← Chapters

အခန်း (၁၉-၂၁)

Vol. 2 Ch. 19-21

အခန်း (၁၉-၂၁)

Vol. 2 Ch. 19-21

အပိုင်း ၁၉

လူသတ်သမား

_______________________________

အဲလီဇဘက် အိမ်ထဲသို့ ခုန်ဝင်သွားချိန်တွင် အိမ်ထဲတွင် အရိုးခိုက်လုမတတ် ထိတ်လန့်တကြား အော်သံတစ်ခု ပဲ့တင်ထပ်ကာ ထွက်ပေါ်လာသည်။

ကျောက်ယောင် အော်သံကိုကြားလိုက်ရပြီး မျက်မှောင်ကုတ်ကာ သံတံခါးကို ခပ်ပြင်းပြင်း ဆောင့်ကန်လိုက်လေသည်။

ဤအိမ်အား သာမန်မိသားစုတစ်ခုမှ ပိုင်ဆိုင်ဟန်တူသည်။ ၎င်းတို့၏ တံခါးများအတွက် ခေတ်ဟောင်းသော့များကို အသုံးပြုနေဆဲဖြစ်ပြီး သူခိုးကာကွယ်ရေးစနစ် ရှိမနေပေ။ ကျောက်ယောင် တံခါးကို အကြိမ်အနည်းငယ်ခန့် ထပ်ကန်လိုက်ရာ များမကြာမီတွင် တံခါး ပွင့်ထွက်သွားလေသည်။

တံခါးပွင့်သွားသည့်အခိုက်တွင် ကျောက်ယောင် စူးရှသော သွေးအနံ့များကို ဦးစွာရရှိခဲ့လေပြီး ထို့နောက်တွင်မူ ကြက်သွေးရောင်ပျစ်ပျစ် သွေးအိုင်ထဲတွင် လဲကျနေသည့် အမျိုးသားနှင့် အမျိုးသမီး အလောင်းနှစ်ခုကို တွေ့လိုက်ရသည်။

ကျောက်ယောင် အဲလီဇဘက်၏ ထိတ်လန့်တကြားအော်သံကို ကြားမိသွားကာ မျက်မှောင်ကုတ်လိုက်၏။ သူ အော်သံထွက်ပေါ်လာသည့် အခန်းထဲသို့ တဟုန်ထိုးပြေးဝင်သွားလိုက်ရာ ခုတင်ပေါ်တွင် ခေါင်းမွေးဖြူနေသော အမျိုးသမီးကြီးတစ်ဦး သွေးအလူးလူးဖြင့် လှုပ်ရှားမှုကင်းမဲ့စွာ လဲလျောင်းနေသည်ကို မြင်လိုက်ရပေသည်။ သူမ၏လည်ပင်းတွင် ဒဏ်ရာဟပြဲရာတစ်ခု ရှိနေလေပြီး ခန္ဓာကိုယ်နှင့် တွဲမိသည်ဆိုရုံမျှသာ ရှိပေတော့သည်။ တစ်စုံတစ်ယောက်က သူမကို ခေါင်းဖြတ်ရန် ကြိုးပမ်းခဲ့ပုံရသည်။

အဲလီဇဘက်သည် ခုတင်နံဘေးတွင် ရပ်နေလေပြီး ဆောက်တည်ရာမရ ဟစ်အော်နေသည်။ အဲလီဇဘက်၏ငိုရှိုက်သံက အသည်းကွဲကြေသော အသံတစ်ခုအလားပင်။

ကျောက်ယောင် သဘောပေါက်သွားကာ ပါးစပ်အဟောင်းသားဖြင့်... " မိုးနတ်မင်း... အဲ့ဒါက သူလား "

" သူ အသတ်ခံလိုက်ရပြီ " အဲလီဇဘက်၏ မျက်နှာထက်တွင် မျက်ရည်များ ကျဆင်းနေလျက်ဖြင့် အဆုတ်ကွဲလုမတတ် ဟစ်အော်လိုက်လေသည်... " ဒါကို အခြားစူပါကြောင်တွေ လုပ်သွားတာ။ သူက အခြားစူပါကြောင်တွေ သတ်တာကို ခံလိုက်ရတာပဲ "

" ကျောက်ယောင်... နင် ငါ့ကို ကူညီပြီး လူသတ်သမားကို ရှာပေးရမယ်။ နင် လူသတ်သမားကို ရအောင်ရှာပေးရမယ်။ ဒီနေ့ကစပြီး ငါက နင့်ရဲ့ အိမ်မွေးတိရိစ္ဆာန်တစ်ကောင် ဖြစ်လာစေရမယ်လို့ ကတိပေးတယ်။ ကျေးဇူးပြုပြီး နင် လူသတ်သမားကို အစွမ်းကုန်သုံးပြီး လိုက်ရှာပေးပါ "

ကျောက်ယောင် နှုတ်ဆိတ်နေသော်လဲ အသာခေါင်းညိတ်လိုက်သည်။

ထိုအခိုက်တွင် တံခါး၏အပြင်ဘက်ထံမှ လူသံများ ကြားလိုက်ရသည်။ ကျောက်ယောင် အဲလီဇဘက်ကို အလိုအလျောက် ပွေ့ချီလိုက်ပြီး တီးတိုးပြောလိုက်သည်..." အခု ဒီနေရာကနေ ထွက်သွားရအောင် "

လက်ရှိတွင် ဤနေရာ၌ အဘယ့်ကြောင့်ရှိနေရကြောင်းကို လက်ခံနိုင်လောက်သည့် အကြောင်းပြချက် ကျောက်ယောင်တွင် ရှိမနေပေ။ သူသည် ရဲများနှင့် ပတ်သတ်လိုခြင်းမရှိသလို သူ အပြစ်ကင်းကြောင်း သက်သေပြကာ အစစ်ဆေးခံရင်းဖြင့် တန်ဖိုးရှိလှသော အချိန်များကို ဖြုန်းတီးလိုခြင်းမရှိပေ။

ကျောက်ယောင် အဲလီဇဘက်ကို ဆွဲခေါ်ကာ ချက်ချင်းပင် အချိန်ရပ်ခြင်းစွမ်းရည် အသုံးပြုလိုက်သည်။

တိုတောင်းလှသော ခြောက်စက္ကန့်အတွင်းမှာပင် သူ အခန်းထဲမှ ပြေးထွက်သွားကာ လှေကားအောက် လျှောက်လမ်းဆီသို့ တည့်တည့်သွားလေသည်။ စွမ်းအား ကုန်ဆုံးသွားသည်နှင့် အထက်ဆီမှ နားအူမတတ် ဆူညံလှသော အသံများကို ကျောက်ယောင် ကြားလိုက်ရသည်။ အိမ်နီးချင်းများက အလောင်းများကို တွေ့ရှိသွားခဲ့ပုံပင်။

စိတ်များလေးလံနေသည့် ကျောက်ယောင်သည် မြေညီထပ်ဆီသို့ ဦးတည်လိုက်လေ၏။ သူ အချိန်ရပ်ခြင်းကို ထပ်မံအသုံးပြုကာ နောက်ဆုံးအနေဖြင့် အိမ်ထဲမှ ထွက်ပြေးသွားလေသည်။ သူ ကင်မရာများ၏ ရှုထောင့်ထဲတွင် ရှိနေသည်ကို မြင်လိုက်ရပေသည်။ သူ ကံကောင်းသည်မှာ ဤကဲ့သို့အခြေအနေမျိုးထံမှ လွတ်မြောက်ရန်အတွက် အချိန်ရပ်ခြင်းကို အသုံးပြုနိုင်ခဲ့ပေသည်။

လမ်တစ်လျှောက်လုံးတွင် အဲလီဇဘက်က စကားတစ်ခွန်းမျှ မဆိုခဲ့ပေ။ သူတို့ ရပ်ကွက်ထဲမှ ထွက်လာခဲ့ပြီး မိန်းလမ်းမပေါ်သို့ ပြန်ရောက်သောအခါတွင်မူ ကျောက်ယောင်က စွမ်းအားအသုံးပြုခြင်းကို ရပ်တန့်ရန် ဆုံးဖြတ်လိုက်လေ၏။

သူ လက်ထဲတွင်ရှိသည့် အဲလီဇဘက်ကို ကြည်ကာ သက်ပြင်းဖွဖွချ၍..." အဲ့ဒီအကြောင်းကို အများကြီးတွေးမနေပါနဲ့။ ငါတို့က လူသတ်သမားကို သေချာပေါက်ရှာမှာပါ "

အဲလီဇဘက် စိတ်ပျက်အားငယ်နေကာ မျက်ဝန်းများသာ ကျဥ်းမြောင်းသွားလေသည်။

ကျောက်ယောင်က မေးလိုက်သည်..." အဲ့ဒါကို အခြားစူပါကြောင်တွေက လုပ်ခဲ့တယ်ဆိုတာကို မင်း ဘယ်လိုလုပ်ပြီး သိနေတာလဲ "

" အနံ့ "

အဲလီဇဘက် ရေရွတ်လိုက်သည်..." အခန်းထဲမှာ သွေးနဲ့ကြောင်ရဲ့ အနံ့တွေ ရောထွေးနေတာက ထူးဆန်းနေတယ်။ ငါ ဒီလိုအန္တရာယ်များတဲ့ အနံ့မျိုး တစ်ခါမှမရဖူးဘူး "

ကျောက်ယောင် ခေါင်းညိတ်လိုက်၏။ ခွေးနှင့် ကြောင်တို့က တူညီသော စရိုက်သဘာဝများရှိကြောင်း သူသိပေသည်။ ၎င်းတို့က တုန့်ပြန်မှုများအတွက် အနံ့စွမ်းအားများကို အသုံးပြုလေ့ရှိပြီး အနံ့အား အန္တရာယ် သို့မဟုတ် ပိုင်နက်နယ်မြေသတ်မှတ်ခြင်း စသည်အားဖြင့် အကြောင်းအရာများစွာအတွက် အသုံးပြုနိုင်ပေသည်။

" အဖွားရဲ့လည်ပင်းက သေစေနိုင်တဲ့ ဒဏ်ရာမှာရောပဲ... "

အဲလီဇဘက်က တုန်ယင်စွာဖြင့် ဆက်ပြောလေသည်..." အဲ့ဒါတွေက ကြောင်လက်သည်းရာတွေပဲ။ သာမန်ကြောင်တွေက လူသားတစ်ဦးရဲ့ လည်ပင်းကို ကုတ်ဖြတ်နိုင်မှာ မဟုတ်တာကြောင့် အဲ့ဒါက စူပါကြောင်တစ်ကောင် လုပ်ခဲ့တာပဲ။ အခြား အန္တရာယ်များတဲ့ သားရိုင်းကောင်တွေရဲ့လက်ချက်လဲ ဖြစ်နိုင်တယ်ဆိုတဲ့ ဖြစ်နိုင်ခြေကို ငါလဲ အစိုးမရပေမဲ့ ဖြစ်နိုင်ခြေကတော့ အတော်နိမ့်တယ်လို့ ငါပြောနိုင်တယ် "

သူမ စကားပြောနေရင်းဖြင့် ကျောက်ယောင်၏မျက်လုံးကို စူးစိုက်ကာကြည့်ပြီး..." ကျောက်ယောင်... အခုချိန်ကစပြီး ငါက နင့်ရဲ့ အိမ်မွေးတိရိစ္ဆာန်တစ်ကောင်ပဲ။ ဒါပေမဲ့ ငါ့မှာ တောင်းဆိုစရာတစ်ခု ရှိတယ်။ နင် လူသတ်သမားကို ရအောင်ရှာပေးရမယ်။ နင် အဖွားအတွက် လက်စားချေပေးရမယ် "

" ငါသိပြီ... မင်း စိတ်ပူစရာမလိုဘူး။ ဒီလိုအခြေအနေမျိုးမှာ ငါ့ရဲ့စကားကို ဘယ်တော့မှ ရုတ်သိမ်းမှာမဟုတ်ဘူး "

တာဝန် အောင်မြင်ပါတယ် : ဂုဏ်ပြုပါတယ် သင့်ရဲ့တာဝန် ပြီးမြောက်သွားပါပြီ။

ကျောက်ယောင်၏စိတ်ထဲတွင် တာဝန်ပြီးဆုံးကြောင်း သတိပေးသည့်အသံ ထွက်ပေါ်လာသည်။ သို့သော် သူ ပွဲခံနေလိုစိတ် မရှိပေ။

တာဝန်ကို စတင်ရရှိချိန်တွင် လီဟွားအပြင် စူပါကြောင်များ ထပ်မံကာရှိနေသေးသည်ဟု ဆိုခဲ့ပေသောကြောင့် ယခုကဲ့သို့ဖြစ်ရပ်မျိုး ဖြစ်လာလိမ့်မည်ကို ကျောက်ယောင် ကြိုမြင်နိုင်ခဲ့သည်။ ကြောင်များ စူပါပါဝါ နိုးထလာလျှင် လူသားများနှင့် လက်ပွန်းတတီး ရှိနိုင်ပါဦးမည်လော။ သို့မဟုတ် လူသားများက စူပါကြောင်များနှင့် အတူရှိရန် ရွေးချယ်ပါဦးမည်လော။

ကျောက်ယောင် ခေါင်းယမ်းကာ အဖြေကို မတွေးတော့ပေ။ သူ အဲလီဇဘက်ကို ကြည့်လိုက်လေပြီး သူမအား ကူညီပေးရန် တတ်နိုင်သည့်အရာများ လုပ်ဆောင်ပေးမည်ဟု ဆုံးဖြတ်လိုက်လေသည်။

သူတို့ တက္ကစီငှားကာ အိမ်ပြန်လာခဲ့ကြလေ၏။ အဲလီဇဘက်နှင့် ကျောက်ယောင်တို့က တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုတည်ဆောက်နိုင်ခဲ့ကြသည်။ အပြန်အလှန်အနေဖြင့် အဲလီဇဘက်က သူမ၏စွမ်းရည်အစစ်ကို တွန့်ဆုတ်ခြင်းမရှိဘဲ ကျောက်ယောင်အား ဝေမျှပေးခဲ့သည်။

အဲလီဇဘက်၏ စိတ်ညှို့စွမ်းရည်က အသံ သို့မဟုတ် အလင်းနှင့် နှိုးဆွနိုင်သည်။ အသံကြားလိုက်ရသည်နှင့် လူတစ်ဦးသည် အမြင်အာရုံနှင့် အကြားအာရုံ ပုံရိပ်ယောင်များ ကြုံတွေ့ရပေလိမ့်မည်။ ယင်းအဖြစ်ကြောင့် ၎င်းတို့၏ ခန္ဓာကိုယ်များ အဲလီဇဘက်၏ ထိန်းချုပ်မှုအောက်သို့ အပြည့်အဝရောက်ရှိသွားပေလိမ့်မည်။

သို့သော် ယင်းစွမ်းရည်က တစ်ကြိမ်လျှင် လူတစ်ဦးအပေါ်တွင်သာ အသုံးပြုနိုင်သည်ဖြစ်ပြီး ထိန်းချုပ်ခံနေရသူ တိုက်ခိုက်ခံခဲ့ရပါကာ စိတ်ညှို့ခြင်း ပြတ်တောက်သွားမည်ဖြစ်ပြီး အဲလီဇဘက်လဲ ဒဏ်ရာရပေလိမ့်မည်။

ကျောက်ယောင်သည် အဲလီဇဘက်၏ စွမ်းရည်အကြောင်းကို ကြားရသောအခါတွင် စိတ်ထဲရှိ စာအုပ်ထဲတွင် ရှာဖွေကြည့်ခဲ့လေသည်။

တာဝန်က ပြီးမြောက်သွားခဲ့ပြီဖြစ်ပြီး ဖော်ပြချက်များလဲ အလိုအလျောက်ပင် အသစ်ပြောင်းလဲသွားခဲ့သည်။

စာအုပ် - အဆင့် (၅၀/၁၀၀)

အိမ်မွေးတိရိစ္ဆာန် (၁/၁) - လီဟွား

အဆင့် - အဆင့် ၂ ( ၉/၁၀၀)

သစ္စာရှိမှု - ၁၀၀

စွမ်းအား - အချိန်ရပ်ခြင်း ၊ ကြာချိန်ခြောက်စက္ကန့် ၊ အားပြန်ဖြည့်ချိန် ခြောက်စက္ကန့်။

စာအုပ်၏အတွေ့အကြုံအမှတ်များ ၅၀ မှတ် တိုးလာခဲ့သော်လဲ ကျောက်ယောင်က ထိုအမှတ်များကို လီဟွားဆီသို့ လွှဲပေးရန် အလျင်မလိုခဲ့ပေ။

တာဝန်အသစ်တစ်ခု ရောက်ရှိနေပေသည်။

ဤတစ်ကြိမ်တွင် တာဝန်တစ်ခုအစား တာဝန်သုံးခု ဖြစ်နေပေသည်။

အဓိကတာဝန် ၁ - အဲလီဇဘက်ကို လက်ခံရယူပါ။

တာဝန်ရည်ရွယ်ချက် - စာအုပ်၏အဆင့် တစ်ဆင့်တိုးလာစေရန်။ အိမ်မွေးတိရိစ္ဆာန် အရေအတွက်အကန့်အသတ် တိုးလာစေရန်။ အဲလီဇဘက်ကို သိမ်းသွင်းကာ သူ့ရဲ့စွမ်းအားများ မျှဝေလာစေရန်။

တာဝန်အပြစ်ဒဏ် - မရှိ။

ကျောက်ယောင် တာဝန်အသစ်ကို ဖတ်ရှုကာ တွေးနေခဲ့သည်။

" အိမ်မွေးတိရိစ္ဆာန် အကန့်အသတ် တိုးပွားလာစေဖို့အတွက် စာအုပ်ရဲ့အဆင့် တိုးပွားလာစေဖို့က အရေးအကြီးဆုံး အစိတ်အပိုင်းတစ်ခု ဖြစ်မယ်ထင်တယ်။ သူတို့က လီဟွားလိုမျိုး ငါ့ရဲ့အိမ်မွေးတိရိစ္ဆာန် ဖြစ်လာမှပဲ ငါက သူတို့ရဲ့စွမ်းအားတွေကို မျှဝေနိုင်လိမ့်မယ် "

" ဒါက အဓိကတာဝန်ပဲ။ အဓိကတာဝန်က အိမ်မွေးတိရိစ္ဆာန်တွေ များနိုင်သလောက် များများရလာဖို့အတွက် စာအုပ်ရဲ့အဆင့်ကို မြင့်တင်တာလို့ ငါထင်တယ်။ လွယ်မဲ့ပုံပါပဲ "

တာဝန် ၂ - သင့်တွင် အိမ်တစ်လုံးသာရှိပြီး ကားက ဘယ်မှာလဲ။

တာဝန်ရည်ရွယ်ချက် - ကြောင်တွေဟာ ဇိမ်ခံကားတစ်စီးနဲ့ ခရီးထွက်ဖို့ လိုအပ်ပါတယ်။ ယွမ်တစ်သန်းနှင့်အထက် တန်ကြေးရှိသည့် ဇိမ်ခံကားတစ်စီးကို တစ်ပတ်အတွင်း ဝယ်ယူပါ။

တာဝန်ဆုလာဘ် - အတွေ့အကြုံအမှတ် ၂၀ ရရှိမည်။

တာဝန်အပြစ်ဒဏ် - အတွေ့အကြုံအမှတ် ၂၀ နုတ်ယူမည်။

တာဝန်ကို မြင်သောအခါတွင် ကျောက်ယောင် မျက်ခုံးများ ပူးကပ်သွားပြီး မျက်နှာထက်တွင် နာကျင်သောအမူအရာများ ဖြစ်ပေါ်လာသည်။

" ငါသာ ဒီတာဝန် ပြီးမြောက်ခဲ့မယ်ဆိုရင် သုံးစရာငွေ မရှိတော့မှာကို စိုးရိမ်မိတယ်။ ငါ ငွေ့အချို့ရှာဖို့ နည်းလမ်းရှာရတော့မယ် "

နေ့စဥ်တာဝန် - စတင်ရန် နှိပ်ပါ။

" နေ့စဥ်တာဝန်တဲ့လား " ကျောက်ယောင် ဇဝေဇဝါအမူအရာ ဖြစ်သွားရသည်။ သူ ရုတ်တရက်ပင် ပြန်တွေးမိသွားသည် ..." ဒါက နေ့စဥ်တာဝန်ဆိုရင် အွန်လိုင်းဂိမ်းတွေနဲ့ လုပ်ဆောင်ပုံတူညီနေတယ်လို့ ဆိုလိုတာပဲမလား။ တစ်ရက်ကို တာဝန်အသစ်တွေ ပြန်စလိမ့်မယ်။ ငါ့အနေနဲ့ နေ့စဥ် တာဝန်တွေ ပြီးမြောက်အောင်လုပ်ပြီး ဆုလာဘ်တွေ ယူနေလိုက်ရုံပဲ။ ဆုလာဘ်တွေက နည်းလောက်မယ်ဆိုပေမဲ့ အများသောအားဖြင့်ဆိုရင် နေ့စဥ်တာဝန်အားလုံး ပြီးမြောက်သွားတဲ့ နောက်ဆုံးဆုလာဘ်ကတော့ တန်ဖိုးများတယ် "

ထိုအတွေးကြောင့် ကျောက်ယောင်၏စိတ်ထဲတွင် အကြံတစ်ခု လင်းခနဲပေါ်လာသည်..." ဒီနှုန်းနဲ့ဆိုရင် နေ့စဥ်တာဝန်တွေက စာအုပ်ရဲ့အဆင့်ကို မြင့်တင်ဖို့အတွက် အတွေ့အကြုံအမှတ် ရင်းမြစ်တစ်ခု ဖြစ်လာလိမ့်မယ် "

ကျောက်ယောင်သည် နေ့စဥ်တာဝန်၏ ဖော်ပြချက်များကို သိလိုစိတ်ပြင်းပြနေသည့်တိုင်အောင် မနှိပ်ရန်သာ ဆုံးဖြတ်လိုက်သည်။ သူသည် လက်ဝယ်ရောက်ရှိနေသည့် တာဝန်များ ပြီးဆုံးသွားမှသာ နေ့စဥ်တာဝန်ကို လက်ခံရန်သင့် ၊ မသင့်ကို ဆုံးဖြတ်မည်ဟု စီစဥ်ထားသည်။

အပိုင်း ၂၀

နေ့စဥ်တာဝန် ၁

______________________________

ကျောက်ယောင် အဲလီဇဘက်ကို အိမ်သို့ပြန်ခေါ်လာကာ သူမကို နှစ်သိမ့်ပေးရန် အကောင်းဆုံးကြိုးစားခဲ့သည်။ သို့သော် အဲလီဇဘက်က အလွန်တရာပင် အလျင်လိုနေကြောင်းကို သူမ၏မျက်ဝန်းများမှတစ်ဆင့် သူ အတပ်ပြောနိုင်သည်။

" ကျောက်ယောင်... နင့်ရဲ့အစီအစဥ်က ဘာလဲ။ နင် လူသတ်သမားကို ဘယ်လိုရှာမှာလဲ "

အဲလီဇဘက်က စိုးရိမ်သောလေသံဖြင့် မေးခွန်းထုတ်လိုက်လေသည်..." ကျန်းမန်မြို့က အရမ်းကြီးမားသလို လူသတ်သမားကြောင်မှာ ဘယ်လိုစွမ်းရည်မျိုး ပိုင်ဆိုင်ထားတယ်ဆိုတာလဲ ငါတို့မသိဘူး။ အဲ့ဒါက ထွက်ပြေးတာ ဒါမှမဟုတ် ပုန်းအောင်းတာမှာ လွယ်ကူစေတဲ့ စွမ်းအားမျိုးများလား "

" စိတ်ချပါ အဲလီဇဘက်။ မင်းက လူသားတစ်ဦးကို ယုံကြည်ထားတာပဲလေ "

ကျောက်ယောင်က အဲလီဇဘက်၏ မျက်နှာထက်မှ စိုးရိမ်မှုများကို မြင်သောအခါတွင် သူမ၏ အမွေးဖွားဖွားဦးခေါင်းကို အသာပွတ်သပ်ကာ..." လူသတ်မှု ဖြစ်ပွားလာပြီဆိုရင် အဲ့ဒီကဏ္ဍမှာ ကျွမ်းကျင်သူတွေကို ငါတို့ ယုံကြည်ရမယ်။ လူသားတွေရဲ့ နည်းပညာတွေက ကြောင်တွေရဲ့ စူပါပါဝါထက်တောင် ပိုပြီးအသုံးဝင်တယ် "

အဲလီဇဘက် တုန့်ဆိုင်းသွားကာ ရေရွတ်လိုက်သည်..." နင် ဆိုလိုတာက....."

" ရဲတွေကို လုပ်ခိုင်းလိုက်ပါ။ သူတို့တွေက အမှုသဲလွန်စကောက်တာတွေ စုံစမ်းစစ်ဆေးတာတွေလိုမျိုး ကဏ္ဍတွေမှာ ငါတို့ထက် အများကြီးပိုပြီး အတွေ့အကြုံရှိတယ် " ကျောက်ယောင်က ဖြေသိမ့်ပေးလိုက်သည်..." မင်း စိတ်ချပါ။ ကံကောင်းစွာနဲ့ပဲ ငါက ရဲအရာရှိတစ်ဦးနဲ့ သိကျွမ်းတယ်။ ရက်အနည်းငယ်အတွင်းမှာ ငါ သူ့ဆီကို ဆက်သွယ်ကြည့်ပြီး သတင်းအချို့ နှိုက်လို့ရမလားဆိုတာ ကြည့်ကြတာပေါ့ "

နောက်ဆုံးတွင် အဲလီဇဘက် တည်ငြိမ်သွားခဲ့လေပြီး ကျောက်ယောင်သည် အိမ်ထဲတွင်ရှိသည့် အခြားကြောင်များကို စစ်ဆေးကြည့်ရန် သွားခဲ့လေသည်။

ကြောင်များသည် အခန်းထဲတွင် ရိုကျိုးနာခံစွာ ထိုင်နေကြပေ၏။ အဲလီဇဘက် ရှိနေခဲ့ခြင်းကြောင့် ၎င်းတို့က တည်ငြိမ်ကာ အထိန်းအကွပ်ရှိနေပေသည်။

လီဟွားသည် ဆိုဖာပေါ်တွင် လဲလျောင်းနေကာ Mobile Legends ဆော့နေပေသည်။

ကျောက်ယောင် ခုံရှာကာ ထိုင်လိုက်သည်။ သူ တာဝန်ဖော်ပြချက်များကို စတင်ဖတ်ရှုကြည့်လေသည်။

တာဝန်ဖော်ပြချက်တွင် အဓိကတာဝန် ၊ အရံတာဝန် ၊ နေ့စဥ်တာဝန်ဟူ၍ တာဝန်သုံးခု ရှိနေပေသည်။

အဓိကတာဝန်သည် အဆင့်တက်လာစေရေးအတွက် အတွေ့အကြုံအမှတ်များ ရရှိစေရန်ဖြစ်ပြီး အရံတာဝန်က ကျောက်ယောင် ဇိမ်ခံကားတစ်စီး ဝယ်ရမည်ဖြစ်ကာ နေ့စဥ်တာဝန်ကမူ ဆန်းကြယ်မှုအဖြစ် ရှိနေဆဲပင်။

ကျောက်ယောင် သိချင်စိတ်များ ယိုဖိတ်လာကာ နေ့စဥ်တာဝန်ကို စတင်ရန်ဆုံးဖြတ်လိုက်သည်။ ကျောက်ယောင် နေ့စဥ်တာဝန်ကို လက်ခံလိုက်သည်နှင့် တာဝန်အသစ်တစ်ခု မိတ်ဆက်ပေးလာသည်။

နေ့စဥ်တာဝန် - အသန်မာဆုံး ဖြစ်လာစေဖို့ တစ်ခုတည်းသောနည်းလမ်းက နေ့စဥ် မပျက်မကွက် လေ့ကျင့်ခြင်းပါပဲ။ ( ၀/၅)

တာဝန်ရည်ရွယ်ချက် - သင်နှင့် သင့်ရဲ့ကြောင်တွေ အကြားမှာ လိုက်လျောညီထွေရှိမှု တိုးပွားလာစေဖို့ တစ်နာရီခန့် ထိန်းကျောင်းပေးပြီး ချစ်ခင်ကြင်နာစွာ ပွတ်သပ်ပေးပါ။

တာဝန်ဆုလာဘ် - အတွေ့အကြုံအမှတ် တစ်မှတ်။

တာဝန်အပြစ်ဒဏ် - မရှိ။

ကျောက်ယောင် နေ့စဥ်တာဝန်မှ အကြောင်းအရာများကို မြင်သောအခါတွင်မူ နှစ်ပေါင်းများစွာ ဂိမ်းဆော့လာခဲ့သည့် အတွေ့အကြုံများကြောင့် ချက်ချင်းပင် နားလည်သွားလေသည်။

" ၀/၅.... တစ်ရ​က်မှာ နေ့စဥ်တာဝန်ငါးခု ရှိတယ်လို့ ဆိုလိုနေတာများလား။ ပထမတာဝန်က ရိုးရှင်းပုံရပေမဲ့ အတွေ့အကြုံအမှတ်ကတော့ မက်လောက်စရာမရှိဘူး။ ငါ တာဝန်တွေအားလုံး ပြီးမြောက်သွားခဲ့ရင် ဘာတွေဖြစ်လာမှာလဲ။ အတွေ့အကြုံအမှတ်တွေ ပိုရလာမှာလား "

ပထမတာဝန်က အလွယ်ကူနေသည်ကို မြင်သောအခါတွင် ကျောက်ယောင်က လီဟွားဆီသို့သွားကာ ဦးခေါင်မှ အမြီးအထိ စတင်ပွတ်သပ်ပေးလေသည်။

" ဟမ်... မင်း ဘာလုပ်နေတာလဲ။ ငါ ဂိမ်းဆော့နေတယ်။ မ... "

" မ... မရပ်လိုက်နဲ့။ ငါ့မေးစေ့လေး...ငါ့တင်းပါးလေး...အပေါ် နည်းနည်းတိုးဦး...နည်းနည်း ထပ်တိုးလိုက်ဦး...အား... အဲ့ဒီနေရာပဲ "

လီဟွားက အစပိုင်းတွင် ခုခံနေခဲသော်လဲ ကျောင်ယောင်က ဆက်တိုက်ပင် ပွတ်သပ်ပေးနေခဲ့ပေသောကြောင့် တဖြည်းဖြည်းချင်းဖြင့် မျက်ဝန်းများမှိတ်လာကာ ကျောက်ယောင်၏ ထွေးပွေ့မှုထဲတွင် ပျော်ဝင်သွားလေသည်။

ကျောက်ယောင်က ဟန်ချက်ကျကျ ပွတ်သပ်ပေးနေခဲ့ပြီး လီဟွားက ဗိုက်ဖြင့်ခံယူကာ ခြေထောက်များ ကားထားလေသည်။ လီဟွားက တစ်လောကလုံးတွင် အပျော်ရွှင်ရဆုံး ကြောင်တစ်ကောင်ပမာ ဖြစ်နေဟန်ရှိပြီး ခြေများ ကားထားကာ ပြုံးနေလျက်ရှိသည်။

ထိုအခိုက်တွင် ကျောက်ယောင် ခေါင်းမော့ကြည့်လိုက်ရာ ဗြိတိန်မွေးတိုကြောင်က ဆိုဖာရှေ့တွင် တစ်ချိန်လုံးရှိနေခဲ့ပြီး လီဟွားကို စိတ်အားထက်သန်မှုများ ပြ​ည့်လွှမ်းနေသည့် ကြီးမားလုံးဝန်းသော မျက်ဝန်းများဖြင့် စူးစိုက်ကာကြည့်နေကြောင်း မြင်လိုက်ရခြင်းကြောင့် အံ့အားသင့်သွားရပေသည်။

" အမ်... မင်း ဘယ်လိုထွက်လာခဲ့တာလဲ " ကျောက်ယောင် ကြောင်များနေထိုင်သည့် အခန်းကို လှမ်းကြည့်လိုက်ရာ တံခါးက ဟနေပြီး ဒါဇင်နှင့်ချီသော ကြောင်များက အခန်းအပြင်သို့ ထွက်နေကြောင်းကို နားလည်သွားလေသည်။

" အစောတုန်းက ငါ တံခါးပိတ်ဖို့ မေ့သွားခဲ့တာလား " ကျောက်ယောင် ဇဝေဇဝါဖြစ်ကာ ခေါင်းကုတ်လိုက်သည်။

ကြောင်များစွာ အခန်းထဲမှ ထွက်လာသည်ကို မြင်သောအခါတွင် လီဟွား မတ်တက်ကာ အော်လိုက်လေသည်... " ဟေ့... မင်းတို့အားလုံး အခုချက်ချင်း အခန်းထဲကို ပြန်ဝင်ကြစမ်း။ ဒါက ငါ့ရဲ့ပိုင်နက်ပဲ "

လီဟွား၏အော်သံကြောင့် လေလွင့်ကြောင်များ ထိတ်လန့်သွားကာ နေရာအနှံ့သို့ တရောသောပါး ထွက်ပြေးလေသည်။ လီဟွားက ကျားသစ်တစ်ကောင်ပမာ ခုန်ထွက်သွားပြီး လေလွင့်ကြောင်များအားလုံးကို အခန်းထဲသို့ ပြန်မောင်းသွင်းရန် ကြိုးပမ်းလေသည်။

သို့သော် ဗြိတိန်မွေးတိုကြောင်ပေါက်လေးကမူ လီဟွားက ကြမ်းတမ်းစွာဖြင့် ပြန်ပို့နေသည့်တိုင်အောင် ခေါင်းမာစွာဖြင့်သာ ဆိုဖာနံဘေးတွင် ရပ်နေပေသည်။

လီဟွားက သရက်သီး၏ နောက်စေ့ကို အဆက်မပြတ်ရိုက်နေလျက်ရှိပြီး သရက်သီး၏ သနားစဖွယ်မျက်နှာကို မြင်သောအခါတွင် အဲလီဇဘက်သည် သည်းမခံနိုင်တော့ဘဲ အော်လိုက်သည်..." တော်လောက်ပြီ။ သရက်သီးက အစကတည်းက ထက်မြက်တာမဟုတ်ဘူး။ သူ့ကို့ အနိုင်ကျင့်နေတာ ရပ်လိုက်တော့ "

" မထက်မြက်ဘူးဆိုတာ ဘာကိုဆိုလိုတာလဲ " ကျောက်ယောင်က မေးလိုက်သည်။

အဲလီဇဘက် သက်ပြင်းချကာ..." ယုတ္တိကျကျဆိုရင် သရက်သီးလို မျိုးကောင်းမျိုးသန့် ကြောင်မျိုးတွေက သူတို့ရဲ့သွေးနှောထားတဲ့ ကြောင်တွေထက် ပိုပြီးအားနည်းလေ့ရှိတယ်။ လူပေါင်းများစွာက ငွေရှာဖို့အတွက် အမျိုးအစားတူတဲ့ ကြောင်တွေကို အတူမွေးမြူကြတာ်လေ။ ဒါပေမဲ့ မျိုးရင်းမှာတော့ သိသာတဲ့အားနည်းချက်တွေ အများကြီး ဖြစ်လာစေခဲ့တယ်။ အဲ့ဒါက သရက်သီးရဲ့ တကယ့်အခြေအနေပဲ။ သူ့ရဲ့မျိုးရိုးဗီဇက အနည်းငယ်နိမ့်ကျတာကြောင့် ငယ်ရွယ်စဥ်မှာ ကောင်းကောင်းမစားရဘူးဆိုရင် လိုအပ်တဲ့ ကြီးထွားဖွံဖြိုးမှုတွေ ဆုံးရှုံးသွားရတာကို ဖြစ်စေတယ်လေ။ အဲ့ဒါကြောင့်ပဲ သရက်သီးက သာမန်ကြောင်တွေထက် ထက်မြက်မှုနည်းတယ်။ ကျေးဇူးပြုပြီး သူ့ကို အနိုင်မကျင့်ပါနဲ့ "

လီဟွားသည် အဲလီဇဘက်၏ ချစ်စဖွယ်မျက်နှာကို စူးစိုက်ကြည့်ကာ ရင်ဘက်ကိုပုတ်၍ ဆိုလိုက်သည်..." စိတ်ချပါ... ငါက အဲလီဇဘက်ရဲ့ ညွှန်ကြားချက်ကို ဘာကြောင့်ဆန့်ကျင်ရမှာလဲ။ ဒီနေ့ကစပြီး ဒီငတုံး...မဟုတ်သေးဘူး... ဒီက ငါ့ရဲ့ညီနောင်ကို ဘယ်သူကမှ အနိုင်မကျင့်စေရဘူးလို့ ငါကတိပေးတယ်။ သရက်သီးက ငါ့ရဲညီနောင်ပဲ။ ငါ့မှာ စားစရာရှိလာရင် သရက်သီးကို မျှဝေပေးမယ်လို့ ကတိပေးတယ် "

အဲလီဇဘက်က အရေးမစိုက်ဘဲ ပြတင်းပေါက်အပြင်သို့ ကြည့်ကာ အတွေးလွန်နေသည်။

လီဟွားက သရက်သီး၏ဦးခေါင်းကို လျှာဖြင့်လျက်ကာ ချော့လိုက်လေ၏..." အရူးလေး... ဒီနေ့ကစပြီး မင်းက ငါ့ရဲ့ညီလေးပဲ။ ဧည်ခန်း ၊ အိပ်ခန်း ၊ နောက်ဖေးတွေကို ကြည့်လိုက်စမ်း။ အဲ့ဒါတွေအားလုံးက ငါ့ရဲ့နယ်​မြေပဲ။ အနာဂတ်ကျရင် အဲ့ဒါတွေက မင်းရဲ့ဟာ ဖြစ်လာလိမ့်မယ် "

သရက်သီးသည် သူ၏မျက်နှာပေါ်သို့ လီဟွား၏ တံတွေးများ ကျလာသည်ကို ရှောင်တိမ်းခြင်းမပြုဘဲ ဇဝေဇဝါဟန်ဖြင့် ကြည့်နေပေသည်။

ကျောက်ယောင်က ၎င်းတို့ စကားပြောနေကြသည်ကို ကြည့်နေခဲ့သည်။ ကြောင်များက ၎င်းတို့၏ ပိုင်နက်နယ်မြေကို ကာကွယ်တတ်ကြကြောင်းကို သူ နားလည်လေပြီး ဤကဲ့သို့ ပြဿနာမျိုးကို ၎င်းတို့ဘာသာ ဖြေရှင်းခိုင်းသင့်ပေသည်။

ယခုတွင် လီဟွားက ပိုင်နက်နယ်မြေကို သရက်သီးအား မျှဝေပေးလိုနေပေသောကြောင့် အခြေအနေများ ပိုမိုလွယ်ကူသွားပေပြီ။

ကျောက်ယောင်သည် လီဟွားကို သွားရောက်ပွေ့ချီခဲ့ပြီး လီဟွား ပျော့ခွေသွားသည်အထိ တစ်နာရီလုံးလုံး ပွတ်သပ်ပေးခဲ့လေသည်။ နောက်ဆုံး ပထမဆုံး နေ့စဥ်တာဝန် ပြီးဆုံးသွားကာ အတွေ့အကြုံအမှတ် တစ်မှတ် ရရှိခဲ့သည်။

ပထမနေ့စဥ်တာဝန် ပြီး​ဆုံးသွားသည်နှင့် ဒုတိယနေ့စဥ်တာဝန် ပေါ်ထွက်လာပေ၏။

နေ့စဥ်တာဝန် ၂ - ကြောင်တိုင်းဟာ နေ့စဥ်နေ့တိုင်း ပျော်ရွှင်နေဖို့ လိုအပ်ပါတယ်။ သူတို့နဲ့အတူ တစ်နာရီ ကစားပေးပြီး ပျော်ရွှင်အောင်ထားပါ။

ကျောက်ယောင် ပြုံးလိုက်လေပြီး လီဟွား၏ အစာများ သိုလှောင်ထားသည့် စတိုခန်းထဲသို့သွားကာ ကြောင်အရုပ်ဟောင်းများ ရှာဖွေလိုက်လေသည်။

အရုပ်များကို ကြောင်စာဝယ်ယူရာမှ လက်ဆောင်ရခဲ့ခြင်း ဖြစ်ပေသည်။ ယင်းအရုပ်များကို လက်တွေ့ အသုံးချရလိမ့်မည်ဟု သူ တစ်ခါမှမတွေးမိခဲ့ဖူးပေ။

ကျောက်ယောင် ကြောင်တုတ်ချောင်းတစ်ခု ရှာတွေ့ခဲ့သည်။ တုတ်ချောင်းတွင် ငှက်မွေးဖြင့် ပြုလုပ်ထားသော ငှက်ရုပ်တစ်ခုရှိပြီး ၎င်းကို တုတ်ချောင်းတွင် မျှော့ကြိုးရှည်တစ်ခုဖြင့် တွဲချည်ထားပေသည်။

သူ တုတ်ချောင်းကို ထုတ်ယူလိုက်ချိန်တွင် ဧည့်ခန်းထဲရှိ အဲလီဇဘက် ၊ လီဟွား ၊ သရက်သီးတို့ ခေါင်းလှည့်ကြည့်လာကြပြီး ၎င်းတို့၏ မျက်ဝန်းများက ကြောင်တုတ်ချောင်းကို စူးစိုက်ကာ ကြည့်နေကြသည်။

အပိုင်း ၂၁

နေ့စဥ်တာဝန် ၂

ကြောင်များသည် သဘာဝက မွေးဖွားပေးထားသည့် မုဆိုးများဖြစ်ပြီး အထူးသဖြင့် အရာဝတ္ထုများကို လိုက်ခြင်း ၊ ဖမ်းခြင်း ၊ ကိုက်ခြင်းများတွင် မွေ့လျော်ကြသည်။ ၎င်းတို့က မကြာခဏဆိုသလိုပင် ၎င်းတို့၏ သခင်များ ၊ ကြောင်အပေါင်းအဖော်များနှင့် အမဲလိုက်ကစားနည်းကို ဆော့ကစားတတ်ကြသည်။

အထူးသဖြင့် ကြွက်များ ၊ ငှက်များနှင့် သေးငယ်သော တိရိစ္ဆာန်များကို မြင်တွေ့ရချိန်တွင် ၎င်းတို့၏ ပင်ကိုဗီဇများအတိုင်း ပြုမူကြလေ့ရှိပြီး ကြောင်များက ထိုတိရိစ္ဆာန်များကို ကြမ်းတမ်းစွာ တိုက်ခိုက်ကြပေလိမ့်မည်။

ထိုအကြောင်းအရင်းကြောင့်ပင် ကြောင်အရုပ်များသည် ပိုမိုထက်မြက်သည့် ကြောင်များမှလွဲ၍ ကြောင်အများစုအကြားတွင် ရေပန်းစားနေခြင်းသာ ဖြစ်ရပေမည်။

ကျောက်ယောင် ကြောင်အရုပ်ကို ထုတ်ယူလိုက်ချိန်တွင် ကြောင်သုံးကောင်လုံး ချက်ချင်းလှည့်ကြည့်ခဲ့ကြသော်လဲ အဲလီဇဘက်နှင့် လီဟွားတို့ကမူ ဒုတိယအကြိမ် လှည့်ကြည့်သည်ဆိုရုံမျှသာ ရှိခဲ့ပေသည်။

ဗြိတိန်မွေးတိုကြောင် သရက်သီးကသာ စိတ်လှုပ်ရှားစွာ ပြေးလာကာ ကြောင်တုတ်ချောင်းကို ခုန်ဖမ်းနေခဲ့သည်။

ကျောက်ယောင် စိတ်ပျက်လက်ပျက် သက်ပြင်းချကာ...” ခုန်နေတဲ့ ဒီအရုပ်ငယ်လေးကို ကြောင်တွေအားလုံး သဘောကျသင့်တယ် မဟုတ်ဘူးလား။ အထူးသဖြင့် အမွေးဖွားဖွားရှိနေတဲ့ အရုပ်မျိုးကိုပေါ့ “

သို့သော် လက်ရှိအခြေအနေကို ကြည့်သရွေ့အရ အဲလီဇဘက်နှင့် လီဟွားတို့ ဥာဏ်ရည်နိုးထလာပြီးနောက်တွင် ဤအရုပ်ငယ်များက သူတို့၏အာရုံစိုက်မှုများကို မဖမ်းစားနိုင်တော့ပုံပင်။ လီဟွားနှင့် အဲလီဇဘက်တို့က သရက်သီးလေး ခုန်ပေါက်နေသည်ကိုသာ ကြည့်နေကြသည်။ ကျောက်ယောင် ပခုံးတွန့်ကာ ကြောင်တုတ်ချောင်းကို သရက်သီးဆီသို့ ပစ်ပေးလိုက်ပြီးနောက် အခြားအရုပ်များ ရှာဖွေရန် သွားခဲ့လေသည်။

အဲလီဇဘက်နှင့် လီဟွားတို့က ခုန်ဘောလုံး ၊ လက်သည်းကုတ်ပြား ၊ ကြွက်ရုပ်တို့ကို မြင်သောအခါ၌ သရက်သီးလေးကဲ့သို့ စိတ်လှုပ်ရှားကာ ခုန်ပေါက်နေခြင်းမရှိဘဲ အရေးပင်မစိုက်ကြပေ။

ကျောက်ယောင်သည် Mobile Legends ဆော့ကာ သာယာနေသည့် လီဟွားကို တစ်ချက်ကြည့်လိုက်သည်။

“ လီဟွား... မင်း ဒါနဲ့ကစားချင်လား “ ကျောက်ယောင်က လေဆာပွိုင့်ကို ယမ်းပြကာ ဆိုလိုက်သည်။

“ မင်းက ငါ့ကို ငတုံးလို့ထင်နေတာလား “ လီဟွားက အငေါ်တူးလိုက်သည်။

သရက်သီးလေးသည် ကျောက်ယောင်၏ခြေထောက်ကို ပတ်ကာ မြူးတူးခုန်ပေါက်နေပြီး လေဆာမီးပွင့်ကို လိုက်ဖမ်းနေလေသည်။ ကျောက်ယောင် ကျိန်ဆဲကာ လေဆာပွိုင့်ကို ကြယ်များဆီသို့ ထိုးလိုက်လေရာ သရက်သီးလေးက တုံးအစွာဖြင့် လိုက်သွားလေသည်။

လီဟွားကို ဖြားယောင်းရန်နည်းလမ်းများ ကုန်သွားပေသော​ကြောင့် ကျောက်ယောင် စိတ်ပျက်လက်ပျက် ထိုင်ချကာ သက်ပြင်းမှုတ်ထုတ်ပြီး...” လီဟွား... မင်း ဘာကို ကစားချင်တာလဲ “

“ ဘာကိုကစားရမှာ။ ငါ Mobile Legends ကစားနေတာ အသိသာကြီးပဲလေ “

ကျောက်ယောင် မှင်တက်မိသွားကာ... “ အာ... ငါ ရူးနေပြီပဲ “

သူ၏ဟန်းဆက်ကို ထုတ်ယူကာ...” ငါ့ကို ဂိမ်းထဲ အမြန်ဖိတ်ခေါ်လိုက်။ ငါ မင်းကို ဆွဲခေါ်သွားပေးမယ် “

“ ကောင်းပြီ... ငါ့ကို ခဏစောင့်ပေးဦး။ ဒီတစ်ပွဲက ပြီးခါနီးနေပြီ “

ကျောက်ယောင်က လီဟွားကို သူ၏အဖွဲ့ထဲသို့ ဖိတ်ခေါ်လိုက်ရာ စူပါကြောင်က ကြေးအဆင့်သာ ရရှိသည်သာမက ကြယ်တစ်ပွင့်လဲ ဆုံးရှုံးထားကြောင်း သိလိုက်ရလေသည်။ ကြေးအဆင့်တွင် ပွဲအနည်းငယ်ခန့် ရှုံးနိမ့်လျှင်ပင် ကြယ်တစ်ပွင့် ဆုံးရှုံးရမည်မဟုတ်ကြောင်းကို ကျောက်ယောင် သတိရသွားလေသည်။ လီဟွားက ထိုအဆင့်အထိရောက်အောင် မည်မျှအထိ ရှုံးထားလေသနည်း။

“ ဒီငနုကောင်...” ကျောက်ယောင် သုန်မှုန်စွာဖြင့် ဆိုလိုက်လေသည်။ ကံကောင်းစွာဖြင့်ပင် ကျောက်ယောင်က ငွေအဆင့်ဖြစ်၍ လီဟွားကို ဆွဲတင်ပေးသွားရန် လုံလောက်ပေသည်။

ချက်ချင်းဆိုသလိုပင် လီဟွားက အဖွဲ့ထဲသို့ ဝင်လာခဲ့လေပြီး ကျောက်ယောင်က ပွဲစတင်ခဲ့သည်။

လီဟွား၏စကေးက ဆိုးရွားလှသော်လဲ ကျောက်ယောင်က ကစားသက်ရင့်နေပြီဖြစ်၍ နိုင်နင်းစွာ ချွန်းအုပ်နိုင်ပေသည်။ သူတို့နှစ်ဦးလုံး၏ အဆင့်များက နိမ့်ကြပေသောကြောင့် အဆင့်နိမ့်သည့် ပြိုင်ဘက်များနှင့်သာ ယှဥ်ပြိုင်ခဲ့ရသည်။

ကျောက်ယောင်က ပြိုင်ဘက်များကို အလွယ်တကူပင် နင်းချေပစ်နေလျက်ရှိပြီး လီဟွားက ပြိုင်ဘက်များကို အဆက်မပြတ်ပင် ဟာသလုပ်ကာ လှောင်ပြောင်နေခဲ့ကာ သူတို့နှစ်ဦးလုံး အနိုင်ပွဲဆက်နေကြပေသည်။

“ အိုး.. မင်းက ငါ့ကို သတ်ချင်တာလား။ တစ်ချိန်လုံး သေနေရတာ ဘယ်လိုခံစားရလဲ “

“ အရှုံးမပေးသေးဘူးလား။ မင်းဆိုတဲ့ Tryhards က ဒီလောက်အထိ ဆိုးဆိုးဝါးဝါး အနိုင်လိုချင်နေတာလား “

“ အသက်သုံးခု သေဖို့ တစ်ယောက်သေပေးရတယ်။ တန်တယ် “

ရုတ်ခြည်းမှာပင် လီဟွား ရေရွတ်လိုက်သည်...” သောက်ကျိုးနည်း... Hyper က ဘယ်လို ထွက်လာတာလဲ “

ကျောက်ယောင်က ဆိုလိုက်သည်...” အဲ့ဒါက ကျန်းဖေးပဲ “

လျင်မြန်စွာဖြင့်ပင် တစ်နာရီ ကုန်လွန်သွားခဲ့သည်။ ကျောက်ယောင်က ငွေအဆင့်အထိ ဆွဲတင်ပေးခဲ့ပေသောကြောင့် လီဟွား ပျော်ရွှင်နေပေသည်။ သူ ကစားနေရင်းဖြင့် စိတ်ကျေနပ်စွာ ဆိုညည်းနေပေသည်။

လီဟွားသည် ပွဲပေါင်းများစွာ ဆက်တိုက်အနိုင်ရဖူးခြင်း မရှိခဲ့ပေ။ ပွဲတစ်ပွဲ ပြီးဆုံးသွားချိန်တိုင်းတွင် လီဟွားက ကျောက်ယောင်ကို ထပ်မံဆော့ကစားပေးရန် တောင်းဆိုခဲ့သည်။

သို့သော် ကျောက်ယောင်က လီဟွားကို ထပ်မံဆွဲတင်ပေးရန် စိတ်မဝင်စားတော့ပေ။ သူက နေ့စဥ်တာဝန်ကို ကြည့်လိုက်သည်။ ၎င်းက အဆုံးမရှိချေ။

နေ့စဥ်တာဝန် ရိုးစင်းဟန်ရှိသော်လဲ ကျောက်ယောင်အတွက်မူ စွမ်းရည်ကို တစ်နာရီခန့်အထိ ပြင်းပြင်းထန်ထန် ထုတ်ဖော်ဖူးခြင်းမရှိပေ။

ကျောက်ယောင်က လီဟွားကို စွမ်းရည်အသုံးပြုရန် ပြောခဲ့သည်။ အစပိုင်းတွင် လီဟွားက ငြင်းဆန်နေခဲ့သော်လဲ ကျောက်ယောင်က နောက်တစ်ရ​က်တွင် ထပ်မံကာ တွဲဆော့ပေးမည်ဖြစ်ပြီး ကြောင်ငပျင်းအနေဖြင့် တစ်နာရီခန့် စွမ်းရည်အသုံးပြုရမည်ဟု အပေးအယူလုပ်ခဲ့ခြင်းကြောင့် လီဟွားက သဘောတူခဲ့သည်။

ကျောက်ယောင်နှင့်လီဟွားတို့၏ ဘေးပတ်ဝန်းကျင် လောကကြီး ခြောက်စက္ကန့် ရပ်တန့်သွားခဲ့သည်။ လီဟွားတွင် အချိန်ကို ယာယီရပ်တန့်နိုင်သည့် စွမ်းရည် ရှိပေသည်။ တစ်နာရီလေ့ကျင့်ရခြင်း ဖြစ်သော်လဲ အမှန်တကယ်တွင်မူ နှစ်နာရီခန့် လေ့ကျင့်ခဲ့ရသည်။ ကျောက်ယောင်ကြောင့်သာ မဟုတ်ခဲ့ပါက လီဟွား လက်လျော့သွားမည်မှာ ကြာလောက်ချေပြီ။

လီဟွား စွမ်းရည်ကို ပိုမိုအသုံးပြုလေလေ ဆာလောင်စိတ်များ ပိုကြီးလာလေလေပင်။ ယင်းကဲ့သို့ တစ်ခါမျှပင် မဖြစ်ဖူးပေ။ နောက်ဆုံးမိနစ်များတွက် လီဟွား၏မျက်ဝန်းများ နီရဲလာကာ အစာအိမ်သည် တဂွီဂွီမြည်လာခဲ့ပေ၏။

အချိန်ရပ်ပြီးသည်နှင့် လီဟွားက အလိုအလျောက် အစာဖျော်စက်ကို ချက်ချင်းအသုံးပြုကာ ခလုတ်ကို လက်သည်းများဖြင့် တဂွက်ဂွက်နှိပ်နေခဲ့ပေသည်။

ကျောက်ယောင်သည် လီဟွား အစာငမ်းနေသည်ကို ကြည့်ကာ တွေးလိုက်လေ၏...” ဒီစွမ်းရည်က စွမ်းအင်မကုန်လောက်ဘူးလို့ ငါ ထင်ထားခဲ့ပေမဲ့ အခုကြည့်ရသလောက်တော့ စွမ်းအင်ကုန်တဲ့ပုံပဲ။ ဒါပေမဲ့ စွမ်းအင်သုံးစွဲမှုက သေးငယ်သေးတာကြောင့် နေ့စဥ်စားပေးတာက သူ့ကို အထောက်အကူဖြစ်စေလောက်မှာပါ “

ကျောက်ယောင် တတိယမြောက်တာဝန်ကို စစ်ဆေးကြည့်ကာ အောက်ဘက်မှ တာဝန်စာရင်းကို ကြည့်လိုက်သည်။

နေ့စဥ်တာဝန် - လေ့ကျင့်ပြီးတဲ့နောက်မှ အာဟာရဖြည့်တင်းဖို့ လိုအပ်ပါတယ်။ သာမန်ကြောင်စာတွေဟာ စူပါကြောင်တစ်ကောင် လိုအပ်တဲ့ အစားအစာလိုအပ်ချက်ကို ပြည့်မီနိုင်မှာမဟုတ်ပါဘူး။ ကျေးဇူးပြုပြီး အဆင့်ပိုမြင့်တဲ့ ကြောင်စာတစ်ခု ဖန်တီးပါ။ အဆင့်နိမ့် ကြောင်စာတွေက အဆင်ပြေနိုင်မှာ မဟုတ်ပါဘူး။

ဆုလာဘ် - အတွေ့အကြုံအမှတ် တစ်မှတ်။

ကျရှုံးအပြစ်ဒဏ် - မရှိ။

ကျောက်ယောင်သည် တာဝန်ကိုကြည့်ကာ အထင်သေးဟန်ဖြင့် သက်ပြင်းချလိုက်၏။ သူသည် ချက်တတ်ပြုတ်တတ်ခြင်းမရှိဘဲ နေ့စဥ်လိုပင် အပြင်မှ ဝယ်စားရပေသည်။ ယခုတွင်မူ သူသည် လီဟွားအတွက် အစာပြင်ဆင်ပေးရန် အလုပ်တစ်ခု ပိုလာခဲ့ပေပြီ။

သို့သော် နေ့စဥ်တာဝန် ပြီးမြောက်သွားလျှင် ဖြစ်လာနိုင်မည့် အလားအလာအတွက် ကျောက်ယောင်က ကြိုးစားကြည့်ရန် ဆုံးဖြတ်ခဲ့သည်။

“ အဆင့်ပိုမြင့်တဲ့ ကြောင်စာ ဖန်တီးဖို့ဆိုရင် ငါ အာဟာရတန်ဖိုးကို တိုးမြင့်လိုက်သင့်လား “ ကျောက်ယောင်သည် ယခင်က အဆင့်နိမ့် ၊ အလယ်အဆင့် ၊ အဆင့်မြင့် ၊ ထိပ်တန်းအဆင့် ကြောင်စာများကို ပြန်တွေးကြည့်နေခဲ့သည်။ ကျောက်ယောင် အတွေးနက်နေရင်းဖြင့် ကွန်ပြူတာဖွင့်ကာ ကြောင်စာထုတ်လုပ်ရေးနှင့် ပတ်သတ်သည့် အကြောင်းအရာများကို ရှာဖွေကြည့်လိုက်လေသည်။

ကျောက်ယောင် အလုပ်တာဝန်များ များပြားနေခဲ့ပေသောကြောင့် ကြောင်စာများအကြောင်းကို လေ့လာခွင့်မရခဲ့ပေ။ ယခုတွင်မူ သူ အလုပ်တာဝန်များထံမှ လွတ်မြောက်သွားပြီဖြစ်၍ ကြောင်စာများ ပြင်ဆင်ပေးရသည်မှာ ထင်ထားသလောက် မခက်လှကြောင်း နားလည်သွားခဲ့သည်။ အဓိက စဥ်းစားရမည်မှာ ပါဝင်ပစ္စည်းများရွေးချယ်မှု ဖြစ်ပေသည်။ ကြောင်များ၏ အစာချေစနစ်နှင့် လိုက်ဖက်ညီသည့် မတူသော အသားများနှင့် အသီးအနှံများကို ရောစပ်ပေးရမည်ဖြစ်ပြီး မနိမ့်လှသော အရသာလဲ ရှိရပေမည်။

ထို့အပြင် အချို့ကြောင်များက ကြက်သားကြိုက်ကြပြီး အချို့ကြောင်များကမူ အမဲသား ကြိုက်ကြပေသည်။ အချို့က ဝက်သားနှင့်ငါးတို့ကို နှစ်သက်ကြပေ၏။ ကြောင်များ လိုလားသည့်အစာကို မရရှိခဲ့လျှင် ၎င်းတို့က ထိုအစာကို စားမည့်အစာ အဆာခံကြပေလိမ့်မည်။

လီဟွားက အမဲသားနှင့်ကြက်သား ကြောင်စာများကို နှစ်သက်ကြောင်း ကျောက်ယောင် သိသည်။ ထို့နောက်တွင်မူ သူသည် ကြောင်စာပြုလုပ်ပုံကို တွေ့ရှိခဲ့လေပြီး တစ်ဆက်တည်းမှာပင် စတိုးဆိုင်သို့သွားကာ လိုအပ်သော ပါဝင်ပစ္စည်းများ ဝယ်ယူရန်အတွက် အောက်ထပ်သို့ ဆင်းသွားခဲ့သည်။

“ ငါ့ကို စောင့်နေ... ဒီနေ့ ငါ မင်းအတွက် ချက်ပြုတ်ပေးမယ် “ ကျောက်ယောင် ပြုံးကာ သွားခဲ့လေသည်။

ယုတ္တိကျကျဆိုလျှင် ကြောင်များက အသားစားသတ္တဝါများဖြစ်ပြီး အသီးအနှံများ စားသောက်ရသည့် ရည်ရွယ်ချက်မှာ အူလမ်းကြောင်း သန့်ရှင်းစေရေးအတွက် ဖြစ်ပေသည်။ အသီးအနှံများက မရှိမဖြစ်လိုအပ်သော ဗီတာမင်နှင့် သတ္တုဓာတ်များကိုလဲ ထောက်ပံ့ပေးပေသည်။

သူ အွန်းလိုင်းပေါ်တွင် ရှာတွေ့ခဲ့သည့် ပြုလုပ်ပုံအညွှန်းအတိုင်း အမဲသား ၊ ကြက်သား ၊ ပန်းဂေါ်ဖီနှင့် ငုံးဥများကို အောက်ထပ်ရှိ စူပါမားကတ်မှ ဝယ်ယူခဲ့သည်။

All Chapters