← Chapters

အရမ်း ရှက်ဖို့ကောင်းတယ်။

Vol. 23 Ch. 331

အရမ်း ရှက်ဖို့ကောင်းတယ်။

Vol. 23 Ch. 331

ခဏအကြာတွင် ရှန်းယောင်သည် သူမ ခြေသလုံးများအား ညင်သာစွာ နှိပ်နယ်ပေးလျက် စိုးရိမ်စွာ မေးသည်။

“နာနေသေးလား”

“ သက်သာလာပါပြီ….” ကျီကျောက်သည် နီရဲနေသည့် မျက်နှာဖြင့် နူးညံ့စွာ ပြန်ဖြေသည်။

သူမကိုယ်သူမ ဒီလိုအချိန်မျိုးမှာ ခြေထောက်ကြွက်တက်လောက်အောင် အသုံးမကျလိမ့်မည်ဟု မထင်ထားပေ။

“ကိုယ့်အမှားပါကွာ” ရှန်းယောင်သည် သူ့ကိုယ်သူ အပြစ်တင်လျက် ပြောသည်။

“ကိုယ် အရက်ခွက် အတော်များများ သောက်မိပြီး ကိုယ့်စိတ်တွေက မရှင်းတော့ဘူး၊ ကျောက်ကျောက် မကြောက်နဲ့နော်”

“ကျွန်မ မကြောက်ပါဘူး” ကျီကျောက်သည် သူမ ခေါင်းအား အလျင်အမြန် ခါပြလိုက်သည်။

သူမနှင့် ရှန်းယောင်တို့သည် အလွန်ချစ်ခင်ကြသည့် စုံတွဲဖြစ်တာကြောင့် ဒီလိုအရာမျိုးမှာ သဘာ၀အတိုင်း ဖြစ်သည်။

ထို့အပြင် သူတို့နှစ်ယောက်ကြားတွင် ချစ်ရေးချစ်ရာ ကိစ္စရပ်များအား လုပ်ခဲ့ဖူးကြသည်။ ဒါ့အပြင် အရက်မူးနေသည့် ရှန်းယောင်မှာ အလွန်ချစ်စရာကောင်းသည်ဟု သူမ ခံစားရသည်။

သူမ မကြောက်ပါ၊ အနည်းငယ် ရှက်ရွံမိရုံသာ ရှိသည်။

ရှန်းယောင်သည် သူမ မည်သည့်အရာအား တွေးနေသည်ကို မသိပေ။ သူအမူးပြေသွားသည့်နောက် သူမ၏ မျက်ရည်များ ဝဲတက်နေသည့် အမူအရာအား မြင်လိုက်ရသဖြင့် သူ့နှလုံးသားမှာ ပူပန်သွားရသည်။

“စောစော အိပ်တော့နော်” ရှန်းယောင်သည် သူမ နှဖူးလေးအား အနမ်းပေးလိုက်ကာ အသံတိုးတိုးဖြင့် ရှင်းပြသည်။

“ကိုယ် အရင်ထွက်နှင့်လိုက်မယ်”

သူ့ခန္ဓာကိုယ်မှ အပူများအား ရေအေးဖြင့် ဖိနှိပ်ရပေမည်။

ကျီကျောက်သည် နာခံစွာ ခေါင်းညိမ့်ပြသည်။ သူ ထွက်သွားပြီးနောက် သူမသည် စောင်အပါး တစ်ထည်အား ချက်ချင်း ဆွဲယူလိုက်ကာ သူမ ခေါင်းအား ဖုံးအုပ်လိုက်သည်။

ဒီနေ့ညက အရမ်း ရှက်ဖို့ကောင်းတာပဲ။

မနက်စောစောတွင် ကျီကျောက်သည် မီးဖိုချောင်ထဲသို့သွားကာ ပဲနီယာဂုအိုးကြီး တစ်အိုးအား ချက်လိုက်သည်။

မနေ့က ရှန်းတစ်မိသားစုလုံး အလွန်အကျွံ သောက်ခဲ့ကြတာကြောင့် ကျီကျောက်သည် အစာအိမ်အား အာဟာရပြုနိုင်သည့် ပဲနီယာဂုစွပ်ပြုတ်အား အထူးအလည် ချက်ပြုတ်ရင်း ကြက်သားခေါက်ဆွဲ အိုးကြီး တစ်အိုးလည်း လုပ်ခဲ့သည်။

ကျောက်လန်ဟွာသည် မီးဖိုချောင်ထဲသို့ ၀င်လာသည့်အခါ ကျီကျောက်သည် ပဲနီယာဂုအား ချက်ပြုတ်ပြီးဖြစ်သည်။

“ကလေး ဘာလို့ ထပ်မအိပ်တာလဲကွယ်” ကျောက်လန်ဟွာက စိတ်ပူသွားသည်။

“ အခုက ဆောင်းဦးအစောပိုင်း ရောက်နေပြီလေ၊ သမီး အ၀တ်အစားထူထူ ဘာလို့ မ၀တ်တာလဲ၊ အအေးမိရင် ဘယ်လိုလုပ်မလဲကွယ်”

“ အမေ သမီး မချမ်းပါဘူး” ကျီကျောက်သည် တောက်ပသည့် အပြုံးလေးဖြင့် ပြောသည်။

“ အမေ သမီးကြက်စွပ်ပြုတ် လုပ်ထားတယ် ပူနေတုန်းလေး မြန်မြန်စားကြည့်ပါဦး”

ကျောက်လန်ဟွာသည် အလျင်အမြန် ခေါင်းညိမ့်ပြသည်။

“ခဏနေရင် စားပါ့မယ်ကွယ်၊ အာ့ထောင် သမီး အခန်းထဲ ပြန်အိပ်ပါဦးကွယ်၊ သမီးနဲ့ စန်းလန်တို့ သိပ်မကြာခင် မြို့တော်ကို အမြန်ခရီးနှင်ရဦးမယ်မလား”

“ဟုတ်ကဲ့ အချိန်ရှိပါသေးတယ် အမေ”

ကျီကျောက် အခန်းထဲသို့ ပြန်လာချိန်တွင် ရှန်းယောင်လည်း နိုးနှင့်နေသည်။

“ရှင် နိုးပြီလား”

“ကျောက်ကျောက်” ရှန်းယောင်သည် လက်ဝှေ့ယမ်းပြသည်။

ကျီကျောက်သည် တုံ့ဆိုင်းမှု မရှိဘဲ သူ့ဆီသို့ လျှောက်သွားသည်။

“ဘာဖြစ်လို့လဲ”

ရှန်းယောင်သည် ဘာမှမပြောလာဘဲ သူမအား တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားကာ မလွှတ်ပေးခဲ့ပေ။

မနေ့ညက ရှန်းယောင် အိမ်မက်မက်ခဲ့သည်။

အိမ်မက်ထဲတွင် အရင်နှစ် ခြောက်လပိုင်းက တောင်ပေါ်မှ လှိမ့်ကျပြီးနောက် ကျီကျောက် ပျောက်သွားခဲ့သည်။ ထို့နောက် ရှန်းမိသားစုတွင် အပြောင်းအလဲများ အဆက်မပြတ် ဖြစ်ပျက်ခဲ့ပြီး သူသည် တာ့ကျင်းမင်းဆက်၏ အမတ်ချုပ်ကြီး ဖြစ်လာခဲ့သည်။

ကံမကောင်းစွာဖြင့် သူသည် တိကျပြတ်သားကာ မာကြောသည့် အမတ်ချုပ်တစ်ဦး ဖြစ်လာသော်ငြား ကျောက်ကျောက်မှာ သူ့ဘေးတွင် မရှိပေ။

ဒီလိုဘ၀မျိုးမှာ ရှန်းယောင် လိုချင်သည့် ဘ၀မျိုး မဟုတ်ပေ။

ဒီမနက် သူ့မျက်လုံးအား ဖွင့်လိုက်ချိန်တွင် သူ့ဘေးရှိ အိပ်ယာမှာ အေးစက်နေသည်။

ထိုအချိန်ခိုက်တွင် ရှန်းယောင်သည် သူ့ကိုယ်ထဲမှ သွေးများ အေးခဲသွားသလို ခံစားခဲ့ရသည်။ သူသည် ရေခဲအိမ်ထဲသို့ ပြုတ်ကျသွားသလို ခံစားရသည်။

ကျီကျောက် သူ့ဆီသို့ အပြုံးလေးဖြင့် လျှောက်လာသည့်အခါမှသာ သူ အသိပြန်၀င်လာခဲ့သည်။

ရှန်းယောင်၏ ‌ပွေ့ဖက်ထားမှုမှာ ပိုပို၍ တင်းကြပ်လာသဖြင့် ကျီကျောက် မသက်မသာ ချောင်းဆိုးလိုက်မိသည်။

“ ရှန်းယောင် ရှင် ကျွန်မကို ဒီလောက် တင်းနေအောင် ဖက်ထားတာ နဲနဲ နာတယ်ရှင့်”

ထိုစကားအား ကြားသဖြင့် ရှန်းယောင်သည် အလျင်အမြန် လွှတ်ပေးလိုက်ပေမဲ့ သူ့နှလုံးသားမှာ ပူဆွေးနေသည်။

“ကိုယ့်အမှားပါ”

“ ရှန်းယောင်” ကျီကျောက်သည် သူ့မျက်လုံးများအား စိုက်ကြည့်ကာ တိုးတိုးလေး ပြောသည်။

“ဘာဖြစ်လို့လဲရှင်”

ထိုအခိုက်အတန့်တွင် ရှန်းယောင်ကြည့်ရတာ စိတ်ဓာတ်ကျနေပုံပေါ်သဖြင့် ကျီကျောက် စိတ်ပူသွားမိသည်။

“ကိုယ် အဆင်ပြေပါတယ်” ရှန်းယောင်သည် အတင်းပြုံးပြလိုက်သည်။

“ကိုယ် အိမ်မက်ဆိုး မက်ခဲ့လို့ပါ၊ ပြီးတော့ ကိုယ် မျက်စိပွင့်လာတဲ့အချိန်မှာ မင်းကို မတွေ့ရတာကြောင့် ကိုယ့်အတွေးတွေ ခဏလောက် လွတ်သွားတယ်”

ကျီကျောက်က ခပ်ဖြေးဖြေး ခေါင်းညိမ့်ပြလိုက်ပြီးနောက် မထင်မှတ်စွာဖြင့် သူ့နှုတ်ခမ်းအား နမ်းလိုက်သည်။

“ကျွန်မ မထွက်သွားပါဘူး၊ ရှင့်ရဲ့ အတွေးတွေကို ရပ်လိုက်တော့၊ လိမ္မာပါ မျက်နှာသစ်ပြီး ယာဂုစားလိုက်ဦးနော်”

“ဟုတ်ပါပြီ”

သူ့နှုတ်ခမ်းဆီမှ အနွေးဓာတ်သည် နောက်ဆုံးတွင် ရှန်းယောင်အား သတိပြန်၀င်လာသည်။

မွှေးကြိုင်ပြီး အရသာရှိလှသည့် ပဲနီယာဂုအား သုံးဆောင်ပြီးနောက် ရှန်းယောင်သည် ကျီကျောက်အား မြို့တော်ဆီသို့ ပြန်ခေါ်သွားရန် ပြင်ဆင်သည်။

ကျောက်လန်ဟွာသည် ကျီကျောက် လက်ဖဝါးထဲသို့ တိတ်တဆိတ် ငွေအသပြာအိတ်အား ထည့်ပေးကာ အလေးအနက်ပြောသည်။

“ အမေ စီးပွားရေးအကြောင်း ဘာမှမသိပေမဲ့လဲ အမေသိတာတော့ သမီးလက်ထဲမှာ ငွေသာရှိနေရင် စိတ်ပူစရာမလိုဘူး”

“ အမေ တကယ် မလိုပါဘူး၊ သမီးတို့မှာ ရှိပါသေးတယ်”

“ သမီးတို့ ခြံဝင်းလဲ ၀ယ်ခဲ့တယ်၊ စားသောက်ဆိုင်လဲ ဖွင့်ခဲ့တယ်၊ ငွေ ဘယ်လောက်များ သမီးတို့လက်ထဲ ကျန်မှာမလို့လဲ” ကျောက်လန်ဟွာက ဒေါသတကြီး‌ ပြောသည်။

“ အမေ လိုရင်းပဲ ပြောတော့မယ်။ ဒီငွေကို သိမ်းထားလိုက်ပါ၊ သမီးရဲ့ မရီးနှစ်ယောက်လဲ ဒီအကြောင်းကို သိကြတယ်”

နောက်တစ်ခေါက် သူတို့တွေ့ကြမည့် အချိန်မှာ နှစ်သစ်ကူးမှသာ ဖြစ်ကောင်းဖြစ်နိုင်သည်။

ကျောက်လန်ဟွာသည် ဒီလင်မယားအား မြို့တော်သို့ အတူလိုက်ပို့ပေးချင်ပေမဲ့ အိမ်မှာလည်း ကြီးမားလှသည့် ကိစ္စရပ်များ ရှိသေးသဖြင့် သူမ ချန်ထားခဲ့ရန် မလုပ်နိုင်ပေ။

ဒီအသပြာငွေအိတ်အား မငြင်းနိုင်ကြောင်း ကျီကျောက်သိသွားသည့်အခါ လက်ခံလိုက်ရသည်။

သို့ပေမဲ့ သူမသည် ဖန်မိသားစု ဆုံးဖြတ်ထားသည့် အခမ်းအနားပွဲအတွက် စဉ်းစားပြီးဖြစ်သည်။

ရထားလုံးထဲတွင် ကျီကျောက်သည် ရှန်းယောင်ပုခုံးပေါ်သို့ မှီလိုက်ပြီး သူမ မျက်လုံးများအား အနားယူရန် မှိတ်လိုက်သည်။ မကြာခင်မှာဘဲ သူမ အိပ်ပျော်သွားတော့သည်။

သူမသည် ဒီမနက်စောစောတွင် ထခဲ့တာကြောင့် အခု သူမ၏ အိပ်ချင်စိတ်အား မထိန်းနိုင်ခဲ့ပေ။

ကိုးလပိုင်း ဆယ့်ရှစ်ရက်မြောက်နေ့တွင် ကျီကျောက်သည် မနက်စောစောတွင် ချွင်းဖုန့်စားသောက်ဆိုင်သို့ ပြန်ရောက်လာခဲ့သည်။

ဖန်မိသားစု၏ ပွဲအခမ်းအနားမှာ ဒီနေ့ နေ့လယ်ခင်းအချိန်တွင် ဖြစ်သည်။ ထို့ကြောင့် သူမ အစားအသောက်စာရင်းနှင့် ပွဲအခမ်းအနား ပုံစံအား ဖြစ်နိုင်သမျှ မြန်မြန် ဆုံးဖြတ်ခဲ့သည်။

“ အရာရှိဖန်က သခင်မလေးဖန်ကို လူချမ်းသာမိသားစုနဲ့ လက်ထပ်ပေးချင်တာလို့ ကျွန်တော်ကြားခဲ့တယ်၊ ဒါကြောင့် ဒီနေ့ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေက ရာထူးမြင့် နောက်ခံရှိတဲ့ သူတွေပါပဲ၊ ကြည့်ရသလောက်တော့ ဒီထိမ်းမြားလက်ထပ်ပွဲကို တစ်ခါတည်းနဲ့ ဖြစ်မြောက်စေချင်တယ် ထင်တယ်” ဆိုင်ရှင်ချန်သည် သူကြားခဲ့ရသည့် အတင်းအဖျင်းများအား အလျင်အမြန် ပြောပြသည်။

“လက်ထပ်ပွဲလား… ဘယ်သူနဲ့လဲ” ကျီကျောက်သည် စပ်စုလိုစိတ်ဖြင့် မေးသည်။

“ ကျန်းအိမ်တော်က ဒုတိယသခင်လေးနဲ့ပါ” ဆိုင်ရှင်ချန်သည် အလျင်အမြန် ပြောသည်။

“ အရာရှိကျန်းလား” ကျီကျောက်သည် အလေးအနက် တွေးလိုက်မိသည်။ ယွင်ချွမ်မြို့တော်ရဲ့ အုပ်ချုပ်ရေးမှူးနာမည်မှာ ကျန်းဟွေ့ဟု ရှန်းယောင်ပြောဖူးသည်အား ကြားခဲ့ရသည်။

“ဆိုင်ရှင်ချန်ပြောတဲ့ အရာရှိကျန်းဆိုတာ ယွင်ချွမ်မြို့တော် အုပ်ချုပ်ရေးမှူးကိုပြောတာလား”

ယွင်ချွမ်မြို့တော်သည် လူဦးရေ ထူထပ်လှသည့် မြို့တော်အကြီး တစ်ခုဖြစ်သလို မြို့တော်ရှိ အရာရှိများမှာ ပို၍ပင် ရှုပ်ထွေးလှသည်။

ယွင်ချွမ်မြို့တော်၏ ရာထူးအကြီး‌ဆုံး ပုဂ္ဂိုလ်များမှာ အုပ်ချုပ်ရေးမှူးချန်ပြီးလျှင် အုပ်ချုပ်ရေးမှူး ကျိန်းဖြစ်သည်။

အတိုချုပ်ပြောရလျှင် ဒီလူများမှာ ကျီကျောက် ရန်မစသင့်သည့် ပုဂ္ဂိုလ်ကြီးများ ဖြစ်သည်။

ဖန်မိသားစုသည် ဗဟိုအကျဉ်းထောင်၏ ဦးစီးမှူးအဆင့်သာရှိသည်။ အရာရှိချန်သာ သူ၏ တစ်ဦးတည်းသော သမီးလေးကို အုပ်ချုပ်‌ရေးမှူး၏ သားဖြစ်သူနှင့် လက်ဆက်ပေးလိုလျှင် ဒီလက်ထပ်ပွဲမှာ အမှန်ကိုပင် သူ့အဆင့်အတန်းထက် ကျော်လွန်လှသည်။

ပြီးတော့ တာ့ကျင်းမင်းဆက်သည် သိသာရှင်းလင်းသည့် ရာထူးအဆင့်တန်းများ ရှိသည်။ မိသားစုနှစ်ဖက်လုံးသည် လက်ထပ်ထိမ်းမြားရန် ရာထူးအဆင့်တန်းအရ လိုက်ဖက်ညီမှု ရှိရမည်။

အုပ်ချုပ်ရေးမှူးကျန်း၏ ရာထူးအဆင့်တန်းမှာ အရာရှိဖန်၏ ရာထူးထက် ပိုမြင့်တာကြောင့် ဒီလက်ထပ်ပွဲမှာ ဖန်မိသားစု၏ အဆင့်အတန်းထက် ကျော်လွန်နေပေမဲ့လည်း အောင်သွယ်တော်ကသာ သခင်မကြီးချင်ဖြစ်ပါက မတူညီသည့် ဇာတ်လမ်းတစ်ပုဒ် ဖြစ်သည်။

ထို့အပြင် သခင်မကြီးချင်သည် ချင်မိသားစု၀င် တစ်ယောက်ပင်မဟုတ်ပဲ မြို့တော် အုပ်ချုပ်ရေးမှူး၏ ညီမအရင်းလဲ ဖြစ်သည်။

ဖန်မိသားစုမှ ဒီလက်ထပ်ထိမ်းမြားမှုအား အလွန်တန်ဖိုးထားသည်မှာ အံ့ဩစရာ မရှိပေ။

ခေတ်သစ်ချိန်းတွေ့မှုများ၊ လက်ထပ်ထိမ်းမြားမှုများနှင့် ယှဉ်လျှင် တာ့ကျင်းမင်းဆက်တွင် ဒီလို စိတ်ကြိုက်လက်ထပ်ထိမ်းမြားမှုများမှာ အတော်လေး အကူအညီမဲ့သည်။ သို့ပေမဲ့ အချိန်က အခြေအနေကို ဖန်တီးသည်။ ဒါ့အပြင် အရင်ခေတ်များကတည်းက မသိသည့်သူနှစ်ယောက် ချိန်းဆိုမှုပြုကာ လက်ထပ်ထိမ်းမြားမှု ပြုလုပ်ကြခြင်းမှာ မရှားလှပေ။

“ကျွန်မ နားလည်ပါပြီ” ကျီကျောက်သည် ‌၀မ်းမြောက်စွာ ပြုံးပြလိုက်သည်။

“ အတိုချုပ်ပြောရရင် ဒီလက်ထပ်ပွဲက အထူးတလည် အရေးကြီးတာကြောင့် ဒီနေ့ ပွဲကိုလာတဲ့ ဧည့်သည်တော်တိုင်း စိတ်ကျေနပ်မှုရှိစေရမှာပေါ့”

“ဟုတ်တယ်” ဆိုင်ရှင်ချန်သည် လေးလံစွာ ခေါင်းညိမ့်ပြသည်။

ကျီကျောက်သည် ထိုအရာအား ‌အလေးအနက် တွေးလိုက်ပြီး ဟင်းလျာ ဆယ်မျိုး ပြုလုပ်ရန် ဆုံးဖြတ်လိုက်သည်။

အရေအတွက်ပမာဏအရ ပြီးပြည့်စုံမှု ရှိခြင်းကို ဆိုလိုသည်။

အအေးဟင်း‌လျာ သုံးပွဲ၊ ဟင်းပူပူလေးပွဲ၊ အရည်သောက်တစ်ခွက်၊ မုန့်အချိုနှင့် အသီးများ၊ အတိအကျပင် ဟင်းလျာ ဆယ်မျိုး ဖြစ်သည်။

ဖန်မိသားစု၏ အိမ်တော်ထိန်းခေါင်းဆောင်မှာ လူတွေအား အထင်သေးပုံပေါ်သော်ငြား သူ ထပ်ခါထပ်ခါ မှာကြားသည့်အရာများမှာ ကျီကျောက်အတွက် အသုံး၀င်လှသည်။

***

All Chapters