်ယောင် သူ၏မျက်နှာကို ထိကြည့်ကာ..." ငါ့ရဲ့မျက်နှာကို ဖုံးကွယ်ထားတာက ပိုကောင်းလိမ့်မယ်။ ငါ့ရဲ့သရုပ်မှန် ပေါက်ကြားသွားတဲ့ အန္တရာယ် အဖြစ်ခံလို့မရဘူး။ ဒီနေ့ ငါ့မျက်နှာကို ကင်မရာနဲ့ မရိုက်မိခဲ့တာ ကံကောင်းတာပဲ "

ကျင်းကျားကျားနှင့် ရှောင်းမင်တို့က သူ၏စွမ်းရည်ကို ရိပ်ခနဲမြင်လိုက်ကြရသော်လဲ ကင်မရာဖြင့် ရိုက်ကူးမိခဲ့ခြင်း မရှိခဲ့ပေ။ မည်သို့ပင်ဖြစ်စေ ၎င်းတို့၏စကားများဖြင့် လူအများ လက်ခံယုံကြည်လာစေရန် လုပ်ဆောင်နိုင်မည်မဟုတ်ပေ။

ကျောက်ယောင် အမှားများကို ပြန်တွေးပြီးနောက်တွင် သယ်လာခဲ့သော ကြောင်ကို ကြည့်လိုက်လေသည်။ သူသည် ပစ်မှတ်ကို လက်ရဖမ်းနိုင်ခဲ့သော်လဲ တာဝန်ဖော်ပြချက်ကမူ တာဝန်ပြီး​မြောက်ကြောင်း အချက်မပြသေးပေ။

ကျောက်ယောင် တာဝန်ဖော်ပြချက်၏ စာသားများကို သေချာဖတ်ကြည့်လိုက်ပြီး ခပ်တိုးတိုးရေရွတ်လိုက်သည်..." ဟမ်... လက်ခံရမှာလား။ ငါ အဲ့ဒီကိစ္စကို စဥ်းစားဦးမယ် "

" ဟယ်လို... မင်း ငါပြောတာကို နားလည်လား " ကျောက်ယောင်က ရတ်ဒေါလ်ကို ကြမ်းပြင်ပေါ်တွင်ချကာ မေးလိုက်လေသည်။

ရတ်ဒေါလ်က စကားမပြန်လေဘဲ အေးစက်စက်သာ နှာခေါင်းရှုံ့ခဲ့သည်။

" Hi... ငါက ကျောက်ယောင်ပါ " ကျောက်ယောင်သည် တုန့်ပြန်စကား ရလာစေရန် ကြိုးပမ်းလိုက်လေ၏..." မင်းရဲ့အမည်က ဘာလဲ "

ရတ်ဒေါလ်က အမြီးကိုသာ ယမ်းနေပြီး စကားမပြောပေ။

ကျောက်ယောင် ထပ်မံကာမေးလိုက်သည်..." မင်း စကားပြောဖို့ ငြင်းဆန်နေမယ်ဆိုရင် ငါ မင်းကို ကြိုးတုတ်ပြီး အခန်းတံခါးပိတ်ထားဖို့ပဲ ရှိတော့တယ် "

ထိုအခိုက်တွင် လီဟွားက လျှာသပ်ကာ..." မြောင်ဟားဟားဟား... မင်းသိရဲ့လား ကျောက်ယောင်။ ဒီကိစ္စကို ငါနဲ့လွှဲထားလိုက်တော့။ ငါ သူ့ဆီကနေ အဖြေရလာအောင် သေချာပေါက်လုပ်ပေးမယ် "

လီဟွား သွားတော့မည့်အချိန်တွင် ကျောက်ယောင်က ကျောကို ဆွဲထားလိုက်ပေသောကြောင့် ရပ်သွားရလေသည်..." မလုပ်စမ်းနဲ့ ညစ်ပတ်တဲ့ကြောင် "

ကျောက်ယောင် ဖုန်းကိုကြည့်လိုက်ရာ ညဆယ်နာရီ ထိုးခါနီးဖြစ်ပြီး တာဝန်ကုန်ဆုံးချိန်နှင့် နီးကပ်နေကြောင်း သိလိုက်ရပေသည်။ ကျောက်ယောင် မျက်မှောင်ကုတ်လိုက်ပြီး ရတ်ဒေါလ်ကို ထပ်မံကာမေးလိုက်သည်..." ဟေ့ ကောင်မလေး... ဒီမှာရှိနေတဲ့ ငါ့သူငယ်ချင်းက စိတ်မထိန်းနိုင်တော့ဘူးနော်။ ငါက သူ့ကို တားဖို့ဆိုတာကလဲ မဖြစ်နိုင်ဘူး။ ပြီးခဲ့တဲ့တစ်ပတ်တုန်းက သနားဖို့ကောင်းတဲ့ သုံးနှစ်အရွယ် ကြောင်မလေးတစ်ကောင်ကိုဆို ငါ တားချိန်တောင်မရခဲ့ဘူး။ သွေးတွေကလဲ မြင်မကောင်းအောင်ကို ထွက်နေခဲ့တာလေ။ ဘုရား ဘုရား ဘုရား။ မင်းသာ ဒီလိုဆက်လုပ်နေပြီး စကားပြောဖို့ ငြင်းဆန်နေမယ်ဆိုရင် ငါ့အနေနဲ့ ငါ့သူငယ်ချင်းကို သူ့ရဲ့ဆန္ဒအတိုင်း လုပ်ခွင့်ပေးလိုက်ရတော့မှာပဲ "

လီဟွား မျက်ဖြူလန်ပြကာ ကျောက်ယောင်ကို အထင်သေးဟန်ဖြင့် ကြည့်လိုက်လေသည်။

အခြားတစ်ဖက်တွင်မူ ရတ်ဒေါလ်သည် ကျောက်ယောင်၏ စကားများကြောင့် စတင်ကာ တုန်ခါလာလေသည်။

ကျောက်ယောင်က ဆက်လက်၍ ညစ်တွန်းတွန်းလေသည်..." တကယ်တော့ အဲ့ဒါက ကောင်းတဲ့အရာဆိုတာ မင်းသိပါတယ်။ အချိန်ကျလာရင် မင်းက ကလေးတစ်ကောင်ရဲ့ မိခင်ဖြစ်လာပြီး ငါတို့မိသားစုရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ဝင်ရောက်လာလိမ့်မယ်။ ငါတို့မှာ ကလေးတွေ ပိုပြီး ပိုပြီးတော့ရှိလာ....."

" တော်လောက်ပြီ "

နောက်ဆုံးတွင် ရတ်ဒေါလ် ပါးစပ်ဟလာကာ..." ငါ့ရဲ့အမည်က အဲလီဇဘက်။ ငါက လီဟွားနဲ့ အတူတူပဲ။ ငါ့ရဲ့မသိစိတ်ကို ကြားခံလုပ်ပြီး စိတ်ချင်းဆက်သွယ်နိုင်တယ် "

ကျောက်ယောင်က မေးလိုက်သည်..." ဒါနဲ့ မင်းရဲ့စွမ်းအားက ဘာလဲ "

အဲလီဇဘက် တစ်ခဏတုန့်ဆိုင်းသွားသော်လဲ ဖြေပေးခဲ့လေသည်..." ပုံရိပ်ယောင် "

" အိုး...ငါနားလည်ပြီ " နောက်ဆုံးတွင် ကျောက်ယောင် အဖြစ်အပျက်များကို နားလည်သွားကာ ခေါင်းညိတ်လိုက်၏။

အဲလီဇဘက်က မေးလိုက်သည်..." နင် ဘာလိုချင်တာလဲ "

ကျောက်ယောင် သက်ပြင်းချကာ ရိုးသားရန်ဆုံးဖြတ်ပြီး ဆိုလိုက်သည်..." မင်း နိုးထလာတာ အချိန်အချို့ကြာသွားပြီလို့ ငါထင်တယ်။ ဒါဆို မင်းလဲ ကောင်းကောင်းသိနေလောက်မှာပါ။ ဒီကမ္ဘာထဲမှာ ငါတို့လူသားတွေက ကြီးစိုးအုပ်ချုပ်တဲ့ မျိုးနွယ်ပဲ။ မင်းရဲ့စွမ်းအားကို မကောင်းတဲ့လူတစ်ယောက်က ရှာတွေ့သွားခဲ့မယ်ဆိုရင် မင်းကို စမ်းသပ်စစ်ဆေးတာတွေ အကျဥ်းချထားတွေ ဒါမှမဟုတ် အဲ့ဒါထက် ပိုဆိုးတာတွေလုပ်ပြီး နှိပ်စက်မှုမျိုးစုံကို မင်း ခံစားရလိမ့်မယ်။ သူတို့က မင်းရဲ့ခန္ဓာတည်ဆောက်ပုံကို လေ့လာကြမလားဆိုတာကို ဘယ်သူသိနိုင်မှာလဲ။ အခုချိန်မှာ ငါ့အိမ်မှာ ပုန်းနေတာက မင်းအတွက် အကောင်းဆုံးရွေးချယ်မှုပဲ။ မင်းအနေနဲ့ အသက်ရှင်သန်ဖို့အတွက် စွမ်းရည်ထုတ်ဖော်တာနဲ့ ပေါက်ကြားသွားမဲ့အန္တရာယ်ကို စိုးရိမ်ဖို့မလိုတော့ဘူး။ ငါတို့ ဘာတွေလုပ်နိုင်တယ်ဆိုတာကို မင်း မြင်ထားတာပဲလေ။ အဲ့ဒါက မင်းကို ကာကွယ်ပေးဖို့အတွက် လုံလောက်တာထက် ပိုမှာပါ "

ရတ်ဒေါလ်က ကျောက်ယောင်နှင့် လီဟွားတို့၏ စွမ်းရည်ကို မြင်တွေ့ထားသည်မှာ ယုံမှားဖွယ်မရှိပေ။ နောက်ကွယ်တွင်ရှိနေသည့် နိယာမများကို နားလည်ရခက်သော်လဲ ထိုကဲ့သို့ ရုတ်တရက်ဆန်ကာ ဆန်းကြယ်သော အဖြစ်အပျက်များကြောင့် သူမ ကြောက်ရွံ့ခဲ့ရသည်။

သို့သော် ကျောက်ယောင်၏စကားကို ကြားသောအခါတွင် အဲလီဇဘက်က သရော်လိုက်သည်..." ငါ့ကို နင့်ရဲ့အိမ်မှာ နေစေချင်နေတာလား။ ဘာအတွက်လဲ။ နင့်ရဲ့အရုပ်လုပ်ဖို့လား "

ကျောက်ယောင် အေးခဲသွားသော်လဲ ဖြေလိုက်သည်... " အဲ့ဒီလိုမဟုတ်ပါဘူး။ သူငယ်ချင်းအဖြစ်ပါပဲ "

" ဒါဆိုရင် နင့်သူငယ်ချင်းရဲ့ခေါင်းက ကြိုးတွေကို ကျေးဇူးပြုပြီး ဖယ်ပေးပါဦး "

ကျောက်ယောင် တွေးဆကာ ဆိုသည်... " ငါတို့နှစ်ယောက်ကို မတိုက်ခိုက်နိုင်ဘူးဆိုတာကို မင်း သိထားသင့်တယ်။ ငါ မင်းကို ကြိုးဖြည်ပေးနိုင်တယ်။ ဒါပေမဲ့ မင်းသာ ဆန္ဒစောပြီး တစ်ခုခုလုပ်ခဲ့မယ်ဆိုရင် ငါ့အနေနဲ့ မင်းကို ထပ်ပြီးယုံကြည်နိုင်ဖို့ ခက်ခဲသွားလိမ့်မယ် "

သူမက တစ်ကြိမ်လျှင် လူတစ်ဦးကိုသာ ထိန်းချုပ်နိုင်ဟန်ရှိပြီး သူ သို့မဟုတ် လီဟွားက ထူးဆန်းသည့်အရာတစ်ခုခု ဖြစ်သွားခဲ့လျှင် သူတို့က ချက်ချင်းပင် အချိန်ရပ်ပစ်ကာ တစ်ဦးကိုယ်တစ်ဦး ထိန်းကွပ်ပေးမည် ဖြစ်ပေသည်။ ထို့ကြောင့် ကျောက်ယောင်က အဲလီဇဘက်၏ဦးခေါင်းမှ ကြိုးကိုဖြည်ပေးရန် ဆုံးဖြတ်လိုက်သည်။

အဲလီဇဘက် သက်ပြင်းရှည်ကြီးချကာ ကျောက်ယောင်နှင့် ပခုံးထက်ရှိ လီဟွားကို ကြည့်လိုက်လေသည်။ သူမက ထိုနှစ်ဦးကို အထင်သေးဟန်ဖြင့် ကြည့်လိုက်လေ၏။

လီဟွားအနေဖြင့် အဲလီဇဘက်၏ ချစ်စဖွယ်မျက်နှာကို ပထမဦးဆုံးမြင်တွေ့ခွင့် ရသွားခဲ့သည်။ လီဟွား ကျိတ်ပြုံးကာ ကျောက်ယောင်ကို တီးတိုးပြောလိုက်သည်..." ကျောက်ယောင်... သူက လှတယ်ကွ "

ကျောက်ယောင်မှာ လီဟွားနှင့် အဲလီဇဘက်ကို အလျင်အမြန်ပင် နှိုင်းယှဥ်ကြည့်လိုက်မိပေ၏။ ၁.၆ မီတာ မြင့်မားသည့် ဆပ်ပြာတစ်တုံးက ၁.၈ မီတာ မြင့်မားသော Victoria's Secret မော်ဒယ်တစ်ဦး၏ နံဘေးတွင် ရပ်နေသည့်အလားပင်။ ကျောက်ယောင် ခေါင်းယမ်းကာ ဖြေလိုက်လေသည်..." ငါ့သူငယ်ချင်း... မင်းတို့နှစ်ယောက်က မလိုက်ဖက်ပါဘူးကွာ "

" ဘယ်လိုဖြစ်လို့လဲ "

" သူ့အ​တွက် မင်း လုံလောက်အောင် ကောင်းမနေမှာကို ငါ စိုးရိမ်မိတယ် "

ကျောက်ယောင်က အဲလီဇဘက်ကိုကြည့်ကာ မေးလိုက်လေသည်..." မင်း ဘာပြောလိုက်တာလဲ "

အဲလီဇဘက်က တုန့်ပြန်လိုက်သည်..." ငါ နင့်ကို ကတိပေးနိုင်တယ်။ ဒါပေမဲ့ ငါ နင့်ဆီကနေ တောင်းဆိုစရာနှစ်ခု ရှိတယ် "

အဲလီဇဘက် စကားဆုံးသည်နှင့် သူမ၏ပါးစပ်မှ နီရဲသောသွေးများ ပါးစပ်အပြည့် ထွက်လာပေသည်။

ကျောက်ယောင် ဟစ်အော်လိုက်လေ၏..." ဟေ့... ဘာကြောင့် မင်းရဲ့ပါးစပ်ကနေ သွေးတွေထွက်လာတာလဲ "

" ကျောက်ယောင်... မင်း သူ့ကို ဘာလုပ်လိုက်တာလဲ " လီဟွား အော်လိုက်လေသည်..." မင်း သူ့ကို အခုပဲ ဒဏ်ရာရအောင် လုပ်ခဲ့တာလား "

ကျောက်ယောင် ပြန်ပက်လိုက်သည်..." ငါ သူ့ကို့ ဘယ်အချိန်ကများ ရိုက်လိုက်လို့လဲ။ မင်း အဆင်ပြေရဲ့လား "

နှစ်ယောက်သား ငြင်းခုံနေကြချိန်တွင် အဲလီဇဘက်သည် ပါးစပ်မှ သွေးစများကို လက်သည်းဖြင့်သုတ်ကာ ဆိုလိုက်လေသည်..." ဒါက ဘာမှမဟုတ်ပါဘူး။ ဒီရက်ပိုင်းမှာ ငါ့ရဲ့အစာအိမ်က သိပ်အဆင်မပြေဘူး။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ကြောင်စာကို ရှာဖို့မလွယ်တော့ တစ်ခါတစ်လေ ဒီလိုပဲဖြစ်တတ်တယ် "

ကျောက်ယောင် စိုးရိမ်ဟန်ဖြစ်သွားကာ တစ်စုံတစ်ခုကို တွေးမိသွားလေသည်။ သူ ဖိုင်အချို့ကို မွှေနှောက်ခဲ့စဥ်က ရတ်ဒေါလ်များသည် ကဏ္ဍအများစုတွင် ကောင်းမွန်ကြောင်းကို ဖတ်မိဖူးသည်။ သို့သော် ၎င်းတို့၏ တစ်ခုတည်းသော ပြဿနာသည် အစာအိမ်လုပ်ဆောင်ချက် ချို့တဲ့လှပြီး အလွယ်တကူပင် အစာမကျေဖြစ်နိုင်ကာ အစာအိမ်ရောဂါအထိပင် ဖြစ်ပွားစေနိုင်ပေသည်။ လေလွင့်ကြောင်တစ်ကောင်ဖြစ်သည့် အဲလီဇဘက်က ဆိုးရွားသော အစားအသောက်ပုံစံကို ကြုံတွေ့ခဲ့ရကြောင်း သိသာလှပေသည်။

အဲလီဇဘက်က မည်သို့မျှမဖြစ်သည့်အလား ခပ်အေးအေးပင် အမြီးအားယမ်းနေပြီး အရပ်မျက်နှာတစ်ခုအား ညွှန်ပြကာ..." အိမ်ကို ပြန်ကြရအောင်လေ "

အဲလီဇဘက်က ဦးဆောင်ပြီး လမ်းကြိုလမ်းကြားများ ဖြတ်ကျော်ကာ အိမ်ဆီသို့ ပြန်ရောက်သွားခဲ့သည်။

ကျင်းကျားကျားနှင့် ရှောင်းမင်တို့ ထိုနေရာမှ ထွက်ခွာသွားသည်မှာ ကြာခဲ့ဟန်ရှိပေသည်။ ကျောက်ယောင် မြေအောက်ခန်းတံခါးကို ဖွင့်လိုက်လေရာ အမှောင်ထဲတွင် အစိမ်းရွှေရောင် မျက်ဝန်းအစုံများစွာတို့က သူ့အား စူးစိုက်ကြည့်နေသည်ကို မြင်လိုက်ရသည်။

သူ၏မျက်လုံးများ အမှောင်ထုနှင့် အသားကျသွားချိန်တွင်မူ မြေအောက်ခန်းထဲတွင် အရွယ်အစားနှင့်အရောင် မျိုးစုံရှိသည့် ကြောင်များစွာကို မြင်တွေ့လိုက်ရသည်။ လီဟွားနှင့် အဲလီဇဘက်တို့ ပေါ်လာခဲ့ခြင်းကြောင့် ကြောင်များ ထိတ်လန့်သွားကာ ပုန်းအောင်းရန်အတွက် သုတ်သီးသုတ်ပျာ ထွက်ပြေးသွားကြလေပြီး ကျောက်ယောင်၏ခြေထောက်များကို ပတ်ချလည်လှည့်ကာ ဟစ်အော်နေကြသည့် ကြောင်ပေါက်သုံးကောင်သာ ကျန်ရစ်ခဲ့ပေသည်။

" ဒါက..." ကျောက်ယောင် ရေရွတ်လိုက်သည်။

အဲလီဇဘက်က မူမမှန်သောလေသံဖြင့် ဆိုလိုက်လေသည်..." သူတို့အားလုံးက လေလွင့်ကြောင်တွေပါ။ လူသားတွေက စွန့်ပစ်ခဲ့တာကြောင့် သူတို့ဘာသာ ရပ်တည်နေကြရတယ်။ အရင်တုန်းက သူတို့ကို အဖွားအိုတစ်ဦး ကျွေးမွေးခဲ့ပေမဲ့ လွန်ခဲ့တဲ့နှစ်လလောက်တုန်းက သူ ဆိုးဆိုးဝါးဝါး နာမကျန်းဖြစ်ခဲ့တာကြောင့် သူ့ရဲကလေးတွေက အတူနေဖို့ ပြန်ခေါ်သွားခဲ့ကြတယ်။ အဲ့ဒီနောက်ပိုင်းမှာ ဒီကြောင်တွေက သူတို့ဘာသာ ရပ်တည်နေရပြီး သူတို့ကို ဘယ်သူကမှ ဂရုမစိုက်ကြတော့ဘူး။ ဝေါ့.... "

အဲလီဇဘက် စကားဆုံးသောအခါတွင် သွေးတစ်လုတ် ထပ်မံကာအန်လိုက်လေသည်။ ကျောက်ယောင် စိုးရိမ်စွာဖြင့် ဆိုလိုက်သည်..." မပြန်ခင်မှာ တိရိစ္ဆာန်ဆေးကုခန်း သွားဖို့ကို ငါမပြောရသေးဘူးလား "

အဲလီဇဘက်က ပါးစပ်အား လျှာဖြင့်သပ်ကာ ခေါင်းမာစွာဖြင့် တုန့်ပြန်လေသည်..." ငါ အဆင်ပြေပါတယ်။ သနားစရာကောင်းတဲ့ ဒီကြောင်လေးတွေအတွက် တစ်ခုခုလုပ်ကြရအောင်။ မြို့ဆိုတာ လေလွင့်ကြောင်တွေအတွက် အန္တရာယ်များတဲ့ နေရာတစ်ခုပဲ။ နေရာအနှံ့မှာ ကားတွေ ၊ လျှစ်စစ်ကြိုးတွေ ၊ အဆိပ်ပါတဲ့အရာတွေ ၊ တိရိစ္ဆာန်ညှင်းပန်းနှိပ်စက်သူတွေလိုမျိုး သူတို့ကို အလွယ်တကူ သတ်ပစ်နိုင်တဲ့ ဘေးအန္တရာယ်တွေ ရှိတယ်။ ငါ့အနေနဲ့ ဒီနေရာမှာ ပုန်းအောင်းနေပြီး နေ့စဥ်စားဖို့အတွက် အစားအစာတွေ လုံလောက်အောင်ရှာဖို့ကလွဲပြီး အခြားရွေးချယ်စရာ မရှိခဲ့ဘူး။ တစ်ခါတစ်လေမှာ ငါတို့က လူသားတွေရဲ့ မလိုလားအပ်တဲ့ အာရုံစိုက်မှုတွေကို ဖမ်းစားမိခဲ့တာကြောင့် ငါက အစွမ်းကုန်သုံးပြီး လူသားတွေကို ခြောက်လှန့်မောင်းထုတ်နေခဲ့ရတာပဲ "

အဲလီဇဘက်က စကားဆိုနေရင်းဖြင့် ကျောက်ယောင်အား တောက်ပသော မျက်ဝန်းများဖြင့်ကြည့်ကာ...." သူတို့တွေကို ဂရုစိုက်ပေးပြီး အခြေချနိုင်အောင် ကူညီပေးပါ။ ဒါက ငါ့ရဲ့ပထမဆုံးတောင်းဆိုမှုပဲ "

အပိုင်း ၁၇

လေလွင့်ကြောင်

ကျောက်ယောင်သည် မြေအောက်ခန်းထဲရှိ လေလွင့်ကြောင် တစ်ဒါဇင်ခွဲခန့်ကို စူးစိုက်ကြည့်ကာ မေးစေ့အားပွတ်၍ တွေးနေလေသည်...” ငါ့ရဲ့ ငွေရေးကြေးရေး အခြေအနေအရဆိုရင် လေလွင့်ကြောင် တစ်ဒါဇင်လောက်ကို ကျွေးမွေးစောင့်ရှောက်ဖို့က ပြဿနာမရှိပေမဲ့ အဲလီဇဘက်မှာ ပြဿနာရှိနေတယ်။ သူပြောတဲ့ အခြေချပေးဆိုတဲ့ စံနှုန်းက ဘာလဲဆိုတာ ငါလဲ သေချာမသိဘူး “

ရုတ်ခြည်းမှာပင် ကျောက်ယောင်သည် တာဝန်အချိန် နီးကပ်လာသည်ကို သတိရသွားလေ၏...” ဒီတာဝန်အတွက် အချိန်အကန့်အအသတ်က ကျဥ်းမြောင်းလွန်းတယ်။ အခုက ညဆယ်နာရီဆိုတော့ မနက်ဖြန်ည သန်းခေါင်ယံအချိန်ကိုရောက်ဖို့ ၂၅ နာရီပဲ လိုတော့တယ် “

“ ငါတို့သာ တာဝန်မပြီးမြောက်ဘူးဆိုရင် ခြောက်လလောက်အထိ အတွေ့အကြုံအမှတ်တွေ ရနိုင်မှာမဟုတ်ဘူး။ ငါတို့ အမြန်လုပ်ရမယ် “ ထိုအတွေးကြောင့် ကျောက်ယောင်မှာ ပိုမို၍ပင် အလျင်လိုလာရသည်။

သူ အဲလီဇဘက်ကိုကြည့်ကာ မေးခွန်းထုတ်လိုက်သည်...” အခြေချပေးရမယ်ဆိုတာနဲ့ ပတ်သတ်ပြီးတော့ မင်းမှာ တောင်းဆိုစရာရှိလား “

အဲလီဇဘက် ခေါင်းငုံ့ကာ ရွေရွတ်လိုက်သည်...” ကောင်းပြီလေ... နင်တို့က သူတို့က ကျန်းကျန်းမာမာ နေထိုင်နိုင်ဖို့အတွက် လုံလောက်တဲ့ အစာနဲ့ရေ ထောက်ပံ့ပေးတာ ဒါမှမဟုတ် သူတို့ကို ကျွေးမွေးပြုစုဖို့အတွက် ချစ်ခင်လိုလားတဲ့ ပိုင်ရှင်ကို ရှာဖွေပေးတာမျိုး လုပ်ပေးရမယ် “

“ ကောင်းပြီ... နားလည်ပြီ။ အနည်းဆုံးတော့ ဒီကိစ္စအတွက် ငါ မင်းကို ကတိပေးနိုင်တယ် “ ကျောက်ယောင် ခေါင်းညိတ်ကာ တုန့်ပြန်သည်... “ အရင်ဆုံး သူတို့ကို ကျွေးမွေးဖို့အတွက် ငါ့အိမ်ကို ခေါ်သွားလိုက်မယ်။ ဒါနဲ့ မင်းရဲ့ ဒုတိယတောင်းဆိုမှုက ဘာများလဲ “

ထိုစကားကြောင် လီဟွား ဒေါသထွက်သွားကာ ကျောက်ယောင်၏ စိတ်အထဲတွင် ဟစ်အော်လိုက်သည်...” ကျောက်ယောင်...မင်း ငါ့ကို လာနောက်နေတာလား။ မင်းက အနံ့အသက်မကောင်းတဲ့ ဒီကောင်တွေကို ငါတို့အိမ်ထဲ ဝင်ခွင့်ပေးမလို့လား “

ကျောက်ယောင်၏စိတ်ထဲတွင် အတွေးတစ်ခု ရုတ်တရက်ဖြစ်ပေါ်လာသည်။ ကြောင်များက ပိုင်နက်နယ်မြေရှိသည့် တိရိစ္ဆာန်များဖြစ်ပြီး သူတို့၏ပိုင်နက်နယ်မြေကို အလွန်တရာပင် ကာကွယ်တတ်ကြပေသည်။ အဖွဲ့တစ်ခုအနေဖြင့် ကြီးပြင်းလာသူများ မဟုတ်ပါက ကြောင်များသည် အဖွဲ့ထဲသို့ အသစ်ဝင်လာသူများကို အလွန်တရာပင် ရန်လိုတတ်ကြသည်။

အဖွဲ့ဝင်အသစ်ကို အချို့က မရပ်မနား မာန်ဖီဟစ်အော်ခြင်း အချို့က ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာရစေခြင်းများ လုပ်ဆောင်ကြပေလိမ့်မည်။ အချို့က မစားမသောက်ဘဲပင် နေကြပေ၏။ ၎င်းတို့က အခန်းထောင့်တွင် ပုန်းအောင်းနေကာ မလှုမ်မယှက်ရှိနေမည်ဖြစ်ပြီး မကျေမချမ်းမှုများ တိုးပွားလာကြပေလိမ့်မည်။

ထို့အပြင် အဖွဲ့ဝင်အသစ် တစ်ဒါဇင်ကျော်ကို အပထား၍ အဖွဲ့ဝင်သစ်တစ်ကောင် တိုးလာခဲ့လျှင်ပင် ကြီးစွာသောဂယက်ရိုက်မှုကို ဖြစ်စေပေလိမ့်မည်။

ကျောက်ယောင်က အာမခံသောလေသံဖြင့် ပြန်ဖြေလိုက်လေသည်...” အေးဆေးပေါ့... သူတို့က ယာယီပဲ နေကြမှာပါ။ ပြီးတော့ သူတို့အတွက် အခန်းတစ်ခုပဲ သုံးပေးမှာလေ။ ငါက သူတို့တွေအတွက် ပိုင်ရှင်ရှာပေးမှာပါ “

သူ့တွင် ၂၅ နာရီသာ ကျန်တော့သည်ဖြစ်ပြီး အဲလီဇဘက်က အပေးအယူ လက်ခံလာစေရေးအတွက် သူ မည်သည့်အရာမဆို လုပ်ဆောင်မည်ဖြစ်ပေသည်။

လီဟွားက ဒေါသထွက်နေဆဲဖြင့်ပင်...” ဒါဆိုရင် သူတို့ရဲ့ သေးနဲ့မစင်တွေကို ဘယ်လိုလုပ်မှာလဲ။ သူတို့ရဲ့ ညစ်ပတ်တဲ့အနံ့တွေနဲ့ အမွေးတွေကြောင့် မကြာခင်မှာ တစ်ခန်းလုံး အပုပ်နံ့ထွက်လာလိမ့်မယ် “

“ စိတ်ချစမ်းပါ... သူတို့ အခန်းတစ်ခုထဲမှာပဲ နေအောင်လို့ ငါ သေချာလုပ်မှာပါ “ ကျောက်ယောင်သည် သူ၏ခြေထောက်ကို ပတ်ချာလည် ပတ်နေကြသည့် ကြောင်ပေါက်သုံးကောင်ကို ကြည့်လိုက်လေသည်။ အံ့အားသင့်စရာကောင်းသည်မှာ ထိုအထဲမှ တစ်ကောင်သည် မီးခိုးရောင် ဗြိတိန်မွေးတိုအမျိုးဖြစ်ပြီး ၎င်း၏အတုမဲ့သော မီးခိုးရောင်အမွေးများ စုကာလုံးနေကြပေသည်။ ၎င်း၏ ဝိုင်းစက်သော မျက်ဝန်းများက ကျောက်ယောင်ကို စူးစမ်းဟန်ဖြင့် စူးစိုက်ကြည့်နေပေသည်။

ဗြိတိန်မွေးတိုကြောင်သည် မျိုးကောင်းမျိုးသန့် ကြောင်များထဲတွင် ပါဝင်နေသည်ဟု ပြော၍ရလေပြီး တန်ဖိုးသည် ဒေါ်လာသောင်းချီခန့်အထိ ရှိပေသည်။

ကျောက်ယောင် အဲလီဇဘက်ကိုကြည့်ကာ သက်ပြင်းချလိုက်ပြီး...” ဗြိတိန်မွေးတိုကြောင်နဲ့ ရတ်ဒေါလ်တို့တောင် လေလွင့်ကြောင်တွေ ဖြစ်နေရတာပါ့လား။ မင်းတို့ရဲ့ပိုင်ရှင် အတော်လေးကို ချမ်းသာရလိမ့်မယ် “

အဲလီဇဘက်က တုန့်ပြန်သည်... “ ငါက လမ်းပေါ်ကို ကိုယ့်ဘာသာ ထွက်လာခဲ့တာလေ။ သရက်သီးလေးကတော့ .....”

အဲလီဇဘက်က ဗြိတိန်မွေးတိုကြောင်၏ နွေးထွေးသော မျက်ဝန်းများကို တစ်ချက်ကြည့်ကာ ဆိုလိုက်လေသည်...” သူက ခြေဦးတည့်ရာ ထွက်ပြေးလာရင်းနဲ့ လမ်းပျောက်နေတာပဲ ဖြစ်ဖို့များတယ် “

အဲလီဇဘက် စကားပြောနေရင်းဖြင့် သွေးတစ်လုတ် ထပ်အန်လိုက်ပြန်သည်။

ကျောက်ယောင် ကမန်းကတန်း တုန့်ပြန်လိုက်လေသည်...” ဟေ့.. ဒါက မဖြစ်သေးဘူးနော်။ အခု အနီးဆုံးမှာရှိတဲ့ တိရိစ္ဆာန်ဆေးခန်းဆီကို အမြန်ဆုံးသွားကြမလား။ မင်း အချိန်မရွေး အသက်ဆုံးရှုံးသွားမှာကို ငါစိုးရိမ်မိတယ် “

“ ငါ အဆင်ပြေပါတယ် “ အဲလီဇဘက် စကားပြောလိုက်ချိန်မှာပင် သွေးတစ်လုတ် ထပ်မံကာအန်လိုက်ရလေသည်။ အဲလီဇဘက် အသက်ဆုံးရှုံးသွားမည်ကို ကျောက်ယောင် စိုးရိမ်သွားရလေ၏။ အဲလီဇဘက်က ဆိုသည်...” အရင်ဆုံး ကြောင်တွေကို တိရိစ္ဆာန်ဆေးခန်း ခေါ်သွားလိုက်ပါ။ နင်လဲ သူတို့တွေကို တိရိစ္ဆာန်ဆေးခန်း ခေါ်သွားလိမ့်မယ်လို့ ငါထင်ပါတယ် “

“ သိပြီ... ငါ မင်းပြောသလို လုပ်လိုက်မယ် “ ကျောက်ယောင် ခေါင်းညိတ်ကာ ကြောင်များကို တိရိစ္ဆာန်ဆေးခန်းသို့ ပို့ရန်အတွက် ကားငှားရန်သွားခဲ့လေသည်။ သို့သော် တက္ကစီများ တစ်စီးပြီးတစ်စီး ဖြတ်သန်းသွားကြသော်လဲ မည်သူကမျှ ကြောင်များစွာကို တင်လိုခြင်းမရှိကြပေ။

သူတို့ နာရီဝက်နီးပါးခန့် စောင့်လိုက်ရပေသည်။ အချိန်ကုန်လာသည်နှင့်အမျှ တာဝန်အချိန်လဲ တိုတောင်းလာပေသောကြောင့် ကျောက်ယောင် မယိုးမယွဖြစ်လာရသည်။

ကျောက်ယောင် လေးစီးမြောက်တက္ကစီကို တားခဲ့ချိန်တွင်မူ ကားမောင်းသမားကို ချက်ချင်းပင် ဈေးပေးပြောဆိုခဲ့လေသည်...” ခင်ဗျား ဒီကြောင်တစ်အုပ်ကို တိရိစ္ဆာန်ဆေးခန်း ခေါ်သွားပေးမယ်ဆိုရင် ကျွန်တော်က ယွမ်တစ်သောင်းပေးမယ် “

ကားမောင်းသမားက သဘောတူခဲ့ကာ တိရိစ္ဆာန်ဆေးခန်းသို့ မောင်းပို့ပေးခဲ့လေသည်။

ကြောင်ပေါက်စ သုံးကောင် ၊ အရွယ်ရောက်ပြီး ကြောင် ၁၅ ကောင် ၊ အဲလီဇဘက်နှင့် လီဟွားတို့လဲ ပါပေသည်။ ကျောက်ယောင်က ကြောင်အကောင်နှစ်ဆယ်ကို ကြယ်စင်တိဆေးရုံသို့ ပို့ပေးခဲ့လေသည်။

သူနာပြုသည် ကြောင်အကောင်နှစ်ဆယ်ကို ဆေးရုံထဲသို့ ခေါ်လာသည်အား တအံ့တဩကြည့်ကာ ဆိုလိုက်လေသည်...” မစ္စတာ...ဒီ...ဒီမှာ ဘာတွေဖြစ်နေတာလဲ။ ကျွန်မ စိတ်မကောင်းပါဘူး။ ကျွန်မတို့က လေလွင့်ကြောင်တွေကို အထဲဝင်ကြည့်ခွင့် မပေးပါဘူးရှင့် “

ကျောက်ယောင်က လိုရင်းကိုသာ ဆိုလိုက်သည်...” ကျွန်တော်က အဲ့ဒီကိစ္စအတွက် ရောက်လာတာမဟုတ်ဘူး။ ကျွန်တော်က ဒီကြောင်တွေအားလုံးကို ကျွေးမွေးစောင့်ရှောက်ချင်တာဆိုတော့ ခင်ဗျားတို့ရဲ့ အကူအညီကို လိုအပ်တယ်။ ဒီကြောင်တွေကို စမ်းသပ်စစ်ဆေးပေးပြီး လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ လုပ်ပေးပါ “

“ ဒီလောက်များတာလား “ သူနာပြုက အံ့ဩတကြီးဖြင့် တုန့်ပြန်လိုက်သည်...” ကျွန်မ လုပ်ပေးချင်ပါတယ်။ ဒါပေမဲ့ လူအင်အားက အကန့်အသတ်ရှိနေသလို ဒေါက်တာကလဲ အလုပ်ဆင်းသွားပြီလေ “

“ ဒါဆိုလဲ ဒေါက်တာကို ပြန်ခေါ်လိုက်လေ “ ကျောက်ယောင် မောက်မာစွာဖြင့် လက်ခါပြကာ...” ပိုက်ဆံအတွက်က ပြဿနာမရှိဘူး။ ကျွန်တော်က ဒေါက်တာရဲ့ အချိန်ပိုကြေးကိုလဲ ပေးမှာပါ “

သူနာပြု အနည်းငယ် တုန်လှုပ်သွားကာ...” ဒါက ငွေကြောင့် မဟုတ်ပါဘူး...”

“ ဒါက ငွေကြောင့်ပါပဲ “ ကျောက်ယောင် နာရီကိုကြည့်လိုက်ရာ ညဆယ့်တစ်နာရီနီးပါး ရှိနေပြီဖြစ်ကြောင်း သိရှိသွားခဲ့သည်။ ကျောက်ယောင် ပိုမိုဆန္ဒစောလာကာ သူနာပြု၏လက်ထဲသို့ ယွမ်ငါးရာ ထည့်ပေးလိုက်ပြီး...” ဒါက ငွေနည်းနည်းပဲရှိသေးတယ်။ မင်းတို့ဆီမှာရှိတဲ့ အကောင်းဆုံးနဲ့ ဈေးအကြီးဆုံး ဆေးဝါးစစ်ဆေးမှုတွေ လုပ်ပေးပါ။ ပြီးရင် ဒေါက်တာကိုလဲ သူသာ လာခဲ့မယ်ဆိုရင် ကျွန်တော်က အချိန်ပိုကြေး ယွမ်နှစ်သောင်း ပေးမယ်လို့ ပြောလိုက်ပါ “

သူနာပြု ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ကာ...” ရှင် အတည်ပြောနေတာလား “

“ ငါ ဒီ့ထက်ပိုပြီး အတည်မပြောတတ်တော့ဘူး။ မင်း မယုံဘူးဆိုရင် ငါ အခုချက်ချင်း ယွမ်ငါးသောင်း လွှဲပေးလိုက်မယ် “

နာရီဝက်အကြာတွင် အမျိုးသားငယ်နှင့် အမျိုးသမီးငယ် ဒေါက်တာနှစ်ဦး ဆေးရုံထဲသို့ အပြေးရောက်လာကြသည်။ အမျိုးသမီးဒေါက်တာသည် လှပလေပြီး အသားအရေက နှင်းကဲ့သို့ပင် ဖြူဖွေးစင်ကြယ်သည်။ သူမက တိကုဆရာဝန်အစား ထောင်းပေါင် မော်ဒယ်လ်တစ်ဦးနှင့်ပင် ပိုမိုဆင်တူသည်။

သူမ၏ကုတ်အဖြူ၏အောက်တွင် အနက်ရောင် ခြေအိတ်ရှည်ကို ဝတ်ဆင်ထားပေသည်။ ကျောက်ယောင်မှာ သူမကို တစ်ချက်ခိုးကြည့်မိလိုက်ပေ၏။

အမျိုးသမီးဒေါက်တာက ကျောက်ယောင်ဆီသို့ လျှောက်လာကာ ဆိုလိုက်သည်... “ ဟိုင်း... ကျွန်မက ဒေါက်တာလျိုပါ။ ကျွန်မက ဒီဆေးရဲ့က ဒေါက်တာတစ်ဦးပါ။ ဒီအချိန်ကျမှ ကျွန်မတို့ကို ခေါ်လိုက်တဲ့သူက ရှင်လား “

“ အင်း ကျွန်တော် ခေါ်လိုက်တာပါ “ ကျောက်ယောင် ခေါင်းညိတ်ကာ ဆက်ပြောလေသည်... “ ကျွန်တော် ဒီလေလွင့်ကြောင်လေးတွေကို တွေ့ခဲ့ရတာကြောင့် သူတို့ကို ကျွေးမွေးစောင့်ရှောက်.....”

“ ရှင် ဘာလုပ်ဖို့ စီစဥ်ထားတယ်ဆိုတာကို ကျွန်မ မသိချင်ဘူး။ ကျွန်မ စိတ်မဝင်စားဘူး “ ဒေါက်တာလျိုက အပြတ်ပြောကာ ဆိုလေသည်...” ရှင်က ကျွန်မတို့ကို အချိန်ပိုကြေး ယွမ်နှစ်သောင်းပေးမယ်လို့ ပြောခဲ့တာလား “

“ ကျွန်တော်က ခင်ဗျားတို့နှစ်ယောက်လုံးအတွက် ယွမ်နှစ်သောင်းပေးမယ်လို့ ဆိုလိုခဲ့တာပဲ။ အဲ့ဒါကို မေ့လိုက်ပါတော့။ ကျွန်တော်က ခင်ဗျားတို့ တစ်ယောက်ချင်းစီကို ယွမ်နှစ်သောင်း ပေးမယ် “

ကျောက်ယောင်၏စကားကြောင့် ဒေါက်တာလျို၏ အမူအရာကင်းမဲ့သော မျက်နှာထက်တွင် တောက်ပသော အပြုံးတစ်ခု ပေါ်ထွက်လာကာ...” ကောင်းပါပြီ ကောင်းပါပြီ။ စိတ်ချပါ ကျွန်မတို့ ချက်ချင်းဆောင်ရွက်ပါ့မယ်။ ကျွန်မတို့ ကြယ်စင်တိဆေးရုံက နည်းပညာ ၊ ကျွမ်းကျင်မှုနဲ့ ဆေးဝါးတွေကို ထိပ်တန်းအဆင့် ဆေးဘက်ဆိုင်ဝန်ဆောင်မှုတွေပဲ ပေးပါတယ် “

သူမ စကားဆိုနေရင်းဖြင့် သူနာပြုကို လက်ပြကာ...” ရှောင်းန... ဘာတွေစောင့်နေတာလဲ။ ကာစတန်မာအတွက် လက်ဖက်ရည်တစ်ခွက် ယူလာခဲ့လေ “

“ ကောင်းပါပြီ... ကျွန်မတို့ရဲ့ အဖွဲ့ဝင်အစီအစဥ်နဲ့ မိတ်ဆက်ပေးပါရစေ “

ဒေါက်တာလျိုက ကျောက်ယောင်၏ပခုံးကို ပုတ်ကာ ဆိုလိုက်လေသည်... “ ဒီနေ့ခေတ်မှာ ရှင့်လို ကြောင်တွေအများကြီးကို ကျွေးမွေးစောင့်ရှောက်ချင်တဲ့ ကြင်နာတတ်တဲ့သူတွေ အရမ်းနည်းနေပြီဆိုတော့ ရှင့်အနေနဲ့ ဘာကြောင့်များ ကျွန်မတို့ရဲ့ အဖွဲ့ဝင်အဖြစ် မဝင်ရတာလဲ။ ရှင် ယွမ်တစ်ထောင် အသုံးပြုချိန်တိုင်းမှာ ယွမ်နှစ်ရာ ပြန်ရမယ်။ ယွမ်ငါးထောင် သုံးခဲ့ရင် ယွမ်နှစ်ထောင် ပြန်ရမယ်။ ဒီလောက် ကြောင်တွေအများကြီးနဲ့ဆို အနာဂတ်ကျရင် ရှင်က သားကြောဖြတ်တာ ၊ ကာကွယ်ဆေးထိုးတာ ၊ ပိုးမွှားပြဿနာတွေ ဂရုစိုက်ပေးတာတွေ လုပ်ချင်လာမှာကို ​ကျွန်မ အတပ်သိတယ်။ ရှင်သာ အဖွဲ့ဝင်အဖြစ် ဝင်ထားမယ်ဆိုရင် ငွေတွေ ဘယ်လောက်အထိ သက်သာသွားလိမ့်မလဲ “

ကျောက်ယောင်က စိတ်ဝင်စားဟန်မရှိသော်လဲ အမျိုးသမီးဒေါက်တာ၏ စွဲမက်ဖွယ်ရာ ခြေတံအစုံကို ငမ်းနေခြင်းကိုမူ မရပ်ခဲ့ပေ။ ကျောက်ယောင်က ငွေထုတ်ပေးမည့် စက်တစ်လုံးသာ ဖြစ်ချေသည်။

ဒေါက်တာနှစ်ဦးက ကြောင်များကို တစ်ကောင်ပြီးတစ်ကောင် စတင်ကုသပေးလေသည်။ ကြောင်များကို အလေးချိန်တိုင်းခြင်း ၊ အပူချိန်တိုင်းခြင်း ၊ သွေးထုတ်ယူကာ စစ်ဆေးခြင်းများ လုပ်ဆောင်ကြသည်။ နေရာတစ်ခုလုံး ရှုပ်ထွေးနေကာ ကြောင်ဆယ့်ရှစ်ကောင်သည် နေရာအနှံ့တွင် ကြောက်လန့်တကြား ထွက်ပြေးနေကြလေ၏။ ကံကောင်းစွာဖြင့်ပင် သူနာပြုနှစ်ဦးက အချိန်ပိုဆင်းလာခဲ့ပေသောကြောင့် အခြေအနေကို ထိန်းချုပ်ရာ၌ ကြီးစွာပင် အကူအညီဖြစ်စေခဲ့သည်။

ကျောက်ယောင်က အဲလီဇဘက်ကို လက်ညှိုးထိုးပြကာ ဆိုသည်...” ဒီကြောင်က သွေးတွေ ဆက်တိုက်အန်နေတယ်။ ကျေးဇူးပြုပြီး သူ့ကို လိုအပ်တဲ့စစ်ဆေးမှုတွေ လုပ်ပေးလို့ရမလား “

ဒေါက်တာများသည် ကျောက်ယောင်၏လက်ထဲမှ ရတ်ဒေါလ်ကို သတိပြုမိခဲ့သည်မှာ ကြာခဲ့ပေပြီ။ ဒေါက်တာလျိုက မထိန်းနိုင်တော့ဘဲ မေးလိုက်လေသည်...” ဒီကြောင်ကို ကြိုးနဲ့ချည်ထားတာ အဆင်ပြေပါ့မလား “

ကျောက်ယောင်က တုန့်ပြန်လိုက်သည်...” ဒီကြောင်က စရိုက်ဆိုးတာကြောင့် ဒီအတိုင်းပဲ စမ်းသပ်မှုလုပ်လိုက်ပါ “

ကျောက်ယောင်၏စိတ်ထဲတွင် အဲလီဇဘက်၏အသံ ထွက်ပေါ်လာသည်...” ရပ်စမ်း... ငါ စမ်းသပ်မှုမလုပ်ချင်ဘူး။ ငါ လုံးဝအဆင်ပြေတယ်။ ငါ့မှာ ဘာပြဿနာမှမရှိဘူး “

“ ဟေ့... မင်း သွေးအန်နေတာတောင် ငါ့ကို အဆင်ပြေတယ်ဆိုပြီး လာမပြောနဲ့နော်။ စမ်းသပ်မှုသာ လုပ်လိုက်စမ်းပါ။ မင်း ငါ့လက်ထဲမှာ သေဝံ့လို့လား “

“ မဟုတ်ဘူး ငါ...” အဲလီဇဘက် ချောင်းဆိုးကာ သွေးတစ်လုတ် ထပ်အန်လိုက်ရသည်။

“ ငါ တကယ်ကို အဆင်ပြေပါတယ် “

ကျောက်ယောင် ကြမ်းပြင်ပေါ်ရှိ သွေးကွက်ကို စူးစိုက်ကြည့်နေပြီး အစိုင်အခဲအချို့ကို သတိပြုမိသွားကာ...” သောက်ကျိုးနည်း... ကျေးဇူးပြုပြီး မင်းရဲ့ကိုယ်တွင်းအင်္ဂါတွေ အန်ထုတ်နေတယ်လို့ ငါ့ကို မပြောနဲ့နော် “

“ ဒေါက်တာ... ဒီကြောင်ကို အမြန်စစ်ဆေးကြည့်ပေးပါဦး။ အဲ့ဒါက တကယ်ပဲ ဒီကြောင်ရဲ့ အဆုတ်တွေလား “

ဆေးကုသသူတစ်ဖွဲ့သည် အဲလီဇဘက်ကို ခွဲစိပ်ခုတင်ပေါ်တွင် တင်လိုက်ကြပြီး သူနာပြုတစ်ဦးက အဲလီဇဘက်၏အနောက်တွင် သာမိုမီတာတစ်ခု ထိုးထည့်လိုက်လေသည်။

အဲလီဇဘက်၏ မျက်ဝန်းများ ဒေါသရောင် တောက်ပလာပေသောကြောင့် ကျောက်ယောင်က ချက်ချင်းပင် အမိန့်ပေးလိုက်သည်...” မင်း စိတ်ငြိမ်ငြိမ်ထားပေးလို့ရမလား။ မင်းသာ အလျင်စလိုနဲ့ တစ်ခုခုလုပ်ခဲ့မယ်ဆိုရင် ငါက ဒီကြောင်တွေကို ကျွေးမွေးစောင့်ရှောက်မှာ မဟုတ်တော့ဘူး “

အဲလီဇဘက်က ကျောက်ယောင်ကို မျက်စောင်းထိုးလိုက်သော်လဲ တဖြည်းဖြည်းချင်းဖြင့် စိတ်ရှည်ရှည်ထားရန်သာ ရွေးချယ်ခဲ့ပေသည်။

ကျောက်ယောင်၏ ပခုံးထက်တွင်ရပ်နေသည့် လီဟွားက အဖြစ်အပျက်များကို ကြည့်ကာ ဟားတိုက်ရယ်မောနေလေသည်။

လီဟွားနှင့် ကျောက်ယောင်တို့ နံဘေးမှ ဖြတ်သွားသည့် သူနာပြုတစ်ဦးက မေးလိုက်လေသည်...” ကျွန်မတို့က ဒီကြောင်ကို ဘာလုပ်ပေးရမလဲ “

ကျောက်ယောင် ပြုံးကာ တုန့်ပြန်လိုက်သည်...” ကောင်းပြီလေ.. ဒီနေရာကို ရောက်နေပြီဆိုမှတော့ သူ့ကိုပါ စစ်ဆေးကြည့်လိုက်ပါ။ သူ ဒီနှစ်အတွက် ကာကွယ်ဆေးမထိုးရသေးဘူးလို့ ထင်တာပဲ “

“ ကျောက်...ယောင်...”

အပိုင်း ၁၈

ရှာဖွေကြခြင်း

ပလောက်...ပလောက်... ပလောက်...။

ပိတ်ပိန်းမဲမှောင်နေသော အခန်းထဲတွင် ရေစက်ကျသံများ ထွက်ပေါ်နေသည်။

အသက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးသည် ခြေထောက်နှင့်ပါးစပ်တို့ ကြိုးချည်ခံထားရပြီး နံရံထက်တွင် ဇောက်ထိုးဆွဲကာ ကြိုးချည်ခံထားရပေ၏။

သူမ၏လည်ပင်းတွင် လက်မဝက်ခန့်ရှည်သော လှီးဖြတ်ရာတစ်ခုရှိပြီး လတ်​ဆတ်သော ဒဏ်ရာထံမှ နီရဲသော သွေးစီးကြောင်းတစ်ခုသည် သူမ၏ဦးခေါင်းနောက်တွင် စုကာကျဆင်းလာပြီး သွေးအိုင်တစ်ခု ဖြစ်ပေါ်နေပေသည်။

အမျိုးသမီး၏မျက်ဝန်းတွင် ကြောက်ရွံ့ထိတ်လန့်ဟန်များ ပြည့်နှက်နေသည်။ သူမ ရုန်းကန်နေသော်လဲ တင်းကျပ်စွာချည်ထားသည့် ကြိုးထံမှ လွတ်မြောက်နိုင်ခြင်းမရှိပေ။

သူမ၏ရှေ့တွင် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ရှိနေလေပြီး သူမ၏နှုတ်ခမ်းပေါ်တွင် လက်ညှိုးတင်ကာ တိတ်တိတ်နေရန် အချက်ပြနေသည်။

“ မရုန်းနဲ့ အချစ်လေး... မင်း ပိုပြီးရုန်းလေလေ သွေးတွေပိုထွက်လာလေလေဖြစ်ပြီး အသက်ဆုံးရှုံးတာ ပိုမြန်သွားလိမ့်မယ် “

ထိုအခိုက်တွင် အမျိုးသမီး၏မျက်ဝန်းတွင် မျက်ရည်များထွက်လာကာ မျက်နှာထက်တွင် တသွင်သွင်စီးကျလာသည်။ သူမသည် အမျိုးသားကို ကြည့်နေလျက်ရှိပြီး သူမ၏မျက်ဝန်းတွင် သနားစဖွယ်ဟန်နှင့် ထိတ်လန့်ဟန်များ ဖြစ်ပေါ်နေသည်။

“ ငါ့ကို အသနားမခံနဲ့။ မင်း ညှဥ်းပန်းနှိပ်စက်ခဲ့တဲ့ ကြောင်တွေကို သနားခဲ့ဖူးလား။ မင်းက ငါ့ကို လုပ်ပြနေတဲ့အတိုင်း သူတို့လဲ အသနားမခံခဲ့ကြဘူးလား “ အမျိုးသားက ခပ်ဟဟရယ်မောကာ နှုတ်ခမ်းအား လျှာဖြင့်သပ်လိုက်ပြီး အမျိုးသမီး၏ နားရွက်နားတွင် တီးတိုးဆိုလိုက်သည်...” သားကောင်တစ်ကောင်က မုဆိုးနဲ့ တွေ့နေချိန်မှာဆိုရင် အဲ့ဒီသားကောင်မှာ အသနားခံပိုင်ခွင့်မရှိဘူး “

အမျိုးသားက အမျိုးသမီး၏ ရှေ့တည့်တည့်တွင် ထိုင်ချလိုက်ပြီး တစက်စက်ကျနေသည့် လတ်ဆတ်သည့်သွေးများကို စူးစိုက်ကာ ကြည့်လိုက်လေသည်။ အမျိုးသမီး၏ မျက်ဝန်းထဲမှ ကြောက်ရွံ့ထိတ်လန့်မှုများက မုန်းတီးမှုအဖြစ် ပြောင်းလဲသွားပြီး တဖြည်းဖြည်းချင်းဖြင့် စိတ်ပျက်အားငယ်မှုများ ဖြစ်သွားသည်ကို သူ မြင်လိုက်ရသည်။

အမျိုးသား၏ မျက်ဝန်းများ တောက်ပသွားပြီး နှုတ်ခမ်းအားတွန့်ကွေးကာ စက်ဆုပ်ဖွယ်ရာ ပြုံးလိုက်လေသည်။

“ မင်းက ကြောင်တွေကို နှိပ်စက်ညှဥ်းပန်းရတာ သဘောကျပြီး ငါကတော့ လူတွေကို နှိပ်စက်ညှဥ်ပန်းရတာ သဘောကျတယ်။ မင်းသာ ဒီနှိပ်စက်ညှဥ်းပန်မှုကနေ အသက်ရှင်နိုင်ခဲ့မယ်ဆိုရင် ငါတို့တွေက မိတ်ဆွေကောင်းတွေ ဖြစ်လာလောက်မှာပါ “

ထိုအခိုက်တွင် တံခါးခေါင်းလောင်း မြည်လာပေ၏။ အမျိုးသားက ခေါင်းလှည့်ကြည့်လိုက်ရာ တံခါးဝတွင် သူနှင့်ရုပ်ရည်ဆင်တူသော အမျိုးသားတစ်ဦးကို မြင်လိုက်ရသည်။

တံခါးဝမှ အမျိုးသားက ဇောက်ထိုးဆွဲခံထားရသော ဇနီး၏အောက်မှ သွေးကွက်ကို အကြည့်ရောက်သွားကာ သူ၏မျက်နှာ သွေးဆုတ်ဖြူလျော်သွားပြီး ထိတ်လန့်ချောက်ချားကာ မလှုပ်နိုင်ဖြစ်နေသည်။

သူ အော်သံမပြုနိုင်မီမှာပင် ရင်ဘက်တွင် စူးရှသောနာကျင်မှုကို ခံစားလိုက်ရပြီး ကြောက်စိတ်များ ပျံ့နှံ့သွားလေသည်။ အမျိုးသားက ယောက်ျားဖြစ်သူကို လည်ပင်းညှစ်ကာ နံရံတွင် ဖိကပ်ထားလိုက်လေသည်။

“ သွေးယိုစီးတာ... ခုတ်ပိုင်းတာ...မီး... အဆိပ်...လျှပ်စစ်ခုံနဲ့ အသေသတ်တာ “

“ မင်း သေသွားမယ်ဆိုရင် ဘယ်အရာကို အချစ်ဆုံးဖြစ်မလဲ “

………………..

တိဆေးရုံတွင် နာရီအနည်းငယ်ခန့် ကြိုးစားလုပ်ဆောင်ပြီးနောက်တွင် ကြောင်ဆယ့်ရှစ်ကောင် ၊ အဲလီဇဘက် ၊ လီဟွားတို့ကို စမ်းသပ်စစ်ဆေးပြီးသွားခဲ့သည်။

ဒေါက်တာက ကျောက်ယောက်ကို နှစ်သိမ့်ပေးလိုက်လေ၏...” လေလွင့်ကြောင်တွေမှာ ပိုးမွှားအနည်းငယ်နဲ့ အသေးစား အာဟာရချို့တဲ့တာလောက်ကလွဲပြီး ပြဿနာမရှိတဲ့ပုံပါပဲ။ အခု ကျွန်မတို့ ကာကွယ်ဆေးထိုးဖို့ လုပ်တော့မယ်။ ပြီးရင်တော့ ကျွန်မတို့တွေ နှုတ်ဆက်ကြတာပေါ့။ အထူးသဖြင့် ဒီကြောင်က အရမ်းကို ကျန်းမာရေးကောင်းတယ်။ အရေပြားတွေက တောင့်တင်းပြီးတော့ ကောင်းကောင်းဖွံ့ဖြိုးနေတယ်။ ရတ်ဒေါလ်ကတော့.....”

ကျောက်ယောင် မျက်လုံးပြူးသွားကာ... “ သူက ဘာဖြစ်လို့လဲ “

တာဝန်ပြီးမြောက်ရေးအတွက် အဲလီဇဘက်က အဓိကသော့ချက် ဖြစ်ပေသည်။ သူမသာ တစ်ခုခုဖြစ်သွားပါက နှစ်ဝက်ခန့်အထိ အတွေ့အကြုံအမှတ်များ ရနိုင်မည်မဟုတ်ပေ။ ယင်းအဖြစ်ကြောင့် ကျောက်ယောင် အလွန်တရာပင် စိုးရိမ်သွားရသည်။

အဲလီဇဘက်သည် ဒေါက်တာကို ခေါင်းလှည့်ကာ ကြည့်လိုက်လေ၏။ သူမက အဆင်ပြေသည်ဟု အမြဲတမ်းလိုပင် ပြောနေခဲ့သော်လဲ သူမ၏ ကိုယ်ပိုင်ကျန်းမာရေးအတွက် အလွန်စိုးရိမ်နေကြောင်း သိသာပေသည်။

ဒေါက်တာလျိုက တုန့်ပြန်လိုက်သည်...” ဒီ ရတ်ဒေါလ်က... အစားများလွန်းနေတယ် “

“ ဟမ်...” ကျောက်ယောင် ဇဝေဇဝါဟန် ဖြစ်သွားရသည်။

ဒေါက်တာလျို ခေါင်းယမ်းကာ ဆက်ပြောသည်...” ရတ်ဒေါလ်တွေမှာ ကောင်းမွန်တဲ့ အစာချေစနစ် မရှိဘူး။ ဒီရတ်ဒေါလ်ရဲ့ အစာအိမ်ထဲမှာ မကျတ်သေးတဲ့ အသားတွေ ၊ အရိုးတွေနဲ့ ပြည့်နေပြီးတော့ မူလအရွယ်အစားထက် သုံးဆလောက် ပိုကြီးနေတယ်။ အစားလွန်တာကြောင့် သူ အစာမကြေဖြစ်လာမှာဆိုတာ သံသယဖြစ်ဖို့မလိုဘူး။ အန်တယ်ဆိုတာ လုံးဝပုံမှန်ပါပဲ “

“ အန်...အန်တာတဲ့လား “ ကျောက်ယောင် စကားထစ်သွားရကာ...” ခင်ဗျား ဆိုလိုတာက.....”

“ သူ အန်လိုက်တာ သွေးတွေမဟုတ်ဘူး။ အဲ့ဒါက အစာမချက်နိုင်တဲ့ အစာတွေပဲ “

ဒေါက်တာလျိုက မျက်မှောင်ကုတ်၍ မြည်တွန်တောက်တီးလိုက်သည်...” နင်က ကြောင်ချစ်သူတစ်ဦးဖြစ်ပြီး ကြောင်တွေကို ချစ်တတ်တယ်ဆိုတာ ငါသိပါတယ်။ ဒါပေမဲ့ နင့်အနေနဲ့ သူတို့ကို ဘယ်တော့မှ တရားလွန်ကျွေးလို့မရဘူး။ အိမ်မွေးကြောင်တွေက အများသောအားဖြင့် သူတို့ကိုယ်သူတို့ ထိန်းချုပ်မှုအားနည်းတတ်ပြီး သူတို့ လိုအပ်တာထက် အများကြီးပိုပြီး စားကြလိမ့်မယ်။ ဆိုးတာက အားနည်းတဲ့ အစာချေစနစ်ရှိတဲ့ ရတ်ဒေါလ်တွေဆိုရင် အစာမကြေဖြစ်ဖို့ ပိုပြီးလွယ်ကူသွားစေတယ်လေ “

ကျောက်ယောင် လိုလိုလားလားပင် ခေါင်းညိတ်ကာ မေးလိုက်သည်...” ဒါဆို သူ အဆင်ပြေတယ်လို့ ဒေါက်တာက ပြောနေတာလား။ ပြီးတော့ အဲ့ဒါက သာမန်အစာမကြေဖြစ်တာပဲလား။ ကြီးကြီးမားမား မဖြစ်ဘူးမလား “

“ အင်း...”

ဒေါက်တာလျို အသာခေါင်းညိတ်ကာ...” စိတ်ချပါ... သူ အန်ထုတ်လိုက်တာတွေက အသားနဲ့အရိုးတွေပါ။ သူ့ရဲ့အစာချေစနစ်ကို ကုသဖို့အတွက် ကျွန်မက ဆေးဝါးတွေ ပေးလိုက်မှာပါ။ နောင်ကျရင် သူ့ကို အစာလျော့ကျွေးမယ်ဆိုရင် အဆင်သွားလောက်မှာပါ “

ကျောက်ယောင် အဲလီဇဘက်ကို မကျေမချမ်းကြည့်လိုက်သည်။

“ ဒီဟာလေးက လောဘကြီးလွန်းတာပဲ ဖြစ်ရမယ် “

အဲလီဇဘက်က တစ်ဖက်သို့ ခေါင်းလှည့်သွားကာ ကျောက်ယောင်နှင့် အကြည့်ဆုံခြင်းမပြုပေ။

အဲလီဇဘက် ရေရွတ်လိုက်သည်...” ငါ အဆင်ပြေပါတယ်လို့ နင့်ကို ပြောသားပဲ “

သူတို့က စိတ်ထဲတွင် ပြောနေကြခြင်းဖြစ်ပြီး သူတို့၏စကားများကို မည်သူကမျှ မကြားရပေ။

မနက်ဆယ်နာရီသို့ ရောက်ရှိနေပေပြီ။ ​ကြောင်ဆယ့်ရှစ်ကောင်ကို ကျောက်ယောင်၏အိမ်သို့ ပို့ဆောင်ထားခဲ့ပြီး ဖြစ်ပေသည်။ သူသည် အရွယ်ရောက်ပြီးသော ကြောင်ဆယ့်ငါးကောင်ကို အခန်းတစ်ခုတွင် နေရာချပေးခဲ့လေပြီး ကြောင်ပေါက်သုံးကောင်ကိုမူ အခြားအခန်းတစ်ခုထဲတွင် နေရာချပေးခဲ့သည်။

ကံကောင်းစွာဖြင့်ပင် ကျောက်ယောင်တွင် အစာများ လုံလောက်စွာရှိပြီး ယခင်က လီဟွား အသုံးပြုခဲ့သည့် အိမ်သာခွက်လဲ ရှိပေသည်။ သူသည် ယင်းတို့ကို ထုတ်ယူကာ အသစ်ရောက်လာသော ကြောင်များအတွက် ယာယီစီမံပေးခဲ့သည်။

ထိုဖြစ်စဥ်တစ်ခုလုံးတွင် လီဟွားသည် အိမ်တစ်ခုလုံးတွက် ပတ်ချာလည်ပြေးနေလျက်ရှိကာ လေလွင့်ကြောင်များက အိမ်အား မွှေနှောက်ပစ်မည်ကို ကာကွယ်ပေးနေခဲ့သည်။

“ ရှုး...ထွက်သွားစမ်း... အိမ်သာက ပြည့်တော့မယ် “

“ ဟေ့... ဟိုဘက်က ငါ့အိပ်ယာနော်။ မင်းတို့ကို အဲ့ဒီနေရာမှာ အိပ်ခွင့်မပြုဘူး “

“ ဟေ့...မင်း... မင်းကိုပြောနေတာ အနက်ကောင်။ မင်း ငါ့ရဲ့ကြောင်စာကို ထိဖို့မကြိုးစားနဲ့ “

လီဟွားက အဆက်မပြတ်ပင် မာန်မဲနေပေသာကြောင့် ကျောက်ယောင်က ပခုံးတွန့်ပြကာ မေးလိုက်သည်..” သူတို့တွေနဲ့ ဆက်သွယ်ဖို့က အဲ့ဒီလောက်အထိ ခက်ခဲတာလား။ မင်းက ကြောင်ဘာသာစကားကို ဘယ်လိုပြောရမယ်ဆိုတာ မေ့နေတာလား “

လီဟွား အော်လိုက်သည်... “ ဟေ့... ကြောင်ဘာသာစကား ပြောဖို့အတွက် ဆီလျော်တဲ့နည်းလမ်း မရှိဘူးဆိုတာ မင်းသိရဲ့လား။ ကြောင်ဘာသာစကားက လူတွေလို မရှုပ်ထွေးဘဲ ချစ်ခင်မှုနဲ့ ခံစားချက်ကိုပဲ ပြတယ် “

လီဟွားက ဆက်လက်၍ အော်သည်...” ဒီကြောင်ငတုံးတွေက တစ်ကောင်မှ စူပါပါဝါ နိုးထမလာတော့ ရှုပ်ထွေးတဲ့ဘာသာစကားကို လုံးဝနားမလည်ဘူး။ ငါ ဘာလုပ်နိုင်ဦးမလဲ ပြောစမ်းပါဦး။ မင်းရဲ့အိမ်မှာ လူတွေရောက်လာပြီး စိတ်ခံစားချက် ၁၈ မျိုးကို ယှဥ်ပြိုင်မှန်းဆနေရမယ်ဆိုရင် မင်းရော ဘယ်လိုခံစားရမလဲ “

ကျောက်ယောင် စာနာစွာဖြင့် ခေါင်းညိတ်လိုက်ပြီး အဲလီဇဘက်ကို လှည့်ကြည့်ကာ မေးလိုက်လေသည်...” ဘယ်လိုလဲ။ မင်းမှာ အခြားတောင်းဆိုစရာ ရှိသေးလား “

အဲလီဇဘက်က ဘေးပတ်ဝန်းကျင်ကို စူးစမ်းလိုက်ပြီးနောက် စိတ်ကျေနပ်စွာ ခေါင်းညိတ်ကာ...” ဒါက အဆင်ပြေတယ်လို့ ငါထင်တယ်။ ငါ့မှာ အခြားတောင်းဆိုစရာ ရှိသေးတယ် “

“ အရင်တုန်းက ငါ့ကို ကျွေးမွေးစောင့်ရှောက်ခဲ့တဲ့ အဖွားကိုအိုကို နင်က ကူပြီးရှာပေးမယ်လို့ ငါမျှော်လင့်ပါတယ် “

ကျောင်ယောင် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး ပြုံးကာဆိုသည်...” ဒါက ရိုးရှင်းပါတယ်။ မင်း နေခဲ့ဖူးတဲ့ ရပ်ကွက်ကို မှတ်မိလား “

အဲလီဇဘက်က... “ ငါ မှတ်မိတယ် “

ကျောက်ယောင် အဲလီဇဘက်အား ထိုရပ်ကွက်ဆီသို့ ခေါ်သွားခဲ့ကာ အဲလီဇဘက်၏ မှတ်ဥာဏ်များအတိုင်း လိုက်ပါပြီး အဖွာအိုက ကျွေးမွေးစောင့်ရှောက်ခဲ့ဖူးသည့် နေရာဆီသို့ သွားခဲ့လေသည်။ ထိုသို့လုပ်နေစဥ်အတွင်း အဲလီဇဘက်က ကြမ်းကြုတ်မှုများ လျော့လာပေသောကြောင့် ကျောက်ယောင်သည် သူမကို ကြိုးဖြည်ပေးရန် ဆုံးဖြတ်ခဲ့လေ၏။

သူတို့သည် လမ်းတစ်လျှောက်တွင် လူများကို မေးမြန်းခဲ့ပြီး မနက်ရှစ်နာရီမှ ညအချိန်အထိ တစ်မိုင်ပြီးတစ်မိုင် ရှာဖွေခဲ့သည်။ နောက်ဆုံးတွင် သူတို့သည် အဖိုးအိုတစ်ဦးထံမှ လိပ်စာရရှိခဲ့ကာ ထိုအိမ်သို့ ရောက်ရှိသွားခဲ့သည်။

“ နောက်ဆုံးတော့ ငါတို့ ရှာတွေ့ပြီ “ ကျောက်ယောင်သည် ရှေ့တွင်ရှိသည့် သံတံခါးကိုကြည့်ကာ သက်ပြင်းချလိုက်၏။ သူသည် တာဝန်အချိန် မပြည့်မီတွင် ထိုနေရာကို ရှာဖွေနိုင်ခဲ့ပေ၏။

သို့သော် ထိုအခိုက်တွင် အဲလီဇဘက်၏မျက်လုံးများ ထိတ်လန့်ဟန်ဖြင့် ပြူးကျယ်သွားကာ သူမ တံခါးရှေ့သို့ ဆတ်ခနဲ တိုးကပ်သွားလေသည်။

“ ငါ သွေးအနံ့ရတယ် “ အဲလီဇဘက် အသံတုန်ယင်နေပေ၏။

မူလက ကျောက်ယောင်၏ကျောပေါ်တွင် ရှိနေခဲ့သော အဲလီဇဘက်သည် မျက်တောင်တစ်ခတ်အတွင်းမှာပင် ခပ်ဟဟပွင့်နေသည့် ပြတင်းပေါက်မှတစ်ဆင့် အိမ်ထဲသို့ ကျည်ဆံတစ်ခုပမာ ခုန်ဝင်သွားခဲ့လေသည်။

All Chapters