အခန်း (၂၅-၂၇)
Vol. 2 Ch. 25-27
အပိုင်း ၂၅
တူးဆွခြင်း
ကျောက်ယောင် မျက်မှောက်ကုတ်လျက်သားဖြင့်ပင် ယွမ်ယင်း၏ရုံးခန်းထဲသို့ ဝင်သွားခဲ့သည်။ သူသည် အလုပ်စားပွဲ၏နောက်မှာ ဝဖြိုးသော အမျိုးသမီးကို အကြည့်စူးစူး တစ်ချက်ကြည့်ကာ ဆိုလိုက်သည်...” မန်နေဂျာယွမ်... အခြားသူတွေက ကျွန်တော် ခွင့်မဲ့ပျက်ကွက်တယ်လို့ ပြောနေကြတယ်။ ခင်ဗျား ကျွန်တော့်ရဲ့ ခွင့်တိုင်စာကို မရခဲ့ဘူးလား “
“ အိုး... ငါ နင့်ရဲ့ ခွင့်တိုင်စာကို မရခဲ့ဘူးလေ “ ယွမ်ယင်းက စိတ်မပါလက်မပါ လေသံဖြင့်ဆိုကာ ကျောက်ယောင်ကို တစ်ချက်မျှသာကြည့်၍ တုန့်ပြန်လိုက်သည်။
“ ငါတို့ ကုမ္ပဏီရဲ့ စည်းမျဥ်းစည်းကမ်းတွေအရ ခွင့်မဲ့ပျက်ကွက်တာဟာ စာချုပ်ဖျက်သိမ်းတဲ့အထိ ဖြစ်စေနိုင်တာကို ဝန်ထမ်းဟောင်းတစ်ဦးဖြစ်တဲ့ နင်က သိထားသင့်တယ်လေ “ သူမက သာမန်မျှသာ ဆိုလိုက်လေသည်။
“ ဒါပေမဲ့ အရင်က ကျွန်တော့်ကို ခွင့်ပေးမယ်ဆိုပြီး မန်နေဂျာယွမ်ပဲ ကတိပေးခဲ့တယ်လေ “ ကျောက်ယောင် မျက်မှောင်ကုတ်ကာ ချေပပြောဆိုသည်။
“ အဲ့ဒီလိုလား။ ဒါဆို ငါ မေ့သွားတာပဲဖြစ်မယ် “ ယွမ်ယင်းက ပခုံးတွန့်ပြကာ ခပ်အေးအေးပင် တုန့်ပြန်လိုက်သည်။
“ ပြီးတော့ စာချုပ်မဖျက်သိမ်းခင်မှာ ဒီတစ်လလုံးအတွက် နင့်ရဲ့ဘောနပ်စ်တွေ အနုတ်ခံရမယ်။ ဒါပေမဲ့ နင့်ရဲ့လုပ်အားခကိုတော့ ပေးမှာပါ။ ငါ စိတ်မကောင်းပါဘူး “ သူမက ထပ်မံကာဆိုသည်။
သူမက ကျောက်ယောင်ကို စာနာဟန်ဖြင့်ကြည့်ကာ နှုတ်ခမ်းအား တွန့်ကွေးထားသည်။ သို့သော် ယင်းက သူမ၏ အကြင်နာမဲ့ခြင်းနှင့် စာရိတ္တမဲ့ခြင်း စိတ်ထားများကို ဟန်ဆောင်ဖုံးကွယ်ထားခြင်းသာ ဖြစ်ပေသည်။
“ ရိုးရိုးသားသား ပြောရရင် ကျွန်တော့်အတွက် ဒီဒေါ်လာထောင်ပိုင်းလောက်က တကယ်ကို ဘာမှမဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော်က ဒီကိစ္စကို ရှော်ပေးလိုက်ဖို့ စိတ်ကူးမရှိဘူး “ သူ တည်ငြိမ်စွာတုန့်ပြန်ကာ သူမ၏ ရုံးခန်းထဲမှ ထွက်သွားခဲ့သည်။
“ ဟမ့်... လေကြီးနေတယ် “ ယွမ်ယင်းက သရော်လိုက်ချိန်တွင်ပင် ကျောက်ယောင်က ရုံးခန်းတံခါးကို ကျောပေးကာ ပိတ်သွားခဲ့သည်။
ကျောက်ယောင်တွင် ချမ်းသာသောနောက်ခံ ၊ အိမ်နှင့်ကားတို့ မရှိလေဘဲ လစာ၏ ပမာဏအများစုကို အိမ်ငှားရန်အတွက် အသုံးပြုနေရကြောင်းကို ယွမ်ယင်း သိပေသည်။ သူမသည် ကျောက်ယောင်၏ စကားများက အဓိပ္ပါယ်မရှိသည့်အလား အလေးမထားခဲ့ပေ။ သို့သော် ကျောက်ယောင်ကမူ အဆောက်အဦထဲမှ ထွက်ခွာသွားခြင်းမရှိခဲ့ဘဲ သူ၏အလုပ်စားပွဲဆီသို့ ပြန်သွားခဲ့သည်။
တစ်ရက်တာအလုပ်ချိန် ကုန်ဆုံးသွားခဲ့ပြီး ယွမ်ယင်း ရုံးခန်းထဲမှ ထွက်လာခဲ့ချိန်တွင် ကျောက်ယောင်အား မြင်လိုက်ရခြင်းကြောင့် အံ့အားသင့်သွားခဲ့သော်လဲ ကျောက်ယောင်က သူမအား မည်သည့်အရာမျှ လုပ်နိုင်ခြင်းမရှိပေသောကြောင့် စိုးရိမ်ခြင်းမဖြစ်ခဲ့ပေ။
ယွမ်ယင်း ရုံးခန်းထဲမှ ထွက်လာချိန်တွင် ကျောက်ယောင်က သူမ၏ရုံးခန်းနှင့် ဆန့်ကျင်ဘက်သို့ လျှောက်သွားခဲ့လေပြီး လူသူမရှိသော ထောင့်တစ်နေရာတွင် ရပ်တန့်လိုက်သည်။ သူ သတိပေးခြင်းမရှိဘဲ ယွမ်ယင်း၏ ရုံးခန်းဆီသို့ တဟုန်းထိုး ပြေးဝင်သွားခဲ့လေသည်။
ကျောက်ယောင်က ယွမ်ယင်း၏ ရုံးခန်းထဲတွင် မည်သူမျှ သတိထားမိခြင်းမရှိဘဲ လျင်မြန်စွာပေါ်ထွက်လာသည်။
သူ ကွန်ပြူတာကို ဖွင့်လိုက်ပြီးနောက် Password screen တစ်ခု ပေါ်နေသည်အား မြင်လိုက်ရကာ ညစ်ကျယ်ကျယ်ပြုံးလိုက်သည်။ ထို့နောက် သူက လက်ရှိပရောဂျက်၏ အတိုကောက်စာလုံးဖြင့် ကြိုးစားကြည့်ခဲ့သော်လဲ မအောင်မြင်ခဲ့ပေ။
ထို့နောက် သူက ကုမ္ပဏီ၏ အတိုကောက်စာလုံးဖြင့် ကြိုးစားကြည့်ခဲ့လေသည်။ ဒုတိယအကြိမ် ကျရှုံးသွားပါက သူ့အနေဖြင့် hacking tools ပါသည့် hard drive တစ်ခုအား ယူဆောင်ရတော့မည်ဖြစ်ကြောင်း သိပေသည်။ ထို့အပြင် ယွမ်ယင်း၏ လက်အောက်ခံ ဝန်ထမ်းတစ်ဦး ဖြစ်ခဲ့ဖူးသည့် ကျောက်ယောင်က သူမ၏ password များကို ရှာဖွေနိုင်မည်ဟု ယုံကြည်ချက်ရှိပေသည်။
ကျေးဇူးတင်စရာ ကောင်းစွာဖြင့်ပင် ဒုတိယအကြိမ် ကြိုးပမ်းမှုက အောင်မြင်ခဲ့လေပြီး သူ၏အားထုတ်မှုများကို များစွာသက်သာသွားစေခဲ့သည်။ ကွန်ပြူတာထဲသို့ Password ထည့်သွင်းပြီးနောက်တွင်မူ ကုမ္ပဏီ၏ဆာဗာနှင့် ပရောဂျက်နှင့်ပတ်သတ်နေသည့် ကုတ်များ၏ အကြောင်းအရာများကို ကျွမ်းဝင်နေသည့် ကျောက်ယောင်က ပရောဂျက် အချက်အလက်များ သိမ်းဆည်းထားသည်များကို အပျက်ရှင်းပစ်ခဲ့လေသည်။
သို့သော် ဝန်ထမ်းတိုင်းတွင် ကိုယ်ပိုင်ကွန်ပြူတာများရှိပြီး ပရောဂျက်အား ပြန်လည်ရယူနိုင်ကြောင်းကို သူ သိထားသည့်တိုင်အောင် ယင်းသို့လုပ်ခြင်းက ယွမ်ယင်းအတွက် အလုပ်ဝန်ပိုဖြစ်စေကာ ပူဆွေးမှုဖြစ်သွားစေရန် လုံလောက်ပေသည်။ သူ၏အစီအစဥ်ကို ချီးကျူးဂုဏ်ပြုပြီးသည့်နောက်တွင် လက်ဗွေရာများကို ဆက်လက်၍ ဖျက်ခဲ့လေသည်။
ထို့နောက်တွင်မူ သူက လူသူကင်းမဲ့သော ထောင့်တစ်နေရာတွင် ပြန်လည်ပေါ်ထွက်လာခဲ့ပြီး သူ့အား မည်သူကမျှ သတိပြုမိခြင်းမရှိခဲ့ပေ။ ကျောက်ယောင် ပြုံးလိုက်လေပြီး အချိန်ပိုဆင်းနေကြသည့် လုပ်ဖော်ကိုင်ဖက်များကို တစ်ချက်ကြည့်ပြီးနောက် ဓာတ်လှေကားဆီသို့ သွားခဲ့လေသည်။
ဤရလဒ်အရဆိုလျှင် ကျောက်ယောင်က ပရောဂျက်နှင့် ပတ်သတ်နေသည်ဒေတာများကို ဖျက်သွားခဲ့ကြောင်းကို မည်သူကမျှ သိနိုင်မည်မဟုတ်လေဘဲ ယွမ်ယင်း၏ ကွန်ပြူတာကိုသာ ခြေရာခံမိကြပေလိမ့်မည်။ ကျောက်ယောင် ပြုံးနေခဲ့ပြီး ယွမ်ယင်း၏ ရှုံ့မဲ့နေသော မျက်နှာက မည်သို့ရှိလိမ့်မည်ကို ခန့်မှန်းကြည့်နေခဲ့သည်။
သူ ဓာတ်လှေကား စောင့်နေချိန်တွင် အလုပ်ဆင်းလာသည့် ဆိုနီယာက ဓာတ်လှေကားဆီသို့ လာနေခဲ့သည်။ သို့သော် ဆိုနီယာက သူ့အား တစ်ချက်ကြည့်ကာ မျက်မှောင်ကုတ်လိုက်ပြီးနောက် သူမ၏ ဖုန်းကိုသာ ဆက်ကြည့်နေခဲ့သည်။
ကျောက်ယောင်က သူမ၏ ခရီးဆောင်အိတ်ကို ငုံ့ကြည့်ကာ မေးလိုက်သည်...” အလုပ်ခရီးလား “
ဆိုနီယာက သူ့အား အသက်မပါစွာ တစ်ချက်ကြည့်ကာ နှုတ်ဆိတ်နေခဲ့လေပြီးနောက် သူမ၏ဖုန်းကိုသာ ပြန်ကြည့်ပြီး App တစ်ခုမှတစ်ဆင့် အငှားကား ငှားရမ်းရန် ကြိုးပမ်းနေခဲ့နေသည်။
တုန့်ပြန်မှု မရှိခြင်းကြောင့် စိတ်ပျက်လက်ပျက် ဖြစ်နေသည့် ကျောက်ယောင်က သူမကို သတိပေးလိုက်သည်...” အခုက လူရှုပ်ချိန်ဖြစ်လို့ တက္ကစီငှားမဲ့သူတွေ အများကြီးရှိနေလိမ့်မယ်။ ဒီအနီးတစ်ဝိုက်မှာ ဈေးဝယ်စင်တာတွေနဲ့ စီးပွားရေးအဆောက်အဦတွေက တစ်ဒါဇင်ကျော်လောက် ရှိနေတယ်လေ “
ဆိုနီယာက တစ်ချက်ကြည့်ကာ စကားမဆိုသော်လဲ သူမ၏မျက်ဝန်းတွင် စိုးရိမ်ဟန်အချို့ ဖြစ်ပေါ်နေပေသည်။
နောက်ဆုံးတွင် ပထမအထပ်သို့ ဓာတ်လှေကား ရောက်လာခဲ့သည်။ ကျောက်ယောင်က သူမနှင့်အတူ ထွက်လာခြင်းမရှိဘဲ B2 အထပ်သို့ ဆက်သွားခဲ့သည်အား ဆိုနီယာ မြင်လိုက်ရသည်။ ယင်းသည် ကျောက်ယောင်က အလုပ်သို့ ကိုယ်ပိုင်ကားဖြင့် ရောက်လာခြင်းဖြစ်သည်ဟု ဆိုလိုပေသည်။
ယင်းအား သတိပြုမိသည့် ဆိုနီယာသည် ဖုန်းပေါ်မှာ အချိန်အား ကြည့်လိုက်လေပြီး တုန့်ဆိုင်းဟန်အချို့နှင့်အတူ ကျောက်ယောင်နှင့် ဓာတ်လှေကားထဲတွင် ဆက်နေခဲ့သည်။ အံ့ဩသွားသည့် ကျောက်ယောင်က သူမကို တစ်ချက်ကြည့်ကာ မည်သို့ဖြစ်နေသနည်းဟု မေးခဲ့လေသည်။
ရှက်အန်းအန်းဖြစ်နေသည့် ဆိုနီယာက ဖုန်းပေါ်ရှိ အချိန်အား ထပ်မံကာကြည့်လိုက်ပြီးနောက် သတ္တိမွေးကာ ဆိုသည်...” ကျွန်မက ခုနစ်နာရီခွဲမှာ ထွက်ခွာမဲ့ လေယာဥ်နဲ့ အမီလိုက်ဖို့အတွက် အလျင်လိုနေတယ်။ ကျွန်မကို လိုက်ပို့ပေးဖို့အတွက် ရှင့်ကို ဒုက္ခပေးလို့ရမလား “
ကျောက်ယောင် သူ၏ဖုန်းထဲမှ အချိန်ကို ကြည့်လိုက်ပြီးနောက်တွင် လေဆိပ်က အတန်ပင်ဝေးပေသောကြောင့် သဘောတူရန်အတွက် အနည်းငယ် တုန့်ဆိုင်းနေမိသည်။
“ ကျွန်မ တောင်းပန်ပါတယ်။ အရင်က ရှင့်ကို ရိုင်းစိုင်းမိခဲ့တယ်။ ဒါပေမဲ့ ရုတ်တရက်ပေါ်လာတဲ့ အရေးကြီးကိစ္စတစ်ခုကြောင့် ကျွန်မ နောက်ကျလို့မရဘူး။ ကျွန်မကို လိုက်ပို့ပေးဖို့အတွက် ရှင့်ကို တောင်းဆိုပါတယ် “ သူမက လက်အုပ်ချီကာ အသနားခံလိုက်သည်။
သူမ၏ ဖြူဝင်းသောပါးပြင်နှင့်အတူ ဝိုင်းစက်ပြူးကျယ်သော မျက်ဝန်းအစုံဖြင့် အသနားခံနေပုံတို့အား ကြည့်နေရင်းဖြင့် ကျောက်ယောင်မှာမူ သူမ၏ ဆွဲဆောင်မှုရှိသော အလှအပနှင့် စိတ်ရင်းဖြင့် တောင်းပန်ခြင်းတို့ကြောင့် သူ၏နှလုံးသား ပျော့ပြောင်းသွားရသည်ဟု ဝန်ခံမိပေသည်။
ကျောက်ယောင် ခေါင်းညိတ်ကာ တုန့်ပြန်လိုက်သည်...” ကောင်းပြီလေ ကျွန်တော်နဲ့ လိုက်ခဲ့ပါ “
ဆိုနီယာ စိတ်သက်သာရာ ရသွားကာ...” ကျွန်မ တကယ်ကို ကျေးဇူးတင်ပါတယ်။ ပုံမှန်ဆိုရင် ကျွန်မက ရထားပဲစီးလေ့ရှိတော့ အလုပ်ဆင်းချိန်မှာ တက္ကစီငှားဖို့ အရမ်းခက်ခဲလိမ့်မယ်လို့ ထင်မထားမိခဲ့ဘူး။ ကျွန်မက ရှင့်ကို တက္ကစီခ ပေးပါ့မယ် “ သူမက ကျေးဇူးတင်ခြင်းများဖြင့် ဆိုလိုက်သည်။
“ ပြဿနာမရှိပါဘူး “ ကျောက်ယောင်က လက်ခါပြကာ ခပ်ကြွားကြွား ဆိုလိုက်သည်။
ဆိုနီယာသည် ကျောက်ယောင်၏နောက်မှ လိုက်လာရင်းဖြင့် ကျောက်ယောင်၏ Porsche Panamera ကား၏ အတုမဲ့သော ဒီဇိုင်းပုံစံကြောင့် မှင်တက်မိသွားရသည်။
“ ဘာဖြစ်လို့လဲ... ဝင်ခဲ့လေ “ ကျောက်ယောင်က ဒရိုက်ဘာခုံတွင် ဝင်ထိုင်ရင်းဖြင့် တိတ်ဆိတ်ခြင်းအား ဖြိုခွဲလိုက်သည်။
“ အင်း...အင်း...” ဆိုနီယာ ကားထဲသို့ အမြန်ဝင်ကာ အရှေ့ဘက် ခရီးသည်တင်ခုံတွင် ဝင်ထိုင်လိုက်သည်။ ယခုအခါတွင် ကျောက်ယောင် မြင်နေသကဲ့သို့ သာမန်မဟုတ်လောက်ဟု သူမ တွေးထင်မိလာသည်။
ကားစက်နှိုးလိုက်သည်ကို ကြည့်နေရင်းဖြင့် ဆိုနီယာက ထိန်းမရစွာပင် မေးလိုက်သည်...” ဒီကားက ဈေးကြီးတယ်မလား “
“ အင်း...တစ်သန်းလောက်ပေါ့။ ဒါက ပြိုင်ကားတစ်စီးဆိုပေမဲ့ Lamborghini နဲ့ Ferrari တို့ကိုတော့ သေချာပေါက် ယှဥ်မရပါဘူး “ ကျောက်ယောင်က တည်ငြိမ်စွာ တုန့်ပြန်လိုက်သည်။
တစ်သန်းဆိုသည့် ကိန်းဂဏန်းကြောင့် သူမ၏မျက်ဝန်းများ တောက်ပသွားကာ တွေးလိုက်မိသည်...” အင်း...ဒါက မဆိုးပါဘူး “
မူလက သူမ၏အမြင်တွင် ကျောက်ယောင်က မရိုးဖြောင့်သူတစ်ဦးဖြစ်ပြီး အကြောင်းမရှိဘဲ ခွင့်မဲ့ပျက်ကွက်သည့် ဝန်ထမ်းတစ်ဦးသာ ဖြစ်ပေသည်။ သို့သော် လက်ရှိအချိန်၌ Porsche ၏ အသွင်အပြင်ကြောင့် ကျောက်ယောင်က အမှန်တကယ်ပင် မြင်နေရသကဲ့သို့ ရိုးစင်းသူမဟုတ်ကြောင်း သူမ နားလည်သွားခဲ့ရသည်။
……………………….
ရုံးအဆောက်အဦ၏ အခြားတစ်ဖက်ရှိ ဘက်စ်ကားမှတ်တိုင်တွင် ယွမ်ယင်းသည် ကုမ္မဏီ၏ စီမံခန့်ခွဲရေးဌာနမှ ဝန်ထမ်းများနှင့်အတူ ပြုံးနေပေသည်။
ကျောက်ယောင်က ထွက်ခွာမည်သာဖြစ်ပြီး သူမ၏ပရောဂျက် ကြာချိန်ကို နှောင့်နှေးစေခဲ့သည့်တိုင်အောင် ယနေ့တွင်မူ သူမ စိတ်ကောင်းဝင်နေသည်။
“ ဒေါ်လာ ထောင်ပိုင်းလောက်ရှိတဲ့ လုပ်အားခတွေနဲ့ ဘောနပ်စ်တွေက သူ့ကို တမြေ့မြေ့ နာကျင်နေစေဖို့ လုံလောက်မှာပါ “ သူမ တွေးနေသည်။
တက္ကစီ ရောက်လာသော်လဲ ယွမ်ယင်းက မတက်သေးဘဲ စောင့်ဆိုင်းနေဆဲပင်။
“ မေရီ... မင်း ကားပေါ် မတက်ဘူးလား “ သူမ၏ လုပ်ဖော်ကိုင်ဖက်များက သတိပေလိုက်သည်။ မေရီက ယွမ်ယင်း၏ အင်္ဂလိပ်အမည် ဖြစ်ပေသည်။
ယွမ်ယင်းက ခေါင်းခါပြကာ ဆိုသည်...” မတက်တော့ဘူး... ဒီနေ့ ငါ့ယောက်ျားက လာကြိုမှာလေ “
အပိုင်း ၂၆
လက်စားချေခြင်း
_______________________________
" ဝိုး... အတော် ကြည်နူးစရာပဲ "
" နင့်ရဲ့ယောက်ျားက နင့်ကို အရမ်းချစ်တာပဲ "
" မေရီ... နင့်ရဲ့ယောက်ျားက ကားဝယ်ထားတာလား "
တစ်ဖက်က မေးခွန်းထုတ်လာပေသောကြောင့် ယွမ်ယင်းက အနည်းငယ် ဂုဏ်ယူဟန်ဖြင့် နှိမ့်ချစွာတုန့်ပြန်သည်..." အင်း... ငါက သူ့ကို ကားမဝယ်ဖို့ ပြောထားခဲ့ပေမဲ့ သူက ကားဝယ်ဖို့ကိုပဲ တတွတ်တွတ် ပြောနေခဲ့တယ်လေ။ ငါတို့နှစ်ယောက်လုံးက ရထားနဲ့ကား ငှားလို့ရတဲ့ မြို့ထဲမှာပဲ အလုပ်လုပ်ကြရတာလေဟာ။ ကားတစ်စီး ဝယ်ဖို့အတွက် လိုအပ်မယ်လို့ နင်တို့ထင်လား "
နံဘေးမှ လုပ်ဖော်ကိုင်ဖက်တစ်ဦးက တုန့်ပြန်လိုက်လေသည်..." ဒါပေမဲ့ ကိုယ်ပိုင်ကားတစ်စီး ရှိနေတာက အဆင်ပြေတာပဲလေ "
" နင်က ကားနဲ့ ခရီးထွက်ပြီး စူးစမ်းလေ့လာလို့ရတယ် "
" နောင်တစ်ချိန် နင့်ရဲ့ကလေးတွေကို ခေါ်သွားမယ်ဆိုရင်လဲ ပိုပြီးလွယ်ကူတယ်လေ "
" ဪ ဟုတ်သားပဲ မေရီရေ... နင့်ရဲ့ယောက်ျားက ဘာကား ဝယ်ထားတာလဲ "
ယွမ်ယင်းမှာ သူမ စောင့်ဆိုင်းနေသည့် အရေးအကြီးဆုံး မေးခွန်းကို တစ်ဖက်လူက မေးလာခဲ့ခြင်းကြောင့် ဝမ်းသာသွားခဲ့လေသည်။ သူမက ပြန်တွေးသည့်ပမာ ဟန်ဆောင်ကာ တုန့်ဆိုင်းစွာဖြင့် ဆိုသည်..." BMW တစ်မျိုးမျိုးလို့ ငါထင်တာပဲ။ ဟူး... သူကတော့ သုံးသိန်း လေးသိန်းလောက် ကုန်ကျတယ်လို့ ပြောတာပါပဲ။ ငါက ကားအကြောင်း ကောင်းကောင်းမသိတော့ ဒီလိုဈေးကြီးတဲ့ ကားတစ်စီးကို သူ ဘာကြောင့် ဝယ်လာခဲ့သလဲဆိုတာ မတွေးတတ်တော့ပါဘူး "
လုပ်ဖော်ကိုင်ဖက်က မနာလိုဟန်ဖြင့်ကြည့်ကာ ဆိုလေသည်..." အတော်ကောင်းတဲ့ ကားပဲ။ နင့်ရဲ့ယောက်ျားက အလုပ်ဖြစ်နေတဲ့ပုံပဲ "
" ဟူး... ငါ့ရဲ့ယောက်ျားကတော့ ကိုးသောင်းဝန်းကျင်တန်တဲ့ ကားတစ်စီးကိုပဲ မောင်းနေရတာလေ။ မနှစ်ကဆို ဆွေမျိုးတွေအိမ် အလည်သွားရတာတောင် ရှက်နေမိခဲ့တယ် "
" ငါက နင်တို့ကို ရိုးရိုးသားသားပဲ ပြောပြတာပါ။ စိတ်မဆိုးကြပါနဲ့ " ယွမ်ယင်းက ဆိုလိုက်သည်။
" ငါ့အတွက်တော့ တစ်သိန်းတန်အောက် ကားတွေကို ကားတစ်စီးလို့ကို မသတ်မှတ်ဘူး။ အရင် ငါ့ယောက်ျား ကားမဝယ်ခင်တုန်းက သူ ကားဝယ်ချင်တယ်ဆိုရင် နှစ်သိန်းအထက်ပဲ ဖြစ်ရမယ်လို့ ငါ သူ့ကို ပြောထားတယ်။ အဲ့ဒီဈေးနှုန်းအောက်မှာရှိတဲ့ ဘယ်ကားကိုမှ ငါ မလိုချင်ဘူး။ တစ်သိန်းအောက်မှာရှိတဲ့ ကားတွေက တကယ်ကို ကြောက်ဖို့ကောင်းတယ်။ ကိုးသောင်းဝန်းကျင်လောက်ရှိတဲ့ ပြည်တွင်းထုတ် ကားတွေကို နင်မြင်ဖူးလား။ အဲ့ဒီကားတွေက အလွယ်တကူ ထိလိုက်ပျက်စီးနိုင်တယ်။ ငါ အဲ့ဒီကားတွေပေါ် ဘယ်တော့မှ ထိုင်မှာမဟုတ်ဘူး "
အမျိုးသမီး လုပ်ဖော်ကိုင်ဖက်၏မျက်နှာ ညိုမှောင်သွားကာ စကားပြန်ပြောနိုင်ခြင်း မရှိတော့ပေ။
အခြားသော လုပ်ဖော်ကိုင်ဖက် အမျိုးသမီးက ဆိုလေသည်..." နိဂုံးချုပ်ရရင် မေရီရဲ့ယောက်ျားက အစွမ်းဆောင်နိုင်ဆုံးပါပဲ။ သူက ဒီနှစ်မှ အသက်သုံးဆယ်ပဲ ရှိသေးတာမလား။ ငါတို့ထဲမှာဆိုရင် နင်က အတော်ဆုံးယောက်ျားကို လက်ထပ်နိုင်ခဲ့တာပဲ "
" ဟင်းဟင်း...ဒါ ကံကောင်းသွားတာပါ။ ဒီနှစ်မှာ သူ့ရဲ့ကုမ္ပဏီက အတော်လေး အခြေအနေကောင်းနေတယ်လေ " ယွမ်ယင်းက ရှက်ကိုးရှက်ကန်ဟန်ဖြင့် ဆိုလိုက်သော်လဲ ကျိတ်၍ ဝမ်းမြောက်နေခဲ့သည်။
ထိုစဥ် ကားမှတ်တိုင်၏ရှေ့တွင် Porsche Panamera တစ်စီး ပေါ်ထွက်လာပြီး ဖြည်းညင်းစွာမောင်း၍ လူအုပ်ကို ဖြတ်ကျော်သွားကာ ရုံးအဆောက်အဦ၏ ဂိတ်ပေါက်ဆီသို့ ဦးတည်ကာသွားလေသည်။
ယွမ်ယင်းနှင့် အမျိုးသမီး လုပ်ဖော်ကိုင်ဖက်များမှာ ကားပြတင်းပေါက်မှတစ်ဆင့် ကျောက်ယောင်နှင့် ဆိုနီယာတို့ကို မြင်တွေ့သွားခဲ့လေပြီး ပြောဖွယ်ရာမရှိအောင် အံ့အားသင့်သွားကြရသည်။
" ကျောက်ယောင်လား " ယွမ်ယင်းက ရှေ့တွင်ရှိသည့် ပြိုင်ကားကို စူးစိုက်ကြည့်နေသည်။ သူမသည် ကားမော်ဒယ်ကို မသိသော်ငြားလဲ ကား၏ ထူးခြားကာ ပြစ်မျိုးမထင်သော ပုံစံကြောင့် ထိုကားက အတော်ပင် တန်ဖိုးကြီးမည်ဖြစ်ကြောင်း သိသာပေသည်။
ကား ပျောက်ကွယ်သွားခဲ့သော်လဲ အနီးတွင်ရှိသည့် အမျိုးသမီး လုပ်ဖော်ကိုင်ဖက်တစ်ဦးက ကမန်းကတမ်း အတင်းပြောလာသည်။
" အဲ့ဒါ ကျောက်ယောင်မလား။ သူက ဘယ်လိုလုပ်ပြီး ပြိုင်ကား စီးနိုင်နေရတာလဲ "
" ငါ အဲ့ဒီကားကို မှတ်မိတယ်။ လျိုထောင်က ဒီကား စီးတာပဲ "
" လျိုထောင်တဲ့လား "
" Ode to Joy ဇတ်လမ်းတွဲထဲက အန်ဒီ ဇာတ်ကောင်လေဟယ်။ နင် Ode To Joy ဇာတ်လမ်းတွဲကို မကြည့်ဖူးဘူးလား "
" အိုး...ဟုတ်သားပဲ။ အန်ဒီက ဒီကား စီးတာပဲ။ ဒီကားက တစ်သန်းကျော် တန်တယ် "
" ပြီးတော့ ကားထဲမှာ ဆိုနီယာကိုလဲ ငါမြင်လိုက်ရတယ် "
" အဓိပ္ပါယ်မရှိလိုက်တာ။ တစ်ယောက်ယောက်က ငါ့ကို ဒီလိုကားမျိုးနဲ့ ဒိတ်ဖို့လာပြောမယ်ဆိုရင် ငါ ချက်ချင်း သဘောတူမိမှာပဲ "
လုပ်ဖော်ကိုင်ဖက်များ၏ စကားသံများကြောင့် ယွမ်ယင်းမှာ ထွက်ခွာသွားပြီဖြစ်သော ပြိုင်ကားကို သည်းမခံနိုင်စွာ လှမ်းကြည့်လိုက်မိသည်။ ကျောက်ယောင်က ဒေါ်လာ ထောင်အနည်းငယ်ခန့်အား အရေးမစိုက်ဟူသည့် ဆိုလိုရင်းကို နောက်ဆုံးတွင် သူမ နားလည်သွားခဲ့ပေပြီ။ သူ ထိုစကားများ ပြောခဲ့သည်မှာ အမှန်တရားသာဖြစ်ပြီး အခိုင်အမာချပြရန် ကြိုးစားခြင်းမပြုခဲ့ပေ။
သူမကိုယ်သူမအား ပြန်သုံးသပ်ကြည့်ရာ သူမက အခြားသူများ၏ရှေ့တွင် လူရွှင်တော်တစ်ဦးပမာ ဖြစ်နေခဲ့ချေသည်။ ယင်းအဖြစ်က သူမအား အမှန်တကယ်ပင် နာကျင်စေပြီး ကျောက်ယောင်ကို အမှန်တကယ်ပင် မနာလိုဖြစ်မိသည်။
ထိုစဥ်တွင် ယွမ်ယင်း၏ဖုန်း မြည်လာသည်။ သူမ ဖုန်းကိုကြည့်ပြီးနောက် ဖြေလိုက်သည်..." အင်း... ဘာကိစ္စလဲ "
" မန်နေဂျာယွမ်... မကောင်းတော့ဘူး။ ကျွန်တော်တို့ရဲ့ ဆာဗာကုတ်တွေ ဒေတာတွေ အားလုံးပျက်ကုန်ပြီ။ မိတ္တူပွားထားတဲ့ ဒေတာတွေတောင် ပျက်ကုန်ပြီ "
" ဘယ်လို " ယွမ်ယင်း ရုတ်ခြည်းမှာပင် ခေါင်းကိုက်သွားရကာ မျက်နှာ ညိုမှောင်သွားပြီး..." ဖုန်းမဆက်တော့နဲ့။ ငါ လာနေပြီ "
နောက်ဆုံးဗားရှင်း ဆာဗာကုတ်များနှင့် အချက်အလက်များ အဖျက်ခံလိုက်ရပါက ဆော့ဝဲလ်ရေးသူများ၏ သိမ်းဆည်းထားသည့် မူရင်းဗားရှင်း အကူအညီနှင့် ပြန်လည်သိုမှီးလျှင်ပင် တစ်ပတ် နှစ်ပတ်ခန့် ကြာမြင့်ပေလိမ့်မည်။ ပရောဂျက်၏ တိုးတက်မှုများ ထပ်မံနှောင့်နှေးသွားပြီဖြစ်ပြီး ယွမ်ယင်း၏ တစ်ကိုယ်တော် အလုပ်ခွင်စွမ်းဆောင်ရည်တွင် အမည်းစက် စွန်းထင်းသွားပေတော့မည်။
ထိုအကြောင်းကို တွေးမိချိန်တွင် သူမ၏မျက်နှာ ထပ်မံကာ အရုပ်ဆိုးသွားရသည်။
ထိုအခိုက်တွင် ယခင်က ကျောက်ယောင်၏ စကားများကို သူမ ပြန်လည်ကြားယောင်မိသွားခဲ့သည်။
" ဒါပေမဲ့ ကျွန်တော်က ဒီကိစ္စကို ရှော်ပေးလိုက်ဖို့ စိတ်ကူးမရှိဘူး "
သူမ၏ မျက်ခုံးများ ပူးကပ်သွားလေပြီး စိတ်ထဲတွင် ဒေါသအလိပ်လိပ်ထွက်လာကာ ထိုကိစ္စအား ကျောက်ယောင် လုပ်ခဲ့သည်လားဟု တွေးနေမိခဲ့သည်။
သို့သော် ယွမ်ယင်းတွင် သက်သေအနည်းငယ်ပင် မရှိခဲ့သလို ဆက်တိုက် စုံစမ်းစစ်ဆေးပြီးနောက်တွင် သူမ၏ကွန်ပြူတာက ဆာဗာထဲသို့ ဝင်ရောက်ပြီး အားလုံးကို ဖျက်ပစ်ခဲ့ကြောင်း တွေ့ရှိခဲ့ရလေသည်။
ရလဒ်ကို ကြားသောအခါတွင် ယွမ်ယင်း၏မျက်နှာ ညိုမှောင်သွားရလေပြီး ဘေးပတ်လည်ရှိ လူအများ၏ တအံ့တဩ အကြည့်များကြောင့် သူမ သွေးအန်လုမတတ်ပင် ဖြစ်ခဲ့ရပေသည်။
.....................
အခြားတစ်ဖက်တွင်မူ Panamera ၏ ခရီးသည်တင်ခုံပေါ်ရှိ ဆိုနီယာက ကျောက်ယောင်ကိုကြည့်ကာ မေးလိုက်သည်..." ရှင် မန်နေဂျာယွမ်နဲ့ ဆက်ဆံရေးကောင်း မရှိဘူးလား "
ကျောက်ယောင် တွေးကြည့်လိုက်ရာ ထိုကိစ္စနှင့်ပတ်သတ်ပြီး ပြောစရာမရှိဟု ယူဆမိပေသောကြောင့် သူက တုန့်ပြန်လိုက်သည်..." ကျွန်တော် ခွင့်ယူမယ်လို့ သူ့ကို ပြောခဲ့ပေမဲ့ သူက ကျွန်တော် အလုပ်ထွက်တာနဲ့ ပတ်သတ်ပြီး စိတ်ဆိုးခဲ့တယ်လေ။ ဒါကြောင့် သူက တမင်ရည်ရွယ်ပြီး အလုပ်ကနေ ခွင့်မဲ့ပျက်ကွက်တာလုပ်ပြီး ကျွန်တော့်ရဲ့လစာတွေ အလျော့ခံရအောင်တောင် လုပ်ခဲ့တာလို့ ပြောလို့ရတယ်။ မင်းအနေနဲ့ အဲ့ဒါကို ယုံသလား "
ဆိုနီယာ ကျောက်ယောင်ကို ကြည့်လိုက်ပြီးနောက် သူမ၏ရှေ့တွင်ရှိသည့် Panamera ၏အကြောင်းကို တွေးကြည့်လိုက်သည်။ ဤကဲ့သို့ကားမျိုး မောင်းနိုင်သည့် လူချမ်းသာက ဤကဲ့သို့ အသေးအဖွဲ့ကိစ္စမျိုးအား လိမ်ညာနေရန် မလိုအပ်ဟု သူမ ခံစားမိသည်။
" ကျွန်မ ရှင့်ကို ယုံပါတယ် " ဆိုနီယာက ခေါင်းညိတ်ပြကာ တုန့်ပြန်လိုက်သည်..." တောင်းပန်ပါတယ်။ အရင်က ကျွန်မ ရှင့်ကို အထင်မှားမိခဲ့တယ် "
ဆိုနီယာ၏ နောင်တရနေသော အသွင်ကြောင့် ကျောက်ယောင်မှာ မျက်ရည်စို့ရုံသာ ရှိပေတော့သည်။
" ဒါက ပြိုင်ကားစီးနိုင်တဲ့ စွမ်းပကားပဲ။ ငါ့မှာ ပြိုင်ကား ရှိနေမယ်ဆိုရင် သူမက ငါပြောသမျှ ဘာကိုမဆို ယုံကြည်နေမှာပဲ "
အခြားတစ်ဖက်တွင်မူ ဆိုနီယာက သိလိုစွာဖြင့် မေးလိုက်လေသည်..." ရှင် အလုပ်သစ်အတွက် လက်မှတ်ထိုးပြီးပြီလား "
" ဟင့်အင်း...ကျွန်တော် အခြားသူတွေဆီမှာ အလုပ်မလုပ်ချင်တော့ဘူး။ ကျွန်တော် ကိုယ်ပိုင်လုပ်ငန်းတစ်ခု ထူထောင်ချင်တယ်လေ " ကျောက်ယောင် ခပ်ဟဟရယ်မောကာ တုန့်ပြန်လိုက်သည်။
" အိုး...ကိုယ်ပိုင်လုပ်ငန်းတစ်ခုတဲ့လား "
ဆိုနီယာက မနာလိုဟန်ဖြင့် ဆိုသည်..." ရှင်က ရင်းနှီးမြုပ်နှံသူတွေဆီက ဒါမှမဟုတ် ရှင့်ရဲ့မိသားစုဆီက အထောက်အပံ့ ရခဲ့တာလား....."
ရှေ့တွင်ရှိသည့် Panamera အား ကြည့်လိုက်ရင်းဖြင့် ကျောင်ယောင်က ငွေဇွန်းကိုက်ကာ မွေးဖွားလာသူသာ ဖြစ်ရမည်ဟု သူမ ယုံကြည်မိသွားခဲ့သည်။ ယင်းမှသာ ကျောက်ယောင်က စောစီးစွာ အငြိမ်းစားယူပြီး ကိုယ်ပိုင်လုပ်ငန်းတစ်ခု ထူထောင်နိုင်ပေမည်။
" ကျွန်တော်က နွမ်းပါးတဲ့မိသားစုကနေ လာခဲ့တာပါ " ကျောက်ယောင်က ပခုံးတွန့်ပြကာ ဆိုလေသည်..." ကျွန်တော် ဘယ်ရင်းနှီးမြုပ်နှံသူကိုမှ ရှာမတွေ့ခဲ့ပါဘူး ကျွန်တော့်ရဲ့ လုပ်ငန်းရန်ပုံငွေအဖြစ် ဒီနှစ်တွေမှာ စုဆောင်းထားခဲ့တဲ့ ငွေတွေကို အသုံးပြုချင်တာပါ "
ဆိုနီယာသည် အသက်ငယ်ရွယ်ပြီး မိသားစုနောက်ခံမရှိဘဲ ကိုယ်ပိုင်လုပ်ငန်းတစ်ခု ထူထောင်ရန်အတွက် သတ္တိမရှိသော်လဲ ကျောက်ယောင်၏ ယုံကြည်ချက်နှင့် စွမ်းဆောင်နိုင်စွမ်းကို လေးစားမိနေဆဲပင်။
သူတို့နှစ်ဦး စကားတပြောပြောဖြင့် လေဆိပ်သို့ ရောက်ရှိသွားခဲ့ကာ ဆိုနီယာ ကားပေါ်မှ ဆင်းသွားခဲ့သည်။ သူမက လက်ခါပြရင်း ပြုံးကာဆိုသည်..." ကျေးဇူးတင်ပါတယ်။ ရှင်သာ မရှိရင် ကျွန်မတော့ လေယာဥ်ချိန်နဲ့ လွဲရလိမ့်မယ် "
" ကိစ္စမရှိပါဘူး "
ဆိုနီယာသည် Panamera ထွက်ခွာသွားသည်ကို ကြည့်နေရင်းဖြင့် သတိဝင်လာပြီး သူမ၏ခေါင်းကိုထုကာ ဆိုသည်..." ကောင်းရော... ငါ ပိုက်ဆံပေးဖို့ မေ့သွားပြီ "
သူမသည် အပေါစားတစ်ဦးဟု အထင်မခံနိုင်ပေသောကြောင့် မျက်မှောင်ကုတ်မိသွားခဲ့သည်။
အခြားတစ်ဖက်တွင်မူ ကျောက်ယောင်က ယင်းအရာအားလုံးကို အရေးစိုက်ခြင်းမရှိဘဲ ဖုန်းခေါ်လိုက်လေသည်။
" ဟေး... အစ်ကိုဖေးလား။ မင်း ရောက်နေပြီလား "
" ကောင်းပြီ... ငါ နာရီဝက်လောက်အတွင်း ရောက်မယ်။ အလျင်မလိုပါဘူး... အမြန်မလုပ်ပါနဲ့ "
ဖုန်းချပြီးသည့်နောက်တွင် ကျောက်ယောင်က ကြိုတင်စာရင်းပေးထားခဲ့သည့် စားသောက်ဆိုင်ဆီသို့ ဦးတည်လိုက်လေသည်။ အစ်ကိုဖေးသည် သူ၏ တက္ကသိုလ်မှ အတန်းဖော်တစ်ဦး ဖြစ်ပေသည်။
အစ်ကိုဖေး၏ အဖေနှင့် ဦးလေးတို့က ရဲတပ်သားများဖြစ်ပြီး သူ ဘွဲ့ရပြီးသည့်နောက်တွင် ရဲတပ်သားတစ်ဦး ဖြစ်လာခဲ့သည်။ သူက ရာထူးမြင့်ပိုင်းတွင် မရခဲ့သော်လဲ သတင်းစုံလင်ပေသည်။
ဤတစ်ကြိမ်တွင် ကျောက်ယောင်က အစ်ကိုဖေးကို ချဥ်းကပ်ခဲ့သည်မှာ ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့သည့် အမှုတစ်ခုနှင့်ပတ်သတ်ပြီး အကူအညီပေးလိုခြင်း ဖြစ်ပေသည်။
အပိုင်း ၂၇
စုံစမ်းခြင်း
စားသောက်ဆိုင် သီးသန့်အခန်းထဲတွင် ကျောက်ယောင်သည် စားပွဲတွင်ထိုင်နေကာ တက္ကသိုလ်မှ အတန်းဖော်ဖြစ်သည့် အစ်ကိုဖေးကို စောင့်ဆိုင်းနေခဲ့သည်။
ရုတ်ခြည်းမှာပင် ကျယ်လောင်သော အသံတစ်ခုနှင့်အတူ အခန်းတံခါး ကန်ဖွင့်ခံလိုက်ရသည်။ ပိန်သွယ်ကာ မျက်စိရှုပ်ဖွယ်ကောင်းသည့် လူငယ်တစ်ဦး အခန်းထဲသို့ လွင့်စဥ်ကာဝင်လာသည်။
ထို့နောက် အသားညိုကာ တောင့်တင်းသော လူတစ်ဦး ဝင်လာခဲ့လေပြီး ကျောက်ယောင်အားကြည့်ကာ ချက်ချင်းပင် ဆိုလိုက်လေသည်...” နောက်ကျသွားလို့ တောင်းပန်ပါတယ် “
ကျောက်ယောင်၏ မျက်နှာထက်တွင် တအံ့တဩဟန်များ ပြည့်နေလေပြီး လက်ထိပ်ခတ်ခံထားရသော မျက်စိရှုပ်ဖွယ်ရာ လူငယ်ကို ကြည့်ကာ ဆိုလေသည်...” ဒါက...”
“ မြေအောက်ရထား စီးနေချိန်မှာ ဒီကောင် ခိုးနေတာကို ငါ တွေ့လိုက်ရတာပဲ။ ငါအနေနဲ့ ဒီကောင့်ကို အလွတ်ပေးလို့ မရဘူးမဟုတ်လား “ အစ်ကိုဖေးက အေးအေးဆေးဆေးပင် ပြုံးလိုက်သည်။
“ ပြီးတော့ ငါသာ ဒီကောင့်ကို ရဲစခန်းဆီ ပြန်ခေါ်သွားပြီး ထွက်ဆိုချက်ယူမယ်ဆိုရင် ညဆယ့်တစ်နာရီလောက်အထိ အလုပ်လုပ်နေရလိမ့်မယ်။ ဒါကြောင့် ငါက ဒီကောင့်ကို ဒီနေရာ ဆွဲခေါ်လာပြီး စားသောက်ပြီးမှပဲ စခန်းကို ပြန်ခေါ်သွားဖို့ပဲရှိတော့တယ် “
“ မင်းက တကယ်ကို လူထုရဲ့သူရဲကောင်းပဲ “ ကျောက်ယောင်က ပြုံးကာဆိုသည်...” မင်းရဲ့ အလုပ်ကြိုးစားပုံက တကယ်လိုအပ်နေတဲ့အရာပဲ “
“ ငါက သူခိုးပေါက်စလေးကို ဖမ်းမိခဲ့ရုံတင်ပါပဲကွာ။ အကယ်၍ တစ်ဖက်ကသာ လူတစ်ဒါဇင်လောက် ရှိနေမယ်ဆိုရင် ငါ သေချာပေါက်ကို မမြင်ချင်ယောင်ဆောင်ပြီး အခြားလမ်းကနေသွားမှာပဲ “ ဖေးက စကားပြောနေရင်းဖြင့် ဝိတ်တာကို လှမ်းခေါ်ကာ...” ငါတို့တွေ မှာပြီးပြီလား။ ဟင်းပွဲတွေ အမြန်လာချပေးတော့။ ဒီနေ့ ငါ နေ့လည်စာတောင် မစားခဲ့ရဘူး “
နံဘေးတွင်ရှိသည့် လူငယ်က အသနားခံလိုက်လေသည်...” ကျွန်တော် မှားသွားပါတယ် အစ်ကိုကြီး။ ဒီတစ်ကြိမ်တော့ ကျွန်တော့်ကို သက်ညှာပေးပါ “
ဖေးက လူငယ်ကို ခပ်စူးစူးကြည့်ကာ ဆိုလိုက်လေသည်...” ထိုင်နေစမ်း... မင်းသာ ဖြစ်လာမဲ့ အကျိုးဆက်တွေကို သိနေတယ်ဆိုရင် ဘာကြောင့်များ အစကတည်းက အဲ့ဒါကို လုပ်နေခဲ့သေးလဲ “
ကျေနပ်စွာ စားသောက်ပြီးသည့်နောက်တွင် ဖေးက ကျောက်ယောင်ကို ကြည့်ကာ ဆိုသည်...” မင်းက ငါ့ကို ခေါ်ကျွေးချင်ရုံသက်သက်ပဲ မဟုတ်ဘူးလို့ ငါထင်တယ်။ မင်း ငါ့ကို ပြောစရာရှိလား “
“ ကောင်းပြီ... အစ်ကိုကြီးဖေးက တစ်နှစ်လောက် ရဲအရာရှိတစ်ဦး ဖြစ်လာလိုက်တာ အာရုံခံတာတွေတောင် ထက်မြက်လာပြီပဲ “ ကျောက်ယောင်က ဖေး၏နံဘေးသို့ တိုးကပ်သွားကာ ခပ်တိုးတိုးဆိုလိုက်လေသည်...” ပိုင်ရင်လု အသတ်ခံရတဲ့အမှုကို မင်း သိတယ်မလား “
ကျောက်ယောင်က အသံတိုးကာ ပြောလိုက်ပေသောကြောင့် ထောင့်နားတွင်ရှိသည့် သိလိုစိတ်ပြင်းပြနေသော လူငယ်မှာ မည်သည့်အရာကိုမျှ ကြားနိုင်ခြင်းမရှိတော့ပေ။
ဖေးသည် မေးခွန်းကြောင့် မျက်မှောင်ကုတ်လိုက်လေ၏။ ချက်ချင်းဆိုသလိုပင် သူက လူငယ်ကို အပြင်ထုတ်ကာ လက်ထိပ်ခတ်ပြီးသည့်နောက် ပြန်ရောက်လာခဲ့ပြီး မေးလိုက်လေသည်...” မင်းက ဘာကြောင့် မေးရတာလဲ။ အဲ့ဒါက တကယ်ကိုပဲ အရမ်းအရေးကြီးတဲ့ အမှုတစ်ခုပဲ “
ကျောက်ယောင် တွေးလိုက်ပြီးနောက် တည်ငြိမ်စွာပင် ရှင်းပြလိုက်သည်...” အသတ်ခံလိုက်ရတဲ့ အဖွားကို ငါသိတယ်လေ။ ငါ အများကြီးမမေးပါဘူး။ စုံစမ်းစစ်ဆေးတာ ဘယ်လောက်အထိ ခရီးရောက်နေပြီလဲဆိုတာကိုပဲ ငါသိချင်တာပါ “
စုန့်ဖေး နားထောင်ကာ မျက်မှောင်ကုတ်သွားသည်။ ရှင်းရှင်းဆိုရလျှင် ထိုကဲ့သို့ အမှုများအကြောင်းကို အပြင်လူများအား ပြောပြခြင်းမပြုရပေ။ သို့သော် သူနှင့် ကျောက်ယောင်က သူငယ်ချင်းဟောင်းများဖြစ်ပြီး ကျောက်ယောင်၏စရိုက်က...။
အကျိုးနှင့်အကြောင်းကို သေချာစဥ်းစားပြီးသည့်နောက်တွင် သူ ခေါင်းညိတ်ကာ ပြောပြလိုက်လေသည်...” ကောင်းပြီ။ ဒီကိစ္စနဲ့ပတ်သတ်ပြီး ငါ မင်းအတွက် မေးပေးလို့ရပေမဲ့ ငါရဲ့ အသိအမြင်အရဆိုရင် ဒီဟာက အရမ်းကို လှည့်ကွက်များတဲ့ အမှုတစ်ခုဖြစ်တယ်။ မင်းအနေနဲ့ ဝင်မပါဘဲ လက်ရှောင်နေသင့်တယ်။ ဒါ့အပြင် နောက်ပိုင်းမှာ ငါ မင်းကို ပြောပြမဲ့အရာတွေကို ကျေးဇူးပြုပြီး ဘယ်သူ့ကိုမှ ပြန်မပြောပါနဲ့ “
“ စိတ်မပူပါနဲ့ “
ကျောက်ယောင်က ပါးစပ်ကိုသုတ်ကာ ဆိုလိုက်လေသည်...” မင်း မေ့နေပြီလား။ ငါက အရမ်းကို ပါးစပ်လုံတယ်။ တက္ကသိုလ်မှာတုန်းက မင်း ငါ့ကို ပြောပြဖူးခဲ့တဲ့ လျှို့ဝှက်ချက်တွေအားလုံးကို မှတ်မိသေးရဲ့လား... “
“ ခွေးကောင်...” စုန့်ဖေး ချောင်းဟန့်ကာ မတ်တက်ရပ်၍ ဆိုသည်...” ဒါဆိုရင် ငါ အရင်သွားနှင့်မယ်။ ငါ့ဆီက သတင်းကောင်းကို စောင့်နေလိုက်တော့ “
ကျောက်ယောင်သည် စုန့်ဖေးက လူငယ်ကို ခေါ်ဆောင်သွားသည်အား ကြည့်နေရင်းဖြင့် စိတ်သက်သာရာရစွာ သက်ပြင်းချကာ...” နောက်ထပ် ဆက်ဖြစ်လာမဲ့အရာတွေက ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုအပေါ်မှာ မူတည်နေပြီ “
ထိုစဥ် သူ ဖုန်းဖွင့်လိုက်ချိန်တွင် တစ်စုံတစ်ယောက်က သူ့အား WeChat ပေါ်တွင် Add လာသည်ကို မြင်လိုက်ရသည်။
“ ဟမ်...ဆိုနီယာလား “ ကျောက်ယောင်က ပရိုဖိုင်ကို ကြည့်လိုက်လေရာ သူ့အား Add လာသူက ဆိုနီယာ ဖြစ်နေသည်ကို မြင်လိုက်ရပေသည်။ သူ တစ်ခဏမျှ ငိုင်နေပြီးနောက် သူငယ်ချင်းအဖြစ် လက်ခံလိုက်လေသည်။
“ ကျွန်မ တောင်းပန်ပါတယ်။ ကျွန်မ ရှင့်ကို ကားခပေးဖို့ မေ့သွားခဲ့တယ်။ ကျွန်မ ရှင့်ရဲ့ လုပ်ဖော်ကိုင်ဖက်ဆီကနေ ရှင့်ရဲ့ WeChat ကို ရခဲ့တာပါ “ သူမက ရှက်နေသည့် အီမိုဂျီနှင့်အတူ ရှင်းပြလာပြီးသည့်နောက် စာအိတ်နီတစ်ခု ပေးပို့လာခဲ့သည်။
ကျောက်ယောင်က စာအိတ်နီကို လက်ခံပြီး တုန့်ပြန်လိုက်သည်...” ပြဿနာမရှိပါဘူး “
လွန်ခဲ့သည် ရက်သတ္တပတ် အနည်းငယ်ခန့်လောက်က သူ သဘောကျနေခဲ့သည့် မိန်းကလေးတစ်ဦးက သူ့အား WeChat တွင် အမှန်တကယ် Add လာခဲ့ခြင်းကြောင့် ကျောက်ယောင်မှာ ဘဝသည် အံအားသင့်ဖွယ်ရာများနှင့် ပြည့်နှက်နေသည်ဟုသာ တွေးနိုင်ပေတော့သည်။
ဆိုနီယာက ဥစ္စာမက်သူတစ်ဦး မဟုတ်ကြောင်းကို ကျောက်ယောင် သိပေသည်။ လက်ရှိ သူတို့ နေထိုင်သည့် ရုပ်ဝါဒီလောကကြီးထဲတွင် ချမ်းသာကြွယ်မှုသည် ငြင်းဆန်မရနိုင်သော ဆွဲဆောင်မှုကို ပြုလုပ်နိုင်လေပြီး ယောက်ျာလေးဖြစ်စေ မိန်းကလေးဖြစ်စေ တစ်ဦးတစ်ယောက်ချင်းစီတိုင်းအား သေချာပေါက်ပင် ပိုမိုဖြားယောင်းနိုင်ပေသည်။
တူညီသော လူတစ်ဦးတည်းက ပြိုင်ကားစီးကား အကောင်းစားတံဆိပ် ကုန်ပစ္စည်းများ ဝတ်ဆင်ထားပါက သာမန်မျှ ဝတ်စားထားပြီး ဘက်စ်ကား တိုးစီးနေရခြင်းထက် ပိုမိုကာ ဆွဲဆောင်မှုရှိနေမည်သာ ဖြစ်ပေသည်။
ကျောက်ယောင် အိမ်သို့ရောက်သောအခါတွင်မူ လီဟွားက ခမ်းနားထည်ဝါသော ဧည့်ခန်း၏အလယ်ရှိ သူ၏ကုတင်ထက်တွင် လဲလျောင်းနေကာ ဖုန်းဖြင့် ကာတွန်းကားကြည့်နေပြီး လက်သည်းတစ်ဖက်ကမူ ကြောင်တုတ်ချောင်းကို ယမ်းနေသည်ကို မြင်လိုက်ရပေသည်။
သရက်သီးလေးက ဆိုဖာနံဘေးတွင် ဆောင့်ကြောင့်ထိုင်နေလျက်ရှိပြီး သူ၏ မာဘယ်ကျောက်ကဲ့သို့ မျက်ဝန်းများကမူ လီဟွား ကိုင်ထားသော ကြောင်တုတ်နှင့် တွဲချည်ထားသည့် ကြွက်ရုပ်အား မျက်ခြေမပြတ်ကြည့်နေကာ ဦးခေါင်းသည် ကြောင်တုတ်ချောင်း လှုပ်ရှားသည့်အတိုင်း ဘယ်ညာယိမ်းနေပေသည်။
ကျောက်ယောင်က သရက်သီးလေးအား ကြည့်နေချိန်တွင် လီဟွားက အထင်သေးသောလေသံဖြင့် ဆိုလိုက်လေသည်...” မိုက်မဲလိုက်တဲ့ သတ္တဝါ... ငါ့ရဲ့ တန်ခိုးကြီးတုတ်ရဲ့ ရှေ့မှာ ဦးညွတ်လိုက်စမ်း “
ကျောက်ယောင်က စိတ်ပျက်လက်ပျက် ဆိုလိုက်လေသည်...” သရက်သီးလေးကို အနိုင်ကျင့်နေတာ ရပ်လိုက်စမ်း “
“ ငါက သူ့ကို အနိုင်ကျင့်တယ်တဲ့လား “
လီဟွားက ဆိုသည်...” ငါ သူနဲ့အတူ ကစားပေးတာကိုပဲ သူ ပျော်သင့်တယ်။ မသိနားမလည်တာကလဲ တကယ်ကို ချမ်းသာသုခပဲလေ။ ရိုးစင်းတဲ့ ကြောင်တုတ်ချောင်းတစ်ခုက သူ့ကို အများကြီး ဖျော်ဖြေပေးနိုင်တယ်လေကွယ်။ ငါ ငယ်ငယ်တုန်းကဆို ဘောလုံးတစ်လုံးက တစ်နေ့လည်ခင်းလုံး ဖျော်ဖြေပေးနိုင်ခဲ့တာကိုတောင် သတိရသွားပြီ “
“ ဟူး... ငါ God-mode ပွင့်နေပြီး ပွဲတိုင်းမှာ Savage ရနေခဲ့မယ်ဆိုရင်တောင် ငါ့အတွက်တော့ အဲ့ဒီလို ရိုးရှင်းတဲ့ပျော်ရွှင်မှုမျိုးကို ထပ်ရနိုင်တော့မှာ မဟုတ်တော့ဘူး “
ကျောက်ယောင်က ကျီစယ်လိုက်သည်... “ အမှန်ပဲ... ငါတို့သာ God-mode ပိုင်ဆိုင်တာနဲ့ မင်းရလာမဲ့ Savage တွေအကြောင်း ပြောကြမယ်ဆိုရင် မင်းက ဆာဗာပေါ်မှာ အသန်မာဆုံး ဖြစ်လာဖို့များတယ်မလား “
“ မိုဘိုင်းဖုန်းတွေက ကြောင်တွေအတွက် ချာတူးလန်နေအောင် ဒီဇိုင်းထုတ်ထားတာကြောင့်ပဲ မဟုတ်ဘူးလား “ လီဟွားက ကျောက်ယောင်ကိုကြည့်ကာ ဆိုလေသည်...” ကျောက်ယောင်... ငါ Mobile Legends ကို ကောင်းကောင်းမကစားနိုင်တဲ့ အကြောင်းအရင်းကတော့ ဖုန်းမျက်နှာပြင်က ငါရဲ့ကျွမ်းကျင်တဲ့ လှုပ်ရှားမှုတွေအတွက် အဟန့်အတားဖြစ်နေတာကြောင့်ပဲ “
လီဟွား၏ မျက်ဝန်းများ တောက်ပလာပြီး ကျောက်ယောင်ကို ချစ်စဖွယ်ဟန်ဖြင့် ကြည့်ကာ ဖုန်းထဲရှိ Page တစ်ခုအား ပြကာဆိုသည်...” ဒါကိုကြည့်လိုက်။ ဒီဟာက Mobile Legends အတွက် သီးသန်ထုတ်ပေးထားတဲ့ ခလုတ်ပဲ (joystick)။ မင်းက အဲ့ဒီခလုတ်ကနေတစ်ဆင့် ဖုန်းမျက်နှာပြင်ကို တိုက်ရိုက်ထိန်းချုပ်လို့ရတယ် “
“ ငါ့ကို တစ်ခုလောက် ဝယ်ပေးပါ “
“ ဒီနေ့ ငါ့အတွက် ခလုတ်ဝယ်ပေးမယ်ဆိုရင်..... မနက်ဖြန်ကျ ငါ ချန်ပီယံဖြစ်နေလိမ့်မယ် “
ကျောက်ယောင်က လီဟွားကို ငဲ့စောင်းကြည့်ကာ ချက်ချင်းပင် ပါးစုံကြီးအား ဖျစ်ညှစ်ရင်းဖြင့် ဆိုလေသည်...” ကောင်းပြီ မှတ်ထားလိုက်မယ်။ မင်း ငါနဲ့အတူ တစ်နာရီလောက် အပြင်သွားပြီးရင် ဒီနေ့ညကျ ခလုတ်တစ်ခု ဝယ်ပေးမယ် “
လီဟွားက နှုတ်လှန်ထိုးလိုက်သည်...” မင်း ငါ့ကို အပြင် ထပ်ခေါ်ချင်ပြန်ပြီလား။ ဒီရက်အနည်းငယ်အတွင်းမှာ မင်း ငါ့ကို ခဏခဏ အပြင်ခေါ်နေတာကြောင့် ငါလဲ အမွေးကတုံးဖြစ်တော့မယ် “
ကျောက်ယောင်သည် နေ့စဥ်တာဝန်များကို လုပ်ဆောင်ပြီးစီးရန် လိုအပ်ပေသောကြောင့် သူသည် လီဟွား၏စွမ်းရည်များကို လေ့ကျင့်ပေးရန်အတွက် အပြင်ခေါ်သွားရခြင်းအပြင် Mobile Legends အတူဆော့ပေးခြင်းများ လုပ်ခဲ့ရပေသည်။
Mobile Legends ဆော့ပေးခြင်းက အဆင်ပြေပေသည်။ အစပိုင်းတွင် တစ်နာရီခန့် အပြင်သို့ လမ်းလျှောက်ထွက်ခြင်းက အဆင်ပြေသော်လဲ အချိန်ကြာလာသည်နှင့်အမျှ လီဟွားမှာ မသက်မသာ ဖြစ်လာရပေသည်။ ထို့အပြင် တစ်နာရီခန့် လေ့ကျင့်ခန်း လုပ်ရခြင်းသည် မောပန်းနွမ်းနယ်ကာ ဆာလောင်စေပေသည်။
“ မင်းက အဲလီဇဘက်ကို ဘာကြောင့် မပြောရတာလဲ “ လီဟွားက နှုတ်လှန်ထိုးလိုက်သည်။
သို့သော် သူ၏ခွန်အားက ကျောက်ယောင်၏ခွန်အားကို မည်သို့များ ယှဥ်နိုင်ပါမည်နည်း။ သူ ချက်ချင်းပင် ပြောင်းပြန်လန်သွားလေပြီး ကြီးမားသော လက်တစ်စုံက သူ၏အမွေးဖွားဖွား ဝမ်းဗိုက်ပေါ်တွင် တရစပ် ပြေးလွှားနေပေတော့သည်။
ရိုးသားစွာဆိုရလျှင် အဲလီဇဘက်က သူ၏အိမ်တွင် ရှိနေသော်လဲ သူမအား သင့်လျော်စွာ ထိန်းကျောင်းပေးရခြင်း မရှိသေးသလို စာအုပ်ထဲတွင်လဲ စာရင်းမသွင်းရသေးပေ။ သူသည် အဲလီဇဘက်အတွက် တာဝန်အချို့ ရရှိလာစေရန် ကြိုးပမ်းဖူးခဲ့သော်လဲ အသုံးမဝင်ပေသောကြောင့် သူ လုပ်နိုင်သည့်အရာ မရှိတော့ပေ။
“ ကောင်းပြီ...ကောင်းပြီ... မင်းရဲ့လေ့ကျင့်ရေး ပြီးသွားခဲ့ရင် ငါက မင်းကို ရွှေအဆင့်အထိ ခေါ်သွားပေးမယ် “ ကျောက်ယောင်က ဆိုလိုက်သည်။
“ မြောင်...”
လီဟွားက တုန့်ပြန်သည်...” ပြီးတော့ ငါ့ရဲ့ Mobile Legends အတွက် အန်းဒရွိုက်ဖုန်း ဂိမ်းခလုတ်ကိုလဲ မမေ့နဲ့ “
“ ငါသိပါပြီ။ ငါ သိပါပြီ “
ကြောင်နှင့်အတူ အပြင်ထွက်ကာ စူပါပါဝါများကို လေ့ကျင့်ပေးခဲ့ပြီး တစ်နာရီခန့် Mobile Legends ကစားပေးပြီးသည့်နောက်တွင် ကျောက်ယောင်သည် သူ ရောက်လာသည်ကို မျှော်နေကြသည့် သရက်သီးလေးနှင့် အဲလီဇဘက်တို့အတွက် ကြောင်စာနှင့်အတူ ပေါ်လာခဲ့သည်။
သူ ကြောင်စာ ချပေးလိုက်ချိန်တွင် ခေါင်းသုံးလုံးသည် တပြိုင်တည်း ထိုးဆင်းသွားပြီး မြင်သမျှအား အာသာငမ်းငမ်း စားကြလေသည်။
၎င်းတို့ အတော်ပင် ပျော်ရွှင်နေကြသည်ကို ကြည့်နေရင်းဖြင့် ကျောက်ယောင်၏ မျက်နှာထက်တွင် အပြုံးရေးရေးတစ်ခု ဖြတ်ပြေးသွားသည်။
သူသည် အခြားအခန်းတစ်ခုထဲရှိ လေလွင့်ကြောင်များကို အစာကျွေးရန် သွားခဲ့လေသည်။
လေလွင့်ကြောင်များထဲမှ ကြောင်အချို့က ကျောက်ယောင်နှင့် ရင်နှီးကျွမ်းဝင်နေပြီ ဖြစ်ပေသည်။ ရဲတင်းသော ကြောင်ပေါက်စနှစ်ကောင်က ကျောက်ယောင်အား ဝန်းရံကာ ချစ်စဖွယ်အော်မြည်နေလေပြီး တစ်ကောင်ဆိုလျှင် ကျောက်ယောင်၏ ဘောင်းဘီပေါ်သို့ပင် တွယ်တက်နေပေ၏။