ဒါပေမယ့် မသိချင်ဘူး။
Vol. 23 Ch. 335
ကျီကျောက်သည် ရှက်ရွံစွာဖြင့် သူမ မျက်နှာလေးအား အဝေးကို လှည့်ကြည့်လိုက်သည်။ သူမ နှုတ်ခမ်းထောင့်လေးများမှာ ကွေးညွှတ်နေကာ ဖွဖွလေးပြုံးရင်း နူးညံ့စွာ ငြီးငြူလိုက်သည်။
“ကျွန်မတို့တွေ သေချာပေါက် သမီးလေး ရှိလာမယ်လို့ ရှင်က ဘယ်လိုများ သေချာနိုင်တာလဲ”
“အခုတော့ ကိုယ်လဲ မသေချာသေးပါဘူး” ရှန်းယောင်သည် ချက်ချင်း ပြုံးလိုက်မိသည်။ သူ့မျက်လုံးများမှာ အလွန်တရာ တောက်ပနေကာ သူမအား ကြည့်လိုက်သည်။
“ဒါပေမယ့် ကိုယ်တို့ ကြိုးကြိုးစားစားလုပ်ကြမယ်”
“အင်း…” ကျီကျောက်က အာမေဋိတ်သံ ပြုလိုက်မိကာ ရှန်းယောင်၏ လက်မောင်းထဲသို့ သူမ တစ်ကိုယ်လုံး နစ်၀င်သွားသည်ကိုသာ သတိပြုမိလိုက်သည်။
“ ကျောက်ကျောက်” ရှန်းယောင်သည် ခေါင်းငုံ့ကာ သူမ နဖူးလေးအား နမ်းလိုက်သည်။ သူ့မျက်၀န်းနက်များမှာ ချစ်မြတ်နိုးမှုများ ပြည့်လျှံနေသည်။
“ကိုယ်တို့ စောစောလေး အလုပ်စကြရအောင်လား”
“ကောင်းပြီလေ….” ကျီကျောက်သည် သူမ နှုတ်ခမ်းအား စိတ်လှုပ်တရှား ကိုက်လိုက်ကာ ရှက်ရွံ့စွာ ခေါင်းညိမ့်ပြသည်။
ပထမတစ်ကျော့ပြီးနောက်တွင် သူ့လက်မောင်းထဲမှ သူမလေးမှာ အိပ်မောကျသွားသည်။
ရှန်းယောင်သည် သူ့လက်အားမြှောက်လိုက်ကာ သူမ ပါးလေးအား ပွတ်သပ်ပြီး သူ့နှုတ်ခမ်းများက စိတ်ကျေနပ်စွာ ပြုံးလိုက်သည်။
“မလုပ်တော့ဘူး။ ထပ် မလုပ်တော့ဘူး”
အလွန်ပင်ပန်းနွမ်းနယ်နေသော ကျီကျောက်က တိုးတိုးလေး ရေရွတတ်ပြီး တစ်ဖက်လှည့်ကာ အိပ်ပျော်သွားသည်။
နောက်တစ်နေ့တွင် ကောင်းကင်မှာ တောက်ပနေကာ ကျီကျောက်သည် ရနံ့ချိုချိုလေးအား အနံ့ခံလိုက်ရသဖြင့် သူမ မျက်လုံးများအား ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။
“ အနံ့လေးက အရမ်းမွှေးနေတာပဲ”
“ကိုယ် တို့ဖူးပူတင်းချို နှစ်ပွဲ ၀ယ်လာခဲ့တယ်” ရှန်းယောင်သည် သူမဘေးသို့ လျှောက်လာကာ သူမ ပါးလေးအား နှစ်ခြိုက်အားရစွာ နမ်းပြီး တိုးတိုးလေး ပြောသည်။
“ မနေ့ညက ကောင်းကောင်း အိပ်ပျော်ရဲ့လား”
“ အတော်လေး အိပ်လို့ကောင်းပါတယ်” ကျီကျောက်သည် ညင်သာစွာ ခေါင်းညိမ့်လိုက်ကာ သူမ မျက်၀န်းများထဲမှ ရှက်ရွံ့မှုများအား ဖုန်းကွယ်ရန် ခေါင်းငုံ့လိုက်သည်။
“ အဟမ်း ကျွန်မ အရင် မျက်နှာသစ်လိုက်ဦးမယ်၊ နောက်မှ မနက်စာ အတူတူစားကြမယ်”
“ကောင်းပါပြီဗျ”
ခဏအကြာတွင် ကျီကျောက်သည် ဆွဲဆောင်မှုရှိသည့် မွှေးရနံ့လေးအား ထုတ်လွှတ်နေသည့် တို့ဖူးပူတင်းချိုချိုလေးအား မြည်းကြည့်လိုက်ကာ သူမ၏ အရသာခံအာရုံများမှာ အလွန်တရာ စိတ်ကျေနပ်မှု ရသွားသည်။
“ အရမ်းအရသာရှိတာပဲ” ခဏအကြာတွင် ကျီကျောက်သည် တို့ဖူးပူတင်းအချိုပွဲအား စားသောက်ပြီးစီးသွားသည်။ သူမဘေးမှာထိုင်နေတဲ့သူရဲ့ မျက်လုံးတွေ တောက်ပနေတာကို သတိမထားမိဘဲ သူမရဲ့ နှုတ်ခမ်းတွေကို စိတ်ကျေနပ်စွာ သပ်လိုက်မိသည်။
“ ကျောက်ကျောက်” ရှန်းယောင်သည် ရုတ်တရက် ခေါင်းမော့ကြည့်ကာ ခေါ်လိုက်သည်။
“ဟင်” ကျီကျောက်သည် မသိစိတ်မှ မော့ကြည့်လိုက်မိကာ သူ့မျက်၀န်းများမှာ ဗလာကျင်းပြီး ဇဝေဇဝါဖြစ်နေသည်။
“ကိုယ်က ကိုယ့်ကိုယ်ကိုယ် ယဉ်ကျေးတဲ့ လူကြီးလူကောင်းတစ်ယောက်အဖြစ် ဂုဏ်ယူဝံ့ကြွားနေခဲ့ပေမဲ့ ကျောက်ကျောက်နဲ့ လက်ထပ်ပြီးနောက်မှာ ကိုယ်က တဏှာကြီးတဲ့ လူတစ်ယောက် ဖြစ်လာခဲ့တယ်” ရှန်းယောင်သည် သူမ မျက်၀န်းများထဲသို့ ကြည့်ကာ ကူကယ်ရာမဲ့စွာဖြင့် သူ့ကိုယ်သူ လှောင်ပြောင်လိုက်မိသည်။
“ ကျောက်ကျောက် ကိုယ့်ကို မုန်းလား”
“ရှင်….” ကျီကျောက် တစ်ခုခုပြောချင်ပေမဲ့ သူမစိတ်ထဲတွင် ဗလာသက်သက် ဖြစ်နေသည်။
ရှန်းယောင်သည် သူမ နားအနားသို့ ကပ်ကာ တီးတိုးပြောသည်။
“ဒီနေ့ အစ်ကိုချင်နဲ့ ချိန်းဆိုထားတာသာ မရှိခဲ့ရင် ကိုယ် ကျောက်ကျောက်နဲ့ တစ်နေ့လုံး ကိုယ်မှာ နေချင်မိတာကွာ”
“ ရှန်းယောင်” ကျီကျောက်သည် ဒေါသတကြီး သူ့ရင်ဘတ်အား ထုလိုက်ကာ သူမ၏ နူးညံ့သည့် မျက်နှာလေးမှာ မုန်တိုင်းဒဏ်ခံရသည့် နှင်းဆီပန်းလေးကဲ့သို့ နူးညံ့ကာ ဆွဲဆောင်မှု ရှိနေသည်။
“ရှင် ထပ်ပြီး မဟုတ်တာတွေ ပြောရဲရင် ကျွန်မ ရှင့်ကို လျစ်လျူရှုတော့မှာနော်”
“ဟုတ်ပါပြီ၊ ကိုယ် ကျောက်ကျောက်ကို ထပ်ပြီး မနှောင့်ယှက်တော့ဘူးနော်” ရှန်းယောင်သည် သူမ ပါးလေးအား ပွတ်သပ်လိုက်သည်။
“ဒီနေ့ ညစာစားဖို့ ကိုယ့်ကို မစောင့်နဲ့တော့နော်၊ ကိုယ် အတော်လေး နောက်ကျမှ ပြန်ရောက်လိမ့်မယ်”
“ဟုတ်ပါပြီ”
ကျီကျောက်သည် နာခံမှုရှိစွာ ဖြေလိုက်သည်။
ရှန်းယောင် အင်ပါယာစာမေးပွဲမှာ ကျဲ့ယွမ်တစ်ယောက် ဖြစ်လာကတည်းက သူပိုပြီး လူ၀င်ဆံ့ဖို့ လိုအပ်လာသည်။
သို့ပေမဲ့ ကျီကျောက်သည် သိပ်ဂရုမစိုက်မိပေ။ ထို့အပြင် သူမမှာ သူမ စီးပွားရေးလုပ်ငန်းအား လုပ်ရပေမည်။
ညဉ့်နက်အချိန်တွင် ကျီကျောက် ချွင်းဖုန့်စားသောက်ဆိုင်ထဲ ခြေချရန် ပြင်ခိုက်တွင် တစ်ယောက်ယောက်မှ သူမ လမ်းအား ပိတ်ဆို့လာသည်။
“ သခင်လေး ဘာများကူညီပေးရမလဲရှင့်”
ကျီကျောက်သည် သူမ လမ်းအား ပိတ်ထားသည့် သခင်လေးမှာ ငွေရောင်မိုးတိမ်ပုံစံ ပန်းထိုးထားတဲ့ ပြာလဲ့လဲ့၀တ်ရုံကို ဝတ်ဆင်ထားသည်။ ဤပုဂ္ဂိုလ်တွင် မျက်နှာဝိုင်းဝိုင်းနှင့် နှုတ်ခမ်းပါးပါး ရှိသည်။ သူ၏ အပေါ်သို့ လန်နေသည့် မြေခွေးလို မျက်လုံးများက ပေါ့တန်ပြီး ကြည့်ကောင်းနေသည်။
အထူးသဖြင့် ဒီလူတွင် သူ့ဘယ်ဖက်မျက်လုံးအောက်တွင် အနီရောင်မှဲ့ ရှိနေကာ အနည်းငယ် ညှို့ဓာတ် ရှိသည်။
“ မင်းက ဒီချွင်းဖုန့်စားသောက်ဆိုင်ပိုင်ရှင်လား ဆိုတာ ကျုပ် မေးပါရစေ” အဆိုပါ လူပေါ်ကြော့ကောင်လေးသည် ရုတ်တရက် သူ့လက်ထဲမှ ခေါက်ယပ်တောင်အား ဝှေ့ယမ်းပြီး မျက်ခုံးပင့်ကာ မေးလာခဲ့သည်။
“ဟုတ်ပါတယ်” ကျီကျောက်သည် ပွင့်ပွင့်လင်းလင်း ၀န်ခံလိုက်သည်။ ဆိုင်ထဲကို ဝင်လာတဲ့လူတိုင်း ဧည့်သည်တွေလို ဆက်ဆံတဲ့ မူကို လိုက်နာကာ တိုးတိုးလေး ပြန်မေးလိုက်သည်။
“ သခင်လေး စားပွဲပြင်ခိုင်းချင်လို့လားရှင့်”
“ မဟုတ်ပါဘူး” ညှို့ဓာတ်ရှိသည့် သခင်လေးသည် သူ့ခေါင်းအား ခါပြလိုက်သည်။
“ကျုပ်က သူဌေးကို ကျုပ်အတွက် ဟင်းလျာ ပြင်ဆင်ပေးနိုင်မလားလို့ မေးချင်လို့ပါ”
“ဘယ်လိုဟင်းလျာမျိုးပါလဲ”
“သိုးသားဖက်ထုပ်တချို့ လုပ်နိုင်မလား သိချင်လို့ပါ”
ကျီကျောက်က ခေါင်းခါပြလိုက်သည်။
“ သခင်လေး ကျွန်မ တောင်းပန်ပါတယ်၊ ဒီစားသောက်ဆိုင်က ဒီလို သရေစာမုန့်မျိုး မလုပ်ပါဘူး၊ ကျွန်မတို့က လူနှစ်ယောက်ထက် ပိုတဲ့ စားပွဲမျိုးကိုပဲ လက်ခံစီစဉ်ပေးပါတယ်”
“ဘယ်လိုလုပ်ရမလဲ မသိတာလား၊ မလုပ်ပေးချင်တာလား” ကျန်းလီသည် မပျော်မရွှင် မျက်မှောင်ကြုတ်လိုက်ကာ သူ့မျက်၀န်းများမှာ မည်းမှောင်နေသည်။
“ သခင်လေးက စားပွဲကြိုတင်မှာယူဖို့ ရောက်လာတာ မဟုတ်ဘူးဆိုရင် ကျေးဇူးပြုပြီး ထွက်သွားပေးပါရှင့်” ကျီကျောက်သည် သူ့နောက်ကျောအား မတ်လိုက်ပြီး နှိမ့်ချသည်လည်း မဟုတ်၊ မာနထောင်လွှားသည်လည်း မဟုတ်သည့် အမူအရာဖြင့် ပြောသည်။
သူမရှေ့ရှိ ဒီညို့ဓာတ်ရှိသည့် သခင်လေး၏ မျက်လုံးများမှာ မမှန်ကန်လှပေ။ သူသည် လူကောင်းနှင့်ပင် မတူပေ။
ကျီကျောက်သည် ဒီလိုလူမျိုးနှင့် စီးပွားရေးလုပ်ရန် ဆန္ဒမရှိပေ။
“ကျုပ် ဘယ်သူလဲဆိုတာ သိလား” ကျန်းလီသည် သူ့မျက်လုံးများအား ကျဉ်းမြောင်းလိုက်ကာ သူ့အသံမှာ ရုတ်တရက် အေးစက်လာသည်။
“ မသိပါဘူး” ကျီကျောက်က ခေါင်းခါပြလိုက်သည်။
“ဒါပေမယ့် ကျွန်မ သိလည်း သိစရာ မလိုပါဘူး”
ကျန်းလီက ရယ်မောလိုက်သည်။ ယွင်ချွမ်တစ်မြို့လုံးမှာ သူ့ရှေ့မှ မိန်းမကလွဲရင် ဘယ်သူကမှ သူ့ကို ဒီလိုအရှက်မခွဲရဲကြဘူး။
သူက ယွင်ချွမ်အုပ်ချုပ်ရေးမှူးရဲ့ အကြီးဆုံးသားပဲ။
“စိတ်၀င်စားစရာပဲ” ကျန်းလီက သရော်လိုက်သည်။ သူ မထွက်သွားခင် ကျီကျောက်အား ကြည့်ဖို့ကိုလည်း မမေ့ခဲ့ပေ။
“ကျုပ်တို့ ထပ်ဆုံဦးမှာပါ”
သူ့မျက်၀န်းထဲမှ သတိပေးချက်နှင့် ချိန်းခြောက်မှုများမှာ ထင်ရှားလှသည်။
သို့ပေမဲ့ ကျီကျောက် လုံးဝ ဂရုမစိုက်ပေ။ ထို့အပြင် မကောင်းသည့် ရည်ရွယ်ချက် ရှိသည့်လူသည် အနာဂတ်တွင် သေချာပေါက် ဒုက္ခရောက်လိမ့်မည်။
ခဏအကြာတွင် ယင်ချွမ်စားသောက်ဆိုင်မှ ဆိုင်ရှင်ချန်သည် အပြေးရောက်လာပြီး စိုးရိမ်တကြီး မေးလာခဲ့သည်။
“ သခင်မရှန်း အဆင်ပြေရဲ့လားဗျ”
“ပြေပါတယ်ရှင်” ကျီကျောက်သည် ပြုံးကာ ခေါင်းခါရင်း ပြောလိုက်သည်။
“တကယ် အဆင်ပြေရဲ့လားဗျ” ဆိုင်ရှင်ချန်မှာ အနည်းငယ် စိတ်ပူမိသည်။
“ သခင်မရှန်း အဲ့သခင်လေးက အခုလေးတင် သခင်မကို ခက်ခဲစေမဲ့ ကိစ္စတွေ လုပ်ခဲ့သေးလားဗျ”
“ မလုပ်ခဲ့ပါဘူး”
“ကောင်းတယ် ကောင်းတယ်” ဆိုင်ရှင်ချန်သည် အတော်သေး စိတ်သက်သာရာ ရသွားသည်။
“ အခုလေးတင် အကြီးဆုံးသခင်လေးကျန်းရဲ့ အမူအရာက အတော်လေး အရုပ်ဆိုးနေတာကို ကျွန်တော် တွေ့လိုက်ရတယ်၊ ဒီသခင်လေးက သခင်မကို ခက်ခဲအောင် လုပ်ခဲ့တယ်လို့ ကျွန်တော်ထင်လိုက်တာ၊ ကံကောင်းပေလို့ သူက သခင်မကို ခက်ခဲအောင် မလုပ်ခဲ့ဘူးပဲ။”
“အကြီးဆုံးသခင်လေးကျန်းလား” ကျီကျောက်သည် ခဏလောက် တွေးလိုက်ပြီး အခုလေးတင် ထွက်သွားသည့်လူ၏ ပုံစံအမှန်အား ခန့်မှန်းလိုက်သည်။
“ခုနက လူပေါ်ကြော့သူဌေးသားလေးက ယွင်ချွမ်အုပ်ချုပ်ရေးမှူးကျန်းရဲ့ သားလား”
'ဟုတ်တယ်” ဆိုင်ရှင်ချန်သည် ခေါင်းညိမ့်ပြကာ သူ့လက်အားမြှောက်၍ အရှေ့ဖက်လမ်းဆီသို့ ညွှန်ပြကာ တီးတိုးပြောသည်။
“အဲ့လမ်းက ကျန်းမိသားစုပိုင်တဲ့ လမ်းလေ ပြီးတော့ သခင်လေးကျန်းက အဲ့လမ်းကို ကြည့်ရှူတဲ့နေရာမှာ ကူညီနေတာလေ၊ ဒါကြောင့် ဘယ်သူကမှ သခင်လေးကျန်းကို မထိရဲဘူး”
“ရှင်က သခင်လေးကျန်းကို ကြောက်နေသလိုပဲနော်”
ကျီကျောက်သည် မျက်ခုံးပင့်ကာ သူမ မျက်၀န်းများမှာ သိချင်စိတ်ဖြင့် ပြည့်နေသည်။
ဆိုင်ရှင်ချန်သည် တစ်ခုခု ပြောချင်ပေမဲ့ တုံ့ဆိုင်းနေမိသည်။ ထို့နောက် သူက ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။
“ သခင်မရှန်းက ဉာဏ်ကောင်းတဲ့ သူတစ်ယောက်ပါ၊ သခင်မ ချွင်းဖုန့်စားသောက်ဆိုင်ကို ဖြေးဖြေးမှန်မှန်လေး ဆက်ဖွင့်ချင်ရင် မထိသင့်တဲ့သူတွေကို မထိလိုက်ပါနဲ့၊ မဟုတ်ရင် သခင်မ သေချာပေါက် ဒုက္ခရောက်ပါလိမ့်မယ်”
“ အကြံပေးပေးလို့ ကျေးဇူးပါ ဆိုင်ရှင်ချန်” ကျီကျောက်သည် ကျေးဇူးတင်စွာ ပြုံးပြသည်။
“ဒါပေမယ့် ကျွန်မက အဲ့ဒီစက်ဆုပ်စရာလူတွေကို ရန်မစလိုပေမဲ့ သူတို့ကို ကျွန်မ ကြောက်မနေပါဘူး”
ထိုစကားကို ကြားလိုက်ရသဖြင့် ဆိုင်ရှင်ချန်သည် ကျီကျောက်အား ရှုပ်ထွေးနေသည့် အကြည့်ဖြင့် ကြည့်သည်။
ကျီကျောက်သည် နောက်သို့မလှည့်ခင် သူ့အား ဖြည်းညှင်းစွာ ခေါင်းညိမ့်ပြ၍ ချွင်းဖုန့်စားသောက်ဆိုင်ထဲသို့ ၀င်သွားသည်။
ချွင်းဖုန့်စားသောက်ဆိုင်အား စီးပွားရေးလုပ်ငန်းအဖြစ် ဖွင့်ကတည်းက စားပွဲ နှစ်ခုစာ စားသုံးသူများသာ ရပေးသည်။ လုပ်ငန်းမှာ တိုးတက်မှု မရှိသေးပေမဲ့ ကျီကျောက် စိတ်ထဲမှ သိသည်က ဆိုင်ဖွင့်ဖို့ထက် ဆိုင်ထိန်းသိမ်းဖို့က ပိုလွယ်သည်ကိုပင်။ ထို့ကြောင့် သူမ အလျင်မလိုပေ။
သခင်မကြီးချင် ပြောခဲ့သလို မွှေးပျံ့သည့် သေရည်အရက်သည် လမ်းကြိုလမ်းကြားများအား မကြောက်ရွံ့ပေ။
ကျီကျောက်သည် ခဏလောက်တွေးလိုက်ကာ စားဖိုဆောင်ထဲသို့ လျှောက်သွားသည်။
သူမသည် မုန့်တချို့လုပ်ရန် ပြင်ဆင်၍ ချင်အိမ်တော်သို့ ကိုယ်တိုင်သွားပို့ရန် ပြင်ဆင်သည်။ ထို့အပြင် သခင်မချင်သည် သူမအား အများကြီး ကူညီခဲ့သည်။
***