← Chapters

ချန်စန့်ထျန်သေဆုံးခြင်း၊ ငါက ချောင်ချောင်

Vol. 2 Ch. 27

ချန်စန့်ထျန်သေဆုံးခြင်း၊ ငါက ချောင်ချောင်

Vol. 2 Ch. 27

အခန်း (၂၇) ချန်စန့်ထျန်သေဆုံးခြင်း၊ ငါက ချောင်ချောင်

ချန်စန့်ထျန် ရှိနေတာက ဟန်ကျွယ်ဘဝကို ဘာမှမပြောင်းလဲစေပါဘူး၊ ဟန်ကျွယ်ဟာ ပုံမှန်အတိုင်းပဲ ကျင့်ကြံအားထုတ်ပါတယ်။ ဟန်ကျွယ်ဟာ သူ့သစ်သားခုတင်ကို အရံအတားနဲ့ ကာရံထားတာကြောင့် ချန်စန့်ထျန်ဟာ ဟန်ကျွယ်ရဲ့ စိတ်ဝိညာဉ်ချီကို လုံံးဝမခံစားနိုင်ပါဘူး။ ချန်စန့်ထျန်အတွက်တော့ ဟန်ကျွယ်ဟာ ကိုင်လှုပ်လို့မရတဲ့ ကျောက်တောင်ကြီး တစ်တောင်လိုပါပဲ။

မျက်စိတစ်မှိတ်အတွင်းမှာပဲ အချိန်တစ်နှစ် ကုန်ဆုံးသွားပါတယ်။ စိတ်ဝိညာဉ်ဆေးပင်တွေ ကြီးထွားလာတာနဲ့အမျှ လိုဏ်ဂူထဲမှာရှိတဲ့ စိတ်ဝိညာဉ်ချီဟာလည်း ပိုပြီသိပ်သည်းလာပါတယ်။ ဟန်ကျွယ်ရဲ့ မိုးကြိုးစွမ်းရည်ဟာ ရွှေဓာတ်လုံး စတုတ္ထအဆင့်ကို အောင်မြင်စွာ ရောက်ရှိသွားပါတယ်။

‘တစ်နှစ်ကို တစ်ဆင့်တက်တာ မဆိုးဘူးပဲ’ ဟန်ကျွယ်က သူ့ကိုယ်သူ တွေးလိုက်ပါတယ်။ ဒီသတင်းသာ အပြင်ဘက်ကို ပျံ့သွားနှင့် မရေမတွက်နိုင်တဲ့လူတွေ သေလောက်အောင် ကြောက်သွားမှာ မြေကြီးလက်ခတ်မလွှဲပါပဲ။

ချန်စန့်ထျန်ဟာ ဒီအချိန်မှာ စိတ်အေးလက်အေး ဖြစ်နေပါပြီ၊ ဟန်ကျွယ်ဟာ သူ့ကို ခက်ခဲအောင် မလုပ်သလို သူကလည်း ထွက်မပြေးရဲပါဘူး၊ အဲဒါကြောင့် သူဟာ ဟန်ကျွယ့်လိုဏ်ဂူထဲမှာပဲ အေးအေးဆေးဆေး ကျင့်ကြံအားထုတ်ရင်း အချိန်ကုန်ဆုံးပါတယ်။

ဟန်ကျွယ်ဟာ သူ့ခုတင်ကနေ ခြေတစ်လှမ်းတောင် မခွာဘဲ ကျင့်ကြံအားထုတ်နေတဲ့အတွက် ချန်စန့်ထျန်ဟာ ပိုပြီးစိုးရိမ်ကြောင့်ကြလာပါတယ်။ ကျင့်ကြံတာက ကောင်းပေမဲ့ ဒီလိုသာ ဆက်ကျင့်ကြံနေမယ်ဆိုရင် ဘာသတင်းအစအနမှ သူရမှာ မဟုတ်ပါဘူး။ ချန်စန့်ထျန်ဟာ ဟန်ကျွယ်ကို အဝေးကနေ မျက်နှာချင်းဆိုင် ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်ပါတယ်။

ချန်စန့်ထျန်လို အကြီးဆုံးအဓိကတပည့်က အချိန်အကြာကြီးနေလို့မှ ဂိုဏ်းကို မပြန်ဘူးဆိုရင် ဂိုဏ်းသားတွေက စိုးရိမ်ကြောင့်ကြပြီး တုန်လှုပ်ချောက်ချားလာမှာ မြေကြီးလက်ခတ်မလွှဲပါပဲ။

‘ငါ ဘာလုပ်သင့်လဲ? သူ့ကို လုပ်ကြံသင့်လား?’ ချန်စန့်ထျန်ဟာ ဘေးကျပ်နံကျပ် ဖြစ်သွားပါတယ်။ အရင်နှစ်က ရှုံးနိမ့်မှုကို ပြန်တွေးမိတဲ့အခါမှာ ချန်စန့်ထျန်ဟာ တစ်ကိုယ်လုံး ဆက်ဆက်တုန်သွားပါတယ်။

‘ငါတို့နှစ်ယောက်ရဲ့ အင်အားက အတော်လေးကွာတယ်၊ သူက ငါလုပ်ကြံမှာကို မကြောက်ဘဲ ကျင့်ကြံအားထုတ်ရဲတာ အရာအားလုံးက သူ့ထိန်းချုပ်မှုအောက်မှာ ရှိနေလို့ပဲ... သေစမ်း၊ ဒီကောင်က ငါ့ကို ဒီနေရာမှာ ပိတ်ထားတော့မှာလား? ငါ့မှာသာ လုံလောက်တဲ့အစွမ်းရှိရင် ဒီကောင်ကို ဒီထက်အဆတစ်ရာ၊ အဆတစ်ထောင်၊ အဆသောင်းချီ ပြန်ပေးဆပ်ခိုင်းမယ်!’

ချန်စန့်ထျန်ရဲ့ မျက်လုံးတွေဟာ အေးစက်တဲ့အငွေ့အသက်တွေ ယှက်သန်းသွားပါတယ် ‘ငါက ဘယ်သူလဲ? ငါက လူတိုင်းကြောက်ရမဲ့ မွေးရာပါမိစ္ဆာအထုံပါသူပဲ!’

[ချန်စန့်ထျန်သည် သင့်အပေါ် မုန်းတီးမှု တိုးလာပါပြီ၊ လက်ရှိ မုန်းတီးမှု: ကြယ်လေးပွင့်]

ဟန်ကျွယ်ဟာ ဒီစာကြောင်းကြောင့် စိတ်အနှောင့်အယှက်ဖြစ်သွားပြီး မျက်မှောင်ကြုတ်လိုက်ပါတယ် ‘ခွီးတဲ့မှပဲ... ထပ်ပြီးတိုးလာပြန်ပြီလား!’ ဟန်ကျွယ်ဟာ သွေးအန်ချင်စိတ်တောင် ပေါက်သွားပါတယ်။ ဒီနှစ်တွေမှာ ဟန်ကျွယ်က ချန်စန့်ထျန်ကို မြူတစ်မှုန်တောင် မနှိပ်စက်ပါဘူး။ ချန်စန့်ထျန်က အပြင်ပိုင်းမှာ နာခံပုံပေါ်ပေမဲ့ ဟန်ကျွယ်အပေါ် မုန်းတီးမှုက အချိန်နဲ့အမျှ တိုးလာပါတယ်။ အခုသူ့မုန်းတီးမှုက ကြယ်လေးပွင့်တောင် ရောက်ရှိသွားပါပြီ။ ဒါက ဘာကိုပြလဲဆိုတော့ ချန်စန့်ထျန်ဟာ ဟန်ကျွယ်နဲ့ သူသေကိုယ်ရှင် ရန်သူမျိုးဖြစ်သွားပါပြီ။

ချန်စန့်ထျန်ဟာ ဟန်ကျွယ်ကို သတ်ပြီး ထွက်ပြေးဖို့ ကြံစည်နေပါတယ် ‘သူအပြင်ထွက်တာကိုပဲ ငါစောင့်ရလိမ့်မယ်၊ သူကျင့်ကြံခြင်းအဆင့်နဲ့ဆိုရင် သူက ကျိန်းသေပေါက် မဟာအကြီးအကဲပဲ၊ မကြာသေးခင်ကမှ ငါတို့ဂိုဏ်းက ယွီဂျင်ဂိုဏ်းကို ထပ်တလဲလဲ ‌တိုက်ခိုက်နေတာဆိုတော့ သူ ဒီမှာ အေးအေးဆေးဆေးနဲ့ ကျင့်ကြံအားထုတ်နိုင်မှာ မဟုတ်ဘူး’

‘ငါ ထွက်ပြေးလို့ လွတ်မြောက်တာနဲ့ ဂိုဏ်းသားတွေကို ဦးဆောင်ပြီး ယွီဂျင်ဂိုဏ်းကို မြေလှန်ပစ်မယ်၊ ပြီးရင် ဒီကောင်စုတ်ကို ဝိညာဉ်နှုတ်ပြီး ထာဝရအစေခံလုပ်ခိုင်းမယ်’

ချန်စန့်ထျန်ဟာ သတ်ဖြတ်လိုစိတ်တွေ ပြင်းထန်နေပေမဲ့ မျက်နှာမှာ တစ်စက်ကလေးမျှ မပေါ်အောင် ထိန်းသိမ်းထားပါတယ်။ ချန်စန့်ထျန်ဟာ ဟန်ကျွယ်ကို ဘယ်လိုနှိပ်စက်ပြီး ဟန်ကျွယ်တစ်ယောက် ဒူးထောက်တောင်းပန်နေပုံကို စိတ်ကူးယဉ်ကာ ခံစားလို့ တော်တော်လေး ကောင်းသွားပါတယ်။

ဒီအချိန်မှာပဲ။

“ဝှစ်... ဝှစ်... ဝှစ်...”

တရင်းတနှီးရှိတဲ့ တစ်စုံတစ်ခု လေထုခွင်းလာသံကို ချန်စန့်ထျန် ကြားလိုက်ရပါတယ်။ သူဘာဆိုဘာမှ မသိခင်မှာပင် အရိပ်ဓားသုံးချောင်းဟာ သူ့ရင်ဘက်ကို ထိုးဖောက်ထွက်သွားပြီး သွေးစသွေးနတွေ မြေပေါ် ပြန့်ကျဲကုန်ပါတယ်။

ချန်စန့်ထျန်ဟာ မျက်လုံးပြူးသွားပြီး နီရဲနေတဲ့မျက်လုံးတွေနဲ့ ဟန်ကျွယ်ကို မယုံနိုင်စွာ ကြည့်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ မျက်နှာတစ်ချက်မပျက်ဘဲ ညာလက်ကို ဝှေ့ယမ်းလိုက်တဲ့အခါမှာ အရိပ်ဓားတွေဟာ ချန်စန့်ထျန်ရဲ့ခေါင်းကို ဖောက်ခွဲပစ်လိုက်ပါတယ်။ ဒီလိုနဲ့ မွေးရာပါမိစ္ဆာအထုံပါသူ ချန်စန့်ထျန်ဟာ မကြံသင့်တာကို ကြံစည်လို့ မရဏလမ်းကို မြန်းသွားရပါတယ်။ ဒီတစ်ခါမှာ ဟန်ကျွယ်ဓားချက်ဟာ မနှစ်ကထက် ပိုအားကောင်းလာတာကြောင့် ချန်စန့်ထျန်ဟာ ရှောင်တိမ်းချိန်တောင် မရလိုက်ပါဘူး။

ချန်စန့်ထျန်ဟာ သေဆုံးသွားပေမဲ့ ဟန်ကျွယ် ဘယ်လောက်ထိသန်မာလဲ ဆိုတာကိုတော့ မသိသွားရှာပါဘူး။ ချန်စန့်ထျန်ဟာ အစောကြီးကတည်းက နိုးနိုးကြားကြား မရှိတော့ပါဘူး။ သူဟာ ဟန်ကျွယ်က သူ့ကို အသက်ရှင်လျက်ဖမ်းထားတာ ရည်ရွယ်ချက်တစ်ခုခုရှိလို့ဆိုပြီး တွေးထင်ခဲ့တာပါ။ ဒီလို ရုတ်တရက်ကြီး အသတ်ခံရလိမ့်မယ်လို့ မျှော်လင့်မထားခဲ့ပါဘူး။

ချန်စန့်ထျန်အလောင်း မြေပေါ်လဲကျသွားတာနဲ့ သူ့ခန္ဓာကိုယ်ကနေ အလင်းလုံးတစ်လုံး ထွက်ပေါ်လာပါတယ်။

ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်သွားပါတယ် “ဒီဟာက... ...”

အလင်းလုံးဟာ လူသားအသွင်ကို ချက်ချင်း ပြောင်းလဲသွားပါတယ်။ ဒီလူသားအသွင်ဟာ အဘိုးကြီးတစ်ဦး ဖြစ်ပြီး သူ့မျက်လုံးတွေက ကောက်ကျစ်စဉ်းလဲမှုတွေနဲ့ ပြည့်နှက်နေပါတယ်။ အဘိုးကြီးဟာ ချန်စန့်ထျန်အလောင်းကို စိုက်ကြည့်ပြီး ဟန်ကျွယ်ကို စိုက်ကြည့်လိုက်ပါတယ်။

လိုဏ်ဂူတစ်ခုလုံးဟာ အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်သွားပါတယ်။ ဟန်ကျွယ်က သက်ပြင်းချလိုက်ပါတယ် ‘ပိုကြီးတဲ့ကောင်က တကယ်ရှိနေတာပဲ’

အဘိုးကြီးဟာ ဟွန်းခနဲနှာခေါင်းရှုံ့လိုက်ပြီး အေးစက်စွာ ပြောလိုက်ပါတယ် “ဘာလဲ? အခုမှနောင်တရပြီး သက်ပြင်းချနေတာလား? ငါ့တပည့်ကို မင်းသတ်တဲ့အတွက် မင်းကိုလဲ ငါသတ်မယ်၊ မင်းနာမည်ကို ပြောစမ်း!”

ဟန်ကျွယ်ဟာ မျက်နှာတစ်ချက်မပျက်ဘဲ ပြန်ဖြေလိုက်ပါတယ် “ငါက ချောင်ချောင်၊ မင်းကရော ဘယ်သူလဲ?”

“ချင်မင်ဂိုဏ်း ကျန်းခွန်မော့!”

“အို”

“ဟမ်... မင်းသေမဲ့ရက်ကို ထိုင်စောင့်နေလိုက်” ကျန်းခွန်မော့ဟာ ပြောဆိုပြီးတာနဲ့ လေထဲမှာ ပျောက်ကွယ်သွားပါတယ်။

[ကျန်းခွန်မော့သည် သင့်အား မုန်းတီးနေသည်၊ လက်ရှိ မုန်းတီးမှု: ကြယ်ငါးပွင့်]

‘ကြယ်ငါးပွင့်! တော်တော်လေး မြင့်တာပဲ’ ဟန်ကျွယ်ဟာ အလန့်တကြား ဖြစ်သွားပါတယ်။ ဟန်ကျွယ်ဟာ လူမှုဆက်ဆံရေးကို ချက်ချင်း စစ်ဆေးပြီး လေပူတစ်ချက် မှုတ်ထုတ်လိုက်ပါတယ်။

‘ကနဦးဝိညာဉ် အဋ္ဌမအဆင့်! ဒီအဆင့်ပဲ ရှိတာလား?’ ဟန်ကျွယ်ဟာ ကျန်းခွန်မော့ရဲ့ လေသံကြောင့် စိတ်ဝိညာဉ်ပြောင်းလဲခြင်းအဆင့်လို တွေးထင်လိုက်တာပါ ‘ကနဦးဝိညာဉ်အဆင့်ကများ ငါ့ကို သတ်ချင်သေးတယ်၊ အိပ်မက် မက်နေလိုက်’

ဟန်ကျွယ်ဟာ မတ်တတ်ရပ်လိုက်ပြီး ချန်စန့်ထျန်ရဲ့ သိုလှောင်အိတ်နဲ့ သိုလှောင်လက်စွပ်ကို ရှာဖွေလိုက်ပါတယ်။ လူတစ်ယောက် သေသွားတဲ့အခါ သူပိုင်ဆိုင်တဲ့ သိုလှောင်အိတ်နဲ့ သိုလှောင်လက်စွပ်ဟာ ပိုင်ရှင်မဲ့ ဖြစ်သွားပါတယ်။

‘ဒီကောင်က တော်တော်လေး ချမ်းသာတာပါ’ ဟန်ကျွယ်ဟာ ချန်စန့်ထျန်ရဲ့ သိုလှောင်အိတ်နဲ့ သိုလှောင်လက်စွပ်ဆီကနေ မရေမတွက်နိုင်တဲ့ စိတ်ဝိညာဉ်ကျောက်တုံးတွေ ဆေးလုံးတွေ၊ လက်ဖွဲ့တွေ၊ အ‌ဆောင်တွေ အများကြီးကို ရလိုက်ပါတယ်။ ဒါပေမဲ့ ချန်စန့်ထျန်ဆီမှာ အသုံးအဆောင်အ အနည်းငယ်ပဲ ရှိပါတယ်။

‘အပြင်ထွက်တဲ့အခါ ပိုက်ဆံပဲ ယူလာတာလား?’

ဟန်ကျွယ်ဟာ အရာအားလုံးကို သူရဲ့ စကြာဝဠာခါးပတ်ထဲ လွှဲပြောင်းထည့်လိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ လက်ဝှေ့ယမ်းပြီး သူ့မီးချီကို မီးတောက်အသွင်ပြောင်းကာ ချန်စန့်ထျန်အလောင်းကို မီးရှို့လိုက်ပါတယ်။ ချန်စန့်ထျန် အလောင်းကောင်ဟာ တစ်ခဏအတွင်းမှာပဲ ပြာအတိကျသွားပါတယ်။

အဲဒီနောက် ဟန်ကျွယ်ဟာ သူ့ခုတင်ပေါ်မှာ ပြန်ထိုင်လိုက်ပြီး ဆက်လက်ကျင့်ကြံ အားထုတ်ပါတယ်။

…

အချိန်ဟာ လျင်မြန်စွာ ကုန်ဆုံးသွားလိုက်တာ ရှစ်နှစ်က တစ်ခဏလေးပါပဲ။

ဟန်ကျွယ်ဟာ နောက်ဆုံးမှာတော့ ရွှေဓာတ်လုံး နဝမအဆင့်ကို ရောက်ရှိသွားပါတယ်။ ဒါက ဟန်ကျွယ်ရဲ့ မိုးကြိုးစွမ်းရည် တစ်ခုတည်းပဲ၊ ကျန်တဲ့စွမ်းရည် ငါးခုလုံးက ရွှေဓာတ်လုံး ပထမအဆင့်မှာပဲ ရှိပါသေးတယ်။ ဟန်ကျွယ်ရဲ့ ကျင့်ကြံခြင်းအဆင့် တိုးတက်မှုနှုန်းက ပျံ့နှံ့သွားရင်တောင် ဘယ်သူမှ မယုံကြမဲ့အနေအထားမှာ ရှိနေပါတယ်။

ဟန်ကျွယ်ဟာ မိုးကြိုးစွမ်းရည် ကျင့်ကြံလို ပြီးတဲ့အခါမှာ လေစွမ်းရည်ကို ကျင့်ကြံပါတယ်။ လေစွမ်းရည်ကို ကျင့်ကြံရတာက ဟန်ကျွယ်မှာ အကြောင်းရှိပါတယ်။ အဲဒါက ဓားပျံသွားနှုန်းကို မြှင့်တင်ချင်လို့ပဲ ဖြစ်ပါတယ်၊ ဒါမှ အန္တရာယ်ကနေ လွယ်လွယ်ကူကူ လွတ်မြောက်နိုင်မှာလည်း ဖြစ်ပါတယ်။

လဝက်ကြာတဲ့အခါမှာ ဟန်ကျွယ်လိုဏ်ဂူဆီ ဧည့်သည်တစ်ယောက် ရောက်လာပါတယ်။ အဲဒီဧည့်သည်ကတော့ ရှင်းဟုန်ရွှမ်ပဲ ဖြစ်ပါတယ်။

“ယောက်ကျား... အထဲမှာ ရှိနေလား?” ဒီအသံကြောင့် ဟန်ကျွယ်ဟာ နှုတ်ခမ်း တစ်ချက်တွန့်သွားပါတယ်။

ဒီလောက်နှစ်တွေကြာပြီးတဲ့အခါမှာ ရှင်းဟုန်ရွှမ်ဟာ အခြေခံအဆင့် တတိယတန်းကို ရောက်ရှိနေပါပြီ၊ ကြည့်ရတာ တာအိုသခင်ကျင်ရှုက သူ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံပုံပါပဲ။ ချီသန့်စင်ခြင်းအဆင့်မှာ တုန်းကတောင် ရှင်းဟုန်ရွှမ်ရဲ့ အဆင့်တက်မှုနှုန်းက ဒီလောက် မမြန်ပါဘူး။

ဟန်ကျွယ်ဟာ တစ်ခဏ တွေးလိုက်ပြီး လက်ဝှေ့ယမ်းကာ ဖော်မေးရှင်းကို ပိတ်လိုက်ပါတယ်။ အဲဒီအခါ လိုဏ်ဂူဝပေါ်သွားပြီး ကျောက်တံခါး ပွင့်သွားပါတယ်။

ရှင်းဟုန်ရွှမ်ဟာ လိုဏ်ဂူထဲကို ခပ်သုတ်သုတ် ဝင်လိုက်ပါတယ်။ သူဟာ ဟန်ကျွယ်ကို တွေ့သွားတဲ့အခါမှာ ဝမ်းသာအားရ ဖြစ်သွားပါတယ်။ ရှင်းဟုန်ရွှမ်ဟာ လိုဏ်ဂူအခြေအနေကို တစ်ချက်အကဲခတ်လိုက်ပြီး ဟန်ကျွယ်ဘေးနားကို လျှောက်သွားပါတယ်။ ပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ကို မှီပြီး ထိုင်လိုက်ပါတယ်။

ဟန်ကျွယ်က မျက်မှောင်ကြုတ်ပြီး ပြောလိုက်ပါတယ် “မိန်းကလေးရှင်း... ကိုယ့်အပြူအမူကို ဂရုစိုက်ပါ၊ ကျုပ်က ခင်ဗျားယောက်ျားဖြစ်ဖို့ သဘောမတူထားသေးဘူး”

ရှင်းဟုန်ရွှမ်ဟာ သူ့နှုတ်ခမ်းကို လိပ်လိုက်ပါတယ် “အပြင်ဂိုဏ်းမှာတုန်းက ယောက်ျား အရမ်းစိတ်လှုပ်ရှားခဲ့တာ မဟုတ်ဘူးလား?”

ဟန်ကျွယ်ဟာ အနေရခက်သွားပြီး အမူအရာ မပြောင်းလဲသော်လည်း အနည်းငယ် အေးစက်သွား၏။

ရှင်းဟုန်ရွှမ်ဟာ သူ့ညာလက်ကို ဝှေ့ယမ်းလိုက်တဲ့အခါမှာမြေကြီးပေါ်မှာ ဆေးပုလင်းဆယ်လုံး ပေါ်လာပါတယ်။

“ဒီဆေးတွေက ကျောက်စိမ်းဆေးလုံးတွေပဲ” ရှင်းဟုန်ရွှမ်က ဂုဏ်ယူတဲ့အပြုံးနဲ့ ပြောလိုက်ပါတယ် “ဒီနှစ်တွေမှာ ကျွန်မ စုဆောင်းထားတာတွေ” ‘ရှင်က လုံးဝမလိုချင်ဘူးဆိုတာ ကျွန်မမယုံဘူး’

ဟန်ကျွယ်မျက်နှာဟာ ပျော့ပြောင်းသွားပါတယ် “ပြန်သိမ်းထားလိုက်၊ ဒီဆေးတွေကို ငါထပ်မလိုတော့ဘူး”

ရှင်းဟုန်ရွှမ်အပြုံးဟာ အေးခဲသွားပြီး မျက်မှောင်ကြုတ်သွားပါတယ်။ အဲဒီနောက် မျက်နှာအမူအရာ လုံးဝပြောင်းလဲသွားပြီး တုန်ယင်နေတဲ့အသံနဲ့ မေးလိုက်ပါတယ် “ရှင်က ရွှေဓာတ်လုံးအဆင့်ကို...”

ဟန်ကျွယ်က ပြုံးလိုက်ပါတယ်။

ရှင်းဟုန်ရွှမ်က သူ့ရင်ခွင်ထဲ တိုးဝင်လာတဲ့အတွက် ဟန်ကျွယ်ဟာ စိတ်ဝိညာဉ်ချီ အသုံးပြုပြီး ဟန့်တားလိုက်ရပါတယ် “မိန်းကလေးရှောင်... မင်း ကျုပ်ရဲ့ လက်တွဲဖော်ဖြစ်ချင်ရင် ဒီထက်ပိုကြိုးစားဖို့ လိုတယ်၊ မဟုတ်လို့ နှစ်ရာချီကြာတဲ့အခါ ကျုပ်က အင်မော်တယ်ဖြစ်ပြီး ခင်ဗျားအရိုးက ဆွေးနေလိမ့်မယ်” ဟန်ကျွယ်က လေးလေးနက်နက် ပြောလိုက်ပါတယ်။

ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်စကားကြောင့် ငြိမ်သက်သွားပါတယ် ‘သူပြောတာ မှန်တယ်’ ရှင်းဟုန်ရွှမ်ဟာ ချက်ချင်း မတ်တတ်ရပ်ကာ ပြောလိုက်ပါတယ် “ရှင်ပြောတာ မှန်တယ်၊ ကျွန်မက ရှင်ရဲ့ဝန်ထုတ်ဝန်းပိုး မဖြစ်သင့်ဘူး၊ ကျွန်မ ရှင့်အတွက် ရွှေဓာတ်လုံး ကျင့်ကြံသူတွေ အသုံးပြုတဲ့ ဆေးလုံးတွေ ရှာပေးမယ်”

ရှင်းဟုန်ရွှမ်ဟာ ပြောပြောဆိုဆို မြေကြီးပေါ်က ဆေးပုလင်းတွေကို သိမ်းယူလိုက်ပြီး လိုဏ်ဂူဝကို လျှောက်သွားပါတယ်။

“မိန်းကလေးရှင်း... ကျုပ် ရွှေဓာတ်လုံးအဆင့် ရောက်နေတယ်ဆိုတာကို ဘယ်သူကိုမှ မပြောပါနဲ့” ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်ကို သတိပေးလိုက်ပါတယ်။ သူ့ကျင်ကြံခြင်းအလျင်က ကြောက်ဖို့ကောင်းလောက်အောင် လျင်မြန်နေတဲ့အတွက် ဒီသတင်းသာ အပြင်ကို ပေါက်ကြားသွားရင် သူ အေးအေးဆေးဆေး ကျင့်ကြံလို့ရတော့မှာ မဟုတ်ပါဘူး။

ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်ဘက်လှည့်ပြီး ပြုံးပြလိုက်ပါတယ် “မစိုးရိမ်ပါနဲ့၊ တစ်ခြားမိန်းကလေးတွေ ရှင့်ကို စိတ်ဝင်စားလာမှာကို ကျွန်မလည်း မလိုချင်ပါဘူး”

ရှင်းဟုန်ရွှမ်ရဲ့ အပြုံးဟာ နတ်သမီးရှုံးအောင် လှပပြီး အလွန်တရာမှာ စိတ်လှုပ်ရှားဖွယ် ကောင်းပါတယ်။ ဟန်ကျွယ်ဟာ ရင်ခုန်သံမြန်လာမှုကို ချက်ချင်းနှိပ်ကွပ်လိုက်ပါတယ် ‘တော်တော်လေး ကြောက်စရာကောင်းတဲ့ အမျိုးသမီးပဲ! သူ့လက်ထဲ ငါကျတော့မလို့ပဲ!’

ရှင်းဟုန်ရွှမ် ထွက်သွားတဲ့အခါမှာ ဟန်ကျွယ်ဟာ ဖော်မေးရှင်းကို ပြန်အသက်သွင်းလိုက်ပါတယ်။ သူဟာ ကျောက်တုံးတံခါးကို ပိတ်ပြီး ဆက်လက်ကျင့်ကြံ အားထုတ်ပါတယ်။

“ရှင်းဟုန်ရွှမ်... နတ်မိမယ်ရှီရွှမ်... နာမည်နှစ်ခုစလုံးမှာ ‘ရွှမ်’ စာလုံးပါတယ်၊ သူတို့တွေက ဆက်စပ်နေတာလား?” ဟန်ကျွယ်ဟာ အသက်ရှူသံကိုထိန်းရင်း တိတ်တဆိတ် တွေးတောလိုက်ပါတယ်။

All Chapters