← Chapters

လက်ဆောင်။

Vol. 23 Ch. 332

လက်ဆောင်။

Vol. 23 Ch. 332

သခင်မကြီးဖန်က ကြက်သွန်မြိတ် မကြိုက်ဘူး။ မိန်းကလေးဖန်က ချိုတဲ့ အရသာများအား ပိုကြိုက်နှစ်သက်သည်။

သခင်မကြီးကျန်းက သိုးသားစားရတာကြိုက်ပေမဲ့ မိန်းကလေးကျန်းကတော့ အစားရွေးသည်။

ဧည့်သည်တော်များ၏ အစားအသောက် အလေ့အကျင့်များမှာ စားဖိုမှူးတစ်ယောက် အတွက် အလွန်အရေးပါသည်။

ကျီကျောက်သည် လိုအပ်ချက်များအား ဖတ်ရှုပြီးသည့်နောက် နောက်ဆုံးတွင် အစားအသောက် စာရင်းအား နိဂုံးချုပ်လိုက်သည်။

နေ့လယ်ခင်းအချိန် နီးကပ်လာသောအခါ ရထားလုံး သုံးလုံးမှာ ချွင်းဖုန့်စားသောက်ဆိုင် အပြင်ဖက်တွင် ရပ်တန့်ကြသည်။

ကျီကျောက်သည် ချက်ချင်း အလျင်အမြန် အရှေ့သို့ လျှောက်သွားကာ အပြုံးလေးဖြင့် နှုတ်ဆက်လိုက်သည်။ အထိန်းတော်ဝူ၏ အကူအညီဖြင့် သခင်မကြီးချင်သည် ရထားလုံးထဲမှ ကိုယ်ကိုင်းပြီး ထွက်လာသည်။

“ချွင်းဖုန့်စားသောက်ဆိုင်တဲ့လား” သခင်မကြီးချင်သည် တောက်ပစွာ ပြုံးပြနေသည့် ကျီကျောက်အား ဖျတ်ခနဲ ကြည့်ကာ မေးလိုက်မိသည်။

“အာ့ထောင် မင်း ဘာလို့ ဒီနာမည်ကို ရွေးလိုက်တာလဲကွယ့်”

“ သခင်မကြီး ကျွန်မ ချွင်းဖုန့်စားသောက်ဆိုင်လို့ အမည်ပေးထားရတဲ့ အကြောင်းရင်းကတော့ စားသောက်ဆိုင်ကို လာစားသောက်တဲ့သူတိုင်း နွေဦးလေပြေကဲ့သို့ သက်တောင့်သက်သာ ခံစားရစေဖို့ မျှော်လင့်လို့ပါရှင့်” ကျီကျောက်သည် အပြုံးလေးဖြင့် ရှင်းပြသည်။

“တို့ သိပြီ” သခင်မကြီးချင်သည် ပြုံးလိုက်ကာ အထိန်းတော်ဝူအား ခေါင်းညိမ့်ပြသည်။

အထိန်းတော်ဝူသည် ချက်ချင်းပင် အနက်ရောင် ဘရိုကိတ်ထည်ဘူးကို ကျီကျောက်အား လှမ်းပေးလာသည်။

“ဒါက…..”

“ မင်း အရင်တစ်ခေါက် စားသောက်ဆိုင် ဖွင့်တဲ့အချိန်တုန်းက ဂုဏ်ပြုလက်ဆောင်အတွက် တို့ ပြင်ဆင်ဖို့ အချိန်မရလိုက်ဘူး၊ ဒီနေ့တော့ တို့လည်း အားနေတာနဲ့ ပြင်ဆင်လာဖြစ်တာလေ” သခင်မကြီးချင်သည် အပြုံးဖြင့် ရှင်းပြသည်။

“ကလေးမ ဒီမှာ ရပ်မနေနဲ့လေ၊ ဖွင့်ကြည့်ကြည့်ပါဦး”

ကျီကျောက်သည် ထိုဘရိုကိတ်ထည်ဘူး အထူအား ဖွင့်ကြည့်လိုက်သည့်အခါ အထဲတွင် ကျောက်စိမ်းဂေါ်ဖီပုံ အဆင်တန်ဆာတစ်ခု ပါသည်အား တွေ့လိုက်ရသည်။

တောက်ပသည့် ကျောက်စိမ်းဂေါ်ဖီထုပ်အား အထင်အရှား ထွင်းထုထားသည်။

ဂေါ်ဖီထုပ်သည် ကြွယ်၀ချမ်းသာမှုအား ဆိုလိုသည့် အဓိပ္ပါယ်ကောင်းဆောင်ပေသည်။

ကျီကျောက်သည် တောက်ပစွာ ပြုံးလိုက်ကာ လက်ဆောင်အား လက်ခံလိုက်သည်။

“ကျေးဇူးတင်ပါတယ် သခင်မ”

“ကလေးမ ဒီတိုင်း ရပ်မနေနဲ့လေ”

ဒီအဖြစ်အပျက်အား အဝေးမှမြင်သည့်အခါ သခင်မဖန်သည် နောက်ဆုံးတော့ ပထမသခင်မသည် ဒီလို နာမည်မရှိသည့် စားသောက်ဆိုင်သို့ လာရောက်စားသုံးရန် တောင်းဆိုသည့် အကြောင်းရင်းအား နားလည်သွားသည်။

“ သခင်မတို့ ၀င်ပါရှင့်” ကျီကျောက်သည် သခင်မကြီးချင်အား စိတ်ရင်းအမှန်ဖြင့် ကျေးဇူးတင်လိုက်မိသည်။ သူမအား အလွန်ဈေးကြီးလှသည့် ဂုဏ်ပြုလက်ဆောင်အား ဒီတစ်ခေါက် ပေးအပ်လာရခြင်းမှာ သူမကို ‌ထောက်ပံ့ပေးရန် ဖြစ်သည်။

ကျီကျောက်သည် သခင်မများအား ဒုတိယထပ်ရှိ နွေကြာပန်းအခန်းထဲသို့ ခေါ်ဆောင်သွားသည်။

သခင်မကြီးချင်မှ ဦးဆောင်၍ အထဲသို့ လျှောက်လာသည်။

“ဒီအခန်းထဲက မွှေးရနံ့လေးက ခေါင်ရန်းပန်းနံ့လေးသင်းနေတာပဲနော်” သခင်မကြီးချင်သည် လေထဲမှ ကျက်သရေရှိလှသည့် မွှေးရနံ့လေးအား ရှူရှိုက်လိုက်ကာ မေးလိုက်သည်။

“ဆောင်းဦးတောင် ရောက်နေပြီကို ခေါင်ရန်းပန်းတွေ ရှိသေးတာလား”

“ သခင်မကတော့ အံ့ဩစရာကောင်းလှပါတယ်” ကျီကျောက်သည် ပြုံးပြီး ချီးကျူးလိုက်သည်။

“ဒီသီးသန့်အခန်းလေးရဲ့ သင်္ကေတပုံစံလေးက နွေကြာပန်းလေးပါရှင့်၊ လေထဲမှာ ခေါင်းရန်းပန်းရနံ့လေးတွေ ပြည့်နှက်နေတာက ဟိုးက စားပွဲပေါ်မှာ တင်ထားတဲ့ အမွှေးနံ့သာတိုင်ကြောင့်ပါ”

“တို့ သိပြီ” သခင်မကြီးချင်သည် နားလည်သွားသလို ပြုံးလိုက်သည်။

“တွေးခေါ်ဆင်ခြင်တတ်ပါပေတယ်”

သခင်မချင်သည် ခေါင်ရမ်းပန်းမွှေးရနံ့အား မြတ်နိုးတာကြောင့် သူမသည် ကျီကျောက်၏ စီစဉ်မှုများကို သဘောကျကျေနပ်သည်။

“ခဏလောက် စောင့်ပေးပါနော် သခင်မတို့” ကျီကျောက်သည် နွေးထွေးစွာအပြုံးဖြင့် ပြောသည်။

“ဆယ့်ငါးမိနစ်အတွင်းမှာ အခမ်းအနားစပါမယ်ရှင့်”

ကျီကျောက် ထွက်သွားသည်နှင့် သခင်မဖန်နောက်မှ တိတ်တဆိတ် လိုက်လာသည့် အကြီးဆုံးသခင်မလေးဖန်သည် သူမ အမေ၏ ၀တ်ရုံလက်စအား မပျော်မရွှင် ဆွဲလိုက်သည်။

“ အမေ…. ထျန်ရှန်းစားသောက်ဆိုင်မှာ ဘာလို့ စားပွဲ မစီစဉ်တာလဲ၊ ဒီချွင်းဖုန့်စားသောက်ဆိုင်က နာမည်မှ မရှိတာ အန်တီကျန်းက မကြိုက်လောက်ဘူးနော်”

သခင်မဖန်သည် အလျင်အမြန် သူမ သမီးအား တစ်ချက်ကြည့်လိုက်ပြီးနောက် မျက်နှာသေဖြင့် ဆူပူကြိမ်းမောင်း လိုက်သည်။

“ မင်းတို့ကလေးတွေ ဘာမှ မသိပါဘူး”

“ အမေ…..” ဖန်ရှုယွမ်သည် နစ်နာသလို ခြေဆောင့်လိုက်သည်။ သူမ ကြားရသလောက် ချွင်းဖုန့်စားသောက်ဆိုင်ရှင်နှင့် သူမ သူငယ်ချင်းကောင်း လုဟုန်ရှန်တို့မှာ အငြင်းပွားမှုတချို့ ရှိသည်။

အခု သူမမိသားစုမှာ ချွင်းဖုန့်စားသောက်ဆိုင်သို့ မျက်နှာသာပေးသဖြင့် ဒီကိစ္စပေါက်ကြားလျှင် ဟုန်ရှန်မှာ သေချာပေါက် မပျော်မရွှင် ဖြစ်ပေလိမ့်မည်။

“မျက်တောင်တခတ်မှာဘဲ ရှုယွမ်က မိန်းကလေးငယ်လေးအဖြစ် ကြီးပြင်းလာပါရောလား”

“ရှုယွမ်မွေးတဲ့အချိန်တုန်းက ရှင့်ဆီ လာလည်ခဲ့တာကို တို့ မှတ်မိပါသေးရဲ့ရှင်”

“ဟုတ်ကဲ့ပါ” သခင်မဖန်သည် အလျင်အမြန် ပြန်ဖြေသည်။ သူမ နှလုံးသားထဲတွင် ခံစားချက်မျိုးစုံ ပြည့်နေသည်။

“အဲ့အချိန်တုန်းက ဆောင်းတွင်းကြီးလေ၊ သခင်မသာ အချိန်မှီမကူညီပေးခဲ့ရင် အဲ့ဒီဆောင်းတွင်းထဲက ကျွန်မအသက်ရှိပါသေးပါ့မလားတောင် စိတ်ပူမိပါရဲ့ရှင်”

လွန်ခဲ့တဲ့ဆယ့်ခုနှစ်နှစ်တုန်းက ဖြောင့်မတ်လှသည့် သခင်ကြီးဖန်သည် နန်းတွင်းထဲသို့ ၀င်ရောက်ကာ လူအများအား စိတ်အနှောင့်အယှက်ဖြစ်စေခဲ့သည်။ ချင်မိသားစု၏ အကူအညီကြောင့်သာ မဟုတ်ခဲ့ရင် ဖန်မိသားစုမှာ အချိန်ကြာကြာ တည်ရှိနေမည်မဟုတ်ပေ။

အရင်တုန်းကဖြစ်ခဲ့သည့် ကိစ္စများအား ပြန်တွေးမိသွားသဖြင့် သခင်မဖန်သည် ပို၍ အပြစ်ရှိစိတ် ခံစားရသည်။

“ အရင်သခင်မက နာမကျန်းမှုကြောင့် ကွယ်လွန်သွားထဲက ကျွန်မသာ ချင်အိမ်တော်ကို လာရောက်လည်ပတ်မိရင် သခင်မကို အနှောင့်ယှက်ဖြစ်စေမှာ စိုးရိမ်မိလို့လေ၊ ဒီနှစ်တွေအားလုံးမှာ သခင်မကို လာမတွေ့နိုင်ခဲ့ပါဘူး၊ အခု… ရှုယွမ်ရဲ့ လက်ထပ်ပွဲကိစ္စအတွက်သာ မဟုတ်ရင် သခင်မကို ဘယ်မျက်နှာနဲ့ တွေ့ရမလဲ မသိပါဘူးရှင်”

သခင်မချင်သည် သခင်မဖန်မှာ အလွန်ရိုးသားလိမ့်မည်ဟု မထင်ထားပေ။

အရင်တုန်းက သူမ သခင်မဖန်နှင့် အဆက်အဆံရှိခဲ့ဖူးပေမဲ့ ဖန်ယွမ်သည် လူတွေ၏ အာဏာ‌အပေါ် တန်ဖိုးဖြတ်လေ့ ရှိတာကြောင့် အရင်သခင်မချင် ကွယ်လွန်သွားပြီး ချင်ရှန်းလည်း ပျောက်ဆုံးသွားသဖြင့် ဖန်ယွမ်သည် သူမကိုယ်သူမ ချင်မိသားစုနှင့် စည်းခြားလိုက်ကာ လုမိသားစုနှင့် ပိုနီးကပ်လာသည်။

ထို့အပြင် အထွေထွေ တရားသူကြီးမင်းလုသည် စွင်းမိသားစု အကြီးဆုံးသား၏ တပည့် ဖြစ်သည်။

ဆိုရိုးစကားအရ ရေသည် အောက်ခြေမှ စီးဆင်းသလို လူတွေက အမြင့်မှန်းတတ်ကြသည်။ ဖန်မိသားစု၏ ဤကဲ့သို့ လုပ်ရပ်မှာ အံ့ဩစရာ မရှိပေ။

ဒီအချိန်တွင်တော့ သခင်မဖန်မှ သခင်မချင်အား တောင်းပန်ရသည့် အကြောင်းရင်းမှာ သခင်မကြီးချင်နှင့် သခင်ကျန်းတို့မှာ နှစ်များစွာ နီးနီးကပ်ကပ် ရှိခဲ့ကြခြင်းကြောင့် ဖြစ်သည်။ သခင်မချင်ကသာ ဖန်ရှုယွမ်အတွက် စကားကောင်းပြောပေးလျှင် ဖန်မိသားစုနှင့် ကျန်းမိသားစုကြားမှာ လက်ထပ်ပွဲမှာ အနည်းဆုံး ၃၀ ရာခိုင်နှုန်း တိုးတက်မှု ရှိလာပေမည်။

“ အရမ်း အလေးအနက် ထားလွန်းနေပါပြီ” သူမ၏ စိတ်ရင်းအမှန်ဖြင့် တောင်းပန်စကားအား ကြားလိုက်ရသဖြင့် သခင်မကြီးချင်သည် ညင်သာစွာ ပြုံး၍ ပြောသည်။

“ဒီနှစ်တွေအတွင်းမှာ တို့ လူတွေရဲ့ ဝေးရာမှာ သီးသန့်နေခဲ့တာလေ၊ ရှင် ချင်မိသားစုကို လာတွေ့ရင်တောင် တို့ကို တွေ့ရမှာ မဟုတ်မှာကို စိတ်ပူပါရဲ့ရှင်”

သခင်မကြီးချင်၏ အကြည့်သည် ဖန်ရှုယွမ်မျက်နှာပေါ်သို့ ကျရောက်သွားပြီး ပြုံးလိုက်ကာ ခေါင်းညိမ့်ပြသည်။

“ဘယ်လိုပဲပြောပါစေ တို့ မင်းနဲ့ ပထမဆုံး တွေ့ဖူးတာပဲ”

သူမနောက်တွင် ရပ်နေသည့် အထိန်းတော်ဝူသည် သူမ သခင်မ၏ မျက်လုံးများထဲမှ အကြည့်အား နားလည်သွားပြီး ဖန်ရှုယွမ်ဆီသို့ ဘရိုကိတ်ထည်ဘူး တစ်ဘူး အမြန် ကမ်းပေးလိုက်သည်။

“ပြီးတော့ ဒါက…..”

“နှုတ်ဆက်လက်ဆောင်ပါကွယ်” သခင်မချင်သည် ညင်သာစွာ ပြုံးပြလိုက်သည်။

“ သမီးကြိုက်တယ်ဆို ဖွင့်ပြီး ကြည့်ကြည့်လိုက်ပါဦးကွယ်”

ဖန်ရှုယွမ်သည် ဘရိုကိတ်ထည်ဘူးအား မစောင့်နိုင်စွာ ဖွင့်လိုက်သည်။ မြစိမ်းရောင် ကျောက်စိမ်းဆွဲပြားအား မြင်လိုက်ရသဖြင့် သူမ မျက်လုံးများထဲတွင် အလိုမကျမှုများ ဖြတ်ပြေးသွားသည်။

“ အန်တီ…. ဒီမြစိမ်းရောင် ကျောက်စိမ်းဆွဲပြားက ခုနက ကျောက်စိမ်းဂေါ်ဖီထုပ်ကို လုပ်ထားတဲ့ ကျောက်စိမ်းအကျန်တွေနဲ့ လုပ်ထားတာတော့ မဟုတ်ဘူးမလား၊ အန်တီ့ရဲ့ နှုတ်ဆက်လက်ဆောင်က နဲနဲဈေးပေါတယ်နော်၊ အန်တီက ဒီဆိုင်ပိုင်ရှင် အမျိုးသမီးကိုကျ အရမ်းကောင်းပြီးတော့ ကိုယ့်တူမလေးအပေါ်ကျ အရမ်းတွန့်တိုမနေဘူးလားရှင့်”

“ရှုယွမ်” သခင်မဖန်သည် သူမ သမီးမှ အလွန် တည့်တိုးဆန်စွာ ပြောလိမ့်မည်ဟု မမျှော်လင့်ထားမိပေ။ သူမက တကယ်ကြီး သခင်မကြီးချင်ကို ဝေဖန်ပြောဆိုလိုက်တာပဲ။

“ မင်းကို ဒီလိုပြောခွင့် ဘယ်သူက ပေးလို့လဲ”

သခင်မချင်သည် ဒီဖန်မိသားစု၏ မိန်းကလေးငယ်ဆီမှ ရိုင်းစိုင်းလှသည့် စကားမျိုး ပြောထွက်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူမ အနည်းငယ် စိတ်ပျက်မိသွားသဖြင့် သူမ၏ မျက်နှာပေါ်မှ အပြုံးမှာ မှေးမှိန်သွားသည်။

“ အမေ သမီးက အမှန်တိုင်းပြောတာလေ” ဖန်ရှုယွမ်သည် နစ်နာသလို မျက်မှောင်ကြုတ်လိုက်သည်။

“ အစ်မဟုန်ရှန် ပြောတာက ဒီချွင်းဖုန့်စားသောက်ဆိုင်ရှင်က လုံး၀ လူကောင်း မဟုတ်ဘူးတဲ့၊ ဒါပေမယ့် အမေက အန်တီရဲ့ စီမံခန့်ခွဲမှုကို နားထောင်ပြီး တောင်းဆိုခဲ့တယ်၊ ဒါ့အပြင် အစ်ကိုကြီးကျန်းနဲ့ သမီးက တစ်ဦးနဲ့ တစ်ဦး ချစ်ခင်စုံမက် ပြီးသားပါ၊ အောင်သွယ်တော်အဖြစ် သမီးတို့ ဘယ်သူ့ကိုမှ မလိုအပ်ဘူး”

သခင်မဖန်သည် အလွန်ဒေါသထွက်လွန်းသဖြင့် ဘာမှ မပြောနိုင်ပေ။ သူမက သခင်မကြီးချင်အား စိုးရိမ်တကြီး ကြည့်လိုက်ကာ တောင်းပန်နေမိသည်။

“ရှုယွမ်က လောကကြီးကို အမြင်မကျယ်သေးလို့ပါရှင်၊ ကျေးဇူးပြုပြီး သူမနဲ့အပြိုင် သခင်မ ကိုယ့်ကိုယ်ကိုယ် မနှိမ့်ချလိုက်ပါနဲ့နော်”

“ အစ်ကိုကြီးကျန်းတဲ့လား” သခင်မကြီးချင်သည် မျက်ခုံးပင့်ကာ ‌တိုးတိုးလေး မေးသည်။

“ သခင်မဖန် တန်ဖိုးထားရတဲ့ သမက်လောင်းက ကျန်းအိမ်တော်ရဲ့ ဒုတိယသားငယ် မဟုတ်ဘူးလား”

***

All Chapters