ပိုပြီးတောင် ချစ်ဖို့ကောင်းလောက်မယ်။
Vol. 23 Ch. 334
ကျီကျောက်သည် ခဏလောက် တွေးပြီး သူမ ၀တ်ရုံအိတ်ကပ်ထဲမှ လက်ကိုင်ပုဝါအား ထုတ်ကာ သူမအား ကမ်းပေးလိုက်သည်။
“ညီမလေးရဲ့ မျက်လုံးလေးတွေက အရမ်းလှတာပဲကွယ်၊ ဒီလို မျက်၀န်းလှလှလေးတွေနဲ့ ဘယ်လိုများ ငိုရက်တာလဲကွယ်” ကျီကျောက်သည် ပြုံး၍ နှစ်သိမ့်လိုက်သည်။
“မြန်မြန် မျက်ရည်သုတ်လိုက်ပါဦး”
ကျန်းရုန်ရုန်သည် သူမ စကပ်စအား စိတ်လှုပ်ရှားစွာ ခြေနေသည်။ သူမသည် ကျီကျောက်၏ မျက်နှာအား ကြည့်လိုက်ပြီးနောက် လက်ကိုင်ပုဝါအား ဂရုတစိုက် လှမ်းယူလိုက်ကာ နူးညံ့စွာ မေးသည်။
“ကျေးဇူးတင်ပါတယ်ရှင့်”
“ညီမလေး စိတ်မရှိဘူးဆိုရင် ဘာလို့ ငိုနေတယ်ဆိုတာ သိနိုင်မလား” ကျီကျောက်သည် သူမ၏ ခေါင်းသေးသေးလေးအား ပွတ်ကာ တိုးတိုးလေး ပြောသည်။
“ မမ” ကျန်းရုန်ရုန်သည် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းငိုက်စိုက်ချလိုက်သည်။
“တကယ်တော့ ညီမက လုံး၀ မလှပါဘူး၊ သူတို့က ညီမရဲ့ နောက်ကွယ်မှာ ရုပ်ဆိုးမဆိုပြီး ခေါ်ကြတယ်”
“ဘာလို့လဲ” ကျီကျောက်သည် အခွင့်အရေးအား ဖမ်းဆုပ်လိုက်ပြီး သူမ ဘေးတွင် ခြေချိတ်ဝင်ထိုင်ပြီး မေးထောက်လိုက်ကာ သူမ မျက်လုံးများတွင် စိတ်ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေသည်။
“ညီမလေးက အရမ်း ကြည့်ကောင်းပါတယ်ကွယ်”
“ မမ…. မ…. မကြောက်ပါနဲ့နော်” အကြောင်းရင်းတချို့ကြောင့် ကျန်းရုန်ရုန်သည် ရုတ်တရက် သူမ အားမွေးလိုက်ကာ သူမ မျက်နှာပေါ်မှ ပုဝါအနက်လေးအား ဖြေးညှင်းစွာ ဖယ်လိုက်သည်။
မိန်းမငယ်လေး၏ မျက်နှာအား အရှင်းလင်းမြင်ပြီးနောက် ကျီကျောက်သည် သူမ ဆိုလိုသည်အား နားလည်လိုက်သည်။
ဒီမိန်းမငယ်လေးမှာ တောက်ပသည့် မက်မွန်ပွင့်လို မျက်၀န်းတစ်စုံ ရှိသော်ငြား မွေးရာပါ နှုတ်ခမ်းကွဲနေသည်။ သူမ အလွန် သိမ်ငယ်သလို ခံစားရသည်မှာ အံ့ဩစရာ မရှိပေ။
“ အရမ်း ရုပ်ဆိုးမနေဘူးလား” ကျန်းရုန်ရုန်သည် ကျီကျောက် မျက်၀န်းထဲတွင် မည်သည့် ရွံရှာစက်ဆုတ်မှုမှ မမြင်ရပေ။ သူမသည် အနည်းငယ် အံ့ဩကာ သိချင်စိတ်ဖြစ်ရုံရှိသည်။
နတ်သမီးမမက ရုပ်ဆိုးတဲ့သူတွေကို မကြောက်တာများလား။
“တို့ မင်းနဲ့ သူငယ်ချင်း ဖြစ်ချင်တယ်၊ ဖြစ်နိုင်မလား” ကျီကျောက်သည် သူမ မျက်၀န်းထဲသို့ ကြည့်လိုက်ကာ စစ်မှန်သည့် အပြုံးဖြင့် မေးသည်။
“သူငယ်ချင်းလား” ကျန်းရုန်ရုန်သည် အနည်းငယ် အံ့ဩသွားပေမဲ့ ပျော်ရွှင်မိသည်။
“ မမ ညီမလေးကို မကြောက်ဘူးလား”
“ဘာလို့ တို့က ကြောက်ရမှာလဲကွယ်” ကျီကျောက်က အပြုံးဖြင့် ပြန်မေးလိုက်သည်။
“မင်းက ကြမ်းကြုတ်တဲ့ဘီလူးလဲ မဟုတ်ပဲနဲ့ကွယ်”
“ဒါပေမယ့် လူတိုင်း ထင်တာက ညီမက ရုပ်ဆိုးတယ်လို့လေ” ကျန်းရုန်ရုန်သည် သူမ ခေါင်းလေးအား တစ်ဖန်ငိုက်စိုက်လိုက်ကာ သူမ အသံမှာ ၀မ်းနည်းရိပ်များ ပြည့်နေသည်။
“ဒါ့အပြင် အစ်ကိုကပါ ညီမကြောင့် စနက်မကင်း စွပ်စွဲခံနေရတယ်၊ တကယ်တော့ ကိုကြီးရဲ့ မျက်နှာမှာ ချိုင့်ကွက်တွေ အများကြီး ရှိနေတာ မဟုတ်ဘူး၊ ကိုကြီးက အဲ့တာတွေကို သူ့ဘာသာ တမင်တကာ ရေးဆွဲထားတာလေ၊ သူက ညီမကို ပျော်စေချင်ရုံပါ…. ဒါတွေအားလုံး ညီမအမှားတွေပါ”
ကျီကျောက် နားထောင်လေလေ သူမ ပို၍ ပဟေဠိဖြစ်လာသည်။
စကားတချို့ပြောဆိုပြီးနောက်မှာတော့ ကျီကျောက်သည် ဒီမိန်းကလေးငယ်၏ ပုံစံအမှန်အား နားလည်လိုက်သည်။
ကျန်းရုန်ရုန်သည် ယွင်ချွမ်မိသားစု အုပ်ချုပ်ရေးမှူး၏ တရား၀င်သမီးတစ်ယောက် ဖြစ်ကာ ကျန်းမိသားစု၏ အချစ်ရဆုံး သမီးငယ်လေး ဖြစ်သည်။
သခင်မလေးကျန်း၏ ရုပ်ဆိုးသည့် အသွင်အပြင်မှာ လမ်းများတွင် ကောလဟာလများ ပျံ့နှံ့နေသည်။
တကယ်တော့ ကျန်းရုန်ရုန်၏ ရုပ်ရည်သွင်ပြင်မှာ ရုပ်မဆိုးလှပေ။ သူမသည် လက်ဖဝါးပမာဏ ဘဲဥပုံမျက်နှာလေး၊ ကြည်လင်တောက်ပသည့် မက်မွန်ပွင့်လို မျက်၀န်းတစ်စုံနှင့် နှာတံမြင့်မြင့် ရှိသည်။ သူမသည် အလှပဂေးလေးဟု ဆိုရနိုင်သည်။
တစ်ခုတည်းသော ပစ်ချက်မှာ သူမသည် မွေးရာပါ နှုတ်ခမ်းကွဲများ ရှိနေခြင်း ဖြစ်သည်။
မွေးရာပါ နှုတ်ခမ်းကွဲဆိုသည်မှာ ဆေးပညာအရ အာခေါင်ကွဲခြင်းဟု လူသိများသည်။ နှုတ်ခမ်းကွဲခြင်းနှင့် အာခေါင်ကွဲခြင်းသည် ပါးစပ်နှင့် မေးရိုးဧရိယာတွင် အဖြစ်များသော မွေးရာပါ ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းချက် တစ်ခု ဖြစ်သည်။ ယေဘုယျအားဖြင့် သန္ဓေသား၏ ရုပ်ပိုင်းဆိုင်ရာပုံသဏ္ဍာန် ကြီးထွားဖွံ့ဖြိုးနေချိန်တွင် မပြည့်စုံသည့် ပေါင်းစပ်မှုကြောင့် ဖြစ်ရလာသည့် ရလဒ်တစ်ခု ဖြစ်သည်။
တကယ်တေ့ာ ကျန်းရုန်ရုန်၏ မွေးရာပါ နှုတ်ခမ်းကွဲနေသည်မှာ မပြင်းထန်လှပေ။ ကံမကောင်းစွာဖြင့် တာ့ကျင်းမင်းဆက်တွင် နည်းပညာများမှာ မဖွံဖြိုးသေးပေ။ ခေတ်သစ်ကာလမှာသာ ဆိုပါက သူမ၏ အခြေအနေမှာ ခွဲစိတ်မှုဖြင့် တည့်မတ်နိုင်သည်။
“ရုန်ရုန် ညီမလေးက ရုပ်မဆိုးပါဘူးကွယ်” ကျီကျောက်သည် သူမ ခေါင်းလေးအား ညင်သာစွာ ပုတ်လိုက်ကာ လေးနက်စွာ ပြောသည်။
“ညီမလေးရဲ့ နောက်ကွယ်မှာ ရုပ်ဆိုးမဆိုပြီး ပြောနေတဲ့သူတွေကမှ တကယ့် ရုပ်ဆိုးတဲ့သူတွေကွယ့်၊ လူတစ်ယောက်ရဲ့ အသွင်အပြင်ကို ဆုံးဖြတ်ပြီး လှတယ် ရုပ်ဆိုးတယ် ဝေဖန်လို့မရဘူးနော်၊ စိတ်နှလုံးသားလှတဲ့ သူကသာ တကယ် စစ်မှန်တဲ့ အလှတရားပဲ”
ထိုစကားများအား ကြားပြီးနောက် ကျန်းရုန်ရုန် ကြောင်အသွားမိသည်။
“စိတ်နှလုံးသား လှတာလား”
“ အမှန်ပါပဲကွယ်” ကျီကျောက်သည် အပြုံးလေးဖြင့် ရှင်းပြသည်။
“ဘယ်သူပဲဖြစ်ပါစေ၊ လူတစ်ယောက်ရဲ့ အသွင်အပြင်ကိုကြည့်ပြီး လှတယ် ရုပ်ဆိုးတယ် ဆုံးဖြတ်လို့ မရဘူး၊ ကမ္ဘာကြီးပေါ်မှာ လူတွေ ထောင်ပေါင်းများစွာ ရှိကြပြီး လူတိုင်းရဲ့ အသွင်အပြင်ကလဲ ကွာခြားကြတယ်၊ ညီမလေးသာ လူတစ်ယောက်ကို တကယ်သဘောကျရင် သူတို့ရဲ့ အတွင်းစိတ်ထားကိုပါ သဘောကျရမယ်”
“ကျေးဇူးတင်ပါတယ် မမအာ့ထောင်” ကျန်းရုန်ရုန်သည် အနည်းငယ် နားလည်လာပုံရသည်။ ဒါပေမယ့် တစ်ချိန်ထဲမှာပဲ သူမ ရှုပ်ထွေးနေသေးသည်။ ဒါပေမယ့် သူမ သူငယ်ချင်းသစ် ရတာကြောင့် ပျော်ရွှင်နေမိသည်။
နေ့တစ်နေ့၏ အဆုံးတွင် ကျီကျောက်သည် ဒုတိယထပ်ရှိ သီးသန့်ခန်းထဲသို့ ရောက်လာခဲ့သည်။
ထိုအချိန်ခိုက်တွင် သခင်မကြီးချင်နှင့် အထိန်းတော်ဝူတို့သာ သီးသန့်ခန်းထဲတွင် ကျန်ခဲ့ကြသည်။
ကြမ်းပြင်ပေါ်ရှိ ပွစာကျဲနေသည့် အရာများအား မြင်လိုက်ရသည့်အခါ သူမ အနည်းငယ် ကြောင်နေမိသည်။
“ကျွန်မရဲ့ အစားအသောက်တွေက အရမ်းဆိုးနေလို့လား”
“ မဟုတ်ပါဘူးကွယ်” သခင်မချင်သည် သူမ ခေါင်းခါပြလိုက်သည်။
“ မင်းနဲ့ မဆိုင်ပါဘူးကွယ်”
သခင်မကြီးချင်၏ လက်ညှိုးနောက် လိုက်ကြည့်ပြီးနောက် စားပွဲခုံပေါ်ရှိ ငွေအသပြာထုပ်အား တွေ့လိုက်ရသည်။
“ငွေလျန်း ( ၁၀၀ )လား…..”
“ဒီနေ့ သခင်မကျန်း အရမ်းဒေါသထွက်သွားပြီး ဒီလက်ဖက်ရည်ခွက်ကို ပစ်ခွဲလိုက်မိတာလေ”
သခင်မကြီးချင်က တိုရှင်းလိုရင်း ရှင်းပြလာသည်။
“ အရမ်းမစိုးရိမ်ပါနဲ့ကွယ်၊ ကျန်းမိသားစုနဲ့ ဖန်မိသားစုကြားက လက်ထပ်ပွဲက မဖြစ်မြောက်ခဲ့ပေမဲ့ သခင်မကျန်းက မင်းရဲ့ ဟင်းချက်လက်ရာအပေါ် အတော်လေး နှစ်သက်ခဲ့တယ်၊ သူ မထွက်သွားခင် လ၀က်နေရင် သခင်မလေးကျန်းရဲ့ ကိုးနှစ်ပြည့်မွေးနေ့ပွဲအခမ်းနားကို ချွင်းဖုန့်စားသောက်ဆိုင်မှာ ကျင်းပပေးမယ်လို့ ပြောခဲ့တယ်”
ကျီကျောက်သည် ပို၍ပင် ရှုပ်ထွေးလာသည်။
“ သခင်မကျန်းက ဒီနေ့ စားပွဲကို မကျေမနပ် ဖြစ်မိတယ် ထင်နေတာ…. သမီး မထင်ထားမိခဲ့ဘူး…..”
“မွှေးပျံ့နေတဲ့ အရက်တစ်ခွက်က လမ်းကြိုးလမ်းကြားရဲ့ နက်စောက်မှုကို မကြောက်ဘူး၊ ဆားငရုတ်ကောင်းသိုးနံရိုးသားလေးက သခင်မကျန်းရဲ့ အကြိုက်နဲ့ အရမ်းကို အစပ်အဟပ်မိတယ်” သခင်မကြီးချင်က ပြုံးပြလိုက်သည်။
“အန်တီ့ရဲ့ ကြင်နာမှုကို အာ့ထောင် အမြဲ အမှတ်ရနေမှာပါ” ကျီကျောက်က သူမအား ကျေးဇူးတင်စွာ ပြုံးပြလိုက်သည်။
“ မင်း စိတ်ထဲမကောင်းဘူးလို့ ခံစားရရင် မင်းအားတဲ့အခါကျ တို့အတွက် မုန့်အချို တချို့ လုပ်ပေးလေ” သခင်မကြီးချင်သည် သူမ မထွက်သွားခင် အပြုံးလေးဖြင့် အကြံပြုသည်။
“ကောင်းပါပြီရှင့်” ကျီကျောက်သည် အလျင်အမြန် သဘောတူလိုက်သည်။
“ဒါဆိုရင် နှစ်ရက်အတွင်း သခင်မရဲ့ အိမ်တော်ကို ကျွန်မ လာလည်ပါမယ်ရှင့်”
နေ၀င်ဆည်းဆာအလင်းရောင်သည် ယွင်ချွမ်မြို့တော်ရှိ နေရာတိုင်းသို့ ဖြာကျနေပြီး တစ်မြို့လုံးကို လျှို့ဝှက်ဆန်းကြယ်မှုဖြင့် ဖုံးလွှမ်းထားသလို ခံစားရစေသည်။
မက်မွန်ပွင့်အိမ်တော်။
ရှန်းယောင် အိမ်ပြန်ရောက်ချိန်တွင် ကျီကျောက်သည် စားပွဲပေါ်မှာ မှောက်လျက်သား အိပ်ပျော်နေပြီ ဖြစ်သည်။
ရှန်းယောင်သည် တမင်တကာ သူမ နံဘေးသို့ ခြေသံ ခပ်ဖော့ဖော့နင်းကာ ဖြေးညှင်းစွာ လျှောက်လိုက်သည်။ သူသည် သူမအား ကောက်ပွေ့တော့မည့်အချိန်တွင် သူမ နိုးလာခဲ့သည်။
“ရှင် ပြန်လာပြီလား” ကျီကျောက်သည် သူမ မျက်လုံးများအား ပွတ်သပ်ကာ တိုးတိုးလေး မေးသည်။
“ရှင် ညစာစားပြီးပြီလား”
“ကိုယ် စားပြီးပြီ” ရှန်းယောင်သည် သူမကိုယ်လေးအား သူ့လက်မောင်းထဲသို့ ဆွဲပွေ့လိုက်သည်။ သူ့အသံဩဩမှာ စိုးရိမ်မှုများဖြင့် ပြည့်နေသည်။
“ဘာလို့ အိပ်ရာပေါ်မှာ မအိပ်တာလဲ”
“ကျွန်မ ဆေးစာအုပ်တချို့ကို အရင်ဖတ်ထားချင်ပြီးတော့ ရှင် ပြန်လာမှပဲ နားတော့မလို့လေ” ကျီကျောက်သည် ပင်ပန်းနွမ်းလျစွာ သမ်းဝေလိုက်သည်။
“ကျွန်မ အိပ်ပျော်သွားမယ်လို့ မထင်မိလိုက်ဘူး”
ရှန်းယောင်သည် သူမ နဖူးလေးအား ညင်ညင်သာသာ နမ်းလိုက်ကာ အသံတိုးတိုးဖြင့် မေးသည်။
“ပင်ပန်းနေပြီလား”
“နည်းနည်းပါ” ကျီကျောက်သည် သူမ လက်ချောင်းလေးအား ကွေးပြီး ခပ်ဖွဖွ ပြုံးပြသည်။
“ဒါပေမယ့်လဲ ကျွန်မ ပိုပျော်တယ်၊ ချွင်းဖုန့်စားသောက်ဆိုင်က ဖွင့်ထားတာ ရက်အနည်းငယ်ပဲ ရှိသေးတယ်ဆိုပေမဲ့ ကျွန်မတို့ ကုန်ကျစရိတ်ရဲ့ ပမာဏ အနည်းငယ် ပြန်ကာမိနေပြီလေ၊ ဒီနေ့လည်က စားပွဲကနေ ငွေလျန်း ( ၁၃၀ )လောက် ရလိုက်တယ်”
“ငွေလျန်း ( ၁၃၀ )လား” ရှန်းယောင် အနည်းငယ် အံ့ဩသွားမိသည်။
“အဲ့လောက်များတာလား”
“ငွေလျန်း ( ၁၀၀ )က သခင်မကျန်းရဲ့ တောင်းပန်လက်ဆောင် ဆိုပေမဲ့ ကျွန်မ ဂရုတစိုက် တွက်ချက်လိုက်တော့ အမြတ်ကျန်နေသေးတယ်” ကျီကျောက်သည် သူ့လက်မောင်းထဲ တိုးဝှေ့ကာ နူးညံ့စွာ ရှင်းပြလိုက်သည်။
“တကယ်တော့ ရုန်ရုန်က အတော်လေး လှတယ်၊ ဒါပေမယ့် ဒီကလေးမငယ်လေးက သူမမှာ မွေးရာပါ နှုတ်ခမ်းကွဲရှိနေတာကြောင့် သူ့ကိုယ်သူ အတော်လေး သိမ်ငယ်နေတယ်၊ ဒါကြောင့် ကျွန်မ ထင်တာက ဆေးစာအုပ်တွေ လှန်လှောရှာကြည့်ရင် သူမကို ကူညီပေးနိုင်မဲ့ နည်းလမ်းများ ရှာနိုင်မလားလို့လေ”
“မင်း သူ့ကို အဲ့လောက် သဘောကျတာလား” ရှန်းယောင်သည် သူ့ဇနီးလေးမှာ ဒီကျန်းမိသားစုက ကလေးမငယ်လေးနှင့် ရေစက်ပါလိမ့်မည်ဟု မထင်ထားမိပေ။
“ အမှန်ပဲ၊ ကျွန်မ အဲ့ကလေးမလေးကို အတော်လေး သဘောကျတယ်၊ ဒါ ရေစက်များလားနော်”
ကျီကျောက်သည် သူ့လည်ပင်းအား ဖက်လိုက်ရင်း အပြုံးလေးဖြင့် ဖြေသည်။
“ သခင်လေးရှန်း ရှင် မပြောနဲ့နော်။ ကလေးမလေးတစ်ယောက်နဲ့ အပြိုင် သ၀န်တိုနေတယ်လို့လေ”
“ကိုယ် သ၀န်မတိုပါဘူး” ရှန်းယောင်သည် သူမအား ပွေ့ချီကာ မတ်တပ်ရပ်ပြီး သူမ နားအနားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။
“ကိုယ်တွေးနေတာက ကျောက်ကျောက်နဲ့ ကိုယ်တို့ရဲ့ သမီးလေးက ပိုပြီး ချစ်စရာကောင်းလောက်မလားလို့လေ”
***