အရမ်း မျှတတယ်။
Vol. 22 Ch. 316
ဆယ့်ငါးမိနစ်ခန့်ကြာပြီးနောက် နတ်ဆေးသမားတော် ရှန်းဟယ်သည် ကျီကျောက်၏ သွေးခုန်နှုန်းအား စမ်းသပ်ပြီးနောက် သူ့အကြည့်များ မည်းမှောင်လာပေသည်။
“ဆရာ…. ဘာမှားနေလို့လဲ”
“လင်မယားရေးရာကိစ္စတွေဆိုတာ ယင်နဲ့ ယန် သဟဇာတဖြစ်နေရမယ်၊ ယင်က အားကောင်းနေမယ်ဆိုရင် ယန်က အားပျော့နေရမယ်၊ ယင်က အားနည်းနေရင်လဲ ယန်က အားကောင်းနေရမယ်၊ အမျိုးသမီးတွေက ယင်ရဲ့ ပြယုဂ်ဖြစ်သလို အမျိုးသားတွေကလည်း ယန်ရဲ့ ပြယုဂ်ဖြစ်တယ်ကွယ့်။”
နတ်ဆေးသမားတော် ရှန်းဟယ်သည် သူမအားကြည့်လျက် အလေးအနက်ပြောလာသည်။
“ငါ့တပည့်လိမ္မာလေး…. အမျိုးသမီးတစ်ယောက်က ဘယ်အချိန်မှာ လက်ထပ်ပြီး ကလေးယူသင့်တယ်လို့ ထင်လဲကွယ့်”
“ဆရာ…. ဘာကိုများ ဆိုလိုချင်တာလဲရှင်….” ကျီကျောက်သည် မသက်မသာဖြင့် မေးလိုက်သည်။
“ကွေ့ပတ်ပြောမနေဘဲ ဒီတိုင်း ပြောချလိုက်ပါလား”
“မင်းတို့တွေ မကြာခဏ ကိုယ်လက်နှီးနှောတာမျိုး မလုပ်သင့်ဘူး…. ဒီလိုမှမဟုတ်ရင် မင်းခန္ဓာကိုယ်ကို ထိခိုက်လာစေနိုင်တယ်”
နတ်ဆေးသမားတော် ရှန်းဟယ်သည် သူ့လည်ချောင်းအား ရှင်း၍ နူးညံ့စွာ ရှင်းပြလာသည်။
“ဒါ့အပြင် မင်းရဲ့ လက်ရှိခန္ဓာကိုယ်နဲ့ ကိုယ်၀န်ဆောင်မယ်ဆို နောက်ပိုင်းမှာ အခက်အခဲ ရှိလာနိုင်သလို မင်းရဲ့ အသက်ကိုတောင် ထိခိုက်လာနိုင်တယ်၊ မင်းသာ ကလေးယူချင်ရင်တယ်ဆို အရင်အားပြည့်အောင် လုပ်သင့်တယ်”
“သိပါပြီ ဆရာ” ကျီကျောက်သည် တိတ်ဆိတ်စွာ ခေါင်းညိမ့်လိုက်ကာ နာခံစွာဖြင့် ပြန်ဖြေလာသည်။
ရှန်းယောင် ခြံ၀င်းထဲသို့ နောက်ထပ် အသားခေါက်ဆွဲတစ်ပန်းကန်အား ယူလာသည့်အချိန်တွင် နတ်ဆေးသမားတော် ရှန်းဟယ်မှ ကျီကျောက်အား သူမအခန်းသို့ ပြန်နားရန် စေလွှတ်လိုက်ပေသည်။
အရသာရှိလှသည့် အသားခေါက်ဆွဲပန်းကန်အား သုံးဆောင်ပြီးနောက် နတ်ဆေးသမားတော် ရှန်းဟယ်သည် ရှန်းယောင်အား သတိပေးလာပြန်သည်။
“မင်းစိတ်ထဲမှာတော့ ဒီလူအိုကြီးက ဆူညံလွန်းတယ်လို့ ထင်ကောင်းထင်လိမ့်မယ်”
နတ်ဆေးသမားတော် ရှန်းဟယ်သည် သူ့မျက်လုံးထဲသို့ကြည့်၍ အလေးအနက်ပြောသည်။
“ဒါပေမဲ့ ငါ့တပည့်လိမ္မာလေးရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဒီလူကြီးက မင်းကိုယ်မင်း ထိန်းချုပ်နိုင်ဖို့ မျှော်လင့်ပါတယ်၊ ဒီနှစ်နှစ်အတွင်းမှာ ငါ့တပည့်အလိမ္မာလေးက ကိုယ်၀န်မဆောင်သင့်သေးဘူး”
“ဆရာကြီးရဲ့ စိုးရိမ်မှုအတွက် ကျေးဇူးပါဗျ”
ရှန်းယောင်သည် သူ့အတွက် ဘယ်အရာက ကောင်းသည် ဆိုးသည်အား မသိသည့် လူမျိုး မဟုတ်ပေ။
ဒါ့အပြင် နတ်ဆေးသမားတော် ရှန်းဟယ်မှ ကျီကျောက်၏ အကျိုးအတွက် ပြောခြင်းဖြစ်ကြောင်း သူသိပေသည်။
ချင်မိသားစုရဲ့ ဒုတိယသခင်ကြီးသည် သူ့ဇနီးအား ကွာရှင်းပြတ်ဆဲခဲ့သည်။
သတင်းများထွက်ပေါ်လာပြီးနောက် ကောလဟာလများမှ တစ်စတစ်စဖြင့် တောမီးသဖွယ် ပျံ့နှံ့လာခဲ့ပေသည်။
သို့ပေမယ့် ကျီကျောက်မှာ အတင်းပြောရန် အချိန်ပင် မရှိပေ။ ထိုအစား သူမသည် သင့်တော်သည့် ဆိုင်ခန်းအား လိုက်လံရှာကြည့်နေပေသည်။
သုံးရက်အတွင်းမှာ သူမသည် ဆိုင်ခန်းပေါင်း ဆယ်ခန်းထက်မနည်း လိုက်ပတ်ကြည့်ခဲ့ပြီး ဖြစ်ပေသည်။
သို့ပေမယ့် သူမ သဘောကျသည့် ဆိုင်ခန်းမျိုး ရှာမတွေ့ခဲ့သေးပေ။
“အခုတလော မင်း ကိုယ်အလေးချိန် အများကြီး ကျသွားတာပဲ” ရှန်းယောင်သည် ဂျင်ဆင်းကြက်သားစွပ်ပြုတ် တစ်ပွဲအားထည့်လျက် ပင်ပန်းနွမ်းနယ်နေသည့် ကျီကျောက်ရှေ့သို့ ချပေးလိုက်ကာ နူးညံ့စွာ နှစ်သိမ့်ပေးသည်။
“ဒီမနက်အိပ်ရာကထတော့ အထူးအနေနဲ့ ကိုယ် ဒီကြက်သားဂျင်ဆင်းစွပ်ပြုတ်ကို လုပ်ခဲ့တာလေ….. အခုထိ နွေးနွေးလေး ရှိနေတုန်းပဲ”
“အွန်း”
ကျီကျောက်သည် သူမ၏ ခေါင်းလေးအား လှုပ်လိုက်ကာ သူ့ပုခုံးပေါ်သို့ မှီလိုက်သည်။ သူမ၏ မျက်လုံးများအား နွမ်းလျစွာ မှိတ်ပြီး အနည်းငယ် စိတ်ဓာတ်ကျနေပေသည်။
“ဒီမြို့တော်မှာ သင့်တော်တဲ့ဆိုင်ခန်းတစ်ခု ရှာရတာ တကယ် မလွယ်ဘူး…. နေရာကကျဉ်းရင်ကျဉ်း မဟုတ်ရင် ဈေးက မြောက်နေပြန်ရော”
“ကျောက်ကျောက်….. ဒီတစ်ခေါက်တော့ ချင်မင်ဟုန်ကို စပ်တူဖွင့်ကြဖို့ တောင်းဆိုကြည့်ကြမလား” ရှန်းယောင်က နူးညံ့စွာ ပြောသည်။
“ကျွန်မက ကျွန်မတို့ ကိုယ်ပိုင်စားသောက်ဆိုင်လေး ဖွင့်ချင်တာလေ” ကျီကျောက်က ညင်သာစွာ ပြောသည်။
“အစ်ကိုချင်က ကျွန်မတို့အတွက် မိတ်ဆွေကောင်းတစ်ယောက်ဆိုပေမဲ့လည်း စီးပွားရေးနဲ့ ပတ်သက်ရင် ပိုများလေ ပိုကောင်းလေ မဟုတ်ပြန်ဘူးလေ၊ ဒါအပြင် အနာဂတ်မှာ ဒီလုပ်ငန်းနဲ့ ပတ်သက်ပြီး အငြင်းပွားမှု တစ်ခုခု ရှိလာခဲ့ရင် ကျွန်မတို့ရဲ့ မိတ်ဆွေဆက်ဆံရေးကို ထိခိုက်လာနိုင်သေးတယ်မလား…. ဒါပေါ့ နောက်ထပ် အကြောင်းအရင်း တစ်ခုလဲ ရှိသေးတယ်”
ကျီကျောက်သည် ခဏလောက်တွေးလိုက်ကာ သူမအသံအားတိုးလိုက်ပြီး ရှန်းယောင်နားထဲသို့ တိုးတိုးလေး ကပ်ပြောသည်။
“စားသောက်ဆိုင်ဆိုတာ သတင်းတွေ စုဆောင်းဖို့ အကောင်းဆုံးနေရာတစ်ခုလေ၊ အနာဂတ်မှာ ရှင် နန်းတွင်းအရာရှိတစ်ယောက် ဖြစ်လာခဲ့ရင် သေချာပေါက် အသုံး၀င်ပါလိမ့်မယ်ရှင်”
“အရူးမလေး” ရှန်းယောင်သည် သူ့နှလုံးသားမှာ ယားယံလာကာ ထိရှသွားမိသည်။ သူ့လက်အား မြှောက်၍ သူမ၏ မေးစေ့လေးအား ဆိတ်လိုက်ကာ ခပ်ဖွဖွ ရယ်မောလျက် မေးသည်။
“ကိုယ့်အပေါ် အဲ့လောက်တောင် ယုံကြည်မှုရှိတာလား”
“သေချာတာပေါ့ရှင်” ကျီကျောက်သည် တုံ့ဆိုင်းမှုမရှိဘဲ ခေါင်းညိမ့်ပြလိုက်သည်။
“ဘယ်လိုတွေဖြစ်နေပါစေ ကျွန်မယောကျာ်းလို ထူးချွန်ထက်မြက်ပြီး အသိပညာကြွယ်၀တဲ့ လူကြီးလူကောင်းမျိုးက တွေ့ရခဲတယ်ရှင့်”
“ကိုယ် ထပ်ပြီး ရှုံးနိမ့်သွားရင်ရော” ရှန်းယောင်သည် တမင်သက်သက် စနောက်ကျီဆယ်သည်။
“မဖြစ်နိုင်ဘူး” ကျီကျောက်သည် သူ့အား ရုတ်တရက် စိတ်ပိုင်းဖြတ်ထားသည့် အကြည့်ဖြင့် မော့ကြည့်လာသည်။
“ရှန်းယောင်…. ရှင် ကျွန်မနဲ့ လောင်းရဲလား”
“အလောင်းအစားလား” ရှန်းယောင်သည် သူ့မျက်ခုံးများအား စိတ်၀င်တစား ပင့်လိုက်မိသည်။
“မင်းက ဘယ်လို လောင်းချင်တာလဲ”
“ဒီတစ်ခေါက် တော်ဝင်စာမေးပွဲရဲ့ ရှင့်အမှတ်ကို လောင်းကြမယ်လေ။ ဘယ်လိုလဲ။”
ကျီကျောက်က အပြုံးဖြင့် ပြောသည်။
“အရင်က ကျွန်မ လှည့်ပတ်မေးကြည့်ခဲ့ဖူးတယ်၊ နှစ်အနည်းငယ်အကြာက ယွင်ချွမ်မြို့တော်ရဲ့ လူအယောက်သုံး ဆယ်ထဲကသာ စာမေးပွဲအောင်စာရင်းထဲ ပါ၀င်နိုင်ခဲ့ကြတယ်…. အောင်မြင်တဲ့သူတွေကို အရည်အချင်းပြည့်မှီသူတွေလို့ ခေါ်ကြတယ်၊ ပထမနေရာက ကျဲ့ယွမ်၊ ဒုတိယနေရာက ယာ့ယွမ်၊ တတိယ စတုတ္ထနဲ့ ပဉ္စမနေရာက ကျင်းခွေ့နဲ့ ဆဌမနေရာက ယာ့ခွေ့အဆင့်အဖြစ် အသီးသီးသတ်မှတ်ကြတယ်၊ ယေဘုယျအနေနဲ့ ခြုံပြောရရင် အမှတ်အများဆုံး ဖြေဆိုသူခြောက်ယောက်ကို အလေးထားချီးကျူးကြတယ်မလား”
“အင်း…” ရှန်းယောင်သည် သဘောတူသည့်အနေဖြင့် ဖြည်းညှင်းစွာ ခေါင်းညိမ့်ပြသည်။
“ဒါဆို ကျွန်မတို့တွေ ရှင့်အဆင့်အပေါ် လောင်းကျရင်ရော” ကျီကျောက်သည် သူမ၏ မေးစေ့လေးအား တွေးတောလျက် ပွတ်သပ်လိုက်ပြီးနောက် အပြုံးလေးဖြင့် ပြောသည်။ “ရှင် ထိပ်ဆုံး ( ၃ ) ဦး ထဲမှာ ပါမယ်လို့ ကျွန်မ လောင်းတယ်”
“ကျွန်မ နိုင်ရင် ရှင် ကျွန်မကို ကတိ သုံးခု ပေးရမယ်၊ ကျွန်မ ရှုံးရင်တော့ ကျွန်မကိုယ်တိုင် ရှင့်အကြိုက်ဆုံးဟင်းလျာတွေကို စားပွဲအပြည့် ချက်ပေးမယ်။ ဘယ်လိုလဲရှင့်။”
“ဒီ အလောင်းအစားက…..”
“ဟမ်” ကျီကျောက်သည် သူမ၏ မျက်ခုံးလေးအား ဖြည်းညင်းစွာပင့်လျက် သူ့အားကြည့်လာသည်။
“အရမ်းမျှတတာပဲ” စိတ်အခြေအနေအကဲခတ်ရာမှာ တော်သည့် ရှန်းယောင်သည် အလျင်အမြန် ခေါင်းညိမ့်လိုက်ကာ ပြောသည်။
“ဒီလိုပဲ ဖြစ်ရမယ်လေ” ကျီကျောက်သည် စိတ်ကြီး၀င်စွာဖြင့် သူမ၏ လက်အား နောက်ပစ်လိုက်သည်။
“မြန်မြန် ဂျင်ဆင်းစွပ်ပြုတ်လေး သောက်လိုက်ပါဦး၊ အေးသွားရင် အရသာမရှိဘဲ နေဦးမယ်”
“သိပါပြီရှင့်”
ရှစ်လပိုင်းအကုန်တွင် နောက်ဆုံး၌ ကျီကျောက်သည် သူမ စိတ်ကျေနပ်မှုရှိသည့် ဆိုင်ခန်း တစ်ခုအား ရှာတွေ့ခဲ့သည်။
“သခင်မရှန်း” ဆိုင်ရှင်ချန်သည် ရိုးရိုးသားသား ပြောလာပေသည်။
“ဒီဆိုင်ခန်းကို နှစ်၀က်လောက် ဆိုင်းငံ့ထားရတဲ့ အကြောင်းအရင်းက လွန်ခဲ့တဲ့နှစ်၀က်ခန့်တုန်းက မကောင်းတဲ့ တစ်စုံတစ်ခု ဖြစ်ခဲ့လို့ပါ”
“အိုး” ကျီကျောက်သည် သိချင်စိတ်များ မြင့်တက်လာသည်။
“ဒီဆိုင်က သရဲခြောက်တာများလားရှင့်”
“သခင်မ ကြားပြီးပြီလားဗျ” ဆိုင်ရှင်ချန်သည် အလွန်အမင်း အံ့အားသင့်သွားသည်။ “သခင်မ ဒီအကြောင်းကို သိနေမှတော့ ဘာလို့ ၀ယ်ဖို့ တောင်းဆိုနေရသေးတာလဲဗျ”
“ကျွန်…. ကျွန်မက ဒီတိုင်းပြောလိုက်တာပါ” ကျီကျောက်သည် ရုတ်တရက် သူမ၏ နောက်ကျောမှ ချွေးများစို့လာသည်ကို ခံစားမိသည်။
“ဒါပေမဲ့ ဆိုင်ရှင်ချန်…. ဒီဆိုင်က တကယ်ပဲ သရဲခြောက်တာလား”
“တကယ်တော့ သရဲခြောက်တာ မဟုတ်ပါဘူးဗျ” ဆိုင်ရှင်ချန်သည် နူးညံ့စွာ ရှင်းပြပေသည်။
“အစတုန်းက ဒီဆိုင်က အရက်ဆိုင်လေ…. အရင်ဆိုင်ရှင်က ကျီမျိုးရိုးဖြစ်ပြီး လွန်ခဲ့တဲ့ သုံးနှစ်ခန့်လောက်က ကျွန်တော်တို့ ယွင်ချွမ်မြို့တော်ကိုလာပြီး ဒီအရက်ဆိုင်ကို ဖွင့်ခဲ့တာပါ”
“ဒါပေမဲ့ အရက်ဆိုင်က သိပ်ရောင်းမကောင်းခဲ့ပါဘူး၊ လွန်ခဲ့တဲ့နှစ်၀က်လောက်က ဆိုင်ရှင်ကျီက အရက်မူးပြီးတော့ ပြုတ်ကျတာကြောင့် ခေါင်းထိသွားပြီး သိပ်မကြာသေးခင်ကမှ ကွယ်လွန်သွားခဲ့တာပါ၊ ကျွန်တော်က သူနဲ့ မိတ်ဆွေတွေဖြစ်ခဲ့တာကြောင့် သူ့ဈာပနကို ကူညီဆောင်ရွက်ပေးခဲ့ပါသေးတယ်”
“သခင်မ မြင်တဲ့အတိုင်းပါဘဲ…. ဆိုင်က အချက်အချာနေရာကောင်းမှာ ရှိပြီးတော့ ဈေးနှုန်းကလည်း သိပ်မဆိုးလှပါဘူး၊ အရင်တုန်းက ဘယ်သူကမှ ဒီဆိုင်ကို ၀ယ်ဖို့ မမေးမြန်းခဲ့တာမျိုး မဟုတ်ဘူးဗျ၊ ဆိုင်ကို ၀ယ်ပြီးတဲ့သူတိုင်းက ဒီတိုင်းက နည်းနည်း ထူးဆန်းတယ်လို့ ပြောကြပါတယ်၊ ညအတော်ကြာအောင် သူတို့တွေက လူ့အရပ် ထက်၀က်ခန့်ရှိတဲ့ မျက်နှာမရှိတဲ့ မကောင်းဆိုးဝါးတစ်ကောင် ဆိုင်ထဲမှာ လှည့်ပတ်နေတာကို တွေ့ခဲ့ကြတယ်တဲ့လေ၊ သူတို့တွေက နာမည်ကြီးတဲ့ တောက်ဘုန်းတော်ကြီးတစ်ပါးကို ပင့်ဖိတ်ပြီးတော့ ကြည့်ခိုင်းခဲ့ကြတယ်၊ သူတို့ပြောတာတော့ ဆိုင်အောက်မှာ ရက်စက်ကြမ်းကြုတ်တဲ့ အကောင်ကြီး တစ်ကောင် ရှိတယ်တဲ့လေ…. အချိန်တွေ ကုန်လွန်လာတာနဲ့အမျှ အခုလို ဆိုင်က ခြောက်ကပ်လာတာပါပဲဗျာ….”
“မျက်နှာမဲ့ မကောင်းဆိုးဝါးလား” ကျီကျောက်သည် ပို၍ပင် သိချင်လာခဲ့ပေသည်။
“ဒါဆို အဲ့ဒီမကောင်းဆိုးဝါးက ဘယ်လိုပုံစံလဲဆိုတာ မြင်ဖူးတဲ့သူရှိလား”
“ကျွန်တော်လည်း မသိပါဘူးဗျ” ဆိုင်ရှင်ချန်သည် ခဏလောက် တွေးလိုက်ကာ ဖြောင်းဖျလာပြန်သည်။
“သခင်မ တကယ်ပဲ ဒီဆိုင်ကို ၀ယ်မှာလား”
“ဒီလောကကြီးမှာ သရဲတစ္ဆေဆိုတဲ့ အရာတွေနဲ့ယှဉ်ရင် လူသားတွေရဲ့ နှလုံးသားက ပိုပြီးကြောက်ဖို့ ကောင်းလှပါတယ်” တခဏလောက် တိတ်ဆိတ်နေပြီးနောက် ကျီကျောက်သည် ခိုင်မာစွာပြောသည်။
“ကျွန်မ ဒီဆိုင်ကို ၀ယ်ချင်တယ်”
ဆိုင်ရှင်ချန်သည် ကျီကျောက်အား ဒီမျှလောက် သတ္တိရှိလိမ့်မည်ဟု မထင်မှတ်ထားပေ။
ညနေစောင်းချိန်နီးကပ်လာသည့်အခါ ဆိုင်ရှင်ချန်သည် ကျီကျောက်နာမည်နှင့် ဆိုင်ပိုင်ဆိုင်မှု စာချုပ်စာတမ်းနှင့် အိမ်ပိုင်ဆိုင်မှု စာချုပ်စာတမ်းများ လွှဲပြောင်းပေးအပ်လာသည်။
“ကျေးဇူးပါ ဆိုင်ရှင်ချန်” ကျီကျောက်သည် ကျေးဇူးတင်စွာ ပြုံး၍ ပြောလိုက်သည်။
“ချွင်းဖုန့်ဆိုင်ဖွင့်တဲ့အချိန်ကျရင် ကျွန်မ ရှင့်ကို တစ်ခွက်လောက် ဧည့်ခံပါရစေရှင့်”
***