အခန်း (၃၇-၃၉)
Vol. 3 Ch. 37-39
အပိုင်း ၃၇
သူငယ်ချင်း အသိုင်းအဝိုင်း
ဝတုတ်က အသေးစိတ် ရှင်းပြပြီးသည့်နောက်တွင် ကျောက်ယောင်နှင့် သူ၏စူပါကြောင်များတို့မှာ စူပါစွမ်းရည်များကို ငှားရမ်းခြင်းသည်မှာ မည်သို့ဖြစ်ကြောင်း နားလည်သွားခဲ့ကြသည်။
ရိုးရှင်းစွာဆိုရသော် စူပါကြောင်များက စူပါစွမ်းရည်များကို သူ့တို့အတွက် အသုံးပြုခြင်းအပြင် လူသားများကိုလဲ ငှားရမ်းပေးနိုင်ပေသည်။
ဝတုတ် စုစည်းထားသော အချက်အလက်များအရဆိုလျှင် လူသားများကသာ အဆိုပါ စူပါစွမ်းရည်များကို လက်ခံနိုင်စွမ်း ရှိကြပေသည်။ သို့သော် စူပါကြောင်များက စူပါစွမ်းရည်များကို ငှားရမ်းပေးလိုက်လျှင်ပင် သူတို့၏စွမ်းရည်များကို ထိန်းသိမ်းထားနိုင်ကြဆဲ ဖြစ်ပေ၏။
သို့သော် လူသားတိုင်းက စူပါစွမ်းရည်များကို လက်ခံနိုင်စွမ်း မရှိကြပေ။
ဦးစွာအနေဖြင့် ပမာဏနည်းပါးသော လူသားများကသာ စူပါစွမ်းရည်များကို လက်ခံနိုင်စွမ်း ရှိကြပေ၏။ အောင်မြင်နှုန်းသည် လူတစ်ဦးချင်းစီ၏ ကျန်းမာရေး ၊ ခွန်အား ၊ စိတ်အခြေအနေတို့အပေါ်တွင် မူတည်နေပေသည်။
လူသားများက စွမ်းရည်များ ငှားရမ်းထားလျှင်ပင် ၎င်းတို့ သယ်ဆောင်ထားသည့် စွမ်းရည်များက စူပါကြောင်များထက် နည်းပါးနေမည်သာ ဖြစ်ပေသည်။
နောက်ဆုံးအနေဖြင့်မူ လူသားများက စူပါစွမ်းရည်များ ငှားရမ်းချိန်တွင် ၎င်းတို့၏ စူပါကြောင်များကို အကြွင်းမဲ့ ယုံကြည်ထားရပေမည်။ စွမ်းရည် ကူးပြောင်းပေးနေသည့် ဖြစ်စဥ်အတွင်း၌ လူသားများ ခုခံခြင်းမပြုရပေ။ လူသားများက စွမ်းရည်များ အောင်မြင်စွာ ရရှိစေရေးအတွက် စူပါကြောင်များနှင့် လူသားများ နှစ်ဖက်စလုံးက ရုပ်ခန္ဓာကိုယ်များ ထိတွေ့နေရပေမည်။
ဝတုတ်က ဆက်ပြောလေသည်...” လက်ရှိမှာ လူသားတစ်ဦးက စူပါစွမ်းရည်တွေ ငှားရမ်းနိုင်တဲ့ အကြာဆုံးအချိန်က တစ်ရက်ပဲ။ အချိန်စေ့သွားရင် လူသားတွေရဲ့ ခန္ဓာကိုယ်ထဲက စူပါစွမ်းရည်တွေ ပျောက်ကွယ်သွားမှာဖြစ်ပြီး စူပါကြောင်ရဲ့ စွမ်းရည်တွေ အနည်းငယ်လောက် တိုးလာလိမ်မယ်။ စူပါကြောင်တွေက သူတို့ရဲ့စွမ်းအားတွေကို အချိန်မရွေး ပြန်ယူလို့ရတယ် “
“ အိုး...”
ကျောက်ယောင်က တုန့်ပြန်လိုက်သည်...” လူသားတွေဆီကနေ စွမ်းအားတွေ ပြန်ယူပြီးတဲ့နောက်မှာ စူပါကြောင်တွေရဲ့ စွမ်းအားတွေက အားပိုကောင်းလာမှာလား။ ဒါဆို မင်းသာ လူအများကို ငှားရမ်းပေးလိုက်မယ်ဆိုရင်.....”
“ အဲ့ဒါက မဖြစ်နိုင်ဘူး “ ဝတုတ်က စကားဖြတ်ပြောလိုက်လေသည်...” ဒီနေ့အထိ ငါက ညီအစ်ကိုတော်အဖွဲ့ထဲမှာရှိတဲ့ လူပေါင်းထောင်ချီအထိ တွေ့ပြီးသွားပြီ။ ဒါပေမဲ့ ငါ့ရဲ့သခင်နဲ့ ပိုင်ချွမ်းကပဲ ငါ့ရဲ့စွမ်းအားတွေကို လက်ခံနိုင်စွမ်းရှိတယ်။ စူပါစွမ်းအားတွေ လက်ခံနိုင်တဲ့ လူအရေအတွက်က နည်းလွန်းတယ်။ ပြီးတော့ ငါတို့ရဲ့ စူပါစွမ်းအားတွေကို လူသားတွေဆီ ငှားရမ်းပေးပြီးနောက်မှာ ခွန်အားတိုးလာတာကလဲ သေးငယ်လွန်းတယ် “
“ အဲ့ဒီလိုလား။ လူသားတစ်ဦးက စူပါစွမ်းအားတွေ ဘယ်လောက်အထိ လက်ခံနိုင်လဲ “
“ တစ်ခုပဲလို့ ငါထင်တာပဲ။ ငါ ကြုံဖူးခဲ့တဲ့ လူတွေအရဆိုရင် သူတို့သာ စူပါစွမ်းအားတွေကို တစ်ခုထက်ပိုပြီး လက်ခံလိုက်မယ်ဆိုရင် သူတို့ရဲ့ခန္ဓာကိုယ်တွေ ခံနိုင်မှာမဟုတ်ဘူး “
ကျောက်ယောင် မေးစေ့အားပွတ်ကာ သူ၏စာအုပ်စွမ်းရည်နှင့် စတင်နှိုင်းယှဥ်ကြည့်နေသည်။ လက်ရှိတွင် သူ၏စာအုပ်သည် စူပါကြောင်တစ်ကောင်က လူသားတစ်ဦးကို စူပါစွမ်းအားများ ငှားရမ်းပေးသည်ထက် များစွာသာလွန်နေပုံ ရှိပေသည်။
စူပါစွမ်းအား ငှားရမ်းထားသော သာမန်လူတစ်ဦးနှင့် နှိုင်းယှဥ်မည်ဆိုလျှင် သူ၏စာအုပ်က ပိုမို၍ပင် နတ်စွမ်းအားဆန်ပေသည်။ စူပါကြောင်တစ်ကောင်အား ဖမ်းမိပြီးနောက်တွင် သူ၏နတ်စွမ်းအားကို အသုံးပြုလိုက်ပါက သူသည် စူပါစွမ်းအားများကို ရွေးချယ်ပြောင်းလဲကာ သုံးနိုင်မည်ဖြစ်ပြီး စူပါစွမ်းအားတစ်ခုသာ သုံးနိုင်သည့် သာမန်လူများနှင့် တူမည်မဟုတ်ပေ။
သို့သော် ကျောက်ယောင်သည် လီဟွားက စွမ်းအားများကို အခြားသူများအား ငှားရမ်းပေးနိုင်သည်လားဟု သိချင်မိနေဆဲသာ ဖြစ်ပေသည်။ သူသည် နောင်လာမည့် လအနည်းငယ်အတွင်း၌ ၎င်းအချင်းအရာကို စမ်းသပ်ကြည့်ခဲ့သော်လဲ မဖြစ်နိုင်ကြောင်း သိခဲ့ရပေသည်။ ကြောင်တစ်ကောင်အား စာအုပ်ထဲတွင် စာရင်းသွင်းထားခဲ့ပြီး သစ္စာရှိမှု ၁၀၀ အထိ ရောက်ရှိနေပါက ထိုကြောင်၏စွမ်းရည်ကို ငှားရမ်းပေး၍မရပေ။
“ နောက်ထပ်မေးမယ်... မင်းက အဲ့ဒီအကြောင်းတွေကို ဘယ်လိုလုပ်ပြီး အများကြီးသိနေရတာလဲ “ ကျောက်ယောင်က ဝတုတ်ကို စူးစိုက်ကြည့်ကာ မေးလိုက်သည်။
“ ငါ အခြားသူတွေဆီက သိခဲ့ရတာပါ “ ဝတုတ်က ပြူးကျယ်သောမျက်ဝန်းနှင်အတူ အပြစ်ကင်းသောအသွင်ဖြင့် ဆိုသည်...” ငါက စူပါကြောင်တွေအများကြီးနဲ့ သိတယ် “
ဝတုတ်က စကားဆိုနေရင်းဖြင့် သူ၏တင်ပါးအောက်မှ ဖုန်းကို ထုတ်ယူလိုက်လေသည်။
“ မင်း မြင်လား... ဒါက ငါတို့ စူပါကြောင်တွေရဲ့ ချက်ဂရုပဲ “
ကျောက်ယောင်က ဝတုတ်၏ လက်သည်းများကြားမှ ဖုန်းကို လုယူလိုက်ပြီးနောက် ချက်ဂရုထဲမှ မန်ဘာများကို မြင်လိုက်ရသည်။ ထိုစဥ်တွင် မက်ဆေ့တစ်ခု ရောက်လာပေ၏။
ကျားသစ်ခေါင်းက မေးသည်...” ချောပို့လုပ်တာကလွဲပြီးတော့ တည်နေရာကူးပြောင်းတာကို အသုံးပြုပြီး ပိုက်ဆံအချို့ ရှာနိုင်တဲ့နည်းလမ်းကို ဘယ်သူသိကြလဲ “
“ ဒီတော့ ကျားသစ်ခေါင်းက ငွေလိုချင်နေတာပေါ့လေ “ ID အမည် No1. ငါးခြောက်ပြားက တုန့်ပြန်လိုက်လေ၏...” မင်းသာ ချောပို့ ဆက်လုပ်နေမယ်ဆိုရင် ဘာအနာဂတ်မှ ရှိမှာမဟုတ်ဘူး။ မင်း တည်နေရာ ကူးပြောင်းနိုင်တယ်ဆိုရင် ယွင်နန်(ယူနန်)ကနေပြီးတော့ တရုတ်ပြည်ကနေ ရွှေတြိဂံနယ်မြေ ၊ ကိုလံဘီယာအထိတောင် ကုန်ကူးလို့ရတယ် “
ကျားသစ်ခေါင်းက တုန့်ပြန်သည်... “ သောက်ခွေးလိုပဲ... မင်းက ငါ့ကိုသတ်ပြီး အစာအဖြစ်ပြောင်းဖို့ ကြိုးစားနေတာလား “
“ ဘာကြောင့် ကုန်ကူးဖို့ပြောရတာလဲ “ ဝကစ်ကစ် လုပ်ကြံသူလုပန်း ဟူသော ID ဖြင့် စူပါကြောင်တစ်ကောင်က တုန့်ပြန်လာသည်...” ရွှေတိုက်ဆီကိုသာ တည့်တည့်သွားလိုက်ကွာ။ မင်း လိုချင်သလောက်ယူပြီး ပြန်ထွက်လာခဲ့လိုက်။ ငါကတော့ ပြီးခဲ့တဲ့အခေါက်တုန်းက ယွမ်သန်းဆယ်ချီပြီး ခိုးထားခဲ့တာဆိုတော့ ငါ့မှာ ငွေတွေအများကြီး ကျန်နေသေးတယ် “
ကျားသစ်ခေါင်းက တုန့်ပြန်သည်...” ချီးပဲ... မင်း မနေ့တုန်းက အအေးခံထားတဲ့ အသားတွေ ဝယ်ဖို့အတွက် ပိုက်ဆံချေးနေသေးတယ်လေ။ မင်းမှာ ယွမ်သန်းဆယ်ချီအထိ မရှိဘူး “
ဝကစ်ကစ် လုပ်ကြံသူလုပန်းက တုန့်ပြန်သည်...” အနှောင့်ပါကွာ... ငါ့မှာ မှတ်ပုံတင်မရှိတော့ E-banking အကောင့် ဖွင့်မရဘူး။ ငါ့မှာ E-banking အကောင့် မရှိဘဲနဲ့ အွန်လိုင်းဈေးရောင်းတာကို ဘယ်လိုလုပ်လို့ရလဲ။ ငါက မင်းတို့ဆီကပဲ ပိုက်ဆံချေးလို့ရတော့တယ် “
ကျားသစ်ခေါင်းက တုန့်ပြန်သည်...” မင်းတို့ရဲ့ မစင်တွေအတွက် ဂေါ်ပြားကရော ဘယ်လိုရှိလဲ။ မင်းတို့ သခင်တွေရဲ့ E-banking အကောင့်တွေကို တိတ်တိတ်လေး ယူသုံးနေတယ်လို့တော့ မပြောနဲ့နော် “
“ မဟုတ်ဘူး။ ငါ ဒင်္ဂါးအချို့ ဝယ်ဖို့အတွက် သူ့ရဲ့အကောင့်ကို သုံးပြီးချိန်ကတည်းက သခင်က ငါ့ကို သံသဝင်နေတယ်ဟ။ သူက ငါ့အခန်းရဲ့ အပြင်ဘက်မှာတောင် CCTV တွေ တပ်ထားသေးတယ် “ ဝကစ်ကစ် လုပ်ကြံသူလုပန်းက ဆက်ပြောလေသည်...” အခု ငါက ကွန်ယက်ကို လည်ပတ်စေဖို့အတွက် အိမ်နီချင်းရဲ့ ကွန်ပြူတာကို သုံးဖို့လိုအပ်တယ် “
အဖွဲ့ဝင်များ၏ ID များနှင့် ၎င်းတို့အကြားမှ အပြန်အလှန်စကားများကို ကြည့်နေရင်းဖြင့် ကျောက်ယောင်က တွေးဆကာ ဆိုသည်...” ဒီချက်ဂရုရဲ့ အဖွဲ့ဝင်တွေအားလုံးက စူပါကြောင်တွေလား။ ဒါဆို မင်းတို့တွေ ဆက်သွယ်ဖို့အတွက် WeChat ကို သုံးကြတာလား “
ကျောက်ယောင်မှာမူ ထိုကြောင်များက နည်းပညာအား လက်ပွန်းတတီးရှိနေသည်ကို မယုံကြည်နိုင်သေးပေ။
“ အကုန်လုံးကြီးတော့ မဟုတ်ဘူးပေါ့ “ ဝတုတ်က မျက်တောင်ခတ်ကာ ဆိုသည်...” အချို့ ကြောင်ပိုင်ရှင်တွေလဲ ဒီဂရုထဲမှာ ရှိနေတယ် “
သို့သော် ယင်းက WeChat စကားဝိုင်းတစ်ခုသာ ဖြစ်ပေသောကြောင့် ကြောင်များနှင့် လူသားတို့ အကြားတွင်ရှိသည့် ကွာခြားမှုများက အတော်ပင် စိန်ခေါ်မှုကြီးမားပေလိမ့်မည်။ အားလုံးက အလွန်ပင် အေးဆေးနေကြပြီး စကားဝိုင်းထဲတွင် ၎င်းတို့၏ သရုပ်မှန်များကို ပေါက်ကြားစေလိုကြခြင်း မရှိပေ။
ကျောက်ယောင်က မေးလိုက်သည်...” ဒါဆိုရင် ကျန်းမန်မြို့ထဲက စူပါကြောင်တွေရဲ့ အခြေအနေတွေကို မင်း ဘယ်လောက်အထိ သိထားလဲ “
“ ဘုရားပဲ သိလိမ့်မယ် “
ဝတုတ်က တုန့်ပြန်သည်...” လမ်းဘေးကြောင်တွေ ၊ အလှမွေးကြောင်တွေ ၊ စူပါကြောင်တွေ... အဲ့ဒီထဲက အချို့ကတော့ လူသားတွေနဲ့ ဆက်သွယ်ခဲ့ကြပြီး အချို့ကတော့ ဝေးဝေးကို ထွက်ပြေးသွားကြပြီ။ အချို့ကတော့ လူသားတွေနဲ့ ယှဥ်တွဲနေထိုင်ပြီးတော့ သူတို့ရဲ့ပတ်ဝန်းကျင်နဲ့ ပေါင်းစပ်နိုင်ဖို့ ကြိုးစားနေကြတယ်။ အချို့ကတော့ အမှောင်ထဲမှာ ပုန်းနေပြီး သူတို့ရဲ့ဘဝတွေ သာယာအောင် ဘယ်လိုလုပ်ရမလဲဆိုတာ ကြံဆနေကြတယ်။ အဲ့ဒီကြောင်တွေက ဘာလုပ်မလဲဆိုတာကို ဘယ်သူ သိနိုင်ပါ့မလဲ။ စူပါကြောင်တွေအားလုံးက စွမ်းအားတွေ နိုးထလာခါစပဲ ရှိနေသေးတော့ စွမ်းအားတွေကို နားလည်အောင်လုပ်နေကြတဲ့ ဖြစ်စဥ်အတွင်းမှာပဲ ရှိနေသေးတယ် “
ညီအစ်ကိုတော်အဖွဲ့၏ စူပါကြောင်တစ်ကောင်ထံမှ စုဆောင်းရရှိလာသည့် သတင်းအချက်အလက် ပမာဏကို ကျောက်ယောင် မယုံကြည်နိုင်ဖြစ်ကာ ခေါင်းယမ်းလိုက်သည်။
ကျောက်ယောင်က ဝတုတ်ဆီသို့ ဖုန်းပြန်ပေးကာ ဆိုလိုက်လေသည်...” ငါ့ကို မင်းတို့ရဲ့ WeChat စကားဝိုင်းထဲ ထည့်ပေးလို့ရမလား “
“ ကောင်းပြီ “ ဝတုတ်က နာခံမှုရှိစွာ သဘောတူလိုက်သည်။
လီဟွားက ဝင်ပြောလာသည်... “ ငါ့ကိုလဲ ဂရုထဲ ထည့်ပေး “
အဲလီဇဘက်က ကျောက်ယောင်ကို စိတ်ချင်းဆက်သွယ်ကာ ပြောလိုက်သည်...” ကျောက်ယောင်... ငါလဲ ဖုန်းတစ်လုံး လိုချင်တယ်။ ငါ လီဟွားလို ဖြစ်ချင်တယ်။ ငါ အင်တာနက်သုံးနိုင်တာကို လိုချင်တယ်။ ပြီးတော် WeChat စကားဝိုင်းထဲလဲ ဝင်ချင်တယ် “
ဝတုတ်က ဆိုသည်...” မင်းရဲ့ ID က ဘာလဲ။ ငါ မင်းကို ထည့်ပေးမယ် “
လီဟွားက ခပ်ကြွားကြွား ဆိုလိုက်သည်...” အသန်မာဆုံး လုပန်း “
ကျောက်ယောင်သည် ဝတုတ်နှင့် လီဟွားတို့က ၎င်းတို့၏ သွက်လက်ကျွမ်းကျင်သော လက်သည်းများကို လှုပ်ရှားကာ WeChat ပေါ်တွင် add နေကြသည်ကို လေ့လာအကဲခတ်နေရင်းဖြင့် ခေါင်းညိတ်လိုက်၏။ ကျောက်ယောင် တွေးလိုက်သည်...” အဲလီဇဘက်က ဖုန်းရပြီးတဲ့နောက်မှာ စွဲလန်းမသွားလောက်ဘူးလို့ မျှော်လင့်ပါတယ် “
ကျောက်ယောင်သည် ဝတုတ်ကို ပွေ့ချီကာ လှည့်ထွက်သွားခဲ့လေ၏။ သို့သော် ခန်းမထဲတွင် ပိုင်ချွမ်းကို မြင်သောအခါတွင် သူ ရပ်လိုက်သည်။ ကျောက်ယောင်က ချက်ချင်းပင် မေးလိုက်လေ၏...” မင်းက ဒီမှာ ရှိနေသေးတာလား “
ပိုင်ချွမ်းက အနည်းငယ်ခန့် ကြောက်ရွံ့တွန့်ဆုတ်နေဟန် ရှိပေသည်။ သို့သော် သူက ကျောက်ယောင်၏ စိတ်လှုပ်ရှားနေသော အသွင်ကို ကြည့်ကာ ဆိုလိုက်သည်...” မိ...မိစ္ဆာ... ငါ မင်းရဲ့ နောက်လိုက်တစ်ဦး ဖြစ်လို့ရမလား “
“ ဟမ်... ငါ့နောက် လိုက်ချင်တာလား “ ကျောက်ယောင် မှင်တက်မိသွားကာ ဆက်ပြောသည်...” မင်းက ဘာလိုချင်တာလဲ “
“ လူတွေက အစွမ်းထက်တဲ့ ခေါင်းဆောင်တွေရဲ့ နောက်ကို လိုက်ကြတာက ပုံမှန်ပဲမလား “ ပိုင်ချွမ်းက ကျောက်ယောင်ကိုကြည့်ကာ ဆိုလိုက်သည်။ သူ၏စိတ်ထဲတွင်မူ တည်နေရာပြောင်းခြင်း ကဲ့သို့သော ကျောက်ယောင်၏ စွမ်းရည်များကို မြင်ယောင်မိနေသည်။ ပိုင်ချွမ်းသည် ကျောက်ယောင်၏ မီးတောင်ပံ ၊ မီးအရိုးခြောက်များ ၊ စိတ်ဖတ်စွမ်းရည် ၊ လူသားထိန်းချုပ်မှုစကေးနှင့် အီမိုတီကွန်များကိုပင် ပြန်မြင်ယောင်နေမိသည်။
“ ငါ မင်းရဲ့နောက်ကို လိုက်ချင်တယ်။ ငါက ငရဲရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ချင်.....”
ပိုင်ချွမ်းက ယင်းကိစ္စကို အလေးအနက်ထားကာ စဥ်းစားထားခဲ့ပြီး ဖြစ်ပေသည်။ လက်ရှိ သူ၏ကျွမ်းကျင်မှုနှင့် နောက်ခံတို့အရ သူ၏တစ်ဘဝလုံး အလုပ်လုပ်မည်ဆိုလျှင်ပင် သာမန်ဘဝတွင်သာ နေထိုင်သွားရပေလိမ့်မည်။ စူပါစွမ်းအားတစ်ခုနှင့် ဘဝတစ်ခုကို ကြုံတွေ့ဖူးပြီးသည့်နောက်တွင်မူ ကျောက်ယောင်၏နောက်သို့ လိုက်ခြင်းသည်ကား မည်သည့်အဓိပ္ပါယ်ဖြစ်ကြောင်း သူ နားလည်ပေသည်။
ပိုင်ချွမ်း စကားမဆုံးသေးမီတွင် ကျောက်ယောင်က ထွက်ခွာသွားကာ ဆိုလေသည်.. “ ငါ စိတ်မဝင်စားဘူး။ မင်းက အရွယ်ရောက်ပြီးပြီ။ မင်းအနေနဲ့ မဟုတ်တဲ့အရာတွေကို တွေးမနေဘဲ လူမှုပတ်ဝန်းကျင်ကိုပဲ အကျိုးပြုပေးနေလို့ရမလား။ ငါ့အတွက်ကတော့ ကားတစ်စီးနဲ့ အိမ်တစ်လုံး ဝယ်ဖို့အတွက် ပိုက်ဆံနည်းနည်းလောက် လိုချင်ရုံတင်ပါပဲ “
“ ဘာကြောင့်လဲ...” ပိုင်ချွမ်းက ကျောက်ယောင်ကို လမ်းပိတ်ထားကာ ဆိုလိုက်သည်...” မင်းရဲ့ စွမ်းရည်တွေနဲ့သာဆိုရင် ဒီလောကကြီးထဲမှာ အများကြီး အားစိုက်စရာမလိုဘဲနဲ့ ကြီးကျယ်အောင်မြင်နိုင်တယ်။ မင်းမှာရှိနေတဲ့ ဘယ်စွမ်းရည်ကမဆို ဒီလောကကြီးထဲမှာ လှုပ်ခတ်မှုတွေ ဖန်တီးဖို့အတွက် လုံလောက်တယ်လေကွာ။ ပြီးတော့ မင်းသာ ဒီစွမ်းရည်တွေကို ပေါင်းစည်းလိုက်မယ်ဆိုရင် ဒီတစ်လောကလုံးကို သိမ်းပိုက်အုပ်စိုးဖို့က မဖြစ်နိုင်တာမဟုတ်ဘူး “
ပိုင်ချွမ်း၏ စိတ်လှုပ်ရှားနေသော အသွင်ကို မြင်ရသောအခါတွင် ကျောက်ယောင် ဘေးကျပ်နံကျပ် ဖြစ်သွားရပြီး...” မင်း အသက်ဘယ်လောက်ရှိပြီလဲ “
“ ငါလား “ ပိုင်ချွမ်း တစ်ခဏမျှ အေးခဲသွားပြီးနောက် တုန့်ပြန်လိုက်လေ၏...” ဒီနှစ်မှာ ငါက အသက်ဆယ့်ရှစ်ပြည့်ပြီ “
ကျောက်ယောင်က မယုံကြည်နိုင်ဟန်ဖြင့် တုန့်ပြန်လိုက်လေသည်...” ဆယ့်ရှစ်လား။ မင်းသာ အသက်သုံးဆယ်လို့ ပြောခဲ့မယ်ဆိုရင်တောင် ငါ သံသယဝင်မိမှာမဟုတ်ဘူး “
ပိုင်ချွမ်း အနည်းငယ်ခန့် ရှက်သွားကာ အိတ်ထောင်ထဲမှ မှတ်ပုံတင်ကို ထုတ်ယူလိုက်ပြီး...” ငါက အသက်ထက်ပိုပြီး နည်းနည်းလေး အရွယ်ရောက်နေတာပါ။ ဒါပေမဲ့ ငါက ဒီနှစ်မှ ဆယ့်ရှစ်နှစ် ပြည့်မှာပါ “
ကျောက်ယောင်သည် ပိုင်ချွမ်း၏ မှတ်ပုံတင်ကို ကြည့်လိုက်ပြီးနောက် ထိုကောင်က အမှန်ပြောနေခြင်းဖြစ်ကြောင်း နားလည်သွားလေပြီး ဆိုလိုက်လေသည်...” မင်းက ဒီအရွယ်လေးနဲ့ ဘာကြောင့် အလုပ်လုပ်နေရတာလဲ။ အိမ်ပြန်ပြီး ပညာသင်နေစမ်း “
အပိုင်း ၃၈
အာရုံစိုက်ခြင်း
“ ငါ စာသင်ရတာကို မကြိုက်ဘူး “
ပိုင်ချွမ်းက ကျောက်ယောင်ကို စူးစိုက်ကြည့်ကာ ဆိုလေသည်...” စာသင်တာနဲ့ ယှဥ်ကြည့်မယ်ဆိုရင် စွမ်းရည်တွေ ပိုင်ဆိုင်တာက ပိုပြီးတော့ အသုံးဝင်တယ် မဟုတ်ဘူးလား။ ငါ လုံ့လထားပြီးတော့ စာသင်ကြားခဲ့ပြီး တစ်ဘဝလုံး အလုပ်ကြိုးစားမယ်ဆိုရင်တောင် စူပါစွမ်းအား ရှိတဲ့သူတွေကို အလဲထိုးနိုင်မှာတောင် မဟုတ်ဘူး “
ပိုင်ချွမ်း၏စကားကို ကြားသောအခါတွင်မူ ကာစီနိုတွင် ယွမ်ဆယ်သန်းကျော် အနိုင်ရထားခဲ့သည့် ကျောက်ယောင်မှာ ပိုင်ချွမ်း၏ အဆိုပြုချက်ကို ချေပနိုင်စွမ်းမရှိကြောင်း နားလည်သွားလေသည်။
စင်စစ်တွင်မူ ပိုင်ချွမ်းသာ ဝတုတ်၏စွမ်းအားကို အမှန်တကယ် ငှားရမ်းနိုင်ခဲ့ပါက သူ စာသင်ကြားခြင်းမှ ရရှိလာမည့် အောင်မြင်မှုများထက် များစွာပိုမိုကာ အောင်မြင်ပေလိမ့်မည်။
ပိုင်ချွမ်းက တစ်ချက်ဦးညွတ်ကာ ဆိုလိုက်လေသည်...” အရှင်မိစ္ဆာ “
“ ငါ့ကို မိစ္ဆာလို့ မခေါ်စမ်းနဲ့ “ ကျောက်ယောင်က ဆိုသည်။
ထို့နောက်တွင် ပိုင်ချွမ်းက ပြောလေ၏...” မစ္စတာကျောက်... ကျေးဇူးပြုပြီး ငါ့ကို မင်းရဲ့တပည့်အဖြစ် ခေါ်ယူပေးပါ။ ဒီလောကကြီးထဲမှာ ငါ့ကို မင်းရဲ့ နယ်ရုပ်တစ်ခုဖြစ်စေပြီးတော့ ငါတို့အတူ ငရဲနယ်နိမိတ်ကို စကြာဝဠာတစ်ခုလုံးအထိ ဖြန့်ကျတ်ကြမယ် “
ကျောက်ယောင်သည် နှစ်ဆယ်ဝန်းကျင် လူငယ်တစ်ဦးကို ပြောဆိုဖျော်ဖြေပေးရန် ပျင်းရိပေသောကြောင့် မျက်ဖြူလန်ပြကာ တံခါးဆီသို့ လျှောက်သွားလိုက်လေသည်။
ပိုင်ချွမ်း အံကျိတ်လိုက်လေပြီး ထွက်ခွာသွားသော ကျောက်ယောင်ကို တစ်ချက်ကြည့်ပြီးနောက် အပြေးလိုက်သွားခဲ့လေသည်။ ကျောက်ယောင်က သူ ထင်ထားသကဲ့သို့ ပြောရဆိုရ လက်ပေါက်ကပ်ခြင်းမရှိကြောင်း နားလည်သွားခဲ့ပေသည်။
“ မစ္စတာကျောက်... ကိုးကွယ်သူတွေရဲ့ ယုံကြည်သက်ဝင်မှုတွေကို ပြန်စုစည်းဖို့အတွက် ကျွန်တော်ကို လိုအပ်လား။ သူတို့က အရမ်းအားနည်းပြီး အယူသီးကြတာကြောင့် မစ္စတာကျောက်ရဲ့ အမည်ကိုသာ သုံးလိုက်မယ်ဆိုရင် သူတို့ရဲ့ ယုံကြည်ကိုးကွယ်မှုတွေ ပြောင်းလဲပြီးတော့ မစ္စတာကျောက်ရဲ့နောက်ကို လိုက်လာကြမှာ အသေအချာပါပဲ။ သူတို့ရဲ့ ငွေကြေးတွေ အလုပ်ကြိုးစားပုံတွေနဲ့သာဆိုရင် ဒီလောကကြီးထဲမှာ ကျွန်တော်တို့ရဲ့ အင်ပါယာတစ်ခုကို အမြန်ဆုံး ထူထောင်နိုင်ပါလိမ့်မယ် “
“ မင်းရဲ့ ပရိယာယ်တွေ တော်လိုက်တော့ “ ကျောက်ယောင် တစ်ဖက်သို့လှည့်လာပြီး ပိုင်ချွမ်းကိုကြည့်ကာ...” ငါ မင်းကို ပြောမယ်။ ဒီနေ့ကစပြီး အယူလွဲမှားစေတဲ့ အခမ်းအနားမျိုးတွေကို ဘယ်တော့မှမလုပ်နဲ့။ ငါ ပြောတာကို နားလည်လား “
“ ဘာကြောင့်လဲ “ ပိုင်ချွမ်း နားမလည်နိုင်ပေ။
ကျောက်ယောင် တစ်ခဏမျှတွေးကာ...” မားကတ်စ် ကမ္ဘာမြေပေါ်ကို ဆင်းသက်လာချိန်ကစပြီး ငရဲဟာ အစွန်းရောက်ဝါဒကို ယုံကြည်သူတွေအတွက် နေရာတစ်ခု ဖြစ်လာခဲ့တယ်လေ “
ညီအစ်ကိုတော်အဖွဲ့၏အိမ်နှင့် ကားငယ်တို့အကြားတွင် လူငယ်တစ်ဦးနှင့် လူလတ်ပိုင်းတစ်ဦးတို့သည် အနီးကပ်ထောက်လှမ်းမှု ပုံစံတစ်ခုကို လုပ်ဆောင်နေသည့်အလားပင် မာစတာအိပ်ခန်းကို စူးစူးစိုက်စိုက် ကြည့်နေကြပေသည်။
ထို့နောက်တွင် လူငယ်က ဆိုသည်...” ဆရာ... ကျွန်တော်တို့က ဘာကိုစောင့်နေတာလဲ။ ကျွန်တော်တို့က ဒီကောင်တွေကို ဘာကြောင့်မလို့ မဖမ်းရတာလဲ “
အသက်လတ်ပိုင်းလူက စီးကရက်ကို တစ်ဖွာမှုတ်ထုတ်ကာ ဆိုလေသည်...” ငါတို့က သက်သေတွေ စုဆောင်းဖို့အတွက် ဒီနေရာကို ရောက်နေတာလေကွာ။ ဒီလူတွေကို ဖမ်းမယ် ၊ မဖမ်းဘူးဆိုတဲ့ ဆုံးဖြတ်ချက်က ငါတို့ရဲ့ အထက်အရာရှိတွေအပေါ်မှာပဲ မူတည်နေတာဆိုတော့ အနည်းဆုံးတော့ ဒီကိစ္စက မင်း ပူပန်နေရမဲ့အရာမျိုး မဟုတ်ပါဘူးကွာ “
“ ဒါပေမဲ့ ဒီဟာက ဆင့်ပွားစနစ်နဲ့ ဈေးကွက်ချဲ့နေတာ ( Multi-leveled Marketing / MLM) အရှင်းကြီးပဲလေ။ မနေ့ကလဲ ကောလိပ်ကျောင်းသားတွေကို အဲ့ဒီအထဲ သွတ်သွင်းဖို့အတွက် လှည့်စားနေတာကို ကျွန်တော် တွေ့နေရတုန်းပဲ။ ကျွန်တော်တို့က ဘယ်လိုဖြစ်ပြီး အရေးတာမျိုးမလုပ်ဘဲ ထိုင်ကြည့်နေရတာလဲ “ လူငယ်က စောဒကတက်လိုက်သည်။
အသက်လတ်ပိုင်းလူ စကားမပြောနိုင်လိုက်မီမှာပင် အမျိုးသားနှင့်အမျိုးသမီး တစ်ဒါဇင်ခန့်တို့က အော်ဟစ်ကာ အခန်းထဲမှ ပြေးထွက်လာကြပေသည်။ စက္ကန့်အနည်းငယ်ခန့် အကြာတွင်မူ ပိုမိုများပြားသော လူများစွာတို့သည် ရှေ့မှလူများအတိုင်း ဟစ်အော်ကာ အခန်းထဲမှ စုပြုံကာ ပြေးထွက်လာကြလေ၏။
“ ဘာတွေဖြစ်နေတာလဲ “
သူတို့နှစ်ဦး မတုန့်ပြန်နိုင်မီမှာပင် လူအများသည် ကပ်ဘေးတစ်ခု ကြုံနေရသည့်အလား ထိတ်လန့်တကြား အမူအရာများဖြင့် နေရာအနှံ့သို့ ထွက်ပြေးသွားခဲ့ကြသည်။
လင်းချန် ပြေးထွက်သွားပြီး အမျိုးသားတစ်ဦးကို တားဆီးကာ မေးလိုက်လေသည်...” ဘာတွေဖြစ်နေတာလဲ။ ဘာကြောင့်မလို့ ခင်ဗျားတို့အားလုံး ပြေးထွက်လာရတာလဲ “
“ နတ်ဆိုး... ကာတွန်းရုပ်ပြောင် နတ်ဆိုးတစ်ကောင် ရှိနေတယ် “ အမျိုးသားက အော်ဟစ်ကာ ထွက်ပြေးသွားခဲ့လေပြီး လူငယ်မှာ စိတ်ရှုပ်ထွေးလျက်သား ကျန်ရစ်ခဲ့ရပေသည်။
“ ဆရာ... ကျွန်တော်တို့တွေ ဘာလုပ်သင့်လဲ “
အသက်လတ်ပိုင်းလူက ဆိုလေသည်...” အရင်ဆုံး ငါတို့ရဲ့ အထက်လူကြီးတွေဆီ တင်ပြမယ်။ ဘာကိုမှ အလျင်စလိုမလုပ်နဲ့ “
လူငယ်သည် အသက်လတ်ပိုင်းလူက ဖုန်းခေါ်ဆိုနေသည်ကို စိတ်ပျက်လက်ပျက် ကြည့်နေခဲ့သည်။ လူငယ်က လူများ တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်ကို ကြည့်နေရင်းဖြင့် နောက်ဆုံးတွင် သူ၏ဆရာမှာ ဖုန်းခေါ်ဆိုမှု ပြီးဆုံးသွားခဲ့သည်။
လူငယ်က မေးလိုက်သည်...” ဒါဆို ကျွန်တော်တို့က ဘာလုပ်သင့်လဲ “
သူ၏ဆရာဖြစ်သူက မျက်မှောင်ကုတ်ကာ တုန့်ပြန်လာခဲ့သည်...” ထပ်စောင့်နေရင်းနဲ့ မူမမှန်တဲ့အရာတွေ ရှိနေဦးမလားဆိုတာ စောင့်ကြည့်ကြတာပေါ့ “
“ ကျွန်တော်တို့ရဲ့ အထက်လူကြီးတွေ ဘာတွေတွေးနေကြတာလဲ “ လူငယ်က ဒေါသတကြီးဆိုလိုက်သည်...” သူတို့က ဒီအမှိုက်သရိုက်တွေကို လွှတ်ပေးမလို့လား “
“ မင်း စိတ်လိုက်မာန်ပါ မလုပ်နဲ့နော်။ သူတို့တွေ ဒီလိုဖြစ်တာက အကြောင်းတစ်ခုခု ရှိနေလိမ့်မယ် “ အသက်လတ်ပိုင်းလူက ထိုသို့ပြောလိုက်သော်လဲ သူတို့အား အဘယ်ကြောင့် စောင့်ခိုင်းထားကြောင်းကို နားမလည်ခဲ့ပေ။
ထိုစဥ်တွင် လူငယ် မာစတာအိပ်ခန်း၏ တံခါးပေါက်ဆီသို့ လှမ်းကြည့်လိုက်လေသည်။ နှာခေါင်းစည်း ဝတ်ဆင်ထားပြီး အိတ်ကြီးတစ်လုံး လွယ်ထားသော အမျိုးသားတစ်ဦးက ကြောင်ဝတုတ်တစ်ကောင်နှင့်အတူ ထွက်လာပေသည်။
လူငယ်က လွန်စွာပင် သင်္ကာမကင်းဖြစ်လာကာ ထိန်းချုပ်မထားတော့ဘဲ ထိုအမျိုးသားဆီသို့ ပြေးသွားလေသည်။
အသက်လတ်ပိုင်းလူက ယင်းအဖြစ်ကို မြင်တွေ့သွားပြီး လူငယ်ကို ဆွဲထားရန်ကြိုးပမ်းလိုက်သည်။
“ ရပ်စမ်း လင်းချန်။ မင်း ဘာတွေလုပ်နေတာလဲ “
သို့သော် လျင်မြန်သော ချိန်ညှိမှုနှင့်အတူ လင်းချန်က အသက်လတ်ပိုင်းလူ၏ ဖမ်းဆုပ်မှုကို ရှောင်တိမ်းသွားနိုင်ခဲ့သည်။
“ ခုချက်ချင်း ရပ်လိုက်စမ်း “ လင်းချန်က ကျောက်ယောင်ကို လက်ညှိုးထိုးကာ ပြောလိုက်လေသည်။ လင်းချန်က ကျောက်ယောင်ဆီသို့ အပြေးအလွှား သွားခဲ့လေပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် ကျောက်ယောင်၏ကော်လံကို ဆွဲမိသွားကာ ဖမ်းဆီးရန်အတွက် အသင့်ဖြစ်သွားခဲ့သည်။
လင်းချန်သည် ဆင့်ပွားစနစ်ဖြင့် ဈေးကွက်ချဲ့ထွင်နေသော ဗျူဟာကို အသုံးပြုနေကြသူများကို လုံးဝသက်ညှာနေမည် မဟုတ်သလို ၎င်းတို့အား ထိခိုက်မသွားစေရန်အတွက်လဲ ထိန်းထားနေမည်မဟုတ်ပေ။
အသက်လတ်ပိုင်းလူမှာ လင်းချန်၏ အလျင်စလိုပြုမူပုံကြောင့် စိတ်မွန်းကျပ်သွားရကာ တွေးလိုက်လေသည်...” ထပဖြစ်ပြန်ပြီကွာ... ဒီကောင်လေးက ထိန်းလို့ကိုမရဘူး “
အသက်လတ်ပိုင်းလူ စိတ်ပျက်နေသော်လဲ မျက်စိစုံမှိတ်ကာ ဆုတောင်းလိုက်သည်...” ဘယ်သူ့ကိုမှ မထိခိုက်ပါစေနဲ့။ ဘယ်သူ့ကိုမှ မထိခိုက်ပါစေနဲ့ “
ကျောက်ယောင်သည် လျင်မြန်စွာတိုးကပ်လာသည့် လင်းချန်ကိုကြည့်ကာ မျက်မှောင်ကုတ်လိုက်သည်။
ရှေ့သို့ တိုးဝင်လာခြင်းကြောင့် သူ၏မျက်နှာအား လေများက အားကောင်းစွာ ရိုက်ခတ်နေပေသည်။ လေထုထဲတွင် ယောက်ျားဆန်သော အားကောင်းမှုတစ်ခု ရစ်ဝဲနေလျက်ရှိပြီး ရှေ့တွင်ရှိနေသည့် ရန်သူတွင် အံ့မခန်းခွန်အားများ ရှိနေသည်ဟု သူ၏ခန္ဓာကိုယ်မှ အာရုံခံအင်္ဂါရပ်များက ပြောပြနေပေသည်။ ရန်သူသည် မြေပြင်အား ဒေါသတကြီး ခြေဆောင့်နင်းလာနေပေသောကြောင့် မြေပြင်တွင် သေးငယ်သော တုန်ခါမှုများ ဖြစ်နေလျက်ရှိပြီး တိုက်ခိုက်မှုအတွက် အားအင်စုဆောင်းနေပေ၏။
ကျောက်ယောင် အံ့ဩသွားကာ... “ ဒီကောင်က ညီအစ်ကိုတော်အဖွဲ့ရဲ့ အခြားအဖွဲ့ဝင်တစ်ဦးတော့ မဟုတ်ဘူးမလား “
လင်းချန် နီးကပ်လယသည်ကို ကြည့်နေရင်းဖြင့် ကျောက်ယောင်ကလဲ ထိန်းချုပ်ထားရန် အစီအစဥ်မရှိတော့ပေ။
ထို့နောက်တွင် ကျယ်လောင်သော မြည်ဟီးသံတစ်ခုနှင့်အတူ လင်းချန် မီတာအနည်းငယ်ခန့် လွင့်စဥ်သွားကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာကျသွားလေသည်။
လင်းချန် ထချင်ခဲ့သော်လဲ ရင်ဘက်တွင် စူးရှသောနာကျင်မှုကို ခံစားလိုက်ရသည်။ လင်းချန် လေအေးများ တစ်ချက်ရှုသွင်းပြီးသည့်တိုင်အောင် ထနိုင်ခြင်းမရှိသေးပေ။
အသက်လတ်ပိုင်းလူက လင်းချန်ကို ပြေးထူပေးကာ အဆင်ပြေသည်လားဟု မေးလိုက်လေသည်။
လင်းချန်က ကပျာကယာ မေးလိုက်သည်...” ဟိုကောင်စုတ် ဘယ်မှာလဲ “
အသက်လတ်ပိုင်းလူက ကျောက်ယောင်ကို လိုက်ရှာကြည့်လိုက်သော်လဲ အရိပ်အယောင်ပင် မမြင်ရတော့ပေ။ သူသည် အဖြစ်အပျက်များကြောင့် မှင်တက်မိနေပြီးနောက် တုန့်ပြန်လိုက်လေသည်...” ဒီကောင်က ဘယ်သူများလဲ။ ဒီကောင်က မင်းလို ချန်ပီယံတစ်ယောက်ကို ဘယ်လိုများ ရိုက်နိုင်ခဲ့တာလဲ “
စကားပြောနိုင်ရုံမျှသာရှိသည့် လင်းချန်က ရေရွတ်လိုက်လေသည်...” ဒီကောင့်ရဲ့ လှုပ်ရှားမှုတွေက အရမ်းမြန်လွန်းတယ်။ ကျွန်တော်က ဒီတစ်ကြိမ်မှာ ဂရုမဲ့သွားခဲ့တယ်။ နောက်တစ်ခါ ကျွန်တော်တို့ ပြန်တွေ့မဲ့အချိန်ကို စောင့်ကြည့်နေလိုက်။ ကျွန်တော်က.....”
လင်းချန် စကားမဆုံးသေးမီမှာပင် ကျောက်ယောင်၏ ပြင်းထန်သော လက်သီးချက်ကြောင့် အသက်ရှုမဝဖြစ်ကာ သတိလစ်သွားခဲ့သည်။
နာရီအနည်းငယ်ခန့် ကြာပြီးသည့်နောက်တွင် လင်းချန် မျက်ဝန်းများ ဖြည်းညင်းစွာပွင့်လာသည်။ အဖြူရောင် မျက်နှာကျတ်ကို ကြည့်နေရင်းဖြင့် သူ၏ခန္ဓာကိုယ်အား တည့်မတ်လိုက်ရာ ရင်ဘက်တွင် စူးရှသောနာကျင်မှုကိုသာ ခံစားလိုက်ရသည်။
“ ငါ အဲ့ဒါက မှတ်မိတယ် “
“ မင်း သတိရလာပြီလား “
လင်းချန် လှမ်းကြည့်လိုက်ရာ ကုတင်၏ရှေ့တွင် လူလတ်ပိုင်းအရွယ် ကတုံးတစ်ယောက် ထိုင်နေလျက်ရှိပြီး သူ့အား စိတ်ဝင်တစား ကြည့်နေသည်ကို မြင်လိုက်ရသည်။
“ မင်း အဲ့ဒီမွန်းစတားကောင်ရဲ့ တိုက်ခိုက်မှုကနေ အသက်ရှင်နိုင်ခဲ့တာ ကံကောင်းတာပဲ “ ကတုံးပြောင် အသက်လတ်ပိုင်းလူက ဆိုသည်...” ဒါနဲ့ မင်းကို တိုက်ခိုက်လိုက်တဲ့သူက ဘယ်သူလဲဆိုတာကို မှတ်မိသေးလား “
လင်းချန် မျက်လုံးမှိတ်ကာ မှတ်မိလာစေရန် အကောင်းဆုံး ကြိုးစားလိုက်လေသည်။ နောက်ဆုံးတွင်မူ သူ၏စိတ်ထဲတွင် နှာခေါင်းစည်းဝတ်ထားပြီး ကျောတွင် အိတ်ကြီးတစ်လုံး လွယ်ထားသော ကျောက်ယောင်၏ပုံစံ တဖြည်းဖြည်းချင်း ပေါ်ထွက်လာပေ၏။
သူက ကတုံးပြောင်လူကို ကြည့်ကာ ဆိုလိုက်သည်...” ဒီကောင့်ကို ဖမ်းချင်လို့လား “
ကတုံးပြောင်လူက ပြုံးပြကာဆိုသည်...” ဒါက လျှို့ဝှက်ချက်ပဲ။ ငါ့မှာ မှတ်ချက်ပေးစရာ မရှိဘူး “
လင်းချန် စူးစိုက်ကြည့်ကာ ဆိုလိုက်လေ၏...” ကျွန်တော့်ကိုပါ ခေါ်သွားပေးပါ။ ကျွန်တော် သိထားသမျှအားလုံး ပြောပြပေးမယ် “
“ မင်းကိုယ်မင်း အထင်ကြီးလွန်းမနေနဲ့။ ဖြစ်သွားတာတွေက အသေးအဖွဲ့လေးတွေပဲဆိုတော့ အဲ့ဒီကောင် ထွက်ပြေးသွားရင်တောင် ပြဿနာမရှိဘူး “
ကတုံးပြောင်လူ စတင်ကာ စကားပြောရန်ပြုလိုက်စဥ်တွင် ဆေးရုံအဆောက်အဦတစ်ခုလုံ ပြင်းထန်စွာတုန်ခါသွားလေ၏။
“ ထပ်ဖြစ်ပြန်ပြီလား။ ချီးလိုပဲကွာ... အကြိမ်ရေတွေ ပိုပိုပြီးစိပ်လာပြီ။ ဒီအတိုင်း ဆက်ဖြစ်နေမယ်ဆိုရင်..... “
အပိုင်း ၃၉
ချက်ဂရု
အခြားတစ်နေရာတွင်မူ ကျောက်ယောင်က ကြောင်သုံးကောင်ကို သယ်လာရင်းဖြင့် ကင်မရာမျိုးစုံနှင့် စောင့်ကြည့်ရေးစနစ်များကို ရှောင်ရှားနေပေသည်။ သူသည် လမ်းအနည်းငယ်ခန့်အကွာတွင် ပါကင်ထိုးထားခဲ့သည့် Panamera ဆီသို့ အရောက်ပြန်သွားနိုင်ခဲ့လေ၏။ သူ တဖြည်းဖြည်းချင်း သက်တောင့်သက်သာဖြစ်သွား အိမ်သို့ ချောချောမွေ့မွေ့ ပြန်ရောက်သွားခဲ့သည်။
အိမ်သို့ရောက်သောအခါတွင် လီဟွား ဝမ်းသာပျော်ရွှင်သွားကာ ဆိုဖာပေါ်တွင် လဲလျောင်းနေပေသည်။ သူက ခပ်ဖွဖွဆိုလိုက်သည်...” အိမ်ထက် သက်တောင့်သက်သာ ရှိနေတဲ့နေရာ မရှိတော့ဘူး “
အဲလီဇဘက်က သူမ၏ပုံမှန်နေရာဖြစ်သည့် ပြတင်းပေါက်အနီးတွင် ထိုင်နေလျက်ရှိပြီး ကျောက်ယောင်က သူမအတွက် ဖုန်းတစ်လုံး ဝယ်ပေးလိမ့်မည်ဟု မျှော်လင့်နေပေသည်။
ဝတုတ်ကမူ ကြောက်ရွံ့နေလျက်ရှိပြီး ကျောက်ယောင်၏ ခြေထောက်နားတွင် ရပ်နေပေသည်။ သရက်သီးလေးက ဝတုတ်ကို သေချာစူးစမ်းကာ အနံ့ခံကြည့်နေပေ၏။ သရက်သီးလေး အိမ်သို့ရောက်လာသည့် ကြောင်အသစ်တစ်ကောင်ကို အလွန်ပင် စိတ်ဝင်စားနေကြောင်း သိသာပေသည်။
ကျောက်ယောင်က ဝတုတ်၏ ဦးခေါင်းကိုပုတ်ကာ ဆိုလိုက်သည်...” Wifi လျှို့ဝှက်နံပါတ်က xxxxxx ပဲ။ ငါ့ကို fri add ပြီး WeChat ဂရုထဲကို ထည့်ပေးဖို့ မမေ့နဲ့ဦး “
ထို့နောက်တွင် ကျောက်ယောင်က လေလွင့်ကြောင်များ၏ အခန်းဆီသို့ သွားလိုက်လေသည်။ သူ အခန်းထဲသို့ ဝင်လာသောအခါတွင် တစ်ဒါဇင်ကျော်ခန့်သော ကြောင်များက မြောင်အော်သံများပေးကာ သူ့အနီးသို့ ရောက်လာကြသည်။
“ ကောင်းတယ်... မင်းတို့တွေ နေ့လည်စာ စားလိုက်ကြဦး “
ကြောင်များကို နေ့လည်စာ ဝေမျှပေးပြီးနောက်တွင် ကျောက်ယောင် ဆိုဖာပေါ်တွင် လဲလျောင်းကာ စာအုပ်၏မျက်နှာပြင်ကို ကြည့်လိုက်သည်။ ညီအစ်ကိုတော်အဖွဲ့အတွက် တာဝန်က ပြီးမြောက်သွားပြီဖြစ်ပြီး သူ အတွေ့အကြုံအမှတ် ၂၀၀ ရရှိခဲ့သည်။
“ စာအုပ်ကို အဆင့် ၃ မြင့်တင်ဖို့အတွက် နောက်ထပ် အတွေ့အကြုံအမှတ် ၉၀၀ လိုသေးတယ်။ အမှတ်နှစ်ရာကို စာအုပ်အတွက် သုံးလိုက်မယ်ဆိုရင် စာအုပ် အဆင့်တက်ဖို့က အတော်လိုဦးမယ်။ အမှတ်တွေကို လီဟွား ဒါမှမဟုတ် အဲလီဇဘက်အတွက် သုံးလိုက်မယ်ဆိုရင် သူတို့တွေ ချက်ချင်း အဆင့်တက်သွားလိမ့်မယ် “
ကျောက်ယောင်က လီဟွားနှင့် အဲလီဇဘက်တို့အား ကြည့်လိုက်ရာ နှစ်ကောင်စလုံး အဆင့် ၃ သို့ မြင့်တင်ရန်အတွက် အမှတ် ၉၀ စီသာ လိုအပ်ကြောင်း သိလိုက်ရလေ၏။
ကျောက်ယောင် တွေးလိုက်သည်...” ငါသာ စာအုပ်ကို အဆင့်မြင့်လိုက်မယ်ဆိုရင် ပိုများတဲ့စွမ်းရည်တွေ အမြန်ဆုံးရလာလိမ့်မယ်။ ဒါပေမဲ့ အဲ့ဒါက အချိန်တွေ အများကြီးယူရလိမ့်မယ်။ လီဟွားကို အဆင့်မြင့်ပေးလိုက်မယ်ဆိုရင် ငါက တိုက်ခိုက်ရေးစွမ်းရည်တွေ အမြန်ဆုံး တိုးပွားလာလိမ့်မယ် “
ကျန်းမန်မြို့ထဲတွင် စူပါကြောင်များ အသစ်ထပ်မံထွက်ပေါ်လာကြောင်း မြင်ခဲ့ရချိန်တွင်မူ ကျောက်ယောင်မှာ မဖြစ်မနေပင် စွမ်းအားများ ပိုမိုရရှိရန် လိုအပ်လာသည်ဟု ခံစားရပေသည်။ သူ့အတွက်မူ စွမ်းအားများက သူ့ကိုယ်သူအား ကာကွယ်ရန်နှင့် သူ၏ကြောင်များကို ကာကွယ်ပေးရန်အတွက်သာ ဖြစ်ပေသည်။ ထိုအရည်အသွေးများနှင့် စွမ်းအားများကို အားထားမှသာ သူ့အဖို့ ထိုကိစ္စရပ်များကို စွမ်းနိုင်ပေမည်။
လက်ရှိ သူ၏စူပါကြောင်များ အကြားတွင် လီဟွား၏စွမ်းရည်က အားအကောင်းဆုံးဖြစ်သည်မှာ ထင်ရှားပေသည်။
ထိုမျှအထိ တွေးပြီးသည့်နောက်တွင် ကျောက်ယောင် ထပ်မံတွေဝေနေခြင်း မရှိတော့လေဘဲ လီဟွားထံတွင် အတွေ့အကြုံအမှတ်များ အသုံးပြုကာ အဆင့် ၃ သို့ မြင့်တင်လိုက်လေသည်။
အဆင့် ၂ မှ အဆင့် ၃ သို့ မြင့်တင်လိုက်ချိန်တွင် စကေးပုံစံ ထပ်မံကာပွင့်သွားခဲ့သည်။ ယခင်က အဆင့် ၂ စကေးကို ရွေးချယ်ထားခဲ့သည်ဖြစ်ပြီး ယခုတွင် ပြန်ပြောင်းလဲရန် မဖြစ်နိုင်တော့ပေ။ ကျောက်ယောင်သည် အဆင့် ၃ တွင် ရရှိနိုင်သည့် စကေးနှစ်ခုကို အာရုံစိုက်လိုက်သည်။
ရေဆူအမှတ် - အချိန်ရပ်နေချိန်တွင် အသုံးပြုသူသည် အကျိုးပြုစွမ်းအင် ရရှိနိုင်ပြီး ရုပ်ခန္ဓာကိုယ်က အမြန်နှုန်းများ နှစ်ဆဖြစ်သွားစေသည့်ရလဒ် ဖြစ်ပေါ်စေမည်။
အချိန်စီးဆင်းမှုဖြိုခွဲခြင်း - ပြိုင်ဘက်၏ အချိန်အာရုံခံနိုင်မှုကို ဖြတ်တောက်ပစ်ရန် ကြီးမားသော စွမ်းအားတစ်ခု ထုတ်လွှတ်ပေးမည်။
ကျောက်ယောင်က စွမ်းရည်နှစ်ခု၏ အညွှန်းများကို အကဲခတ်ကြည့်နေသည်။ ပထမစွမ်းရည်၏ ရှင်းပြချက်များက အလွန်တရာပင် ရှင်းလင်းလှပေသည်။ ထိုအစွမ်းသည် အချိန်ရပ်အစွမ်းကို နှစ်ဆသက်ရောက်စေမည် ဖြစ်ပေ၏။ ဒုတိယစွမ်းရည်က ပိုမို၍ပင် စိတ်ရှုပ်ဖွယ်ကောင်းသည်။ ကျောက်ယောင်သည် အချိန်အာရုံခံနိုင်မှုကို ဖြတ်တောက်ခြင်းအား နားမလည်သလို အခြားသောရှင်းပြချက်လဲ ရှိမနေပေ။
ကျောက်ယောင် တစ်ခဏမျှ တွေးပြီးသည့်နောက်တွင် ရေဆူအမှတ်အား ရွေးချယ်ရန် ဆုံးဖြတ်လိုက်သည်။
ထိုစွမ်းရည်ကို ရွေးချယ်ပြီးသည့်နောက် ကျောက်ယောင်က ထိုစွမ်းရည်ကို နှိုးဆွလိုက်သည်။ သူ ဘေးပတ်လည်မှ အရာအားလုံး အေးခဲသွားသည်ကို မြင်သောအခါတွင် သူ၏လက်အား အသာလှုပ်ရှားကြည့်လိုက်ရာ ယခင်ကထက် ပိုမိုပေါ့ပါးကာ သက်သောင့်သက်သာ ရှိနေကြောင်းကို ခံစားလိုက်ရပေသည်။
သူ၏လက်အား အသာလှုပ်လိုက်စဥ်တွင် သူ၏ရှေ့မှောက်၌ လက်က လျှပ်ပြက်သည့်နှယ် လှုပ်ရှားနေသည်ဟု ခံစားရပေသည်။ သူ ခြေလှမ်းအနည်းငယ်ခန့် လှမ်းလိုက်လေရာ ထမင်းစားခန်းထဲသို့ ရောက်ရှိသွားကြောင်း မြင်လိုက်ရသည်။
“ ခန္ဓာကိုယ်ရဲ့ အမြန်နှုန်းတင်မကဘူး ငါ့ရဲ့အတွေးတွေလဲ မြန်ဆန်လာတာပဲဟ “ ကျောက်ယောင် ခပ်ဖွဖွပြုံးကာ...” ဒီစွမ်းရည်ကို အချိန်ဘယ်လောက်အထိ ထုတ်ဖော်နိုင်သလဲ ဆိုတာကိုပဲ သေချာမသိရသေးဘူး “
ကျောက်ယောင် ထိုအကြောင်းကိုတွေးကာ ဆိုဖာပေါ်တွင် လက်သီးတစ်ချက် ထိုးလိုက်လေသည်။
အချိန်ပြန်လည်သွားချိန်၌ ဆိုဖာထံမှ မိုးကြိုးပစ်သံအလား ကျယ်လောင်သော မြည်ဟီးသံတစ်ခု ထွက်ပေါ်လာသည်။ ကျောက်ယောင် ဆိုဖာအား ထပ်မံကာထိုးလိုက်သော်လဲ ထွက်လာသည့် အသံမှာမူ သေးငယ်လှပြီး ယခင်အသံနှင့် များစွာကွာခြားပေသည်။
“ တကယ်ပဲကိုး... အမြန်နှုန်း တိုးလာရုံတင်မဟုတ်ဘဲ လက်သီးချက်က အမြန်နှုန်းနှစ်ဆနဲ့ သက်ရောက်ချိန်မှာ ခွန်အားကလဲ နှစ်ဆတိုးလာတာပဲကိုး “
ပိုမြန်လေလေ ပိုမိုအားကောင်းလေလေပင်။
သူသည် ထိုစွမ်းရည်၏နောက်ကွယ်မှ အကြောင်းအရာကို မသိသော်ငြားလဲ လှုပ်ရှားမှုအမြန်နှုန်းများ ပိုမြန်လာခဲ့ခြင်းကြောင့် စွမ်းအားများလဲ အဆအနည်းငယ်ခန့် တိုးပွားလာပေသည်။
ရေဆူအမှတ်ထံမှ အမြန်နှုန်းအသစ်နှင့် နတ်သားရဲတစ်ကောင်၏ ခွန်အားတို့နှင့်သာ ဆိုပါက အချိန်ရပ်ထားစဥ်အတွင်း၌ ကျောက်ယောင်က ပိုမို၍ပင် အစွမ်းထက်လာပေလိမ့်မည်။
ကျောက်ယောင်ကြောင့် ထိတ်လန့်သွားသည့် ဝတုတ်က ဦးခေါင်းအား လက်ဖြင့်အုပ်ကာ အော်လိုက်သည်...” ငါ့ကို မရိုက်ပါနဲ့ ၊ ငါ့ကို မရိုက်ပါနဲ့။ ကျေးဇူးပြုပြီး ငါ့ကို မရိုက်ပါနဲ့။ ငါ မင်းကို WeChat ဂရုထဲ ထည့်ပေးပြီးပါပြီ “
ကျောက်ယောင်က ဝတုတ်၏ခေါင်းကို ကိုင်ကာ ဆိုလိုက်သည်...” မစိုးရိမ်ပါနဲ့။ ဒီအိမ်ထဲမှာ နေရာအနှံ့ သေးပေါက်တာ ဒါမှမဟုတ် အညစ်အကျေးစွန့်တာတွေ မလုပ်သရွေ့တော့ မင်းက ဆိုဖာကို စုတ်ဖြဲပစ်တာ ဒါမှမဟုတ် ဝါယာကြိုးတွေကို ကိုက်ပစ်တာမျိုးတွေ လုပ်ရင်တောင် အရိုက်ခံရမှာမဟုတ်ဘူး “
ထိုစဥ် ဝတုတ်၏အစာအိမ်ထံမှ ကျယ်လောင်သော မြည်သံတစ်ခု ထွက်ပေါ်လာသည်။ ဝတုတ်က ကျောက်ယောင်ကို မျက်လုံးအဝိုင်းသားဖြင့် ကြည့်ကာ..” ငါ ဗိုက်ဆာနေပြီ။ ငါ အစာနည်းနည်းလောက် စားလို့ရမလား “
“ မင်း ညီအစ်ကိုတော်အဖွဲ့မှာ စားခဲ့တယ်မဟုတ်ဘူးလား။ ဘယ်လိုဖြစ်ပြီး မင်းက မြန်မြန်ကြီး ဗိုက်ဆာလာရတာလဲ “ ကျောက်ယောင် ခေါင်းယမ်းကာ ဝတုတ်အတွက် ကြောင်စာပန်းကန်တစ်ချပ် ယူပေးလိုက်သည်။
ထို့နောက် သူ ဖုန်းဖွင့်လိုက်ပြီး WeChat အား ကြည့်လိုက်လေရာ သူနှင့် လီဟွားတို့က ဝတုတ်၏ WeChat နှင့် အမှန်တကယ်ပင် add ထားကြောင်း မြင်လိုက်ရပေသည်။
အဆိုပါ WeChat ဂရုထဲတွင် စူပါကြောင်များ ရှိနိုင်လောက်သော်လဲ ထိုဂရုက အမှန်တကယ်ပင် သာမန်ဆန်ကာ ပေါ့ပေါ့ပါးပါး ရှိပေသည်။ ယင်းက လူတိုင်း စကားပြော၍ရသည့် ဂရုတစ်ခုသာ ဖြစ်ချေ၏။
ဝတုတ်က သူတို့၏အကောင့်များကို အုပ်ချုပ်သူအဖြစ် အသိအမှတ်ပြုပြီးသည့်နောက် သူတို့က ဂရုထဲသို့ ဝင်ခွင့်ရသွားကြသည်။
ကိုလူချော ဂရုထဲသို့ ရောက်ရှိလာသည်။
အသန်မာဆုံးလုပန်း ဂရုထဲသို့ ရောက်ရှိလာသည်။
သူတို့ ဂရုထဲသို့ ရောက်ရှိသွားချိန်၌ မန်ဘာအချို့က စတင်ကာ စကားပြောလာသည်။
အိုင်ဒီအမည် မြောင်ဂစ်ဆွန်ဟူသော အက်ဒမင်တစ်ဦးက ဆိုလာသည်...” ကြိုဆိုပါတယ် မန်ဘာအသစ်လေးတွေ။ လူသားလား ကြောင်လား။ ယောက်ျားလား မိန်းမလား “
“ မင်းတို့ရဲ့ ပုံတွေပြကြပါ “ ကျားသစ်ခေါင်းက ဆိုသည်...” @ဝကစ်ကစ် လုပ်ကြံသူလုပန်း... မင်းရဲ့ပြိုင်ဘက်တွေ ရောက်လာပြီ “
No.1 ငါးခြောက်ပြားဟူသည့် မန်ဘာက ဆိုလေသည်...” Mobile Legends ကြိုက်တဲ့ နောက်တစ်ယောက်လား။ သိပ်ကောင်းတယ်... အခု ငါတို့တွေ အဖွဲ့တစ်ခု ဖွဲ့လို့ရပြီ “
No.1 ငါးခြောက်ပြားနှင့် ဝကစ်ကစ် လုပ်ကြံသူလုပန်းတို့ Mobile Legends ကစားရသည်ကို နှစ်သက်ကြကြောင်း သိသာပေသည်။
ကျောက်ယောင် မပြောရသေးမီမှာပင် လီဟွားက စာပို့ထားပြီးခဲ့ချေပြီ။
အသန်မာဆုံးလုပန်း... “ မင်းတို့က ကစားတာ တော်လို့လား။ ငါ့ကို ဆွဲမချကြနဲ့နော်။ ငါက အခြားလေးယောက်ကို ဆွဲခေါ်သွားပေးမယ် “
ကျောက်ယောင် မျက်ဖြူလန်ပြကာ ဂရုထဲမှ မန်ဘာများကို ကြည့်နေရင်းဖြင့် တွေးလိုက်လေသည်...” အခုဆို သူတို့တွေက ဖုန်းမျက်နှာပြင်ရဲ့ အခြားတစ်ဖက်မှာ ဘယ်သူတွေ ရှိနေတယ်ဆိုတာကို သိမှာမဟုတ်လောက်ဘူး “
ထိုစဥ် ဝကစ်ကစ် လုပ်ကြံသူလုပန်းက စာပြန်လာသည်...” လူသစ်က အတော်ရိုင်းလှပါ့လား။ ငါ လုပန်းတွေကို အရေအတွက်ဘယ်လောက်အထိ သတ်ထားလဲဆိုတာ မင်းသိရဲ့လား “
အသန်မာဆုံးလုပန်း - “ လာစမ်းပါ... ဘိုင်ဝမ်းဆွဲမယ် “
ဝကစ်ကစ် လုပ်ကြံသူလုပန်း - “ ဟားဟားဟား... ညီနောင်ရေ... ငါတော့ မင်းရဲ့ ငိုနေတဲ့မျက်နှာကြီးကို မြင်ယောင်မိနေပြီ “
အသန်မာဆုံးလုပန်း - “ ဟားဟားဟား... ကိုယ့်လူရေ... ငါတော့ မင်း ဒေါသထွက်ပြီး ဖုန်းကို ရိုက်ခွဲပစ်တဲ့အသံကို ကြားယောင်မိနေပြီနော် “
ဝကစ်ကစ် လုပ်ကြံသူလုပန်း - “ မင်းနဲ့ တစ်ကိုယ်တော်မြေပုံပေါ်မှာ (solo map) တွေ့မယ်။ ရှုံးတဲ့သူက နိုင်တဲ့သူကို ဖေဖေ ခေါ်ရမယ် “
ထို့နောက်တွင် ဝကစ်ကစ် လုပ်ကြံသူလုပန်းက ဖိတ်ခေါ်မှု ပြုလိုက်လေ၏။ ကျောက်ယောင်သည် ဖုန်းမျက်နှာပြင်ကို အသည်းအသန် နှိပ်နေသည့် လီဟွားကို ကြည့်နေလေသည်။
ကျားသစ်ခေါင်းက တုန့်ပြန်လာသည်...” အခြားလူသစ်ကရော ဘယ်လိုလဲ။ ကိုလူချောရေ... မင်းက ဘာကြောင့်မလို့ ဘာမှဝင်မပြောတာလဲ “
“ အမည်ကို ကြည့်ရသလောက်အရဆိုရင် မျိုးကောင်းမျိုးသန့် ကြောင်တစ်ကောင် ဖြစ်လောက်မယ် “ နံပါတ်တစ် ငါးခြောက်ပြားက ဆိုသည်...” ဘယ်လိုကြောင့် သူတို့အားလုံးက အတ္တကြီးနေရတာလဲ “
မြောင်ဂစ်ဆွန်က ဆိုသည်...” သူက စာရိုက်ဖို့ မသင်ရသေးတာ ဖြစ်လောက်မယ်။ ကျားသစ်ခေါင်း... မင်း ပထမဆုံးအကြိမ် ဝင်လာခဲ့တုန်းက အချိန်ကို မေ့သွားပြီလား။ မင်းက ဘယ်သူမှ နားမလည်တဲ့ အသံကိုပဲ ပို့နိုင်ခဲ့တာလေကွာ “
ကျားသစ်ခေါင်းက ဆိုသည်...” ဒါဆိုလဲ သူ စာရိုက်တတ်လာတဲ့အထိ စောင့်ပြီးမှပဲ သူ့ရဲ့ပုံကို ပို့ခိုင်းကြတာပေါ့ “
နံပါတ်တစ် ငါးခြောက်ပြားက ရုပ်ပြောင်စတေကာတစ်ခု ပို့ကာ ဆိုလိုက်သည်...” စာရိုက်တတ်အောင် အမြန်သင်စမ်းပါ အသစ်လေးရေ။ မင်းသာ စာမရိုက်တတ်ဘူးဆိုရင် ဒီလောကကြီးထဲမှာ ရှင်သန်နိုင်ဖို့အတွက် နည်းလမ်းမရှိဘူးနော် “
ကျားသစ်ခေါင်းက ဆိုသည်...” ချီးပဲ... နောက်ထပ် အော်ဒါတစ်ခု ရောက်လာပြန်ပြီ။ ငါ ချောပို့ သွားပို့ရတော့မယ် “
အနည်းငယ်ခန်သော မန်ဘာများ လိုင်းဆင်းသွားသည်ကို မြင်သောအခါတွင် ကျောက်ယောင် ဖုန်းကိုချကာ တွေးလိုက်လေသည်။
“ အတွေ့အကြုံအမှတ် တစ်ရာကျော် ကျန်သေးတယ်။ အဲလီဇဘက်ရဲ့ တိုက်ပွဲစွမ်းရည်တွေ တိုးတက်လာစေဖို့ အဲ့ဒီအမှတ်တွေကို သူ့ဆီမှာ သုံးလိုက်မယ် “
လီဟွားက အဆင့်တက်သွားခဲ့ကာ ကျောက်ယောင်ကို ပိုမိုသန်မာလာစေသည့် စကေးအသစ်အား သင်ယူထားခဲ့ပြီး ဖြစ်သည့်တိုင်အောင် သူ ကြည့်ဖူးထားခဲ့သည် ရုပ်ရှင်များနှင့် Anime များထဲမှ များစွာသော စွမ်းရည်များကို တွေးမိသွားချိန်တွင်မူ ကျောက်ယောင်မှာ ထိန်းမရစွာပင် စိုးရိမ်မိနေသည်။ အဲလီဇဘက်ကို အတွေ့အကြုံအမှတ်များ ပေးခဲ့လေပြီး သူမသည်လဲ အဆင့် ၃ သို့ ရောက်ရှိသွားခဲ့ပေသည်။
အဆင့် ၃ တွင် စွမ်းရည်အသစ်နှစ်မျိုး ပြသလာခဲ့သည်။
အာရုံငါးပါး ထိန်းချုပ်မှု - ပုံရိပ်ယောင် ထုတ်လွှတ်နေစဥ်အတွင် အမြင်အာရုံနှင့်အကြားအာရုံတို့ ထိန်းချုပ်ခံရခြင်းအပြင် အခြားသော အာရုံသုံးပါးထဲမှ တစ်ခုကိုလဲ ထိန်းချုပ်နိုင်မည်။
အဝေးမှထိန်းချုပ်ခြင်း - အမြင်အာရုံဖြင့် ထိန်းချုပ်ခံထားရသည့် ပစ်မှတ်များက တစ်မိနစ်ခန့် မြင်ကွင်းမှ ပျောက်ကွယ်သွားမည်။