အခန်း (၂၈-၃၀)
Vol. 2 Ch. 28-30
အပိုင်း ၂၈
တိုက်ဆိုင်မှု
“ ဆန္ဒမစောကြနဲ့... အားလုံး ခွဲတမ်းရမှာပါ “
ကံမကောင်းစွာဖြင့်ပင် ယနေ့ သူ အလုပ်မှ အိမ်သို့ပြန်ရောက်လာစဥ်ကတည်းက ကြောင်စာကို သုတေသနလုပ်ရန် အချိန်မရခဲ့ပေ။
သူသည် ကြောင်စာပြုလုပ်သည့် စကေးများ တိုးတက်လာလိမ့်မည်ဟု မျှော်လင့်နေဆဲဖြစ်ပြီး လီဟွား၏ အချက်အပြုတ်အတွေ့အကြုံ တိုးတက်လာစေရန်အတွက် အနည်းဆုံးအနေဖြင့် ပရီမီယံအရည်အသွေးတွင် ရှိနေရပေမည်။
လေလွင့်ကြောင်များကို အစာကျွေးပြီးသည့်နောက်တွင် သူ အခန်းထဲမှ ထွက်လာခဲ့လေရာ အဲလီဇဘက်၏ အစာခွက်က ဗလာကျင်းဖြစ်နေသည်ကို မြင်လိုက်ရသည်။ သူမကမူ လီဟွား၏အစာခွက်ထဲတွင် ခေါင်းစိုက်နေပြီး လီဟွား၏ဝေစုကို အငမ်းမရ စားနေပေသည်။ သူမ၏စွမ်းအားကို နှိုးဆွထားလေပြီး သူမ၏မျက်ဝန်းများ နီရဲတောက်ပနေပေသည်။
လီဟွားက နံဘေးတွင်သာ ရပ်နေသည်ဖြစ်ပြီး သူ၏ခန္ဓာကိုယ် တောင့်တင်းနေကာ မျက်နှာသည် စိတ်ပျက်လက်ပျက်ဟန်ဖြင့် ရှုံ့မဲ့နေပေသည်။ သူက အဲလီဇဘက်၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိနေကြောင်း သိသာလှသည်။
သို့သော် ရုတ်တရက်မှာပင် အဲလီဇဘက်၏ရှေ့ရှိ အစာခွက် ပျောက်ကွယ်သွားကာ လီဟွား၏ရှေ့တွင် ပေါ်ထွက်လာသည်။
“ ဟဲဟဲဟဲဟဲ... အံ့ဩသွားလား “ လီဟွားက ပါးပြင်အား လက်သည်းဖြင့် သုတ်လိုက်ပြီး...” ဒါက ငါ့ရဲ့စွမ်းအားပဲ။ ငါ့မျက်စိရှေ့ကနေ ငါ့ရဲ့အစာကို ဘယ်သူမှ ခိုးလို့မရဘူး “
အဲလီဇဘက်က လီဟွားကို အထင်သေးဟန်ဖြင့် ကြည့်လိုက်သည်။ သူမ၏မျက်ဝန်းတွင် သွေးနီရောင် တောက်ပသွားချိန်တွင် လီဟွားက သူမ၏ရှေ့မှ အစာခွက်အား ဆွဲယူသွားခဲ့ပြီး ဖြစ်ပေသည်။
“ ကျေးဇူးတင်တယ် ကျွန်သဘောက်လေး “
ထို့နောက်တွင်မူ အစာခွက်နှင့် လီဟွား နှစ်ခုစလုံး ပျောက်ကွယ်သွားလေပြီး မီတာအနည်းငယ်ခန့် အဝေးတွင် ပြန်လည်ပေါ်ထွက်လာသည်။ လီဟွား ခေါင်းယမ်းလိုက်လေ၏။
“ မင်း ဘယ်နှစ်ကြိမ်ပဲ ကြိုးစားနေပါစေ အလကားပဲ။ အဲ့ဒါက သဲထဲရေသွန်သလိုပဲ... ငါက ကြောင်တစ်ကောင်ရဲ့ အကန့်အသတ်ထက် ကျော်လွန်နေပြီဖြစ်လို့ ငါ့ရဲ့စွမ်းအားက ပြိုင်ဘက်ကင်းတယ်။ ငါက နတ်ဘုရား ဖြစ်နေပြီ “
“ မင်းတို့နှစ်ကောင် “
ကျောက်ယောင်က ကြောင်နှစ်ကောင်လုံးကို ပွေ့ချီလိုက်ပြီး ဆိုလေသည်...” အငြင်းပွားနေတာကို ရပ်ပြီး မင်းတို့ရဲ့စွမ်းအားတွေကို တလွဲသုံးနေတာ တော်လိုက်တော့။ အထူးသဖြင့် မင်းပဲ အဲလီဇဘက်။ မင်းမှာ မကောင်းတဲ့ အစာချေစနစ် ရှိနေတာကို သိရဲ့လား။ အဲ့ဒါကိုတောင် မင်းက တနင့်တပိုး စားနေသေး..... “
သူ ဆူပူနေချိန် လမ်းတစ်ဝက်မှာပင် အဲလီဇဘက်က အန်ချခဲ့လေပြီး ချိန်သားကိုက်ထားသည့်အလားပင် လီဟွားပေါ်သို့ ကျဆင်းသွားလေသည်။
အဲလီဇဘက်သည် လီဟွားနှင့် ကျောက်ယောင်တို့၏ ကြက်သေသေနေသော မျက်နှာများကို ကြည့်ကာ ခေါင်းမော့၍ ဆိုလိုက်သည်...” တောင်းပန်ပါတယ်... သူက ရုပ်ဆိုးလွန်းအားကြီးတယ် “
လီဟွား သတိဝင်လာကာ အဲလီဇဘက်၏မျက်နှာကို လက်သည်းဖြင့် အရူးအမူးကုတ်ခဲ့လေပြီး ကျောက်ယောင်က ဝင်ဖြန်ဖြေပေးခဲ့ရသည်။
“ စိတ်လျော့...စိတ်လျော့...”
လီဟွားကို အတန်ကြာချော့မော့ကာ ဆေးကြောပေးပြီးသည့်နောက် ကျောက်ယောင်သည် နေ့စဥ်တာဝန်များထဲမှ နောက်ဆုံးဖြစ်သည့် ကင်းလှည့်တာဝန်ကို ကြည့်လိုက်လေသည်။ ကြောင်များ ရန်ဆက်ဖြစ်ခြင်းမှ ကာကွယ်ရန်နှင့် ကင်းလှည့်စဥ်အတွင်း လီဟွားကို ပြေးခိုင်းရန်တို့အတွက် ကျောက်ယောင်က လီဟွားကို တစ်ပါတည်းခေါ်ဆောင်သွားရန် ဆုံးဖြတ်လိုက်သည်။
လီဟွားသည် ကျောက်ယောင်၏ပခုံးထက်တွင် ခိုနားနေပေသည်။ သူတို့နှစ်ဦး ဓာတ်လှေကားထဲမှ ထွက်လာချိန်တွင် လောင်မြိုက်နေသော အပူဒဏ်ကို ကြုံတွေ့လိုက်ကြရသည်။ သူတို့နှစ်ဦး ပြိုင်တူ ရေရွတ်လိုက်ကြလေ၏။
“ အတော်ပူတာပဲ “
“ ပြန်ကြရအောင် ကျောက်ယောင်။ အဲကွန်းအခန်းထဲမှာ လှဲနေပြီးတော့ TV ကြည့်တာ ဒါမှမဟုတ် Mobile Legends ကစားနေတာကမှ သာယာတဲ့ဘဝပဲ။ ခြစ်ခြစ်တောက် ပူနေတဲ့နေ့မှာ ငါတို့က ဘာကြောင့်များ အပြင်ထွက်မှာလဲ “ လီဟွားက ရှေ့ဆီသို့ ဦးတည်ရာမဲ့ ကြည့်နေခဲ့သည်။
ကျောက်ယောင် လေပူများမှုတ်ထုတ်ကာ...” တကယ်ကိုပဲ အရမ်းပူတယ်။ ကားနဲ့သွားကြမယ် “
မိနစ်အနည်းငယ်ခန့် အကြာတွင် လူတစ်ယောက်နှင့် ကြောင်တစ်ကောင်သည် Porsche Panamera နှင့်အတူ ကားထားသည့်နေရာမှ ထွက်ခွာသွားခဲ့သည်။ ကျောက်ယောင်သည် တစ်နာရီခန့် အပျော်ပတ်မောင်းနေပြီးနောက် ပြန်လှည့်လာခဲ့သည်။
သို့သော် သူ ထွက်လာချိန်တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး လူသွားလမ်းပေါ်တွင် ဆွဲလားရမ်းလားဖြစ်နေသည်ကို မြင်လိုက်ရသည်။ သူ အသေအချာကြည့်လိုက်ရာ ယင်းက သူ၏တက္ကသိုလ်မှအတန်းဖော် ရှောင်းရှီးယွီ ဖြစ်နေကြောင်းကို မြင်လိုက်ရပေသည်။
စင်စစ်တွင် သူ၏လက်ရှိနေအိမ် ဝယ်ယူရာတွင် သူမက ကိုယ်စားလှယ်တော်ဖြစ်ပြီး သူမ၏အရောင်းရုံးခန်းက အနီးနားတွင် ရှိနေပေသောကြောင့် သူမကို တွေ့ရသည်မှာ ပုံမှန်မဆန်ခြင်းမျိုး မဟုတ်ခဲ့ပေ။
ထို့အပြင် သူမက သူ အိမ်အသစ်သို့ ပြောင်းခြင်းနှင့် ပရိဘောဂများ တပ်ဆင်ခြင်းများတွင် ကူညီပေးခဲ့ဖူးသည်။ ထို့ကြောင့် သူမအား အမည်မသိ အမျိုးသားတစ်ဦးက နှောင့်ယှက်နေသည်ကို သူ ထိုင်ကြည့်မနေနိုင်ပေ။
.................................
ရှောင်းရှီးယွီ မျက်မှောင်ကုတ်လိုက်ပြီး သူမ၏ပခုံးကို ကိုင်ထားသည့် အမျိုးသားကို မျက်စောင်းထိုးကာ...” လွှတ်လိုက် ပိုင်ချွမ်း။ နင် ဘာလုပ်တာလဲ “
ပိန်သွယ်မြင့်မားကာ Xiaoit တံဆိပ် ဝတ်စားထားသည့် လူငယ်ဖြစ်သူ အမျိုးသားက တုန့်ပြန်သည်...” ရှီးယွီ... ငါ တကယ်ပြောနေတာပါ။ ကျေးဇူးပြုပြီး ငါ့ကို ယုံကြည်ပေးပါ။ ငါ မင်းကို တကယ်ချစ်တာပါဟာ။ ငါက နင့်အတွက်ဆို အသက်ပါပေးရဲပါတယ် “
ထိုလူငယ်က ရှီးယွီ၏ လုပ်ဖော်ကိုင်ဖက်ဖြစ်ပြီး သူမ ကောင်းကင်နန်းတော်ပရောဂျက် အရောင်းမြှင့်တင်ရေးအတွက် ပြောင်းရွှေ့လာစဥ်ကတည်းပင် သူသည် သူမကို မြင်မြင်ချင်း ချစ်ကျွမ်းဝင်မိသွားခဲ့ခြင်း ဖြစ်ပေသည်။ သူသည် WeChat သို့မဟုတ် QQ ပေါ်တွင် သူမနှင့် နေ့တိုင်းနီးပါး စကားပြောဖြစ်ခဲ့ပေ၏။
သို့ရာတွင် ရှောင်းရှီးယွီက ခပ်တန်းတန်းသာ နေထိုင်ခဲ့လေပြီး သူ၏ကြိုးပမ်းမှုများကို ငြင်းပယ်ခဲ့သည်။
မည်သို့ပင်ဖြစ်စေ အလုပ်ဆင်းပြီးနောက်တွင် ပိုင်ချွမ်းက Xiaoit တံဆိပ်ကို ဝတ်ဆင်ထားပြီး သူမကို ဖွင့်ပြောနေဆဲသာဖြစ်သည်။ သူ၏ချစ်ရေးဆိုမှု ကျရှုံးခဲ့ရသည့်တိုင်အောင် သူက ရှောင်းရှီးယွီအား ထပ်တလဲလဲ ပြောနေပေသောကြောင့် သူမ များစွာပင် စိတ်ဒုက္ခဖြစ်ရသည်။
“ ပိုင်ချွမ်း... ငါတို့နှစ်ယောက်က မဖြစ်နိုင်ဘူးလို့ ငါပြောပြီးပြီလေ။ ငါ နင့်အပေါ်မှာ ဘာခံစားချက်မှ မရှိဘူး “ ရှောင်းရှီးယွီက ဒေါသထွက်စွာဖြင့် ဆိုလိုက်သည်။
“ ဒါမဖြစ်နိုင်ဘူး။ မင်း ငါ့ကို ကြိုက်နေတယ်ဆိုတာ ငါသိပါတယ် ရှီးယွီရာ “
ပိုင်ချွမ်းက တုန့်ပြန်လိုက်သည်...” ဒီမှာ မင်း ပထမဆုံး အလုပ်ဆင်းနေတဲ့နေ့တုန်းက ငါ့ကို ဘာကြောင့်များ ချောကလက်တစ်ခု ပေးခဲ့တာလဲ။ ဟိုနေ့က ငါက အပူလျှပ်ခဲ့တုန်းကလဲ မင်း ငါ့ကို ဘာကြောင့်မလို့ ဆေးရုံပို့ပေးခဲ့ရတာလဲ “
“ ငါက လူတိုင်းကို ချောကလက်ပေးခဲ့တာလေ “
ရှောင်းရှီးယွီက စိတ်ပျက်လက်ပျက် ဆိုသည်...” အပူလျှပ်တဲ့ အချိန်တုန်းကလဲ အနီးနားမှာ ငါတစ်ယောက်ပဲ ရှိနေတာလေ။ ငါသာ နင့်ကို ဆေးရုံလိုက်မပို့ဘူးဆိုရင် ဘယ်သူက ပို့ပေးမှာလဲ “
ပိုင်ချွမ်း ခေါင်းယမ်းလိုက်လေပြီး မျက်ဝန်းများတွင် စိတ်အားထက်သန်ခြင်းနှင့် ယုံကြည်မှုရှိခြင်းများ ပြည့်နေလျက်ဖြင့် ဆိုသည်...” ရှီးယွီ... ငါ့ကို အခွင့်အရေးတစ်ခါလောက် ပေးပါ။ ငါက မင်းကို အပျော်ရွှင်ရဆုံး အမျိုးသမီးတစ်ဦး ဖြစ်လာစေဖို့ လုပ်ပေးမှာပါ။ မင်း ငါ့ကို ယုံကြည်ပေးမှဖြစ်မယ်။ ငါက အရင်တုန်းကနဲ့ မတူတော့ပါဘူး “
ရှောင်းရှီးယွီ ဒေါသထွက်စွာဖြင့်ပင် သူမ၏နဖူးအား ပွတ်လိုက်သည်။
ထိုစဥ်တွင် သူတို့၏နံဘေးသို့ Porsche Panamera တစ်စီး ထိုးရပ်လာခဲ့သည်။ ရှောင်းရှီးယွီ၏ အံ့ဩတုန်လှုပ်နေသော အကြည့်များအောက်တွင် ကားပြတင်းပေါက်မှန် လျောကျလာပြီး ကျောက်ယောင်က အခြေအနေကို စူးစမ်းလိုက်လေသည်...” ရှီးယွီ... အကူအညီလိုလား “
ပြိုင်ကားတစ်စီးနှင့် ရင်ဆိုင်ရချိန်တွင်မူ ပိုင်ချွမ်း မျက်မှောင်ကုတ်လိုက်လေပြီး ရှောင်းရှီးယွီ၏ပခုံးအား ဆုပ်ကိုင်ထားသည်ကို လွှတ်ပေးလိုက်သည်။
ရှောင်းရှီးယွီ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး ခရီးသည်တင်ထိုင်ခုံဆီသို့ အပြေးသွားကာ ဆိုလေသည်...” ကျောက်ယောင်... ငါ့ကို အိမ်လိုက်ပို့ပေးဖို့အတွက် နင့်ကိုပဲ ဒုက္ခပေးရတော့မယ် “
ကျောက်ယောင်က ပိုင်ချွမ်းကို အကဲခတ်ရင်းဖြင့် တုန့်ပြန်လိုက်သည်...” ငါ ရဲခေါ်ပေးဖို့ လိုသေးလား “
“ မလိုပါဘူး။ သူက ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦးပါ။ သူက လူဆိုးတစ်ယောက် မဟုတ်ပါဘူး။ နည်းနည်းလေး ကလေးဆန်သွားတာပါ “
ပိုင်ချွမ်းသည် ရှောင်းရှီးယွီ ပြိုင်ကားပေါ်သို့ တက်သွားသည်ကို တားစီးခြင်းမပြုဘဲ ကျောက်ယောင်ကိုသာ အငြိုးတကြီး ကြည့်နေပေသည်။
“ မင်းက ဘယ်သူလဲ။ မင်းနဲ့ ရှီးယွီက ဘယ်လိုပတ်သတ်လဲ “
ရှောင်းရှီးယွီက ဦးစွာဆိုသည်...” သူက ငါ့ရဲ့အတန်းဖော်ပဲ။ ပိုင်ချွမ်း... ငါ နင့်အပေါ်မှာ တကယ်ပဲ ဘာခံစားချက်မှ မရှိဘူး။ သမီးရည်းစားဆက်ဆံရေးလို အရာမျိုးတွေက အတင်းအကျပ်လုပ်လို့ မရဘူး။ ပြန်သွားပြီး နည်းနည်းလောက် စိတ်တည်ငြိမ်သွားအောင် လုပ်လိုက်ပါဟာ “
ပိုင်ချွမ်း လှောင်ပြုံးပြုံးလိုက်ပြီး ရှေ့တွင်ရှိသည့် ပြိုင်ကားကိုကြည့်ကာ ဆိုသည်...” ခံစားချက်မရှိဘူးတဲ့လား။ နောက်ဆုံးတော့ မင်းက ငါ့ကို ပိုက်ဆံမရှိဘူးလို့ ထင်နေတာပဲမလား။ အခြား ကောင်တစ်ကောင်က ပြိုင်ကားနဲ့ ရောက်လာရုံနဲ့တင် မင်းက အဲ့ဒီကောင်ဆီကို ကောက်ကောက်ပါအောင် လိုက်သွားခဲ့ပြီ “
“ ဒါပေမဲ့ ငါ မင်းကို ပြောလိုက်မယ်။ မင်း ဒီကိစ္စအတွက် နောင်တရစေရမယ် “
ကျောက်ယောင်က ခေါင်းယမ်းကာ တုန့်ပြန်လိုက်သည်...” ရှောင်းအာကို အတင်းအကျပ်မလုပ်ပါနဲ့ ကိုယ့်လူ။ သူက မင်းကို မကြိုက်ဘူးဆိုရင် ဘာကြောင့်များ မင်းက စိတ်အနှောင့်အယှက် ပေးနေရတာလဲ “
ပိုင်ချွမ်းက ကျောက်ယောင်ကို အေးစက်စက် စူးစိုက်ကြည့်ကာ...” မင်းမှာ ပိုက်ဆံရှိတာနဲ့ပဲ မင်းကိုယ်မင်း တော်တယ်လို့ ထင်နေတာလား။ မင်းမှာရှိတဲ့ ပိုက်ဆံတွေကို မင်းမိဘတွေက ပေးထားခဲ့တာပဲ။ မင်းမှာ ပိုက်ဆံကလွဲပြီး ဘာရှိလို့လဲ “
“ ငါ...” ကျောက်ယောင် မျက်ဖြူလန်ပြလိုက်သည်။ သူက မည်သည့်နေရာတွင် ငွေစကား ပြောမိခဲ့ကြောင်းကို သိချင်နေမိသည်။ သို့သော် သူ အမှန်တကယ်ပင် သဘောကျမိနေသည်ဖြစ်ပြီး သူက ငွေကလွဲပြီး မည်သည့်အရာမျှမရှိဘဲ အတ္တကြီးရှိနေသည်ဟု ဝေဖန်ထိုးနှက်ခံရသောအခါတွင်မူ နှုတ်ခမ်းထောင့်စွန်းကို တွန့်ကွေးလိုက်လေပြီး သူ၏ခံစားချက်များကို သစ္စာဖောက်လိုက်လေသည်။
ပိုင်ချွမ်း၏အမြင်တွင်မူ အဆိုပါအပြုံးက မောက်မာကာ နှိမ်သောအပြုံးတစ်ခု ဖြစ်ပေသည်။
ပိုင်ချွမ်းက ထိုနှစ်ဦးကို စူးစိုက်ကြည့်ကာ...” မင်းလို သူဌေးပေါက်စကို အကြံတစ်ခုလောက် ပေးလိုက်မယ်။ ဒီလောကကြီးက မင်း ထင်ထားသလောက် မရိုးရှင်းဘူး။ အချိန်အများစုမှာ ပိုက်ဆံက အသုံးမဝင်ဘူး “
ထို့နောက် ပိုင်ချွမ်း ကျောခိုင်းကာ ထွက်ခွာသွားခဲ့လေ၏။
ရှောင်းရှီးယွီက အပြစ်မကင်းဟန်ဖြင့် ပြုံးကာ...” တောင်းပန်ပါတယ်။ သူက အရမ်းကို တစ်ဖက်စွန်းရောက်နေလိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး “
ကျောက်ယောင်က ရှေ့ခန်း ခရီးသည်တင်ခုံတွင် ထိုင်နေသည့် ရှောင်းရှီးယွီကို တစ်ချက်ကြည့်လိုက်သည်။ သူမ၏ ခန္ဓာကိုယ်အလှကို ပေါ်လွင်နေစေသည့် Xiaoit တံဆိပ် ကိုယ်ကျပ်ဝတ်စုံနှင့်အတူ ဆံပင်ရှည်အား စုစည်းကာ နောက်တွင်ချထားသည်မှာ သူမ၏ လုပ်ငန်းရှင်အမူအရာကို မီးမောင်းထိုးပြနေသည်အလားပင်။
ရှောင်းရှီးယွီ၏ တောင်းပန်စကားကို ကြားသောအခါတွင် ကျောက်ယောင်က ခေါင်းယမ်းပြကာ ဆိုလေသည်...” ငါ အဆင်ပြေပါတယ်။ ပိုအရေးကြီးတာက မင်း ဘယ်လိုလုပ်မလဲ။ ဒီကောင်က မင်းရဲ့ လုပ်ဖော်ကိုင်ဖက်ဆိုတော့ ဒီကောင်က မင်းကို အနှောင့်အယှက် ပေးနိုင်သေးတယ် “
ရှောင်းရှီးယွီ မျက်မှောင်ကုတ်ကာ...” ဆိုးဆိုးရွားရွား ဖြစ်လာခဲ့ရင်တော့ ငါ အလုပ်ထွက်ရတော့မှာပဲလေ “
ရုတ်ခြည်းမှာပင် သူမက Panamera ကို ဝေ့ဝဲကြည့်ကာ ပြုံးလိုက်လေပြီး...” ဒါက နင့်ရဲ့ ကားအသစ်လား။ အတော်ကောင်းတာပဲ။ ကြည့်ရတာ ဈေးကြီးမဲ့ပုံပဲ “
“ တစ်သန်းလောက်ပါပဲ “ ကျောက်ယောင်က တုန့်ပြန်လိုက်သည်...” မင်း ငါ့ကို ယုံချင်မှ ယုံလိမ့်မယ်။ ငါက ဒီကားကို တကယ်ပဲ မဝယ်ချင်ခဲ့ဘူး “
ရှောင်းရှီးယွီက Panamera ကို မနာလိုဟန်ဖြင့်ကြည့်ကာ...” ငါ နင့်ကို မနာလိုဖြစ်မိတယ်။ အရမ်းငယ်သေးတာတောင် နင့်မှာ အိမ်တစ်လုံးနဲ့ကားတစ်စီး ရှိနေပြီးပြီ။ ကျန်းမန်မြို့ထဲမှာ နင့်ရဲ့အပိုင်လို့ ပြောလို့ရတဲ့ နေရာတစ်ခုလဲ ရှိနေပြီးပြီ “
ရှောင်းရှီးယွီက မြို့မှမဟုတ်လေဘဲ ကျန်းမန်မြို့ထဲတွင် ကျောင်းတက်ကာ စာမေးပွဲဖြေဆိုခဲ့ရကြောင်းကို ကျောက်ယောင် သိပေသည်။ သူမအတွက်မူ အိမ်တစ်လုံးနှင့် ကားတစ်စီးက ရှည်လျားသော ဘဝပန်းတိုင်တစ်ခုသာ ဖြစ်ပေသည်။
သူက သူမကို နှစ်သိမ့်ပေးလိုက်သည်...” ငါ ကံကောင်းသွားတာပါ။ မင်းရဲ့ စွမ်းဆောင်ရည်နဲ့ဆိုရင် အိမ်တစ်လုံးဆိုတာက အချိန်တစ်ခုပဲ လိုအပ်ပါလိမ့်မယ်။ မင်း ဘယ်မှာနေတာလဲ။ ငါ မင်းကို အိမ်ပြန်ပို့ပေးမယ်လေ “
ထိုအခိုက်မှာပင် ကြောင်အော်သံတစ်ခုအား ကြားလိုက်ရသည်။ ရှောင်းရှီးယွီ အံ့အားသင့်ကာ လှည့်ကြည့်လိုက်လေရာ လီဟွားက နောက်ခုံတွင် မားမတ်ဝင့်ကြွားစွာ ရပ်နေလျက်ရှိပြီး သူမအား ကြည့်နေသည်ကို မြင်လိုက်ရပေသည်။
အပိုင်း ၂၉
ကြောင်တစ်ကောင်ရဲ့ စွမ်းအား
______________________________
" နင့်မှာ ကြောင်ရှိတာလား " ရှောင်းရှီးယွီက အံ့ဩတကြီး ဆိုလိုက်သည်။ ထိုစဉ်တွင် သူမက ကြောင်ကို ပေါင်ပေါ်တွင်ပွေ့ချီကာ..." ကြောင်လေးရဲ့ နှင်းလိုဖြူနေတဲ့ လက်သည်းလေးတွေက အရမ်းချစ်ဖို့ကောင်းတာပဲ "
လီဟွား၏ လက်သည်းများက တောင့်ခံနိုင်စွမ်းမရှိအောင် ချစ်ဖို့ကောင်းနေကြောင်း မြင်ရသောအခါတွင်မူ ရှောင်းရှီးယွီမှာ ထိန်းမရတော့ဘဲ လက်သည်းများကို ဆော့ကစားလေတော့သည်။ လီဟွားက ခပ်ဖွဖွဟစ်အော်ကာ ရှောင်းရှီးယွီ၏ရင်ခွင်ထဲသို့ တိုးဝင်သွားလေသည်။
" ကြောင်လေးက ယဉ်လိုက်တာ။ သူ့ရဲ့အမည်က ဘာလဲ " ရှောင်းရှီးယွီက မေးလိုက်သည်။
" လီဟွား " ကျောက်ယောင်က ရွှင်မြူးနေသည့် ကြောင်အား ကြည့်ကာ ဆိုလိုက်လေသည်။
" ကြောင်စုတ်... မင်း ဘာလုပ်နေတာလဲ " သူ တွေးလိုက်လေ၏။
လီဟွားက ရှောင်းရှီးယွီ၏ ရင်ဘက်ပေါ်တွင် လက်သည်းများတင်ရင်း ပြုံးလိုက်လေပြီး..." ကျောက်ယောင်... မင်း သူနဲ့ မိတ်လိုက်ချင်နေတာမလား။ ငါ မင်းကို ကူညီပေးနိုင်တယ် "
" လီဟွား ၊ လီဟွား... နင့်ရဲ့လက်သည်းလေးတွေက အတော်ကို ချစ်ဖို့ကောင်းတာပဲ " ရွီးယွီ တခစ်ခစ်ရယ်မောနေပေသည်။
" မြင်လား။ သူက ဒီလောက်အထိ အယုံလွယ်တဲ့ အမျိုးသမီးတစ်ဦးပဲ။ လှည့်ကွက် နည်းနည်းလောက်နဲ့သာဆိုရင် ငါက သူ့ကို အလွယ်လေး ကြိုးကိုင်ထိန်းချုပ်လို့ရတယ် "
လီဟွားက ရှောင်းရှီးယွီ၏ရင်ဘက်အား လက်သည်းများနှင့်ထိကာ ဆိုလေသည်..." ငါ့ကို ကောင်းကောင်းဆက်ဆံပေးရင် ငါက တုံးအတဲ့ ဒီမိန်းကလေးကို ကိုင်တွယ်ပေးမယ်။ ဘယ်လိုသဘောရလဲ "
ကျောက်ယောင်က လီဟွား၏ ဦးခေါင်းကို ရိုက်လိုက်လေရာ သူ၏အပြုအမူကြောင့် ရှောင်းရှီးယွီ ထိတ်လန့်သွားရသည်။ ထို့နောက်တွင်မူ ရှီးယွီက ချစ်စဖွယ်ကြောင်လေးကို ပွတ်သပ်ပေးလေသည်။
ကျောက်ယောင် ရယ်မောကာ အရွှန်းဖောက်လေသည်..." ဒီကောင် အဆင်ပြေပါတယ်။ ဒီကောင်က သောက်ကျိုးနည်း ခံနိုင်ရည်ရှိတယ်။ ဒီကောင် မစင်တွေပဲ နေ့တိုင်း စားနေရမယ်ဆိုရင်တောင် အသက်ရှင်လိမ့်မယ်လို့ ငါ လောင်းရဲတယ် "
" ငါ မင်းကို ကြောင်တွေကို နှိပ်စက်ညှဥ်းပန်းလို့ တရားစွဲမယ်...ယီးကောင် " လီဟွားက ခြိမ်းခြောက်လိုက်သည်။
" ချီးလိုကောင်... ငါ မင်း လုပ်နေတဲ့အရာကို လုပ်ဖို့အတွက် အိပ်မက်မက်နေခဲ့ရတာ ဘယ်လောက်တောင် ကြာသွားပြီလဲဆိုတာကို မင်းသိရဲ့လား " ကျောက်ယောင်က မနာလိုခြင်းများဖြင့် ရန်စကားဆိုကာ လီဟွား၏ဦးခေါင်းကို ပုတ်လိုက်လေသည်။
လီဟွားက ကျယ်လောင်စွာ မြောင်အော်သံပေးကာ ရှောင်းရှီးယွီ၏အာရုံကို ဖမ်းစားလိုက်လေ၏။
" သတိထားစမ်းပါ။ နင်က လီဟွားကို မနာစေချင်ဘူးမလား " ရှောင်းရှီးယွီ၏လေသံက စိုးရိမ်နေသော မိခင်တစ်ဦးအလားပင်။
လီဟွားကို ရိုက်လိုက်သည်မှာ အသာအယာဖြစ်သည်မှာ သေချာပေသောကြောင့် ကျောက်ယောင် သံသယဟန်ဖြင့် မျက်ခုံးပင့်လိုက်၏။
" ဒီကြောင်စုတ်က ဟန်ဆောင်နေတာ သိသာတယ် " ဟု သူ တွေးလိုက်သည်။
လက်ရှိတွင် လီဟွားက ရှောင်းရှီးယွီ၏ လက်ကြားထဲတွင် လဲလျောင်းနေပြီး သူ၏ ချစ်စဖွယ်မျက်ဝန်းများကို ပြူးကျယ်ထားကာ သူမကို သနားစဖွယ် ကြည့်နေပေသည်။
ရှောင်းရှီးယွီက လီဟွား၏ဦးခေါင်းကို ကြင်နာစွာပွတ်သပ်ပေးကာ မျက်မှောင်ကုတ်၍..." ဘယ်လိုဖြစ်ပြီး နင်က အရမ်းကို ကြမ်းတမ်းရတာလဲ။ နင်က ကြောင်လေးကို ကြောက်အောင်လုပ်နေတာပဲ "
ကျောက်ယောင် လီဟွားကို မျက်စောင်းထိုးလိုက်သည်။ ကြောင်ကမူ သူ့အား ကျောပေးထားကာ ဝင့်ကြွားစွာ ပြုံးနေပေသည်။ ရှောင်းရှီးယွီ၏ ကြင်နာမှုကြောင့် လီဟွား၏ သနားစဖွယ်ပုံစံက ဆက်လက်၍ ကြီးထွားလာခဲ့ပေသည်။
လီဟွား၏ အူမြူးနေသော မျက်နှာပေးကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေသည့် ကျောက်ယောင်က ခြိမ်းခြောက်လိုက်သည်..." ငါ ထွင်လုံးတွေအားလုံး လွှတ်ပေးလိုက်မှာကို မင်းလိုချင်လား "
လီဟွား၏ ယုံကြည်ချက်ရှိသော အမူအရာ ချက်ချင်းပြောင်းလဲသွားပြီး ကျောက်ယောင်ကို ဒေါသတကြီး ကြည့်လိုက်လေသည်။
ရှောင်းရှီးယွီက ကြင်နာသောလေသံဖြင့် မှတ်ချက်ပြုလေသည်..." လီဟွားလေးကို ကြည့်လိုက်ပါဦး။ သူ နာကျင်ပြီး စိတ်သောကရောက်နေပြီ။ ကျေးဇူးပြုပြီး လီဟွားကို နှိပ်စက်ညှဥ်းပန်းနေတာ ရပ်လိုက်ပါတော့..."
...................
အခြားတစ်ဖက်တွင်မူ ပိုင်ချွမ်းသည် Panamera ထွက်ခွာသွားသည်ကို မမှိတ်မသုန် ကြည့်နေခဲ့လေပြီး မသိစိတ်ဖြင့်ပင် ညာလက်သီးအား ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။ မကြာမီတွင် သူ၏လက် စတင်ကာ ပြေလျော့သွားခဲ့သည်။
ပိုင်ချွမ်းက ဦးတည်ရာအရပ် ရေရာခြင်းမရှိဘဲ အဝေးကို လှမ်းကြည့်နေပေသည်။ နောက်ဆုံးတွင်မူ သူက နတ်ဘုံမြို့ဆီသို့ ဖြည်းဖြည်းမှန်မှန် သွားခဲ့လေ၏။
ယခုတွင် ပိုင်ချွမ်းသည် အဆိုပါ လူချမ်းသာကောင်၏ နောက်ခံကို စုံစမ်းမည်ဟု ဆုံးဖြတ်လိုက်သည်။ ထိုကောင်သာ ရှောင်းရှီးယွီကို ဆက်လက်၍ အနှောင့်အယှက်ပေးနေခဲ့ပါက သူသည် ထိုကောင့်ကို ဤလောကကြီး၏ အမှန်တကယ် ကြမ်းကြုတ်မှုများအကြောင်း သင်ခန်းစာပေးရန် တုန့်ဆိုင်းနေမည်မဟုတ်ပေ။
...................
ရှောင်းရှီးယွီအား အိမ်လိုက်ပို့ပေးပြီးနောက်တွင် ကျောက်ယောင်သည် နေ့စဥ်ကင်းလှည့်ခြင်းအား တစ်နာရီကြာ လုပ်ဆောင်ခဲ့ပေသည်။ ပြီးဆုံးသောအခါတွင် သူသည် လီဟွားနှင့်အတူ အိမ်သို့ပြန်လာခဲ့သည်။
ကျောက်ယောင် စာအုပ်ကို ကြည့်လိုက်ပြီးနောက် စိတ်လှုပ်ရှားစွာ ပြုံးလိုက်လေ၏။ ယနေ့အတွက် အတွေ့အကြုံအမှတ် ၁၀ မှတ်နှင့်ဆိုပါက သူ့အဖို့ စာအုပ်ကို အဆင့်မြင့်တင်ရန် လိုအပ်သည့် အတွေ့အကြုံအမှတ် ၁၀၀ ပြည့်သွားပေပြီ။
စာအုပ် : အဆင့် ၁
စိန် : ၃
အိမ်မွေးတိရိစ္ဆာန် ( ၁/၁ ) : လီဟွား
အဆင့် : အဆင့် ၂ (၁၂/၁၀၀)
သစ္စာရှိမှု: ၁၀၀
စွမ်းရည်: အချိန်ရပ်ခြင်း ၊ အချိန်ရပ်ကြာချိန် ခြောက်စက္ကန့် ၊ အားပြန်ဖြည့်ချိန် ခြောက်စက္ကန့်။
စာအုပ်၏ ဘောင်ကွက်ထဲရှိ အပေါင်းလက္ခဏာကို ကြည့်နေရင်းဖြင့် ကျောက်ယောင်တွင် ရွေးချယ်စရာတစ်ခု ရှိလာသည်။ သူသည် စာအုပ်ကို အဆင့်မြင့်တင်ရန် စုဆောင်းထားသည့် အတွေ့အကြုံအမှတ်များ အသုံးပြုနိုင်သလို အတွေ့အကြုံအမှတ်များ ဆက်လက်စုဆောင်းခြင်း သို့မဟုတ် လီဟွားဆီသို့ လွှဲပြောင်းပေးခြင်းများ လုပ်ဆောင်၍ရပေသည်။
ကျောက်ယောင် အပေါင်းလက္ခဏာကို အာရုံစိုက်နေစဥ်တွင် စာအုပ်ပေါ်၌ ရွှေရောင်အလင်းတစ်ခု တောက်ပသွားလေသည်။ မြောက်မြားစွာသော စာသားများ ပေါ်ထွက်လာပြီး သူ၏စိတ်ထဲသို့ လျင်မြန်စွာရောက်ရှိသွားခဲ့သည်။
သူ၏ခန္ဓာကိုယ် ကြမ်းတမ်းစွာ တုန်ခါသွားရပြီး အတွင်းစိတ်သည် အားကောင်းသော ဘူဒိုဇာတစ်စီးကြောင့် ပြားပြားဝပ်ပျက်စီးကာ တွန့်လိမ်သွားရသည်ဟု ကျောက်ယောင် ခံစားလိုက်ရသည်။
ကျောက်ယောင် ကယောင်ချောက်ချားဖြစ်ခြင်းမှ နိုးထလာပြီး သတိဝင်လာချိန်တွင်မူ သူ မြေပြင်တွင် ဒူးထောက်ကျနေပြီး တစ်ကိုယ်လုံး၌ ချွေးသီးချွေးပေါက်များ စိုရွှဲနေပေသည်။
လီဟွားနှင့် သရက်သီးလေးတို့က အဆက်မပြတ်ပင် မြောင်အော်နေကြလေပြီး အဲလီဇဘက်ကမူ ကျောက်ယောင်ကို အဝေးမှ လှမ်းကြည့်နေသည်။
" မင်း ဘာဖြစ်သွားတာလဲ။ မင်း အစားများပြီး အန်ချင်သလိုဖြစ်နေတာလား " လီဟွားက ကျောက်ယောင်ကို မေးလိုက်လေသည်။
" မင်းပဲ အန်မှာ " ကျောက်ယောင် ချေပပြောဆိုပြီး မတ်တက်ရပ်ကာ ခေါင်းလှည့်ကြည့်လိုက်သည်။ သူ အဆင့်တက်ပြီးသည့်နောက် ထိုတစ်ခဏတွင် အဆိုပါအဆင့်မြင့်တင်ခြင်း၏ လက္ခဏာရပ်များကို သိရှိသွားလေသည်။
ဦးစွာအနေဖြင့် စာအုပ်၏ဘောင်ကွက် ပြောင်းသွားခဲ့သည်။
စာအုပ် : အဆင့် ၂ (၀/၁၀၀၀)
စိန် : ၃
အိမ်မွေးတိရိစ္ဆာန် ( ၁/၂ ) : လီဟွား
အဆင့် : အဆင့် ၂ (၁၂/၁၀၀)
သစ္စာရှိမှု: ၁၀၀
စွမ်းရည်: အချိန်ရပ်ခြင်း ၊ အချိန်ရပ်ကြာချိန် ခြောက်စက္ကန့် ၊ အားပြန်ဖြည့်ချိန် ခြောက်စက္ကန့်။
အဆင့်တက်ပြီးသည့်နောက်တွင် စာအုပ်က အဆင့် ၃ သို့ တက်လှမ်းရန်အတွက် အတွေ့အကြုံအမှတ် ၁၀၀၀ လိုအပ်သည်ဖြစ်၍ ကျောက်ယောင် စိတ်ပျက်သွားရသည်။
သူ၏အိမ်မွေးတိရိစ္ဆာန် အကန့်အသတ်သည် နှစ်ကောင်အဖြစ် တိုးတက်သွားခဲ့လေပြီး အဲလီဇဘက်ကို မွေး၍ရပေပြီ။
ဒုတိယအနေဖြင့် သူသည် ရုပ်ခန္ဓာကိုယ် ပိုမိုသန်မာလာခဲ့ပေ၏။
စာအုပ် အဆင့်တက်သွားချိန်တွင် ကျောက်ယောင်သည် အအေးလှိုင်းတစ်ခုကို ခံစားလိုက်ရလေပြီး ဆန်းကြယ်သော စွမ်းအားအရင်းအမြစ်တစ်ခုက သူ၏ခန္ဓာကိုယ်နှင့် ပေါင်းစည်းသွားသည်ဟု ခံစားလိုက်ရပေသည်။ အဆိုပါ စွမ်းအင်အရင်းအမြစ်တွင် ရင်းနှီးသော အရှိန်အဝါတစ်ခုပေ၏။ ၎င်းအရှိန်အဝါက လီဟွားနှင့် ဆင်တူပေသည်။
" လီဟွားရဲ့ခွန်အားနဲ့ ငါ့ရဲ့ခွန်အားတွေက ပိုပြီးနီးနီးကပ်ကပ် ပေါင်းစည်းသွားပြီ... ငါ့ခန္ဓာကိုယ်..." ကျောက်ယောင် ရေရွတ်ကာ ခြေလက်များကို လှုပ်ရှားကြည့်နေသည်။
သူ၏နားနှင့် နှာခေါင်းတို့သည် အခန်းထဲရှိ လေလွင့်ကြောင်များ လှုပ်ရှားနေရသည်ကို ကြားနိုင်သည့်အလားပင် တုန့်ပြန်နေပေ၏။ သူသည် ကြောင်အိမ်သာထံမှ မနှစ်မြိုဖွယ်ရာကောင်းသည့် အနံ့အသက်ကိုပင် အနံ့ရရှိနေပေသည်။
ယခုအခါတွင် ကျောက်ယောင်က လီဟွား၏အရည်အသွေး အများစုကို ပေါင်းစပ်နိုင်ခဲ့ပေပြီ။
" အခု ငါ့က ကြောင်စွမ်းအားတွေ ထပ်ရလာပြီ " ကျောက်ယောင် တွေးတောကာ လက်သီးဆုပ်လိုက်ပြီး..." ငါ့ရဲ့ ရုပ်ခန္ဓာကိုယ်စွမ်းရည် တိုးမြင့်သွားပြီး အလိုအလျောက်တုန့်ပြန်နိုင်စွမ်းတွေ တိုးတက်လာတဲ့ပုံပဲ။ ငါ့ရဲ့ အာရုံခံနိုင်စွမ်းတွေလဲ တိုးတက်သွားခဲ့ပြီ။ အဆင့်မြင့်လိုက်တာက ဒီလိုမျိုး ကြီးမားတဲ့ အကျိုးအမြတ်တွေ ရလာလိမ့်မယ်လို့ ငါ သေချာပေါက်ကို ထင်မထားမိခဲ့ဘူး "
စာအုပ် အဆင့်တက်ချိန်တိုင်းတွင် ကျောက်ယောင် မွေးထားခဲ့သည့် အိမ်မွေးတိရိစ္ဆာန်များထဲမှ တစ်ကောင်၏ စွမ်းရည်အစိတ်အပိုင်းအချို့ကို ရရှိလာမည်ဖြစ်ကြောင်း သိသာပေသည်။
စာအုပ်အား အဆင့် ၁ မှ အဆင့် ၂ သို့ အဆင့်မြင့်တင်ခဲ့ချိန်တွင် ယခင်က မွေးထားခဲ့သော စူပါကြောင်၏ စွမ်းရည်များလဲ အနည်းငယ်ခန့် အဆင့်မြင့်သွားပေလိမ့်မည်။
တူညီစွာဖြင့်ပင် စာအုပ်ကို အဆင့် ၂ မှ အဆင့် ၃ သို့ အဆင့်မြင့်တင်လိုက်ပါက ယခင်က မွေးထားခဲ့သော စူပါကြောင်များ၏ စွမ်းရည်များလဲ အနည်းငယ်ခန့် အဆင့်မြင့်သွားလိမ့်မည်သာ ဖြစ်ပေ၏။
ထို့ကြောင့် စာအုပ်သာ ( N ) အဆင့်သို့ ရောက်သွားခဲ့လျှင် သင်သည်လဲ ( N -1 ) ကြောင်စွမ်းအားကို ရရှိလာပေလိမ့်မည်။
လိမ္မော်ရောင် (tabby) တက်ဘီကြောင်များက သာမန်သာဖြစ်သော်လဲ လီဟွားကမူ ထူးခြားပေသည်။ လီဟွား၏ အတုမဲ့စွမ်းအားနှင့်အတူ ထက်မြက်လှသော အကြားအာရုံနှင့် အနံ့ခံစွမ်းရည်တို့နှင့်သာ ပေါင်းဖက်လိုက်ပါက ကျောက်ယောင်အဖို့ ပိုမိုကာ ပေါ့ပါးလျင်မြန်ပြီး သွက်လက်လာပေလိမ့်မည်။
စွမ်းရည်များ တိုးမြင့်လာပြီး ပိုမိုသန်မာလာသည်ကို ခံစားနေရင်းဖြင့် ကျောက်ယောင်က တာဝန်ဘောင်ကွက်ကို ကြည့်လိုက်လေသည်။
မူလက တာဝန်လမ်းညွှန်ဖြစ်သည့် ကားတစ်စီး ဝယ်ယူရန်နှင့် နေ့စဥ်တာဝန်များ ပြီးဆုံးသွားခဲ့ပေပြီ။ တာဝန်ဘောင်ကွက်သည် အဆင့်မြင့်တင်ခြင်းနှင့် အဓိကတာဝန်ဖြစ်သည့် အဲလီဇဘက်အား ယဥ်ပါးစေလာရန် လုပ်ဆောင်ခြင်းကိုသာ ပြသပေးနေပေသည်။
ယခုတွင် အဆင့်မြင့်တင်ခြင်းက ပြီးဆုံးသွားပြီဖြစ်ပြီး စာအုပ်ပေါ်တွင် အဲလီဇဘက်ကို သိမ်းသွင်းခြင်းအပြင် အပိုဆောင်း တာဝန်လမ်းညွှန်တစ်ခုကို ကျောက်ယောင် မြင်လိုက်ရသည်။
အပိုင်း ၃၀
အလဲအလှယ်
တာဝန်လမ်းညွှန်ချက် : ပျင်းရိနေခြင်းဟာ မလျော်ကန်ပါဘူး။ ပိုက်ဆံဟာလဲ အရေးကြီးတဲ့ ကဏ္ဍတစ်ရပ်ပါပဲ။
တာဝန်ရည်ရွယ်ချက် : ကြောင်များ အပြန်အလှန်ပတ်သတ်ခြင်းဖြင့် ဝင်ငွေရရှိလာစေမည့် ဆိုင်တစ်ခုအား သုံးလအတွင်း တည်ထောင်ရန်။
တာဝန်ဆုလာဘ် : အတွေ့အကြုံအမှတ် ၃၀ နှင့် စိန်ခန်းမတစ်ခု ဖွင့်နိုင်မည်။
ကျရှုံးမှုအပြစ်ဒဏ် : အတွေ့အကြုံအမှတ် ၁၀၀ နုတ်ယူမည်။
တာဝန်လမ်းညွှန်အား ဖတ်ပြီးသည့်နောက်တွင် ကျောက်ယောင်မှာ မလွယ်ကူခြင်းအား ခံစားလိုက်ရလေပြီး တာဝန်အသေးစိတ်ကို သတိထားမိကာ စိတ်ဓာတ်ကျစွာ သက်ပြင်းချလိုက်မိသည်။
“ ငါ့ရဲ့အိတ်ထောင်ကို ပြောင်သလင်းခါအောင် လုပ်ရတာက မင်းကို ပျော်ရွှင်စေတာလား “ ကျောက်ယောင်သည် လက်ကျန် ဒေါ်လာကိုးသောင်း ပျောက်ကွယ်သွားရန် မကြာတော့ကြောင်းကို နားလည်သွားကာ သက်ပြင်းချလိုက်သည်။
ကျောက်ယောင် အတွေးများကို ရှင်းထုတ်ပစ်လိုက်ပြီး အဓိကတာဝန်ကို အာရုံစိုက်ထားရန်သာ ဆုံးဖြတ်လိုက်သည်။ သူ၏ရည်ရွယ်ချက်သည် စာအုပ်ကို အဆင့် ၂ သို့ မြင့်တင်ရန်နှင့် အဲလီဇဘက်အား ပြုပြင်ထိန်းကျောင်းရန် ဖြစ်ပေသည်။
အရာအားလုံးက ကျောက်ယောင်၏ အစီအစဥ်အတိုင်း သွားနေပေသည်။ စာအုပ်သည် အဆင့် ၂ သို့ မြင့်တက်သွားခဲ့ပြီး သူ၏ အိမ်မွေးတိရိစ္ဆာန် အများဆုံးအဆင့်သည်လဲ နှစ်ကောင်အဖြစ် ရောက်ရှိသွားခဲ့ပေသည်။ ထို့ကြောင့် သူ၏နောက်တစ်ဆင့်သည် အဲလီဇဘက်ကို အပြည့်အဝ ယဥ်ပါးအောင်လုပ်ဆောင်ကာ စာအုပ်ထဲတွင် စာရင်းသွင်းရန် ဖြစ်ပေသည်။
“ ငါ ဒါကို ဘယ်လိုလုပ်ရပါ့မလဲ။ ငါ အဲလီဇဘက်ကို ဘယ်လိုမျိုး အပြည့်အဝ ထိန်းကျောင်းရမလဲ “ ကျောက်ယောင် ဒေါသထွက်စွာဖြင့် စဥ်းစားနေခဲ့သည်။
ကျောက်ယောင် ပြတင်းပေါက်ဆီသို့ လှမ်းကြည့်လိုက်ရာ မွေးပွဘောလုံးပမာ ဖြစ်နေသည့် အဲလီဇဘက်ကို မြင်လိုက်ရသည်။ ကျောက်ယောင်၏နှလုံးသား စိတ်ခံစားချက်များဖြင့် တုန်ခါသွားကာ ရေရွတ်လိုက်သည်...” ငါ အောင်မြင်ရမယ်။ ဖမ်းဆီးပြီးတော့ စာအုပ်ထဲမှာ စာရင်းသွင်းနိုင်ရမယ်။ ငါ လုပ်နိုင်တယ် “
သူသည် အဲလီဇဘက်ကို မိနစ်အနည်းငယ်ခန့်အထိ ပြင်းပြစွာကြည့်နေခဲ့သော်လဲ သူမ၏ တုန့်ပြန်မှုကြောင့် သူ မှင်တက်မိသွားရသည်။
အဲလီဇဘက်ကမူ တွန့်ဆုတ်နေခြင်းမရှိဘဲ သူ့အား တစ်ချက်မျှ မျက်လုံးဖွင့်ကြည့်ကာ အိပ်သွားလေသည်။
“ ဘာတုန့်ပြန်မှုမှ မမြင်ရဘူး “ ကျောက်ယောင် မျက်မှောင်ကုတ်လိုက်ပြီးနောက် လီဟွားကို ကြည့်လိုက်သည်။
လီဟွားသည် သရက်သီးလေးပေါ်တွင် ငိုက်မြည်းနေလျက်ရှိပြီး ၎င်း၏ အထက်တန်းစားကြောင် အဆင့်အတန်းကို ပြသနေပေသည်။ သရက်သီးလေးက သူမ၏အနေအထားအတိုင်း ငေးငိုင်နေပေသည်။
ကျောက်ယောင်က လီဟွားကိုကြည့်ရင်း တွေးလိုက်လေသည်...” ငါ လီဟွားကို ဘယ်လိုမျိုး ထိန်းကျောင်းနိုင်ခဲ့တာလဲ... “
ကျောက်ယောင် နားလည်ရန်အတွက် များစွာမကြာခဲ့လေဘဲ...” အဲ့ဒီအချိန်ပဲ ဖြစ်ရမယ်...ငလျင်လှုပ်တဲ့အချိန်...”
“ ငါတို့ကိုယ်ငါတို့ ကာကွယ်ဖို့အတွက် လီဟွားနဲ့ ငါ့ရဲ့ စွမ်းအားတွေ ပထမဆုံးအကြိမ် ပေါက်ကွဲထွက်လာခဲ့တာပဲ “ သူ တွေးနေသည်။
“ ဒါပေမဲ့ ဟုတ်ချင်မှလဲ ဟုတ်မယ် “ ကျောက်ယောင် သက်ပြင်းချကာ လွန်ခဲ့သည့် တစ်လခွဲခန့်မှ အခြားအဖြစ်အပျက်များကို ပြန်တွေးကြည့်နေသည်။
“ အဲ့ဒီအချိန်များ ဖြစ်နေလောက်မလား... “ သူ ထပ်မံကာ တွေးလိုက်သည်။ သူ နက်နက်နဲနဲ တွေးလေလေ ထိုအဖြစ်အပျက်က အဓိပ္ပါယ်ပိုရှိလာလေလေပင်။
သူ အဲလီဇဘက်ဆီသို့ သွားကာ အမွေးဖွားဖွားဦးခေါင်းကို ကိုင်လိုက်လေသည်။
အပြာရောင် ရတ်ဒေါလ်ကြောင်တစ်ကောင်ဖြစ်သည့် အဲလီဇဘက်သည် မီးခိုးဖျော့ရောင်ရှိပြီး နဖူးက M ပုံသဏ္ဌာန် ရှိပေသည်။ ကျန်သည့် ခန္ဓာကိုယ်တွင်မူ လှပသော အမွေးဖွားများ ဖုံးလွှမ်းထားပေ၏။ သူမ၏ ရင်ဘက်နှင့်လည်ပင်း တစ်ဝိုက်တွင် အမွေးဖြူများ ပေါများစွာရှိနေပြီး အဖြူရောင်လည်စည်းပမာ ဖြစ်နေပေသည်။
ရတ်ဒေါလ်ကြောင်များသည် ထူးခြားသော မျိုးကောင်းမျိုးသန့်များဖြစ်လေပြီး ယင်းကြောင့်ပင် အဲလီဇဘက်က သာမန်မဆန်စွာ ကြီးထွားနေခြင်း ဖြစ်ပေသည်။ အနည်းဆုံးအနေဖြင့် သူမက သရက်သီးလေး၏ အရွယ်အစားထက် သုံးဆခန့်ပိုကြီးလေပြီး လီဟွားထက် နှစ်ဆခန့်ပိုကြီးပေသည်။ သူမ၏ သာမန်မဟုတ်သော အလုံးအထည်က မျက်စိပသာဒ ရှိလှပေသည်။
“ ငါ့လက်ကို ကိုက်လိုက် “ ကျောက်ယောင်က ဆိုလိုက်လေပြီး လက်မောင်းအား အဲလီဇဘက်၏ နှုတ်ခမ်းရှေ့သို့ တိုးကပ်ပေးလိုက်သည်။
“ နင် ရူးနေတာပဲဖြစ်မယ် “ အဲလီဇဘက်က တွေးလိုက်လေပြီး ကျောက်ယောင်၏ ရူးနှမ်းမှုကို သရော်လိုက်သည်။
“ တစ်ကိုက်ပါပဲ...ကျေးဇူးပြုပြီး...” သူ တွေးကာ အဲလီဇဘက်၏ ပါးစပ်ရှေ့သို့ လက်ထိုးပေးလိုက်သည်။
“ နင် ရူးနေတာလား။ နင့်ရဲ့ လက်ညစ်ပတ်ကြီး ဝေးဝေးမှာထားစမ်းပါ “ သူမက အေးစက်စက် တုန့်ပြန်လိုက်သည်။
ကျောက်ယောင်က ထုံပေပေဖြင့် ရပ်နေလေပြီး သူ၏ပန်းတိုင်ကိုသာ အာရုံစိုက်နေသည်။ သူ ဆုံးဖြတ်ချက်ချကာ အဲလီဇဘက်၏အမြီးကို အားနေသော လက်တစ်ဖက်ဖြင့် အညှာအတာမဲ့ ဆွဲလိုက်လေ၏။
ရတ်ဒေါလ် ကြောင်များတွင် ကြီးမားရှည်လျားသော အမြီးများ ရှိကြသော်လဲ အဲလီဇဘက်ကမူ ကွဲပြားပေသည်။ သူမ၏အမြီးက နူးညံ့ကာ အမွေးနုများပြည့်နေလေပြီး ချည်မျှင်လုံးတစ်ခုနှင့်ပင် ဆင်တူပေသည်။
အမြီး ဆောင့်ဆွဲခံလိုက်ရခြင်းကြောင့် အဲလီဇဘက်သည် အန္တရာယ်ကို ခံစားလိုက်ရပေသည်။ သူမ၏ ပြာလဲ့လဲ့မျက်ဝန်းများ ဒေါသကြောင့် ပြူးကျယ်သွားလေပြီး လျင်မြန်စွာတုန့်ပြန်ကာ ကျောက်ယောင်ကို ကိုက်လိုက်လေသည်။
ကျောက်ယောင် နာကျင်စွာ ဟစ်အော်ခဲ့လေပြီး သူ၏လက်ညှိုးတွင် ကိုက်ရာနှစ်ခု ရှိနေသည်ကို သတိပြုမိသွားခဲ့သည်။
ငါ့အမြီးကို ဘယ်တော့မှ လာမကိုင်နဲ့ “ အဲလီဇဘက်က ခြေနှစ်လှမ်း နောက်ဆုတ်ကာ ဒေါသတကြီး ဆိုလိုက်လေသည်။
ကျောက်ယောင်က သတိထားမိဟန်မရှိလေဘဲ သူ၏လက်မှ တဖြည်းဖြည်းချင်း ပျောက်ကွယ်လာနေသည့် ဒဏ်ရာကိုသာ ကြည့်နေပေသည်။
“ ငါ အောင်မြင်သွားတာလား “ သူ တွေးလိုက်လေပြီး မျက်နှာထက်တွင် စိတ်ကြီးဝင်သော အပြုံးတစ်ခု ပေါ်ထွက်လာသည်။
အဲလီဇဘက်သည် ရှက်ကိုးရှက်ကန်ဟန်ဖြင့် ကျိတ်ရယ်နေသည့် ကျောက်ယောင်ကို အထင်သေးဟန်ဖြင့် တစ်ချက်ကြည့်လိုက်လေ၏။ သူမ၏အမြီးကို ခါယမ်းကာ ပြတင်းပေါက်မှ ခုန်ဆင်းသွားခဲ့လေသည်။
ကျောက်ယောင်၏ ခေါင်းထဲတွင် စာအုပ်က အနည်းငယ်တောက်ပနေသည်။ မည်သို့ဖြစ်နေကြောင်းကို သူ သိပေ၏။ ထိန်းကျောင်းနိုင်သည့် အိမ်မွေးတိရိစ္ဆာန် အရေအတွက်သည် နှစ်ကောင်ဖြစ်သွားခဲ့သော်လဲ မျက်နှာပြင်ပေါ်မှ ပင်မကြောင်ကမူ လီဟွား ဖြစ်နေဆဲပင်။
“ တစ်ခုခု မှားနေပြီ။ အဲလီဇဘက် ဘယ်မှာလဲ “ သူ၏ မျက်နှာထက်တွင် စိုးရိမ်ဟန်များ ဖြစ်ပေါ်နေလျက်ဖြင့် တွေးလိုက်လေသည်။
ထိုအတွေး ဖြစ်ပေါ်လာချိန်တွင် စာအုပ်၏မျက်နှာပြင် တောက်ပသွားသည်။ လီဟွား၏ အချက်အလက်များ နေရာကို အဲလီဇဘက်၏ အချက်အလက်များက အစားထိုးဝင်ယူသွားခဲ့သည်။
ကျောက်ယောင် စိတ်ကျေနပ်စွာ အံ့အားသင့်သွားခဲ့လေပြီး တစ်ခုခုအား ကြိုးစားကြည့်မည်ဟု ဆုံးဖြတ်လိုက်သည်။
“ လီဟွား “ သူ တီးတိုးရေရွတ်လိုက်သည်။
“ အဲလီဇဘက် “
“ လီဟွား “
“ အဲလီဇဘက် “
အကြိမ်များစွာ ကြိုးစားပြီးနောက်တွင်မူ ကျောက်ယောင် ပြုံးလိုက်သည်။ သူ တစ်စုံတစ်ခုကို နားလည်သွားခဲ့သည်။
လက်ရှိအချိန်၌ စာအုပ်သည်....။
စာအုပ် : အဆင့် ၂ (၅၀/၁၀၀၀)
စိန် : ၃
အိမ်မွေးတိရိစ္ဆာန် (၂/၂) : အဲလီဇဘက်
အဆင့် : အဆင့် ၁ (၁/၁၀)
သစ္စာရှိမှုအဆင့် : ၆၀
စွမ်းရည် : သူမ၏အသံနှင့်အတူ ပုံရိပ်ယောင်နှင့် အကြားအာရုံ ချောက်ချားမှုများ ဖန်တီးခြင်း။ သူမ၏အကြည့်နှင့် ထိန်းချုပ်နိုင်ခြင်း။ ပြင်းထန်သော သက်ရောက်မှုကို ခံစားရချိန်တွင် စွမ်းရည်ကို ပယ်ဖျက်နိုင်သည်။
လက်ရှိတွင် အဓိကတာဝန် ပြီးဆုံးသွားကာ အတွေ့အကြုံအမှတ် ၅၀ ရရှိထားသည်။
အဓိကတာဝန် : ကြောင်စွမ်းအားများ များပြားစွာရရှိစေရေးအတွက် အတုမဲ့စွမ်းရည်များရှိသည့် စူပါကြောင်များကို ပိုမိုဖမ်းဆီးပါ။
တာဝန်အကြောင်းအရာ : စာအုပ် အဆင့် ၃ သို့ရောက်ရန် ၊ သုံးကောင်မြောက် စူပါကြောင်ကို ထိန်းကျောင်းရန်။
တာဝန်ဆုလာဘ် : အတွေ့အကြုံအမှတ် ၅၀၀။
ကျရှုံးပြစ်ဒဏ် : မရှိပါ။
ယခုအခါတွင် ကျောက်ယောင် တည်ငြိမ်နေသည်။ တာဝန်အကြောင်းအရာကို သူ ခန့်မှန်းမိထားသည်မှာ ကြာခဲ့ပေပြီ။
သူ အဓိကစိုးရိမ်သည်မှာ အဲလီဇဘက်၏စွမ်းအားကို လွှဲယူရန် ဖြစ်ပေသည်။ သူ ပိုမိုဖတ်ရှုကြည့်လေလေ နတ်အလင်း၏ အလားအလာကို ပိုမိုနားလည်လာလေလေပင်။ သူ သတိပြန်ဝင်လာကာ ပြုံးလိုက်သည်။
“ အဲလီဇဘက် ပြောခဲ့သလိုပဲ ဒီစွမ်းရည်က တကယ်ကို အသုံးဝင်တယ် “
“ ၆၀ Vs ၁၀၀ တဲ့လား “ ကျောက်ယောင်သည် သူမ၏ သစ္စာရှိမှုအမှတ်ကို ကြည့်လိုက်ပြီးနောက် တွေးလိုက်လေသည်။
“ ဒါက လီဟွားထက် အများကြီးဆိုးနေတာပဲ “
“ ငါက အဲလီဇဘက်နဲ့ အချိန်နည်းနည်းလောက်ပဲ နေခဲ့ဖူးတာဆိုတော့ ယုံကြည်မှုတွေ နိမ့်နေတာက မထူးဆန်းပါဘူး “
ကြောင်များက အများအားဖြင့် သီးသန့်ဆန်ကြပြီး အခြားတိရိစ္ဆာန်များကို အလွယ်တကူ ယုံကြည်ခြင်းမရှိကြောင်းကို ကျောက်ယောင် နားလည်ပေသည်။ ထို့ကြောင့် အပြန်အလှန်ယုံကြည်မှုကို ထူထောင်ရန်အတွက် အချိန်လိုအပ်သည်။
“ အသံနဲ့ ချောက်ချားဖွယ်ရာတွေ ဖန်တီးပြီးတော့ ငါ့ရဲ့အကြည့်ကနေတစ်ဆင့် ထိန်းချုပ်ရတာ.... စိတ်ဝင်စားစရာပဲ “ ကျောက်ယောင် တွေးလိုက်သည်။
“ လီဟွားရေ “ ကျောက်ယောင် ဟစ်အော်လိုက်လေပြီး သရက်သီးလေးကို လျှာဖြင့်လျက်ကာ အလုပ်များနေသည့် လီဟွားဆီသို့ ပြေးသွားလေသည်။
ထို့နောက်တွင် သူ တစ်ချက်တွေးလိုက်ရာ လွန်ခဲ့သည့် မိနစ်ပိုင်းခန့်က သရက်သီးလေး ရှိနေသောနေရာသည် အဝါရောင် သေးအိုင်တစ်ခုအဖြစ် ပြောင်းလဲသွားလေ၏။ လီဟွားသည် သူ၏အောက်ဘက်မှအရာကို မသတီဖြစ်သွားကာ မြောင်အော်လိုက်ပြီး နောက်သို့ဆုတ်ခွာသွားလေသည်။ လီဟွားသည် သူ၏အမွေးများတွင် မည်သည့်အရာများ စိုနေကြောင်း နားလည်သွားလေပြီး အော်ဂလီဆန်ပျို့အန်သွားလေသည်။
ကျောက်ယောင်သည် လီဟွား အခက်ကြုံနေရပုံကို ကြည့်ကာ ရယ်မောနေခဲ့သော်လဲ တစ်ခုခုကို စမ်းသပ်ကြည့်ချင်လာခဲ့သည်။ ကျောက်ယောင်၏ မျက်ဝန်းများ အနည်းငယ် နီမြန်းသွားကာ အသစ်တွေ့ရှိထားသည့် စိတ်စွမ်းရည်ဖြင့် ခန္ဓာကိုယ်အား ထိန်းချုပ်ခြင်းကို နှိုးဆွလိုက်လေသည်။ သို့သော် ထိုတစ်ကြိမ်တွင် ကျရှုံးသွားခဲ့ပေ၏။
“ ဘာဖြစ်တာလဲ “ ကျောက်ယောင် မျက်မှောင်ကုတ်ကာ ထိုစွမ်းရည်ကို ထပ်မံနှိုးဆွလိုက်သည်။ ဤတစ်ကြိမ်၌ သူ၏အကြည့်များ အနီရောင်အလင်း တောက်ပသွားလေသည်။ သူ၏ခန္ဓာကိုယ်သည် ကိုယ်ပွားနှစ်ခု ခွဲထွက်သွားသည်ဟု ခံစားလိုက်ရလေ၏။
ကျောက်ယောင် ရှေ့သို့တိုးသွားကာ လီဟွား၏ခန္ဓာကိုယ်ကို ထိန်းချုပ်ရန် ကြိုးပမ်းလိုက်သည်။
လီဟွား၏ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်ခါစအချိန်တွင် လီဟွားသည် ကျောက်ယောင်၏ရှေ့မှ ရုတ်တရက် ပျောက်ကွယ်သွားခဲ့လေသည်။ လီဟွားက အဲလီဇဘက်ပေါ်သို့ ညှာတာခြင်းမရှိဘဲ ပြင်းထန်စွာခုန်ဆင်းသွားခဲ့သည်။
ကျောက်ယောင် တဒင်္ဂမျှ အံ့အားသင့်နေခဲ့သော်လဲ ချက်ချင်းဆိုသလိုပင် တစ်စုံတစ်ခုကို နားလည်သွားခဲ့သည်။
လီဟွားက ထိန်းချုပ်ခံလိုက်ရသည်ဟု ခံစားမိလိုက်ချိန်တွင် သူ၏စွမ်းရည်ကို နှိုးဆွလိုက်ခဲ့ခြင်းကြောင့် အဲလီဇဘက်ကို အောင်မြင်စွာ တန်ပြန်တိုက်ခိုက်နိုင်ခဲ့ခြင်း ဖြစ်ပေသည်။
“ အင်း...ငါ အဲလီဇဘက်ရဲ့စွမ်းအားဘက်ကို ပြောင်းထားချိန်မှာ လီဟွားရဲ့စွမ်းအားကို သုံးလို့မရတော့တဲ့ပုံပဲ “ ကျောက်ယောင်သည် လီဟွား ရုတ်တရက်ပျောက်ကွယ်သွားသည် မြင်ယောင်ရင်းဖြင့် တွေးလိုက်လေ၏။
“ ဒါက အချိန်ရပ်တာကို လူတွေ မျက်မြင်တွေ့လိုက်ရတာမျိုးလား။ ဒါက တည်နေရာခုန်ကူးတာနဲ့ ဆင်တူတယ် “