သူမ အမေရဲ့ အီးကျူက အရမ်းမြင့်လွန်းတာပဲ။
Vol. 23 Ch. 329
ချင်မင်ဟုန်၏ မေးခွန်းသည် သခင်မကြီးချင်ဆီမှ အဖြေစကား မရခဲ့ပေ။
“မင်ဟုန် မင်းအမေနဲ့ တို့က သူငယ်ချင်းဟောင်းတွေလေ” သူ၏ ရှုပ်ထွေးပြီး ကူကယ်ရာမဲ့နေသည့် အကြည့်အား တွေ့လိုက်ရသဖြင့် သခင်မကြီးချင်သည် တိုးတိုးလေး ရှင်းပြသည်။
“ဒါအပြင် မင်းအမေက တို့အသက်ကို ကယ်ခဲ့တာလေ”
ထို့ကြောင့် ချင်ချန်သည် ချင်ရှန်း၏ ညီဖြစ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ချင်မင်ဟုန်သည် ချင်မိသားစု၏ ကလေးတစ်ယောက် အမြဲဖြစ်နေပေမည်။
“ကျွန်တော် နားလည်ပါပြီ” ချင်မင်ဟုန်သည် သူ့လက်ထဲရှိ လက်ဖက်ရည်ခွက်အား တင်းတင်းဆုပ်ကိုင်ထားပေသည်။ အချိန်အတော်ကြာ စဉ်းစားပြီးနောက် စဉ်းစားပြီးနောက် သူ့ခေါင်းအားမော့လိုက်ကာ သခင်မကြီးချင်အား ပြုံးပြလိုက်သည်။
“ကျွန်တော်က အမြဲတမ်း ချင်မိသားစု၀င် ဖြစ်နေမှာဖြစ်ပြီး ဘယ်တော့မှ ပြောင်းလဲသွားမှာ မဟုတ်ပါဘူးဗျ”
“အမှန်ပါပဲကွယ်” သူနားလည်သွားသည်အား မြင်ရသည့်အခါ သခင်မကြီးချင်သည် တကယ်ကို ၀မ်းမြောက်မိသည်။
ချင်အိမ်တော်၏ အဓိကစာကြည့်ခန်းသည် ချင်ချန်၏ ကိုယ်ပိုင်စာကြည့်ခန်းလဲ ဖြစ်သည်။
သူ သခင်မလျို့အား ကွာရှင်းပြီးနောက် အိမ်တော်မှာ လုံး၀ တိတ်ဆိတ်သွားခဲ့သည်။
မင်ယောင်ကလည်း သူ့ကို မုန်းတီးနေပုံရပေသည်။
သူသည် သူ၏ မျက်ခုံးကြားစပ်နေရာအား စိတ်မကျေနပ်စွာ ဆိတ်လိုက်ပြီး အလွန် စိတ်ပျက်မိသည်။
လက်ရှိတိုင်းပြည်ရေးရာ အခြေအနေမှာ အလွန် ရှုပ်ထွေးလှပေသည်။ မုန်တိုင်းစတင်ရန် အရှိန်ပျိုးနေပြီး ချင်မိသားစုသည် ဒီမုန်တိုင်းမှ လွတ်မြောက်နိုင်ပါ့မလား သူမသိပေ။
အစ်ကိုကြီးသာ အသက်ရှင်နေသေးရင် အရမ်းကောင်းမှာဘဲ။
ဒေါက် ဒေါက်*
ရုတ်တရက် တံခါးခေါက်သံအား ကြားရသဖြင့် သူ သတိပြန်၀င်လာသည်။
“အဖေ” ချင်မင်ဟုန်သည် အထဲသို့ ၀င်လာပြီး လေးစားသမှုဖြင့် ဂါရ၀ပြုလာသည်။
“ကျွန်တော်ကြားတာတော့ ပြီးခဲ့တဲ့ရက်တွေမှာ အဖေ ကောင်းကောင်း အိပ်မပျော်ဘူးဆို၊ ဒါကြောင့် စားဖိုဆောင်ကို ကျွန်တော်မေးပြီး စိတ်ငြိမ်စေတဲ့ စွပ်ပြုတ် တမျို့ ချက်ခိုင်းခဲ့တယ်”
ထိုအချိန်ခိုက်တွင် ချင်ချန်၏ ခံစားချက်များမှာ အနည်းငယ် ရှုပ်ထွေးသွားသည်။ သူသည် ချင်မင်ဟုန်အား ခံစားချက်မျိုးစုံဖြင့် ကြည့်လိုက်သည်။
သူသည် ပထမဇနီးအတွက် မည်သည့်ခံစားချက်မျှ မရှိခဲ့ပေ။ ထိုအချိန်က အစ်ကိုကြီးက ရွှယ်ရုံသည် သူ့အတွက် သင့်တော်သည်ဟု ပြောခဲ့သောကြောင့် သူမအား လက်ထပ်ခဲ့ခြင်း ဖြစ်သည်။ ချောင်ရွှယ်ရုံသည် နူးညံ့သိမ်မွေ့ကာ ဇနီးကောင်းတစ်ယောက် ဖြစ်ပြီး သူ၏ အကြီးဆုံးသားဖြစ်သူ မင်ဟုန်အား မွေးဖွားပေးခဲ့သည်။ သို့ပေမဲ့ အကြောင်းရင်းတချို့ကြောင့် ချောင်ရွှယ်ရုံမှာ ငြီးငွေ့ဖွယ်ကောင်းသည်ဟု သူခံစားခဲ့ရသည်။ သူမသည် ကျင်းနန်၏ အလှပဂေးတစ်ယောက် ဖြစ်သော်ငြား သူမ အလှမှာ ငြီးငွေ့ဖွယ်ကောင်းသည်။ ထို့ကြောင့် သခင်မလျို့မှ သူမ၏ ချစ်ခင်စုံမက်မှုအား ဖော်ပြလာချိန်တွင် သူလက်ခံခဲ့သည်။
ထို့အပြင် ချောင်ရွှယ်ရုံသည် အစထဲက ကျန်းမာရေး မကောင်းသူ ဖြစ်သည်။ ချင်မင်ဟုန်အား မွေးဖွားပေးပြီးနောက် သူမ ခန္ဓာကိုယ်မှ အားနည်းလာပြီး သိပ်မကြာခင်မှာဘဲ ကွယ်လွန်သွားခဲ့သည်။
သူသည် သူ့ပဏာမဇနီးပေါ်တွင် နက်ရှိုင်းသည့် ခံစားချက်များ မရှိသဖြင့် သူ့အကြီးဆုံးသားပေါ်တွင် မျှော်လင့်ချက် သိပ်မရှိခဲ့ပေ။
သခင်မလျို့၏ နှောင့်ယှက်တားဆီးမှုများဖြင့် ချင်မင်ဟုန်သည် အမျိုးသားနှင့် အမျိုးသမီးကြားမှ ကိစ္စရပ်များအား နားလည်ခဲ့ပြီးဖြစ်သည်။ သူသည် စာလေ့လာချင်စိတ်မရှိဘဲ ပျော်ပါးချင်စိတ်သာ ရှိပေသည်။ ချင်ချန်သည် ထိုကဲ့သို့ သားမျိုးအပေါ် ကိစ္စရပ်များအား မအပ်နှံနိုင်ပေ။
ထို့ကြောင့် သူသည် သူ့ကလေး၏ ကြီးပြင်းလာမှုအား လျစ်လျူရှုခဲ့သည်။
ယခုအချိန်တွင် သူသည် ရုတ်တရက် စိုးရိမ်လာခဲ့ပြီး ဘာပြောရမှန်းမသိ ဖြစ်နေပေသည်။
အချိန်ခဏကြာပြီးနောက် သူသည် ခြောက်ကပ်စွာ ပြောသည်။
“သား…. မင်းက အရမ်းတွေးတတ်တာပါပဲ”
“တကယ်တော့ ကျွန်တော် အဖေ့ကို ဒုက္ခပေးချင်တာလေး တချို့ရှိလို့ပါဗျ” ချင်မင်ဟုန်က တည့်တိုးပြောလာသည်။
“လွန်ခဲ့တဲ့ လေးနှစ်လောက်တုန်းက ကျွန်တော် တော်ဝင်စာမေးပွဲကို အောင်မြင်ခဲ့ပေမဲ့ ကျွန်တော် ခံပြင်းမှုတွေနဲ့ပဲ စီးပွားရေးထဲ ၀င်ရောက်ခဲ့ပါတယ်၊ အခု ကျွန်တော့်ရဲ့ အရာရှိလမ်းကြောင်းပေါ်ကို ပြန်လျှောက်ချင်တာကြောင့် အဖေ့မှာ အကြံဉာဏ်တချို့များရှိမလား သိချင်လို့ပါဗျ”
ထိုအကြောင်းအား သူကြားသည့်အခါ အလွန်အမင်း အံ့ဩထိတ်လန့်သွားကာ သူ၏ အမူအရာမှာ သရဲတစ်ကောင်အား မြင်လိုက်ရသကဲ့သို့ ဖြစ်သည်။
“မင်း…. ဘာပြောလိုက်တာလဲ”
“ကျွန်တော် အကြံပေးအရာရှိတစ်ယောက် အဖြစ် စတင်ချင်ပါတယ်၊ အဖေက ကျွန်တော့်ကို လမ်းပြပေးနိုင်မလား သိချင်ပါတယ်၊ ကျွန်တော် အရာရှိတစ်ယောက် ဖြစ်ချင်ပါတယ်ဗျ” ချင်မင်ဟုန်သည် သူ့တုံ့ပြန်ချက်အား အချိန်အတော်ကြာ မျှော်လင့်နေခဲ့ပြီး သူ့ အမူအရာမှာ အရမ်း တည်ငြိမ်နေပေသည်။
တကယ်တော့ ချင်မင်ဟုန်သည် လေးနှစ်ခန့်အကြာက စာမေးပွဲအောင်မြင်ခဲ့ပြီး အကြံပေးအရာရှိတစ်ယောက် ဖြစ်သည်။
သို့ပေမဲ့ ထိုအချိန်တွင် သူသည် ချင်ချန်နှင့် နန်းတွင်းရေးရာကိစ္စရပ်များတွင် မုန်းတီးခဲ့သည်။ ထို့ကြောင့် သူသည် ပညာသင်ဆုရတာတောင်မှ သူ့နှလုံးသားထဲသို့ မမှတ်ယူခဲ့ပေ။ ထို့အစား နှစ်တချို့ကြာအောင် လွတ်လပ်ပျော်ပါးခဲ့ပြီး သူ့ဘ၀၏ လေးနှစ်တာအား ဖြုန်းတီးခဲ့ပေသည်။
“မင်းသွားချင်တဲ့နေရာများ ရှိလား” ချင်ချန်သည် စိတ်ငြိမ်သွားပြီးနောက် ချင်မင်ဟုန်အတွက် စီမံပေးဖို့ ဆန္ဒရှိလာသည်။ ပြီးတော့ ဒါက သူ့သားအရင်းပဲလေ။
အဖေတစ်ယောက်အနေနှင့် သူ့သားအနာဂတ်အတွက် မစီစဉ်ပေးဘဲ ဘယ်နေပါ့မလဲ။
“ယန်ကျိုး” ချင်မင်ဟုန်သည် စိတ်တည်ငြိမ်စွာ ပြောသည်။
“ဦးရီးတော်က ယန်ကျိုးကမလား၊ ကျွန်တော်သာ ယန်ကျိုးကိုသွားနိုင်ရင် ကောင်းတာပဲပေါ့”
“ယန်ကျိုးလား” ချင်ချန်၏ ခံစားချက်များသည် စိတ်လှုပ်ရှားနေရာမှ စိတ်ပျက်မှုအဖြစ် ပြောင်းလဲသွားသည်။ သူ့သားအရင်း တွေးနေသည့်သူမှာ ချောင်မိသားစုမှ လူဖြစ်နေပေသည်။
“ဟုတ်ကဲ့ ယန်ကျိုးမှာပါဗျ” ချင်မင်ဟုန်သည် စိတ်ရင်းမှန်ဖြင့် ပြောသည်။
“အဖေ့သာ အကြံကောင်း ပေးနိုင်မယ်ဆို ကျွန်တော်အတိုင်းမသိ ၀မ်းမြောက်မိမှာပါ၊ ဒါပေါ့ ဒီကျေးဇူးတင်မှုက ဘာမှမဟုတ်သေးပါဘူး၊ ကျွန်တော်သာ ယန်ကျိုးကို သွားနိုင်မယ်ဆို အဖေ့အမွေတွေအားလုံးကို မင်ယောင်အတွက် ချန်ထားပေးမှာပါ၊ ကျွန်တော့်အမေရဲ့ ပစ္စည်းတွေပဲ လိုချင်တာပါ။”
“အဓိပ္ပါယ်မရှိလိုက်တာ” သူသည် ဒေါသတကြီး ဝေဖန်ပြောဆိုသည်။
“ငါ အခုထိ မသေသေးဘူး၊ မင်းက အမွေခွဲဖို့တောင် စဉ်းစားနေပြီလားကွ”
ချင်မင်ဟုန်သည် သူ့အား တုံ့ပြန်မှု ကြီးကြီးမားမား ပေးလာလိမ့်မည်ဟု မမျှော်လင့်ထားပေ။ ဒါပေမယ့် အခု သူပြောလိုက်သည့် စကားလုံးများမှာ သူ့စိတ်ရင်းမှန် ဖြစ်သည်။
“ကျွန်တော့်အမှားပါ” ချင်မင်ဟုန်သည် သူ ဘာအမှားလုပ်ခဲ့သည်အား မသိပေမဲ့ နာခံစွာဖြင့် သူ့အမှားအား ၀န်ခံလိုက်သည်။
ဒါပေါ့ ချင်ချန်သည် သူ့တောင်းဆိုမှုအား ချက်ချင်း သဘောမတူသေးပေ။ ထို့အစား သူသည် ဒီအခြေအနေအရ စီမံခန့်ခွဲမှုလုပ်ပေးမည်ဟုသာ ပြောသည်။
ချင်မင်ဟုန်သည် ထိုကိစ္စအတွက် အလျင်မလိုသေးပေ။ ပြီးတော့ သူသည် တင်းယွမ်ကောင်တီသို့ သွား၍ ထိုဆိုးရွားလှသည့် စုံတွဲအား ကူညီပေးရဦးပေမည်။
ကိုးလပိုင်းဆယ့်ခြောက်ရက်နေ့သည် အခါကြီးရက်ကြီးဖြစ်သည်။
မနက်စောစောတွင် ရှန်းမိသားစု အိမ်တော်ရာ၏ မီးဖိုချောင်မှာ လူပြည့်နေသည်။
ဒေါ်လေးကွေ့ဟွားသည် ပုစွန်အရှင်အား ကိုင်နေလျက် သက်ပြင်းချလိုက်မိသည်။
“လန်ဟွာ လူတွေကြားမှာ ဘယ်လိုလုပ်ပြီး ဒီလောက်ကွာခြားနေရတာလဲ။ တို့ရဲ့ ကောင်စုတ်လေးက ကျောင်းသွားဖို့ထက် လယ်ထဲမှာ အလုပ်လုပ်ချင်နေတယ်”
“ဘာများဖြစ်လို့လဲ၊ ရှင်က တာ့နျိုနဲ့ အာ့နျိုကို ကျောင်းပို့ချင်နေတာလား”
“ပို့ချင်တာပေါ့အေ” ဒေါ်လေးကွေ့ဟွားသည် သက်ပြင်းချကာ ပြောလိုက်သည်။
“ဘာပဲဖြစ်ဖြစ်လေ စာသင်တာက ကောင်းတာပေါ့၊ ကံမကောင်းတာက တာ့နျိုနဲ့ အာ့နျိုတို့က စာသင်ဖို့ အရည်အချင်း မမှီပါဘူးအေ ဟင်း….”
“သက်ပြင်းမချပါနဲ့တော့။ ဒီက ကလေးတွေက သူတို့ကောင်းချီးနဲ့ သူတို့ရှိကြပါတယ်” ကျောက်လန်ဟွာသည် သူမအား အလျင်အမြန် နှစ်သိမ့်လာသည်။
“ပြီးတော့ တာ့နျိုက သားသမီး၀တ္တရားနဲ့ ကျေပွန်တဲ့ ကလေးတစ်ယောက်ပါ၊ ရှင့်ရဲ့ တာ့နျိုလေးက သူ့အသက်ဆယ်နှစ်ထဲက လယ်စိုက်တဲ့နေရာမှာ တော်နေပြီးသားမလား၊ ပြီးတော့ အာ့နျိုရောပဲ ဒီကလေးမလေးက လှပပြီး အပြောချိုတဲ့ ကောင်မလေးမလား၊ သူမက အနာဂတ်မှာ မိသားစုကောင်းတစ်ခုက ယောက်ျားကောင်းနဲ့ သေချာပေါက် လက်ထပ်ရမှာရှင့်၊ ရှင်အရမ်း မကျေမနပ် ဖြစ်မနေပါနဲ့၊ ဒီကအခြားသူတွေရဲ့ ကလေးတွေဆို အကြွေးတောင်းဖို့ ရောက်လာကြသလားပဲ၊ ရှင့်ကလေးတွေကတော့ သူတို့ရဲ့ ကြင်နာမှုတွေကို ပြန်ပေးဖို့ ရောက်လာတာ ရှင်းနေတာပဲလေ။”
“ညီမလန်ဟွာ ညီမကတော့ လူတွေကို နှစ်သိမ့်နေရာမှာ အတော်ဆုံးပါပဲ” ဒေါ်လေးကွေ့ဟွားသည် ပြုံးပြီး ပြောသည်။
“ညီမ ပြောတာ ကြားပြီးတော့ အစ်မ နေလို့ ပိုကောင်းသွားပြီ”
“ဒါဆိုရင် ကျွန်မကို ကူညီပေးပါဦး” ကျောက်လန်ဟွာသည် ပြုံးရင်း စနောက်လိုက်သည်။
မြေကြီးပေါ်မှာ ဆောင့်ကြောင့်ထိုင်၍ အသီးအရွက်ခြွေနေသည့် ကျီကျောက်သည် သူမ ယောက္ခမအား လက်မထောင်ပြလိုက်သည်။
သူမ ယောက္ခမရဲ့ အီးကျူက တကယ်မြင့်တာပဲ။
စကားလုံးတချို့ကြောင့် ဒေါ်လေးကွေ့ဟွားသည် ပြန်ပြောစရာ စကားမရှိအောင် အချော့ခံလိုက်ရပေသည်။
သူမသာ ဒီလိုအဆင့်မျိုးနဲ့ ကြုံတွေ့ရမယ်ဆိုရင် သူမ မကျော်လွှားနိုင်လောက်ဘူးမလား။
ကျီကျောက်တစ်ယောက် ရောက်တတ်ရာရာ တွေးနေချိန်တွင် ထျန်ကွမ်းရှန့်သည် သူမဆီသို့ လျှောက်လာကာ ရှိုးတို့ရှန်းတန်းပြောသည်။
“အာ့ထောင် မီးဖိုချောင်ထဲ လာပါဦး”
“ဟုတ်ကဲ့ပါ” ကျီကျောက်က ကျိုးနွံစွာ ပြောသည်။ သူမ မီးဖိုချောင်ထဲသို့ ၀င်လာချိန်တွင် ထူးဆန်းသည့် အနံ့တစ်ခု ရလိုက်သည်။
“အဖိုး ဘာဖြစ်လို့လဲ”
“ရက်အနည်းလောက်က ရှုဖန်ရဲ့မိသားစုက မန်ဒရင်းငါးအကြီး ခြောက်ကောင် ပို့လာတယ်၊ စန်းလန်အတွက် ဂုဏ်ပြုပွဲကျင်းပချိန်မှ ငါးတွေကို ချက်စားဖို့ စောင့်နေခဲ့တာ၊ မနေ့ညက ဘယ်သူသိလိုက်ပါ့မလဲ…. ရေလဲပေးဖို့မေ့သွားတာတာနဲ့ ငါးအသားတွေက ညှီနေပြီလေ…”
ဒုတိယမရီးရှန်းသည် သူမကိုယ်သူမ အပြစ်တင်လျက် ပြောလာသည်။
“အာ့ထောင် တို့တွေ ဘယ်လိုလုပ်ကြမလဲ”
***