← Chapters

အခန်း (၂၂-၂၄)

Vol. 2 Ch. 22-24

အခန်း (၂၂-၂၄)

Vol. 2 Ch. 22-24

အပိုင်း ၂၂

နေ့စဥ်တာဝန် ၄

အိမ်သို့ စားသောက်ကုန်များနှင့် ပြန်ရောက်လာပြီးနောက် ကျောက်ယောင်က အသားများကို ဆေးကြောကာ ဟင်းပွဲပြင်ဆင်နေလျက်ရှိပြီး လီဟွား၏မျက်ဝန်းတွင်မူ စိတ်ပျက်ဟန်များ ဖြစ်နေပေသည်။

ကြောင်များက အစားအစာတွင် အရသာဖြည့်စွက်ရန် များစွာမလိုပေသောကြောင့် ကျောက်ယောင်သည် အာဟာရများ ဆုံးရှုံးမှုနည်းပါးစေရေးအတွက် အသားများကို ဘုံဘိုင်ရေကိုသုံးကာ အပေါင်းခံမည်ဟု ဆုံးဖြတ်ခဲ့သည်။

အသားများ ကျတ်သွားပြီးနောက်တွင် ကျောက်ယောင်သည် အမဲသားများနှင့် ကြက်သားများကို ရောကာ နုပ်နုပ်စဥ်းလိုက်လေ၏။ ထို့နောက်တွင်မူ ငုံးဥများ ၊ ပန်းဂေါ်ဖီများနှင့်အတူ အိုးထဲသို့ ထည့်လိုက်လေ၏။

တစ်နာရီကျော် ကြာပြီးသည့်နောက်တွင် လီဟွား စားရန်အတွက် ရိုးရှင်းသော ဟင်းလျာတစ်ပွဲ အသင့်ဖြစ်သွားခဲ့သည်။

ကျောက်ယောင်သည် သူ ပြင်ဆင်ထားသည့် ဟင်းလျာကို စာအုပ်က အဆင့်သတ်မှတ်ပေးထားသည်အား လှမ်းကြည့်လိုက်သည်။

“ အခြေခံအဆင့်ပဲလား “ ကျောက်ယောင် မေးစေ့အားပွတ်ကာ စဥ်းစားလိုက်သည်။

“ အသားတွေက လုံလောက်သင့်တယ်။ ဒီဟင်းပွဲမှာ ဘာတွေချို့ယွင်းနေတာလဲ “

ကျောက်ယောင် အင်တာနက်ထဲတွင် ထပ်မံကာကြည့်လိုက်ရာ လူအများစုသည် သူတို့၏ကြောင်းများအတွက် သူ လုပ်ခဲ့သကဲ့သို့ပင် လတ်ဆတ်သော ပါဝင်ပစ္စည်းများသာ အသုံးပြုကြကြောင်း သိလိုက်ရပေသည်။ ဟင်းပွဲ၏ အသားဓာတ်ပါဝင်မှုတွင်လဲ အများစုသော ထုတ်လုပ်ရေးကြောင်စာများထက် များစွာပို၍ပင် မြင့်မားနိုင်သည်။

ကျောက်ယောင်သည် အမျိုးမျိုးသော ကြောင်စာ အာဟာရပုံစံများကို လေ့လာပြီးသည့်နောက်တွင် သူ၏ဟင်းပွဲ၌ မည်သည့်အရာများ လိုအပ်နေကြောင်း သိရှိသွားခဲ့သည်။

“ တော်ရင်း ၊ ဗီတာမင် ၊ အသေးစား အာဟာရဓာတ်တွေလား “

ကျောက်ယောင် မျက်မှောင်ကုတ်၍ ဆိုလိုက်လေသည်...” ငါ အဲ့ဒီအရာတွေ လစ်ဟင်းသွားမှာကို စိုးရိမ်မိတယ် “

လီဟွားသည် မီးဖိုချောင် မှန်တံခါးကို တွယ်တက်ကာ အိုးထဲတွင်ရှိသည့် ကြောင်စာကို စူးစိုက်ကြည့်နေဖြင့် နှာတရှုပ်ရှုပ်လုပ်ကာ အသားပေါင်းအနံ့ကို အနံ့ခံရန် ကြိုးပမ်းနေပေသည်။ သရက်သီးလေးကမူ ကျောက်ယောင်နှင့် ကျောက်ယောက် ပြင်ဆင်နေသည့်အစာကို သူ၏ကြီးမားလုံးဝန်းသော မျက်ဝန်းထဲတွင် အာသာငမ်းငမ်းစိတ်များ ပြည့်နေလျက်ဖြင့် စူးစိုက်ကာ ကြည့်နေပေသည်။

အဝေးတွင်မူ အဲလီဇဘက်က ကြောင်နှစ်ကောင်ကို အထင်သေးစွာဖြင့် ကြည့်နေပေသည်။ သူမက ကြောင်စာကို ကြည့်မနေခဲ့သော်လဲ နှာခေါင်းကမူ အလိုအလျောက်ပင် နှာရှုပ်နေပေသည်။

ကျောက်ယောင်သည် ချက်ပြုတ်နေရင်းဖြင့် အပြင်ဘက်မှ ကြောင်နှစ်ကောင်ကို ကြည့်ကာ ဆိုလိုက်သည်...” မရသေးဘူး... အစာက အသင့်မဖြစ်သေးဘူး။ နည်းနည်းလောက် ထပ်စောင့်လိုက်ကြဦး “

“ ငါ ထပ်ပြီးစောင့်ရရင် အဆာလွန်ပြီး သေသွားလိမ့်မယ် “

လီဟွားက ကန့်ကွက်လိုက်သည်...” ငါ့ကို တစ်ကိုက်စားခွင့်ပေး။ တစ်ကိုက်တည်းပဲ။ ငါ အဆာလွန်နေရင်တောင် ငါ့ကောင်လေးကတော့ စားရမှဖြစ်မယ် “

သူ သရက်သီးလေးကို ပွတ်သပ်နေရင်းဖြင့် အဲလီဇဘက်ကိုကြည့်ကာ ဆိုသည်...” အဲလီဇဘက်က တစ်ညလုံး ဘာမှမစားရသေးဘူးမလား “

“ ငါ့ကို ဆွဲမထည့်နဲ့။ ငါက နင့်လို လောဘမကြီးဘူး “ အဲလီဇဘက်က မကျေမချမ်းဆိုလိုက်သည်။

“ ကောင်းပြီ... ငါပြန်လာရင် မင်းတို့အားလုံးကို စားခွင့်ပေးမယ် “ ကျောက်ယောင်သည် အဲလီဇဘက်၏ ပါးစပ်ထောင့်တွင် သွားရည်စများ ကျဆင်းနေသည်ကို မြင်သောအခါတွင် စိတ်ပျက်လက်ပျက် ဆိုလိုက်လေ၏။

နေ့စဥ်တာဝန်ထဲတွင် ပါဝင်နေသည်ဖြစ်၍ သူသည် ၎င်းတို့ကို အလွယ်တကူ စားခွင့်ပြုမည်မဟုတ်ပေ။ သူသည် အစာများကို အိပ်ခန်းထဲတွင် သော့ခတ်ထားခဲ့လေပြီး ကြောင်များအတွက် ဗီတာမင်ဆေးပြားများဝယ်ရန် အိမ်မှထွက်ခွာမည်ဟု စီစဥ်ထားသည်။

ကျောက်ယောင် ထွက်ခွာလာပြီးနောက်တွင်မူ ဆေးရုံက ကြောင်များအတွက် ဗီတာမင်ဆေးများ ရောင်းချပေးလောက်သည်ဟု တွေးမိကာ ကြယ်စင်တိဆေးရုံသို့ ဦးတည်ခဲ့လေသည်။

သူ ဆေးရုံထဲသို့ ဝင်သွားချိန်တွင် ကောင်တာရှေ့မှ သူနာပြုတစ်ဦးက တအံ့တဩရေရွတ်လိုက်သည်...” ထပ်ရောက်လာပြန်ပြီလား မစ္စတာ “

“ ဒီတစ်ခေါက်က လေလွင့်ကြောင်တွေ ဘာဖြစ်ပြန်ပြီလဲ “

“ ကျွန်တော် တစ်ခုခုဝယ်ဖို့ ရောက်လာခဲ့တာပါ။ ကြောင်တွေအတွက် ဗီတာမင်တွေ ရောင်းပေးလား “

“ ရှင်က အာဟာရမှုန့်ကို ပြောတာလား “ သူနာပြုက ဆိုလေသည်...” ရှင်က အဲ့ဒါတွေနဲ့ ဘာလုပ်မလို့လဲ။ ကြောင်စာအတွက် ဖြည့်ပေးမလို့လား။ နေ့စဥ်သုံးဖို့အတွက် ကုန်သွားလို့လား ဒါမှမဟုတ် ကြောင်တွေက နာမကျန်းဖြစ်နေသေးလို့လား “

ကျောက်ယောင် ဆိုလိုက်သည်...” ကျွန်တော်က ကြောင်တွေအတွက် ဟင်းတစ်ခွက် ပြင်ပေးနေတာလေ။ ဟင်းပွဲထဲမှာ အာဟာရတန်ဖိုးကို မြင့်ပေးတာက အကောင်းဆုံးဆိုတာ ကျွန်တော် သိခဲ့ရတယ် “

သူနာပြု၏မျက်ဝန်းများ ဖိတ်ဖိတ်တောက်လာက...” ဒါဆိုရင် ခဏစောင့်ပါဦး... ကျွန်မ ရှင့်အတွက်ပဲ ကြောင်စာထုပ်အချို့ သွားယူပေးမယ်။ ကြောင်တွေက ဗီတာမင်တွေ ၊ တော်ရင်း ၊ ကယ်စီယမ် စသဖြင်ပေါ့လေ အမျိုးမျိုးလိုအပ်တယ်...”

သူနာပြုက စကားပြောနေရင်းဖြင့် ဆေးရုံထဲမှ ပြေးထွက်ခဲ့လေပြီး ကောင်တာတွင် ကျောက်ယောင်တစ်ဦးတည်းသာ ကျန်ရစ်ခဲ့သည်။

မိနစ်အနည်းငယ်ခန့် ကြာပြီးနောက်တွင် သူနာပြု ပြန်ရောက်မလာခဲ့သော်လဲ ကုတ်အဖြူနှင့် အသားကပ်ခြေအိတ်ရှည်အနက် ဝတ်ဆင်ထားသည့် ဒေါက်တာလျိုက ဆေးရုံထဲသို့ ဝင်လာခဲ့သည်။

သူမ၏ အမူအရာကင်းမဲ့သော မျက်နှာသည် ကျောက်ယောင်ကို မြင်သောအခါတွင် တောက်ပသွားကာ ဝင်းပစွယပြုံးပြပြီး နှုတ်ဆက်လိုက်သည်။

“ သူဌေးကျောက် ရောက်နေတာလား “

“ ကျွန်တော့်ကို ကျောက်ယောင်ပဲ ခေါ်ပါ “ ကျောက်ယောင် နှုတ်ခမ်းမဲ့သွားရကာ သူမ၏ အမည်တပ်ပုံကြောင့် ရှက်အမ်းအမ်းဖြစ်သွားရလေသည်။

“ ကျောက်ယောင်... ရှင်က အာဟာရမှုန့်အချို့ လိုချင်နေတယ်လို့ ကျွန်မ ကြားထားတယ် “

ဒေါက်တာလျိုက သူ့အား တောက်ပသော မျက်ဝန်းများဖြင့် စူးစိုက်ကြည့်ကာ ဆိုလိုက်သည်...” ရှင့်ရဲ့ ကြောင်တွေအတွက် ဟင်းတစ်ခွက် ပြင်ဆင်နေတာပဲ ဖြစ်ရမယ်။ ဒါဆိုရင်တော့ ရှင့်အနေနဲ့ တော်ရင်းမှုန့်တော့ မဖြစ်မနေပါရလိမ့်မယ်။ ကြောင်တွေက နေ့ရက်တိုင်းအတွက် တော်ရင်းပမာဏများများ လိုအပ်တယ်လေ။ အဲ့ဒါက သူတို့ရဲ့ အမြင်အာရုံတွေ ၊ ဒဏ်ခံနိုင်စွမ်းတွေ ၊ ကိုယ်တွင်းအင်္ဂါတွေနဲ့ နှလုံးအတွက် လိုအပ်တယ်လေ “

“ ကောင်းပါပြီ ဒါဆိုလဲ ကျွန်တော့်ကို အကြံပြုချက်အချို့ ပေးပါဦး “ ကျောက်ယောင်သည် စိတ်အားထက်သန်နေသည့် ဒေါက်တာလျိုအား မြင်တွေ့ကာ လက်ခါပြပြီး ဆိုလိုက်သည်။

ထိုစဥ် သူနာပြုသည် ဘူးများ ၊ အထုတ်များ အများအပြားဖြင့် ပြန်လည်ရောက်ရှိလာသည်။

“ ဒါတွေက ပြည်ပထုတ် အာဟာရမှုန့်တွေပါ။ တော်ရင်းနဲ့ ကယ်စီယမ်အပြင် ကြောင်တွေ အကြံပြုထောက်ချက်ပေးထားတဲ့ နေ့စဥ်လိုအပ်တဲ့ ဗီတာမင်တွေနဲ့ အသေးစားအာဟာရတွေ ပါဝင်တယ် “ ဒေါက်တာလျိုက ထပ်မံကာ စိတ်အားထက်သန်စွာ ရှင်းပြလိုက်လေသည်။

“ ဘယ်လောက်လဲ “ ကျောက်ယောင်က မေးလိုက်သည်။

“ ဒေါ်လာ ၃၀၀ ပါ “ ဒေါက်တာလျိုက စိတ်လှုပ်ရှားစွာ ဆိုလာလေသည်...” ရှင့်မှာ လေလွင့်ကြောင်တွေ အများကြီးရှိနေတယ်ဆိုတော့ ရှင်သာ နည်းနည်းလောက် ထပ်ဝယ်ဦးမယ်ဆိုရင် ကျွန်မက ဒစ်စကောင့်ချပေးမှာ..... “

“ ကျွန်တော် အများကြီးမလိုအပ်ဘူး “ ကျောက်ယောင်က သူမ၏စကားကို တားဆီးကာ ဆိုသည်...” ကျွန်တော်က ကြောင့်အချို့အတွက် ရက်နည်းနည်းစာလောက်ပဲ ဝယ်တာပါ။ တစ်ထုပ်ဆိုရင် အဆင်ပြေပါတယ် “

“ ဟင်း “ ဒေါက်တာလျို သက်ပြင်းချကာ စိတ်ပျက်ဟန်ဖြင့် ထွက်သွားလေသည်။

သူနာပြုက ကို့ရို့ကားယားဟန်ဖြင့် ဆိုလိုက်သည်။

“ ဒေါက်တာလျို နေ့ခင်းကျရင် ခွဲစိတ်ခန်းဝင်ဖို့ ရှိပါတယ် “

ကျောက်ယောင်သည် အာဟာမှုန့် ဝယ်ယူလာကာ အိမ်သို့ပြန်လာခဲ့ပြီး သူ ပြင်ထားခဲ့သည့် ဟင်းပွဲထဲတွင် မွှေကာထည့်လိုက်သည်။ လီဟွားနှင့် သရက်သီးလေးတို့က ဝန်းရံနေကြပြီး သူ မွှေနေသည့်အစာကို စူးစိုက်ကာ ကြည့်နေကြသည်။

ဟင်းပွဲက အဆင့်မြင့်အဆင့်သို့ မြင့်တက်သွားပြီဟု ကျောက်ယောင် မှတ်ချက်ပြုလိုက်သည်။

“ ကောင်းပြီ... ဒါက မင်းအတွက်ပဲ လီဟွား။ ပြီးတော့ သရက်သီးလေး... ဒါက မင်းအတွက်ပဲ “

သူက လီဟွားနှင့် သရက်သီးလေးတို့၏ ပန်းကန်ပြားများထဲသို့ အသားဟင်းများ ထည့်ပေးလိုက်သည်။ ကြောင်နှစ်ကောင် ခေါင်းများငုံ့သွားကာ အစာများကို အငမ်းမရ စားကြလေတော့သည်။

ထို့နောက်တွင်မူ ကျောက်ယောင်သည် ပြတင်းပေါက်ဝတွင် ခေါင်းမော့ကာ စိတ်ဓာတ်ကျနေဟန်ဖြင့် ကြည့်နေသည့် အဲလီဇဘက်ဆီသို့ သွားလိုက်လေသည်။

ကျောက်ယောင်သည် အဲလီဇဘက်၏ ဦးခေါင်းနှင့်ကျောအား ပွတ်သပ်ပေးကာ ပန်းကန်းပြားကို သူမ၏ရှေ့တွင် ချပေးလိုက်သည်။ ထို့နောက် သူက ဆိုသည်...” စိတ်မပူပါနဲ့... ငါတို့တွေ လူသတ်သမားကို ရှာမှာပါ “

ကျောက်ယောင်က အဲလီဇဘက်၏ ကျောပြင်မှ ပိုးထည်အဝတ်ကဲ့သို့ သားမွေးများကို ပွတ်သပ်ပေးနေခဲ့သည်။ သူ ခေါင်းငုံ့ကြည့်လိုက်ချိန်တွင် သူမက ပန်းကန်ထဲရှိ အစာများအားလုံးကို အပြီးသတ်နေပြီဖြစ်ကြောင်း သိလိုက်ရသည်။

“ အရသာကောင်းတယ် “ အဲလီဇဘက်က အစာများကို လက်သည်းများနှင့် ယူစားနေလျက်ဖြင့် ဆိုလိုက်သည်။

“ မင်းစားတာ ဘာကြောင့် အရမ်းမြန်နေရတာလဲ။ မင်း အစာမကြေဖြစ်မယ်နော် “ ကျောက်ယောင် သူမ၏နဖူးပေါ်တွင် လက်တင်ကာ ဆိုလိုက်သည်။

“ မလုံလောက်သေးဘူး “ အဲလီဇဘက်၏ လေသံက မပီသလှပေ။

လီဟွားက ၎င်း၏အစာများ ပြီးလုနီးပါးပင် ရှိနေသည်ဖြစ်ပြီး ကျောက်ယောင်က အဲလီဇဘက်ကို အစာများ ထပ်မံထည့်ပေးလိုက်သည်။ နောက်ဆုံးတွင် နေ့စဥ်တာဝန် ၄ ပြီးမြောက်သွားခဲ့သည်။

ကြောင်စာ ချက်ဖူးသော အတွေ့အကြုံရှိသည့် ကျောက်ယောင်မှာ သူ၏အတွေ့အကြုံအမှတ်များ တိုးလာလိမ့်မည်လားဟု သိချင်နေမိသည်။

“ အဆင့်မြင့် “ အဆင့် ကြောင်စာများက ဆယ်ရက်ပြည့်ချိန်တိုင်း အတွေ့အကြုံအမှတ်များ တိုးလာလိမ့်မည်ဖြစ်ပြီး “ ထိပ်တန်း “ အဆင့် ကြောင်စာများကမူ နေ့စဥ်လိုပင် အတွေ့အကြုံအမှတ်များ တိုးလာမည်ဖြစ်ပေသည်။ လီဟွားအတွက် အထူးဖြစ်သည့် ကြောင်စာတွင် “ အဆင့်မြင့် “ နှင့် “ ထိပ်တန်းအဆင့် “ ရောထွေးကာ ရရှိလာခဲ့ပါက အတွေ့အကြုံအမှတ်များ စုပြုံကာ ရရှိနိုင်မည်လားကို ကျောက်ယောင် သိချင်နေမိသည်။

နောက်လဝက်တွင် အဆင့်မြင့်နှင့် ထိပ်တန်းအဆင့် ရောထွေးနေသည့် ကြောင်စာရရှိမည်ဖြစ်ပြီး နေ့စဥ်အတိုင်းအတွက် အတွေ့အကြုံရမှတ်မှာမူ အနည်းငယ်ခန့်သာ တိုးပွားလာမည်ဖြစ်ကြောင်းကို ကျောက်ယောင် မသိခဲ့ပေ။

ထို့ကြောင့် အာဟာရဖြင့် အတွေ့အကြုံအမှတ်များ ရရှိခြင်းသည် အဓိကအားဖြင့် ကြောင်များစားသည့် အစာများ၏ အဆင့်အပေါ်တွင်သာ အဓိကမူတည်နေပေသည်။ ကြောင်များက အဆင့်မြင့် ၊ ထိပ်တန်းအဆင့် ၊ အခြေခံ စသည်အားဖြင့် အဆင့်အမျိုးမျိုးသော အစာများကို နေ့စဥ်စားသုံးနေရလျှင်ပင် အတွေ့အကြုံအမှတ် တစ်မှတ်သာ တိုးလာပေလိမ့်မည်။

အကယ်၍ ကျောက်ယောင်သာ လီဟွား၏ နေ့စဥ်အစာများအတွက် အတွေ့အကြုံအမှတ်များ တိုးပွားလာလိုပါက သူ့အနေ​ဖြင့် ထိပ်တန်းအဆင့် သို့မဟုတ် ထို့ထက်ပိုမြင့်သော အဆင့်များရှိသည့် ကြောင်စာများ ရရှိရန်လိုအပ်သည်။

နေ့စဥ်တာဝန် ၄ ပြီးသွားခဲ့ခြင်းကြောင့် သူ စာအုပ်ထံမှ နောက်ဆုံးတာဝန်ဖြစ်သည့် နေ့စဥ်တာဝန် ၅ ကို ကြည့်လိုက်သည်။

နေ့စဥ်တာဝန် ၅ : စွမ်းအားကြီးလျှင် တာဝန်ဝတ္တရားလဲ ကြီးမားပါတယ်။ သင်၏ စူပါကြောင်နှင့်အတူ လမ်းပေါ်တွင် တစ်နာရီ အချိန်ကုန်ဆုံးပြီး ကြောင်များ အေးချမ်းသာယာမှု ပျက်ပြားရမည့်အဖြစ်ကို ​ကာကွယ်ပေးပါ။

ဘောနပ်စ်တာဝန် ပန်းတိုင် : သင်၏ စူပါကြောင်နှင့်အတူ တစ်နာရီခန့် သို့မဟုတ် ထို့ထက်ပိုကြာအောင် ပတ်ကင်းလှည့်ပါ။ သင်သာ အခြားစူပါကြောင်တစ်ကောင်ကို ဖမ်းဆီးနိုင်ခဲ့မယ်ဆိုရင် ကြီးမားတဲ့ဆုလာဘ် ရရှိမှာပါ (အတွေ့အကြုံရမှတ် တစ်မှတ်)။ ဘောနပ်စ်ပန်းတိုင် ကျရှုံးသွားပါက အပြစ်ဒဏ်မရှိပါ။

စာအုပ်၏ တာဝန်အကြောင်းအရာများကို ကြည့်နေရင်းဖြင့် ကျောက်ယောင် တွေးလိုက်သည်...” ဒီတာဝန်က ငါ စူပါကြောင်ကို တစ်နာရီလောက်ပဲ အပြင်ခေါ်သွားရမှာဆိုတော့ လွယ်မဲ့ပုံပါပဲ။ ဘောနပ်စ်တာဝန် ပြီးမြောက်ဖို့ကတော့ ငါ ကံကောင်းမှပဲဖြစ်မယ် “

သူ တွေးနေရင်းဖြင့်ပင် အစာစားပြီးသည့်နောက် ကြမ်းပြင်ပေါ်တွင် စိတ်ကျေနပ်စွာ လဲလျောင်းနေသည့် လီဟွားကို လှမ်းကြည့်လိုက်သည်။ သူ ချက်ချင်းပင် လီဟွားကို ပွေ့ချီကာ အိမ်ထဲမှ ထွက်ခွာသွားခဲ့သည်။

​မြောင်...။

လီဟွား အံ့ဩတကြီး ဟစ်အော်သည်...” ငါ အိမ်ကနေ မထွက်ချင်ဘူး။ ငါ အိမ်မှာနေ Wifi သုံးပြီး လေအေးပေးစက် ဖွင့်ထားချင်တယ် “

လီဟွား ဟစ်အော်ကာ လက်သည်းများကို လေထဲတွင်ယမ်း၍ ဆန္ဒပြလေသည်။

“ ငါနဲ့အတူ လမ်းလျှောက်သွားကြမယ် “ ကျောက်ယောင်က ဆိုသည်။

“ မြောင်... ကျောက်ယောင်... မင်းက ကြောင်တွေကို နှိပ်စက်ညှင်းပမ်းနေတာပဲ “ ကျောက်ယောင်က ပွေ့ချီကာ သယ်ဆောင်သွားခဲ့ခြင်းကြောင့် လီဟွားမှာ လှုပ်ရှားမှုမဲ့စွာ ဟစ်အော်နေရသည်။

“ မင်း ငါ့ကို အပြင်ခေါ်သွားမယ်ဆိုရင် ငါ့ရဲ့အလောင်းကိုပဲ ခေါ်သွားလိုက်...”

အပိုင်း ၂၃

ကားဝယ်ခြင်း

ကျောက်ယောင်သည် နောက်ဆုံးနေ့စဥ်တာဝန်ကို ပြီးဆုံးအောင်လုပ်မည်ဟု ဆုံးဖြတ်ကာ လီဟွားကို အိမ်ထဲမှ သယ်ထုတ်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် သူက ဘောနပ်စ်တာဝန်ကိုလဲ ပြီးမြောက်အောင် လုပ်ရပေမည်။

“ တစ်ပတ်အတွင်း ဒေါ်လာတစ်သန်းတန် ကားတစ်စီး ဝယ်ရမယ်ဆိုတော့ ဒါက ငါ ကားတစ်စီး ချက်ချင်းဝယ်ရမယ်လို့ ဆိုလိုတာပဲမလား “ ကျောက်ယောင် တစ်ခဏတွေးကာ လီဟွားကို ပခုံးပေါ်သို့ တင်လိုက်လေသည်။ သူ ဒေါသတကြီး မျက်မှောင်ကုတ်ကာ...” ကြောင်စုတ်... ဒီရက်ပိုင်းအတွင်း ပိုဝလာတယ်မလား “

လီဟွားက မြောင်အော်ကာ...” မင်း အဲ့ဒါနဲ့ပတ်သတ်ပြီး ပြဿနာရှိတယ်ဆိုရင် ငါ့ကို အိမ်ထဲပြန်ပို့လိုက်လေ။ ဘယ်သူကများ မင်းနဲ့ အပြင်ကို လိုက်ချင်နေလို့လဲ “

ကျောက်ယောင် လီဟွား၏ဦးခေါင်းကို ပုတ်ကာ ဆိုလိုက်လေသည်...” အခု ငါ မင်းကို အပြင်ခေါ်လာမှပဲ မင်း ပိုပြီးသန်မာလာမှာ။ မင်းရဲ့ အချိန်ရပ်စွမ်းရည်သာ လုံလောက်ရှည်ကြာလာရင် မင်းကြိုက်တာကို လုပ်လို့ရပြီ။ မင်း သဘောကျတဲ့ ဘယ်ကြောင်ကိုမဆို ချစ်လို့ရပြီ။ မင်း လိုချင်တဲ့ ဘယ်ကြောင်ရဲ့ တင်ပါးကိုမဆို လျက်လို့ရပြီလေကွာ “

ကျောက်ယောင် ခရိုင်ငယ်ထဲတွင် လမ်းလျှောက်နေရင်းဖြင့် ဖုန်းဖွင့်ကာ 4S ဈေးဆိုင်နှင့် ပတ်သတ်နေသည့် အချက်အလက်များကို ရှာဖွေကြည့်လိုက်သည်။

ကျောက်ယောင် ကားအရောင်းဆိုင်များ တစ်ခုပြီးတစ်ခု ရှာကြည့်နေရင်းဖြင့် နောက်ဆုံးတွင်မူ Porsche အရောင်းဆိုင်တစ်ခုထံမှ Porsche Panamera ကားတစ်စီးအား “ Buy Now “ ယွမ် ၁၀၅၀၀၀၀ ဟု တွေ့လိုက်ရသည်။

ကျောက်ယောင်သည် ကားများ ဈေးမည်မျှရှိသည်ကို မသိသော်လဲ Website ပေါ်မှ ဓာတ်ပုံများကို ကြည့်ပြီးသည့်နောက်တွင် ထိုကားက မဆိုးလှဟု တွေးထင်မိကာ သူတို့နှစ်ဦးအတွက် ဝယ်ယူရန် ဆုံးဖြတ်လိုက်သည်။

သူသည် လီဟွားနှင့်အတူ ခရိုင်ငယ်ထဲမှ ထွက်လာခဲ့ပြီး 4S အရောင်းဆိုင်ဆီသို့ ဦးတည်လိုက်လေ၏။

အမျိုးသား အရောင်းမန်နေဂျာသည် ကျောက်ယောင်၏ ပခုံးထက်တွင် ကုတ်တွယ်နေလျက်ရှိသော လီဟွားကိုကြည့်ကာ သူ၏မျက်နှာထက်တွင် သံသယဟန်များ အနည်းငယ်ပေါ်လာသည်။ သို့သော် သူက သံသယများကို အလျင်အမြန်ထိန်းသိမ်းကာ ကျောက်ယောင်ကိုကြည့်၍ ဆိုလိုက်လေသည်...” မစ္စတာကျောက် ကံကောင်းတာပဲ။ အများသောအားဖြင့်ဆိုရင် ကျွန်တော်တို့က ကြိုတင်အမှာစာတွေကိုပဲ လက်ခံလေ့ရှိတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ကာစတန်မာတစ်ဦးက စရံငွေသွင်းပြီးတဲ့နောက်မှာ ကြိုတင်အမှာစာကို ဖျက်သွားခဲ့တယ်လေ “

အရောင်းမန်နေဂျာက ကျောက်ယောင်အား အနက်ရောင် Panamera တစ်စီး၏ရှေ့သို့ ခေါ်ဆောင်သွားခဲ့သည်။ အဆိုပါ Porsche တံခါးလေးပေါက်ပါ ပြိုင်ကားသည် ပြေပြစ်သောဘော်ဒီရှိပြီး ကြေးမုံပမာပင် တောက်ပနေပေ၏။

အရောင်းမန်နေဂျာက ဆိုသည်...” ဒီကားရဲ့နောက်ပိုင်းကို ကြည့်လိုက်... ဒါက spoiler ပါပဲ။ ကားကို ကီလိုမီတာ ၁၇၀ အောက် မောင်းနှင်နေချိန်မှာ -7° ထောင့်အတိုင်း ထိန်းပေးတာကြောင့် ဒရစ်ဆွဲချိန် အောက်ကိုပိုဝပ်စေပြီး ဆီပေါက်ကွဲအားကို တိုးမြင့်စေပါတယ်။ ကားက ကီလိုမီတာ ၉၀ အထက် သွားနေတဲ့အချိန် Sport Mode ဒါမှမဟုတ် Sport+ Mode တွေမှာဆိုရင် Spoiler က +1° ထောင့်ကို ရွှေ့ပြောင်းသွားတာကြောင့် စွမ်းဆောင်ရည်ကို ပိုမြင့်စေတယ်လေ။ ဒရိုက်ဘာက ကားအမိုးခုံး ဖွင့်လိုက်ချိန်မှာဆိုရင် Spoiler က +26° ထောင့်ကို ပြောင်းရွှေ့ပေးတာကြောင့် လေတိုးသံတွေကို လျော့ပါးစေပါတယ်။ ကားရဲ့ အရှေ့နဲ့အနောက်က လျှပ်စစ်စုပ်ယူတဲ့ တံခါးတွေဖြစ်ပြီး ထိုင်ခုံနေရာတွေကလဲ အရမ်းကျယ်ဝန်းတော့ ကိုယ့်ရဲ့အထုတ်အပိုးတွေပဲ ဝင်ဆံ့တဲ့ အခြားပြိုင်ကားတွေနဲ့ မတူပါဘူး။ Panamera က လူလေးယောက် အေးဆေးဝင်ဆံ့ပါတယ်။ ခြေထောက်ချဖို့နေရာတွေကလဲ အရမ်းကျယ်ဝန်းတော့ ခရီးဆောင်နှစ်လုံး ထားဖို့လုံလောက်ပါတယ်.....”

[ ဘာသာပြန်သူ မှတ်ချက် / ကားအကြောင်း သိပ်မသိတာကြောင့် နားလည်သလိုသာ ဘာသာပြန်မိထားကြောင်း ဝန်ခံအပ်ပါတယ် ]

ကျောက်ယောင်သည် အရောင်းမန်နေဂျာ၏ ဖော်ညွှန်းချက်များကို နံဘေးတွင်ရပ် နားထောင်နေခဲ့သည်။ သူက ကားအကြောင်းကို များစွာမသိသော်လဲ Panamera ၏ ပြေပြစ်တင့်တယ်မှုက သူ၏အကြိုက်နှင့် ကိုက်ညီနေပေသောကြောင့် အလွန်စိတ်ကျေနပ်နေခဲ့သည်။

“ ကျွန်တော် ဒီကားကို လိုချင်တယ် “ ကျောက်ယောင်က ဆိုသည်။

အရောင်းမန်နေဂျာ ချက်ချင်းပင် အပြုံးဝေဆာသွားကာ...” မစ္စတာကျောက်က အချိန်သင့် ရောက်လာခဲ့တာပဲ။ ကျွန်တော်တို့မှာ ဈေးနှုန်းအရှင် ရှိပါတယ်။ မစ္စတာကျောက်က တစ်ခါတည်း ငွေအကျေချေမယ်ဆိုရင် ဒစ္စကောင့်ဈေးနဲ့ ယွမ် ၉၉၈၀၀၀ ပဲ ကျသင့်ပါမယ် “

“ ယွမ် ၉၉၈၀၀၀ လား “ ကျောက်ယောင် မျက်မှောင်ကုတ်လိုက်၏။ သူ၏တာဝန်သည် ယွမ်တစ်သန်း သုံးစွဲရန် လိုအပ်နေချေသည်။

အရောင်းမန်နေဂျာသည် ကျောက်ယောင်က မကျေနပ်သေးဟု အထင်ရောက်သွားကာ ဆက်ပြောလေသည်...” ယွမ် ၉၉၈၀၀၀ က အနိမ့်ဆုံးဈေးပါ။ မစ္စတာကျောက်က မကျေနနပ်သေးရင် ကျွန်တော်တို့က မစ္စတာကျောက်ကို ပြင်ထိန်းဆားဗစ်နှစ်ခုနဲ့ ဆေးပြန်သုတ်ခွင့်တစ်ခု အခမဲ့လက်ဆောင်ပေး....”

ကျောက်ယောင်က လက်ခါပြကာ...” အဲ့ဒါက ပြဿနာမဟုတ်ဘူး။ ယွမ် ၉၉၈၀၀၀ က နည်းလွန်းနေတယ်။ ဖြစ်နိုင်မယ်ဆိုရင် ခင်ဗျားက ကျွန်တော့်ကို ယွမ်တစ်သန်းနဲ့ တစ်ယွမ် တောင်းလိုက်လေ “

“ …… “

အရောင်းမန်နေဂျာ ကြောင်အသွားကာ မျက်ဝန်းထဲတွင် အံ့အားသင့်ဟန်တစ်ခု ပေါ်ထွက်လာကာ ကျောက်ယောင်အား စာနာဟန်ဖြင့် ဆိုလိုက်သည်...” ယွမ်တစ်သန်းက ယွမ် ၉၉၈၀၀၀ ထက် ယွမ်၂၀၀၀ ပိုများတာကို မစ္စတာကျောက် သိပါတယ်နော် “

“ အဓိပ္ပါယ်မရှိတာတွေ တော်တော့ “

ကျောက်ယောင်က ဖြေလိုက်သည်...” ယွမ်တစ်သန်းနဲ့ တစ်ယွမ်... ဒီလိုမှမဟုတ်ရင် အရောင်းအဝယ်ဖျက်တယ် “

အရောင်းမန်နေဂျာမှာ ရွေးစရာမရှိတော့ဘဲ ရာထူးမြင့်သူထံတွင် အကြံတောင်းရန် ထွက်သွားခဲ့သည်။ ဆယ်မိနစ်ကြာပြီးနောက် သူ ပြန်ရောက်လာကာ မရေမရာဆိုလိုက်သည်...” အဲ့ဒါက ရပါတယ်။ ဒါပေမဲ့ သေချာပါတယ်နော် မစ္စတာကျောက် “

“ ရတယ်ဆိုရင် လုပ်လိုက်ရအောင်လေ။ ကျွန်တော် ဘယ်နေရာမှာ ကတ်ဖြတ်ပေးရမလဲ “ ကျောက်ယောင်က မေးလိုက်သည်။

ထို့နောက်တွင်မူ စာချုပ်စာတမ်းပြုလုပ်ကြသည်။ ကံကောင်းစွာဖြင့်ပင် Panamera တွင် လိုင်စင်ပါပေသည်။ ကျောက်ယောင်အဖို့ ကျန်းမန်မြို့ ကားနံပါတ်ပြားအတွက် တန်းစီကာလေလံဆွဲခြင်း မပြုရသေးမီတွင် နိုင်ငံခြားလိုင်စင်အား ဦးစွာတပ်ဆင်ထားမည်ဟု ဆုံးဖြတ်ကာ နိုင်ငံခြားလိုင်စင်အေဂျင်စီဆီသို့ ဆက်သွယ်ရန်အတွက် အရောင်းမန်နေဂျာအား ပေးချေခဲ့လေသည်။

စာချုပ်စာတမ်းဆိုင်ရာလုပ်ထုံးများ ဆက်တိုက်လုပ်ဆောင်ပြီးနောက်တွင်မူ ကျောက်ယောင်သည် ရှေ့တွင်ရှိနေသည့် Panamera အား ကြည့်ကာ သက်ပြင်းချလိုက်၏။ သူ၏ ပထမဆုံးပြိုင်ကားကို ဤပုံစံမျိုးဖြင့် ပိုင်ဆိုင်ခွင့်ရခဲ့လိမ့်မည်ဟု တစ်ခါမျှပင် ထင်မထားခဲ့ဖူးပေ။

ထို့နောက်တွင် သူသည် လီဟွားအားခေါ်ကာ ကားနှင့်အတူ ထိုနေရာမှ ထွက်ခွာသွားခဲ့လေပြီး အရောင်းမန်နေဂျာမှာမူ အဝေးရှိ ရင်းနှီးသောကားပုံရိပ်အား ကြည့်ကာ မျက်နှာထက်တွင် တအံ့တဩဟန်များ ဖြစ်ပေါ်နေပေသည်။

“ လူချမ်းသာတွေက ထူးဆန်းတယ် “

လက်ထဲတွင် Panamera အား ထိန်းချုပ်နေရသည့် ထူးခြားသော အထိအတွေ့နှင့်အတူ ကျောက်ယောင်မှာ ရင်နာနေရသည်။

အကြောင်းကမူ မကြာသေးမီက တာဝန်များကြောင့် အခန်းအလှဆင်ခြင်း ၊ ကားတစ်စီးနှင့် လီဟွား၏ ဈေးကြီးသော နေ့စဥ်စားသောက်ကုန်များကြောင့် မူလက ယွမ် ၁၃ ရှိခဲ့သော ကျောက်ယောင်၏ကတ်မှာ ယခုအခါတွင် ယွမ်တစ်သန်းအောက် လျော့နည်းနေပေပြီ။ ယင်းက အ်တ်ပေါက်နှင့် ဖားကောက်နေရသကဲ့သို့ပင်။

“ ယွမ် ၁၃ သန်းက... တစ်တိတိနဲ့ ငါလဲ ဒီလောက်ပဲကျန်တော့တယ် “

“ ငါ့ရဲ့စာအုပ်က အသုံးအဖြုန်းကြီးလွန်းတယ် “

မည်သို့ပင်ဖြစ်စေ ကျောက်ယောင် ကားတစ်စီးဝယ်ယူခြင်း ပြီးဆုံးသွားသကဲ့သို့ပင် လမ်းညွှန်ချက်တာဝန်နှင့် ဘောနပ်စ်တာဝန်တို့လဲ ပြီးဆုံးသွားခဲ့သည်။

လမ်းညွှန်ချက်တာဝန်သည် အတွေ့အကြုံအမှတ် ၂၀ ရရှိလေပြီး နေ့စဥ်တာဝန်ငါးခုသည် အတွေ့အကြုံအမှတ် ၅ မှတ် ပေးထားသော်လဲ နေ့စဥ်တာဝန်ငါးခုလုံး ပြီးဆုံးသွားခဲ့လေခြင်းကြောင့် နေ့စဥ်တာဝန် ပြီးဆုံးသည့်ဆုလာဘ် ရရှိသကဲ့သို့ အပိုဆောင်းအနေဖြင့် အတွေ့အကြုံအမှတ် ၅ မှတ် ထပ်မံရရှိခဲ့သည်။

“ စိန် တဲ့လား “ ကျောက်ယောင် စာအုပ်ကို ပြန်ကြည့်လိုက်လေရာ ယခုတွင် အသစ်ပေါင်းထည့်ထားသည့် အတွေ့အကြုံအမှတ်များအပြင် ယခင်က တစ်ခါမှမမြင်ဖူးသည့် စိန်ဆိုသည့် နေရာတစ်ခုကိုပါ မြင်လိုက်ရသည်။

စာအုပ် : အဆင့် ၁

စိန် : ၁

အိမ်မွေးတိရိစ္ဆာန် ( ၁/၁ ) : လီဟွား

အဆင့် : အဆင့် ၂ (၉/၁၀၀)

သစ္စာရှိမှု: ၁၀၀

စွမ်းရည်: အချိန်ရပ်ခြင်း ၊ ကြာချိန် ခြောက်စက္ကန့် ၊ အားပြန်ဖြည့်ချိန် ခြောက်စက္ကန့်။

အတွေ့အကြုံရမှတ်သည့် ကားဝယ်ရသည့်တာဝန် အမှတ် ၂၀ နှင့် နေ့စဥ်တာဝန်မှ ငါးမှတ်နှင့် အပိုဆောင်း ငါးမှတ်တို့ကြောင့် စုစုပေါင်းရမှတ်သည် အမှတ် ၈၀ သို့ ရောက်ရှိနေပေပြီ။ ယင်းတို့မှလွဲ၍ “ စိန် “ ဆိုသည်ကသာ ရုတ်တရက်ပင် ပေါ်ထွက်လာခဲ့ပေသည်။

“ တစ်ရက်တာအတွက် နေ့စဥ်တာဝန်တွေအားလုံး ပြီးသွားခဲ့မယ်ဆိုရင် ငါက အတွေ့အကြုံအမှတ် ဆယ်မှတ်နဲ့ စိန်တစ်လုံး ရနိုင်လိမ့်မယ်လို့ ဆိုလိုတာပဲ။ ဒါကြောင့် ဒါတွေက ငါ့ရဲ့ နေ့စဥ်ဝင်ငွေတွေလို့ ပြောလို့ရတယ်။ ငါ မသိသေးတာက ငါသာ ကင်းလှည့်တာဝန်မှာ စူပါကြောင်တစ်ကောင် ဖမ်းမိခဲ့မယ်ဆိုရင် အပိုဆောင်း အတွေ့အကြုံအမှတ်နဲ့ စိန်ကို ရနိုင်မလားဆိုတာကိုပဲ။ ငါသာ နေ့စဥ်တာဝန်ငါးခုလုံး ပြီးမြောက်ခဲ့မယ်ဆိုရင် တစ်ရက်ချင်းစီတိုင်းမှာ စိန်တစ်လုံးစီ ရနေမယ်ဆိုရင် အနာဂတ်ကျရင် ထူးခြားတဲ့နေရာမှာ သုံးလို့ရလောက်တယ် “

ကျောက်ယောင် အတွေ့အကြုံအမှတ် ၈၀ ကို တစ်ချက်ကြည့်ကာ တွေးလိုက်လေသည်...” စာအုပ် အဆင့်မြင့်ဖို့ နှစ်ရက်လောက်လိုသေးတယ်။ အဲ့ဒီနောက်မှာ အိမ်မွေးတိရိစ္ဆာန် အရေအတွက် တိုးလာမှာဖြစ်လို့ အဓိကတာဝန်လဲ ပြီးမြောက်သွားလိမ့်မယ် “

အိမ်ပြန်ရောက်ပြီးနောက် များမကြာမီတွင် ဖုန်းမြည်လာခဲ့ပြီး ကျောက်ယောင် ငုံ့ကြည့်လိုက်သည်။ ၎င်းက သူ၏ ကုမ္ပဏီမှ သူဌေးဖြစ်သူ ယွမ်ယင်း ဖြစ်ပေသည်။ ကျောက်ယောင် ဖုန်းလက်ခံလိုက်လေ၏။

“ ကျောက်ယောင်... နင် ဒီအလုပ်ကို တကယ်ကြီး ဆက်မလုပ်တော့ဖို့ ဆုံးဖြတ်လိုက်တာလား “

ကျောက်ယောင် ရှက်ကိုးရှက်ကန် ရယ်မောကာ...” ကျွန်တော် တောင်းပန်ပါတယ် သူဌေး။ ကျွန်တော့်ဘာသာ အလုပ်လုပ်တာက ပိုကောင်းလိမ့်မယ်လို့ ခံစားနေရတုန်းပဲ “

ယွမ်ယင်းက တုန့်ပြန်လိုက်သည်...” နင် အလုပ်ထွက်မယ်ဆိုရင်တောင် အရင်ဆုံး နင်လုပ်နေတဲ့ ပရောဂျက်ကို ငါ့အတွက် အပြီးသတ်အောင် လုပ်ပေးမသွားသင့်ဘူးလား။ အခု နင်သာ ထွက်ဖို့ရွေးချယ်လိုက်မယ်ဆိုရင် နင့်က ငါ့ကို အရမ်းအခက်တွေ့အောင် လုပ်လိုက်တာပဲ “

“ နင် မထွက်ခင်မှာ ပရောဂျက်ကို ပြီးအောင်လုပ်ခဲ့ပေး။ ပြီးတော့မှ ငါတို့တွေ အပြုံးနဲ့လမ်းခွဲကြတာပေါ့ “

ကျောက်ယောင် မျက်မှောင်ကုတ်လိုက်၏။ လက်ရှိတွင် သူက နေ့တိုင်းလိုပင် ကြောင်ပေါင်းများစွာကို စောင့်ရှောက်ပေးနေရသည်ဖြစ်ပြီး နေ့စဥ်တာဝန်များကို လုပ်ဆောင်နေရသည့်အပြင် ကြောင်စာများကို အဆင့်မြင့်တင်ရန် စူးစမ်းလေ့နေရကာ တာဝန်အသစ်များကလဲ တစ်ချိန်ပြီးတစ်ချိန် ပေါ်လာနိုင်ပေသည်။ နေ့စဥ်တိုင်းအတွက် မြင့်မားသော အသုံးစားရိတ်များနှင့်သာဆိုလျှင် သူ့အဖို့ အဘယ်သို့များ ကုမ္ပဏီသို့သွားကာ အလုပ်လုပ်နိုင်ပါတော့မည်နည်း။

“ ကျွန်တော် စိတ်မကောင်းပါဘူး။ ကျွန်တော် တကယ်ကိုပဲ အလုပ်ပြန်လာလုပ်လို့ မရတော့ဘူး “

ယွမ်ယင်းက အေးစက်စက်ဆိုလိုက်သည်...” ကောင်းပြီလေ... အခုချိန်မှာ နင်က အလုပ်ထွက်သွားပြီဆိုရင်တောင် နင့်ရဲ့ခွင့်ရက်က ပြည့်သွားပြီ။ မနက်ဖြန်ကျရင် ကုမ္ပဏီကိုလာပြီး နင့်ရဲ့အလုပ်တွေ လာလွှဲပေးပါ “

“ ကောင်းပြီ “

ကျောက်ယောင်က တာဝန်မဲ့သူ မဟုတ်ပေ။ ခွင့်ရက်ရှည် ယူပြီးသည့်နောက်တွင် ကုမ္ပဏီသို့ပြန်သွားကာ လိုအပ်သည်များ လွှဲပြောင်းပေးပြီး နုတ်ထွက်မည်ဟု သူ တွေးထားပေသည်။

ဖုန်းခေါ်ဆိုမှု၏ အခြားတစ်ဖက်ရှိ ယွမ်ယင်းမှာ ဖုန်းကိုင်ထားလျက်ဖြင့်ရှိနေပြီး အေးစက်စက်မျက်နှာထားဖြင့် သက်ပြင်းချကာ...” ဒီခေတ် လူငယ်တွေများ.....”

ဖုန်းချပြီးသည့်နောက်တွင် ကျောက်ယောင်သည် အိပ်ယာနံဘေးတွင် သုန်မှုန်နေသည့် အဲလီဇဘက်ကို တွေ့လိုက်ရသည်။ သူ၏ဖုန်းထဲရှိ Contacts အား ဖွင့်ကာ...” အခြေအနေကို စစ်ဆေးကြည့်ဖို့ အချိန်ကျပြီ “

“ ဟယ်လို အစ်ကိုဖေး... မတွေ့ရတာကြာပြီ “

“ ဒီတစ်ပတ်မှာ တွေ့ဖို့အားလား။ ဘွဲ့ရပြီးကတည်းက မတွေ့ရတာ ကြာသွားပြီ “

အပိုင်း ၂၄

ခွင့်မဲ့ပျက်ကွက်မှု

​နောက်တစ်နေ့ နံနက်ခင်းတွင် ကျောက်ယောင် အိပ်ယာထက်တွင် လဲလျောင်းနေစဥ်အတွင်း သူ၏မျက်နှာအား တစ်စုံတစ်ခုက လျက်နေသည်ဟု ခံစားလိုက်ရသည်။

သူ မျက်လုံးဖွင့်ကြည့်လိုက်ရာ ချစ်စဖွယ်ကြောင် သရက်သီးလေးက ကုတင်ထက်တွင် ရှိနေပြီး သူ့အား လျှာထုတ်လျက်သားဖြင့် ကြည့်နေသည်ကို မြင်လိုက်ရသည်။

“ ဘာလို့ ငါ့ကို လျှာနဲ့လျက်နေရတာလဲ “ ကျောက်ယောင် သရက်သီးလေးအား ကြမ်းပြင်ပေါ်သို့ ပြန်ချပေးကာ စိတ်ပျက်လက်ပျက်ဟန်ဖြင့် မေးလိုက်လေသည်။ ကုတင်၏ အခြားတစ်ဖက်အား ကြည့်လိုက်လေရာ လီဟွားသည် ဘေးတစောင်းပုံစံဖြင့် ဟောက်နေချေသည်။ မနေ့ညကအကြောင်း ပြန်တွေးမိချိန်တွင် လီဟွားက သူ၏ဖုန်းနှင့် အချိန်မည်မျှအထိ ကစားခဲ့ကြောင်းကို ကျောက်ယောင် သိချင်မိသွားခဲ့သည်။

ကျောက်ယောင် လီဟွား၏ အဆီပြင်ဗိုက်ကြီးအား ကြည့်နေရင်းဖြင့် ငေါက်ငမ်းလိုက်သည်...” ကြောင်ငတုံး... မင်းက တစ်နေ့တစ်ခြား ပိုဝလာသလိုပဲ “

ကျောက်ယောင် ကိစ္စဝိစ္စများ လုပ်ဆောင်ရန်အတွက် အခန်းထဲမှ ထွက်လာချိန်တွင် ခွက်အလွတ်တစ်လုံး၏ရှေ့၌ လဲလျောင်းနေသည့် အဲလီဇဘက်အား မြင်လိုက်ရသည်။ ထို့နောက် သူမက ကျောက်ယောင်ကိုကြည့်၍ ခွက်အလွတ်အား ပုတ်ပြလိုက်သည်။

“ ငါတို့မှာ အလိုအလျောက်ကြောင်စာစက် မရှိလို့လား “ ကျောက်ယောင်က မေးလိုက်သည်။

“ ငါ အရသာကိုမကြိုက်ဘူး။ တစ်ခုခုကို တောင့်တမိနေတယ် “ အဲလီဇဘက်က တုန့်ပြန်လိုက်သည်။

“ မနေ့က နင်လုပ်ပေးတဲ့ ကြောင်ထမင်းကို ငါစားချင်တယ် “ အဲလီဇဘက် စကားပြောကာ ကြမ်းပြင်ပေါ်တွင် လူးလွန့်လိုက်သည်။

အဲလီဇဘက်က ကြောင်စာများ စားဖူးရုံစာမက ယခင်ထက်ပင် ပိုမိုစားသုံးမိခဲ့ကြောင်း ရှင်းလင်းလှလေပြီး ယင်းက သူမအား အစာမကြေခြင်းဖြစ်စေခြင်းနှင့် ခန္ဓာကိုယ်တုန့်ပြန်မှုတို့ကို ဖြစ်ပေါ်စေပေသည်။

“ မင်းက သာမန်ကြောင်စာတွေ စားရတာကို မကြိုက်တာတောင် ဘာကြောင့် အရမ်းစားနေရတာလဲ “ ကျောက်ယောင်က မြည်တွန်တောက်တီးလိုက်သည်။

အဲလီဇဘက်က ခွက်အလွတ်ကို ပုတ်ပြကာ...” ငါသာ စားမကြည့်ဘူးဆိုရင် ဒီကြောင်စာတွေက စားမကောင်းတာကို သိရမှာမဟုတ်ဘူးလေ။ အမြန်လေး... ငါ့အတွက် ကြောင်ထမင်းနဲ့ငါး လုပ်ပေးပါ။ ဖြစ်နိုင်မယ်ဆိုရင် နော်ဝေးဆော်လမွန်ငါးနဲ့ လုပ်ပေး “

“ ဒီနေ့တော့ ကြောင်စာအတွက် မင်းဘာသာပဲ စီစဥ်လိုက်တော့။ ငါ ရုံးကိုပြန်သွားရဦးမယ် “ အလုပ်ထွက်ခဲ့ပြီးဖြစ်၍ ရုံးသို့ပြန်သွားကာ အလုပ်များ လက်လွှဲပေးမည်ဟု ကျောက်ယောင်က ဆုံးဖြတ်ထားသည်။ ကုမ္ပဏီက သူ့အား ယခုလအတွက် လစာမပေးလျှင်ပင် ပြဿနာမရှိပေ။ သူက ကုမ္ပဏီမှ အမြန်ထွက်ခွာလိုပေသည်။

သူ၏တာဝန်သိစိတ်ကြောင့်သာ မဟုတ်ခဲ့ပါက အလုပ်သို့ ပြန်သွားမည်မဟုတ်သလို ကုမ္ပဏီကိုလဲ မည်သည့်သံယောဇဥ်မျှ ထားနေမည်မဟုတ်ပေ။ အလုပ်က သူ့အား ဒေါ်လာဘထောင်အနည်းငယ်ခန့် ပေးခဲ့ဖူးသော်လုပ် သူ လုပ်ခဲ့ရသည် အချိန်ပိုများနှင့် ကာမိခြင်းမရှိပေ။

အိမ်မှ ကပျာကပြာထွက်သွားသော ကျောက်ယောင်အားကြည့်ကာ အဲလီဇဘက်က မကျေမချမ်း ဟစ်အော်ပြီးနောက် အလိုအလျောက်ကြောင်စာစက်အား လှမ်းကြည်လိုက်လေသည်။

ကျောက်​ယောက်သည် ယုံကြည်ချက်အပြည့် ရှိနေလေပြီး ကုမ္ပဏီ၏ ကားပါကင်နေရာတွင် သူ၏ Porsche Panamera ကို ရပ်တန့်လိုက်သည်။ လုံခြုံရေးခန်းထဲရှိ လုံခြုံရေးအစောင့်များက သူ့အား စူးစိုက်ကာ ကြည့်နေကြပေ၏။

စင်္ကြံလမ်းအတိုင်း လျှောက်လာခဲ့ပြီး ရုံးခန်းထဲရှိ ရင်းနှီးကျွမ်းဝင်သော နံရံများ ၊ အလုပ်စားပွဲများ ၊ ထိုင်ခုံများကို ကြည့်နေရင်းဖြင့် သူ ရုံးသို့မရောက်သည်မှာ နှစ်ပတ်ခန့်ရှိသွားပြီဖြစ်ကြောင်း အမှတ်တမဲ့ပင် သတိရမိသွားခဲ့သည်။

သူ၏အလုပ်စားပွဲ၌ ထိုင်လိုက်ခိုင်တွင် ယွမ်ယင်းက အနောက်မှရောက်လာကာ အော်လိုက်သည်...” ကျောက်ယောင် “

သူ လှည့်ကြည့်လိုက်သည်။

“ မင်္ဂလာပါ သူဌေး “ သူ နှုတ်ဆက်လိုက်၏။ ထို့နောက် သူ ကို့ရို့ကားယား ဆက်ပြောလေသည်...” စိတ်မကောင်းပါဘူး... ဒီနောက်ပိုင်းမှာ ကျွန်တော် အရမ်းကို အလုပ်များနေခဲ့တာကြောင့် ရုံးကို အသိပေးချိန်မရခဲ့ဘူး “

“ အရမ်းကို အလုပ်များနေတယ်တဲ့လား။ နင် ဘွဲ့ရထားတာ တစ်နှစ်ပဲရှိသေးတာတောင် ကိုယ်ပိုင်လုပ်ငန်းတစ်ခု စတင်နေပြီတဲ့လား။ နင် ဆိုးဆိုးရွားရွား ကျရှုံးပြီးတော့ ငါ့ဆီပြန်လာပြီး အလုပ်ပြန်ခန့်ဖို့ တောင်းဆိုဖို့ကိုပဲ စောင့်နေလိုက် “ ယွမ်ယင်းက သရော်လိုက်သည်။

ယွင်ယင်း စိုးစဥ်းမျှပင် အမူအရာပြောင်းလဲခြင်း မရှိဘဲ ဆက်ပြောလေသည်...” ငါ နားလည်ပါတယ်။ ဒီလိုလုပ်ကြမလား။ ကုမ္ပဏီက နင့်နေရာမှာ အစားထိုးဖို့ကို မရှာရသေးတာကြောင့် နင့်အနေနဲ့ သတင်းအချက်အလက် ၊ ဒီဇိုင်း ၊ ကုတ်တွေနဲ့ ပတ်သတ်တဲ့ စာဖိုင်တစ်စောင် ရေးပေးလို့ရမလား “

သူမက စကားစတစ်ဝက်တွင် အခြားသော အမျိုးသားဝန်ထမ်းတစ်ဦးကို လှမ်းကြည့်ကာ ဆိုလိုက်သည်...” လီ... နင် လာပေးလို့ရလား။ ကျောက်ယောင်က နင့်ဆီကို စာဖိုင်လွှဲပေးလိမ့်မယ်။ နင်က သူ့ရဲ့အလုပ်တွေကို လက်လွှဲယူပြီး အမှားလုံးဝမရှိစေဘဲ အရာအားလုံး ချောမွေ့နေစေဖို့ကို သေချာအောင်လုပ်ပါ။ အမှားအယွင်းဖြစ်လာရင် နင် တာဝန်ယူရမယ် “

လီက ခေါင်းညိတ်ကာ တုန့်ပြန်လိုက်သည်...” သိပြီ “

ထို့နောက်တွင် ကျောက်ယောင်သည် စာဖိုင်လွှဲပြောင်းရန် ဆက်လက်လုပ်ဆောင်သည်။ သူသည် အလုပ်နှစ်ပတ်ခန့် ပျက်ကွက်ခဲ့သော်လဲ အလုပ်နှင့် အကျွမ်းတဝင်ရှိနေဆဲဖြစ်ပြီး လွန်ခဲ့သည့်ခြောက်လခန့်က သူ လုပ်ဆောင်ခဲ့သည့် အလုပ်များနှင့်သက်ဆိုင်သည့် မော်ဂျူးများကို တာဝန်ယူနိုင်နေဆဲ ဖြစ်ပေသည်။

ထို့အပြင် သူ့တွင် ဖိုင်များ ၊ ကုတ်များ ၊ စာဖိုင်များ ၊ မှတ်စုများကို အလွန်သေသပ်စွာ ထိန်းသိမ်းထားတတ်သော အလေ့အကျင့်ကောင်းတစ်ခု ရှိပေသည်။

သူ စာဖိုင်အတွက် တစ်နေကုန် လုပ်ဆောင်ပေးခဲ့ရပြီး ညဘက်တွင် အိမ်ပြန်ခဲ့ကာ ထို့နောက်တွင်မူ နောက်တစ်နေ့မနက်သို့ ရောက်ရှိသွားခဲ့သည်။ နောက်ဆုံး နေ့ခင်းပိုင်းအချိန်တွင် စာဖိုင် ပြီးဆုံးသွားခဲ့သည်။

သူသည် စာဖိုင်အား လီဆီသို့ အီးမေးလ်ဖြင့်ပို့ကာ မက်ဆေ့တစ်ခု ချန်ထားခဲ့သည်...” လီ... ငါ မင်းဆီကို စာဖိုင် ပို့လိုက်ပြီ။ ကျေးဇူးပြုပြီး သေချာဖတ်ကြည့်ပေးပါ “

ကျောက်ယောင်ထံမှ အီးမေးလ်ကို လက်ခံရရှိပြီးသောအခါတွင် လီက ခေါင်းညိတ်ကာဆိုလေသည်... “ မဆိုးဘူး။ ဒါက အရမ်းကို အသေးစိတ်ကျပြီး ကောင်းကောင်းရေးထားတာပဲ။ ငါ သေချာထပ်ဖတ်ပြီး အမှားမရှိတာ သေချာအောင်လုပ်ရမယ် “

“ စိတ်ချပါ... ငါ သုံးနာရီအတွင်း ပြီးအောင်လုပ်မှာပါ။ စိတ်မပူပါနဲ့ “ လီက ကျောက်ယောင်ကို ဖြေသိမ့်ပေးလိုက်သည်။

“ ကျေးဇူးတင်ပါတယ် လီ “ ကျောက်ယောင်က ဆိုလိုက်သည်။

သူ အလုပ်မရှိတော့သောကြောင့် ကွန်ပြူတာအားဖွင့်ကာ အင်တာနက်ပေါ်တွင် ကြောင်စာနှင့်ပတ်သတ်သည့် အရာများ ရှိနေသည်လားကို ကြည့်လိုက်လေသည်။

သုံးနာရီကြာပြီးနောက်တွင် လီ ကျောက်ယောင်ဆီသို့ လျှောက်လာကာ ပခုံးအားပုတ်၍ ဆိုလိုက်သည်...” လုပ်ထားတာကောင်းတယ်။ မင်းရဲ့စာဖိုင်ထဲမှာ ပစ္စည်းတပ်ဆင်ပုံမျိုးစုံ ၊ လက်လုပ် ၊ ကုတ်တွေ အားလုံးပါပြီးတော့ အရမ်းပြည့်စုံပြီး ရှင်းလင်းထိမိတယ် “

ကျောက်ယောင် ပြုံးကာဆိုသည်... “ ကျွန်တော် ကုမ္ပဏီကို စရောက်ခါစတုန်းက လမ်းပျောက်နေခဲ့ဖူးတယ်လေ။ ဒါကြောင့် ကျွန်တော်က စာဖိုင်ကို အတတ်နိုင်ဆုံး အသေးစိတ်ရေးထားပေးပြီး ကျွန်တော်ရဲ့အလုပ်တွေကို လက်လွှဲယူမဲ့ နောက်လူအတွက် ပိုပြီးလွယ်ကူအောင် လုပ်ထားပေးတာပါ “

လီက သဘောတူဟန်ဖြင့် ခေါင်းညိတ်ပြကာ ဆိုသည်...” ငါ မစ္စယွမ်ဆီကို အီးမေးလ်ပို့ပြီးပြီ။ မင်း သူ့ဆီကနေ အတည်ပြုတာကို စောင့်ပြီးရင် မင်း နုတ်ထွက်တာ ပြီးပြည့်စုံအတွက် ဝန်ထမ်းရေးရာဌာနကို သွားဖို့ပဲလိုတော့တယ် “

များမကြာမီတွင် မစ္စယွမ်ထံမှာ သဘောတူညီချက်ကို ကျောက်ယောင် ရရှိခဲ့သည်။ သူမက ကန့်ကွက်မှုမရှိဘဲ အလျင်အမြန်ပင် သဘောတူပေးခဲ့ခြင်းကြောင့် ကျောက်ယောင်ပင် အနည်းငယ်ခန့် အံ့အားသင့်ရသည်။ သူမက အချိန်ဆွဲထားကာ သူ့အား အကြောင်းကြားကာလ တစ်လလုံးအထိ ထိုင်ခိုင်းထားလိမ့်မည်ဟု သူ ထင်ထားမိခဲ့သည်။ သူက လိုအပ်သော စာဖိုင်များနှင့် လုပ်ထုံးများအားလုံးကို လွှဲပြောင်းထားပေးခဲ့သည့်တိုင်အောင် ညစ်တွန်းတွန်းမည့် အရာများအတွက် အသင့်ပြင်ထားခဲ့သည်။ သို့သော် ယွမ်ယင်းက အလွန်တရာပင် ပြေပြစ်နေပေသောကြောင့် သူ အံ့အားသင့်ရသည်။

ကျောက်ယောင် ဝန်ထမ်းရေးရာဌာနသို့ သွားခဲ့လေသည်။ သူ အလုပ်စားပွဲတစ်ခု၏ ရှေ့သို့ လျှောက်သွားနေရင်းဖြင့် အနက်ရောင်ဝမ်းဆက် ဝတ်ဆင်ထားပြီး ခြေထောက်တွင် ပန်းနုရောင်ဖျော့ဖျော့ ခြေအိတ်ရှည် ဝတ်ဆင်ထားသော အမျိုးသမီးငယ်တစ်ဦးကို သတိပြုမိခဲ့သည်။ သူမ၏ ဖြူဝင်းသော လည်တိုင်က အလင်းရောင်တွင် တောက်ပနေပြီး ပြေးနမ်းချင်စိတ်များပင် ဖြစ်ရပေသည်။

ကျောက်ယောင် တံခါးခေါက်လိုက်၏။ အမျိုးသမီးငယ်က ခေါင်းမော့လာပြီး နက်မှောင်လှသော မျက်ဝန်းတစ်စုံဖြင့်ကြည့်ကာ သာယာစွာဆိုသည်...” မင်္ဂလာပါ လူကြီးမင်း။ ဘာကူညီပေးရမလဲ “

ဆိုနီယာ၏မျက်ဝန်းများကို ကြည့်နေခဲ့သည့် ကျောက်ယောင်မှာ ယခင်ကလောက် စိတ်လှုပ်ရှားခြင်း မရှိတော့ပေ။ လက်ရှိတွင် သူက ယွမ်ဆယ်သန်းကျော်အား ကိုင်တွယ်တွေ့ကြုံဖူးပြီး စူပါကြောင်များနှင့် စာအုပ်တို့ကို ကြုံတွေ့ဖူးထားပေသောကြောင့် ကျောက်ယောင်၏ ယုံကြည်ချက်များ ဆယ်ဆခန့် တိုးပွားသွားခဲ့သည်။

ဆိုနီယာ၏ အလှအပကို ရှုစားရင်းဖြင့်ပင် ကျောက်ယောင်က တည်ငြိမ်မှုထိန်းကာ တုန့်ပြန်လိုက်သည်...” ကျွန်တော်က သုတေသနနဲ့ ဖွံ့ဖြိုးရေးဌာနက ကျောက်ယောင်ပါ။ ကျွန်တော်က နုတ်ထွက်တာ အပြီးသတ်ဖို့ ရောက်လာတာပါ “

“ ကောင်းပါပြီ... ခဏစောင့်ပေးပါ “ သူမက ဆိုသည်။ ဆိုနီယာသည် ကုမ္ပဏီ၏ အချက်အလက်များထဲတွင် ရှာဖွေလိုက်လေပြီး ဖန်သားပြင်တွင် ပေါ်လာခဲ့သည့် ရလဒ်များကြောင့် မျက်မှောင်ကုတ်မိသွားခဲ့သည်။

ကျောက်ယောင်က နှစ်ပတ်ခန့် ခွင့်မဲ့ပျက်ကွက်ခဲ့လေပြီး ကုမ္ပဏီက သူနှင့် စာချုပ်ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့သည်။

ဆိုနီယာသည် အစပိုင်းတွင် ကျောက်ယောင်အပေါ်၌ အမြင်ကောင်းရှိသော်လဲ မကောင်းသည့်မှတ်တမ်းကြောင့် ပြောင်းလဲသွားခဲ့ရသည်။ ဆိုနီယာ၏အမြင်တွင် ဤကဲ့သို့ အပြုအမူမျိုက တာဝန်မဲ့ခြင်းဖြစ်ပြီး ကျောက်ယောင်၏ လုပ်ရပ်များက ပရော်ဖက်ရှင်နယ် မပီသခြင်းသာ ဖြစ်ပေသည်။

ဆိုနီယာက ငယ်စဥ်ကတည်းကပင် ရိုကျိုးတတ်ကာ စည်းလိုက်နာတတ်သူ ဖြစ်ပေသည်။ ထို့ကြောင့် သူမက စည်းကမ်းမလိုက်နာသူများကို ကြည့်မရပေ။

ထို့ကြောင့် သူမက ကျောက်ယောင်ကို အထင်သေးဟန်ဖြင့် တစ်ချက်ကြည့်ကာ ဆိုသည်...” ရှင်က နှစ်ပတ်လောက် ခွင့်မဲ့ပျက်ကွက်ခဲ့တာကြောင့် ကုမ္ပဏီနဲ့ အလုပ်ခွင်ပတ်သတ်မှုကို တစ်ဖက်သတ် ဖျက်သိမ်းခံလိုက်ရပါပြီ။ ပြီးခဲ့တဲ့လအတွက် လစာနဲ့ဘောနပ်စ်တွေ အတွက်ကတော့ ရှင် အလုပ်ပျက်ကွက်ခဲ့တဲ့ ရက်အရေအတွက်အလိုက် အဖြတ်ခံရမှာပါ။ ကျန်ငွေကို လစာထုတ်ရက်ကျရင် ထုတ်ပေးသွားပါ့မယ် “

“ ခွင့်မဲ့ပျက်ကွက််တဲ့လား “

ကျောက်ယောင် မျက်မှောင်ကုတ်လိုက်ပြီး...” ဒါပေမဲ့ ငါ မစ္စယွမ်ဆီကို အီးမေးလ်ပို့ပြီး ရက်အနည်းငယ်လောက် ပျက်ကွက်မယ်ဆိုပြီး လျှောက်ထားခဲ့တယ်လေ။ သူကလဲ ခွင့်ပြုပေးခဲ့တယ် “

ဆိုနီယာက ပခုံးတွန့်ပြကာ ဆိုသည်...” မစ္စယွမ်ကတော့ ရှင့်ဆီကနေ အီးမေးလ် ရမထားဘူးလို့ ဆိုထားတာပဲ “

ကျောက်ယောင် မှင်တက်မိသွားသော်လဲ မစ္စယွမ်က တစ်ချိန်လုံး အကွက်ချနေခဲ့ခြင်း ဖြစ်ကြောင်းကို မကြာမီတွင် နားလည်သွားခဲ့သည်။ သူမသည် သူက ခွင့်ဖြင့် ပျက်ကွက်ခဲ့သည်ဟု အထင်ရောက်စေခဲ့ပြီး သူ ပြန်ရောက်လာချိိန်အထိပင တစ်ရက်ခွဲတိတိ ဘာမျှမပေးဘဲ ခိုင်းစေခဲ့ချေသည်။

သူက သူမအတွက် စာဖိုင်များနှင့် မှတ်စုများကို လုံ့လစိုက်ထုတ်ပြီး ရေးပေးခဲ့ရသည်ကို ပြန်တွေးမိချိန်တွင် ရူးမလိုပင်ဖြစ်သွားရသည်။

မူလက သူသည် ခွင့်ဖြင့် နှစ်ပတ်ပျက်ကွက်ခဲ့သည်ဟု ထင်နေမိခဲ့သော်လဲ ယခုတွင်မူ သူက ခွင့်မဲ့ပျက်ကွက်ခဲ့ခြင်း ဖြစ်နေခဲ့ချေသည်။

ယင်းကြောင့် သူ၏လစာသည် လေးပုံတစ်ပုံအောက်သို့ လျော့နည်းသွားပြီဖြစ်ပြီး ဘောနပ်စ်များလဲ မရှိတော့ပေပြီ။ ယခုတွင် သူက အနည်းဆုံး ဒေါ်လာလေးထောင်ခန့် ဆုံးရှုံးသွားခဲ့ရချေ၏။

ကျောက်ယောင်က အဆိုပါ ဒေါ်လာထောင်ပိုင်းခန့်ကို အရေးမစိုက်သော်လဲ ဘာမျှမလုပ်ဘဲ ထိုင်ကြည့်နေမည်မဟုတ်သလို ကစားခံရသည်ကိုလဲ မုန်းတီးပေသည်။

သူက ဆိုနီယာကိုကြည့်ကာ...” ကောင်းပြီ... ငါ သိပြီ “

All Chapters