အခန်း (၃၄-၃၆)
Vol. 3 Ch. 34-36
အပိုင်း ၃၄
ညီအစ်ကိုတော်အဖွဲ့
အတွေ့အကြုံအမှတ် ၂၀၀ သာ ဖြစ်သည့်တိုင်အောင် ကျောက်ယောင်က လက်လျော့လိုခြင်းမရှိပေ။ ထို့အပြင် လီဟွား၏ အချိန်ရပ်စွမ်းရည်နှင့် အဲလီဇဘက်၏ စိတ်ထိန်းချုပ်စွမ်းအားတို့နှင့်သာ ဆိုပါက ကျောက်ယောင်အဖို့ မည်သည့်အန္တရာယ်မျှမရှိဘဲ ကာကွယ်နိုင်မည်ဟု ယုံကြည်ချက်ရှိပေသည်။
ကျောက်ယောင် ပိုင်ချွမ်းကိုကြည့်ကာ မေးလိုက်လေသည်...” ညီအစ်ကိုတော်အဖွဲ့က ဘယ်မှာလဲဆိုတာ မင်းသိလား “
“ မင်း ဘာလုပ်ချင်လို့လဲ “ ပိုင်ချွမ်းက ပဟေဠိအမူအရာဖြင့် တုန့်ပြန်လိုက်သည်။
“ ညီအစ်ကိုတော်အဖွဲ့က စိတ်ဝင်စားဖို့ကောင်းတယ်လို့ ငါ မြင်မိလို့ပါ။ သူတို့က ငါ့ကို လက်ခံလိမ့်မယ်လို့ မင်းထင်လား “
ပိုင်ချွမ်း မျက်ဝန်းများကျဥ်းမြောင်းကာ ကျောက်ယောင်ကို သံသယဟန်ဖြင့် ကြည့်လိုက်လေပြီး...” မင်းက သူတို့ထဲကို ဝင်ချင်တာလား “
ကျောက်ယောင်က ယုံကြည်ချက်ရှိစွာ ဆိုလေသည်...” ဒါပေါ့... သူတို့ကသာ ငါ့ကို စူပါလူသားစွမ်းရည်တွေ ပေးမယ်ဆိုရင် ငါ့အနေနဲ့ သူတို့နဲ့ မပူးပေါင်းစရာ အကြောင်းမရှိဘူးလေ “
ပိုင်ချွမ်းသည် ကျောက်ယောင်၏ စိတ်ရင်းအစစ်အမှန်ကို မဖော်ထုတ်တတ်သော်လဲ ကျောက်ယောင်၏စွမ်းရည်များက သူ့ထက်သာလွန်လေပြီး ကျောက်ယောင်ဆိုသည်မှာ သူ တိုက်ခိုက်ချင်လိုသည့် လူစားမျိုးမဟုတ်ပေ။ သို့သော် ကျောက်ယောင်သာ ညီအစ်ကိုတော်အဖွဲ့သို့ ဝင်ရောက်ရန်အတွက် စိတ်ဝင်စားနေပါက ကောင်းသည့်အရာသာ ဖြစ်ပေသည်။
အကယ်၍ ကျောက်ယောင်သာ ညီအစ်ကိုတော်အဖွဲ့ကို တိုက်ခိုက်လာပါက နတ်ဘုရားနှင့် သူကိုယ်တိုင်က ကျောက်ယောင်၏ရန်သူများ ဖြစ်လာပေလိမ့်မည်။ သို့သော် ထိုကောင်သာ ညီအစ်ကိုတော်အဖွဲ့သို့ အမှန်တကယ် ဝင်ရောက်လိုလျှင်မူ ညီအစ်ကိုတော်အဖွဲ့အတွက် ကြီးစွာသောအကျိုးအမြတ် ဖြစ်လာပေလိမ့်မည်။
ထိုကောက်ချက်ကို ရသောအခါတွင် ပိုင်ချွမ်း ခေါင်းညိတ်ကာ ကျောက်ယောင်ကို ညီအစ်ကိုတော်အဖွဲ့ဆီသို့ ခေါ်သွားပေးမည်ဟု သဘောတူလိုက်သည်။
“ မင်းသာ ညီအစ်ကိုတော်အဖွဲ့ထဲကို တကယ်ပဲ ဝင်ချင်တယ်ဆိုရင်တော့ အရမ်းကိုကောင်းတဲ့ အရာတစ်ခုပါပဲ။ မင်းလိုမျိုး ကဏ္ဍတစ်ခုချင်းစီမှာ အစွမ်းထက်တဲ့သူက သာမန်ကံကြမ္မာ ဖြစ်မှာမဟုတ်ဘူး။ ငါတို့အဖွဲ့ထဲကို ဝင်ပြီးချိန်ကျရင် မင်းရဲ့စွမ်းအားတွေ အများကြီးတိုးတက်လာမှာကို မြင်ရလိမ့်မယ် “
ဤလောကထဲတွင် အားနည်းသူများတွင် အားကြီးသူများ တက်နင်းသည်ကိုခံရမည့် ကံကြမ္မာသာ ရှိပေသည်။
ကျောက်ယောင် ပိုင်ချွမ်းအားကြည့်ကာ စကားမဆိုဘဲ ပြုံးလိုက်လေသည်။ ထို့နောက်တွင်မူ သူသည် ချွန်ထက်သည့်အရာများကို ကာကွယ်ရန်အတွက် ရာဘာဝတ်စုံနှင့်အတူ သူ့ကိုယ်သူအတွက် ဓားမြောင်နှင့်ကြိုးခွေတို့ကို ဆောင်ထားခဲ့လေသည်။
“ အိုး ဟုတ်သားပဲ ခဏစောင့်ဦး။ တူညီတဲ့အရာတွေ ထပ်ဖြစ်လာပြီး တစ်ယောက်ယောက်က ငါ့ရဲ့မျက်နှာကို ဓာတ်ပုံမရိုက်နိုင်အောင်လို့ နှာခေါင်းစည်းတပ်ဖို့လိုတယ် “
ထို့နောက်တွင် ကျောက်ယောင်က နှာခေါင်းစည်းတစ်ခု ရှာကာ အိတ်ထောင်ထဲတွင် ထည့်လိုက်လေသည်။ သူ လီဟွားနှင့် အဲလီဇဘက်ကိုကြည့်ကာ နှစ်ကောင်လုံးကို ခေါ်သွားရမည်လားဟု တွေးလိုက်လေ၏။
“ ညီအစ်ကိုတော်အဖွဲ့မှာ ဘယ်လိုစူပါကြောင်တွေ ရှိနေသလဲဆိုတာနဲ့ သူတို့က သာမန်လူတွေကို စူပါလူသားစွမ်းရည်တွေ ချီးမြင့်ပေးနိုင်သလားဆိုတာကိုတောင် ငါ သိမထားဘူး။ ငါ နှစ်ကောင်လုံးကို ခေါ်သွားသင့်တယ်လို့ ထင်တယ် “
သူ အတွေးနှင့်အတူ ကြောင်များကို သယ်ဆောင်သွားရန်အတွက် ဝယ်ထားခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သော ကြောင်လွယ်အိတ်ကို ရှာဖွေလိုက်လေသည်။
သူ အသုံးပြုနေသော ကြောင်လွယ်အိတ်က အဝါရောင်အခွံမာ ကြောင်လွယ်အိတ်ဖြစ်ပြီး ကျောင်းကျောပိုးအိတ်နှင့် ဆင်တူပေသည်။ ကြောင်လွယ်အိတ်ကို ကျောတွင်လွယ်၍ ရလေပြီး အတွင်းပိုင်းထဲတွင် ကြောင်များ မည်သို့ရှိနေမည်ကို အပြင်မှကြည့်၍ရသည် ထွင်းဖောက်မြင်နိုင်သော အထူးပလပ်စတစ်အကာ ပါရှိပေသည်။
“ အဲလီဇဘက်... ငါနဲ့လိုက်ခဲ့ “
လီဟွားသည် အဲလီဇဘက် ဖယ်ထုတ်ခံလိုက်ရသည်ကို မြင်သောအခါတွင် ပျော်ရွှင်စွာရယ်မောကာ ဆိုလိုက်လေ၏...” တာ့တာ ငါ့ကောင်တို့... ငါက တိုက်ခိုက်ဖို့အတွက် အရည်အချင်းပြည့်မီနေတုန်း.....”
သို့သော် လီဟွား စကားမဆုံးသေးမီမှာပင် ကျောက်ယောင်က လီဟွားကို တစ်ချက်တည်း အမြန်ဖမ်းယူကာ ကြောင်လွယ်အိတ်ထဲသို့ အတင်းထိုးထည့်လိုက်လေသည်။
ကြောင်နှစ်ကောင်၏ အလေးချိန်က တစ်ဆယ်ကီလိုဂရမ်ခန့် ရှိလေပြီး ကျောက်ယောင်က ကျောတွင်လွယ်ထားရပေသောကြောင့် သူ၏တစ်ကိုယ်လုံး မြေကြီးထဲသို့ ကျွံဝင်သွားလုနီးပါး ဖြစ်နေသည်ဟု ခံစားနေရပေသည်။
“ ဒီကြောင်စုတ်နှစ်ကောင်က လေးလွန်းတယ်။ ဒီကာလအတွင်း ဒီကောင်တွေ အရမ်းစားနေကြတယ်လို့ ငါ ထင်တယ်။ မနက်ဖြန်ကစပြီး ဒီကောင်တွေကို အစားလျော့ကျွေးရမယ်။ ဒီလိုမှမဟုတ်ရင် ငါ ဒီကောင်တွေကို သယ်သွားရချိန်တိုင်း အရမ်းပင်ပန်းရလိမ့်မယ် “ ကျောက်ယောင် တွေးနေမိပေသည်။
....................
ကျန်းမန်မြို့ ဆင်ခြေဖုံးရပ်ကွက်တစ်ခုအတွင်းရှိ အဆောက်အဦဟောင်းတစ်ခုတွင် ပိုင်ချွမ်းက အဆောက်အဦကို လက်ညှိုးထိုးပြကာ ရှင်းပြလိုက်သည်...” အဲ့ဒါ ညီအစ်ကိုတော်အဖွဲ့ အခြေစိုက်တဲ့နေရာပဲ။ ငါတို့က အဲ့ဒီမှာ အထပ်အများကြီး ငှားထားတယ်။ ဒီမှာ လူလေးဆယ် ငါးဆယ်လောက် အတူစုပြီး နေထိုင်ကြပြီးတောင် နေ့စဥ် ဝတ်ပြုဆုတောင်းကြတယ်။ နတ်မျိုးနွယ်တွေက အဆောက်အဦရဲ့ အမြင့်ဆုံးအထပ်မှာ နေကြတယ် “
စကားဆိုနေရင်းဖြင့် ပိုင်ချွမ်းက ကြောင်လွယ်အိတ်ကို လွယ်ထားသည့် ကျောက်ယောင်ကိုကြည့်ကာ မေးလိုက်လေသည်...” မင်းက ကြောင်တွေကို ဘာကြောင့် ခေါ်လာချင်ရတာလဲ “
ပိုင်ချွမ်းက ကြောင်များတွင် စူပါစွမ်းရည်များ ရှိနေကြောင်းကို မသိကြောင်းကို ယင်းစကားမှတစ်ဆင့် ကျောက်ယောင် အတည်ပြုနိုင်ခဲ့လေပြီး ထိုကောင်သည် စူပါစွမ်းရည်များက လူသားများထံမှ ဖြစ်လာသည်ဟုသာ တွေးနေခဲ့သည်ဟု ကောက်ချက်ချနိုင်ခဲ့သည်။ သို့သော် ကျောက်ယောင်က ထိုအကြောင်းကို ထိန်ချန်ထားလေပြီး ပိုင်ချွမ်းအား ရှင်းမပြခဲ့ပေ။
ကျောက်ယောင် ထိုနေရာကို လေ့လာစူးစမ်းနေခဲ့လေပြီး အိုဟောင်းနေသော အဆောက်အဦ၏ အသွင်အပြင်ကြောင့် သူ တွေးလိုက်လေသည်...” ဒီနေရာက ချောင်ကျပြီးတော့ အဆောက်အဦတွေကို ကောင်းကောင်းထိန်းသိမ်းမထားဘူး။ ညီအစ်ကိုတော်အဖွဲ့ဆီကနေ လူတွေ ရထားတဲ့ စွမ်းအားတွေက ပမာဏမများလောက်ဘူးလို့ ငါထင်တယ် “
ကျောက်ယောင် ပိုင်ချွမ်း၏နောက်မှ လိုက်သွားခဲ့ကာ အခနတစ်ခု၏ ဧည့်ခန်းထဲသို့ ရောက်ရှိသွားလေပြီး အမျိုးသားနှင့် အမျိုးသမီး အယောက်လေးဆယ် ၊ ငါးဆယ်ခန့်တို့က ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေလျက်ရှိပြီး အခန်းအလယ်မှ အသက်လတ်ပိုင်း လူတစ်ဦးကို ဝတ်ပြုကန်တော့နေကြသည်အား မြင်လိုက်ရပေသည်။
အသက်လတ်ပိုင်းလူက ပိန်ပါးအားနည်းလေပြီး အသားအရေမှာ အဖြူရောင်နီးပါး ဖျော့တော့နေပေသည်။ ၎င်းက မျက်လုံးမှိတ်ထားလေပြီး ဦးခေါင်းသည် ကောင်းကင်ထက်သို့ မော့ထားလျက်ရှိကာ ကောင်းကင်ဘုံထံမှ သတင်းစကားများ လက်ခံရရှိနေသည့်အလားပင် ပါးစပ်က တတွတ်တွတ်ရေရွတ်နေပေသည်။
ပိုင်ချွမ်းက ယင်းအရာကို မြင်သောအခါတွင် ဆိုလေသည်...” နတ်ဘုရားက စတင်ပြီး ဆုတောင်းပေးနေပြီ။ အမြန်ဒူးထောက်ပြီး သူ့ဆီက ကောင်းချီးတွေကို လက်ခံယူပါ “
ပိုင်ချွမ်း စကားဆိုရင်းဖြင့် ဒူးထောက်ကျလုနီးပါး ရှိနေလေပြီး ကျောက်ယောင်ကို ဝတ်ပြုရန်အတွက် ဆွဲချလိုက်သော်လဲ ကျောက်ယောင်ကမူ ထိုင်ချခဲ့လေပြီး ရှေ့တွင်ရှိနေသည့် မြင်ကွင်းကို စတင်ကာလေ့လာနေသည်။
“ မင်းတို့ ဘယ်လိုခံစားရလဲ။ ကြောင်တွေရဲ့အနံ့တွေ ရှိမနေတဲ့ပုံပဲ “
ကြောင်လွယ်အိတ်ထဲရှိ လီဟွားနှင့် အဲလီဇဘက်တို့ ခေါင်းများထွက်လာကြပြီး ဘေးပတ်လည်အားကြည့်ကာ ဆိုလေသည်...” လူတွေ အများကြီးရှိနေတယ်ဆိုတော့ အတပ်ပြောနိုင်ဖို့ ခက်ခဲတယ် “
ထိုစဥ်တွင် ခန်းမအလယ်မှလူ ရုတ်တရက်လှုပ်ရှားလာကာ အော်လိုက်သည်...” ဘုရားသခင်... ကျေးဇူးတင်ပါတယ်။ ဘုရားသခင်ကို ချီးမွမ်းပါတယ် “
ချက်ချင်းဆိုသလိုပင် ထိုသူ၏ ဦးခေါင်းအထက်၌ ပုတီးတစ်ကုံး ပေါ်ထွက်လာသည်။
ကောင်းကင်မှ ကျလာသည့်အလားပင် ရုတ်တရက် ထွက်ပေါ်လာခဲ့သော ပုတီးကုံးသည် နတ်မျိုးနွယ်၏ လက်ထဲသို့ ကျဆင်းသွားလေ၏။ ထိုသူ ပုတီးကုံးကိုမြောက်ကာ အော်လိုက်သည်...” ငါတို့တွေ မြူနှင်းထုထဲကနေ ကောင်းကင်ဘုံမီးအလင်းဆီ လမ်းပြပေးမဲ့ နတ်ဘုရားရဲ့ ဒီလက်ဆောင်မွန်ကို မော်ဖူးကြစမ်း...”
ဘေးပတ်လည်မှ လူတိုင်းသည် အသက်လတ်ပိုင်းလူ၏ လက်ထဲရှိ ပုတီးကုံးကို စူးစိုက်ကြည့်နေရင်းဖြင့် ၎င်းတို့၏မျက်ဝန်းများထဲတွင် အယူသီးခြင်းများနှင့်အတူ စိတ်လှုပ်ရှားမှုများ တောက်ပလာသည်။
ကျောက်ယောင် မျက်ဝန်းများ ကျဥ်းမြောင်းလိုက်လေ၏။ ကြောင်များ၏ ကောင်းချီးပေးခြင်းကြောင့် သူ၏အမြင်အာရုံများ တိုးမြင့်လာခဲ့ရပြီး ပုတီးကုံး ပေါ်လာသည့်အခိုက်တွင် သေချာကြည့်နိုင်ခဲ့ကာ ပုတီးကုံး ပေါ်လာချိန်တွင် အပေါ်သို့တက်သွားကြောင်း မြင်ခဲ့ရပေသည်။
“ ပုတီးကုံးက တကယ်က နတ်ဘုရားတွေဆီက လာခဲ့တာဆိုရင် ပုတီးကုံး ပေါ်လာချိန်မှာ ဘာကြောင့် အပေါ်တက်သွားရတာလဲ။ ဒေါင်လိုက်အတိုင်း ကျသွားသင့်တာပဲလေ။ ဒါမှမဟုတ် ပုတီးကုံးက အသက်လတ်ပိုင်းလူကြောင့် လွင့်သွားသင့်တယ်။ ကိုယ်ပျောက်စွမ်းရည်ကို တိုးမြင့်ပေးတာမျိုး ရှိမနေဘူးလား “
“ ဒီစွမ်းရည်က ကိုယ့်ကိုယ်ကိုယ်အတွင်တင်မကဘူး အရာဝတ္ထုတွေအပေါ်မှာလဲ သုံးလို့ရတဲ့ပုံပဲ။ ပိုင်ချွမ်းရဲ့စွမ်းရည်နဲ့ ယှဥ်ကြည့်မယ်ဆိုရင် ဒီဟာက ပိုအစွမ်းထက်ပြီးတော့ ဘာဘေးထွက်ဆိုးကျိုးမှ ရှိနေပုံလဲမရဘူး “
ကျောက်ယောင်၏ အတွေ့အကြုံအရ ပိုင်ချွမ်းက ယင်းသို့လုပ်နိုင်စွမ်း ရှိမနေပေ။
“ အဲ့ဒါက အဲ့ဒီလူရဲ့စွမ်းရည် ဖြစ်နေလောက်မလား “ ကျောက်ယောင်သည် စူပါကြောင်တစ်ကောင်ကောင် ရှိနေနိုင်လောက်သည်လားကို ခေါင်းလှည့်ကာ ရှာကြည့်လိုက်သည်။
ထိုစဥ်တွင် တမာန်တော်က ကျောက်ယောင်ဆီသို့ ခေါင်းလှည့်ကြည့်ကာ ဆိုလိုက်သည်...” ဘုရားသခင်ရဲ့ လက်ဆောင်မွန် အပိုဆောင်းအနေနဲ့ ငါတို့ ညီအစ်ကိုတော် အသစ်တစ်ယောက်ကို ကြေညာပေးရတော့မှာလား။ မင်းက ငါတို့ရဲ့ ညီအစ်ကိုတော်လား “
တမာန်တော်က ကျောက်ယောင်ကို ကြည့်နေသည်အား မြင်သောအခါတွင် လူတိုင်း ကျောက်ယောင်ကို လှည့်ကြည့်လိုက်ကြသည်။ ကျောက်ယောင် အံ့အားသင့်သွားကာ... “ ငါသိပြီ။ သူက ငါ့ကို မြင်ထားပြီးသားပဲကိုး “
သူ၏အသွင်က လူအများထဲတွင် ထီးထီးကြီးပေါ်လွင်နေပေသောကြောင့် ယင်းအဖြစ်ကို ရှောင်ရှား၍မရတော့ပေ။ ထို့အပြင် အဝါရောင် ကြောင်လွယ်အိတ်ကို လွယ်ထားခဲ့သည်မှာ အာရုံစိုက်မှုများကို ဆွဲဆောင်နိုင်ခြင်းမရှိစေရန် ခက်ခဲပေသည်။
တမာန်တော်က ကျောက်ယောင်ဆီသို့ လျှောက်သွားချိန်တွင် လူအများက လမ်းဖယ်ပေးလိုက်ကြလေ၏။
တမာန်တော်က ကျောက်ယောင်ဆီသို့ လာနေရင်းဖြင့် ခါးမှ တစ်စုံတစ်ခုကို ထုတ်ယူလိုက်သည့်ဟန် ရှိနေပေသောကြောင့် ကျောက်ယောင် မျက်ဝန်းများ ကျဥ်းမြောင်းသွားရသည်။ သူသည် နောက်မှလိုက်လာသည့် တစ်စုံတစ်ခု၏ အရိပ်အယောင်အချို့ကိုလဲ မြင်တွေ့လိုက်ရသည်။
သူ၏လေ့လာစူးစမ်းမှုနှင့် တမာန်တော်၏ လှုပ်ရှားမှုတို့ကို အသုံးပြုကာ ကျောက်ယောင်က ချက်ချင်းတုန့်ပြန်ရန် တွေးဆလိုက်သည်...” အဲ့ဒါက ဓားမြောင်တစ်ချောင်းလား။ ဒါမှမဟုတ် ဓားတစ်ချောင်းလား။ ဒီလူရဲ့လက်ထဲမှာ ဘာကို ကိုင်ထားတာလဲ။ အဲ့ဒါကို မမြင်ရဘူး “
ဘေးပတ်လည်တွင်ရှိသည့် ညီအစ်ကိုတော်အဖွဲ့ နောက်လိုက်များက စတင်ကာ တအံ့တဩ ရေရွတ်လိုက်ကြလေသည်...” မြင့်မြတ်အမှတ်အသား။ အဲ့ဒါက မြင့်မြတ်အမှတ်အသားတစ်ခုပဲ “
အပိုင်း ၃၅
မိစ္ဆာ
“ အဲ့ဒါက မြင့်မြတ်အမှတ်အသားပဲ “
“ ဘုရားသခင်က ငါတို့ရှေ့မှောက်ကို ရောက်နေပြီ “
ဘေးပတ်လည်မှ ယုံကြည်ကိုးစားသူ နောက်လိုက်များက တစ်ပြိုင်တည်း ရေရွတ်လိုက်ကြသည်။
တမန်တော်သည် ကျောက်ယောင်၏ဦးခေါင်းအား သဏ္ဌာန်မဲ့သော ဓားဖြင့် ချိန်ရွယ်ကာ ဆိုလိုက်လေ၏...” မင်းက ဘုရားသခင်ရဲ့ အသရေတော်ကို လက်ခံယုံကြည်ပြီး ငါတို့တွေရဲ့ ညီအစ်ကိုတော်အဖြစ် ပူးပေါင်းချင်လား “
ကျောက်ယောင်က ကြောက်ရွံ့ရိုသေနေသည့်ဟန် ရှိနေသည်ကို မြင်သောအခါတွင်မူ တမန်တော်သည် သူ၏စွမ်းရည်များကို ကျောက်ယောင်ဆီသို့ လွှဲပြောင်းပေးရန် ယုံကြည်ချက်ရှိသွားခဲ့သည်။
ထို့အပြင် သူက တူညီသည့်နည်းလမ်းကို အသုံးပြုကာ မြောက်မြားစွာသော တပည့်ရင်းထံသို့ လွှဲပြောင်းပေးခဲ့ဖူးလေပြီး အံ့ဩဖွယ်ကောင်းသော စွမ်းအားပြသမှုကြောင့် နောက်ပိုင်းလများတွင် သစ္စာရှိသော လက်အောက်ငယ်သားများ ရလာဖူးပေသည်။
ထို့အပြင် သူ၏လက်ထဲရှိ မမြင်ရသောဓားကို အသုံးပြုကာ ကျောက်ယောင်၏ မျက်နှာထက်တွင် မြင့်မြတ်အမှတ်အသား လှီးထုတ်မည်ဆိုပါက နတ်ဘုရားက ကောင်းချီးပေးထားသည့် အထိမ်းအမှတ်သင်္ကေတတစ်ခုနှင့် အမှတ်အသားတစ်ခုကို ကိုယ်စားပြုမည်ဖြစ်ပြီး သူ့အတွက် ကျောက်ယောင်၏သစ္စာရှိမှုများ သေချာပေါက်ပင် ခိုင်မာလာစေပေမည်။
တမန်တော် အတွေးနက်နေစဥ်တွင် ကျောက်ယောင်က နာခံမှုမရှိဘဲ ကြမ်းရမ်းစွာ မတ်တက်ရပ်လိုက်ပြီး မကြာသေးမီက အိတ်ကပ်ထဲမှ ထုတ်ထားဟန်ရှိသည့် နှာခေါင်းစည်းကို ဝတ်ဆင်လိုက်သည်။
“ ဆန်းကြယ်တဲ့ ပညာရပ်တွေအကြောင်း ပြောကြစတမ်းဆိုရင် အံဝင်ဂွင်ကျအဖြစ်ဆုံး စွမ်းအားဆိုတာက တကယ်တော့...”
“ မြောင် “ အဲလီဇဘက်က ခပ်ဖွဖွဟစ်အော်လိုက်ရာ ခန်းမထဲတွင် ပဲ့တင်ထပ်သွားခဲ့ပြီး ဘေးပတ်လည်မှ ကိုးကွယ်ယုံကြည်သူများကို လွှမ်းခြုံသွားလေသည်။
ထို့နောက်တွင်မူ ကျောက်ယောင်၏ ကျောဘက်တွင် မီးတောက်တစ်ခု ထွက်ပေါ်လာကာ ခြောက်မီတာကျော်ရှည်သော မီးတောင်ပံတစ်စုံအဖြစ် အသွင်ပြောင်းသွားလေသည်။ ယင်းမီးတောင်ပံသည် ငရဲတွင်းမှ မီးတောက်များကို ဆင့်ခေါ်ထားသည့်အလား ကိုးကွယ်ယုံကြည်သူများ၏ မျက်စိရှေ့မှောက်တွင် ဝင်းဝင်းပပ တောက်လောင်နေပေသည်။
အဆိုပါ ဆင့်ခေါ်မှုကြောင့် ဝရုန်းသုန်းကားဖြစ်သွားခဲ့ပြီး ကိုးကွယ်ယုံကြည်သူများ အားလုံးတို့မှာ ဟစ်အော်လိုက်ကြကာ အခန်း၏ထောင့်စွန်းများဆီသို့ ဆုတ်ခွာသွားကြသည်။
တမာန်တော်မှာမူ မီးတောင်ပံများနှင့်အတူ သူတို့ဆီသို့ တိုးကပ်လာနေသည့် ကျောက်ယောင်ကိုကြည့်ကာ အံ့ဩမှင်တက်မိနေပေသည်။
ကိုးကွယ်ယုံကြည်သူများ ထွက်ပြေးနေစဥ်တွင် ကျောက်ယောင်၏ ကျောဘက်၌ ငရဲတွင်းဝတစ်ခု ပေါ်လာသည့်အလားပင် မီးတွင်းကြီးတစ်ခု ဖြစ်ပေါ်သွားလေပြီး မီးအရိုးခြောက်များ ထွက်ပေါ်လာသည်။
“ အတင့်ရဲလှချေလား “ ကျောက်ယောင် ဟစ်အော်လိုက်သည်။
“ ဘယ်သူ့ကို မြင့်မြတ်နတ်ဘုရားဆီမှာ ယဇ်ပူဇော်မှာလဲ “
ကိုးကွယ်ယုံကြည်သူများမှာ ကြောက်လန့်တကြား ထွက်ပြေးရင်းဖြင့် အော်ဟစ်ငိုယိုနေကြပြီး ဤအရှုပ်ထုပ်ထဲတွင် ထိပ်ဆုံးမှဝင်ပါမိခဲ့သည့် သူတို့ကိုယ်သူတို့အား ကျိန်ဆဲနေကြသည်။ ကိုးကွယ်ယုံကြည်သူ အမျိုးသမီးအချို့မှ ကြောက်ရွံ့မှုကြောင့် ကြမ်းပြင်ပေါ်တွင် ပြိုလဲကျသွားရပြီး ကြောက်စိတ်မွှန်နေခြင်းကြောင့် ခြေလက်ကိုပင် လှုပ်နိုင်စွမ်းမရှိတော့ပေ။
ပိုင်ချွမ်းသည် ကျောက်ယောင်၏ မိစ္ဆာဆန်သော အသွင်အပြင်ကို တအံ့တဩကြည့်ကာ ပါးစပ်အဟောင်းသား ဖြစ်နေလေပြီး သူ၏စိတ်အစဥ်တို့ လုံးဝရှုပ်ထွေးနေခဲ့သည်။
“ မိစ္ဆာလား။ ဒီကောင်က မိစ္ဆာတစ်ကောင်လား “ ပိုင်ချွမ်းမှာ ကြောက်ရွံ့ခြင်းကြောင့် ရင်ထိတ်နေပေသည်။
“ သေချာတယ်... တည်နေရာကူးပြောင်းစွမ်းရည် ၊ စိတ်ဖတ်စွမ်းရည် ၊ ထိန်းချုပ်တဲ့စွမ်းရည်တွေနဲ့သာဆိုရင် ဒီကောင်က မိစ္ဆာတစ်ကောင်ကလွဲပြီး ဘာများဖြစ်နိုင်ဦးမှာလဲ “
ထိုစဥ်တွင် သိုးတစ်ကောင်ပမာ ဖြူလျော်နေသည့် တမန်တော်က သူ၏လက်ထဲတွင် ကိုင်ထားသည့် မမြင်ရသောဓားကို တစ်ချက်ယမ်းလိုက်ရာ ဓာသည် လုံးလုံးလျားလျားပင် ပေါ်ထွက်လာခဲ့၏။ တမန်တော်သည် လက်ထဲတွင် ရှေးဟောင်းသစ်သားဓားတစ်လက် ကိုင်ထားကာ တုန်ယင်နေလျက်ရှိပြီး ကျောက်ယောင်နှင့် ဝေးရာဆီသို့ ဆုတ်သွားနေလျက်ဖြင့် ဆိုလေသည်...” ဝေး...ဝေးဝေးမှာနေစမ်း။ နတ်ဆိုးမိစ္ဆာကောင်... နတ်ဘုရားက မင်းကို ရိုက်လိမ့်မယ် “
“ အို... နတ်ဘုရားက ငါ့ကို မသတ်နိုင်ဘူး “ ကျောက်ယောင်သည် တမန်တော်၏ ကျောက်ဘက်ဆီသို့ တည်နေရာကူးပြောင်းသွား လေပြွန်အား လက်တစ်ဖက်ဖြင့် ရိုက်ချလိုက်လေ၏။
“ အား...” တမန်တော်သည် အသက်ရှုကျပ်နေစဥ်အတွင်း မီးအရိုးခြောက်များက သူ့ဆီသို့ ဘက်ပေါင်းစုံမှ လာနေသည်ကို ကြည့်နေရင်းဖြင့် သေအံ့ဆဲဆဲ အနေအထားမှ လွတ်မြောက်ရန်မျှော်လင့်ချက်ကာ ကိုယ်ပျောက်အနေအထား ရရှိလာစေရန် ကြိုးပမ်းလိုက်လေ၏။
မည်သို့ပင်ဖြစ်စေ ကျောက်ယောင်၏ ပြင်းထန်သော လက်သီးချက်က တမန်တော်၏ ဝမ်းဗိုက်အား ထိမှန်သွားပြီဖြစ်ပေသောကြောင့် နောက်ကျလွန်းခဲ့ပြီဖြစ်ပြီး ကိုယ်ပျောက်ဖြစ်နေသည့် တမန်တော်မှာ အသက်မရှုနိုင် ဖြစ်သွားရပေသည်။ ကျောက်ယောင်က အသက်မရှုနိုင်ဖြစ်နေသည့် တမန်တော်ကို ကြိုးဖြင့် တုတ်နှောင်လိုက်လေ၏။
ထွက်ပြေးနေကြသည့် ကိုးကွယ်သူများအနက်မှ အယူသီးသူအချို့သည် ထိုအခြေအနေတွင် ကျောက်ယောင်ကို အလဲထိုးရန်ဆုံးဖြတ်ကာ ပြောဆိုလိုက်ကြလေသည်။ သို့သော် သူတို့ ကျောက်ယောင်ဆီသို့ မရောက်မီတွင် မမြင်ရသော အားအင်တစ်ခုက တိုက်ခံသည်ကို ခံလိုက်ရသည့်အလားပင် ဟစ်အော်ကာ လဲပြိုကျသွားရသည်။
ကျောက်ယောင်သည် မှုန်ဝါးသောအသွင်ဖြင့် ရှိနေလေပြီး ကိုးကွယ်သူများဆီသို့ တိုးဝင်သွားပြီး လက်သီးချက်များ တစ်ချက်ပြီးတစ်ချက် ထုတ်ဖော်ကာ အလဲထိုးနေပေသည်။
ထိုစဥ်တွင် ကြောင်လွယ်အိတ်အတွင်းရှိ အဲလီဇဘက်သည် ပုံရိပ်ယောင်ကို ခန်းမတစ်ခုလုံးအပြည့် ဆက်လက်ထုတ်ဖော်ထားလျက်ဖြင့်ပင် ဖုန်းမျက်နှာပြင်ကို စူးစမ်းလေ့လာနေခဲ့သည်။
ဖုန်းမျက်နှာပြင်ပေါ်မှ မြင်ကွင်းသည်ကား မီးအရိုးခြောက်များ ထုတ်လွှတ်ပေးနေသည့် မီးတောင်ပံမိစ္ဆာတစ်ကောင်ပုံ ဖြစ်ပေသည်။ ယင်းသည် အဲလီဇဘက်နှင့် ကျောက်ယောင်တို့ ကြိုတင်စီစဥ်ထားခဲ့ခြင်းဖြစ်ပြီး အဆိုပါ အယူမှားဝါဒ ပေါ်ထွက်လာစေရန်အလို့ငှာ အဲလီဇဘက်က မီးတောင်ပံမိစ္ဆာပါသည့် ပုံရိပ်ယောင်တစ်ခုလုံးကို ထုတ်လွှတ်ပေးရန် စီစဥ်ထားခဲ့ခြင်း ဖြစ်ပေသည်။
အချိန်ရပ်စွမ်းရည်ကို ပိုင်ဆိုင်ထားသော်လဲ ရန်သူပေါင်းများစွာကို တစ်ခါတည်း အလဲထိုးရန်အတွက်မူ အခက်အခဲအချို့ ရှိပေသည်။ ထို့အပြင် ကျောက်ယောင်က အခြားသူများကို အသက်အန္တရာယ် ဖြစ်စေနိုင်သည့် လက်နက်များကိုလဲ အသုံးပြုလိုခြင်းမရှိပေ။
ရလဒ်အနေဖြင့် သူသည် ကိုးကွယ်ယုံကြည်သူများ ကြောက်ရွံ့ထိတ်သွားစေရန် အဲလီဇဘက်၏ ပုံရိပ်ယောင်ကို အသုံးပြုစေခဲ့ပြီး ၎င်းတို့ ကြောက်လန့်တကြား ထွက်ပြေးသွားခြင်းများ ဖြစ်စေခဲ့သည်။
သို့သော် သူမ၏စွမ်းအားက အကန့်အသတ်ရှိနေသည်။ သူမ၏ပုံရိပ်ယောင်က အကြားနှင့်အမြင်တို့ကိုသာ နှောင့်ယှက်နိုင်လေပြီး နာကျင်ခြင်း ၊ ပူခြင်း ၊ အေးခြင်းတို့ကဲ့သို့ သိမြင်ခံစားနိုင်သည့် ထိခိုက်မှုများမဖြစ်စေနိုင်ပေ။ မည်သို့ပင်ဖြစ်စေ ဤအခြေအနေတွင် ပုံရိပ်ယောင်များက မှော်ဆန်စွာလုပ်ဆောင်နိုင်ခဲ့ပြီး ကိုးကွယ်ယုံကြည်သူများ၏ မိစ္ဆာအား ကြောက်ရွံ့စိတ်များကို ပုံကြီးချဲ့နိုင်ခဲ့ပေသည်။
ပွက်လောရိုက်နေသော အခြေအနေများနှင့် သက်ဆိုင်ခြင်းမရှိသော ထောင့်တစ်နေရာတွင် ငြီးငွေ့မှုများ ပြည့်နှက်နေသည့် မျက်နှာတစ်ခုသည် ဖြစ်ပွားနေဆဲဖြစ်သော ပြဇာတ်ကို ခံစားကြည့်ရှုနေပေ၏။
“ အတော်ကို စိတ်ပျက်ဖို့ကောင်းတဲ့ ပုံရိပ်ယောင်ပဲ “ လီဟွားက မှတ်ချက်ပြုလိုက်သည်။ သူက အဲလီဇဘက်ထံမှ ဖုန်းကို လုယူကာ ဆိုလိုက်သည်...” ငါ ပိုကောင်းတာတစ်ခု ရှာပေးမယ် “
“ အဲ့ဒါကို မထိနဲ့ “ အဲလီဇဘက် အော်လိုက်သည်။
သို့သော် လီဟွားက ဖုန်းကို ဟိုပွတ်သည်ပွတ် လုပ်နေခဲ့လေပြီး ကျောက်ယောင်က ဘေးပတ်လည်အား အချိန်ရပ်လိုက်ပေသောကြောင့် နောက်ကျလွန်းသွားခဲ့ပေသည်။
နောက်ဆုံး အဲလီဇဘက်က လီဟွားထံမှ ဖုန်းကို ပြန်လုပြီးချိန်တွင်မူ မိစ္ဆာပုံ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ပေသည်။ ယင်းနေရာတွင် အရာဝတ္ထုရုပ်ပုံ အဝါရောင်မျက်နှာကြီးတစ်ခု ရှိနေလေပြီး မျက်ဝန်းများက စိတ်မချမ်းမြေ့ဖွယ်ရာ စူးစိုက်ကြည့်နေပေသည်။
“ ဒါက ဘာကြီးလဲ။ ဟိုပုံ ဘယ်ရောက်သွားတာလဲ “ အဲလီဇဘက်က မေးလိုက်သည်။
လီဟွားက စိတ်လှုပ်ရှားစွာ တုန့်ပြန်လိုက်လေ၏...” ဒါကို ရုပ်ပြောင် အီမိုတီကွန်လို့ (emoticon) ခေါ်တယ်။ မိစ္ဆာက ဘာတွေများ စိတ်ဝင်စားဖို့ ကောင်းနေလို့လဲ။ အဲ့ဒါအစား ဒီဟာကို ပြောင်းလိုက်။ ဒီဟာက သေချာပေါက်ကို အများကြီး ပိုကောင်းလိမ့်မယ် “
“ တကယ်လား “ အဲလီဇဘက်က သံသယဟန်အချို့ဖြင့် မေးလိုက်လေသည်။
“ ဒါပေါ့... ငါက ပြောစကားတည်တဲ့ အထီးတစ်ကောင်ပါဟာ “
သိသာစွာဖြင့်ပင် ဖုန်းနှင့်အင်တာနက်တို့ကဲ့သို့ နယ်ပယ်များတွင်မူ အဲလီဇဘက်က ဗဟုသုတ နုံချာလွန်းလှပေသည်။ သူမက လီဟွား၏ စကားများကို သံသယရှိနေသည့်တိုင်အောင် ရုပ်ပြောင်အီမိုတီကွန်များနှင့် ပုံရိပ်ယောင်များ ထုတ်လွှတ်ခဲ့လေသည်။
“ မြောင် “
အခန်းထဲတွင် အော်သံတစ်ခု ပဲ့တင်ထပ်သွားလေသည်။ ချက်ချင်းဆိုသလိုပင် အရိုးခြောက်များ ပျောက်ကွယ်သွားလေ၏။ ထို့နောက်တွင် ပျံသန်းနေသော အီမိုတီကွန်များက အရပ်မျက်နှာအားလုံးဆီသို့ ခြေဦးတည့်ရာ သွားနေကြလေပြီး ကျောက်ယောင်၏ ဦးခေါင်းသည်ပင် ကြီးမားသော အီမိုတီကွန်တစ်ခု ဖြစ်နေခဲ့ပေသည်။ ယင်းက ကို့ရို့ကားယားနိုင်ကာ မယုံကြည်နိုင်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ဖြစ်ပေသည်။
လီဟွား ခေါင်းထောင်ကြည့်ကာ အော်လိုက်လေသည်...” ဟေး မြန်မြန်လုပ်စမ်းပါ။ ငါ့ကို 3D ပုံစံတစ်ခု ပေးဦး “
လီဟွားသည် တဝဲလည်လည်ဖြစ်နေသည့် အီမိုတီကွန်များကို ကြည့်နေရင်းဖြင့် ထိန်းမရစွာဖြင့်ပင် မလိုတမာ ရယ်လိုက်လေသည်။
ကျောက်ယောင်က ကျန်ရှိနေသေးသော တိုက်ခိုက်လာသူများကို အဆုံးသတ်ပြီးသည့်နောက်တွင် လီဟွား၏ရယ်သံကို သတိပြုမိသွားခဲ့သည်။ သူ မျက်မှောင်ကုတ်ကာ မေးလိုက်လေသည်...”
သူသည် တိုက်ပွဲထဲတွင် မည်သည့်အဟန့်အတားမျှ မဖြစ်စေရေးအတွက် အဲလီဇဘက်ကို သူ့အပေါ်တွင် ပုံရိပ်ယောင်များ ထုတ်လွှတ်စေရန် တမင်ညွှန်ကြားထားခဲ့ပေ၏။
လီဟွားက ကျောက်ယောင်၏မေးခွန်းကို လျစ်လျူရှုကာ ဆက်လက်၍ ရယ်မောနေပေသည်။ မကြာမီတွင် တစ်ခုခု လွဲမှားနေကြောင်းကို ကျောက်ယောင် သတိပြုမိသွားခဲ့သည်။ ကိုးကွယ်သူများက ထွက်ပြေးနေကြဆဲသာ ဖြစ်ကြသော်လဲ ၎င်းတို့၏ ကြောက်ရွံ့မှုများ တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားကာ ပဟေဠိဖြစ်နေသော မျက်နှာထားများ ဖြစ်လာကြသည်။
“ အီမိုတီကွန်တွေလား။ ငရဲ ဘယ်သူက အီမိုတီကွန်တွေ သုံးတာလဲ “
“ ဒီမိစ္ဆာက ဘာမှမထူးခြားပါဘူး “
“ ထွက်သွားစမ်း “ ကျောက်ယောင် လျှပ်တစ်ပြက်လှုပ်ရှားသွားကာ လူတိုင်း၏ရှေ့တွင် ထွက်ပေါ်လာသည်။
ကျန်ရှိနေသေးသော ကိုးကွယ်သူများသည် မီးတောင်ပံ အီမိုတီကွန်ကြီးက သူတို့ဆီသို့ လျင်မြန်စွာလာနေကြောင်း မြင်သောအခါတွင်မူ အခန်းထဲမှ အလျင်အမြန် ထွက်ပြေးသွားကြသည်။ ကျန်ရစ်ခဲ့သည်မှာ ကြိုးတုတ်ခံထားရသည့် တမန်တော်နှင့် ငေးငိုင်နေသော ပိုင်ချွမ်းသာ ဖြစ်ပေ၏။
တမန်တော်၏ မျက်ဝန်းထဲတွင် ကြောက်ရွံ့တုန်လှုပ်ခြင်းများ ပြည့်နေပေသည်။ အခြားတစ်ဖက်တွင်မူ ပိုင်ချွမ်းက ကျောက်ယောင်ကို စိတ်ရှုပ်ထွေးစွာဖြင့် ဆက်ကြည့်နေဆဲပင်။ သူ၏မျက်ဝန်းထဲတွင် ရောထွေးနေသော ခံစားချက်တစ်ခု လှုပ်ခတ်နေသည်။ ကြောက်ရွံ့ခြင်း ၊ အံ့အားသင့်ခြင်းနှင့် လေးစားခြင်းအငွေ့အသက်တို့ တဖြည်းဖြည်းချင်း ပေါ်လာပေ၏။
“ အဲ့ဒီ အီမိုတီကွန်တွေက တကယ်ပဲ မိစ္ဆာတစ်ကောင်ရဲ့ အမူအရာတွေလား “
ကိုးကွယ်သူများကို ဖြေရှင်းပြီးနောက်တွင်မူ ကျောက်ယောင်က အဲလီဇဘက်ကို စွမ်းအား ရုတ်သိမ်းခိုင်းလိုက်သည်။ သူ တမန်တော်ဆီသို့ လျှောက်သွားကာ မေးလိုက်လေသည်...” ကောင်းပြီ ငါ့ကို ပြောပြစမ်း။ မင်းရဲ့ ကိုယ်ဖျောက်နိုင်တဲ့ စွမ်းရည်.....”
ကျောက်ယောင် ရုတ်တရက်ပင် စကားရပ်လိုက်သည်။ သူသည် တမန်တော်၏ ဘောင်းဘီပေါ်တွင် ကြောင်မွေးအနည်းငယ်ကို မြင်တွေ့သွားခဲ့လေ၏။ သူ မျက်ခုံးပင့်ကာ မေးလိုက်သည်...” မင်း ကြောင်တစ်ကောင် မွေးထားလား “
အပိုင်း ၃၆
ဝတုတ်
“ မင်း ကြောင်တစ်ကောင် မွေးထားလား “
ကျောက်ယောင်၏ စကားများကြောင့် တမန်တော် အံ့ဩတုန်လှုပ်သွားသည်။ အဘယ့်ကြောင့် ကျောက်ယောင်က ကြောင်တစ်ကောင်ကို စိတ်ဝင်စားနေကြောင်း သူ နားမလည်ပေ။
ကျောက်ယောင်က တမန်တော်ကို ဆက်လက်၍ စူးစိုက်ကြည့်နေပြီး ထပ်မံကာမေးလိုက်သည်...” မင်း ကြောင်တစ်ကောင် မွေးထားလား။ ငါ့ကို မင်းမွေးထားတဲ့ ကြောင်ဆီ ခေါ်သွားပေး “
“ ကောင်း....ကောင်းပြီ။ ငါ သိပြီ “ တမန်တော် အထပ်ထပ်ခေါင်းညိတ်ကာ ရှင်းပြလိုက်သည်...” ငါက ကောင်းကင်ဘုံ တည်ရှိတာကို ဘယ်တုန်းကမှ မယုံခဲ့ပါဘူး။ ငါက မိစ္ဆာဘက်ကိုပဲ အမြဲတမ်း အခိုင်အမာ ယုံကြည်ခဲ့သူပါ။ ငါ ဂိမ်းကစားရင်တောင် မိစ္ဆာဘက်ခြမ်းကိုပဲ အမြဲရွေးချယ်ခဲ့တာပါ “
“ ဟုတ်ပါပြီကွာ “ ကျောက်ယောင် မျက်ဖြူလန်ပြကာ ထပ်မံပြောလိုက်သည်...” ငါ့ကို မင်းရဲ့ကြောင်ဆီသာ ခေါ်သွားပေး “
ကျောက်ယောင် တမန်တော်၏ နောက်မှလိုက်ကာ အခြားအခန်းတစ်ခုဆီသို့ သွားခဲ့လေသည်။ သူတို့ ထိုအခန်းဆီသို့ သွားနေချိန်တွင် ထိုနေရာထံမှ ချိုးချိုးချွတ်ချွတ်မြည်သံများကို ကျောက်ယောင် ကြားနေရပေသည်။
အခန်းထဲရှိ ဆိုဖာပေါ်တွင် အနက်နှင့်အဖြူ အသားပုံတစ်ခုကို ကျောက်ယောင် မြင်လိုက်ရသည်။
ယင်းသည် အနက်ရောင်အမွေးများ အများစုပါရှိသည့် ကြောင်တစ်ကောင် ဖြစ်ပေ၏။ ထိုကြောင်၏ ပါးစပ် ၊ ရင်ဘက် ၊ ဝမ်းဗိုက်တို့တွင် အဖြူရောင်အမွေးများ အုပ်မိုးထားပေသည်။ ယင်းကြောင်သည် အမှောင်တိမ်တိုက် နောက်ခံထားသည့် နှင်းပွင့်များဟု လူသိများပေ၏။
သို့သော် ကျောက်ယောင်မှာ ထိုကြောင်၏ ကြီးမားသော အလုံးအထည်ကြောင့် အံ့အားသင့်နေရပေသည်။ ယင်းက အသားလုံးတစ်ခု ရွေ့လျားနေသည့်အလားပင်။
ကြောင်၏ဝမ်းဗိုက်နှင့် နှိုင်းယှဥ်မည်ဆိုလျှင် ခြေလေးချောင်းက အလွန်တိုကာ သေးငယ်နေဟန် ရှိနေပေသည်။ ထိုကြောင်က သွားသွားလာလာ လုပ်နိုင်သည်လားဟုပင် ကျောက်ယောင် သိချင်နေမိသည်။ ထိုကြောင်အား အာလူးခြောက်ကြော် ၊ ဘီစကစ် ၊ စားစရာမျိုးစုံ အိတ်များဖြင့် ဝန်းရံထားပေသည်။
အခန်းသို့ မရောက်မီတွင် ကြားလိုက်ရသည့် ချိုးချိုးချွတ်ချွတ်မြည်သံများက ထိုစားစရာများထံမှဖြစ်ကြောင်း ကျောက်ယောင် နားလည်သွားလေသည်။
ကြောင်သည် ကျောက်ယောင်နှင့် တမန်တော်တို့ အခန်းထဲသို့ ဝင်လာသည်ကို မြင်သောအခါတွင် သိသိသာသာပင် တုန်လှုပ်သွားလေ၏။ ကြောင်သည် တမန်တော်၏လက်က နောက်သို့ရောက်နေကြောင်း သတိထားမိသွားချိန်တွင်မူ ချက်ချင်းပင် ထရပ်ရန် ကြိုးပမ်းခဲ့လေပြီး တစ်ဆက်တည်းမှာပင် ကိုယ်ပျောက်သွားခဲ့လေသည်။
ကြောင်သည် ကိုယ်ဖျောက်နိုင်ခဲ့လေပြီး ဆိုဖာနှင့် ကြမ်းပြင်သည်ပင် ပျောက်ကွယ်သွားရသည်။ ကျောက်ယောင် ဘေးပတ်လည်အား ကြည့်လိုက်လေရာ အရာအားလုံးတို့မှာ လေထဲတွင် ပျောက်ကွယ်သွားသည့်အလား ပျောက်ကွယ်သွားကြောင်းကို မြင်လိုက်ရလေသည်။
“ အမ်... ကြောင် ဘယ်မှာလဲ “ ကျောက်ယောင် ရေရွတ်လိုက်သည်။ ကျောက်ယောင်၏ နားရွက် လှုပ်ရှားသွားလေပြီး ကြောင်ကို ရှာဖွေရန်အတွက် ကြိုးပမ်းနေလေသည်။ သို့သော် သူ မည်မျှပင် နားအာရုံစိုက်ထားစေကာမူ ကြောင်၏ခြေသံကို ကြားရခြင်းမရှိပေ။
“ ဒီကြောင်က ဘယ်လိုဖြစ်ပြီး မြန်မြန်ရွေ့လျားနိုင်နေရတာလဲ “ ကျောက်ယောင် နောက်သို့လှည့်ကာ တံခါးပိတ်လိုက်လေပြီး အခန်းထဲတွင် တစ်ခုတည်းသာရှိသည့် တံခါးဝကို ပိတ်ဆို့ထားလေသည်။
သူ တွေးလိုက်သည်...” ကြောင်တစ်ကောင်က အရမ်းဝနေတာတောင် ဘယ်လိုဖြစ်ပြီး ပေါ့ပေါ့ပါးပါး လှုပ်ရှားနိုင်နေသေးရတာလဲ “
သို့သော် ကျောက်ယောင်က ဤအခန်း၏ တစ်ခုတည်းသော ထွက်ပေါက်ကို ပိတ်ဆို့ထားခဲ့ပြီးဖြစ်၍ ထိုကြောင် ထွက်ပြေးသွားမည်ကို စိုးရိမ်ခြင်းမရှိပေ။
တစ်ချိန်တည်းမှာပင် ကြောင်၏စွမ်းအား ရောက်ရှိသည့်အကွာအဝေး တိုးလာသည်နှင့်အမျှ အရာဝတ္ထု ပိုမိုပျောက်ကွယ်လာသည်။ ယင်းက ထိမိသည့်အရာမှန်သမျှကို ပျောက်ကွယ်သွားနိုင်သည့် ကိုယ်ပျောက်ဆေးရည်အလားပင်။
ရုတ်ခြည်းမှာပင် ကျောက်ယောင်နှင့် တမန်တော်တို့မှာ ၎င်းတို့၏ ခြေဖဝါးများတွင် တရွရွခံစားချက်တစ်ခု ဖြစ်ပေါ်လာကာ ခန္ဓာကိုယ်တစ်ခုလုံးဆီသို့ တက်သွားသည်ဟု ခံစားမိလိုက်ကြသည်။ ၎င်းတို့၏ ခန္ဓာကိုယ်များ စတင်ကာ ပျောက်ကွယ်ခဲ့လေ၏။
“ ဒါ ဘယ်လိုဖြစ်ရတာလဲ “ တမန်တော် ထိတ်လန့်တကြား ရေရွတ်လိုက်သည်...” ဝတုတ်က နတ်ဘုရားဆီကနေ ကောင်းချီးတွေ ရထားတာလား “
အခြားတစ်ဖက်တွင်မူ ကျောက်ယောင်က ရှေ့တွင်ရှိသည့် မြင်ကွင်းကိုကြည့်ကာ မျက်မှောင်ကုတ်လိုက်ပြီး...” ကိုယ်ပျောက်စွမ်းရည်က ငါထင်ထားတာထက်ပိုပြီး ပြဿနာများတာပဲ။ ဒီစွမ်းရည်က မှန်းဆမရအောင် ကြီးမားတဲ့အထိ ရောက်နေပြီ။ ဝတုတ်ရဲ့စွမ်းရည်က တမန်တော်နဲ့ ပိုင်ချွမ်းတို့ထက် အများကြီးပိုပြီး အားကောင်းနေတယ် “
အရာဝတ္ထုများ ပိုမိုပျောက်ကွယ်လာပါ သူ မည်သည့်နေရာ၌ ရှိနေကြောင်းအား မသိရတော့မည်ကိုပင် ကျောက်ယောင် စိုးရိမ်မိလာသည်။ ပိုဆိုးလာပြီး အဆောက်အဦတစ်ခုလုံး ပျောက်ကွယ်သွားပါက သူ့အဖို့ အဆောက်အဦထဲမှ ထွက်နိုင်မည် မဟုတ်တော့ပေ။ သူ မျက်ကန်းပမာ ဖြစ်သွားပေမည်။ အကယ်၍ မီးစလောင်ခဲ့ပြီး သူက လျှပ်စစ်ဝါယာကြိုးတစ်ခုကို ကိုင်မိခဲ့လျှင် သူ့ကိုယ်သူအား ကယ်နိုင်မည်မဟုတ်တော့ပေ။
ကျောက်ယောင်က ကိုယ်ပျောက်စွမ်းရည်၏ ဖြစ်နိုင်ခြေများနှင့် ဖြစ်လာနိုင်မည့် အန္တရာယ်များကို နားလည်ပေသည်။
ကျောက်ယောင် ထိုစွမ်းရည်၏ လွှမ်းမိုးမှုအောက်မှ မည်သို့ရုန်းထွက်ရမည်ကို တွေးနေစဥ်မှာပင် ကိုယ်ပျောက်စွမ်းရည် ပျောက်ကွယ်သွားပြီး အရာအားလုံး ပြန်လည်ပေါ်ထွက်လာသည်။
ဝတုတ်က ဆိုဖာပေါ်တွင်သာ ရှိနေဆဲပင်။ သူက အသက်ရှုရန် ကြိုးစားနေရင်းဖြင့် ညည်းညူလိုက်သည်.. “ မရတော့ဘူး...မရတော့ဘူး။ ငါ အရမ်းပင်ပန်းနေပြီ “
ဝတုတ်က ဝဖြိုးသော လက်သည်းများကို ကျောက်ယောင်ရှိသည့် အရပ်တွင် ကြမ်းတမ်းစွာယမ်းနေရင်းဖြင့် ဆိုလိုက်သည်...” မြန်မြန်... တစ်ယောက်ယောက်က ငါ့ကို မရိုမသေလုပ်နေပြီ။ ငါ လှုပ်လို့မရဘူး “
“ အသံထွက်မလာတာကို မအံ့ဩတော့ပါဘူး “
ကျောက်ယောင် မျက်ဖြူလန်ပြကာ ဆိုဖာဆီသို့ လျှောက်သွားလိုက်ပြီး သရော်လိုက်လေသည်...” မင်းက ကိုယ့်ဘာသာ မလှည့်နိုင်လောက်အောင်အထိ အရမ်းဝနေတာလား “
“ ဟမ်... မင်းက ငါပြောတာကို နားလည်တာလား “ ဝတုတ်က အံ့ဩနေသော မျက်နှာထားဖြင့် မေးလိုက်လေသည်။
တမန်တော်က ရှင်းပြရန်ကြိုးပမ်းကာ အော်လိုက်သည်...” မိစ္ဆာရေ... ဝတုတ်က သာမန်ကြောင်တစ်ကောင်ပါပဲ။ ဝတုတ်က ဒီလိုစွမ်းရည်တွေ ဘယ်လိုပိုင်ဆိုင်ထားခဲ့လဲဆိုတာကို ငါလဲမသိပါဘူး။ ကျေးဇူးပြုပြီး သူ့ကို နာကျင်အောင်မလုပ်ပါနဲ့ “
“ ဒီကြောင်က တကယ်ကိုပဲ အတော်လေးချစ်ဖို့ကောင်းတယ် “ အဲလီဇဘက်က နှုတ်ခမ်းတွန့်ကွေးကာ ပြောလိုက်လေသည်။
ကျောက်ယောင်က ဆိုဖာပေါ်ရှိ စားစရာများကို မြင်တွေ့သွားကာ မှတ်ချက်ပြုလိုက်လေသည်...” မင်းက ကြောင်ကို စားစရာတွေ အများကြီးကျွေးပြီး ဖျက်ဆီးနေတာပဲ။ စိတ်မပူပါနဲ့... ငါက မင်းရဲ့ကြောင်ကို နာကျင်အောင်မလုပ်ပါဘူး။ ဒါပေမဲ့ ငါက သူ့ကို သဘောကျတာကြောင့် ခေါ်သွားမယ်။ ပြီးရင်တော့ သူ့ကို ပြန်ပို့ပေးမှာပါ “
တမန်တော် တုန့်ဆိုင်းသွားကာ အထစ်ထစ်အငေါ့ငေါ့ ဆိုလိုက်လေသည်...” ဒါ...ဒါပေမဲ့ ဝတုတ်က ငါ့ရဲ့ တစ်ဦးတည်းသော သူငယ်ချင်းပါ။ သူက ငါ့ရဲ့ အပေါင်းအဖော်ပါ။ မင်း...”
“ ထွက်သွားစမ်း... ဒီလိုမှမဟုတ်ရင် ငါ မင်းကို သတ်မယ် “
ကျောက်ယောင်၏ ဘေးပတ်လည်တွင် မီးစက်ဝန်းများ ပေါ်လာလေပြီး အထက်စီးဆန်သော လေသံက တမန်တော်၏ နားထဲတွင် ပဲ့တင်ထပ်သွားလေသည်။
တမန်တော် ကြောက်ရွံ့ထိတ်လန့်သွားကာ ထွက်ပြေးရန်အတွက် တံခါးဆီသို့ ပြေးသွားစဥ်တွင် ခလုတ်တိုက် လဲကျသွားလေသည်။
တမန်တော်ကို သတိပေးပြီးနောက်တွင် ကျောက်ယောင်က ဝတုတ်ကိုကြည့်ကာ မေးလိုက်သည်...” ဒီအမိုးအောက်မှာ ဖြစ်ပျက်သမျှအားလုံးက မင်းမှာ တာဝန်ရှိတယ်မလား ဝတုတ် “
ဝတုတ် ဇောချွေးပျံနေသည့်ပမာ ရှိနေပေသည်။ သူက ကျောက်ယောင်ကို ကို့ရို့ကားယားကြည့်ကာ အကြိမ်အနည်းငယ်ခန့် မြောင်အော်သံပေးပြီး သာမန်ကြောင်တစ်ကောင်ပမာ ဟန်ဆောင်ရန် ကြိုးစားလိုက်သည်။
“ မင်းအနေနဲ့ သာမန်ကြောင်တစ်ကောင်လို ဟန်ဆောင်ဖို့က နည်းနည်းလေး နောက်ကျလွန်းနေပြီ “ ကျောက်ယောင်က ဝတုတ်၏ နောက်စေ့ကို ရိုက်လိုက်လေသည်။
လက်ရှိတွင် လီဟွားနှင့် အဲလီဇဘက်တို့က ကြောင်လွယ်အိတ်ထဲတွင် ခေါင်းများပြူထွက်နေကြသည်။
“ သူက စူပါကြောင်တစ်ကောင်လား “ လီဟွားက သိလိုစွာဖြင့် မေးလိုက်သည်။ “ ဒါပေမဲ့ ဒီကောင်က အတော်ရုပ်ဆိုးတာနော် “
အဲလီဇဘက်က အကဲဖြတ်ပေးလေသည်...” ဒါပေမဲ့ သူ့ရဲ့ ကိုယ်ပျောက်စွမ်းရည်က အတော်လေး အသုံးဝင်လာလိမ့်မယ် “
ဝတုတ်သည် လီဟွားနှင့် အဲလီဇဘက်တို့ကို မြင်တွေ့သွားကာ နောက်ဆုံးတွင် စိတ်အေးသွားလေပြီး...” အိုး... မင်းတို့က ငါ့ရဲ့ မဟာမိတ်တွေပဲ “
“ ဘယ်သူက မင်းရဲ့မဟာမိတ် ဖြစ်ချင်နေလို့လဲ “ လီဟွားက ဝတုတ်၏မျက်နှာအား လက်သည်းဖြင့်ရိုက်ကာ မေးလိုက်လေသည်...” မင်းက ဒီအရာတွေကို ဘယ်လိုဖန်တီးနိုင်ခဲ့တာလဲ “
“ ငါ့ကို မရိုက်ပါနဲ့။ ငါ့ကို မရိုက်ပါနဲ့ “ ဝတုတ် ထိတ်လန့်တကြား ဟစ်အော်လိုက်သည်...” ငါ အားလုံး ပြောပြပါ့မယ် “
နောက်ဆုံးတွင် ဝတုတ်၏ ရှင်းပြချက်များကို နားထောင်ကာ ကျောက်ယောင် အရာအားလုံးကို နားလည်သွားခဲ့သည်။
ဝတုတ်၏သခင်ဖြစ်သူ တမန်တော်က ငွေးရေးကြေးရေး ကျပ်တည်းနေသည့် မိသားစုမရှိသော လူလတ်ပိုင်းတစ်ဦး ဖြစ်ပေသည်။ သူ ကွာရှင်းပြတ်စဲပြီးနောက်တွင်မူ ဤဘာသာရေးကို စိတ်စွဲလန်းလာခဲ့သည်။ သူ ယုံကြည်ကိုးစားသည့် နတ်ဘုရားထံတွင် သူ၏မျှော်လင့်ချက်များအားလုံးကို ပုံအောထားခဲ့ပေ၏။
လွန်ခဲ့သည့် နှစ်လခန့်က ဝတုတ်သည် စူပါစွမ်းအားများ နိုးထလာခဲ့ပေသည်။ ဝတုတ်သည် ထိုစွမ်းအားများ ရရှိလာပြီးနောက်တွင် သခင်ဖြစ်သူက သူ့အား ကျွေးမွေးစောင့်ရှောက်ခဲ့သည်ကို ကျေးဇူးပြန်ဆပ်လိုသည်ဖြစ်ပြီး သူသည်လဲ သက်သောင့်သက်သာဘဝတွင် နေထိုင်လိုပေသည်။ ဝတုတ်သည် တမန်တော်ကို လှည့်စားကာ ကူညီပေးရန်အတွက် ထိုစွမ်းရည်များကို စတင်အသုံးပြုခဲ့ပြီး ညီအစ်ကိုတော်အဖွဲ့ကို တည်ထောင်ခဲ့ပေသည်။
“ ဒါနဲ့ အခြားသူတွေက ကိုယ်ပျောက်စွမ်းရည်ကို ဘယ်လိုလုပ်ပြီး သုံးနိုင်နေရတာလဲ။ သူတို့တွေ ကိုယ်ပျောက်စွမ်းရည်ကို သုံးတဲ့အချိန်မှာ မင်းက အနီးဝန်းကျင်မှာ ရှိနေတာလား “ ကျောက်ယောင်က ဝတုတ်ကို မေးခွန်းထုတ်လိုက်သည်။
“ ဟမ်... မင်း မသိဘူးလား “ ဝတုတ်သည် ကျောက်ယောင်၏ မေးခွန်းကြောင့် အံ့အားသင့်သွားကာ ဆိုလိုက်လေသည်...” ငါတို့ စူပါကြောင်တွေက ငါတို့ရဲ့စွမ်းရည်တွေကို လူသားတွေဆီ တစ်ခဏလောက် လွှဲပြောင်းပေးလို့ရတယ်လေ။ မင်းတို့တွေ အဲ့ဒါကို စမ်းမကြည့်ဖူးဘူးလား “
ဤတစ်ချိန်လုံးတွင် ကျောက်ယောင်က တမန်တော်ကို အနိုင်ယူပြီး ဤအခြေအနေအထိ ရောက်လာစေရန် စူပါကြောင်များ၏ စွမ်းအားများကို ငှားရမ်းထားသည်ဟုသာ ဝတုတ်က ထင်ထားခဲ့သည်။
ကျောက်ယောင်က လီဟွားနှင့် အဲလီဇဘက်တို့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဝတုတ်ကိုကြည့်ကာ ဆိုလိုက်လေသည်...” ငါ့ကို အရာအားလုံး အသေးစိတ်ရှင်းပြပေး “