← Chapters

အကြားအမြင်အာရုံရှိခြင်း။

Vol. 24 Ch. 340

အကြားအမြင်အာရုံရှိခြင်း။

Vol. 24 Ch. 340

ကျီကျောက် စာအုပ်ထဲက ကမ္ဘာအား ရောက်ရှိလာကတည်းက သူမ အမြဲတမ်းလိုလို အရမ်းကံကောင်းသည်ဟု ခံစားရသည်။ သူမထင်တာက ဒါက အချိန်ခရီးသွားရဲ့ ကံကောင်းခြင်း ဖြစ်လိမ့်မည်ဟုပင်။

သို့ပေမဲ့ နောက်ပိုင်း ဖြစ်ပျက်ခဲ့သည့် အရာများမှာ ပို၍ပင် ဆန်းကြယ်လာသည်။

သာဓက‌အနေဖြင့် သူမ ယောက္ခထီး ရေထဲပြုတ်ကျပြီး သေမည်ဟု သူမ အိမ်မက်မက်ခဲ့သည်။ ရှန်းအာ့လန်မှ ရေနစ်သေမည်ကိုလဲ သူမ မြင်နိုင်ခဲ့သည်။ ရှန်းတစ်မိသားစုလုံး မီးလောက်တိုက်သွင်းကာ အသတ်ခံရမည့် မြင်ကွင်းကိုလည်း သူမ မြင်နိုင်ခဲ့သည်။

အစပိုင်းတွင် ဒါတွေက ကမ္ဘာမြေဘုရား၏ ကာကွယ်စောင့်ရှောက်ပေးမှုအား ကျေးဇူးတင်သင့်သည်ဟု ရိုးရှင်းစွာ တွေးခဲ့မိသည်။ ဒါပေမယ့် အခုတော့ ဒီအရာတွေမှာ ရုတ်တရက် မရိုးရှင်းတော့သည်အား ခံစားရသည်။

ကျီကျောက်၏ စကားများအား ကြားပြီးနောက် နတ်ဆေးသမားတော် ရှန်းဟယ်မှာ အလွန်အမင်း အံ့ဩသွားမိသည်။

သူ့တပည့်လိမ္မာလေးမှာ ဒီလိုမျိုး ဖုံးကွယ်ထားသည့် စွမ်းရည်မျိုး ရှိလိမ့်မည်ဟု မထင်ထားမိပေ။

“ရက်အနည်းငယ်လောက်က ချွင်းဖုန့်စားသောက်ဆိုင်မှာ ကျန်းလီကို တပည့် စမြင်ထဲက ဒီလူရဲ့ မျက်လုံးတွေက မကြည်လင်နေတာကို ခံစားရတယ်၊ ပိုအရေးကြီးတာက တပည့် ကြောက်လန့်ဖွယ် အိမ်မက်မက်ခင်ထဲက သူ့ကိုမြင်တိုင်း မသက်မသာ ခံစားနေရတာကိုပါပဲ” ကျီကျောက်သည် မျက်မှောင်ကြုတ်ကာ ဆက်ပြောရန်ပြင်လိုက်စဉ် သူမ နှလုံးသားထဲမှ နာကျင်မှုတစ်ခုအား ခံစားလိုက်ရသည်။

“ ကျောက်ကျောက် မပြောနဲ့တော့” ရှန်းယောင်သည် သူမ မျက်နှာမှာ ပိုပြီး ဖျော့တော့လာသည်ကို မြင်ရသဖြင့် စိုးရိမ်ပူပင်လာတော့သည်။

“နတ်ဆေးသမားတော် ရှန်းဟယ် ကျွန်တော့်ကိုခွင့်လွှတ်ပေးပါဗျ၊ ကျောက်ကျောက်က အခြားသူတွေကို သူမ အိမ်မက်ထဲမှာ ဖြစ်တာတွေ ပြောလိုက်တာနဲ့ သူမ နာကျင်မှုကို ခံစားရတာပါပဲ၊ တခါတလေ သူမ ခေါင်းကိုက်ဝေဒနာ ခံစားရသလို တခါတရံ သူမ နှလုံးသားနာကျင်လာတဲ့ဒဏ်ကို ခံစားရပါတယ်”

“မှော်ပညာအတတ်ပညာက မှော်ဆန်ပြီးတော့ နက်နဲလွန်းလှပါတယ်၊ မင်းမှာသာ ဒီလိုအမြင်အာရုံမျိုးရှိရင် ဒါက ကောင်းကင်ဘုံရဲ့ အလိုဆန္ဒပဲကွယ့်” နတ်ဆေးသမားတော် ရှန်းဟယ်သည် ဖြေးညှင်းစွာ ပြောသည်။

“ မင်းရဲ့ အိမ်မက်ထဲမှာ မဖြစ်လာသေးတဲ့ မကောင်းမှုတွေကို မြင်နိုင်တယ်ဆိုရင် ဒီလိုအတတ်ပညာမျိုးက ရှေးဟောင်းဗုဒ္ဓကျမ်းစာတွေထဲမှာ မှတ်တမ်းတင်ထားတယ်”

“လူတိုင်းမှာ အမြင်အာရုံတွေ ရှိကြတယ်၊ ဗုဒ္ဓဘာသာအရ သာမာန်ပကတိ အမြင်အာရုံလို့ ခေါ်ကြတယ်၊ သာမာန်ပကတိအမြင်အာရုံ ဆိုတာ ပုံမှန်လူတွေရဲ့ အမြင်အာရုံကို ဆိုလိုတယ်၊ ဒါပေမယ့် ရှေးဟောင်း ဗုဒ္ဓကျမ်းစာတွေထဲမှာ အမြင်အာရုံငါးပါးရှိကြတယ်၊ ပကတိအမြင်အာရုံ၊ အကြားအမြင်အာရုံ၊ ပညာဉာဏ်အမြင်အာရုံ၊ ဓမ္မဉာဏ်အမြင်အာရုံနှင့် သဗ္ဗညုတဉာဏ်အမြင်အာရုံ တို့ပဲဖြစ်တယ်”

နတ်ဆေးသမားတော် ရှန်းဟယ်သည် ရုတ်တရက် သူ ဖာ့ဟွားကျောင်းတော်တွင် ဖတ်ခဲ့သည့် ရှေ့ဟောင်းဗုဒ္ဓ၀င်ကျမ်းအား တွေးမိသွားကာ ဖြေးညှင်းစွာ ပြောသည်။

“ငါ့တပည့်အလိမ္မာလေး မင်းက မင်းရဲ့ အကြားအမြင်အာရုံကို ဖွင့်လိုက်နိုင်ခဲ့တာ ဖြစ်လောက်မယ်”

“ အကြားအမြင်အာရုံလား”

ကျီကျောက်သည် ဒီစကားလုံးအား ကြားသည့်အခါ ပို၍ ရှုပ်ထွေးလာပုံ ပေါ်လာသည်။

“ဗုဒ္ဓဘာသာအရ အရွေးချယ်ခံရတဲ့ သူတွေကသာ အကြားအမြင်အာရုံကို ရရှိနိုင်တယ်၊ သူတို့ရဲ့ အကြားအမြင်အာရုံကို ဖွင့်နိုင်တဲ့သူတွေက အတိတ်နဲ့ အနာဂတ်ကို မြင်နိုင်ကြတယ်” နတ်ဆေးသမားတော် ရှန်းဟယ်သည် ခဏလောက် တွေးလိုက်ကာ မေးသည်။

“ အရင်နှစ်က မင်း တောင်ပေါ်က လိမ့်ကျခဲ့တယ်မလား”

“ဟုတ်ကဲ့” ကျီကျောက်သည် ရုတ်ချည်း ခေါင်းညိမ့်ပြသည်။

သူမ ဒီကမ္ဘာထဲ ပထမဆုံးစရောက်ချိန်တွင် မူလခန္ဓာကိုယ် ကျီ‌အာ့ထောင်သည် ကျီမိသားစု၏ ပစ္စည်းဥစ္စာများအား ခိုးယူပြီး ကျောင်းတော်သားကျောက်နှင့် ခိုးရာလိုက်ပြေးချင်ခဲ့သည်။ သို့ပေမဲ့ ကျောင်းတော်သားကျောက်သည် ကတိအတိုင်း မရောက်လာခဲ့ပေ။ မူလကိုယ်သည် တောင်ပေါ်မှ ပြုတ်ကျကာ သူမ ခေါင်းထိသွားခဲ့သည်။

မည်သူမှ မထင်ထားသည်က ထိုအချိန်တွင် မူလကိုယ်ရဲ့ဝိညာဉ်မှာ သူမနှင့် ပြောင်းလဲသွားခဲ့သည်။

“ဆရာ မမှားဘူးဆိုရင် မင်းက အရွေးချယ်ခံခဲ့ရတာ ဖြစ်နိုင်တယ်၊ မင်းခေါင်းထိသွားခဲ့ပေမဲ့ မင်းရဲ့ အကြားအမြင်အာရုံကို ဖွင့်သွားနိုင်ခဲ့တာမို့ မင်းအိမ်မက်ထဲမှာ အနာဂတ်ကို မြင်နိုင်တာပဲ ဖြစ်မယ်”

နတ်ဆေးသမားတော် ရှန်းဟယ်သည် ရုတ်တရက် တစ်ခုခုအား တွေးမိသွားသည်။

“တပည့်အလိမ္မာလေး တကယ်တော့ မင်းရဲ့ လက္ခဏာ ရှစ်ပါးကို ဆရာ မြင်ပြီးပါပြီ၊ မင်းရဲ့ ကံကြမ္မာက နည်းနည်း ပုံမှန် မဟုတ်ဘူး”

ကျီကျောက်၏ ကံမှာ အလွန်အမင်း ကောင်းမွန်လွန်းလှသည်။ သူမသည် ကောင်းကင်ဘုံ၏ သမီးတော်ဟုပင် ခေါ်နိုင်သည်။

သို့ပေမဲ့ သူမ၏ ကံကြမ္မာမှာ ချို့ယွင်းချက် ရှိနေသည်။ သေရာမှ ပြန်လည်ရှင်သန်လာသည့် လူတစ်ယောက်သည် ဘေးဒုက္ခနှင့် ကြုံရရင် ကံပါလာပေလိမ့်မည်။ နတ်ဆေးသမားတော် ရှန်းဟယ်သည် ကျီကျောက်နှင့် တွေ့ဆုံချိန်တွင် သူမ၏ ကံကြမ္မာမှာ ပို၍ ပြင်းထန်လာသည်။

ရွှေရောင်အလင်းတန်းအမျှင်များပင် ထွက်ပေါ်နေခဲ့သည်။

ဒီလိုရွှေရောင်အလင်းများမှာ ကုသိုလ်စွမ်းအားများပင် ဖြစ်သည်။

“ကောင်းကင်ဘုံရဲ့ လိုအင်ဆန္ဒပါပဲ၊ အများကြီး တွေးတာက စိုးရိမ်မှုပဲ ဖြစ်စေနိုင်ပါတယ်” ကျီကျောက်၏ မျက်မှောင်ကြုတ်နေသည့် အမူအရာအား မြင်ရသဖြင့် နတ်ဆေးသမားတော် ရှန်းဟယ်သည် သူမအား နှစ်သိမ့်ပေးသည်။

“တပည့်လိမ္မာလေး အရမ်းမတွေးနဲ့တော့”

“ အင်း” ကျီကျောက်သည် ခေါင်းညိမ့်ပြလိုက်သည်။

သူမသည် ခဏလောက် တွေးလိုက်ကာ ရှန်းယောင်လက်အား ကောက်ယူ၍ သူ့လက်ဖဝါးအား လက္ခဏာဖတ်လိုက်သည်။

မီလား။

“ ကျောက်ကျောက် မင်းအိမ်မက်နဲ့ သက်ဆိုင်မှုရှိနေလို့လား” ရုတ်တရက် ရှန်းယောင် မေးသည်။

“ အစ်ကိုချင် ပြောဖူးတာ ကျွန်မကြားဖူးမိလို့ပါ ယွင်ချွမ်မြို့ရဲ့ ဆင်ခြေဖုံးဖက်မှာ တောင်တစ်တောင် ရှိတယ်ဆို၊ တောင်က ရှည်လျားမတ်စောက်ပြီး နှစ်ပေါင်းများစွာ ကြာအောင် တိမ်တွေနဲ့ ၀န်းရံထားတာဆို၊ မတ်စောက်တဲ့ မြေပြင်အနေအထားကြောင့် အရမ်းနည်းတဲ့ လူပမာဏပဲ အဲ့ကို ရောက်ဖူးတယ်တဲ့”

“ဒါပေမယ့်…..” ရှန်းယောင်သည် တစ်ခုခုကို တွေးမိလိုက်ကာ အံ့ဩစွာ မော့ကြည့်လိုက်ရာ ကျီကျောက်မှ သူ့အား ခေါင်းညိမ့်ပြလာသည်။

“စိတ်မပူပါနဲ့” ရှန်းယောင်သည် သူမ လက်လေးအား ကိုင်လိုက်ကာ စိတ်ပိုင်းဖြတ်လိုက်သည်။

နောက်တစ်နေ့ ချင်မင်ဟုန်သည် မက်မွန်ပွင့်အိမ်တော်သို့ ရောက်လာသည်။ သူ့လက်ထဲမှ ငှက်သိုက် နှစ်ဘူး အပြင် အမြှီးသေးသေးလေး တစ်ခုသည် သူ့နောက်မှ လိုက်ပါလာသည်။

ကျန်းရုန်ရုန်သည် စိတ်လှုပ်တရှား သူ့၀တ်ရုံစအား ဆွဲ၍ နူးညံ့စွာ မေးလိုက်သည်။ “အစ်ကိုကြီးမင်ဟုန် ဒီနေရာက တကယ်ပဲ မမအာ့ထောင်ရဲ့ အိမ်လား”

“ အင်း” ချင်မင်ဟုန်သည် ကူကယ်ရာမဲ့စွာ ပြန်ဖြေလိုက်သည်။

“တံခါးမခေါက်တော့ဘူးလား”

ကျန်းရုန်ရုန်သည် စိတ်လှုပ်ရှားစွာဖြင့် အရှေ့သို့ လျှောက်လိုက်ချိန်တွင် တံခါးမှ ပွင့်လာသည်။

အလန့်တကြား ဖြစ်သွားသည့် ကျန်းရုန်ရုန်သည် ရုတ်ချည်း ချင်မင်ဟုန်နောက်သို့ ပြေးပုန်းလိုက်သည်။

“ မင်းက ဘယ်သူလဲ” ရှောင်ကျူးသည် သူ့မျက်လုံးများအား ကျဉ်းမြောင်းလိုက်ကာ ရောက်လာသည့် သူများအား စူးစိုက်ကြည့်လိုက်သည်။

“ မင်းကရော ဘယ်သူလဲကွ” ချင်မင်ဟုန်သည် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ သူ အရင်က ‌အာ့ထောင် မောင်လေးအား တွေ့ဖူးသည်။ ဒါကြောင့် သူ့ရှေ့ကလူမှာ သေချာပေါက် အာ့ထောင်၏ မောင်လေး မဟုတ်ကြောင်း သေချာသည်။

“ အစ်ကိုချင်” အပြင်ဖက်မှ ရုတ်ရုတ်သဲသဲအသံများအား ကြားလိုက်သဖြင့် ရှန်းယောင်သည် အပြင်သို့ ထွက်လာကာ သူ့အား နှုတ်ဆက်လိုက်သည်။ နှစ်ဖက်လုံးအား တစ်ဦးကိုတစ်ဦး မိတ်ဆက်ပေးပြီးနောက် သူမသည် ချင်မင်ဟုန်အား အဓိကဧည့်ခန်းမထဲသို့ ဖိတ်ခေါ်လိုက်သည်။

“မီရှန်းလား” ချင်မင်ဟုန်သည် ရှန်းယောင်မှ ရုတ်တရက် မီရှန်းအား ပြောလာလိမ့်မည်ဟု မထင်ထားမိပေ။ သူ့အကြည့်မှာ အနည်းငယ် ထူးဆန်းလာသလို သူ့အမူအရာမှာလဲ ထူးဆန်းလာသည်။

“ ရှန်းယောင် မီရှန်းက ကိုယ်တို့တွေ သွားသင့်တဲ့ နေရာ မဟုတ်ဘူး”

“ဘာလို့လဲ” ရှန်းယောင် ပို၍ သိချင်လာသည်။

“မီရှန်းက ယွင်ချွမ်မြို့တော်နဲ့ ကွေ့ချန်မြို့တော်ကြားက နယ်နိမိတ်တစ်ခုပဲ၊ တော်ဝင်နန်းတော်က ဂရုမစိုက်တဲ့ နေရာတစ်ခုလဲဖြစ်တယ်” လက်ဖက်ရည်တစ်ငုံသောက်ပြီးနောက် ချင်မင်ဟုန်သည် နူးညံ့စွာ ရှင်းပြသည်။

“ကိုယ်ကြားတာတော့ အဲ့တောင်ပေါ်မှာ အတော်လေး အာဏာရှိတဲ့ ဓားပြတွေ နေကြတယ်တဲ့၊ ဆယ်နှစ်အကြာက ကျီနန်ကပ်ဆိုက်မှု ကယ်ဆယ်ရေး ငွေတုံးတွေကို အဲ့ဒီဓားပြတွေက လုယက်ခဲ့တယ်တဲ့လေ၊ ကယ်ဆယ်ရေးငွေတုံးတွေ ပို့ပေးတဲ့ အရာရှိကလဲ အဲ့ဒီဓားပြတွေ သတ်ဖြတ်တာကို ခံခဲ့ရတယ်တဲ့”

“ဒါဆို တော်ဝင်နန်းတော်က ဒီကိစ္စကို လျစ်လျူရှူတာလား” ရှန်းယောင် အနည်းငယ် စိတ်ပျက်သွားမိသည်။

လက်ရှိ တာ့ကျင်းမင်းဆက်သည် အလွန်ညံ့ဖျင်းလှသည်။

“ကိုယ့်အဖေက အဲ့တုန်းက ပြောတာတော့ မင်းသားရှန်းက မီရှန်းက ဓားပြတွေကို သုတ်သင်ဖို့ မှူးမတ်အုပ်စု တစ်စုကို ခေါ်သွားခဲ့တယ်တဲ့၊ ဒါပေမယ့် အဲ့ဒီဓားပြတွေက အရမ်းဉာဏ်များလွန်းကြတယ်”

“ပိုအရေးကြီးတာက တော်ဝင်နန်းတော်က အဲ့ဒီဓားပြတွေဖက်ကို ယုံကြည်ပေးခဲ့ကြတယ်၊ အဲ့တုန်းက မင်းသားရှန်းက နှစ်ရက်အတွင်း မီရှန်းကို မှူးမတ်တပ်သား ၃၀၀၀ ခန့် ဦးဆောင်သွားခဲ့ပေမဲ့ တစ်၀က်လောက် ဆုံးရှုံးခဲ့ရတယ်၊ ဘာကြောင့်ဆို မီရှန်းမှာ တောမီးလောင်နေခဲ့ပြီး မီးတောက်တွေက မိုင်ထောင်ပေါင်းများစွာကို တလိပ်လိပ် တက်နေခဲ့တာတဲ့လေ၊ မင်းသားရှန်းတောင် ခက်ခက်ခဲခဲ လွတ်မြောက်လာခဲ့ရတာ”

“ အရှင်မင်းမြတ်က အမျက်ထွက်ပြီးတော့ မီရှန်းက ဓားပြတွေကို မျိုးဖြုတ်ပစ်ဖို့ အမိန့်ပေးခဲ့တယ်၊ အဲ့နောက်တော့ ဓားပြတွေက တောင်အောက်ကို ဆင်းလာပြီး အရှင့်ရဲ့ ရူးမိုက်မှုကို ခေါင်းစဉ်တပ်ပြီး မရေတွက်နိုင်တဲ့ အပြစ်မဲ့တဲ့လူတွေကို သတ်ဖြတ်ခဲ့တယ်၊ တော်ဝင်နန်းတော်က ဓားပြတွေကို သုတ်သင်နိုင်စွမ်း မရှိတာကြောင့် သူတို့က တဖြည်းဖြည်း အဲ့ဒီဓားပြတွေနဲ့ နားလည်မှု ယူလိုက်ရတယ်၊ တော်ဝင်နန်းတော်က မီရှန်းက ဓားပြတွေနဲ့ ပတ်သက်ပြီး ဘာမှ ထပ်မပြောကြတာကြောင့် ဓားပြတွေကလဲ ရက်စက်တဲ့ လုပ်ရပ်တွေနဲ့ အပြစ်မဲ့တဲ့လူတွေကို ရူးသွပ်စွာ သတ်ဖြတ်တဲ့ လုပ်ရပ်တွေကို မလုပ်ကြတော့ဘူး”

အတိတ်က ဖြစ်ရပ်များအား နားထောင်ပြီးနောက် ရှန်းယောင် အဓိပ္ပါယ်မရှိသလို ခံစားလိုက်ရသည်။

“ တော်ဝင်နန်းတော်က တောင်ဓားပြတွေနဲ့ နားလည်မှု ယူလိုက်ကြတယ်ပေါ့” ရှန်းယောင်သည် သရော်လိုက်မိသည်။

“တောင်ဓားပြတွေက ချေမှုန်းမခံရမချင်း ဘေးဒုက္ခ ကပ်ဆိုးတွေက ရှိနေဦးမှာပဲ”

“ ရှန်းယောင် မင်း ဘာလို့ မီရှန်းအကြောင်း ရုတ်တရက် ပြောလာရတာလဲ” ချင်မင်ဟုန်သည် သူ၏ အေးစက်သည့် အကြည့်အား မြင်ပြီးနောက် စိုးရိမ်စွာ မေးလိုက်သည်။

“တစ်ခုခုဖြစ်လို့လား”

“ဘာမှ မဟုတ်ပါဘူးဗျ” ရှန်းယောင်သည် သူ့ခေါင်းအား ခါပြလိုက်သည်။

“ကျွန်တော်က တော်ဝင်နန်းတော်ကို ဘာများ အကူအညီပေးနိုင်မလဲဆိုပြီး စဉ်းစားနေတာပါ”

ကျောက်ကျောက်သည် သူမ အိမ်မက်က မီရှန်းနှင့် သက်ဆိုင်နေသည်ဟု ပြောကတည်းက ရှန်းယောင်သည် ဘာပဲဖြစ်ဖြစ် သူကိုယ်တိုင် မီရှန်းသို့ သွားရမည်ဟု ခံစားရသည်။ ဘာလိုပင်ဖြစ်ပါစေ၊ ကျောက်ကျောက်၏ အိမ်မက်ဆိုး အမှန်ဖြစ်လာခွင့် မ‌ပြုနိုင်ပေ။

***

All Chapters