← Chapters

ကျေနပ်ပါတယ်။

Vol. 22 Ch. 323

ကျေနပ်ပါတယ်။

Vol. 22 Ch. 323

ကျီကျောက်သည် သူမ နတ်ဆေးသမားတော် ရှန်းဟယ်၏ တပည့်ဖြစ်လာကတည်းက ဆေးပညာသဘောတရားအား နားလည်လာခဲ့သည်။

အနည်းဆုံးအနေဖြင့် သူမသည် သွေးခုန်နှုန်းအား ဘယ်လိုတိုင်းတာရမည်ဖြစ်ကြောင်း လေ့လာသင်ယူခဲ့ပြီးပြီဖြစ်သည်။

မနေ့ညက ရှောင်ကျူးတစ်ယောက် ၀က်နံရိုးစွပ်ပြုတ်များစွာ သောက်ခဲ့သဖြင့် သူမသည် သူ့အစာအိမ်မှ မသက်မသာ ခံစားရမည်အား စိုးရိမ်သဖြင့် သူ့သွေးခုန်နှုန်းအား စမ်းသပ်ခဲ့ပေသည်။ ပုံမှန်လူတစ်ယောက်သာ စွပ်ပြုတ်များစွာ သောက်သုံးမိလျှင် သေချာပေါက် ဗိုက်နာလိမ့်မည် ဖြစ်သည်။

သို့ပေမဲ့ ရှောင်ကျူးမှာ ဘာမှမဖြစ်ခဲ့ပေ။

“ထူးဆန်းလွန်းတယ်” နတ်ဆေးသမားတော် ရှန်းဟယ်သည် ခဏလောက် တွေးလိုက်ပြီး ရှောင်ကျူး လက်ကောက်၀တ်အား ဆွဲယူလိုက်ကာ သူ့သွေးခုန်နှုန်းအား စမ်းသပ်လိုက်ပြန်သည်။

သို့ပေမဲ့လည်း ဒီတစ်ကြိမ်တွင်တော့ သူ့သွေးခုန်နှုန်းမှာ အနည်းငယ် ပုံမှန်မဟုတ်ပေ။

“ဆရာ…. ရှောင်ကျူး အဆင်ပြေရဲ့လား” ကျီကျောက်သည် နတ်ဆေးသမားတော် ရှန်းဟယ်၏ တစ်စတစ်စ ထူးဆန်းလာသည့် အမူအရာအား ကြည့်လျက် သူမ နှလုံးသား နှစ်မြုပ်သွားသည်။

ထပ်ပေါင်းပြောရလျှင် ထူးဆန်းလှပေသည်။ သူမ မနေ့ကမှ ရှောင်ကျူးအား တွေ့ဆုံခဲ့သည်မှာ ရှင်းလင်းလှပေမဲ့ ဒီကလေးအား အနည်းငယ် ရင်းနှီးနေသလို သူမ ခံစားရပေသည်။

ဒါ့အပြင် သူမရဲ့ မသိစိတ်ထဲတွင် ရှောင်ကျူးအား တစ်ခုခု မဖြစ်စေချင်ခဲ့ပေ။

“ဒီတစ်ခေါက် သွေးခုန်နှုန်းက အရင်တစ်ခေါက်နဲ့ယှဉ်ရင် နည်းနည်း ထူးဆန်းနေတယ်” နတ်ဆေးသမားတော် ရှန်းဟယ်သည် ပွင့်ပွင့်လင်းလင်း ပြောလာသည်။

“ခုနလေးတင် ဆရာ သူ့သွေးခုန်နှုန်းကို စမ်းနေတဲ့အချိန် သွေးခုန်နှုန်းက တည်ငြိမ်နေတယ်ဆိုပေမဲ့ အခုကြ မကြာခဏ ပုံမှန်မဟုတ်ဘဲ ခုန်နေတာမျိုး ရှိနေတယ်၊ ပိုပြီး အရေးကြီးတဲ့အချက်က ဆရာရဲ့ ရှာဖွေတွေ့ရှိချက်အရ သူ့ခန္ဓာကိုယ်မှာ လုံး၀ မတူညီတဲ့ သွေးခုန်နှုန်း နှစ်ခု ရှိနေတယ်”

“သွေးခုန်နှုန်းနှစ်ခုလား” ကျီကျောက်သည် အလွန်အမင်း အံ့ဩသွားမိသည်။

ပုံမှန်အားဖြင့် လူတိုင်းတွင် သွေးခုန်နှုန်း တစ်မျိုးသာ ရှိသလို လူတိုင်းမှာ နှလုံးခုန်သံ တစ်ခုသာ ရှိပေသည်။

တရုတ်ဆေးပညာအရ ရှာဖွေတွေ့ရှိရသည့် နည်းလမ်းလေးမျိုးမှာ စစ်ဆေးခြင်း၊ နားထောင်ခြင်း၊ အသေးစိတ် မေးမြန်းစုံစမ်းခြင်းနှင့် သွေးခုန်နှုန်း စမ်းသပ်စစ်ဆေးခြင်းတို့ ဖြစ်သည်။

သွေးခုန်နှုန်းစမ်းသပ်ခြင်းသည် နောက်ဆုံးနှင့် စိတ်အချရဆုံး နည်းလမ်း ဖြစ်သည်။ လူနာ၏ သွေးခုန်နှုန်းအား စမ်းသပ်ခြင်းဖြင့် လူနာ၏ ရောဂါအခြေအနေအား ရှာဖွေဖော်ထုတ်နိုင်ပေသည်။

“ဆရာ ရှောင်ကျူးက နာမကျန်းဖြစ်နေတာလား” ကျီကျောက်သည် မျက်မှောင်ကြုတ်လျက် မေးသည်။

“နာမကျန်းဖြစ်တာမျိုး မဟုတ်ဘူး” နတ်ဆေးသမားတော် ရှန်းဟယ်သည် ခဏလောက်တွေးလိုက်ပြီး သူနှင့်အတူပါလာသည့် အပ်အိတ်အား ဖွင့်လိုက်သည်။ ထို့နောက် သူသည် လက်သန်းအရွယ်ရှိ ငွေရောင်အပ်တစ်ချောင်းအား ထုတ်လိုက်ပြီး ရှောင်ကျူး၏ လက်ညှိုးအလယ်သို့ စိုက်လိုက်သည်။

အီး*

တိတ်ဆိတ်နေသည့် ရှောင်ကျူးသည် ရုတ်တရက် လေအေးတစ်ရှိုက်အား စုပ်လိုက်မိသည်။

သူ တကယ် နာကျင်ရပေသည်။

အကယ်စင်စစ် လက်ဆယ်ချောင်း၏ သွေးကြောများသည် နှလုံးနှင့် ချိတ်ဆက်ထားပြီး လက်တစ်ချောင်း နာကျင်ရသည်နှင့် နာကျင်မှုမှာ ပြင်းထန်လှပေသည်။

“အာ့ထောင် ဒီကိုလာပြီး ကြည့်ပါဦး” နတ်ဆေးသမားတော် ရှန်းဟယ်သည် ငွေရောင်အပ်အား အလျင်အမြန် ဆွဲထုတ်လိုက်ကာ ကျီကျောက်အား ဝှေ့ယမ်းပြသည်။

“အနီးကပ်ကြည့်ကြည့်၊ သူ့လက်ပေါ်က သွေးစက်က ဘာကွာခြားနေလဲ”

ကျီကျောက်သည် အချိန်အတော်ကြာ စိုက်ကြည့်လိုက်ပြီး သူမ ခေါင်းခါပြလိုက်သည်။

“ဘာမှ မပြောင်းဘူးမလား”

“တပည့်ငတုံး” နတ်ဆေးသမားတော် ရှန်းဟယ်သည် သူမအား တစ်ချက်ချလိုက်ပြီး သူ့အသံမှာ ခက်ထန်လာပေသည်။

“ဂရုတစိုက် ကြည့်ကြည့်”

ကျီကျောက်သည် သူမ လက်လေးအား တိတ်တဆိတ်မြှောက်လျက် သူမ ခေါင်းလေးအား ပွတ်လိုက်ပြီးနောက် လေးနက်စွာ ကြည့်လိုက်သည်။ ခဏအကြာတွင် သူမ မျက်လုံးများမှာ အံ့ဩသင့်စွာ ပြူးကျယ်လာပေသည်။

“သူ့သွေးစက်က အနည်းငယ် ပိုပြီးရဲတောက်နေတယ်”

ပုံမှန်အားဖြင့် လူတစ်ယောက်ရဲ့ သွေးဟာ ခန္ဓာကိုယ်မှာ သံဓာတ်အနည်းငယ်ပါဝင်တာကြောင့် အနီရင့်ရောင် ရှိပေသည်။ ဒါပေမယ့် ရှောင်ကျူးရဲ့ လက်ပေါ်က သွေးကတော့ ထူးထူးခြားခြား တောက်ပတဲ့ အနီရောင် ဖြစ်နေပေသည်။

“ဒီကလေးရဲ့ သွေးက ထူးခြားလွန်းတယ်” နတ်ဆေးသမားတော် ရှန်းဟယ်သည် တည်ငြိမ်စွာ ခွဲခြမ်းစိတ်ဖြာသည်။

“ဆရာ မမှားဘူးဆိုရင် သူက သူ့အမေဗိုက်ထဲမှာ ရှိနေတဲ့အချိန်က အဖိုးတန်လွန်းလှတဲ့ ဆေးပင်အာဟာရဓာတ်တွေ စုပ်ယူစားသုံးခဲ့ရပုံပဲ၊ ပြီးတော့ သူ့ကိုယ်မှာရှိတဲ့ ရှုပ်ထွေးနေတဲ့ သွေးခုန်နှုန်းကလဲ ဒီအရာနဲ့ စပ်ဆက်ကောင်း စပ်ဆက်နေလိမ့်မယ်”

“ဒါဆိုရင် သူ့ကို ကုသနိုင်မဲ့ နည်းလမ်း ရှိလား” ကျီကျောက်က စိုးရိမ်စိတ်ဖြင့် မေးသည်။

“ရှောင်ကျူးက အသက်ငယ်သေးတယ်၊ တပည့်တို့သာ သူ့ကိုယ်ထဲက သွေးခုန်နှုန်းနှစ်ခုကို ဆက်လက်ပြီး ကြီးထွားခွင့်ပြုလိုက်ရင် သူ့ကို သေချာပေါက် ထိခိုက်နိုင်မလား”

“ဒါပေါ့” နတ်ဆေးသမားတော် ရှန်းဟယ်က ခေါင်းညိမ့်ပြသည်။

“သူ့ရဲ့ လူ့သက်တမ်းကိုပါ ထိခိုက်လာစေလိမ့်မယ်”

“ဆရာ….. သူ့ကို ကူညီပေးရမယ်” ကျီကျောက်က အသနားခံလိုက်သည်။

“ဆရာရဲ့ ဆေးပညာလမ်းကြောင်းပေါ် စလျှောက်ကထဲက များစွာသော မတူညီတဲ့ ရောဂါတွေကို မြင်ခဲ့ဖူးပေမဲ့ သူ့လိုလူမျိုးကိုတော့ တွေ့ရခဲတယ်ကွယ့်” နတ်ဆေးသမားတော် ရှန်းဟယ်သည် ခဏလောက် တွေးလိုက်ရင်း လေးနက်စွာ ပြောသည်။

“ဆရာ့တပည့်လိမ္မာလေး…. အရမ်းကြီး စိုးရိမ်မနေပါနဲ့ကွယ်၊ ဘယ်လိုရောဂါမျိုးပဲ ဖြစ်နေပါစေ သင့်တော်တဲ့ဖြေဆေးကိုသာ ရှာနိုင်ရင် ဆရာတို့တွေ သေချာပေါက် ဒီပြဿနာကို ဖြေရှင်းနိုင်မှာပါ”

“ဒါဆိုရင် အရင်ဆုံး ဆရာ့ကို ရှောင်ကျူးကိုယ်စား ကျေးဇူးတင်ပါရစေ” ကျီကျောက်သည် အလွန်အမင်း ၀မ်းမြောက်မိသည်။

ကိုးလပိုင်း ရှစ်ရက်နေ့ ချွင်းဖုန့်စားသောက်ဆိုင် ဖွင့်လှစ်သည့်နေ့။

ချင်မင်ဟုန်သည် နောက်ထပ် ခြင်္သေ့အကအဖွဲ့အား ဖိတ်ခေါ်ခဲ့သည်။ သက်၀င်လှသည့် မီးပန်းများအလယ်တွင် ခြင်္သေ့နှစ်ကောင်မှာ ကပြဖျော်ဖြေနေကြပြီး သက်၀င်တက်ကြွသည့် လေထုမှာ များစွာသော ဧည့်ပရိသတ်များအား ဆွဲဆောင်နိုင်ခဲ့ပေသည်။

ချွင်းဖုန့်စားသောက်ဆိုင်၏ မီးဖိုဆောင်တွင် ကျောက်လန်ဟွာသည် ဖြေးညင်းစွာ မုန့်ညက်အား နယ်လျက် ရှိနေသည့် ကျီကျောက်အား ကြောင်ကြည့်နေမိသည်။

“အာ့ထောင် အမေ နားကြားမှားနေတာများလား၊ သမီးပြောတော့ ဒီနေ့ ဆိုင်မဖွင့်ဘူးဆို…”

ကျောက်လန်ဟွာသည် သူမ ကယောင်ချောက်ချားဖြစ်နေသလားဟု သံသယရှိနေမိပေသည်။ ဧည့်သည်များအတွက် စားသောက်ဆိုင် မဖွင့်ဖြစ်လျှင် ဘယ်ကနေ ၀င်ငွေရနိုင်ပါ့မလဲ။

“အမေ ဒီနေ့ သမီးတို့ တကယ်ပဲ ဆိုင်မဖွင့်ဘူး” ကျီကျောက်သည် အပြုံးလေးဖြင့် ရှင်းပြသည်။

“နောက်ကျရင် ဒီပေါင်မုန့်တွေကို လက်ဆောင်ဝေပေးဖို့ သမီး အမေ့ကို ဒုက္ခပေးရမှာပဲ”

“လက်ဆောင်လား” ကျောက်လန်ဟွာသည် ပို၍ပင် အံ့ဩသင့်သွားသည်။

“ဒါတွေအကုန်လုံးက သိုးသားပေါင်မုန့်အစစ်တွေမလား၊ အပြင်မှာ ရောင်းချမယ်ဆိုရင်တောင် တစ်လုံးကို ကြေးပြား ရှစ်ပြား အနည်းဆုံး ကျသင့်လောက်မယ်မလား”

သာမာန်အသီးအရွက်ပေါင်မုန့်များအား မြို့တော်တွင် ကြေးပြား သုံးပြားဖြင့် ရောင်းချပေသည်။ ဒီသိုးသားပေါင်မုန့်များသည် သေချာပေါက် ပို၍ ဈေးကြီးမည် မဟုတ်ပါလား။ သိုးသားသည် ဈေးမပေါလှပေ။

“အမေ…. တကယ်တော့လေ ဒါတွေအားလုံးက အကျိုးအမြတ်ရဖို့အတွက်ပါဘဲ” ကျီကျောက်က အပြုံးဖြင့် ရှင်းပြလာသည်။

“စောင့်ကြည့်ပါဦး၊ သမီးတို့ ချွင်းဖုန့်စားသောက်ဆိုင်ရဲ့ စီးပွားရေးက အနာဂတ်မှာ ပိုပြီးတော့ ကောင်းလာပါလိမ့်မယ်”

သိုးသားပေါင်မုန့်များဝေခြင်းသည် ဘာမှ မဟုတ်ပေ။ အနာဂတ်မှာ ချွင်းဖုန့်စားသောက်ဆိုင်သာ လုံး၀ အမြတ်ရရှိခဲ့ပါက သူမ သေချာပေါက် ကံစမ်းမဲအစီအစဉ်တချို့ စတင်ဆောင်ရွက်ပေဦးမည်။ သူမသည် ငွေသားအား ဆုများအဖြစ်တောင် ပေးကောင်းပေးပေလိမ့်မည်။

သို့ပေမဲ့ ကျီကျောက်သည် ထိုအစီအစဉ်များအား ယခုအချိန်မှာတော့ ကျောက်လန်ဟွာအား မပြောပြရန် ဆုံးဖြတ်ထားပေသည်။

သာမာန်သူများသည် သူမ အတွေးများအား နားလည်နိုင်လိမ့်မည် မဟုတ်ပေ။

ချွင်းဖုန့်စားတော်ဆက်သည် စားသောက်ဆိုင်ဖြစ်သည်ကို အပြင်ဖက်ရှိ ခြင်္သေ့အကအား ကြည့်ရှုနေကြသည့် ဧည့်ပရိသတ်များအားလုံး သိကြပြီးဖြစ်သည်။

သို့ပေမဲ့ ဘယ်လို စားသောက်ဆိုင်မျိုး ဖြစ်လိမ့်မလဲ။ ဘယ်သူမှ မသိကြပေ၊ ချွင်းဖုန့်စားသောက်ဆိုင်မှ ပထမဆုံး ဆိုင်ဖွင့်ပွဲနေ့တွင် စားသုံးသူဧည့်သည်များအား ဧည့်ခံရန် ရည်ရွယ်ချက် မရှိပေ။

ဒါပေါ့ ကျီကျောက်၏ အပြုအမူများမှာ အမှန်ကို နားမလည်နိုင်စရာဖြစ်သည်။

တချို့လူများသည် သိချင်စိတ်ပြင်းပြကြကာ တချို့လူများမှာ သူမသည် တမင်တကာ အံ့အားသင့်စရာများလုပ်နေသည်ဟု ခံစားရပေသည်။

အမျိုးမျိုး ပြောဆိုဝေဖန်မှုများ ရှိပေသည်။

သို့ပေမဲ့ ကျီကျောက်သည် လုံး၀ ဂရုမစိုက်ပါပေ။ သူမသည် သိုးသားပေါင်မုန့်အကြီး ၉၉ခုအား အထူးတလည် ပြင်ဆင်ထားပေသည်။

ဦးရာလူ သုံးဆောင်နိုင်မည့် အခွင့်အရေး၊ လူတိုင်း တစ်ယောက်ကို တစ်ခုစီ သုံးဆောင်နိုင်ပါပြီ။

အလကားဝေမျှသည့် ပေါင်မုန့်များမှာ သိုးသားပေါင်မုန့်များ ဖြစ်ကြပေသည်။

စည်းမျဉ်းအရ အခြားသူများ မကျော်တက်စေရန် လူတိုင်း ရှေ့သို့ ပြေးကာတန်းစီကြပေသည်။

သိုးသားပေါင်မုန့်စားလိုက်ရသူတိုင်းတွင် တူညီသည့် အမူအရာကိုယ်စီ ရှိကြပေသည်။ ဒါက…။

ပျော်ရွှင်မှုပဲဟေ့။

“ကျုပ် တကယ်ငိုမိတော့မယ်…. ဒီလောက် အရသာရှိတဲ့ သိုးသားပေါင်မုန့်မျိုး ရှိနေတာလဲဝေ့”

“ဟုတ်တယ် ဟုတ်တယ် တကယ့်ကို အရမ်းအရသာရှိတယ်၊ အခုလေးတင် ကိုယ့်လျှာကိုယ်မြိုမိတော့မလိုတောင် ဖြစ်သွားတယ်”

“မင်းတို့တွေ ပုံကြီးချဲ့လွန်းမနေကြဘူးလား”

လူအုပ်ထဲမှ ပေါင်မုန့်အားမရလိုက်သည့် သူများသည် မနာလိုမှုကြောင့် သေလုမတတ် ဖြစ်နေကြပေသည်။

“ထပ်ပြောရမယ်ဆို ဒီချွင်းဖုန့်စားသောက်ဆိုင်ရှင်က စိတ်သဘောထားမကြီးဘူးနော်၊ ငါတို့မြို့တော်မှာ လူတွေ အများကြီး ရှိတာကို သူတို့က ပေါင်မုန့် ၉၉ခုပဲ ဝေပေးတယ်၊ သဘောထားမသေးလွန်းဘူးလား”

လူအုပ်ထဲ၌ ရောနှောနေသည့် ချင်မင်ဟုန်သည် ထိုစကားအားကြားပြီး‌နောက် ဒေါသတကြီး ရယ်လိုက်မိသည်။

“ဘာဖြစ်လဲ၊ ဆိုင်ရှင်က ကုသိုလ်ကောင်းမှု တချို့လုပ်တာ မှားနေလို့လား”

“မှန်တယ် မှန်တယ် ခင်ဗျား ဘယ်လိုများ ပြောထွက်တာလဲ”

“အမှန်ပဲ၊ တစ်ယောက်ယောက်ရဲ့ ပေါင်မုန့်တွေ စားပြီးတာတောင် ဒီလိုစကားမျိုး ပြောထွက်နိုင်တယ်ပေါ့၊ ခင်ဗျား အရှက်မရှိဘူးလား”

အပြင်ဖက်တွင် သူတို့ အငြင်းအခုန်ဖြစ်နေကြစဉ် ရှေ့ဖုံးခါးစည်းအား ၀တ်ဆင်ထားသည့် ကျီကျောက်သည် တံခါးအပြင်ဖက်သို့ လျှောက်လာပြီး အပြင်ဖက်တွင် စောင့်နေကြသည့် လူများအား အပြုံးလေးဖြင့် ပြောလိုက်သည်။

“ချစ်ရပါသော ဧည့်သည်တော်များရှင် ချွင်းဖုန့်စားသောက်ဆိုင်ကို ဒီနေ့ပဲ ဖွင့်လှစ်လိုက်ပါပြီရှင့်၊ ကျွန်မတို့တွေ ဧည့်သည်တော်များကို ကြိုဆိုခြင်း အထိမ်းအမှတ်အနေနဲ့ ဒီနေ့ဝေပေးတဲ့ ပေါင်မုန့် ၉၉ခုကို ကျေနပ်မှုရှိကြရဲ့လား သိချင်မိပါတယ်ရှင့်”

“ကျုပ်ကတော့ အရမ်းကျေနပ်တယ်ဗျာ၊ ဒီလောက် အရသာရှိတဲ့ ပေါင်မုန့်မျိုး တစ်ခါမှ မစားဖူးဘူး”

“အမျိုးသမီးက ဆိုင်ရှင်လားဝေ့”

“လူကြီးမင်းတို့ရေ၊ မနက်ဖြန် ချန်ရှစ် (နံနက် ၇-၉ နာရီ) မှာ ချွင်းဖုန့်စားသောက်ဆိုင်ကနေ နံရိုးစွပ်ပြုတ် ၈၈ ပွဲကို အခမဲ့အနေနဲ့ ဝေပေးပါဦးမယ်ရှင့်၊ ဦးရာသူ သုံးဆောင်ရပါမယ်ရှင့်။”

ကျီကျောက်၏ အားကောင်းလှသည့် စကားလုံးများသည် မိုးကြိုးပစ်သံကဲ့သို့ မြို့သူမြို့သားများအား အံ့ဩသင့်သွားစေသည်။

***

All Chapters