ရွှေဓာတ်လုံးအဆင့်၊ ချီလင်ဓား
Vol. 2 Ch. 24
အခန်း(၂၄) ရွှေဓာတ်လုံးအဆင့်၊ ချီလင်ဓား
မော့ဖူချိုနဲ့ ကျိုးဖန်က ဘယ်လိုပဲ ဖျောင်းဖျပါစေ၊ ဟန်ကျွယ်ဟာ သူတို့ခေါ်ရာနောက်ကို မလိုက်ပါဘူး၊ နောက်ဆုံးမှာတော့ မော့ဖူချိုနဲ့ ကျိုးဖန်ဟာ ဘာမှမတက်နိုင်ဘဲ ပြန်သွားရပါတယ်။
ဟန်ကျွယ်ရဲ့ သဘာဝကျင့်ကြံခြင်းလိုဏ်ဂူကနေ ထွက်ပြီးနောက် သူတို့နှစ်ဦးဟာ အကွာအဝေးတစ်ခုကို ပျံသန်းလိုက်ပါတယ်၊ အဲဒီအချိန်ရောက်မှ ကျိုးဖန်က ပြောလိုက်ပါတယ် “သူက အစွမ်းရှိပေမဲ့ တော်တော်လေး သူရဲဘောကြောင်တယ်”
ကျိုးဖန်ဟာ ဒီစကားကို နားထောင်ကောင်းအောင် ပြောလိုက်ခြင်း ဖြစ်ပါတယ်၊ သူ တကယ်ပြောချင်တာက ဟန်ကျွယ်က သေမှာကြောက်တယ် ဆိုပြီးတော့ပါ။ တစ်ခြား ကျောက်အေးတောင်ထိပ် တပည့်တွေဆီကနေ ဟန်ကျွယ်က ထူးချွန်ထက်မြက်ပေမဲ့ တော်တော်လေး သတ္တိမရှိတဲ့အကြောင်းကို ကျိုးဖန် ကြားပြီးပါပြီ၊
မော့ဖူချိုဟာ ဒီတစ်ခါမှတော့ ဟန်ကျွယ်အတွက် မပြောပေးတော့ပါဘူး၊ သူဟာ သက်ပြင်းတစ်ချက်ချပြီး ပြောလိုက်ပါတယ် “ကျင့်ကြံသူတစ်ယောက်က အမြဲတမ်း ဂူအောင်း ကျင့်ကြံနေလို့မရဘူး၊ ငါတို့က မော်တယ်တွေဆိုတော့ အခွင့်အရေးအတွက် တိုက်ခိုက်ရမှာပဲ၊ စောင်ကြည့်ကြတာပေါ့၊ တစ်နေ့တော့ သူအသိတရား ဝင်လာမှာပါ”
ကျိုးဖန်က ခေါင်းညိတ်ကာ ထောက်ခံလိုက်ပါတယ်။ သူသာ ဒီဆေးတွေကို ရရှိမယ်ဆိုရင် ဟန်ကျွယ်ကို ဖိနှိပ်ကောင်း ဖိနှိပ်နိုင်မှာပါ။ ဒါကိုတွေးမိသွားတဲ့ ကျိုးဖန်ဟာ အရမ်းပဲ စိတ်လှုပ်ရှားလာပါတယ်။ အရင်တုန်းက အတွင်းဂိုဏ်းစမ်းသပ်မှုမှာ ဟန်ကျွယ်ကို ရှုံးနိမ့်ခဲ့ရတာကြောင့် ဒီရှုံးနိမ့်မှုဟာ ကျိုးဖန်ရင်ထဲမှာ အစိုင်အခဲ ဖြစ်နေပါတယ်၊ သူဟာ ဟန်ကျွယ်ကို အနိုင်တိုက်ပြီး သူ့သိက္ခာကို ပြန်ဆယ်ချင်နေတာပါ။
…
[စကြာဝဠာခါးပတ်ငယ်ကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်။]
[စကြာဝဠာခါးပတ်: ဤခါးပတ်တွင် ကျယ်ဝန်းသောအာကာသတစ်ခု ရှိ၏၊ သိုလှောင်လက်စွပ် သို့မဟုတ် သိုလှောင်အိတ်အဖြစ် အသုံးပြုနိုင်သည်၊ ခါးပတ်သည် ဆန့်နိုင်ကြုံနိုင်ပြီး အလွယ်တကူ မဖျက်ဆီးနိုင်ပေ။]
ဟန်ကျွယ်ဟာ မျက်ခုံးပင့်သွားပြီး သူ့လက်ထဲက စကြာဝဠာခါးပတ်ငယ်ကို ကြည့်လိုက်ပါတယ်။ ခါးပတ်ဟာ အတော်လေးသေးပြီး ဆေးပန်းချီတွေ ခြယ်မှုန်းထားတဲ့ ပန်းချီကားလိုပါပဲ၊ ဟန်ကျွယ်ဟာ နတ်အာရုံကို အသုံးပြုပြီး စစ်ဆေးလိုက်တဲ့အခါမှာ ခါးပတ်ထဲမှာ ကုဗမီတာတစ်ထောင်ရှိတဲ့ အာကာသကို တွေ့လိုက်ရပါတယ်။ ဒီပမာဏဟာ သူ့ဆီမှာရှိတဲ့ သိုလှောင်အိတ်ထဲ အများကြီး အများကြီး ပိုမိုကျယ်ဝန်းပါတယ်။
ဟန်ကျွယ်သာ ခါးပတ်ပေါ် သူ့သွေးကိုချပြီး ကိုယ်ပိုင်ပစ္စည်း ပြုလုပ်လိုက်ပါတယ်။ ဒါပြီးသွားတဲ့အခါမှာ ဟန်ကျွယ်ဟာ သူ့ရှိသမျှ အရာအားလုံးကို ခါးပတ်ထဲ ပစ်ထည့်ပြီး သူ့ခါးမှာ ကောက်ပတ်လိုက်ပါတယ်။ ခါးပတ်ဟာ သူ့ဝတ်ရုံကို မတင်းလွန်းမကြပ်လွန်း ပတ်သွားပြီး နေသာထိုင်သာ ရှိလှပါတယ်။ ဟန်ကျွယ် စကြာဝဠာခါးပတ်နဲ့ အတန်ကြာ ကစားပြီးမှာ သူ့ကျင့်ကြံခြင်းကို ဆက်ပါတယ်။
…
နှစ်နှစ်ဆိုတဲ့ အချိန်ကာလဟာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားပါတယ်၊ စွမ်းရည်ခြောက်မျိုးလုံးဟာ အပြည်စုံဆုံးအဆင့်ကို ရောက်ရှိသွားတာကြောင့် ဟန်ကျွယ်ဟာ ကောင်းကင်ဒုက္ခကို ဖြတ်သန်းဖို့ ပြင်ဆင်ပါတယ်။
ဟန်ကျွယ်ဟာ အရံအတားလုပ်ဆောင်ချက်ကို အသက်သွင်းလိုက်ပြီး သူ့လိုဏ်ဂူထဲမှာပဲ ကောင်းကင်ဒုက္ခကို ဖြတ်သန်းပါတယ်။ ရွှေဓာတ်လုံးအဆင့်ရဲ့ ကောင်းကင်ဒုက္ခက ကြောက်မက်ဖွယ် ကောင်းတယ်ဆိုပေမဲ့ တောင်တစ်ခုလုံးကို ဖျက်ဆီးနိုင်လောက်တဲ့အထိတော့ အားမရှိပါဘူး။ ကောင်းကင်မိုးကြိုးတွေဟာ ဟန်ကျွယ် ခေါင်းထက်မှာ စုစည်းလာပါတယ်။
ဒီလိုနဲ့ ရွှေဓာတ်လုံးအဆင့်ရဲ့ ကောင်းကင်ဒုက္ခဟာ ဟန်ကျွယ် နှလုံးသားထဲက အတွင်းမိစ္ဆာကို လှုပ်နိုးလိုက်ပါတယ်။
အခြေခံအဆင့်ကျင့်ကြံသူ ဆယ်ယောက်မှာ သုံးယောက်ပဲ ရွှေဓာတ်လုံးအဆင့်ကို ရောက်ကြပါတယ်၊ ကျန်တဲ့သူတွေက ကောင်းကင်ဒုက္ခကြောင့် သေရင်သေ မဟုတ်ရင် သူတို့ရဲ့အတွင်းမိစ္ဆာကြောင့် သွက်သွက်ခါအောင် ရူးသွားကြပါတယ်။
ဟန်ကျွယ်ဟာ ထိပ်တန်း ကျင့်ကြံခြင်းစွမ်းရည်ရှိပြီး ပြိုင်ဘက်ကင်းကျင့်စဉ်ကို လေ့ကျင့်ထားတာကြောင့် ဒီလိုအခက်အခဲတွေကို လုံးဝမကြောက်ပါဘူး။ ဟန်ကျွယ်ဟာ သူ့ကျင့်စဉ်ကို စတင်ကျင့်ကြံလိုက်တာနဲ့ သူ့ခေါင်းပေါ်မှာ စုစည်းနေတဲ့ တိမ်မည်းတွေဟာ လျှပ်စီးများ လင်းလက်လာပါတယ်။
တစ်ချိန်တည်းမှာပဲ အသံတစ်သံကို ဟန်ကျွယ်နားထဲမှာ ကြားလိုက်ရပါတယ်။
“မင်းက ဘာလိုချင်တာလဲ?”
“ကျော်ကြားမှုလား?”
“ကြွယ်ဝမှုလား?”
“မိန်းမလား?”
“မင်းက သန်မာနေပြီပဲ၊ မင်းကိုမင်း ဖုံးကွယ်နေတာရပ်ပြီး မင်းအစွမ်းကို လောကကြီးသိအောင် ပြလိုက်စမ်းပါ”
ဒီအသံဟာ မိစ္ဆာတစ်ကောင်လို ဟန်ကျွယ်ကို ဆက်တိုက်လှည့်စားပါတယ်၊ ဟန်ကျွယ်ဟာ ဘာမှမဖြစ်တဲ့အပြင် ရယ်ချင်စိတ်တောင် ပေါက်သွားပါတယ် ‘ဒါက အတွင်းမိစ္ဆာလား? မသန်မစွမ်းကျနေတာပဲ’
ဟန်ကျွယ်ဟာ တစ်ချက်လှုပ်လိုက်တာနဲ့ သူ့ကိုယ်ထဲက စိတ်ဝိညာဉ်စွမ်းအားတွေဟာ သက်ဝင်လှုပ်ရှားသွားပြီး တန်းထျန်ရဲ့ အလယ်မှာ ဝဲကတော့တစ်ခု ပေါ်လာပါတယ်။ ဟန်ကျွယ်ခေါင်းထက်က တိမ်မည်းတွေကနေ လျှပ်စီးတွေထွက်လာပြီး ဟန်ကျွယ်ကိုယ်ကို ရိုက်ခတ်ပါတယ်။
ဒါပေမဲ့ ဟန်ကျွယ်ဟာ ပြန်လည်မွေးဖွာရာ လမ်းခြောက်သွယ်ကျင့်စဉ်ကို အသုံးပြုပြီး ကောင်းကင်လျှပ်စီးတွေကို စုပ်ယူလိုက်ပါတယ်။ စိတ်ဝိညာဉ်ခြောက်မျိုးနဲ့ ကောင်းကင်ဒုက္ခကို ဖြတ်သန်းရတာက ဟန်ကျွယ်အတွက် အလွန်ပဲရိုးရှင်းပြီး လွယ်ကူလွန်းလှပါတယ်။
ဟန်ကျွယ်ရဲ့ မိုးကြိုးစွမ်းရည်က ကောင်းကင်မိုးကြိုးတွေ အကုန်လုံးကို မစုပ်ယူနိုင်ပါဘူး၊ ဒါပေမဲ့ ဟန်ကျွယ်ဟာ မစုပ်ယူနိုင်လို့ ပိုလျှံထွက်လာတဲ့ ကောင်းကင်မိုးကြိုးတွေကို တစ်ခြားစိတ်ဝိညာဉ်စွမ်းအား အသုံးပြုပြီး တားဆီးလိုက်ပါတယ်။ ဟန်ကျွယ်ဟာ လျှပ်စီးတစ်ချက်တောင် မခံလိုက်ရပါဘူး။
မကြာမီမှာပဲ ဟန်ကျွယ်ဟာ သူ့စိတ်ဝိညာဉ်စွမ်းအားတွေက သူ့ကို ကာကွယ်နေတာ မဟုတ်ဘဲ ရွှေရောင်ဆန်းကြယ်နတ်ဝတ်ရုံက သူ့ကို ကာကွယ်နေတယ်ဆိုတာကို သတိထားမိလိုက်ပါတယ် ‘ဒီစိတ်ဝိညာဉ်ရတနာက ကောင်းကင်ဒုက္ခကို ဖြတ်သန်းတဲ့နေရာမှာတောင် အကူအညီပေးနိုင်သေးတာပဲ’
ဟန်ကျွယ်ဟာ တအံတဩ တွေးတောလိုက်ပါတယ် ‘ရွှေရောင်ဆန်းကြယ်နတ်ဝတ်ရုံက စိတ်ဝိညာဉ်ပြောင်းလဲခြင်းအဆင့်ရှိတဲ့ ကျင့်ကြံသူရဲ့ တိုက်ချက်တစ်ချက်ကို ခုခံနိုင်တယ်၊ အခုလည်း ငါ့ကို ကောင်းကင်ဒုက္ခ ဖြတ်သန်းတဲ့နေရာမှာ ကူညီတာဆိုတော့ ငါ ကနဦးဝိညာဉ်အဆင့်ကို ဖြတ်သန်းရင်ရော ကူညီနိုင်မှာလား မသိဘူး?’
ဟန်ကျွယ်ဟာ တွေးတောရင်း စိတ်လှုပ်ရှားသွားပါတယ် ‘တော်တော်လေး တန်ဖိုးရှိတဲ့ ရတနာပါလား’ ဟန်ကျွယ်ဟာ စိတ်အားထက်သန်လာပြီး သူ့ကောင်းကင်ဒုက္ခကို ဆက်ဖြတ်သန်းပါတယ်။
…
ခုနစ်ရက်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ရွှေဓာတ်လုံးအဆင့်ကို အောင်မြင်စွာ ရောက်ရှိသွားပါတယ်။
[ရွှေဓာတ်လုံးအဆင့်ကို တက်ရောက်နိုင်ခြင်းအတွက် ဂုဏ်ယူပါသည်၊ ဆုအဖြစ် ပြိုင်ဘက်ကင်းဓားတစ်ချောင်းကို ရရှိမည်။]
[ချီလင်ဓားကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်။]
[ချီလင်ဓား: ချီလင်၏အရိုးကို အသုံးပြု၍ ထုလုပ်ထားသော ဓားတစ်စင်းဖြစ်သည်၊ ဤဓားတွင် ချီလင်ဝိညာဉ် ပါရှိသောကြောင့် မကောင်းဆိုးဝါးများ အနားသို့မကပ်နိုင်ပေ။]
ဓားတစ်ချောင်းဟာ ဟန်ကျွယ်လက်ထဲမှာ ပေါ်လာပါတယ်၊ ဒီဓားဟာ လုံးဝမည်းနက်နေပြီး ဓားရိုးမှာ ချီလင်ကြေးခွံတွေနဲ့ စီခြယ်ထားတဲ့အတွက် အတော်ပဲကြည့်လို့ ကောင်းပါတယ်၊ ဒီဓားဟာ လက်သုံးသစ်ကျယ်ပြီး တစ်မီတာရှည်လျားပါတယ်။
ဟန်ကျွယ်ဟာ ဒီဓားကိုကိုင်လိုက်တဲ့အခါမှာ သူ့လက်ဖဝါးက အေးသွားတာကို ခံစားလိုက်ရပါတယ် ‘တော်တော်လေးအေးတဲ့ ဓားပါလား!’ ဒီဓားဟာ ဟန်ကျွယ်နဲ့ အတော်လေး လိုက်ဖက်ပါတယ်။
ဟန်ကျွယ်ဟာ ချီလင်ဓားကို သိမ်းဆည်းလိုက်ပြီး သူ့ရွှေဓာတ်လုံးအဆင့်ကို တည်တံ့ခိုင်မြဲအောင် လုပ်လိုက်ပါတယ်။
ဝက်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ပြန်လည်မွေးဖွာရာ လမ်းခြောက်သွယ်ကျင့်စဉ်ရဲ့ တတိယအဆင့်ကို စတင်လေ့ကျင့်လိုက်ပြီး ဆန်းကြယ်စွမ်းအားကို ဆက်ခံရရှိလိုက်ပါတယ်။
လမ်းခြောက်သွယ်စုပ်ယူခြင်း ပညာရပ်!
နာမည်နဲ့အညီ ဒီဆန်းကြယ်စွမ်းအားဟာ ဝိညာဉ်တွေကို စုပ်ယူနိုင်ပါတယ်၊ အထူးသဖြင့် လွင့်မျောနေတဲ့ သရဲတွေကိုပေါ့။ ဒီပညာရပ်ကို တတ်ကျွမ်းတာနဲ့ ဟန်ကျွယ်ဟာ သာမန်လူတွေ မမြင်နိုင်တဲ့ သရဲတွေကိုပါ မြင်နိုင်မှာ ဖြစ်ပါတယ်။
ဟန်ကျွယ်ဟာ ဒီပညာရပ်ကို လေ့လာပြီးတာနဲ့ ဆန်းကြယ်စွမ်းအားကို စတင်လေ့ကျင့်ပါတယ်။ ဟန်ကျွယ်ရဲ့ ထိပ်တန်းစွမ်းရည်ခြောက်မျိုးကြောင့် ဒီပညာရပ်ကို ဆယ်ရက်ထဲနဲ့ တက်မြောက်သွားပါတယ်။ ဆန်းကြယ်စွမ်းအားဆိုတဲ့အတိုင်း သာမန်ပညာတွေထက် သင်ယူလေ့လာရတာ ပိုခက်ခဲပါတယ်၊ ခက်ခဲသလိုလည်း အစွမ်းထက်လှပါတယ်။
ဟန်ကျွယ်ဟာ သူ့အစွမ်းကို သရဲတွေအပေါ်မှာ စမ်းသပ်ကြည့်ချင်ပေမဲ့ ဒီနေရာက ယွီဂျင်ဂိုဏ်း ဖြစ်တဲ့အတွက် သရဲနဲ့တူတာတောင် အစအန ရှာမရချေ။
ဟန်ကျွယ်ဟာ သူ့ကိုယ်ရေးအကျဉ်းကို ဖွင့်လိုက်ပါတယ်။
[အမည် : ဟန်ကျွယ် ]
[သက်တမ်း : ၆၄/၄၉၉ ]
[ မျိုးနွယ်စု : မော်တယ် ]
[ ကျင့်ကြံခြင်းအဆင့် : ရွှေဓာတ်လုံး ပထမအဆင့် ]
[ ကျင့်စဉ် : ပြန်လည်မွေးဖွားရာ လမ်းခြောက်သွယ် (အမွေဆက်ခံ၍ ရသည်) ]
[ မှော်ပညာပညာ : ပြိုင်ဘက်ဓါးလက်ချောင်းသိုင်း၊ ပုံရိပ်ယောင် ခြေခုနစ်လှမ်း၊ ပြိုင်ဘက်ကင်း အရိပ်သုံးပါးဓားသိုင်း၊ နတ်ဆိုးနှင် နဂါးကိုးကောင်တံဆိပ် ]
[ ဆန်းကြယ်စွမ်းအား : လမ်းခြောက်သွယ်စုပ်ယူခြင်း]
[ အသုံးအဆောင် : ရွှေရောင်ဆန်းကြယ်နတ်ဝတ်ရုံ(စိတ်ဝိညာဉ်ရတနာ-သတ္တမမြောက်အဆင့်)၊ စကြာတဠာခါးပတ်၊ ချီလင်ဓား ]
[ကျင့်ကြံခြင်းစွမ်းရည် : စိတ်ဝိဉာဉ်ခြောက်သွယ် ခန္ဓာကိုယ်၊ ထိပ်တန်း မီး, ရေ, လေ, မြေ, သစ်သား, မိုးကြိုး ကျင့်ကြံခြင်းစွမ်းရည်၊ ကံတရားကို အနည်းငယ် ကောင်းစေသည်]
[ကံတရားများမှာ အောက်ပါအတိုင်း ဖြစ်သည်]
[ပြိုင်ဘက်ကင်း စစ်သည်တော် : အင်မော်တယ်ရုပ်ရည်၊ ထိပ်တန်းဆွဲဆောင်မှု]
[ကံကြမ္မာဓါးရူး : ထိပ်တန်း ဓါးပညာပါရမီ၊ ထိပ်တန်း ဓါးပညာနားလည်မှု]
[ရွေ့လျားခြင်း : ထိပ်တန်း ရွေ့လျားခြင်းသိုင်း ပါရမီ]
[အမတဧကရာဇ် မျိုးဆက် : ဂိမ်းကို စတင်ပြီး၍ ပြိုင်ဘက်ကင်းကျင့်စဉ်နှင့် အဆင့်မြင့် စိတ်ဝိဉာဉ်ကျောက်တုံး တစ်ထောင် ရရှိပြီး ဖြစ်သည်။]
[လူမှုဆက်ဆံရေးကို စစ်ဆေးမည်]
…
‘ငါ့သက်တမ်းက ၄၉၉နှစ်ကို တိုးသွားတာပါ၊ မဆိုးဘူး၊ နှစ်၄၀၀ ရှိရင်ပဲ ကနဦးဝိညာဉ်အဆင့်ကို တက်ရောက်ဖို့ လုံလောက်နေပြီ၊ ငါ့လိုပါရမီရှင်ကတော့ နှစ်တစ်ရာအတွင်း ကနဦးဝိညာဉ်အဆင့်ကို ရောက်မှာကျိန်းသေတယ်’ ဟန်ကျွယ်ဟာ သူ့ကိုယ်သူ ဂုဏ်ယူဝင့်ကြွားစွာ တွေးတောလိုက်ပါတယ်။
ဟန်ကျွယ်ဟာ အတွင်းဂိုဏ်းစမ်းသပ်မှု ပြီးကတည်းက နတ်မိမယ်ရှီရွှမ်နဲ့ မတွေ့ရသေးတာကို ရုတ်တရက် သတိရသွားပါတယ်၊ ဟန်ကျွယ်ဟာ ချက်ချင်းပဲ မတ်တတ်ရပ်ပြီး သူ့လိုဏ်ဂူထဲကနေ ထွက်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ ယွီဂျင်ဂိုဏ်းရဲ့ အတွင်းစည်းကို ဦးတည်ပျံသန်းလိုက်ပါတယ်၊ တောင်ထိပ်ဆယ့်ရှစ်ခုက မိုးထိနေတဲ့အတွက် လမ်းရှာဖို့ သိပ်မခက်ခဲပါဘူး။ ဟန်ကျွယ်ဟာ ဓားပျံအသုံးပြုပြီး ပျံသန်းနေရင်းနဲ့ လူမှုဆက်ဆံရေးကို စစ်ဆေးလိုက်ပါတယ်။
မျက်နှာသာပေးမှုနဲ့ မုန်းတီးမှုတို့က သိပ်ပြောင်းလဲခြင်း မရှိပါဘူး၊ ဟန်ကျွယ်ဟာ စာအိတ်ပုံလေးကို နှိပ်လိုက်ပါတယ်။
[သင့်မိတ်ဆွေကောင်း လီချင်းဇဲ့သည် မိစ္ဆာကျင့်ကြံသူ တိုက်ခိုက်ခြင်းကို ခံရသည်။]
[သင့်မိတ်ဆွေကောင်း လီချင်းဇဲ့သည် မိစ္ဆာကျင့်ကြံသူ တိုက်ခိုက်ခြင်းကို ခံရသည်။]
…
ဒီလိုစာကြောင်းမျိုး ဆယ်ကြောင်း ထွက်ပေါ်လာပါတယ်။
…
[သင့်မိတ်ဆွေကောင်း လီချင်းဇဲ့သည် မိစ္ဆာကျင့်ကြံသူ၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသော်လည်း ကံကောင်းထောက်မစွာ လွတ်မြောက်သွား၏။]
ဟန်ကျွယ်ဟာ ကြက်သေသေသွားပါတယ် ‘ဂိုဏ်းချုပ်က မိစ္ဆာကျင့်ကြံသူတွေ တိုက်ခိုက်တာကို ခံရတာလား? ဒီလောက် စာကြောင်းတွေများတာ အခြေအနေ တော်တော်ဆိုးတယ်နဲ့ တူတယ်’
ဟန်ကျွယ်ဟာ ရင်ထိတ်သွားပါတယ် ‘ချင်မင်ဂိုဏ်းက ငါတို့ကို တိုက်ခိုက်တော့မလို့လား?’ တွေးတောရင်းနဲ့ပဲ ဟန်ကျွယ်ဟာ ကျောက်အေးတောင်ထိပ်ကို ရောက်ရှိသွားပါတယ်။
ဟန်ကျွယ်ဟာ ကျောက်အေးတောင်ထိပ်ခန်းမဆီကို အမြန်လျှောက်သွားပြီး တံခါးရှေ့မှာ ဒူးထောက်လိုက်ပါတယ်။ တံခါးပွင့်သွားတဲ့အခါမှာ ဟန်ကျွယ်ဟာ မတ်တတ်ရပ်လိုက်ပြီး အထဲကို ဝင်လိုက်ပါတယ်။
“ဂျူနီယာဟန်... နောက်ဆုံးတော့ ပြန်လာပြီပေါ့” ချန်ယွီအာက မကျေမနပ် ပြောလိုက်ပါတယ်။
ဟန်ကျွယ်ဟာ မျက်ခုံးပင့်သွားပါတယ် ‘ဒီကောင်မလေးက နတ်မိမယ်ရှီရွှမ်ရဲ့ အမျိုးများလား? ဘာလို့ ဒီကို ငါလာတိုင်း သူနဲ့တိုးနေရတာလဲ?’
ချန်ယွီအာရဲ့ ကျင့်ကြံခြင်းက အခြေခံအဆင့် ပဥ္စမအဆင့်ကို ရောက်ရှိသွားပါပြီ၊ ဒီအလျင်က သာမန်တပည့်တွေကြားမှာ တော်တော်လေး မြန်ဆန်တယ်လို့ ပြောလို့ရပါတယ်၊ ဒါပေမဲ့ ဟန်ကျွယ်အလျင်နဲ့တော့ နှိုင်းယှဉ်လို့ မရပါဘူး။
သာမန်နှိုင်းယှဉ်မှုတောင် မဟုတ်ပါဘူး၊ ဆီးစေ့နဲ့ မြင်းမိုရ်တောင်လို လုံးဝကို နှိုင်းယှဉ်လို့ မရတာပါ။
ဟန်ကျွယ်ဟာ နတ်မိမယ်ရှီရွှမ်ရှေ့မှာ ဒူးထောက်ပြီး ပြောလိုက်ပါတယ် “ဆရာသခင်ကို ဂါရဝပြုပါတယ်၊ အတွင်းဂိုဏ်းစမ်းသပ်မှုအပြီးမှာ တပည့်က ဂူအောင်းကျင့်ကြံနေလို့ ဆရာသခင်ဆီလာဖို့ မေ့သွားပါတယ်”
နတ်မိမယ်ရှီရွှမ်ဟာ သူ့မျက်စိကို ကျဉ်းပြီး မေးလိုက်ပါတယ် “မင်းက ပြန်လာဖို့ သတိရသေးတယ်ပေါ့၊ ငါက မင်း ငါ့ကို မေ့သွားပြီထင်နေတာ”
ဟန်ကျွယ်ဟာ ရှက်ကိုးရှက်ကန် ဖြစ်သွားပြီး ရှင်းပြဖို့ ပြင်လိုက်တဲ့အခါမှာ နတ်မိမယ်ရှီရွှမ်ရဲ့ စကားဆက်ပြောသံကို ကြားလိုက်ရပါတယ် “ယွီဂျင်ဂိုဏ်းက အန္တရာယ်ကြီးတစ်ခုကို ရင်ဆိုင်ရတော့မယ်၊ ငါအခု မင်းကို အခွင့်အရေးတစ်ခု ပေးမယ်၊ မင်းဂိုဏ်းကနေ အခုထွက်ခွာနိုင်တယ်”