← Chapters

အခန်း (၄၃-၄၅)

Vol. 3 Ch. 43-45

အခန်း (၄၃-၄၅)

Vol. 3 Ch. 43-45

အပိုင်း ၄၃

ငွေညှစ်ခြင်း

________________________________________

ကြောင်များသည် သတိကြီးသော သဘာဝရှိသည့် တိရိစ္ဆာန်အုပ်စုထဲတွင် ပါဝင်လေပြီး အများစုက အလွန်တရာပင် ကြောက်ရွံ့တွန့်ဆုတ်တတ်ကြပေသည်။ ၎င်းတို့က ပြဿနာအနည်းဆုံး နေရာများတွင်သာ ကွန်းခိုတတ်ကြပေ၏။

ကြောင်များ အနှစ်သက်ဆုံး နေရာများသည် လိုဏ်ဂူငယ်များနှင့် အသွင်တူသည့် နေရာငယ်များဖြစ်ပြီး ယင်းနေရာများက ၎င်းတို့အတွက် လုံခြုံစေသောခံစားချက် ရရှိစေပေသည်။ ထို့ကြောင့် ကြောင်အများစုသည် ကုတင်အောက် ၊ ဗီရိုပေါ်နှင့် သေတ္တာများပေါ်တွင်သာ နေတတ်ကြပေသည်။

ကြောင်များက အိမ်ထဲတွင် အနေကြာလာမှသာ ပတ်ဝန်းကျင်နှင့် တဖြည်းဖြည်းချင်း အသားကျလာပြီး ထိုအိမ်ကို အလုံခြုံဆုံးနေရာအဖြစ် သဘောထားလာကာ တဖြည်းဖြည်းချင်း ပိုမိုကာ စိတ်အေးလက်အေးဖြစ်လာတတ်ပေသည်။

ဝတုတ်က အလွန်တရာပင် ကြောက်ရွံ့တွန့်ဆုတ်တတ်သော ကြောင်တစ်ကောင်ဖြစ်ကြောင်း ထင်ရှားပေသည်။ ၎င်းတွင် ဝမ်းဗိုက်နက်ငယ်တစ်ခု ရှိနေသည့်တိုင်အောင် လူသားများ သို့မဟုတ် အခြားကြောင်များ၏ ရှေ့မှောက်တွင်မူ အားနည်းနေသည့်ဟန် ရှိတတ်ပေသည်။

လီဟွား၏ မျက်နှာပေါ်ရှိ စဥ်းလဲသောအပြုံးကို မြင်လိုက်ရချိန်တွင် ဝတုတ်၏ ဝဖြိုးသောခန္ဓာကိုယ် တုန်ယင်သွားရသည်။ သူက ဆိုသည်... " ငါ Mobile Legends မဆော့ဖူးဘူး "

" ဟုတ်လား " လီဟွားက လျှာသပ်ကာ... " ငါ မင်းကို သင်ပေးမယ်။ ဒါက ပျော်စရာကောင်းတယ် " လက်ရှိတွင် လီဟွားက လက်သည်းများထုတ်ကာ ကြမ်းပြင်အား ခေါက်နေပေသည်။ ကြည်လင်စူးရှသော အသံကြောင့် ဝတုတ် ထိတ်လန့်တုန်လှုပ်လာရပေ၏။

" ဝတုတ်...ဒီကာလအတွင်းမှာ ငါ ငွေရေးကြေးရေး အနည်းငယ် ကျပ်တည်းနေတယ်။ မင်း ငါ့ကို ငွေချေးပေးမလား "

" ဒါက ခြိမ်းခြောက်ပြီး ငွေတောင်းနေတာပဲ "

လီဟွား၏ ကြမ်းပြင်ကို ခေါက်နေသော လက်သည်းကို ကြည့်နေရင်းဖြင့် ဝတုတ်က ငိုမဲ့မဲ့မျက်နှာထားဖြင့် ဆိုလိုက်သည်... " ငါ... ငါ့မှာလဲ ငွေတွေ အများကြီးမရှိဘူး "

" ပြဿနာမရှိဘူး... မင်းက ငါ့အတွက် 28.8 Monthly Gift Box လေး ကူဝယ်ပေးရုံတင်ပါပဲ " လီဟွားက ချွန်ထက်သောသွားများ ဖြဲပြကာ..." ငါက မင်းကို အဆင့်ဇယားဝင်နိုင်အောင် ပြန်ကူညီပေးမယ် "

" ဒါပေမဲ့ ငါက Mobile Legends မဆော့ချင်ဘူးလေ။ ငါက အသားပေါင်းလေးပဲ စားချင်တာပါ " ဝတုတ်မှာမူ လီဟွား၏ ချွန်ထက်သောသွားများကို ကြည့်နေရင်းဖြင့် စိတ်ထဲရှိသောစကားများ မဆိုဝံ့ချေ။

ဝတုတ်က Monthly Gift Box ဝယ်မပေးသေးလေသောကြောင့် လီဟွား ခေါင်းစောင်းသွားကာ အမူအရာ သုန်မှုန်သွားပြီး မကျေမချမ်းဆိုသည်..." ဘာလဲ... ငါက မင်းရဲ့ပိုက်ဆံတွေကို ပြန်မပေးဘူးလို့ ထင်နေတာလား။ ဒီငွေပမာဏလောက်လေးကို ငါက ပြန်မပေးနိုင်ဘူးလို့ ထင်နေတာလား "

စကားဆိုရင်းဖြင့် လီဟွားက ကြမ်းပြင်ကို လက်သည်းဖြင့် ပွတ်ဆွဲလိုက်လေရာ စူးရှသောအသံများ ထွက်ပေါ်လာသည်။

" မ...မ...မဟုတ်ဘူး အဲ့ဒီလိုမဟုတ်ဘူး " ဝတုတ် တုန်ယင်သွားကာ လီဟွားအတွက် Monthly Gift Box ဝယ်ပေးလိုက်လေတော့သည်။

သူ ငွေပေးချေရန် အသုံးပြုနေသော အကောင့်အား ယခင် သခင်ဟောင်း၏ အချက်အလက်များကို သူ၏ ကိုယ်ပျောက်စွမ်းရည် အသုံးပြုကာ ခိုးယူခဲ့ပြီး ဖွင့်ထားခြင်းဖြစ်ပေသည်။ သခင်ဟောင်းနှင့် သခင်ဟောင်း၏အစ်ကို​တို့ ရှာဖွေထားသော ဒေါ်လာထောင်အနည်းခန့်ကို ဘဏ်အကောင့်ထဲတွင် စုထားကြပေသည်။ သခင်ဖြစ်သူက ငွေပေးချေအကောင့်ကို အသုံးမပြုပေသောကြောင့် ၎င်းတို့အဖို့ အချက်အလက်များကို ရှာတွေ့နိုင်မည်မဟုတ်ပေ။

မည်သို့ပစ်ဖြစ်စေ ဝတုတ်ကလဲ တဖြည်းဖြည်းချင်း စုလာခဲ့သည်မှာ ဒေါ်လာထောင်အနည်းခန့် ရှိခဲ့ပေပြီ။

" ဟားဟား...မင်းက တကယ်ကို ညီနောင်ကောင်းတစ်ယောက်ပဲ " လီဟွားသည် စိန်များနှင့် Monthly Gift Box တို့ကို ကြည့်ကာ ပြုံးလိုက်လေသည်။ သူ ဝတုတ်၏ဦးခေါင်းကို ပုတ်ကာ ဆိုသည်..." သွားကြစို့... ငါ မင်းကို ဦးဆောင်သူစာရင်းထဲ ဝင်နိုင်အောင် ကူညီပေးမယ် "

လီဟွားက ကျောက်ယောင် ဝယ်ပေးထားသော ဖုန်းကို ထုတ်ယူကာ ဆိုသည်..." သိပ်ကောင်းတယ်... ဒီကောင်လေးကို စမ်းကြည့်ကြမယ် "

" တစ်ယောက်က ငါ့ကို အစာ ပေးမစားဘူး။ နောက်တစ်ယောက်က ငါရဲ့ပိုက်ဆံတွေ လုသွားတယ် " ဝတုတ် ကျိတ်၍ဝမ်းနည်းနေပြီး အသံတိတ် ဟစ်အော်လိုက်သည်..." ဒီလူသားနဲ့ ဒီကြောင် နှစ်ကောင်စလုံးက လူမိုက်လူရမ်းကားတွေပဲ။ ငါ့ကို ဘယ်သူ ကယ်တင်မှာလဲ။ ငါ ဒီနေရာက ထွက်ပြေးမှဖြစ်မယ် "

...............

အခြားတစ်ဖက်တွင်မူ ကျောက်ယောင်သည် အဲလီဇဘက်နှင့်အတူ Panamera ကို မောင်းနှင်ကာ ရှောင်းရှီးယွီဆီသို့ သွားနေပေသည်။ Panamera သည် ပြိုင်ကားတစ်စီး မဟုတ်သော်လဲ ဒေါ်လာတစ်သန်း တန်ကြေးရှိပေသောကြောင့် လူအများစုအတွက် ဈေးကြီးလှပေသည်။

Panamera က တံခါး၏အပြင်ဘက်တွင် ရပ်လာချိန်တွင် လူများစွာတို့၏ အာရုံများကို ဖမ်းစားသွားခဲ့လေ၏။ ရှောင်းရှီးယွီ အပြေးထွက်လာခဲ့ကာ ကျောက်ယောင်ကို အပြုံးတစ်ချက်နှင့် နှုတ်ဆက်လိုက်သည်။

ဆိုင်ထဲမှ လူများက အဖြစ်အပျက်များကို မြင်သောအခါတွင် စတင်ကာ အတင်းတုတ်ကြလေသည်။

" အဲ့ဒါက ဘယ်သူလဲ။ ရှောင်းရှီးယွီရဲ့ ရည်းစားလား "

" ကားကရော ဘယ်လိုလဲ။ ကားက ဈေးကြီးလား။ ပုံစံကတော့ မိုက်တယ် "

" အဲ့ဒါက Porsche Panamera လေ။ ဒေါ်လာတစ်သန်းလောက် တန်မယ်ထင်တယ် "

လူတစ်ဦးက မနာလိုစွာ ဆိုလေသည်..." ရှောင်းရှီးယွီက ချမ်းသာတဲ့ ဒုတိယမျိုးဆက်တစ်ယောက်ကို ရှာနိုင်တဲ့အထိ ကံကောင်းနေပြီပဲကိုး "

" ဟူး... အလုပ်ကို ပြိုင်ကားတစ်စီးနဲ့ လာကြိုခံရတာ ငါတစ်ယောက်တည်းပဲ ရှိနေသလားပဲ။ ငါ့ကို အချိန်ခဏပေးနော်။ ငါ လုပ်စရာလေးတွေ ရှိသေးတယ် " ရှောင်းရှီးယွီက ကျောင်ယောင်ကို ပြောလိုက်သည်။

" အေးဆေးလုပ်...ငါ ဘေးကနေစောင့်နေမယ် " ကျောက်ယောင်က တုန့်ပြန်လိုက်သည်။

Panamera နှင့် မီတာတစ်ရာခန့်အကွာတွင် အင်္ကျီအပွနှင့် ဘောင်းဘီအရှည် ဝတ်ဆင်ထားသော လူလတ်ပိုင်းတစ်ဦး ရှိနေပေသည်။ ထိုသူ၏ သူငယ်အိမ်များ ပိုမိုကြီးမားလာကာ ကားထဲတွင် ထိုင်နေလေသည့် ကျောက်ယောင်နှင့် ရှောင်းရှီးယွီကို ကြည့်နေပေသည်။

" သတ်ရမလား....."

" ဒါမှမဟုတ် မသတ်ရဘူးလား "

" သတ်ရမလား "

" မသတ်ရဘူးလား "

ထိုသူ၏ မျက်နှာထက်တွင် ဝေခွဲမရဟန်များ ဖြစ်ပေါ်နေလျက်ဖြင့်...." သတ်ခဲ့မယ်ဆိုရင် ငါ့ရဲ့စည်းကမ်းတွေကို ဖောက်ဖျက်မိလိမ့်မယ်။ မသတ်ခဲ့ဘူးဆိုရင် အဲ့ဒီစူပါစွမ်းအားက အသက်ဝင်နေဦးမယ်။ အကယ်၍ သူသာ အဲ့ဒီစူပါစွမ်းအားကို ယူသွားခဲ့မယ်ဆိုရင် ငါ ဒုက္ခရောက်ရလိမ့်မယ် "

လူလတ်ပိုင်းက ကျောက်ယောင်ကိုကြည့်ကာ တွေးလိုက်သည်..." ရည်းစားများလား "

သူသည် ယခင်က ရှောင်းရှီးယွီ ပြောခဲ့ဖူးသည်ကို သတိရမိသွားသည်..." ဟုတ်တယ်..ချမ်းသာတဲ့ ရည်းစားတစ်ယောက် ရှာပြီးရင် ကျွန်မက ကျန်းမန်မြို့ထဲမှာ နေနိုင်လိမ့်မယ်လေ "

" ငါ မင်းကို သတ်မယ်ဆိုရင် မင်းရဲ့ရ​ည်းစားကိုလဲ သတ်ပစ်သင့်တယ် "

ထိုအခိုက်တွင် ကျောက်ယောင် ကျောမလုံဖြစ်လာကာ လူလတ်ပိုင်းအား လှည့်ကြည့်လိုက်သည်။

လူလတ်ပိုင်းက ပြုံးပြကာ တွေးလိုက်သည်..." အင်း... သူက အာရုံထက်မြက်သားပဲ။ ဒါမျိုးက လူသားတစ်ယောက်အတွက် အတော်ကိုရှားပါးတယ် "

" သူက အာရုံထက်မြက်တယ်ဆိုရင် တစ်ယောက်ယောက် နာကျင်ခံစားနေရချိန်မှာလဲ ထောက်လှမ်းတာ တော်တယ်လို့ ဆိုလိုနေတာပဲမလား "

သူ ထိုသို့တွေးမိကာ တုန်ယင်သွားလေ၏။ ကြောင်တစ်ကောင်က ကြွက်တစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ ၊ ခြင်္သေ့တစ်ကောင်က သိုးတစ်ကောင်ကို မြင်လိုက်သကဲ့သို့ပင် သားကောင်အား ခုန်အုပ်ချင်စိတ်များ ဖြစ်ပေါ်လာရသည်။ လက်ရှိတွင် သူ၏အတွေးထဲ၌ သားရဲတစ်ကောင်က သားကောင်အပေါ် ကျူးလွန်လိုစိတ်များ ဖြစ်ပေါ်လာသည်။

" မဟုတ်ဘူး ...ငါ မလုပ်နိုင်ဘူး "

" ငါ အခုလိုဖြစ်နေတာနဲ့ပဲ လူသတ်တာကို မလုပ်နိုင်ဘူး "

လူလတ်ပိုင်းသည် ကျောက်ယောင်ကို နောက်ဆုံးတစ်ခေါက် ကြည့်လိုက်ပြီးနောက် သတ်ဖြတ်လိုစိတ်များ ချိုးနှိမ်ကာ ထွက်ခွာသွားလေသည်။

ကျောက်ယောင် မျက်မှောင်ကုတ်လိုက်၏။

အဲလီဇဘက်က မေးသည်..." ဘာဖြစ်တာလဲ ကျောက်ယောင် "

" ဘာမှမဟုတ်ပါဘူး " ကျောက်ယောင် ခေါင်းယမ်းပြကာ ဆိုလေသည်..." ငါ ထူးဆန်းတဲ့ လူတစ်ဦးကို မြင်လိုက်ရသလို ထင်နေမိရုံပါပဲ "

တစ်ခဏအကြာတွင် ရှောင်းရှီးယွီသည် လက်ဆွဲအိတ် သယ်လာကာ Panamera ထဲသို့ ဝင်လာခဲ့လေသည်။ သူမက ကားအနောက်ခန်း အမှောင်ထဲတွင် မျက်ဝန်းများ တောက်ပနေလျက်​ဖြင့် လဲလျောင်းနေသော အဲလီဇဘက်ကို မြင်မိသွားလေသည်။

" ချစ်ဖို့ကောင်းလိုက်တာဟယ်... ကျောက်ယောင်... နင့်မှာ နောက်ထပ်ကြောင်တစ်ကောင် ရှိနေသေးတာလား "

ရှောင်းရှီးယွီ စိတ်လှုပ်ရှားသွားကာ ကားနောက်ခုံတွင် အမွေးဖွားဖွားများဖြင့် ကျတ်သ​ရေရှိစွာ လဲလျောင်းနေသော အဲလီဇဘက်အား လှည့်ကြည့်လိုက်လေသည်။ အဲလီဇဘက်၏ အပြစ်ဆိုဖွယ်ရာမရှိ ချစ်စဖွယ်ကောင်း ရတ်ဒေါလ်ဝိသေသများက ရှောင်းရှီးယွီ၏နှလုံးသားကို လုံးဝသိမ်းပိုက်သွားနိုင်ခဲ့ပြီး သူမက ကားနောက်ခန်းသို့လှမ်းကာ အဲလီဇဘက်ကို ပွေ့ချီလိုက်လေသည်။

" မျိုးသန့်လိုက်တဲ့ ကြောင်လေးပဲ။ ဒီကြောင်လေးက ဘာကြောင့်များ မင်းသမီးတစ်ပါးနဲ့ တူနေရတာလဲ။ ကြောင်လေးက အမွေးဖွားဖွားနဲ့ နူးညံ့လိုက်တာ " ရှောင်းရှီးယွီက အဲလီဇဘက်ကို ပွေ့ချီထားပြီး အဲလီဇဘက်၏ အမွေးဖွားဖွားထဲသို့ ခေါင်းနှစ်လိုက်ရာ အဲလီဇဘက်က လက်သည်းများနှင့် တားဆီးထားရပေသည်။

ရတ်ဒေါလ်များက (Ragdoll) က ပေါ်ထွက်လာသည်မှာ ဆယ်နှစ်ဝန်းကျင်ခန့်သာ ရှိသေးသော မျိုးစိတ်သစ်တစ်ခု ဖြစ်ပေသောကြောင့် ရတ်ဒေါလ်များ ရှိနေကြောင်းကို လူများစွာ မသိကြသည်မှာ အံ့ဩစရာမရှိပေ။

" အဲ့ဒါက ရတ်ဒေါလ်ကြောင်လေ။ ရတ်ဒေါလ်တွေက အိမ်မွေးကြောင်တွေနဲ့ မျိုးစပ်ထားတဲ့ မျိုးစိတ်အသစ်တစ်ခုလေ " ကျောက်ယောင်က အပြုံးဖြင့် ဆိုလိုက်သည်။

" ဒီကြောင်က ဘယ်လောက်ပေးရလဲ။ ငါလဲ တစ်ကောင်လောက် လိုချင်တယ် " ရှောင်းရှီးယွီက သိလိုစွာဖြင့် ပြောလိုက်လေသည်။

ကျောက်ယောင် တစ်ခဏစဥ်းစားကာ တုန့်ပြန်လိုက်သည်..." ပုံမှန်ဆိုရင် ရတ်ဒေါလ်တစ်ကောင်ကို ဆယ်ဒေါ်လာကနေ ဒေါ်လာ ၃၀၀၀ ကြား ပေးရတယ်။ ဘာလို့လဲဆိုတော့ ရတ်ဒေါလ်တွေက အရေအတွက်နည်းပါးသလို ရတ်ဒေါလ်တွေကို ရောင်းချပေးတဲ့ ကြောင်သားဖောက်သူတွေလဲ အများကြီးမရှိကြလို့လေ "

ရှောင်းရှီးယွီမှာ ကျောက်ယောင်၏စကားကြောင့် တအံ့တဩဖြစ်သွားရပြီး စိတ်လှုပ်ရှားရာမှ စိတ်ပျက်သွားကာ ရေရွတ်လိုက်သည်..." ဪ... ဒီလို ဈေးကြီးတဲ့ ကြောင်မျိုးကို သူဌေးတွေပဲ ဝယ်နိုင်လိမ့်မယ်။ ဒီလိုဆိုမှတော့ ငါ့အနေနဲ့ နင့်ရဲ့ကြောင်တွေနဲ့ ကစားဖို့ပဲ ကြံတော့မယ် "

" ဟုတ်သား...သူ့ရဲ့အမည်က ဘာလဲ "

" အဲလီဇဘက် "

အပိုင်း ၄၄

ညစာ

ရှောင်းရှီးယွီက ကျောက်ယောင်အား စားသောက်ဆိုင်ငယ်တစ်ခုဆီသို့ ခေါ်ဆောင်သွားခဲ့သည်။

ညနေခြောက်နာရီတွင် စားသောက်ဆိုင်က စဖွင့်ခါစသာ ရှိသေးဟန်ရသည်။ စားသုံးသူများ များစွာမရှိ​သေးသော်လဲ ဝန်ထမ်းများကမူ စားပွဲနှင့်ထိုင်ခုံများ ခင်းကျင်းနေကြပေ၏။

ဆိုင်ရှင်အမျိုးသမီးက ရှောင်းရှီးယွီကို အပြေးလာကြိုနေပေရာ ၎င်းတို့က ရင်းနှီးကြကြောင်း ထင်ရှားပေသည်။

ရှောင်းရှီးယွီက အဲလီဇဘက်ကို ပွေ့ချီလာခဲ့ကာ ကျောက်ယောင်နှင့်အတူ ခုံရှာလေသည်။

လမ်းတစ်လျှောက်တွင် ရှောင်းရှီးယွီနှင့်အတူ ပါလာသော အဲလီဇဘက်က လူပေါင်းများစွာ၏ အာရုံများကို ဖမ်းစားသွားခဲ့ကာ ချီးကျူးပြောဆိုမှုများ ခံရပေသည်။ အဲလီဇဘက်ကမူ ခပ်မဆိတ်သာရှိနေပြီး ကျောက်ယောင်ကို စိတ်ချင်းဆက်သွယ်ကာ အမြန်စားရန် ဆော်ဩခဲ့သည်။

ရှောင်းရှီးယွီ ပြုံးကာ...” ငါ အကြာကြီးစဥ်းစားပြီးမှ ဒီနေရာမှာ စားဖို့အတွက် နင့်ကို ခေါ်လာမယ်လို့ ဆုံးဖြတ်ခဲ့တာပဲ။ ဒီဆိုင်က မသားနားပေမဲ့ အစားအသောက်တွေကတော့ အရမ်းကောင်းတယ်။ သူတို့က ငါတို့ မွေးရပ်မြေက အစားအစာတွေ လုပ်ကြတာလေ။ ဒီမှာတော့ ဒီဆိုင်က အကောင်းဆုံးတွေထဲက တစ်ခုပဲ။ ဆိုင်ရှင်တွေက ရိုးသားတဲ့ လင်မယားဆိုတော့ ပါဝင်ပစ္စည်းတွေအတွက် စိုးရိမ်နေဖို့မလိုဘူး “

“ ပြဿနာမရှိဘူး “

ကျောက်ယောင်က ငြင်းဆန်းခြင်းမပြုဘဲ...” မဆိုးပါဘူး... ဪ ဒါနဲ့ ပိုင်ချွမ်းက ဘယ်လိုလဲ “

“ တွေးကြည့်ရင် အဲ့ဒါက တကယ်ထူးဆန်းတယ် “

ရှောင်းရှီးယွီက ဆက်ပြောလေသည်...” မနေ့က မနက်ခင်းမှာ သူက ငါ့ကို ရုံးမှာစောင့်နေခဲ့တယ်လေ။ ငါ သူ့ကို စမြင်လိုက်ရတော့ ငါ့ကို လိုက်ကပ်နေဦးမယ်လို့ ထင်နေခဲ့တာဟ။ ဒါပေမဲ့ သူက ငါ့ဦးညွတ်ပြီးတော့ တောင်းပန်ချင်ကြောင်း ပြောခဲ့တယ်လေ “

“ ဪ အဲ့ဒီလိုဖြစ်ခဲ့တာလား “ ကျောက်ယောင် ပြုံးကာ...” တကယ်တော့ သူ့ရဲ့စရိုက်က မဆိုးပါဘူး။ နည်းနည်း ကလေးဆန်နေရုံပါပဲ “

“ ငါ ဟင်းပွဲနည်းနည်းလောက် အရင်မှာထားလိုက်မယ်။ သူတို့ရဲ့ မြေအိုးဆန်ပြုတ် ၊ ခေါက်ဆွဲကြော် ၊ ထမင်းချဥ်ကြော်တွေက အတော်လေးကို အရသာကောင်းတယ် “

“ အိမ်အသစ်က ဘယ်လိုရှိလဲ။ လူတစ်ယောက်တည်းနဲ့ စတုရန်းပေ ၅၃၀၀ ဆိုတော့ နေရတာ မိုက်တယ်မလား “

သူတို့နှစ်ဦး ရယ်မောပြောဆိုကာ စားသောက်နေကြပေ၏။ ဤစားသောက်ဆိုင်က အလွန်ပင် သာမန်ဆန်ဟန်ရှိသော်လဲ အစားအသောက်များက အလွန်ပင် ကောင်းမွန်လှသည်။ သူတို့၏ စကားဝိုင်းကလဲ ယခင်ကထက် ပိုမိုကာ ကိုယ်ရေးကိုယ်တာဆန်လာပေ၏။ သူတို့သည် တက္ကသိုလ်တက်စဥ်က စိတ်ဝင်စားဖွယ်ရာအကြောင်းများ ပြန်လည်ပြောဆိုကာ အတူရယ်မောကြသည်။

လူများက ထိုသို့သာဖြစ်ချေ၏။ ကောလိပ်တက်စဥ်တွင် ကသိကအောက်ဖြစ်စရာများနှင့် အရှက်ရစရာ အဖြစ်အပျက်များ ရှိနိုင်လောက်ပေ၏။ သို့သော် ဘွဲ့ရပြီးချိန်၌ ပြန်တွေးကြည့်လျှင်မူ ထိုအဖြစ်အပျက်များက အဓိပ္ပါယ်ပြည့်ဝကာ စိတ်ဝင်စားဖွယ်ကောင်းသည်ကို တွေ့ရတတ်ပေသည်။

ထိုစဥ် ကျောက်ယောင်က သိလိုစွာဖြင့် ဆိုလိုက်သည်...” ရှောင်းရှီးယွီ... ကောလိပ်မှာတုန်းက မင်းရဲ့အဆင့်တွေ မဆိုးတာကို ငါမှတ်မိပါသေးတယ်။ မင်းက ကုမ္ပဏီကြီးတစ်ခုမှာ အလုပ်ဝင်ချင်ခဲ့တယ်လေ။ ဘယ်လိုဖြစ်ပြီးတော့.....”

“ ကုမ္ပဏီကြီးတစ်ခု... “

ရှောင်းရှီးယွီ တစ်ခဏ ငိုင်သွားပြီးနောက် ဆက်ပြောလေသည်...” Gym နဲ့ ရေကူးကန်ပါပြီး ရုံးချိန် ကိုးနာရီကနေ ငါးနာရီအတွင်း ကုမ္ပဏီကြီးတစ်ခု။ နှစ်ကုန်တိုင်းမှာ ပိတ်ရက်ရတယ်။ ငါတို့ အစားကောင်းတွေ စားရသလို အဖွဲ့လိုက်ဆောင်ရွက်ပုံ​တွေလဲ ရှိတယ်။ ငါတို့ရဲ့ ကျွမ်းကျင်မှုတွေ တိုးတက်လာစေနိုင်တဲ့ အစီအစဥ်တွေတောင် ရှိတယ်လေ။ ငါ ကုမ္ပဏီကို အတော်သဘောကျပါတယ်။ ဒါပေမဲ့ လစာအကြောင်း ပြောရရင်တော့ ငွေက နည်းလွန်းတယ်လို့ ငါထင်မိတယ် “

ရှောင်းရှီးယွီ ပြုံးကာ ကျောက်ယောင်ကို မေးလိုက်လေသည်...” ငါက အရမ်းကို လက်တွေ့ကျလွန်းနေလား။ ဒါပေမဲ့ အခြားရွေးချယ်စရာ မရှိဘူးလေ။ ငါတို့တွေလဲ ဘွဲ့ရပြီးတဲ့နောက်မှာ ကျန်းမန်မြို့ရဲ့ ရက်စက်တဲ့ အစစ်အမှန်ထဲကို ပစ်သွင်းခံလိုက်ရတော့တာပါပဲ။ ကောလိပ်မှာတုန်းက လောကကြီးကို ပြောင်းလဲပစ်မယ် အရေးကြီးပုဂ္ဂိုလ်တစ်ဦး ဖြစ်လာစေရမယ်ဆိုတဲ့ ​ဆန္ဒတွေရှိဖူးတယ်။ ငါတို့တွေ အလုပ်ခွင်ကို ရောက်လာတော့မှပဲ အဲ့ဒီကိစ္စတွေက ဘယ်လောက်ခက်ခဲလဲဆိုတာ သိခဲ့ရတယ်။ သာမန်ပဲရှိတဲ့ အလုပ်နဲ့ ကျွမ်းကျင်မှုတွေနဲ့သာဆို ဝင်ငွေနည်းမှာပဲ။ အရောင်းပိုင်းနဲ့ဆိုရင် ဝင်ငွေပိုကောင်းလိမ့်မယ်လို့ ထင်မိတာကြောင့် ငါ့ရဲ့ အသက်မွေးဝမ်းကြောင်းအလုပ်ကို ပြောင်းပစ်ခဲ့တာလေ “

ရှောင်းရှီးယွီ၏ စကားများက သာမန်မျှသာဖြစ်သော်လဲ ကျောက်ယောင်အဖို့ သူမ၏စကားလုံးများထဲမှ ခါးသီးမှုများကို ကြားယောင်မိနေပေ၏။ ကျောက်ယောင်မှာ ရှေ့တွင်ရှိနေသည့် ရှောင်းရှီးယွီကိုကြည့်ကာ မည်သို့ပြောရမည်မှန်းမသိ ဖြစ်နေရသည်။

ရှောင်းရှီးယွီ ပြုံးကာ ဆိုသည်...” တောင်းပန်ပါတယ်... ခံစားချက်ကောင်းကို ဖျက်ဆီးမိသွားပြီ “

ညစာစားပြီးနောက် ကျောက်ယောင်က ရှောင်းရှီးယွီကို အိမ်ပြန်လိုက်ပို့ခဲ့သည်။ လမ်းပေါ်တွင် လမ်းလျှောက်နေစဥ် မြောင်အော်သံတစ်ခုကို ရုတ်တရက်ကြားလိုက်ရသည်။

ရှောင်းရှီးယွီ ဟစ်အော်ကာ ပြေးသွားလိုက်ရာ ကြောင်တစ်အုပ်ကို တွေ့လိုက်ရသည်။ လေလွင့်ကြောင်ငယ်တစ်အုပ်က သူမဆီသို့ ပြေးလာကြလေသည်။

“ ငါက အိမ်မှာ ကြောင်မွေးလို့မရလို့ ဒီနေရာတဝိုက်က ကြောင်လေးတွေကို အစာကျွေးတယ်လေ “

သူမက ဘေးပတ်ဝန်းကျင်အား ကြည့်ကာ ဆက်ပြောသည်...” ကားတိုက်ခံထားရတဲ့ ကြောင်လေးတစ်ကောင်လဲ ရှိတယ်။ ငါ အဲ့ဒီကြောင်လေးကို သေသွားလိမ့်မယ်လို့ ထင်ထားခဲ့ပေမဲ့ သူက အသက်ရှင်နိုင်ခဲ့တယ်။ အခုဆို အဲ့ဒီကြောင်လေးက ရွှင်မြူးတက်ကြွပြီး ဘာမှမဖြစ်ခဲ့သလိုမျိုးပဲ။ ကြောင်တွေရဲ့ အသက်ရှင်နိုင်စွမ်းက တကယ်ကို အားကောင်းတယ်။ ဟုတ်သား ဒီနေ့ သူ့ကို မတွေ့မိပါ့လား “

“ တကယ်ကြီးလား “

ကျောက်ယောင် ပေးပတ်လည်ကိုကြည့်ကာ ဆိုလေသည်...” သူ တစ်နေရာရာကိုသွားတာ ဖြစ်မှာပါ “

ရပ်ကွက်ငယ်လေးအတွင်းရှိ အိမ်ခေါင်မိုးတစ်နေရာတွင် ရှောင်းရှီးယွီနှင့် အတိအကျတူညီသော မိန်းကလေးတစ်ဦး ရှိနေပေသည်။ သူမ၏ သူငယ်အိမ်များက အဝါရိပ်သမ်းနေလေပြီး ကျောက်ယောင်နှင့် ရှောင်းရှီးယွီတို့ကို လှမ်းကြည့်ကာ အတွေးနက်နေပေသည်။ သူမ၏ ခြေဖဝါးအောက်တွင် ကြောင်ငယ်တစ်ကောင် ရှိနေလေပြီး တမြောင်မြောင်ဟစ်အော်နေပေ၏။

“ ဒုက္ခ​ပေးတဲ့ မိန်းမ “ ထိုသို့​ပြောကာ သူမ၏ ညာလက်ချောင်းသည် သူမ၏လက်မောင်းကို ဓားသဖွယ် ဖြတ်လိုက်လေ၏။ ဒဏ်ရာကြီးတစ်ခု ဖြစ်ပေါ်လာကာ သွေးများ တသွင်သွင်ကျလာသည်။

“ ဒီစကေးက အကြိမ်တိုင်းမှာ ၂၄ နာရီပဲ ခံတယ်။ ဒါက အကန့်အသတ်လား “

ဤရက်အနည်းငယ်အတွင်း၌ သူမသည် ကြောင်ငယ်လေး၏စကေးကို တွေ့ကြုံခံစားကာ သီအိုရီအချို့ ရရှိနေပြီဖြစ်သည်။ သူမက စွမ်းရည်ကို အသုံးပြုလိုက်ရာ ဒဏ်ရာ ပြန်ပိတ်သွားလေသည်။

“ ဒါဆိုရင် ငါ မင်းရဲ့စွမ်းရည်ကို နေ့တိုင်း ငှားရမ်းရတော့မှာပဲ။ ဒီလိုသာဆိုရင်....”

ထို့နောက်တွင် သူမ၏အမူအရာ ပြောင်းလဲသွားကာ နာကျင်စွာဆိုသည်...” လက်လွတ်စပယ် မသတ်ဘူးလို့ ငါပြောထားတယ်လေ “

အခြားတစ်ဖက်တွင်မူ ကျောက်ယောင်က ရှောင်းရှီးယွီကို အိမ်ပြန်ပို့ပြီးနောက် လှည့်ပတ်မောင်းနှင်ကာ ထူးဆန်းသော စူပါကြောင်များကို လိုက်လံရှာဖွေနေခဲ့သည်။

အဲလီဇဘက်က မေးလာသည်...” ကျောက်ယောင်... နင် အဲ့ဒီအမျိုးသမီးနဲ့ မိတ်လိုက်ချင်လား “

ကျောက်ယောင် တစ်ခဏမျှ မျက်မှောက်ကုတ်သွားကာ တုန့်ပြန်လိုက်သည်... “ မင်းတို့ ကြောင်တွေအားလုံးက စကားကို တည့်တိုးပဲပြောတတ်ကြတာလား “

“ မိတ်လိုက်ချင်လား မလိုက်ချင်ဘူးလား “

“ မိတ်လိုက်ဖို့အထိ မဖြစ်ပါဘူး... ငါတို့က သာမန်သူငယ်ချင်းတွေပါပဲ “ ကျောက်ယောင်က အဲလီဇဘက်ကိုကြည့်ကာ...” ပြီးတော့ မင်းတို့ရဲ့ဖြစ်တည်မှုကို ဖုံးကွယ်ဖို့အတွက် သူစိမ်းတွေနဲ့ အချိန်အကြာကြီး အတူနေလို့မရဘူးလေ “

“ ပြီးတာပဲ “ အဲလီဇဘက် ခေါင်းညိတ်ကာ ဆက်ပြောသည်...” အဲ့ဒီအမျိုးသမီးက အစားကြီးလွန်းတယ်။ ငါ သူ့ကို မကြိုက်ဘူး “

ကျောင်ယောင်သည် ထူးဆန်းသည့်တွေ့ရှိမှုများကို Web ထဲတွင် ရှာဖွေခဲ့သော်လဲ ထူးဆန်းသည့် စူပါကြောင်များနှင့် ပတ်သတ်မှုများကို ရှာမတွေ့ခဲ့ပေ။

သူ အိမ်ပြန်ရောက်ချိန်တွင် တံခါးဝရှေ့၌ ပိုင်ချွမ်း ရပ်နေသည်ကို မြင်လိုက်ရသည်။

“ ဒီကောင်က ငါ့ကို ထပ်ပြီး တိုက်ခိုက်ချင်နေတာလား “

ထိုကိစ္စက မဖြစ်နိုင်ဟု တွေးမိကာ ကျောက်ယောင် ပိုင်ချွမ်းဆီသို့သွားကာ မေးလိုက်သည်...” ဘာကြောင့် ဒီကိုရောက်နေတာလဲ “

ကျောက်ယောင် ပေါ်လာသည်ကို မြင်သောအခါတွင် ပိုင်ချွမ်း၏မျက်နှာထက်၌ ဝမ်းသာဟန်များ ဖြစ်ပေါ်လာကာ...” မစ္စတာကျောက်... ငါ မင်းရဲ့နောက်ကို လိုက်ပါရစေ “

ထို့နောက် ပိုင်ချွမ်းက ဦးညွတ်အရိုသေပေးလိုက်သည်။

ကျောက်ယောင် စိတ်ရှုပ်ထွေးဟန်ဖြင့်... “ငါ ငယ်သားတွေမလိုဘူး “

“ ငါ ဘာမဆိုလုပ်ပေးပါ့မယ်။ အစေခံ ၊ ကလေးထိန်း လုံခြုံရေး ၊ ယာဥ်မောင်း ကြိုက်တာခိုင်းပါ။ မင်း လုက်စေတာမှန်သမျှကို ငါလုပ်ပါ့မယ် “

ကျောက်ယောင် ပြောစရာမဲ့စွာဖြင့် ခေါင်းယမ်းကာ လှေကားပေါ်သို့ တက်သွားလေသည်။ ပိုင်ချွမ်းက ထပ်ကြပ်မကွာလိုက်လာကာ ဆိုသည်...” မစ္စတာကျောက်မှာ ဒီလိုမြင့်မားတဲ့ အနေအထားမျိုး ရှိနေတာကို ဘယ်လိုဖြစ်ပြီး ကိစ္စအားလုံးကို ကိုယ်တိုင်လုပ်နေရမှာလဲ။ ငါက အောက်ဆွဲလုပ်ပေးပြီး ငရဲ......”

အပိုင်း ၄၅

မစင်ဘေးဒုက္ခ ၂

“ ငရဲ....”

ကျောင်ယောင်က ခေါင်းစောင်းကာ ကြည့်လိုက်သည်ကို မြင်လိုက်ရပေသောကြောင့် ပိုင်ချွမ်း ချက်ချင်းပင် စကားရပ်သွားခဲ့သည်။ သူ ကျောက်ယောင်ကို အရိပ်အမြွတ်ပြဟန်ဖြင့် တစ်ချက်ကြည့်ကာ...” ငါ နားလည်ပြီ။ ငါ နားလည်ပြီ။ ငါ သတင်းပေါက်ကြားစေမှာ မဟုတ်ဘူး “

ပိုင်ချွမ်းက ကျောက်ယောင်၏နောက်မှ လှေကားပေါ်သို့ တက်ရင်းဖြင့်...” ငါ့ကို ကျေးဇူးပြုပြီး ယုံကြည်ပေးပါ မစ္စတာကျောက်။ ငါက စိတ်လိုလက်ရနဲ့ မင်းရဲ့နောက်ကို လိုက်ချင်တာပါ။ ငါ့ကို အခွင့်အရေးပေးပါ။ မင်း စိတ်ပျက်ရအောင်လို့ မလုပ်ပါဘူး “

ကျောက်ယောင် နှုတ်ခမ်းမဲ့သွားကာ ပိုင်ချွမ်းကို ခပ်မဆိတ်သာ ဆက်ဆံလေပြီး အိမ်တံခါးကို ဖွင့်လိုက်လေသည်။

တံခါးဖွင့်လိုက်သည်နှင့် သူ၏အာရုံကို ဦးစွာဆွဲဆောင်သွားနိုင်သည့် အရာမှာ ကြမ်းပြင်ပေါ်တွင် ခြေကားယား လက်ကားယား လဲကျနေပြီး ပါးစပ်တွင် အမြုပ်ဖြူများ ထွက်နေသည့် လီဟွား ဖြစ်ပေသည်။ လီဟွား သတိမလစ်မီက တံခါးကို ကုတ်ခြစ်ထားသည့်အလားပင် ၎င်း၏လက်သည်းများက တံခါးကျည်းခွေပေါ်တွင် ရှိနေလေသည်။

သရက်သီးလေးက လီဟွား၏နံဘေးတွင် သိလိုစွာဖြင့် လှုပ်နှိုးနေလျက်ရှိပြီး လီဟွား မည်သို့လဲကျသွားကြောင်းကို သိလိုနေသည့်ဟန် ရှိပေသည်။

ထို့နောက်တွင် နေရာတစ်ခုလုံးကို အော်ဂလီဆန်ဖွယ်ရာ အနံ့တစ်ခု လွှမ်းခြုံသွားလေ၏။ ကျောက်ယောင်၏ ပခုံးပေါ်ရှိ အဲလီဇဘက်က စူးဝါးစွာဟစ်အော်ကာ အနံ့ကင်းလွတ်သော စင်္ကြံလမ်းပေါ်သို့ ပြေးသွားလေသည်။ ကျောက်ယောင် အသက်အောင့်ထားကာ စိတ်ပျက်လက်ပျက် တွေးလိုက်သည်...” သရက်သီးက ထပ်ပြီး ဝမ်းလျှောပြန်ပြီလား “

ထိုစဥ် ပိုင်ချွမ်းက ထိတ်လန့်တကြား ဟစ်အော်လေသည်...” အတော် နံတာပါ့လား။ သရက်သီးက ဝမ်း​လျှောပြန်ပြီလား “

သူ ယခင်တစ်ခေါက် အဖြစ်အပျက်ကိုသာ တွေးမိသွားလေသည်။

ကျောက်ယောင် ပိုင်ချွမ်းကို အလိုလိုပင် လှည့်ကြည့်မိသွားလေသည်။

“ ညီအစ်ကို... မင်း အရင်တစ်ခေါက်ကလဲ မစင်တွေ သန့်ရှင်းဖူးတယ်မလား “

ပိုင်ချွမ်း မျက်နှာဖြူလျော်သွားကာ ကျောက်ယောင်အား သနားစဖွယ်ဟန်ဖြင့် မေးလိုက်သည်...” ငါ သန့်ရှင်းရေးသမား သွားခေါ်ပေးရမလား “

“ အခုက ညဥ့်နက်နေပြီဆိုတော့ သန့်ရှင်းရေးသမားတွေကို အနှောင့်အယှက်ပေးဖို့ မသင့်တော်ဘူး “

ကျောက်ယောင်က ထိုသို့ပြောကာ ပိုင်ချွမ်းကို သိုင်းဖက်လိုက်ပြီး ပခုံးကိုပုတ်ကာ ပြောလေသည်...” မင်းက ငရဲကိုလဲ သွားချင်နေတာမလား။ မင်းက မစင်လေးတွေကိုတောင် သန့်ရှင်းရေးမလုပ်ချင်တာလား။ ဒီနေ့ မင်းသာ ဒီကိစ္စကို ဖြေရှင်းပေးမယ်ဆိုရင် မင်းအနေနဲ့ ငရဲကို ဝင်ခွင့်ရပြီး ကမ္ဘာပေါ်က ငါတို့ရဲ့ စစ်သူကြီးတစ်ဦး ဖြစ်လာလိမ့်မယ် “

“ သန့်ရှင်းမယ် သန့်ရှင်းမယ်... ငါ သန့်ရှင်းမယ် “

ဧည့်ခန်းထဲရှိ ဗီရိုပေါ်မှ ဝတုတ်ကမူ နှာခေါင်းများကို တစ်ရှုးများ စို့ထားပေသည်။ ဝတုတ်မှာ ရှေ့ရှိမြင်ကွင်းအား ကြည့်ရင်းဖြင့် သည်းမခံနိုင်တော့ဘဲ တွေးလိုက်လေသည်...” အတော်ကို ကြောက်ဖို့ကောင်းတာပါ့လား။ ဒီလူနဲ့ သူ့ရဲ့ကြောင်တွေ အကုန်လုံးက နတ်ဆိုးတွေပဲ။ ပိုင်ချွမ်းနဲ့ ငါက ဒီနေရာမှာ ပိတ်မိနေပြီ “

မကြာမီတွင် ပိုင်ချွမ်းက စေ့စပ်စွာ သန့်ရှင်းပေးခဲ့လေသောကြောင့် အိမ်ထဲရှိ အော်ဂလီဆန်ဖွယ်ရာ အနံ့ဆိုးများ ပျောက်ကွယ်သွားလေသည်။ ကျောက်ယောင် သရက်သီးကို ပွေ့ချီကာ ဆိုဖာပေါ်တွင် ချလိုက်လေ၏။ ကျောက်ယောင်က သရက်သီး၏ အူတူတူအမူအရာကို ကြည့်ကာ မေးလိုက်သည်...” ဘယ်လိုဖြစ်ပြီး မင်းက တစ်ချိန်လုံး နေရာအနှံ့မှာ ဝမ်းလျှောနေရတာလဲ “

လီဟွား သတိပြန်လည်ကာ ဆိုလေသည်...” မဟုတ်ဘူး... ဒါကြီးက မဖြစ်သင့်ဘူး။ သရက်သီးက ကြောက်ဖို့ကောင်းလွန်းတယ်။ သူ့တစ်ကောင်တည်းအတွက် အိမ်သာတစ်ခု ပေးရလိမ့်မယ် ကျောက်ယောင်။ ဘယ်သူမှမသုံးတဲ့ အိမ်သာကို သုံးခိုင်းပါ “

အဲလီဇဘက် လျှောက်လာကာ သူမ၏မျက်ဝန်းတွင် ထိတ်လန့်ဟန်များဖြင့်...” ငါ့တစ်သက်လုံး ဒီလောက်ဆိုးတဲ့အနံမျိုး တစ်ခါမှမကြုံဖူးဘူး “

ကျောက်ယောင် သဘောတူလိုက်ပြီး သရက်သီးအတွက် အိမ်သာအသစ် ဝယ်ပေးရန် အွန်လိုင်းဖွင့်လိုက်သည်။ သူသည သရက်သီး တစ်ကိုယ်ရည်သုံးရန် အိမ်သာကို ဝယ်ပေးမည်ဟု စီစဥ်ထားပေသည်။

ဤတိုက်ခန်းတွင် အခန်းငါးခန်းနှင့် သာမန်နေရာနှစ်ခု ရှိပေသည်။ တစ်ခန်းသည် ကျောက်ယောင်နှင့် လီဟွား ၊ တစ်ခန်းသည် လေလွင့်ကြောင်သုံးကောင်အတွက် ၊ တစ်ခန်းသည် အဲလီဇဘက်အတွက်ဖြစ်ပြီး ဝတုတ်ကမူ သာမန်နေရာများတွင်သာ အိပ်ပေသည်။ နောက်ဆုံးတစ်ခန်းကိုမူ သရက်သီးအတွက် ပေးရတော့မည့်ပုံပင်။

ကျောက်ယောင် ဖုန်းဖွင့်ကာ အွန်လိုင်းဖွင့်လိုက်သည်။

“ ယနေ့နံနက် ၈ နာရီ ၁၆ မိနစ်တွင် အမေရိကန်နိုင်၏ ဝေါစထရိဒ်ကို အကြမ်းဖက်များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၆၅ ဦး သေဆုံးပြီး လူပေါင်းသုံးရာကျော် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ လက်ရှိတွင် ရဲများက အကြမ်းဖက်များဟု သံသယရှိသူများနှင့် အပြန်အလှန်ပစ်ခတ်နေကြဆဲ ဖြစ်ပါတယ်။ ရှန့်ဝူအစွန်းရောက်အဖွဲ့က ထိုအကြမ်းဖက်မှုရဲ့ လက်သည်တရားခံဖြစ်ကြောင်း ဝန်ခံသွားခဲ့ပါတယ်...”

“ သေချာရဲ့လား။ အကြမ်းဖက်တွေက တိုက်ခိုက်တာ မဟုတ်ဘူးမလား။ ဒီလိုအကြမ်းဖက်မှုမျိိုးက.....” ကျောက်ယောင် အွန်လိုင်းပေါ်တွင် ဆက်တိုက့်ဖစ်နေသော သတင်းတစ်ခုအား တွေ့လိုက်ရသည်။ လက်ရှိအချိန်၌ တစ်ကမ္ဘာလုံးက ထိုအကြမ်းဖက်မှုအကြောင်းကိုသာ ဆွေးနွေးနေကြဟန် ရှိနေ​​ချေသည်။

………………..

နေရာတစ်ခု၏ အစည်းအဝေးခန်းတစ်ခုထဲတွင် လင်းချန် ထိုင်ခုံပေါ်တွင် ထိုင်ကာ မရေမရာဟန်များ ဖြစ်နေပေသည်။ သူသည် ထိုသူ ထိုးသည်ကို ခံလိုက်ရပြီးနောက် ထူးဆန်းသည့်ဖြစ်ရပ်များ ဆက်တိုက်ကြုံလာခဲ့ရသည်။

ဦးစွာအနေဖြင့် သူ့အား ကတုံးနှင့်လူက ခေါ်ဆောင်သွား စစ်ဆေးမေးမြန်းခဲ့ပြီး ထူးဆန်းသော စစ်ဆေးမှုများစွာလဲ လုပ်ဆောင်ခဲ့ရသည်။

သူ၏အိမ်အကြောင်း ၊ မိဘများအကြောင်း ၊ ဘိုးဘွားများအကြောင်းများ စစ်မေးခံခဲ့ရလေပြီး မည်သည့်အချိန်တွင် စစ်ဆေးမှုကို ကျော်ဖြတ်နိုင်သွားခဲ့ကြောင်း သူ မသိခဲ့ရပေ။ ရလဒ်ကမူ......။

လင်းချန်သည် လက်ထဲတွင်ရှိသည့် ငါးလ သို့မဟုတ် ခြောက်လသားအရွယ် ကြောင်ဖြူမလေးအား ကြည့်လိုက်သည်။ သူ၏ မျက်ဝန်းတွင် မကျေမချမ်းဟန်အချို့ ပေါ်ထွက်လာသည်။

“ ဖြတ်ကျော်ခဲ့ရတာတွေ အားလုံးက ငါ ဒီကြောင်ကို မွေးဖို့အတွက်လား “ လင်းချန် နှုတ်ခမ်းမဲ့ကာ ကတုံးပြောင်လူက သူ့အား ထိုကြောင်လေး ပေးခဲ့သည့်မြင်ကွင်းကို ပြန်တွေးလိုက်လေသည်။ လင်းချန် သူ့ကိုယ်သူ ဟာသလုပ်လေသည်...” လူမိုက်ရုပ်နဲ့ကောင်က ကြောင်တွေကို အရမ်းချစ်လိမ့်မယ်လို့ ဘယ်သူက သိမှာတဲ့လဲ “

ထိုစဥ် အစည်းအဝေးအခန်းတံခါး ပွင့်သွားလေသည်။ ကတုံးပြောင်လူ အထဲသို့ဝင်လာခဲ့လေပြီး လင်းချန်၏လက်ထဲမှ ကြောင်လေးကိုကြည့်ကာ ပြုံး၍ဆိုသည်...” ဟေ့...ဘယ်လိုလဲ။ နို့လေးနဲ့ အဆင်ပြေရဲ့လား “

နို့လေးသည် ကြောင်ဖြူလေး၏အမည် ဖြစ်ပေ၏။

လင်းချန်က ဆိုသည်...” ခင်ဗျားက ဘာလုပ်ဖို့ကြံနေတာလဲ။ ကျုပ်တို့က ဟိုကောင့်ကို ရှာကြမှာလို့ ခင်ဗျား ပြောခဲ့တယ်မဟုတ်ဘူးလား။ အခုကျ ဘယ်လိုဖြစ်လို့ ကျုပ်ကို ကြောင်မွေးခိုင်းနေရတာလဲ “

ကတုံးပြောင်လူ ပြုံးကာ အိတ်ထဲမှ လပ်တော့အားထုတ်ကာ တုန့်ပြန်လိုက်သည်...” အစပိုင်းတုန်းကတော့ ရာထူးမြင့်ပိုင်းတွေ အဲ့ဒီသတင်းတွေကို ထိန်းချုပ်ထားပြီး တဖြည်းဖြည်းချင်းလေး ထုတ်ပြန်ချင်ခဲ့တယ်လေ။ ဒါပေမဲ့ အခုလက်ရှိ အမေရိကန်က အဖြစ်အပျက်ကြောင့် လူတော်တော်များများ လုံခြုံရေးအသိတွေ လွတ်ကုန်ကြပြီ။ စီးပွားရေးနဲ့ လူမှုရေးတွေလို ပတ်သတ်ဆက်နွယ်မှုရှိနေတဲ့ အချို့အရာတွေကတော့ သိပ်ပြီး အများကြီးတွေးမနေကြတော့ဘူး။ ကိစ္စတွေ ဖြစ်ပျက်လာရင် ငါတို့တွေက မီးစဥ်ကြည့်ပြီး ကရတော့မှာပဲ “

သူ စကားဆုံးသောအခါတွင် လပ်တော့ပ်ကို နို့လေးဆီသို့ တွန်းပို့ပေးကာ မေးလိုက်လေသည်...” နို့လေး.. မင်း သူ့ကို ဘယ်လိုထင်လဲ “

လင်းချန်က သိလိုစွာဖြင့် မေးလိုက်သည်....” စုံစမ်းရေးမှူးဟိုလား “

ထိုစဥ် သူ၏မျက်စိရှေ့မှောက်၌ တုန်လှုပ်ဖွယ်ရာ အရာတစ်ခု ဖြစ်ပေါ်လာလေသည်။ လင်းချန်၏ အကြည့်များအောက်မှာပင် နို့လေးသည် လက်ကြားထဲမှ ခုန်ထွက်သွားကာ လပ်တောပ့်၏ရှေ့တွင် ထိုင်လိုက်လေသည်။ ထို့နောက်တွင် သူမက ခလုတ်များ တစ်ချက်ချင်းနှိပ်ကာ စာရိုက်လေတော့သည်။

“ ဒီငတုံးက အရမ်းကြီး မတော်ပေမဲ့ ငါ့ကို ကောင်းကောင်းဆက်ဆံပါတယ်။ အရေးအကြီးဆုံးကတော့ သူက ငါ့ရဲ့စွမ်းရည်ကို ခံနိုင်ရည်ရှိနေတာပဲ။ အခုကစပြီး သူက ငါတို့ရဲ့လူ ဖြစ်သွားပြီ “

ဖန်သားပြင်ပေါ်တွင် အဆိုပါ စကားလုံးများ ပေါ်လာပေသည်။

စုံစမ်းရေးမှူးဟို ပြုံးလိုက်လေပြီး...” မင်း ကျေနပ်တယ်ဆိုရင် ရပြီ။ ငါတို့ ယုံကြည်ရတဲ့သူမျိုး ၊ ကိုယ်လုံးကိုယ်ထည်ကောင်းပြီး နောက်ကြောင်းရှင်းတသူမျိုးကို ရှာတွေ့ဖို့က မလွယ်ကူဘူး “

လင်းချန်မှာ ရှေ့ရှိမြင်ကွင်းအား ငိုင်ကြည့်နေရင်းဖြင့် ကြောင်ကို လက်ညှိုးထိုးကာ တအံ့တဩဆိုသည်...” စုံ...စုံ...စုံစမ်းရေးမှူးဟို... ခင်ဗျား မြင်လိုက်လား။ ဒီကြောင်က စာရိုက်နေတယ်။ သူ စာရိုက်တယ်ဗျ “

“ ငါ မြင်တယ်လေ။ ဘာမှမဟုတ်တာကို ပုံကြီးချဲ့မနေစမ်းနဲ့ “

စုံစမ်းရေးမှူးဟိုက ဆိုသည်...” ဒါက ကြောင်တစ်ကောင် စာရိုက်တာပဲမလား။ စူပါကြောင်တစ်ကောင် နိုးထလာပြီးရင် သူတို့ရဲ့ ဥာဏ်ရည်ဥာဏ်သွေးက လူသားတစ်ဦးကို ယှဥ်လို့ရသွားပြီ။ သူတို့က တစ်ကောင်နဲ့တစ်ကောင် အပြန်အလှန် ဆက်သွယ်နိုင်ပေမဲ့ လူသားတွေကိုတော့ ဆက်သွယ်လို့မရဘူး။ သူတို့က ငါတို့နဲ့ ဆက်သွယ်ဖို့အတွက် စာရိုက်ဖို့ပဲရှိတယ် “

လက်ရှိတွင် လင်းချန်၏စိတ်များ ဗလာကျင်းဖြစ်နေလေ၏။ သူသည် နို့လေးကို ဇဝေဇဝါဖြစ်သော မျက်ဝန်းများနှင့် ငေးစိုက်ကြည့်နေလေသည်။

နို့လေး သက်ပြင်းချလိုက်ပြီး အမြီးယမ်းကာ စာရိုက်သည်...” ငါတို့တွေ ပြန်တဲ့အခါကျရင် ငါ့အတွက် သဲနည်းနည်းလောက် ဝယ်ပေးဖို့ကို သတိရပါ။ ငါ သန့်ရှင်းရေးလုပ်ဖို့အတွက် သတင်းစာတွေကို မသုံးချင်ဘူး။ အဲ့ဒါတွေက ညစ်ပတ်ပြီးတော့ နံတယ် “

“ သူ...သူ...သူ...သူ...” လင်းချန်မှာ နို့လေးကို လက်ညှိုးတထိုးထိုး ဖြစ်နေရသည်။

“ ငါနားလည်တယ်... စာရိုက်တာကို ပြောတာမလား “

စုံစမ်းရေးမှူးဟိုက ခပ်အေးအေးပင်ဆိုသည်...” စူပါကြောင်တစ်ကောင် နိုးထလာရင် ဥာဏ်ရည်ဥာဏ်သွေး တိုးတက်လာတာအပြင် အရေးအကြီးဆုံးအချက်ကတော့ သူတို့က အထူးစွမ်းရည်တစ်ခု ရလာတာပဲ။ ဥပမာပြောရရင် အရမ်းမြန်မြန် လှုပ်ရှားတာ ၊ မီးမှုတ်ထုတ်တာ ၊ ရေမှုတ်ထုတ်တာ ၊ အရာဝတ္ထုတွေကို ထိန်းချုပ်တာ ဒါမှမဟုတ် လေလည်တာနဲ့ အခြားအရာမျိုးတွေပေါ့ကွာ “

“ လေလည်တာတဲ့လား။ လေလည်တာကို အထူးစွမ်းရည်တစ်ခုလို့ သတ်မှတ်လို့ရလို့လား “

“ အကယ်၍ တစ်ချက်လေလည်တာက ကားတစ်စီးကို လွင့်သွားစေနိုင်ခဲ့မယ်ဆိုရင် အထူးစွမ်းရည်တစ်ခုလို့ ဆိုနိုင်နေပြီမဟုတ်ဘူးလား “

All Chapters