← Chapters

ကိုယ့်ကျောက်ကျောက်က တကယ့်ကို ဉာဏ်ကောင်းတာပဲ။

Vol. 23 Ch. 328

ကိုယ့်ကျောက်ကျောက်က တကယ့်ကို ဉာဏ်ကောင်းတာပဲ။

Vol. 23 Ch. 328

“ပန်းမျိုးတစ်ရာစားသောက်ဆိုင်က ပုံမှန်စီးပွားရေးလုပ်နေတယ်ဆိုရင် အစ်ကို အရမ်းခံပြင်းမှာ မဟုတ်ဘူး” လက်ထောက်ဆိုင်ရှင်ယို့က အားနည်းစွာဖြင့် ဖြန့်လိုက်သည်။

“ဒါပေမယ့် သူတို့က ဒီလို စက်ဆုပ်စရာကောင်းတဲ့ နည်းလမ်းတွေကို အသုံးချပြီးတော့ ဧည့်သည်တွေကို ဆွဲဆောင်တယ်၊ အစ်ကို တကယ် စိတ်မချမ်းသာဘူးကွာ”

“ဒုတိယအစ်ကိုယို့ အရာရှိကျီက ပန်းမျိုးတစ်ရာစားသောက်ဆိုင်ရဲ့ ပုံစံအစစ်အမှန်ကို သိထားလားဗျ” ရှန်းယောင်သည် သူ့မျက်လုံးထဲမှ အတွေးများအား ဖုံးကွယ်ရန် မျက်လွှာချကာ တိုးတိုးလေး မေးသည်။

“သူ သိလား မသိလားဆိုတာတော့ အစ်ကို သေချာမသိဘူး” လက်ထောက်ဆိုင်ရှင်ယို့သည် မျက်မှောင်ကြုတ်လိုက်ကာ ပြောသည်။

“တကယ်တော့ ဒီပန်းမျိုးတစ်ရာစားသောက်ဆိုင်က ဖွင့်လှစ်တာ လဝက်ပဲ ရှိသေးတယ်၊ မြို့တော်ရုံးကနေ နှစ်ကြိမ် သုံးကြိမ်လောက်ပဲ လာစစ်ရသေးတယ်”

“ကျွန်တော့အထင် အရာရှိကျီက ဘာလုပ်ရမယ်ဆိုတာ သိလောက်တယ်၊ သူက ပန်းမျိုးတစ်ရာစားသောက်ဆိုင်နဲ့ ပတ်သက်ပြီး အခုထိ ဘာမှရှာမတွေ့သေးလို့နေမယ်” ရှန်းယောင်သည် စားပွဲခုံအား ခပ်ဖွဖွခေါက်လိုက်ကာ အတွေးနက်ထဲ ကျရောက်သွားပုံပေါ်သည်။

“ဒုတိယအစ်ကိုယို့ အရမ်းစိတ်ပူမနေပါနဲ့၊ ပြီးတော့ ဟုန်ရှင်းစားသောက်ဆိုင်က တင်းယွမ်ကောင်တီမှာ ဖွင့်လာတာ နှစ်တွေ အများကြီး ကြာပြီမလား၊ ဒီဧည့်သည်တွေက အသစ်အဆန်း တစ်ခုခုကို စမ်းကြည့်ချင်ကြရုံပါ၊ ဒါပေမယ့် သူတို့တွေက အချိန်တချို့ကြာပြီးရင် ပြန်လာကြအုံးမှာပါ”

ထို့အပြင် လူတဦး၏ အစားအသောက် အလေ့အကျင့်သည် တစ်ညတည်းနှင့် ပြောင်းလဲမသွားနိုင်ပေ။

ဒါ့အပြင် လက်ရှိပြဿနာမှာ ယာယီသာ ဖြစ်သည်။

လက်ထောက်ဆိုင်ရှင်ယို့သည် ဒီအတွေးအခေါ်အား နားလည်သဘောပေါက်သည်။

သို့ပေမဲ့ သူ ခံပြင်းသလို ခံစားရသည်။ ထို့ကြောင့် ကျီကျောက်တို့လင်မယားတို့အား ညည်းညူလိုက်ပြီးနောက် ခံစားချက် ကောင်းမွန်လာသည်။

“ဒီစိတ်ညစ်စရာအရာတွေကို မပြောကြရအောင်လေ” လက်ထောက်ဆိုင်ရှင်ယို့သည် ပြုံးလိုက်ပြီး စကားလမ်းကြောင်းလွှဲလိုက်သည်။

“စကားမစပ် အာ့ထောင် မြို့တော်မှာ သင့်တော်တဲ့ဆိုင်ခန်းကို ရှာတွေ့ခဲ့တယ်လို့ ညီမ ပြောခဲ့တယ်မလား၊ ဘယ်လိုဆိုင်မျိုးလဲ”

“မြို့တော်မှာ ချွင်းဖုန့်စားသောက်ဆိုင်ကို ဖွင့်ခဲ့ပြီးပါပြီ၊ ဆိုင်စီးပွားရေးက အစပဲရှိသေးပေမဲ့ အနာဂတ်မှာ ပိုပြီး တိုးတက်မှု ရှိလာမယ်လို့ ညီမ ယုံတယ်”

“အသေအချာပဲပေါ့” လက်ထောက်ဆိုင်ရှင်ယို့သည် တုံ့ဆိုင်းမှုမရှိဘဲ ခေါင်းညိတ်ပြလိုက်သည်။

“ပြီးတော့ ညီမရဲ့ ဟင်းချက်စွမ်းရည်က အံ့မခန်းပဲလေ၊ စီးပွားရေးဆိုတာက တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်မှုရှိလာမှာပါ၊ ဖြည်းဖြည်းဆီပဲလုပ်သွား မစိုးရိမ်ပါနဲ့”

ဒုတိယအစ်ကိုယို့နှင့်အတူ နေ့လည်စာစားရန် ဟုန်ရှင်းစားသောက်ဆိုင်တွင် နေခဲ့ပြီးနောက် ကျီကျောက်နှင့် ရှန်းယောင်တို့ နှုတ်ဆက်ခဲ့ကြသည်။

ဟုန်ရှင်းစားသောက်ဆိုင်အပြင်သို့ သူတို့နှစ်ယောက် ထွက်လာခဲ့ပြီးနောက် တစ်ယောက်နှင့် တစ်ယောက် အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ထို့နောက် သူတို့၏ အကြည့်များသည် သိပ်မဝေးသည့်နေရာဆီမှ ပန်းမျိုးတစ်ရာစားသောက်ဆိုင်ဟု စာလုံးများ ကမ္ပည်းထိုးထားသည့် ဆိုင်းဘုတ်ပေါ်သို့ ကျရောက်သွားသည်။

“ပန်းမျိုးတစ်ရာစားသောက်ဆိုင်ရဲ့ ပိုင်ရှင်က ကျွန်မတို့မိသားစုကို ပစ်မှတ်ထားနေတာမျိုးများလား” ကျီကျောက်သည် ရှန်းယောင်၏ ဝတ်ရုံလက်စအား ညင်သာစွာ ဆွဲလိုက်ရင်း စိုးရိမ်စွာ မေးလိုက်သည်။

ရှန်းယောင်နှင့် စွင်းဟယ်တို့ကြားရှိ အာဃာတအား ထည့်မပြောရင်တောင် ဖုန့်ယွဲ့ပျော်တော်ဆက်နှင့် ရှန်းမိသားစုတို့မှာ မတည့်ကြပေ။

လာဘ်စားသည့်အရာရှိများ၏ စာရင်းများသည် ရှန်းယောင်၏ လက်ထဲသို့ ရောက်ရှိလာသည်။

“မစိုးရိမ်ပါနဲ့” ရှန်းယောင်သည် သူမ လက်အား ကိုင်လိုက်ကာ အပြုံးဖျော့ဖျော့ဖြင့် ပြောသည်။

“တိုတိုပြောရမယ်ဆိုရင် ကိုယ်တို့ လမ်းခရီးမှာ ဘာပဲရှိရှိ ကိုယ်တို့ အတူရင်ဆိုင်ကြမယ်”

ကျီကျောက်သည် တိတ်ဆိတ်သွားပြီးနောက် နူးညံ့စွာ အကြံပြုသည်။

“ ရှန်းယောင် ကျွန်မတို့ အရင် လက်ဦးမှုယူပြီး တိုက်ခိုက်ကြရအောင်လား”

လေ့ရှန်းကောင်တီရဲ့ သခင်စွင်းက စွင်းမိသားစုရဲ့ လက်ပါးစေသပ်သပ်ပဲ ဖြစ်သည်။

စွင်းမိသားစုရဲ့ တကယ့်အာဏာမှာ မြို့တော်တွင် ရှိပေသည်။

“ ကျောက်ကျောက် ဘာကို ဆိုလိုချင်တာလဲ”

“စွန့်စားမှုမရှိရင် ဘာမှမရဘူး” ကျီကျောက်သည် သူ့မျက်ခုံးအား တဖြည်းဖြည်းပင့်လိုက်မိသည်။ သူမ စိတ်ထဲတွင် အစီအစဉ်တစ်ခုရှိနှင့်ပြီး ဖြစ်သည်။

သူမသည် ခြေဖျားထောက်လိုက်ကာ ရှန်းယောင်နားထဲသို့ တိုးတိုးပြောလိုက်သည်။

ရှန်းယောင်သည် သူမကို နှလုံးသားထဲကနေ လက်မထောင်ပြလိုက်သည်။

“ကိုယ့်ကျောက်ကျောက်က တကယ်ဉာဏ်ကောင်းတာပဲ”

“ဒါပေါ့ရှင်” ကျီကျောက်သည် ဘဝင်ခိုက်စွာဖြင့် သူ့မျက်ခုံးများအား ပင့်လိုက်သည်။ သူမ၏ လှပသည့် မျက်ဝန်းလေးများထဲတွင် ဆွဲဆောင်မှုများဖြင့် ပြည့်နှက်နေသည်။

“ဒီနည်းလမ်းက ဖြစ်နိုင်ခြေ ရှိတယ်၊ ဒါပေမယ့် ကျောက်ကျောက် ရွေးချယ်ထားတဲ့ သူက ဘယ်သူလဲ” ရှန်းယောင်သည် တုံ့ဆိုင်းနေမိသည်။ သူ့ကိုယ်သူ ငါးစာအဖြစ် အသုံးချ၍ သတင်းရယူရန် စားသောက်ဆိုင်ထဲသို့ မသွားချင်ပေ။

ထိုအပြင် ထိုဆောင်ကြာမြိုင်များရှိ မိန်းကလေးများ၏ အလှချေမှုန့်အနံ့များမှာ အလွန်မသတီစရာကောင်းပေသည်။

“တကယ်တော့ သင့်တော်တဲ့သူရှိတယ်” ကျီကျောက်၏ မျက်လုံးများသည် ချက်ချင်း မြင့်တက်သွားသည်။

ချင်မင်ဟုန်သည် ထိုစုံတွဲဆီမှ စာအား ရရှိပြီးနောက် ဒေါသထွက်လွန်းလှသဖြင့် ရယ်မောလုနီးပါး ဖြစ်သွားသည်။

ဓမ္မကျမ်းစာများအား ကူးရေးနေသည့် သခင်မကြီးချင်သည် ချင်မင်ဟုန်၏ မျက်နှာရှိ ခန့်မှန်းရခက်သည့် အမူအရာအား မြင်လိုက်ရသည့်အခါ ရယ်လိုက်မိသည်။

“ဘာဖြစ်လို့လဲ”

“ကျွန်တော် မိတ်ဆွေဖွဲ့တဲ့နေရာမှာ ဂရုမစိုက်မိခဲ့ဘူးပဲ” ချင်မင်ဟုန်သည် အပြုံးလေးဖြင့် ခေါင်းခါလိုက်သည်။

“သူတို့က မိတ်ဆွေဆိုးတွေဆိုတာ သိသာရှင်းလင်းတယ်၊ ဒီလိုနည်းလမ်းမျိုးကို တကယ်ပဲ စဉ်းစားခဲ့မိကြတာဘဲ….”

ပန်းမျိုးတစ်ရာစားသောက်ဆိုင်လား။

ပြဿနာအလုံးစုံအား နားလည်ပြီးနောက် သခင်မကြီးချင်၏ သိချင်စိတ်များမှာ မြင့်တက်လာခဲ့သည်။

“အခု စွင်းမိသားစုက အရမ်း ရဲတင်းလာတာလား၊ မြို့ငယ်လေးတစ်ခုက ရာဇ၀တ်တရားသူကြီးရဲ့ ဆွေမျိုးဝေးတစ်ယောက်က ကျီထင်အန်းကို တိုက်ရိုက် စိန်ခေါ်ရဲတာလား၊ တကယ့်ကို စိတ်၀င်စားစရာပါပဲ” သခင်မကြီးချင်သည် ရယ်မောလိုက်မိသည်။

“အရီးလေးက စွင်းမိသားစုရော ကျီမိသားစုရောနဲ့ အရမ်းရင်းနှီးတာလားဗျ” ချင်မင်ဟုန်သည် သိချင်စိတ်ဖြင့် မေးသည်။

“ ကျီထင်အန်းက တကယ်ပဲ ဘယ်သူများလဲဗျ”

“မြို့တော်မှာ ကျီမိသားစုရဲ့ ဂုဏ်သတင်းက ဆယ်စုနှစ်တိုင်အောင် သတင်းကြီးတယ်၊ ချန်အန်းမင်းသမီးကြီးရဲ့ တစ်ဦးတည်းသော သမီး မင်းသမီးခန်းလဲ့က ယုံအန်းရဲ့ စစ်သူကြီး ကျီ၀မ်ပေါ်နဲ့ လက်ထပ်ထိမ်းမြားခဲ့တာမလို့ ကျီမိသားစုက အင်ပါယာမိသားစုရဲ့ ဆွေမျိုးတော်တွေလို့ ပြောလို့ ရတယ်” သခင်မကြီးချင်သည် တိုးတိုးလေး ရှင်းပြသည်။

“ကျီထင်အန်းကတော့ ယုံအန်းစစ်သူကြီးရဲ့ တူဖြစ်သလို မင်းသမီးခန်းလဲ့က သူ့အဒေါ်ပေါ့ကွယ်”

ထို့နောက်မှသာ ချင်မင်ဟုန်သည် ကျီထင်အန်း၏ နောက်ခံမှာ အလွန်အရေးပါအရာရောက်ကြောင်း သိလိုက်ရပေသည်။

“ကျီထင်အန်းရဲ့အဖေ ကျီ၀မ်ယွမ်က ဟန်လင်းကျောင်းတော်ရဲ့ အတွင်း၀န်အမတ်ချုပ်ဖြစ်သလို ဘုရင်မင်းမြတ်မင်းမြတ်ရဲ့ လူယုံတော်လဲ ဖြစ်တယ်”

“ ကျီထင်အန်းက အရမ်းအာဏာရှိတယ်ဆိုရင် သူကဘာလို့ ဒီလောက် ဝေးလံခေါင်ပါးတဲ့ အရပ်ကို လာပြီး မြို့တော်ရာဇ၀တ်သူကြီးမင်းအဖြစ် တာဝန်ထမ်းဆောင်နေတာလဲဗျ” ချင်မင်ဟုန်သည် သိချင်စိတ်ဖြင့် မေးသည်။

သခင်မကြီးချင်သည် သူမ လက်ထဲမှ စာရေးစုတ်တံအား အောက်ချလိုက်ပြီး အပြုံး‌ဖျော့ဖျော့ ပြုံးပြ‌သည်။

“နန်းတွင်းရေးရာကိစ္စရပ်တွေက ရှုပ်ထွေးပြီး ခန့်မှန်းရခက်ပါတယ်ကွယ်၊ စကားမစပ် မင်းအနာဂတ်အတွက် တွေးထားတာများရှိလား”

ချင်မင်ဟုန်သည် သူ့အဒေါ်မှ ရုတ်တရက် စကားလမ်းကြောင်းလွှဲလိမ့်မည်ဟု မထင်ထားခဲ့သဖြင့် စိတ်ရှုပ်ထွေးမှုဖြင့် ခေါင်းခါပြသည်။

“သခင်မလျို့ကြောင့် ဖြစ်ခဲ့တဲ့ကိစ္စတွေကြောင့်သာ မဟုတ်ခဲ့ရင် မင်းရဲ့မွေးနေ့ပွဲအတွင်းမှာဘဲ အိမ်ထောင်ဖက်ကောင်းကို ရွေးချယ်ပေးခဲ့ပြီးလောက်ပြီ၊ ပြီးတော့ မင်းလည်း မငယ်တော့ဘူး”

“အရီးလေး ကျွန်တော်က အသက် ( ၂၃ ) နှစ်ပဲ ရှိသေးတာပါ…” အကြောင်းရင်းတချို့ကြောင့် ချင်မင်ဟုန်သည် အနည်းငယ် မှားယွင်းနေသလို ခံစားလိုက်ရသည်။ အသက် ( ၂၃ ) နှစ်က အိုမင်းနေပြီများလား။

“မင်းက ခေါင်းမှာတဲ့ကလေးတစ်ယောက်ပဲ၊ တို့အနေနဲ့ ဒီကိစ္စကို ဂရုတစိုက် စဉ်းစားပြီးပြီ၊ မင်းရဲ့လက်ထပ်ထိမ်းမြားမှုကို ဝင်မစွက်ဖက်ဖို့ ဆုံးဖြတ်ခဲ့တယ်၊ ပြီးတော့ သံယောဇဉ်ဆိုတာ ကံကြမ္မာပေါ် မူတည်နေတာမလား” သူ၏ ပဟေဠိဖြစ်နေသည့် အမူအရာအားကြည့်လျက် ပထမသခင်မကြီးချင်သည် ရယ်လိုက်မိသည်။

“ဘာပဲဖြစ်ဖြစ် မင်း ဒီကိစ္စနဲ့ပတ်သက်ပြီး ဂရုတစိုက် စဉ်းစားသင့်တယ်၊ အနာဂတ်မှာ မင်းဘာလုပ်ချင်လဲ‌၊ စီးပွားရေးလုပ်ငန်းကိုပဲ ဆက်လုပ်ချင်တာလား နန်းတွင်းထဲကိုပဲဝင်ချင်တာလား ဆိုတာကိုပေါ့”

“အရီးလေး တကယ်တော့ ဒီအကြောင်းကို ကျွန်တော် စဉ်းစားပြီးပါပြီ”

တခဏလောက် တိတ်ဆိတ်နေပြီးနောက် ချင်မင်ဟုန်သည် ဖြည်းညှင်းစွာ ခေါင်းမော့ကြည့်ပြီး လေးနက်စွာ ပြောသည်။

“စီးပွားရေးလုပ်ရတာကို ကျွန်တော် ကြိုက်ပေမဲ့ စီးပွားရေးသမားတစ်ယောက်ရဲ့ အဆင့်အတန်းက အရမ်းနိမ့်ကျလွန်းတယ်၊ ကျွန်တော့်ကိုယ်ကျွန်တော် စီးပွားရေးသမားအဖြစ် ခြေစုံပစ်၀င်လိုက်မယ်ဆိုရင် ကျွန်တော် ကာကွယ်ပေးချင်တဲ့ လူတွေကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး”

လူချမ်းသာများ၊ လယ်သမားများ၊ လက်မှုပညာရှင်များနှင့် ကုန်သည်များကြားတွင် ကုန်သည်များသည် အဆင့်အနိမ့်ဆုံး ဖြစ်သည်။

ဟိုးအရင်အချိန်များကတည်းက ကုန်သည်များ၏ အဆင့်အတန်းမှာ လွန်စွာ နိမ့်ကျခဲ့သည်။

ချင်မင်ဟုန်သည် အရာရှိတစ်ယောက် ဖြစ်လာရန် ဆုံးဖြတ်ထားသည်။ ချင်မိသားစု၏ လက်ရှိအဆင့်အတန်းနှင့် အာဏာအရ အရာရှိတစ်ယောက်ဖြစ်လာရန် သူ့အတွက် မခက်ခဲလှပေ။

“ဒါဆိုရင် မင်း ဘယ်ကိုသွားမယ်ဆိုတာကို စဉ်းစားပြီးသွားပြီလား” သခင်မကြီးချင်သည် ချင်မင်ဟုန်၏ ရွေးချယ်မှုအား လုံးဝ မအံ့ဩခဲ့ပေ။

“ဘယ်ကိုသွားရမယ်ဆိုတာ စဉ်းစားပြီးသွားရင် မင်းအဖေကို ပွင့်ပွင့်လင်းလင်း ပြောကြည့်ပါလား”

“ဒီနှစ်တွေထဲမှာ မင်းအဖေက မင်းကို လျစ်လျူရှုခဲ့တာ အမှန်ပဲလေ၊ ဒါတွေက သူ့အမှားပေမဲ့ သူ ဒီလိုလုပ်ရတဲ့ အကြောင်းအရင်းတွေက သခင်မလျို့ရဲ့ သွေးထိုးမှုတွေနဲ့ ဆက်နွှယ်နေတယ်မလား၊ သခင်မလျို့ရဲ့ ပြောကြားချက်များအောက်မှာ မင်းအဖေ နှလုံးသားထဲက မင်းပုံရိပ်က မင်ယောင်လို ကျောင်းသားကောင်းမျိုး မဟုတ်ပဲ လူပေါ်ကြော့တစ်ယောက် ဖြစ်နေခဲ့တာလေ၊ ဒါပေမယ့် အရီးလေး မင်းကို အကြံပေးချင်တယ်၊ မင်းသာ မင်းအဖေရဲ့ အကူအညီကို ရချင်ရင် သူနဲ့ မင်းကြားမှာရှိတဲ့ ဆက်ဆံရေးကို ပြင်ဆင်ရလိမ့်မယ်”

“အရီးလေးကို ကျွန်တော် တခုခု မေးလို့ ရမလား” ချင်မင်ဟုန်သည် တစ်ခဏလောက် တုံ့ဆိုင်းနေပြီးနောက် မေးလိုက်သည်။

“ကျွန်တော့်အဖေက….. တကယ်ပဲ ဦးရီးတော်ရဲ့ ညီ ဟုတ်ရဲ့လား”

***

All Chapters