အကြီးဆုံးသခင်လေးကျန်းကို အပြစ်ပြုမိခဲ့တယ်။
Vol. 23 Ch. 336
ဆောင်းဦးအ၀င်ကာလဖြစ်သဖြင့် ယွင်ချွမ်မြို့တော်မှာ ပို၍ အေးစိမ့်လာခဲ့သည်။
သို့ပေမဲ့ ဒီအအေးဒဏ်သည် အဆုတ်အား ခြောက်ကပ်နိုင်စေသဖြင့် ကျီကျောက်သည် သစ်တော်သီးနှင်းမှိုစွပ်ပြုတ်ချိုချိုလေး တချို့နှင့် ဖရုံကိတ်တချို့အား ပြုလုပ်ရန် ဆုံးဖြတ်ခဲ့သည်။
ပဲအနှစ်များဖြင့် ပြည့်နှက်နေသည့် ဖရုံကိတ်လေးမှာ လျှာဖျားသို့ ချိုမြိန်မှုအရသာ နှစ်ဆအား ယူဆောင်လာနိုင်သည်။
နေ့လယ်ခင်းအချိန် တစ်၀က်ခန့်လောက်အထိ သခင်မကြီးချင်သည် အိမ်တော်၏ ငွေစာရင်းများအား စစ်ဆေးနေခဲ့သည်။
“ သခင်မလျို့ မကွာရှင်းခင် ဘဏ္ဍာတိုက်မှာ အဖိုးတန်ပစ္စည်း အတော်များများ ပျောက်ဆုံးနေတာကို မေးမြန်းသိရှိခဲ့ရပါတယ်” အထိန်းတော်ဝူသည် သခင်မကြီးချင်ရှေ့သို့ အလျင်အမြန် လျှောက်လာကာ မျက်မှောင်ကြုတ်ရင်း ပြောသည်။
“ကျွန်တော်မျိုးမ သိရသလောက် ပြည်သူ့ဘဏ္ဍာတိုက်မှာ ငွေလျန်း ( ၃,၀၀၀ ) ခန့် ပျောက်ဆုံးနေတယ်လို့ အကြမ်းဖျင်း ခန့်မှန်းမိပါတယ်”
“ငွေလျန်း ( ၃,၀၀၀ )လား” ဒီပမာဏအားကြားပြီးနောက် သခင်မကြီးချင် အနည်းငယ် အံ့ဩမိသွားသည်။ ထို့နောက် သူမ လှောင်ရယ်မိလိုက်သည်။
“သူမ ဘယ်လိုများ ပြည်သူ့ဘဏ္ဍာတိုက်ကို ထိရဲရတာလဲ”
“ သခင်မ ဘယ်လိုစီစဉ်ထားလဲ” အထိန်းတော်ဝူသည် တိုးတိုးလေး မေးသည်။
“ အခု သခင်မလျို့က ကွာရှင်းပြီပြီမလား၊ ကျွန်တော်မျိုးမ ကြားရသလောက် ဒုတိယသခင်ကြီး ရေးပေးလိုက်တဲ့ ကွာရှင်းစာချုပ်ကို သခင်မလျို့က ဆုတ်ဖြဲပစ်လိုက်တယ်တဲ့၊ ဒါ့အပြင် လျှို့မိသားစုပြောတာက သခင်မလျို့က စိတ်ကစဉ့်ကလျား ဖြစ်နေတယ်တဲ့လေ၊ ဒုတိယသခင်ကြီးကသာ ကွာရှင်းစာချုပ် ထပ်ပို့လာခဲ့ရင် ချင်မိသားစုနဲ့ လျှို့မိသားစုက ရန်ဖက်တွေ ဖြစ်လာရလိမ့်မယ်တဲ့”
“ အဆင်ပြေပါတယ်ကွယ်” သခင်မကြီးချင်သည် မထူးမခြား ပြုံးပြလာသည်။
“တို့ မသေသေးပါဘူး၊ ပြည့်သူ့ဘဏ္ဍာတိုက်က ငွေစာရင်းတွေက ကြီးမားတဲ့ အပေါက်ကြီး ဖြစ်နေတာဆိုတော့ တစ်ယောက်ယောက်က အဲ့ငွေစာရင်းတွေကို ဖြည့်ပေးရမှာပေါ့၊ သခင်မလျို့က မင်ယောင်ကိုတော့ ဂရုစိုက်သေးတယ်မလား၊ သူမက ပြည်သူ့ဘဏ္ဍာတိုက်ကို အကြွေးတင်စေတာဆိုတော့ ယို့ရန်ဆောင်ရဲ့ အသုံးစရိတ်တွေကို လျှော့ချလိုက်ကြတာပေါ့”
သူမသည် ကြင်နာတဲ့သူမျိုး မဟုတ်ပေ။ သခင်မလျို့က ပြည်သူ့ဘဏ္ဍာတိုက်ကိုတောင် ပြောင်ရှင်းအောင် လုပ်ရဲတယ်ဆိုမှတော့ သူမ၏ သားဖြစ်သူက သူမ အစား ပြန်ပေးဆပ်သင့်တာပေါ့။
ယို့ရန်ဆောင်။
ချင်မင်ယောင်သည် သူ့အသုံးစရိတ်များ လျှော့ချခံထားရသည်အား သိလိုက်ရပြီးနောက် သူ ဒေါသထွက်လာခဲ့သည်။
သူသည် အမျက်ဒေါသထွက်မှုဖြင့် စုတ်တံ၊ မှင်၊ စာရွက်နှင့် မှင်သွေးကျောက် တစ်စုံလုံးအား ရိုက်ခွဲလိုက်သည်။
ချင်မင်ဟုန် ပြန်ရောက်လာတည်းက သူ့အတွက် အရာအားလုံး မှားယွင်းလာခဲ့သည်။
သူ့အမေပြောတာ မှန်တယ်။ ချင်မင်ဟုန်က စိတ်ရှုပ်စရာကောင်းတဲ့ ပိုးကောင် ဖြစ်သည်။ ဒီပိုးကောင်အား ချေမွဖျက်ဆီးနိုင်မှသာ သူ ကောင်းကောင်း နေနိုင်ပေမည်။
တစ်နာရီခန့်ကြာပြီးနောက်။
သခင်မကြီးချင်သည် ထမင်းလုံးနှင့် ဇွန်းအား စိတ်ကျေနပ်စွာအောက်ချလိုက်သည်။ သူမသည် ကျီကျောက်အား ပို၍ ညင်သာစွာ ကြည့်လိုက်သည်။
“ မင်းရဲ့ ဟင်းချက်လက်ရာကတော့ တကယ် အံ့မခန်းပါပဲကွယ်၊ ဒီ သစ်တော်သီးနှင်းမှိုစွပ်ပြုတ်က မဆိုးလှဘူး”
“ သခင်မကြိုက်တယ်ဆို ကျွန်မ နောက်မှ အထိန်းတော်ဝူကို ချက်ပြုတ်နည်း ထားခဲ့ပေးပါ့မယ်၊ ဒါမှပဲ သခင်မသောက်ချင်တဲ့ အချိန်တိုင်း သောက်နိုင်ပါလိမ့်မယ်” ကျီကျောက်က အပြုံးဖြင့် ညင်သာစွာ ပြောသည်။
“ကောင်းပါပြီကွယ်” သခင်မကြီးချင်သည် တောက်ပစွာ ပြုံး၍ ခေါင်းညိမ့်ပြသည်။
“တို့မင်းပြောတာ နားထောင်ပါ့မယ်”
“ သခင်မ ကျွန်မကို ကျန်းမိသားစုအကြောင်း ပြောပြပေးလို့ရမလား” ကျီကျောက်သည် သူမ မျက်လုံးထဲသို့ ကြည့်လိုက်ရင်း သူမ၏ လေသံမှာ ပို၍ပင် လေးနက်လာသည်။
“ ကျန်းမိသားစုလား” သခင်မကြီးချင်သည် အလွန်အမင်း ပဟေဠိဖြစ်သွားမိသည်။
“ရုတ်တရက်ကြီး အာ့ထောင်က ကျန်းမိသားစုအကြောင်း ဘာလို့မေးတာလဲကွဲ့”
“ကျွန်မ ကျန်းမိသားစုရဲ့ အကြီးဆုံးသခင်လေးကျန်းကို အပြစ်ပြုမိသလို ဖြစ်ခဲ့လို့ပါ” ကျီကျောက်သည် ကူရာမဲ့စွာ ပုခုံးတွန့်လိုက်ရင်း ပြုံးပြသည်။
“အိုး”
ခဏကြာပြီးနောက် သခင်မကြီးချင်သည် မျက်မှောင်ကြုတ်ကာ သူမ မျက်လုံးများမှာ မဲမှောင်လာသည်။
“ မင်းတွေ့ခဲ့ရတဲ့ ကျန်းမိသားစုရဲ့ အကြီးဆုံးသားက တကယ်တော့ သခင်မကျန်းက မွေးဖွားခဲ့တာ မဟုတ်ဘူး” သခင်မကြီးချင်သည် ကျီကျောက်အား ပန်းလက်ဖက်ရည်တစ်ခွက်အား ကိုယ်တိုင် ငှဲ့ပေးလာ၍ သက်ပြင်းဖွဖွ ချလိုက်မိသည်။
“ကျန်းမိသားစုရဲ့အကြီးဆုံးသားက အုပ်ချုပ်ရေးမှူးကျန်းရဲ့ ကိုယ်လုပ်တော်ကနေ ဖွားမြင်လာခဲ့တာလေ၊ ဒါပေမယ့် ကိုးနှစ်ခန့်အကြာက သခင်မကျန်းက သခင်မလေးကျန်းကို ဖွားမြင်တဲ့အချိန် အဲ့ဒီကိုယ်လုပ်တော်ကလဲ နာမကျန်းမှုကြောင့် ကွယ်လွန်သွားခဲ့ရတယ်”
“ အရာရှိကျန်းက အရာရှိတစ်ယောက်ဆိုပေမဲ့ သူက မိသားစုအရေးကိစ္စတွေကို ကောင်းကောင်း မကိုင်တွယ်နိုင်ဘူး၊ ဒါပေမယ့် ကျန်းမိသားစုရဲ့ အကြီးဆုံးသားက အတော်လေး လုပ်နိုင်စွမ်းရှိတယ်၊ သူက စီးပွားရေးလုပ်တဲ့နေရာမှာ တော်ပြီးတော့ ခုနှစ်နှစ်အတွင်းမှာ စီးပွားရေးအချက်ချာကျတဲ့ လမ်းတစ်ခုကို ၀ယ်နိုင်ခဲ့တယ်”
သခင်မကြီးချင်မှ ကျန်းမိသားစု အကြောင်းအား အနည်းငယ် ပြောပြပေးခဲ့သော်ငြား သူမ စကားလုံးများထဲမှ ပိုနက်နဲသည့် အဓိပ္ပါယ်များ ကွယ်ဝှက်ထားသည်အား ကျီကျောက် ကြားနိုင်ပါသေးသည်။ ဥပမာအနေဖြင့်ဆို သခင်လေးကျန်း၏ မိခင်အရင်းမှာ သခင်မကျန်း မွေးဖွားနေချိန်တွင် ကွယ်လွန်သွားသည် ဆိုတာမျိုး ဖြစ်သည်။ ဒီစကားလုံးများထဲတွင် အခြား ပိုနက်နဲသည့် အဓိပ္ပါယ်များ ပါ၀င်နိုင်သည်။
“ဒါပေမယ့် မင်း အရမ်းကြီး မစိုးရိမ်နေပါနဲ့ကွယ်” သခင်မကြီးချင်သည် ကျီကျောက်၏ တွေးစစ အမူအရာအား ကြည့်လျက် အလျင်အမြန် နှစ်သိမ့်ပေးသည်။
“ မနက်ဖြန်မနက်ကျရင် တို့နဲ့အတူ ကျန်းအိမ်တော်ကို လိုက်ခဲ့လေ”
“ကောင်းပါပြီရှင့်” ကျီကျောက်သည် နာခံစွာ ခေါင်းညိမ့်ပြသည်။
ကိုးလပိုင်းနှစ်ဆယ့်ရှစ်ရက်နေ့သည် လှပ၍ နေသာသည့် နေ့လေး တစ်ရက် ဖြစ်သည်။
မနက်ခင်းစောစောတွင် ကျီကျောက်သည် မီးဖိုချောင်ထဲ၀င်ကာ မနက်စာ အမျိုးမျိုး ချက်ပြုတ်နေသည်။
သိုးသားနှင့် ကြက်သွန်မြိတ် ရောထားသည့် ဖက်ထုပ်ပေါင်း၊ တရုတ်နံနံအုပ်ထားသည့် သိုးသားစွပ်ပြုတ်နှင့် သိုးသားလိပ်တို့ ဖြစ်သည်။
သခင်မကျန်းဆီ သွားရောက်လည်ပတ်ရမည် ဖြစ်သဖြင့် သခင်မကျန်း၏ အကြိုက်အား ဖြည့်ဆည်းပေးရမည်ကို သူမ စဉ်းစားခဲ့သည်။
သူမသည် နူးအိပြီး ချိုမြိန်သည့် ကြက်ဥကိတ်များလည်း လုပ်ခဲ့သည်။ ကြက်ဥနှင့် သကြားသာ အသုံးပြုပြီး ရေတစ်စက်မှ မထည့်ခဲ့ပေ။
သခင်မကြီးချင်သည် ကြက်ဥကိတ် တစ်ပိုင်းအား မြည်းကြည့်ပြီးနောက် သူမအား ချီးကျူးလာခဲ့သည်။
“အဲ့ကလေးမလေးရုန်ရုန်လဲ အချိုမုန့်တွေ ကြိုက်တယ်၊ ဒါကို သူမ သေချာပေါက် ကြိုက်လိမ့်မယ်”
ရထားလုံးအား မှီလျက် ရှိနေသည့် ကျီကျောက်သည် ပြုံး၍ ပြောသည်။
“ သခင်မ အဲ့နေ့က ကျွန်မ ရုန်ရုန့်မျက်နှာကို တွေ့ခဲ့ပါတယ်”
“ မင်းရော ရုန်ရုန်က ရုပ်ဆိုးတယ်လို့ထင်လား” ချန်ဖန့်ရုန်သည် မသိစိတ်မှ ကျီကျောက်၏ အမူအရာအား အသေးစိတ် အကဲခတ်ကြည့်လိုက်မိသည်။ သို့ပေမဲ့ သူမ မျက်နှာတွင် မည်သည့် ရွံရှာမှု အထင်သေးမှုမှ မတွေ့ရပေ။
ကျီကျောက်က ခေါင်းခါပြသည်။ “လူတစ်ယောက်ရဲ့ အသွင်အပြင် တစ်ခုထဲကို အခြေခံပြီး လှတယ်၊ ရုပ်ဆိုးတယ် အကဲဖြတ်တာက မယဉ်ကျေးရာရောက်ပါတယ်၊ ဒါ့အပြင် ရုန်ရုန်ရဲ့ မျက်လုံးတွေက အရမ်းကြည်လင်ပါတယ်၊ သူမက ကြင်နာတဲ့နှလုံးသားရှိတဲ့ ကလေးလိမ္မာလေးတစ်ယောက်ပါ”
ဒီစကားအားကြားသည့်အခါ သခင်မကြီးချင်သည် ရယ်မောလိုက်မိသည်။ သို့ပေမဲ့ သူမသည် ကျီကျောက်လက်အား ကိုင်လိုက်ကာ နှစ်ကြိမ်ခန့် ဖွဖွလေး ပွတ်သပ်လာသည်။ “မိန်းမငယ်လေး မင်းက ရုန်ရုန်ထက် နှစ်အနည်းငယ်ပဲ ကြီးတာလေ၊ ဘာလို့ အရမ်း ရင့်ကျက်နေရတာလဲကွယ့်”
ဒီကမ္ဘာတွင် သူမသည် အသက် ဆယ့်ခုနှစ်နှစ်ခန့်သာ ရှိသေးသည်အား မေ့လုနီးနီး ဖြစ်သွားသည်။
သူမသည် ကျန်းရုန်ရုန်ထက် ရှစ်နှစ်ခန့်သာ ပိုကြီးသည်။
“ရုန်ရုန်က မွေးရာပါ နှုတ်ခမ်းကွဲနဲ့ မွေးလာတယ်ဆိုပေမဲ့ သူမက တကယ့်ကို ကြင်နာတတ်တဲ့ နှလုံးသားရှိတဲ့ ကလေးလိမ္မာလေးပါကွယ်” သခင်မကြီးချင်သည် သက်ပြင်းချလိုက်မိသည်။
“ သခင်မကျန်းကလဲ ခါးသီးတဲ့ဘ၀ရှိတဲ့ သူတစ်ယောက်ပါကွယ်၊ သူမက အုပ်ချုပ်ရေးမှူးကျန်းကို သူ့ပထမဇနီး ကွယ်လွန်ပြီးနောက်မှာ လက်ထပ်ခဲ့ပြီး ကလေးနှစ်ယောက် မွေးပေးခဲ့တယ်၊ ကံမကောင်းတာကတော့ ကလေးနှစ်ယောက်လုံးရဲ့ အသွင်အပြင်တွေက…”
“ဒုတိယသခင်လေးကျန်းမှာရော မွေးရာပါ နှုတ်ခမ်းကွဲ ရှိလို့လား”
သခင်မကြီးချင်သည် ခေါင်းဖွဖွခါပြသည်။ “ကျန်းယွဲ့မှာက မွေးရာပါ နှုတ်ခမ်းကွဲ မရှိဘူး၊ သူ ငယ်ငယ်တည်းက သူ့မျက်နှာမှာ အမှတ်တွေ အပြည့်ရှိနေရုံပါ၊ အဲ့တာကြောင့်မို့ သူ့ရဲ့ လက်ထပ်ထိမ်းမြားမှုက အရမ်းခက်ခဲနေခဲ့တာလေ”
ထို့နောက်မှသာ ကျီကျောက် နားလည်သွားသည်။
“ယုတ္တိရှိရှိပြောရမယ်ဆို ဖန်မိသားစုရဲ့ အဆင့်တန်းက ကျန်းမိသားစုထက် အများကြီး နိမ့်ကျတာပေါ့၊ သခင်မလေးဖန်က ကျန်းမိသားစုထဲကို လက်ထပ်ပြီး မ၀င်ရောက်လာနိုင်လောက်ဘူး၊ အဲ့နေ့က ချွင်းဖုန့်စားသောက်ဆိုင်မှာ ဖန်မိသားစုက စားပွဲကျင်းပခဲ့ပြီး သခင်မကို အောင်သွယ်တော်အဖြစ် ဖိတ်ကြားခဲ့တယ်၊ သခင်မလေးဖန်မှာသာ သူမ နှစ်သက်တဲ့ ခင်ပွန်းလောင်းမရှိခဲ့ရင် အဲ့ဒီလက်ထပ်ပွဲက စီစဉ်ပြီးကောင်း စီစဉ်ပြီးလောက်ပြီနော်”
“ အမှန်ပါပဲကွယ်” သခင်မကြီးချင်သည် ပြုံးရင်း ခေါင်းညိမ့်ပြလျက် သူမသည် ကျီကျောက်အား သဘောတကျ ကြည့်လိုက်သည်။
“အာ့ထောင် မင်းက ဒီကိစ္စတစ်ခုလုံးကို ခြံငုံပြီး မြင်နိုင်လောက်အောင်ကို အတော်လေး ဉာဏ်ကောင်းပါပေတယ်”
“အဲ့နေ့က သခင်မကျန်း အမျက်ထွက်တာ အံ့ဩစရာ မရှိဘူး၊ သခင်မလေးဖန်က ဒုတိယသခင်လေးကျန်းကို သဘောကျနေတာလို့ သူမ ထင်ခဲ့မိတာကိုး”
သို့ပေမဲ့ သခင်မလေးဖန်သည် အကြီးဆုံးသခင်လေးကျန်းနှင့် လျှို့ဝှက်စွာ ချစ်ကျွမ်း၀င်ခဲ့ကြသည်။ ထို့ကြောင့် သခင်မကျန်းသည် သူမ လက်ထပ်ချင်တဲ့သူမှာ အကြီးဆုံးသခင်လေးကျန်း ဖြစ်ကြောင်း ပြောသည့်အခါ အလွန်အမင်း စိတ်ဆိုးခဲ့သည်။
ကျီကျောက်သည် ထိုနေ့က ကျန်းရုန်ရုန် ပြောသည့် စကားအား ရုတ်တရက် တွေးမိသွားသည်။ ဒုတိယသခင်လေးကျန်း၏ မျက်နှာမှ အမှတ်များမှာ သူ့ဘာသာ ရေးဆွဲထားခဲ့ခြင်းဖြစ်ပုံရသည်။
ကျီကျောက် သူမ အတွေးများထဲ ပျောက်ဆုံးသွားချိန်တွင် ရထားလုံးမှာ ရပ်တန့်သွားသည်။
သခင်မကျန်းသည် တံခါးမကြီး အပြင်ဖက်မှ သူမတို့အား စောင့်နေလျက် ကိုယ်တိုင် လာကြိုဆိုသည်။
“ရာသီဥတုက အခုအတော်လေး အေးလာတယ်ဆိုပေမဲ့ မနက်ဖက်မှာ နေနဲနဲပြင်းတယ်မလား၊ ဘာလို့ အပြင်မှာထွက်စောင့်နေရတာလဲ” သခင်မကြီးချင်သည် ရထားလုံးထဲမှထွက်ကာ သခင်မကျန်းအား ပြုံးပြသည်။
“ရှင်ဒီကိုလာတာ ကျွန်မ၀မ်းသာမိတယ်ရှင်” သခင်မကျန်းသည် ပျော်ရွှင်စွာ ပြုံး၍ ပြောသည်။
“ ဧည့်သည်ခန်းထဲသွားကြရအောင် အထိန်းတော်ကို ရှင့်အကြိုက် ကွေ့ဟွားကိတ်မုန့် လုပ်ခိုင်းထားလိုက်မယ်”
***