← Chapters

သူက လေထဲကနေ ပစ္စည်းတွေကို ပျောက်သွားအောင် လုပ်နိုင်တာများလား။

Vol. 22 Ch. 321

သူက လေထဲကနေ ပစ္စည်းတွေကို ပျောက်သွားအောင် လုပ်နိုင်တာများလား။

Vol. 22 Ch. 321

ကျယ်လောင်လှသည့် ပေါက်ကွဲသံအဆုံးမှာတော့ နံရံပေါ်ရှိ ရွှေရောင်ကြာပွင့်မှာ ပျောက်ဆုံးသွားခဲ့သည်။

ထိုကြာပွင့်ရှိရာနေရာတွင် စတုရန်းပုံစံ ၀င်ပေါက် တစ်ခု ရှိနေခဲ့ပေသည်။

“ဒီမှာ လျှို့ဝှက်အပေါက် ရှိနေတာလား” ကျီကျောက်သည် မသိစိတ်မှ သူမဘေးရှိ ရှန်းယောင်အား ကြည့်လျက် စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

“အာ့ထောင် ဒီနားမှာ ရပ်စောင့်နေလိုက်နော်၊ ကိုယ် အထဲကို တစ်ချက်၀င်ကြည့်ဦးမယ်” ရှန်းယောင်သည် သူမအားကြည့်ရင်း အသံတိုးတိုးဖြင့် ပြောသည်။

“ဒါပေမယ့်….” ကျီကျောက်သည် သူနှင့်အတူ လိုက်ကြည့်ချင်သည်။

“လိမ္မာပါကွာ” ရှန်းယောင်သည် သူမအား ဖျတ်ခနဲကြည့်လိုက်သဖြင့် ကျီကျောက် နာခံစွာဖြင့် ခေါင်းညိမ့်ပြသည်။

“ဒါဆိုလဲ ရှင် တစ်ခုခုမှားနေတယ်လို့ ခံစားရရင် မြန်မြန်လေး ပြေးထွက်လာခဲ့နော်”

“အင်း” ရှန်းယောင်သည် သူ့ခန္ဓာကိုယ်အား ကွေးလိုက်ပြီး သူ့ရှေ့ရှိ ပိတ်ပိတ်မှောင်နေသော စတုရန်းပုံအပေါက်လေးထဲသို့ ၀င်သွားလိုက်သည်။

သူသည် နံရံအားကိုင်လျက် တစ်လှမ်းချင်းစီ လျှောက်သွားခဲ့သည်။ နောက်ဆုံးမှာတော့ သိပ်မဝေးသည့် တစ်နေရာမှ မှိန်ပျပျအလင်းရောင်လေးအား တွေ့လိုက်ရသည်။

အံ့အားသင့်စရာကောင်းတာက ကြည်လင်ပြီး စိတ်ရှုပ်ထွေးနေပုံရသည့် မျက်လုံး တစ်စုံနှင့် ထိုသူလက်ထဲမှ တစ်၀က်စားထားပြီးသား သစ်သီးသကြားလုံးထုတ်တိုးအား တွေ့လိုက်ရသည်။

အချိန်တဖြည်းဖြည်းကုန်ဆုံးလာသည်နှင့် အပြင်ဖက်တွင် စောင့်နေသည့် ကျီကျောက်တစ်ယောက် ပို၍ပင် စိတ်လှုပ်ရှားလာသည်။

သူမ စိုးရိမ်မှုများဖြင့် ခေါက်တုံ့ခေါက်ပြန် လျှောက်နေစဉ်တွင် လှုပ်ရှားသံ တစ်ခုအား ကြားလိုက်ရတော့သည်။

“ ရှန်းယောင် ရှင် အဆင်ပြေရဲ့လား” ကျီကျောက်သည် အလျင်အမြန် ရှေ့သို့ လျှောက်သွားလိုက်တော့ ရှန်းယောင်၏ အနောက်မှာ အ‌မြှီးသေးသေးလေး တစ်ခု လိုက်လာသည်အား ‌သိရှိ‌လိုက်ရသည်။

“ဒါက….” ကျီကျောက်သည် ဖရိုဖရဲဖြစ်နေသည့် ကလေးငယ်တစ်ယောက် သူ့လက်ထဲ၌ သစ်သီးသကြားလုံးထုတ်တိုးတစ်၀က်အား ကိုင်လျက် အမူအရာမဲ့စွာ မျက်မှောင်ကြုတ်နေသည်အား ကြည့်လိုက်မိသည်။

“သူက…..”

“ ကျောက်ကျောက် ဒီ‌ကလေးက လျှို့ဝှက်ခန်းထဲမှာ ပိတ်မိနေတာ” ရှန်းယောင်သည် အတိုချုပ် ရှင်းပြသည်။

“သူက စကားပြောတတ်ပုံတော့ မရဘူး”

“ဘာလို့ သူ့လက်ထဲမှာ ကျွန်မရဲ့ သစ်သီးသကြားလုံးထုတ်တိုးတစ်၀က် ရှိနေရတာလဲ” ကျီကျောက်၏ အကြည့်သည် ထိုကလေးလက်ထဲမှ သစ်သီးသကြားလုံးထုတ်တိုးဆီသို့ ကျရောက်သွားကာ သူမသည် ပို၍ပင် စိတ်ရှုပ်သွားပုံရသည်။

“ရှင် သူ့ကို ပေးလိုက်တာလား”

“မဟုတ်ဘူး” ရှန်းယောင်သည် သူမ၏ အမေးအား ကြားသည့်နောက် ငိုရခက် ရယ်ရခက် ဖြစ်သွားမိသည်။

“ကိုယ် လျှို့ဝှက်ခန်းထဲ၀င်သွားတော့ သူက သစ်သီးသကြားလုံးထုတ်တိုးကို ကိုင်ထားတယ်”

“အရမ်း ထူးဆန်းမနေဘူးလား” ကျီကျောက်သည် ပို၍ပင် ပဟေဠိဖြစ်သွားမိသည်။

“သူက အဝေးကပစ္စည်းတွေကို ဘယ်လိုယူရမယ်ဆိုတာ သိနေတာများလား”

“ကိုယ်လည်း မသိဘူး” ရှန်းယောင်က ခေါင်းခါသည်။

“ ကျောက်ကျောက် ကိုယ်တို့တွေ ဒီကလေးကို အရာရှိတွေဆီ ပို့လိုက်ကြမလား”

“အဲ့တာက သင့်တော်တယ်”

အကြောင်းအရင်းတချို့ကြောင့် ကျီကျောက်သည် ဒီကလေး၏ မျက်လုံးများအား အနည်းငယ် ရင်းနှီးနေသလို ခံစားရပေသည်။

“ ရှန်းယောင် သူ့ကို အိမ်ကို အရင်ခေါ်သွားရအောင်လေ၊ ကျွန်မတို့တွေ သူ့ကို သန့်ရှင်းတဲ့ အ၀တ်တစ်စုံလောက် လဲပေးသင့်တယ်မဟုတ်လား”

“ကောင်းသားပဲ”

ထိုအချိန်တွင် အိမ်တော်တွင် ကျောက်လန်ဟွာသည် ကန်စွန်းဥနှင့် ၀က်နံရိုးစွပ်ပြုတ်အား ချက်နေပေသည်။

“မီးက အတော်ပဲလား” မီးဖိုရှေ့တွင်ထိုင်နေသည့် ရှန်းတာ့ရှန်သည် သူ့ခေါင်းအားပြူလိုက်ကာ ရိုးရှင်းပြီး ဖြောင့်မတ်လှသည့် အပြုံးဖြင့် မေးသည်။

“ကွက်တိပဲ” ကျောက်လန်ဟွာသည် ပျော်ရွှင်စွာ မြှောက်ပင့်လိုက်သည်။

ရှန်းယောင်နှင့် ကျီကျောက်တို့ အပြေးပြန်လာချိန်တွင် သင်းကြိုင်လှသည့် မွှေးရနံ့မှာ ခြံ၀န်းအနှံ့ ပျံ့နှံ့နေပေသည်။

ဂွီ ဂွီ*

“မင်း ဗိုက်ဆာလို့လား” ကျီကျောက်သည် ကျယ်လောင်လှသည့် တဂွီဂွီမြည်သံအား ကြားသဖြင့် မသိစိတ်မှ သူမ၏ ၀တ်ရုံထောင့်အား ဆွဲ‌ထားသည့် ကောင်လေးအား ကြည့်လိုက်ပေသည်။

“သမီးတို့ ပြန်လာကြပြီလား” ဆူညံသံများအား ကြားလိုက်သဖြင့် ကျောက်လန်ဟွာသည် မီးဖိုချောင်ထဲမှ အပြုံးလေးဖြင့် ထွက်လာပေသည်။

“စန်းလန်…. အာ့ထောင် သမီးတို့တွေ သူဖုန်းစားလေးတစ်ယောက် ခေါ်လာကြတာလား”

“အမေ သူက သူဖုန်းစား မဟုတ်လောက်ဘူး ထင်တယ်” ကျီကျောက်သည် လေးနက်စွာ ရှင်းပြသည်။

သူမနှင့် ရှန်းယောင်တို့နှစ်ယောက်စလုံး ခံစားရသည်မှာ ဘယ်သူကမှတော့ သူဖုန်းစားလေး တစ်ယောက်အား ဒုက္ခများစွာခံ၍ လျှို့ဝှက်ခန်းထဲ ထည့်မပိတ်ထားလောက်ပေ။

ကျောက်လန်ဟွာသည် ဒီကလေး၏ နောက်ခံဇစ်မြစ်အား သိလိုက်ရပြီးနောက် သူမ နှလုံးသားထဲမှ ပူဆွေးသောကရောက်မိသည်။

“ယောကျာ်းရေ…. မီးဖိုချောင်ထဲမှာ ရေနွေးလေးပြင်ပြီး ဒီကလေးကို ရေချိုးပေးဖို့ ကူညီပါဦး” ကျောက်လန်ဟွာသည် ခဏလောက် တွေးလိုက်ပြီးနောက် ရှန်းတာ့ရှန်အား အလျင်အမြန် ညွှန်ကြားလိုက်သည်။ ထို့နောက် သူမသည် ရှန်းယောင်အား ကြည့်လျက် အလေးအနက် ညွှန်ကြားပြန်သည်။

“စန်းလန်…. မြို့တော်ရုံးထဲကိုသွားပြီး လိုက်မေးလာခဲ့ချေ၊ ပြီးခဲ့တဲ့နှစ်အနည်းငယ်တွင်း မြို့တော်ထဲမှာ ကလေးပျောက်တဲ့ မိသားစုရှိလား ကြည့်ကြည့်ရအောင်”

“အာ့ထောင် စားသောက်ဆိုင်ကိုသွားပြီး ဆိုင်ရှင်ချန်ကို အသုံး၀င်မဲ့ အချက်အလက် တစ်ခုခုရှိနိုင်မလား သွားရှာပြီး မေးလာခဲ့ချေ”

“ကောင်းပါပြီ အမေ”

ညနေခင်းအချိန်တွင် ကောင်းကင်တွင် အရောင်အသွေး စုံလင်လှသည့် တိမ်တိုက်များဖြင့် ပြည့်နှက်နေသည်။

နေ၀င်ဆည်းဆာမှာ အစိမ်းရောင်တောင်တန်းနောက်ထဲသို့ တိတ်ဆိတ်စွာ ပုန်းကွယ်သွားသည်။ ဆောင်းဦးလေထန်နှင့်အတူ သစ်ရွက်ခြောက်များ မျောပါ၍ မြေပြင်ပေါ်သို့ ကျရောက်လာပြီးနောက်တွင် မိုးဖွဲဖွဲ စတင် ရွာသွန်းလာသည်။

“ဒီကလေးက ကြည့်ကောင်းသားပဲ” ကျောက်လန်ဟွာသည် ၀က်နံရိုးစွပ်ပြုတ် တစ်ပန်းကန်အား ခပ်ပြီး စိတ်လှုပ်ရှားနေသည့် ကောင်လေးအား ‌လှမ်းပေးလိုက်ကာ စိတ်ရင်းအမှန်ဖြင့် မြှောက်ပင့်ပြောလိုက်သည်။

“ဒါပေမယ့် အရမ်းပိန်လွန်းတယ်ကွယ်”

“ဒီကလေးက တကယ် ပိန်လွန်းတယ်” ရှန်းတာ့ရှန်လည်း မနေနိုင်စွာ ပြောလာသည်။

“ကိုယ် အခုလေးတင် ဒီကလေးကို ရေချိုးပေးလာတာ သူက အရိုးပေါ်အရေတင် ပိန်ချုံးနေတာပဲ၊ ဘယ်မိသားစုက ကလေးလေးလဲဆိုတာ သိချင်မိပါရဲ့ကွာ…. အရမ်း သနားစရာကောင်းလွန်းတယ်”

“စန်းလန်နဲ့ အာ့ထောင်တို့ အခုထိ ပြန်မရောက်ကြသေးဘူးလား၊ မဟုတ်မှလွဲလို့ သူတို့တွေ အသုံး၀င်နိုင်မဲ့ အချက်အလက် တစ်ခုခု မရှာနိုင်သေးလို့များလား” ကျောက်လန်ဟွာသည် ကောင်ငယ်လေးအား တစ်ဖန်ကြည့်ကာ အကြံပြုသည်။

“ကလေးလိမ္မာလေး စွပ်ပြုတ်အေးနေပြီ၊ မြန်မြန်လေး သောက်လိုက်တော့နော်”

‌ကောင်ငယ်လေးသည် ကျောက်လန်ဟွာစကားအား နားလည်ပုံရပြီး စွပ်ပြုတ်ပန်းကန်အား ကိုင်ကာ တစ်လုတ်ထဲ မော့သောက်လိုက်သည်။

သူ၏ စွပ်ပြုတ်သောက်လိုက်သည့်အရှိန်မှာ အလွန် အံ့ဩဖွယ်ကောင်းလှပေသည်။

ထိုအချိန်မှာဘဲ ကျီကျောက်နှင့် ရှန်းယောင်တို့ ပြန်ရောက်ကြချိန်တွင် သူက ၀က်နံရိုးစွပ်ပြုတ် ပန်းကန်လုံးအကြီး သုံးလုံးခန့် သောက်ပြီးနေပြီ ဖြစ်သည်။

“ဘယ်လိုနေလဲ၊ တစ်ခုခု သိလာခဲ့လား” ကျောက်လန်ဟွာသည် စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

ရှန်းယောင်က ခေါင်းခါပြသည်။

“ကျွန်တော် မြို့တော်ရုံးကိုသွားပြီး လိုက်ပတ်မေးခဲ့ပေမဲ့ လွန်ခဲ့တဲ့နှစ်အနည်းငယ်က ကလေးပျောက်ဆုံးကြောင်း ဘယ်သူကမှ သတင်းမပို့ခဲ့ကြဘူးသလို ကလေးပျောက်တာမျိုး မရှိခဲ့ဘူးတဲ့”

“ဆိုင်ရှင်ချန်လည်း သူသိတာ မရှိဘူးတဲ့၊ သူပြောတာတော့ သူ အဲဒီဝိုင်ဆိုင်ကို အရင်က အကြိမ်ရေတချို့ သွားခဲ့ဖူးပေမဲ့ ဘယ်ကလေးကိုမှ မမြင်ခဲ့ဖူးဘူး‌တဲ့လေ” ကျီကျောက်သည် ကူရာမဲ့စွာ ပုခုံးတွန့်ပြလျက် တိုးတိုးလေး ရှင်းပြသည်။

“ကြည့်ရတာ တို့တွေ ဒီကလေးရဲ့ မိသားစုကို တခဏလောက် ရှာနိုင်မယ်မထင်ဘူးနော်” ကျောက်လန်ဟွာသည် အနည်းငယ် စိတ်ပျက်လက်ပျက် ဖြစ်သွားမိသည်။

“အမေ မစိုးရိမ်ပါနဲ့‌” ရှန်းယောင်သည် အလျင်အမြန် နှစ်သိမ့်လာသည်။

“ကျွန်တော်တို့တွေ အချိန်ရောက်ရင် ပြဿနာကို ဖြေရှင်းနိုင်သွားမှာပါ၊ အရင်စားကြရအောင်ပါနော်၊ မနက်ဖြန်မနက်ကျရင် ကျွန်တော် ဒီကလေးကို မြို့တော်ရုံးဆီ ခေါ်သွားလိုက်မယ်၊ ဒီကလေးရဲ့ မိသားစုကို ကျွန်တော်တို့ မရှာနိုင်သေးရင် မြို့တော်မှာရှိတဲ့ စစ်အန်းခန်းမဆောင်ကို ပို့လိုက်ကြရုံပါပဲဗျာ”

လက်ရှိဘုရင်မင်းမြတ်သည် စေတနာ သဒ္ဒါတရား ထက်သန်လှကာ အိမ်ခြေရာမဲ့ သူဖုန်းစားများနှင့် အသက်အရွယ် အိုမင်းသည့် အဘိုးအို၊ အဘွားအိုများအတွက် တာ့ကျင်းမင်းဆက် လက်အောက်ရှိနယ်မြေနေရာတိုင်းတွင် စစ်အန်းခန်းမဆောင်များအား ဆောက်လုပ်ပေးခဲ့သည်။ ထို့နောက် ရှန်းယောင် စဉ်းစားထားသည်က ဒီကလေး၏ မိသားစုအား ရှာမတွေ့ခဲ့ပါက ဒီကလေးအား စစ်အန်းခန်းမဆောင်သို့ ပို့ပေးရုံသာ ရှိပေလိမ့်မည်။

မိသားစုတစ်စုလုံးသည် ကလေးငယ်၏ အနာဂတ်အကြောင်း တိုင်ပင်နေကြရင်း သူ့ရှေ့တွင် ၀က်နံရိုးစွပ်ပြုတ် နောက်တစ်ပန်းကန် ပေါ်လာသည်အား မည်သူမှ သတိမပြုမိခဲ့ကြပေ။

“‌ဒါဆိုရင် ဒီပြဿနာကို အချိန်တစ်ခုအထိ ဒီတိုင်းပဲထားကြတာပေါ့” ကျောက်လန်ဟွာသည် ခဏလောက် စဉ်းစားပြီးနောက် အလျင်အမြန် ပြောသည်။

“မင်းတို့တွေလည်း အလုပ်အများကြီး ရှုပ်ခဲ့ကြပြီဆိုတော့ ဗိုက်ဆာကြရောပေါ့၊ အမေ မင်းတို့တွေအတွက် ခေါက်ဆွဲလုပ်ပေးမယ်၊ ၀က်နံရိုးစွပ်ပြုတ်တွေလည်း ကျန်နေသေးတယ်”

“အမေ သမီးအမေနဲ့ လိုက်ခဲ့မယ်” ကျီကျောက်သည် အလျင်အမြန်ထလိုက်ကာ ကျောက်လန်ဟွာနှင့်အတူ မီးဖိုချောင်ထဲသို့ လိုက်သွားခဲ့သည်။

ခဏကြာပြီးနောက် ကျောက်လန်ဟွာသည် ပြောင်ရှင်းနေသည့် မြေအိုးအား စိုက်ကြည့်လိုက်ကာ စိတ်ရှုပ်ထွေးစွာ မျက်မှောင်ကြုတ်လိုက်မိသည်။ “အမေ ဘာများဖြစ်လို့လဲ”

“အရမ်းထူးဆန်းတာပဲ” ကျောက်လန်ဟွာသည် ပြောင်ရှင်းနေသည့် မြေအိုးအား လက်ညိုးထိုးပြလိုက်ကာ သူမ အသံမှာ စိတ်ရှုပ်ထွေးပြီး ဇဝေဇဝါနေပုံရသည်။

“အမေ မှတ်မိသလောက် အိုးထဲမှာ ၀က်နံရိုးစွပ်ပြုတ် တစ်၀က်ကျော်ကျော်လောက် ကျန်နေပါသေးတယ်ကွယ်၊ ဘာလို့ အခု ပြောင်ရှင်းနေတာပါလိမ့်”

“အမေ…. အမှတ်မှားတာများလား” ကျီကျောက်သည် တိုးတိုးလေး မေးသည်။

“မဟုတ်ဘူး၊ သေချာပေါက် မမှားဘူး” ကျောက်လန်ဟွာသည် ယုံကြည်မှုရှိစွာ ပြောသည်။

“အမေ ၀က်နံရိုးစွပ်ပြုတ် တစ်အိုး ပြုတ်ပြီးတော့ ဟိုကလေးလေးသောက်ဖို့ တစ်ပန်းကန်ပဲ ခပ်ထည့်ပေးလိုက်တာပါကွယ့်”

ကျီကျောက်သည် ဗလာသက်သက်ဖြင့် ကြည့်လိုက်မိကာ ရုတ်တရက် တစ်ခုခုအား သဘောပေါက်သွားသလို သူမသည် အရှေ့ဖက်‌ခန်းမထဲသို့ အလျင်အမြန် ပြေးသွားသည်။

သူမ ထင်ထားသည့်အတိုင်း ကောင်ငယ်လေး၏ ရှေ့တွင် ၀က်နံရိုးစွပ်ပြုတ် ပန်းကန်လုံးအပြည့် ရှိနေသည်။

“၀က်နံရိုးစွပ်ပြုတ် ဘယ်နှပန်းကန်တောင် မင်း သောက်လိုက်တာလဲ” ကျီကျောက်သည် သူ့ရှေ့သို့လျှောက်သွားကာ စိတ်ရှည်ရှည်ဖြင့် မေးလိုက်သည်။

***

All Chapters