← Chapters

သခင်မရဲ့ အမိန့်ကို မနာခံဘဲ မနေဝံ့ပါဘူးဗျ။

Vol. 22 Ch. 320

သခင်မရဲ့ အမိန့်ကို မနာခံဘဲ မနေဝံ့ပါဘူးဗျ။

Vol. 22 Ch. 320

ခဏကြာသည့်နောက်တွင် ကျောက်လန်ဟွာသည် စိတ်ကျေနပ်မှုဖြင့် သူမတူအား အောက်ချလိုက်ပေသည်။

“ဒီကြက်အကြွပ်ကြော်အရသာက တကယ့် အံ့မခန်းပဲဆိုတာ ၀န်ခံလိုက်ပါပြီ…. ဒါပေမယ့် ဈေးနှုန်းကတော့ နည်းနည်းတော့ လက်သင့်မခံနိုင်စရာပဲ” ကျောက်လန်ဟွာသည် မတန်သေးသလို ခံစားရပေသည်။ အဆုံးမှာတော့ ဘယ်လိုကြက်မျိုးက ငွေ ( ၆ ) လျန်းအတွက် ရောင်းချနိုင်သည် ဆိုသည်အား မသိချေ။

“အမေ ကြက်အကြွပ်ကြော်ဟင်းတစ်ပွဲဟာ အနည်းဆုံး ငွေ ( ၁၀ ) လျန်း ကျသင့်တယ်ရှင့်”

“အမ်….” ကျောက်လန်ဟွာသည် အမူအရာမဲ့စွာ မျက်တောင်ခတ်လိုက်မိသည်။

“အမေ…. ဒီကြက်အကြွပ်ကြော်က မကြီးဘူးဆိုပေမဲ့ ဒီကြက်အကြွပ်ကြော်ကို ကောင်းကောင်းလေး လုပ်ချင်တယ်ဆိုရင် သီးသန့်နည်းလမ်း သုံးဖို့ လိုအပ်ပါတယ်” ကျီကျောက်သည် ပြုံးလိုက်ရင်း ရှင်းပြသည်။

“ပထမဆုံးအနေနဲ့ ပါ၀င်ပစ္စည်းရွေးချယ်တဲ့ နေရာမှာ ယေဘုယျအနေနဲ့ ကြက်မတွေကို သုံးတာ အကောင်းဆုံးပဲ”

“ကြက်အကြွပ်ကြော် ကြော်ချက်တဲ့နည်းလမ်းဟာ အရမ်းရှုပ်ထွေးလှပါတယ်၊ ဒီကြက်သားကြော်ကို ကြွပ်ရွပြီး မွှေးပျံ့စေချင်ရင် ကြက်သားကို အရင်ဆုံး ပြုတ်ရည်ထွက်အောင် ပေါင်းရပါမယ်၊ အပူအနေအထားသင့်တော်တဲ့အချိန်မှာ အိုးထဲထည့်ကြော်ရပါမယ်၊ ဒီလိုမှသာ အပေါ်ယံအရေခွံကို မွှေးပျံ့ကြွပ်ရွ‌စေမှာပါ”

“တကယ် ရှုပ်ထွေးမယ့်ပုံပဲ” ကျောက်လန်ဟွာသည် ကြက်အကြွပ်ကြော် ကြော်နည်းမှာ လွန်စွာရှုပ်ထွေးလှမည်ဟု မထင်ထားပေ။

“ဒါပေမဲ့ ငွေ ( ၆ ) လျန်းကတော့ နည်းနည်းဈေးများတယ်လို့ အမေ ထင်နေတုန်းပဲ….”

မြို့တော်သည် စည်ကားသိုက်မြိုက်လှသော်ငြား နေထိုင်စားသောက်စရိတ်မှာ မြင့်လှပေသည်။

မိသားစုနေ့လည်စာ စားသောက်ပြီးနောက် ကျောက်လန်ဟွာသည် အနည်းငယ် ပင်ပန်းလာသလို ခံစားရပေသည်။

“အဖေ…. အမေ့ကို အရင် အိမ်တော်ကို လိုက်ပို့နှင့်ပါဗျ” ရှန်းယောင်သည် နူးညံ့စွာ အကြံပြုသည်။

“ကျွန်တော် အာ့ထောင်ကို အဖော်ပြုပြီးတော့ ချွင်းဖုန့်ဆိုင်ခန်းမ ဆောက်လုပ်နေတဲ့ အခြေအနေကို သွားကြည့်ချင်သေးလို့ပါ”

“ကောင်းပြီလေ” ရှန်းတာ့ရှန်သည် ခေါင်းညိမ့်လိုက်ကာ ကျောက်လန်ဟွာနှင့်အတူ ပြန်နှင့်သည်။

“ခုနတုန်းက အမေ့ကို ဘာပြောလိုက်တာလဲ” ရှန်းယောင်သည် အနီရောင်ဟောသွန်းသီးယိုထိုးမုန့်အား ကိုက်ဝါးနေသည့် ကျီကျောက်အား သိချင်စိတ်ဖြင့် ကြည့်လိုက်ရင်း ခပ်ဖွဖွ ရယ်မောကာ ပြောသည်။

“အမေက လက်ဖွာရတာကို ကြိုက်တာ မဟုတ်ဘူး၊ မင်း တကယ်ပဲ သူမကို ထျန်ရှန်းစားသောက်ဆိုင်လို ဈေးကြီးတဲ့ဆိုင်ထဲ၀င်ဖို့ ဘယ်လိုစည်းရုံးလိုက်တာများလဲ”

“တကယ်တော့ ဘာမှ မဟုတ်လှပါဘူး” ကျီကျောက်သည် ပြုံးလိုက်ရင်း အမှုမထားသလို ပုခုံးတွန့်ကာ ပြောသည်။

“ကျွန်မက အမေ့ကို ထျန်ရှင်းစားသောက်ဆိုင်ထဲကို ၀င်ပြီး စုံစမ်းကြည့်ရှုပေးဖို့ ပြောခဲ့ရုံပါ၊ မြို့တော်ကလူတွေက စားသောက်ဆိုင်မှာ ဘယ်လိုဟင်းလျာမျိုး မှာစားရတာ ကြိုက်တယ်ဆိုတာ ကြည့်ပြီး ဒီနည်းနဲ့ ချွင်းဖုန့်ဆိုင်ရဲ့ အ‌စားအသောက်စာရင်းကို ပြင်ဆင်နိုင်မှာလေရှင့်”

ရှန်းယောင်သည် ပြုံးလိုက်ကာ သူမ၏ နှာခေါင်းထိပ်လေးအား မြတ်နိုးစွာ ထိလိုက်သည်။ သူ့လေသံထဲတွင် သဘောကျနှစ်သက်မှုများ ပြည့်နှက်နေပေသည်။ “ကိုယ့်ကျောက်ကျောက်လေးက အရမ်းဉာဏ်ကောင်းတာပါပဲဗျာ”

“ရှူး” ကျီကျောက်သည် တမင်တကာဖြင့် ဘေးဘီကိုဝေ့ကြည့်လိုက်ရင်း သူမ၏ နှုတ်ခမ်းအား လက်ညှိုးလေးဖြင့် အသာထိကာ အသံတိုးတိုးဖြင့် ပြောသည်။

“ကျွန်မ အရမ်းဉာဏ်ကောင်းတယ်ဆိုတာ ကျွန်မကိုယ် ကျွန်မ သိပါတယ်၊ အကျယ်ကြီး ပြောမနေနဲ့လေ။ တော်ကြာ တစ်ယောက်ယောက်က ရှင့်ဇနီးလေးကို ပြန်ပေးဆွဲသွားမှာ မကြောက်ဘူးလား ပြော”

“ဟင့်အင်း” ရှန်းယောင်သည် သူမ၏ လက်လေးအား အသာဖျစ်ညစ်ကာ ခိုင်မာစွာပြောသည်။

“ဘယ်သူကမှ ကိုယ့်ဇနီးလေးကို အဝေးကိုခေါ်သွားလို့မရဘူး။”

သူသည် တမင်တကာဖြင့် “ဇနီးလေး” ဆိုသည့် စကားလုံးအား ဖိ့ပြောလိုက်သဖြင့် ကျီကျောက် နှလုံးသားအား ရိုင်းစိုင်းစွာ ခုန်ပေါက်စေသည်။

“အဟမ်း” ကျီကျောက်သည် အလျင်အမြန် သူ့အကြည့်အား ရှောင်ဖယ်ကာ ညင်သာစွာ တတွတ်တွတ် ပြောသည်။

“ချွင်းဖုန့်ဆိုင်ခန်းကို အမြန်လေး သွားကြရအောင်လေ”

နွေဦးလေပြေ ဆိုင်ခန်းမ။

ဆိုင်ရှင်ချန် မိတ်ဆက်ပေးသည့် လက်သမားများ၏ ကျေးဇူးဖြင့် နွေဦးလေပြေ ဆိုင်ခန်းမအား ပြန်လည်မွမ်းမံခြင်းမှာ ပြီးသလောက်ဖြစ်နေပြီဖြစ်‌သည်။

ကျီကျောက်သည် အရင်ရက်က တရုတ်ပြက္ခဒိန်အား ကြည့်ခဲ့ပြီးသည့်နောက် သဖက်ခါသည် ဆိုင်ဖွင့်ရန် နေ့ရက်ကောင်း ဖြစ်ကြောင်းခံစားရပေသည်။

ကိုးလပိုင်း၏ ရှစ်ရက်မြောက်နေ့သည် နေ့ကောင်းရက်မြတ်ဖြစ်ပေသည်။

“ရှန်းယောင်” ခန်းမအလယ်တွင် မတ်တပ်ရပ်နေသည့် ကျီကျောက်သည် ပတ်၀န်းကျင်အား ကြည့်လျက် သူမ ရုတ်တရက် အတွေးတစ်ခု ဝင်လာကာ ရှန်းယောင်ထံသို့ ပြေးသွားပြီး သူ့လက်မောင်းအား မြတ်မြတ်နိုးနိုး ဖက်တွယ်ကာ ပြောလိုက်သည်။

“ကျွန်မ အကူအညီတောင်းချင်တာလေးရှိလို့”

“အင်း….”

“ရှင့်ရဲ့ လက်ရေးလှလေ့ကျင့်တဲ့ အဖိုးတန်ရတနာလေးတချို့ ငှားပေးလို့ရမလား” ကျီကျောက်သည် သူ့အားမော့ကြည့်လျက် ရူးမိုက်စွာ သွားဖြီးပြသည်။

“ရှင်ကျွန်မကို လက်ရေးလှ စာလုံးကူရေးပေးပြီး ပန်းချီကား နှစ်ချပ်လောက် ဆွဲပေးလို့ရမလား”

“ကိုယ် စဉ်းစားလိုက်ဦးမယ်လေ”

“ရှင်က စဉ်းစားဖို့လိုသေးတယ်ပေါ့လေ….” ကျီကျောက်သည် မကျေနပ်စွာ မျက်မှောင်ကြုတ်လိုက်သည်။

“သခင်မရဲ့ အမိန့်ကို မနာခံဘဲ မနေဝံ့ပါဘူးဗျာ” ရှန်းယောင်သည် သူမ၏ နှာခေါင်းထိပ်လေးအား တို့ထိလိုက်ရင်း ကူရာမဲ့စွာ ပြုံးမိသည်။

ကျီကျောက်၏ မျက်လုံးများမှာ အရောင်လက်လာပြီး သူမသည်ခြေဖျားထောက်ကာ သူ့ရှေ့သို့ မှီလိုက်ကာ သူ့ပါးပြင်ပေါ်သို့ အနမ်းဖျော့ဖျော့ နမ်းလိုက်သည်။

“ကျွန်မယောက်ျားက အရမ်းကောင်းတာပဲ”

“အရူးမလေး” ရှန်းယောင်သည် ချစ်မြတ်နိုးစွာ ပြုံးလိုက်ရင်း သူမအား သူ့လက်မောင်းထဲသို့ ထပ်ပြီး ဆွဲပွေ့လိုက်သည်။

“ကျောက်ကျောက် မင်းက ပိုပြီးတောင် ကောင်းပါတယ်ဗျာ”

“ရှန်းယောင်” ကျီကျောက်သည် အရှက်သည်းစွာ ပြောသည်။

“မြန်မြန်လွှတ်ပေးပါ…. လူတွေ ကျွန်မတို့ကို ကြည့်နေကြပြီရှင့်”

“အဆင်ပြေပါတယ်” ရှန်းယောင်သည် သူ့မျက်ခုံးအား ပင့်လိုက်ကာ သူတို့အလုပ်များအား ရပ်ပြီး ပွဲကြည့်နေကြသည့် လက်သမားများအား ကြည့်လိုက်ကာ ပြောသည်။

“ဆရာကြီးတို့ အချိန်မှီ အပြီးသတ်နိုင်ဖို့ မျှော်လင့်ပါတယ်ဗျ၊ ရက်ကျော်သွားမယ်ဆို ဆရာကြီးတို့လစာ အဖြတ်ခံရနိုင်တယ်။”

သူတို့၏ လစာဖြတ်ခံရမယ်ဆိုသည်အား ကြားလိုက်ရသည့် လက်သမားဆရာများမှာ ဖိမ့်ဖိမ့်တုန်သွားကြကာ သူတို့အကြည့်များအား အလျင်အမြန် ရှောင်ဖယ်လိုက်ကာ အလုပ်ဆက်လုပ်နေကြပေသည်။

ရှန်းယောင်၏ လက်မောင်းအား မှီထားသည့် ကျီကျောက်သည် သူ့အား အကြံသမားတစ်ယောက် ဖြစ်မည်ဟု မထင်ထားမိသဖြင့် သူ့ရင်ဘတ်အား စိတ်ဆိုးဆိုးဖြင့် ထုရိုက်လိုက်ကာ ကူကယ်ရာမဲ့စွာဖြင့် ပြုံးလိုက်မိသည်။

“ကျွန်မတို့တွေ နောက်ဖေးဥယျာဉ်ခြံထဲ သွားကြည့်ကြည့်ကြမလား” ကျီကျောက်သည် ရုတ်တရက် အကြံပြုသည်။

“ဆိုင်ရှင်ချန် အစောကပြောတာတော့ နောက်ဖေးခြံထဲမှာ မြေအောက်အရက်သိုလှောင်ခန်း ရှိတယ်တဲ့လေ၊ သွားကြည့်ကြတာပေါ့…. အဲ့ဒီအရက်တွေက အသုံး၀င်သေးရင် ဟင်းချက်တဲ့နေရာမှာ သုံးလို့ ရလောက်တယ်”

“ကောင်းပြီလေ”

“အယ်…. ကျွန်မရဲ့ ဟောသွန်းသီးယိုတုတ်ထိုးရော ဘယ်ရောက်သွားတာလဲ” ကျီကျောက်သည် ဘာမှမရှိသည့် ကောင်တာအား လှည့်ကြည့်လျက် အမူအရာမဲ့စွာ မျက်တောင်ခတ်မိသည်။

“ကျွန်မ မှတ်မိသလောက်ဆို တစ်၀က်လောက် ကျန်ပါသေးတယ်”

ဟောသွန်းသီးယိုတုတ်ထိုးတွင် ဟောသွန်းသီး စုစုပေါင်း ခုနှစ်ခု ပါ၀င်ပေသည်။ ကျီကျောက် ရှင်းရှင်းလင်းလင်း မှတ်မိသလောက်ဆို သူမ သုံးခုသာ စားပြီးပြီဖြစ်ပေသည်။

ဒါ့အပြင် သူမထပ်ပြီးရှင်းလင်းစွာ မှတ်မိနေသေးသည်မှာ ဟောသွန်းသီးယိုတုတ်ထိုးအား ခုနလေးတင် ကောင်တာပေါ် တင်ထားခြင်း ဖြစ်ပေသည်။

“ကိုယ်တို့ပြန်ရောက်မှ နောက်ထပ် နှစ်ခုလောက် ထပ်၀ယ်ကြမယ်လေ” ရှန်းယောင်သည် သူမ၏ လက်အားကိုင်ကာ ပြုံးလိုက်သည်။

“အရင် ဝိုင်သိုလှောင်ခန်းကို တစ်ချက် သွားကြည့်ကြရအောင်။”

“ကောင်းပြီလေ” ကျီကျောက်သည် အနည်းငယ် မပျော်ရွှင်တောသော်ငြား သူမသည် နာနာခံခံဖြင့် အနောက်ခြံ၀န်းထဲသို့ သွားခဲ့သည်။

နှစ်ဦးသား ခန်းမ၏ဘေးဘက်တံခါးမှ ဖြတ်သွား၍ အနောက်ခြံ၀န်းထဲသို့ ရောက်ရှိလာပေသည်။

အနောက်ခြံ၀န်း၏ အရှေ့ဖက်ခြမ်းတွင် စားဖိုဆောင်ရှိကာ အခန်းရဲ့ အနောက်ဖက်ခြမ်းတွင် မူလဝိုင်သိုလှောင်ခန်း ရှိပေသည်။

သူတို့ တံခါးအား တွန်းဖွင့်၍ ၀င်လိုက်ချိန်တွင် ကျီကျောက်အား မျက်ရည်ထွက်လောက်အောင် မွှန်ထူစေသည့် ဖုန်အထူကြီးအား တွေ့လိုက်ရပေသည်။

“ဒီမှာ ဖုန်တွေ အရမ်းများလွန်းတယ်”

ရှန်းယောင်သည် လက်ကိုင်ပုဝါအား အလျင်အမြန်ထုတ်လိုက်ကာ ကျီကျောက်အား လှမ်းပေးသည်။

“ကျောက်ကျောက် အပြင်ဖက်မှာ ကိုယ့်ကို ခဏစောင့်နေပေးပါ။”

သူသည် နံရံထောင့်မှာ ထောင်ထားသည့် တံမြက်စည်းကား ကောက်ယူ၍ ဝိုင်သိုလှောင်ခန်းအား အလျင်အမြန် လှည်းကျင်းသည်။ ထို့နောက် သူသည် ပြတင်းပေါက်အား တွန်းဖွင့်၍ ကျီကျောက်အား အထဲ၀င်ရန် ခေါ်လိုက်ပေသည်။

“ပြီးသွားပါပြီဗျ”

“ဒီမှာ ဝိုင်စည်တွေအများကြီး တကယ်ပဲ ရှိနေတာပဲ” ကျီကျောက်သည် ဘေးဘီသို့ အံ့ဩစွာ ကြည့်လိုက်မိသည်။ ဝိုင်သိုလှောင်ခန်းမှာ စတုရန်းမီတာ လေးဆယ်ခန့်သာ ရှိ၍ မကြီးလှပေ။ သို့ပေမယ့် မြေပြင်ပေါ်တွင် အရွယ်အစားမျိုးစုံ စုံလင်လှသည့် ဝိုင်အိုးများအား သိပ်သည်းစွာ ထုပ်ပိုးထားပေသည်။

နံရံ၏ အနောက်ဖက်ထောင့်တွင် ယိုင်နှဲ့နေသည့် သစ်သားဘောင်တစ်ခု ရှိပေသည်။

ကျီကျောက်သည် မသိစိတ်မှ ထိုသစ်သားဘောင်ဆီသို့ ချဉ်းကပ်၍ လက်လှမ်းလိုက်သည့်အခိုက်တွင် သစ်သားဘောင်မှ ရုတ်တရက်ပြုတ်ကျလာသည်။

ရှန်းယောင်သည် အလျင်အမြန်ပင် သူမအား ဖက်လိုက်ကာ ရှောင်လိုက်သည်။

“အဆင်ပြေရဲ့လား” ရှန်းယောင်က စိုးရိမ်တကြီး မေးမြန်းသည်။

“ကျောက်ကျောက် တစ်နေရာရာများ ထိခိုက်သွားသေးလား”

ကျီကျောက်သည် သူမ၏ ခေါင်းအား မသိစိတ်မှ ခါလိုက်ကာ ပြောသည်။

“ကျွန်မ အဆင်ပြေပါတယ်။ ဒါပေမယ့် ရှန်းယောင် ဒီနံရံကို ကြည့်ပါဦး။”

သူမ၏ လက်ညှိုးညွန်ရာသို့လိုက်ကြည့်ပြီးနောက် နံရံမှာ ထူးခြားမှု တစ်ခုအား ရှာတွေ့လိုက်ရပေသည်။

ထိုနံရံမှာ တကယ်ကို ထူးဆန်းလှပေသည်။

“ ဒီအမှတ်တွေက အခုလေးတင် သစ်သားဘောင်နဲ့ ပုံဖော်ထားတာဆိုပေမယ့် ဒီနေရာကိုကြည့် ဘာလို့ ဒီမှာ ရွှေရောင်ကြာပန်းက ရှိနေရတာလဲ” ကျီကျောက်သည် နံရံပေါ်မှ အမှတ်များအား ညွှန်ပြလျက် အံ့ဩစွာပြောသည်။

နံရံပေါ်က ရွှေရောင်ကြာပန်းအကွက်က ကလေးလက်သီးဆုပ်ပမာဏခန့်သာ ရှိပေသည်။

ဘေးပတ်လည်မှ နံရံများမှာ ပြိုကျသွားပေမဲ့ ကြာပန်းလေးမှာ တောက်ပစွာ ၀င်းလက်နေသေးပေသည်။

အကြောင်းရင်းတချို့ကြောင့် ကျီကျောက်သည် မသိစိတ်မှ သူမ၏ လက်ချောင်းအား ဆွဲဆန့်လိုက်ကာ ရွှေရောင်ကြာပန်းအား ထိလိုက်သည်။

ရွှေရောင်အလင်းတန်းမှာ ဖြတ်ခနဲလင်းသွားသည်နှင့် သူမရှေ့မှ ရွှေရောင်ကြာပန်းမှာ ရုတ်ခြည်း ကျယ်လောင်လှသည့်အသံ မြည်ဟည်းလာကာ ပေါက်ကွဲသွားသည်။

ဖောင်း*

***

All Chapters