အလွန်များပြားလှသည့် ကယက်များ။
Vol. 23 Ch. 333
ယွင်ချန်မြို့အုပ်ချုပ်ရေးမှူးကျန်းဟွေ့တွင် သား နှစ်ယောက်နှင့် သမီးတစ်ယောက် ရှိသည်။ သူတို့ထဲတွင် အကြီးဆုံးသားမှာ တရားမ၀င်သားဖြစ်ပြီး အရာရှိကျန်း၏ ကိုယ်လုပ်တော်မှ ငယ်စဉ်ကတည်းက ဖွားမြင်ခဲ့ခြင်း ဖြစ်သည်။ ဒုတိယသခင်လေးကျန်းနှင့် ကိုးနှစ်အရွယ် သခင်မလေးကျန်းတို့သာ သခင်မကျန်း၏ သားသမီးအရင်းများ ဖြစ်သည်။
“တိုက်တိုက်ဆိုင်ဆိုင်နဲ့ဘဲ တို့ကျန်းမိသားစုရဲ့ ဘယ်သခင်လေးကို သခင်မလေးဖန်က မျက်စိကျနေတယ်ဆိုတာ သိချင်ပါရဲ့” သခင်မကြီးချင် ထိုသို့ပြောပြီးသည်နှင့် သခင်မကျန်းသည် သူမ သမီးအား သီးသန့်ခန်းထဲသို့ ခေါ်လာခဲ့သည်။
“ဒါက….” သခင်မဖန်သည် အလွန်စိတ်လှုပ်ရှားနေသဖြင့် ဘာလုပ်ရမှန်း မသိပေ။
ဖန်မိသားစုမှ မျက်စိကျနေသည့် သခင်လေးမှာ ကျန်းမိသားစု၏ ဒုတိယသခင်လေးဖြစ်သူ ကျန်းယွဲ့ ဖြစ်သည်။ သို့ပေမဲ့ ငယ်ငယ်ထဲက အလိုလိုက်ခံခဲ့ရသည့် ဖန်ရှုယွမ်တစ်ယောက်မှာ ကျန်းမိသားစု၏ အကြီးဆုံးသားဖြစ်သူ ကျန်းလီ၏ ဖျားယောင်းခြင်းခံခဲ့ရသည်။ သူမသည် ငိုယို၍ ဒီတရားမ၀င်သားအား လက်ထပ်ချင်ကြောင်း ပြောခဲ့သည်။
သခင်မဖန်က ဘယ်လိုလုပ်ပြီး သဘောတူနိုင်ပါ့မလဲ။
ထို့ကြောင့် သူမသည် အရာရှိဖန်နှင့်အတူ အဖြေတစ်ခုအား ဆွေးနွေးခဲ့သည်။ အရင်ဆုံးအနေဖြင့် သူမ သခင်မချင်အား ကျန်းမိသားစုနှင့် လက်ထပ်ပွဲ ဖြစ်မြောက်စေရန် တောင်းဆိုမည်။ လက်ထပ်ပွဲဖြစ်မြောက်ပြီးနောက်မှ သူမ ဖန်ရှုယွမ်အား ပြောပြပေမည်။
ကံမကောင်းစွာနှင့် သခင်မဖန်သည် နည်းလမ်းမျိုးစုံဖြင့် ကြံစည်ခဲ့ပေမဲ့ သူမ သမီး၏ အကျင့်စရိုက်အား မေ့လျော့နေခဲ့သည်။
ဖန်ရှုယွမ်လည်း အလွန်တရာ ပဟေဠိ ဖြစ်နေသည်။ သူမက အစ်ကိုကြီးကျန်းအား သဘောကျနေကြောင်းကို သူမ အမေမှာ အရှင်းလင်းကို သိသည်။
“ အမေ ဘာတွေလဲ” ဖန်ရှုယွမ်သည် စိတ်လှုပ်တရှား မေးသည်။
“ အမေပဲ သမီးကို ကျန်းမိသားစုထဲ ကြီးကျယ်ခမ်းနားစွာနဲ့ လက်ထပ်ထိမ်းမြားပေးမယ်လို့ ပြောခဲ့တယ်မလား၊ သမီးက အစ်ကိုကြီးကျန်းနဲ့ လက်ထပ်ချင်တာ…. ဒုတိယသခင်လေးကျန်းနဲ့ လက်မထပ်ချင်ဘူးနော်”
“ဘာလို့လဲရှင့်၊ ကျွန်မတို့ ဒုတိယသခင်လေးက သခင်မလေးဖန်ရဲ့ အာရုံစိုက်မှုနဲ့ မထိုက်တန်လို့လား”
ဖန်ရှုယွမ်၏ လေသံထဲမှ အထင်သေးမှုအား ကြားလိုက်သဖြင့် သခင်မကျန်းက လှောင်ရယ်ရယ်လိုက်မိသည်။
“ဒုတိယသခင်လေးကျန်းရဲ့ မျက်နှာတစ်ခုလုံးက ၀က်ခြံတွေ အများကြီးနဲ့ ရုပ်ဆိုးတဲ့ ယောကျာ်းတစ်ယောက်ပဲ၊ ကျွန်မက သူ့ကို ဘယ်လိုလုပ်ပြီး လက်ထပ်နိုင်ပါ့မလဲ” ဖန်ရှုယွမ်သည် မှားယွင်းသလို ခံစားရကာ ငြူစူလိုက်မိသည်။
ဘန်း…
ဒေါသထွက်သွားသည့် သခင်မကျန်းမှာ လက်ဖက်ရည်ခွက်အား ပစ်ပေါက်လိုက်သည်။
“ဖန်မိသားစုက သမီးအလိမ္မာလေး မွေးထုတ်ထားတာပဲ” သခင်မကျန်းသည် သူမ အံတင်းတင်းကြိတ်ကာ သရော်လိုက်သည်။
“ သခင်မကျန်း စိတ်လျှော့ပါဦးနော်” ထိုအခိုက်အတန့်တွင် သခင်မဖန်သည် ဒယ်အိုးပူပေါ် ရောက်နေသည့် ပုရွက်ဆိတ်လေးကဲ့သို့ စိုးရိမ်ပူပန်နေသည်။
“ရှုယွမ်က အဲ့လို ဆိုလိုချင်တာ မဟုတ်ပါဘူး”
“ဒါဆို သခင်မဖန် ကျွန်မကို ပြောပြပါဦး၊ ရှင့်သမီးက ဘာကိုများ ဆိုလိုချင်တာလဲ မသိဘူး” သခင်မကျန်းသည် လက်ပိုက်ပြီး စိတ်၀င်တစားဖြင့် သူမ မေးအား မော့လိုက်ကာ စိတ်လှုပ်တရှားဖြစ်နေသည့် သခင်မဖန်အား ငုံ့ကြည့်လိုက်သည်။
“ကျွန်မ…..သူမက…..” သခင်မဖန်မှာ ရှင်းပြချင်သော်ငြား ဘယ်ကနေ စပြီး ရှင်းပြရမည်အား မသိပေ။ သူမသည် သခင်မချင်အား တောင်းပန်တိုးလျှိုးစွာ ကြည့်ရုံသာ တတ်နိုင်သည်။
သခင်မကြီးချင်သည် ဒီနေ့စားပွဲမှာ ရုပ်ပျက်ဆင်းပျက် ဖြစ်သွားလိမ့်မည်ဟု မထင်ထားမိပေ။
“ထိုင်ကြပါဦး၊ ရှင်တို့ မိသားစုနှစ်ခု ဒီနေ့ ခမည်းခမက်တွေ မဖြစ်နိုင်ရင်တောင် ရန်သူတွေ မဖြစ်သင့်ဘူးမလား၊ ဒီချွင်းဖုန့်စားသောက်ဆိုင်ပိုင်ရှင်က တို့ မိတ်ဆွေလေးလေ၊ တို့မျက်နှာကိုငဲ့ပြီး သူ ချက်ထားတဲ့ ဟင်းလျာတွေကို သုံးဆောင်ပေးကြပါဦး”
မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေသည့် ကျီကျောက်တစ်ယောက် သူမ၏ သီးသန့်ဧည့်သည်ခန်းထဲတွင် ကိစ္စများစွာ ဖြစ်ပျက်ခဲ့သည်အား မသိခဲ့ပေ။
တစ်နာရီခန့်ကြာပြီးနောက်။
စားပွဲပေါ်မှ အရသာရှိလှသည့် ဟင်းလျာ ဆယ်မျိုးအား ကြည့်လျက် သခင်မဖန်သည် သူမ ပါးမို့များ ရဲတက်လာသလို ခံစားရသည်။
သခင်မကျန်း၏ ခနဲ့တဲ့တဲ့စကားလုံးများအား ကြားလိုက်ရသဖြင့် သူမမှာ ဆက်ပြီး ထိုင်မနေနိုင်တော့ဘဲ ဖန်ရှုယွမ်နှင့်အတူ အမြန်ထွက်သွားနှင့်သည်။
“ဒီသိုးနံရိုးသားက အရသာရှိသားပဲ” သခင်မကျန်းသည် သခင်မကြီးချင်အား ပြုံးပြလိုက်သည်။
“ရှင် ဒီကို ရောက်လာတာ အစားအသောက် အတွက် အပျော်သက်သက်မလားရှင့်”
“အဲ့လိုပြောလို့ရပါတယ်” သခင်မကြီးချင်သည် သဘောထားကြီးစွာ ပြုံး၍ ခေါင်းညိမ့်ပြသည်။
“ အရသာက တကယ်မဆိုးဘူး၊ လ၀က်နေရင် ရုန်ရုန်ရဲ့ ကိုးနှစ်ပြည့် မွေးနေ့ရောက်ပြီလေ၊ အဲ့ကြရင် ဒီစားသောက်ဆိုင်မှာပဲ မွေးနေ့ပွဲ ကျင်းပရမယ်၊ ရှင်မလာဘူးဆိုရင် ကျွန်မ ကိုယ်တိုင် ရှင့်ဆီလာပြီး ပြန်ပေးဆွဲမှာနော်” သခင်မကျန်းသည် သခင်မကြီးချင်အား ကြည့်လျက် သူမ လေသံမှာ စိုးရိမ်မှုများဖြင့် ပြည့်နေသည်။
“ဖန့်ရုန် ရှင်အပြင်ကိုထွက်လာပြီးတော့ အဲ့ဒီမကောင်းဆိုးဝါးတွေကို ဖိနှပ်ရမဲ့ အချိန်ပဲနော်”
သခင်မကြီးချင်သည် သူမ မျက်ခုံးအားပင့်၍ သူမအား ကြည့်ပြီး တခစ်ခစ် ရယ်လိုက်မိသည်။
“ရှင် တို့ကို အပြစ်မတင်ဘူးပေါ့”
“ကျွန်မက ဘာလို့ ရှင့်ကို အပြစ်တင်ရမှာလဲ” သခင်မကျန်းသည် သူမ လက်ထဲမှ တူအား ဒေါသတကြီး အောက်ချကာ မျက်မှောင်ကြုတ်လိုက်သည်။
“ရွဲ့အာနဲ့ ရုန်ရုန်ကို ကောင်းကောင်း ဂရုမစိုက်နိုင်တဲ့ ကျွန်မအပြစ်တွေပါပဲ၊ တကယ်တော့ ဖန်မိသားစုရဲ့ အဆင့်အတန်းက အရမ်းနိမ့်တယ်ဆိုတာ သိပေမဲ့လဲ ကျွန်မ နှလုံးသားထဲမှာ မျှော်လင့်ချက် သေးသေးလေးရှိလို့ပါ၊ ဖန်မိသားစုက ဒီကောင်မလေးက သဘောထားကြီးပြီး ဖြတ်ထိုးဉာဏ်ရှိရင် သူမ ယွဲ့အာကို အထင်မသေးသရွေ့ သူမ အဆင့်အတန်းက နိမ့်ကျနေရင်တောင်မှပေါ့……”
“ဒါပေမယ့် အရှင်းအလင်းကိုပဲ ဖန်မိသားစုက လှည့်ကွက်တွေ သုံးခဲ့တယ်” သခင်မကျန်းသည် လှောင်ပြောင်ပြောဆိုလိုက်သည်။
“ဖန်မိသားစုက သူတို့သမီးကို တို့ ကျန်းမိသားစုထဲ လက်ထပ်ထိမ်းမြားပေးဖို့ အလျင်လိုနေတာပဲ၊ ကျွန်မ စိတ်ပူတာက ဒါက မြို့တော်မှာ ပျံ့နှံ့နေတဲ့ ကောလဟာလတွေနဲ့ ပတ်သက်နေမှာကိုပဲ”
အလိုလိုက်ခံရပြီး ဘ၀င်မြင့်နေသည့် တော်၀င်ကိုယ်လုပ်တော်စွင်းသည် မယ်တော်ကြီးအား လူကြားထဲတွင် မေ့လဲအောင် လုပ်ခဲ့သဖြင့် ဧကရာဇ်ထံမှ ဆူပူကြိမ်းမောင်းခံခဲ့ရသည်။
ဧကရာဇ်သည် တော်၀င်ကိုယ်လုပ်တော်အား ချစ်မြတ်နိုးသော်ငြား ဧကရာဇ်သည် သားသမီး၀တ္တရားနှင့် ကျေပွန်သူ ဖြစ်သည်။
မယ်တော်ကြီးအား နှစ်သိမ့်ပေးရန်အတွက် ဧကရာဇ်သည် တော်၀င်ကိုယ်လုပ်တော်စွင်းအား သုံးလခန့် အကျယ်ချုပ်ချကာ အပစ်ပေးခဲ့ပြီး စွင်းမိသားစု အကြီးဆုံးသားအား နန်းတွင်းညီလာခံတွင် ပြင်းပြင်းထန်ထန် ဆူပူခဲ့သည်။
“စွင်းမိသားစုရဲ့ အခြေအနေက အနည်းငယ် ကသိကအောက်ဖြစ်နေတယ်၊ စွင်းမိသားစုကို မှီခိုနေတဲ့ အဲ့ဒီလူတွေက သူတို့ကိုယ်သူတို့ ကြိုတင်ထွက်ပေါက်ရှာနေကြတယ်” သခင်မကျန်းသည် ပြောနေရင်းဖြင့် သဘောပိုခွေ့လာသည်။
သခင်မကြီးချင်သည် နောက်ထပ် အကြည်ရောင် ပုစွန်ဖက်ထုပ်အား ကောက်ယူ၍ သူမရှေ့ရှိ ပန်းကန်ပြားပေါ်တွင် တင်လိုက်ကာ ပြုံး၍ ပြောသည်။
“ဒေါသမထွက်ပါနဲ့တော့၊ ဖန်မိသားစုက ထည့်ပြောဖို့ မတန်ပါဘူးကွယ်”
“ကျွန်မ နားလည်ပါပြီ” သခင်မကျန်းသည် ဖြေးဖြေးချင်း ခေါင်းညိမ့်လိုက်ပေမဲ့ သူမ အသံမှာ မခံမရပ်နိုင်ဖြစ်နေသေးသည်။
“ကျွန်မက နည်းနည်းမပျော်ရုံပါ”
“ရှင်တို့မိသားစုရဲ့ အကြီးဆုံးသားက တော်၀င်ကျောင်းတော်ရဲ့ ပညာသင်ကျောင်းသားလို့ သူတို့ ပြောခဲ့ကြတယ်မလား၊ ဘာလို့ သခင်မလေးဖန်က သူ့ကို မမေ့နိုင်ရတာလဲ” သခင်မကြီးချင်သည် သူမ မျက်လုံးထဲသို့ ကြည့်ကာ အပြုံးလေးဖြင့် မေးသည်။
သခင်မကျန်းသည် အစတွင် မှင်သက်နေလျက် ရှိပြီးနောက် တစ်ခုခုတွေးနေပုံရပြီး ရုတ်တရက် မော့ကြည့်လိုက်သည်။
ထိုအချိန်၌ စားဖိုဆောင်ထဲတွင်။
နောက်ဆုံးတော့ အနားရသွားသည့် ကျီကျောက်တစ်ယောက်သည် သစ်တော်သီးအား ကောက်ယူ၍ ဆေးကြောကာ တစ်ကိုက်ကိုက်လိုက်သည်။
ချိုမြိန်လှသည့် သစ်တော်သီးဖျော်ရည်သည် သူမ လည်ချောင်းတစ်လျှောက် စီးဆင်းသွားကာ သူမ စိတ်အား အားဖြည့်လာသည်။
ဒီနေ့စားပွဲမှာ ပြီးဆုံးသွားပြီးနောက် ဖန်မိသားစုသည် ကျန်ရှိသည့် အခကြေးငွေအား ပေးချေသင့်သည်။
သူမသာ ချွင်းဖုန့်စားသောက်ဆိုင်ရဲ့ ဂုဏ်သတင်းကျော်ကြားမှုကို တည်ဆောက်နိုင်သ၍ အနာဂတ်မှာ ဧည့်သည် မရှိမည်အား စိတ်မပူပေ။
ကျီကျောက်သည် အနာဂတ်အတွက် စိတ်ကူးယဉ်နေချိန်တွင် သူမသည် ရုတ်တရက် ရှိုက်ငိုသံတစ်ခုအား ကြားလိုက်ရသည်။ သူမသည် အနည်းငယ် အံ့ဩသွားသဖြင့် စားဖိုဆောင်အပြင်သို့ ထွက်လိုက်သည်။
ချွင်းဖုန့်စားသောက်ဆိုင်၏ နောက်ဖေးခြံ၀န်းထောင့်တွင် ပန်းရောင်၀တ်စုံ ၀တ်ဆင်ထားသည့် ကလေးမလေးတစ်ယောက်သည် မြေပြင်ပေါ်တွင် ဆောင့်ကြောင်ထိုင်ကာ သူမ လက်များကြား ခေါင်းဖွက်ထားပြီး ၀မ်းနည်းတကြီး ငိုယိုနေသည်။
သူမ ပုခုံးများမှာ တသိမ့်သိမ့်တုန်နေပြီး သနားစဖွယ်ပုံလေး ပေါ်နေသည်။
ကျီကျောက်သည် ကိုယ်ကိုကိုင်းလိုက်ကာ စိတ်ရှည်ရှည်ဖြင့် မေးသည်။
“လမ်းပျောက်နေတာလား”
ထောင့်တွင် ကွေးကွေးလေးရှိနေသည့် ကျန်းရုန်ရုန်သည် ရုတ်တရက် အသံတစ်ခုအား ကြားလိုက်ရသဖြင့် လန့်ဖြတ်သွားသည်။
ကြောက်လန့်နေသည့် ယုန်ငယ်လေးကဲ့သို့ သူမ မျက်စိရှေ့ရှိသူအား နီရဲနေသည့် မျက်လုံးလေးများဖြင့် ကြည့်လိုက်သည်။
“တို့မင်းကို ခြောက်မိသွားလား” ကျီကျောက်သည် အလျင်အမြန် နှစ်သိမ့်လိုက်သည်။
“တို့အသံက ကျယ်လွန်းလို့ မင်းကို ကြောက်အောင် ခြောက်မိရင် တောင်းပန်ပါတယ်နော်၊ ဟုတ်ပြီလား။”
“ရ….ရပါတယ်ရှင့်” ကျန်းရုန်ရုန်က အလျင်အမြန် သူမ ခေါင်းခါပြလိုက်သည်။
သူမသည် သူမရှေ့မှ နတ်သမီးကဲ့သို့ အစ်မကြီးအား စိုက်ကြည့်လိုက်မိသည်။
ဒီအစ်မကြီးသည် တကယ် ကြည့်ကောင်းလှကာ နတ်သမီးလေးကဲ့သို့ လှပသည်။
ကျန်းရုန်ရုန်သည် သူမစိတ်ထဲမှ အတွေးအား အပြင်သို့ ထုတ်ပြောလိုက်မိသည်။
ကျီကျောက်သည် သဘောတကျ ပြုံးရယ်လိုက်မိသည်။ “မင်းရဲ့ ချီးကျူးစကားအတွက် ကျေးဇူးပါနော်၊ ဒါနဲ့ တို့လည်း မင်းက အရမ်းလှတယ်လို့ ထင်တယ်ကွယ်”
သူမရှေ့ရှိ မိန်းကလေးငယ်လေးမှာ အနက်ရောင်ပုဝါအား အုပ်ထားသော်ငြား ကျီကျောက် ပြောနိုင်တာက သူမ မျက်၀န်းလေးများမှာ လှပလှသည့် မက်မွန်ပွင့်လို မျက်၀န်းများ ဖြစ်သည်။ သူမ၏ ကြည်လင်သည့် မျက်လုံးလေးများမှာ လူတွေကို သူမ အနားသို့ ချဉ်းကပ်အောင် လုပ်နိုင်သည်။
***