ကိုယ့်ကျောက်ကျောက်က တကယ်ပဲ အရမ်းကောင်းတယ်။
Vol. 24 Ch. 341
“မမ အာ့ထောင် မမကို ကြည့်ရတာ နာမကျန်းဖြစ်နေပုံပဲ၊ မမ နေလို့ မကောင်းဘူးလား”
ကျန်းရုန်ရုန်သည် ကျီကျောက်အား ကြည့်၍ စိုးရိမ်ပူပင်စွာ မေးသည်။
“စိုးရိမ်ပေးလို့ ကျေးဇူးပါကွယ် ရုန်ရုန် အစ်မ အဆင်ပြေပါတယ်” ကျီကျောက်သည် အတင်းပြုံးလိုက်ကာ အသံတိုးတိုးဖြင့် ရှင်းပြသည်။
“ဒီနှစ်ရက်အတွင်း အစ်မ ထူးဆန်းတဲ့ အိမ်မက်ဆိုးတချို့ မက်တာကြောင့် ကောင်းကောင်း မနားရသေးလို့ပါ၊ မစိုးရိမ်နဲ့နော်”
“ မမအာ့ထောင် ညီမ အစ်ကိုကြီးက မမကို ခြောက်မိလို့လား” ကျန်းရုန်ရုန်သည် ရုတ်တရက် သူမ မျက်၀န်းထဲသို့ ကြည့်လိုက်ကာ တိုးတိုးပြောသည်။
“တကယ်တော့ ညီမလဲ အစ်ကိုကြီးကို အရမ်းကြောက်တယ်….. ညီမ ငယ်ငယ်လေးတုန်းက အစ်ကိုလတ်က ညီမအတွက် ကြောင်ဖြူလေးတစ်ကောင် ယူလာပေးတယ်၊ အဲ့ကြောင်လေးက အရမ်း လိမ္မာရေးချာရှိပေမဲ့ တစ်နေ့မှာ ကြောင်လေးက ပျောက်သွားတယ်”
“ အစ်ကိုလတ် ပြောတာတော့ ကြောင်လေးက လှောင်အိမ်ထဲမှာ မနေချင်တာကြောင့် ထွက်ပြေးသွားတာတဲ့၊ ဒါပေမယ့် တကယ်တော့ ကြောင်လေးက အစ်ကိုကြီး သတ်တာ ခံလိုက်ရတာကို ညီမ သိတယ်” ကျန်းရုန်ရုန်သည် အသာအယာ မျက်လွှာချကာ သူမ အသံလေးမှာ ၀မ်းနည်ကြေကွဲမှု အပြည့်ဖြင့် ထင်ဟပ်နေသည်။
“တကယ်တော့ ကြောင်လေးက အရမ်းလိမ္မာတာပါ၊ တစ်နေ့မှာ အစ်ကိုကြီးရဲ့ ၀တ်ရုံကို မတော်တဆ ဆုတ်ဖြဲမိသွားတယ်၊ အဲ့နောက်မှာ ကြောင်လေးက ပျောက်သွားတာပါပဲ”
ကျန်းရုန်ရုန်သည် သူမ အစေခံများမှ ပြောနေကြသည်အား ကြားခဲ့ရသည်။ သူတို့အားလုံး ပြောကြသည်က သူမ အစ်ကိုကြီးက ကြောင်လေးကို လည်ပင်းညှစ်သတ်ခဲ့သည်ဟုပင်။ သူမ အစ်ကိုကြီးမှ ကြောင်လေးအား ရေတွင်းထဲသို့ ပြစ်ချလိုက်သည်အား တွေ့ခဲ့ကြသည် လူများပင် ရှိသည်။
ကျန်းရုန်ရုန်သည် ဒီအကြောင်းအား ဘယ်သူ့ကိုမှ မပြောရဲခဲ့ပေ။
ကျီကျောက်သည် ကျန်းလီမှာ ဒီလိုရက်စက်ယုတ်မာသည့် ဘက်ခြမ်း ရှိနေလိမ့်မည်ဟု မထင်ထားပေ။
“ဒါပေမယ့် မမအာ့ထောင် မမ အရမ်းကြောက်မနေပါနဲ့တော့နော်၊ ညီမလေး အမေ့ကို ချွင်းဖုန့်စားသောက်ဆိုင်မှာ ညီမလေးရဲ့ မွေးနေ့စားပွဲကို ကျင်းပပေးဖို့ ပြောပြီးပါပြီ၊ အဲ့အချိန်ကြရင် အမေ့ကို သူနဲ့ ရင်းနှီးတဲ့ သခင်မတချို့ကို ဖိတ်ခိုင်းလိုက်ပါ့မယ်” ကျန်းရုန်ရုန်သည် မေးထောက်လိုက်ကာ ပြုံးလိုက်ရင်း တွေးဆဆပြောသည်။
“ညီမ အခုပဲ သတိရပြီ၊ အမေက ပြောတယ် သူမက မမကို ထောက်ပံ့ပေးမယ်တဲ့၊ ညီမလည်း မမအာ့ထောင်ကို ထောက်ပံ့ပေးချင်တယ်”
ကျီကျောက်သည် ဒီလိုအပြစ်ကင်းကာ ချစ်စရာကောင်းလှသည့် ကျန်းရုန်ရုန်ကြောင့် သဘောတကျ ပြုံးရယ်လိုက်မိသည်။
“သေချာတာပေါ့ကွယ်” ကျီကျောက်သည် ပြုံးရင် သူမ ခေါင်းလေးအား ပွတ်သပ်ပေးလိုက်သည်။
“ဒါဆို အစ်မ ရုန်ရုန်ကို ကျေးဇူးတင်ပါတယ်ကွယ်”
“ဒါဆိုရင် ရုန်ရုန်က ဘယ်လိုဟင်းလျာမျိုး သုံးဆောင်ချင်လဲကွဲ့” ကျီကျောက်သည် ရုန်ရုန့်မျက်၀န်းထဲသို့ ကြည့်လိုက်ကာ တိုးတိုးလေး ပြောသည်။
“ညီမက အချိုမုန့်တွေ ကြိုက်တယ်” ကျန်းရုန်ရုန်သည် စိတ်မရှည်စွာ ပြောသည်။ ထို့နောက် သူမ ခေါင်းခါပြသည်။
“မေ့လိုက်ပါတော့ မချိုတာက ပိုကောင်းပါတယ်၊ အမေပြောတာတော့ အချိုအရမ်းစားရင် ၀စေတယ်တဲ့လေ”
ကျီကျောက်သည် ခပ်ဖွဖွပြုံးလိုက်ရင်း ကျန်းရုန်ရုန်၏ အစားအသောက် အလေ့အကျင့်နှင့် အကြိုက်များအား အသေးစိတ် လေ့လာလိုက်သည်။
ညနေစောင်းခါနီးတွင် ကျီကျောက်သည် ကိုယ်တိုင် ချက်ပြုတ်ချင်ခဲ့ပေမဲ့ ရှန်းယောင်မှ သူမအား ဟန့်တားလာသည်။
“ကိုယ် အစ်ကိုချင်ကို ကြက်ကင် သွား၀ယ်ပေးဖို့ ပြောထားပြီးပြီ၊ နောက်မှ ကိုယ် အရံဟင်း ထပ်ချက်လိုက်မယ်” ရှန်းယောင်သည် သူမအား ညင်သာစွာ ပြုံးပြရင်း ခိုင်မာစွာ ပြောသည်။
“ကျွန်မ အကူအညီ မလိုတာ သေချာရဲ့လား”
ရှန်းယောင်သည် ခေါင်းခါပြကာ သူ၏ ညင်သာသည့် မျက်၀န်းများသည် အချစ်များဖြင့် ပြည့်နှက်နေသည်။
“ ကျောက်ကျောက် မင်း အခု အနားယူလိုက်ပါဦး”
ကျီကျောက်သည် နာခံမှုရှိစွာ ခေါင်းညိမ့်ပြလိုက်ကာ အဓိကဧည့်ခန်းမထဲသို့ လှည့်ထွက်သွားသည်။
ထိုအချိန်တွင် ကျန်းရုန်ရုန်နှင့် ရှောင်ကျူးတို့မှာ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြသည်။ နှစ်ယောက်လုံးသည် စားပွဲခုံ၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေကြကာ စကားတစ်ခွန်းမှ မပြောကြပေ။
ကျီကျောက် ၀င်လာချိန်တွင် လေထုထဲမှ ရှို့တိုးရှန့်တန်းဖြစ်မှုအား ခံစားနိုင်သည်။
သူမသည် ထိုအကြောင်း စဉ်းစားလိုက်ကာ ရုတ်တရက် မေးသည်။
“ မင်းတို့နှစ်ယောက် ကြက်တောင် ဘယ်လို ခတ်ရမယ်ဆိုတာ သိကြလား”
ရှောင်ကျူးသည် ရှုပ်ထွေးသွားပုံပေါ်သည်။
ကျီကျောက် အနည်းငယ် အံ့ဩသွားမိသည်။ တာ့ကျင်းမင်းဆက်က ကြက်တော င်မခတ်ကြဘူးလား။
“နေ့လယ်စာစားပြီးရင် အစ်မ မင်းတို့ကို ကြက်တောင် လုပ်ပေးမယ်” ကျီကျောက်သည် အပြုံးလေးဖြင့် ပြောသည်။
တစ်နာရီခန့်ကြာပြီးနောက် ရှန်းယောင်သည် စားပွဲခုံပေါ်မှ ပြောင်ရှင်းနေသည့် ဟင်းလျာ သုံးပွဲအား ကြည့်လိုက်ကာ အနည်းငယ် အံ့ဩသွားမိသည်။
“ ကျောက်ကျောက် ဒီနေ့ ကိုယ်လုပ်တဲ့ နေ့လယ်စာကို လူတိုင်းကြိုက်ကြတာလား”
“တကယ်တော့ ကိုယ် ၀ယ်လာတဲ့ ကြက်ကင်သုံးခုကလွဲရင် ကျန်တဲ့ ဟင်းလျာ သုံးမျိုးက အတော်လေး သာမန်ပါပဲ” ချင်မင်ဟုန်သည် အလွန်စိတ်ရင်းစစ်မှန်စွာ ပြောသည်။
“ကိုယ်တို့အားလုံးက ကြက်တောင်ဆိုတာ ဘယ်လိုအရာလဲဆိုတာ သိချင်ကြတာကြောင့် အရမ်း မြန်မြန် စားခဲ့ကြတာလေ”
“ အဟမ်း” ရှန်းယောင်သည် သူမ၏ ရယ်ချင်စိတ်အား အောင့်အီးလိုက်ကာ ရှန်းယောင်အား ကြည့်၍ ညင်သာစွာ နှစ်သိမ့်ပေးလိုက်သည်။
“ ရှန်းယောင် တကယ်တော့ ရှင်လုပ်ထားတဲ့ ဟင်းလျာတွေက အရမ်းအရသာရှိပါတယ်”
“ ကျောက်ကျောက် ကိုယ့်ကို ချော့မော့နေတာလား”
“မဟုတ်ပါဘူး” ကျီကျောက်သည် သူမ ခေါင်းအား အလျင်အမြန် ခါလိုက်ကာ လေးနက်စွာ ပြောသည်။
“စကားလုံးတိုင်းက ကျွန်မရဲ့ ရင်ထဲ အသည်းထဲက လာတာပါနော်
“ကိုယ့်ကျောက်ကျောက်က အရမ်းကောင်းတာပဲ”
နှစ်ယောက်သား တစ်ဦးကို တစ်ဦး ချစ်မြတ်နိုးစွာ ကြည့်လျက် ချင်မင်ရုန်သည် ရုတ်တရက် သူ့တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထွက်လာသလို ခံစားလိုက်ရသည်။
“ မင်းတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် တအား မြတ်မြတ်နိုးနိုး ကြည့်နေကြတာကို တော်နိုင်မလား”
“ဒီမှာ ကလေးငယ် နှစ်ယောက် ရှိတာကို သတိထားကြပါဦး”
ချင်မင်ဟုန်သည် ကျန်းရုန်ရုန်နှင့် ရှောင်ကျူးအား ညွှန်ပြလိုက်ရာ ကလေးပေါက်စန နှစ်ယောက်မှာ သူတို့၏ မျက်လုံးများအား နာခံစွာ ဖုံးအုပ်ထားကြသည်အား သိလိုက်ရသည်။
“ ရှန်းယောင် အိမ်တော်မှာ ဘဲအမွှေးနဲ့ ကြက်အမွှေးများ ရှိလား” ကျီကျောက်သည် အပ်၊ အပ်ချည်နှင့် အနီရောင် အ၀တ်စသေးသေးလေးအား ရှာတွေ့ပြီးနောက် ရှန်းယောင်ဆီသို့ လျှောက်သွားကာ နူးညံ့စွာမေးလိုက်သည်။
“ဟင့်အင်း” ရှန်းယောင်က ခေါင်းခါပြသည်။
“ဒါပေမယ့် ကိုယ်တို့မှာ မကြာခင် ရှိလာမှာပါ၊ ကျောက်ကျောက် ကိုယ့်ကို ခဏစောင့်နော်”
ဆယ့်ငါးမိနစ်ခန့်ကြာပြီးနောက် ရှန်းယောင်သည် ဘဲအမွှေးတချို့နှင့် ကြက်အမွှေးတချို့အား ယူလာခဲ့သည်။
ကျီကျောက်သည် ချက်ချင်း ကပ်ကြေးအား ယူလိုက်ကာ ဘဲအမွှေးပေါ်မှ ကျောရိုးအား
ထောင့်ဖြတ်ပုံစံ ပိုင်းဖြတ်လိုက်သည်။ ထို့နောက် သူမသည် အပ်နှင့်အပ်ချည်ဖြင့် တင်းကြပ်စွာ ချည်လိုက်သည်။ ထို့နောက် သူမသည် ကြက်အမွှေးတောင် ခုနှစ်ခု ရှစ်ခုခန့်အား မဖြတ်ထားရသေးသည့် ဘဲအမွှေးတောင်၏ ကျောရိုးထိပ်သို့ စိုက်လိုက်ကာ အပေါ်ယံအလွှာအား ရောင်စုံ အပ်ချည်မျှင်များဖြင့် တင်းကြပ်စေရန် ရစ်ပတ်လိုက်သည်။
“ဒါက ကြက်တောင်လား” ကျန်းရုန်ရုန်သည် ကျီကျောက်အား စူးစိုက်ကြည့်ကာ အံ့ဩစွာ မေးသည်။
“ မမအာ့ထောင်က ဘာလို့ အဲ့လောက် မိုက်နေရတာလဲ”
“ပိုပြီး မိုက်တာ ရှိသေးတယ်ကွယ့်” ကျီကျောက်သည် သူမအား ကြည့်လိုက်ကာ တောက်ပစွာ ပြုံးပြသည်။
“မျက်တောင်မခတ်နဲ့နော်”
ကျီကျောက်သည် သူမ လက်ထဲမှ ကြက်တောင်အား ပြစ်လိုက်ကာ သူမ ဘယ်ခြေအား မြှောက်လိုက်၍ ကြက်တောင်အား မြဲမြံစွာ ချိတ်လိုက်သည်။ ခုနှစ်ချက် ရှစ်ချက်လောက် တစ်ပြိုင်ထဲ ဆင့်ကန်လိုက်ပြီးနောက် သူမသည် တစ်ပတ်လှည့်လိုက်ကာ သူမရှေ့မှ ကြက်တောင်အား ပုံစံအနေထားမျိုးစုံဖြင့် ကန်လိုက်သည်။
“ရုန်ရုန် ညီမလေးရော ကန်ကြည့်ချင်လား”ကလေးငယ်လေးနှစ်ယောက်၏ အံ့ဩနေသည့် အမူအရာအား ကြည့်ပြီးသည့်အခါ ကျီကျောက်သည် ပြုံးလိုက်ကာ ကျန်းရုန်ရုန်အား ကြက်တောင် ကမ်းပေးလိုက်သည်။
“ကန်ကြည့်မလား’
ကျန်းရုန်ရုန်သည် နှလုံးတစ်ချက် ဆောင့်ခုန်သွားပြီး ချက်ချင်း ကြက်တောင်အား ယူလိုက်သည်။ သို့ပေမဲ့ သူမ သုံးကြိမ်ခန့် ကန်ပြီးနောက်တွင် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
“ မမအာ့ထောင် ညီမ မလုပ်နိုင်ဘူး…. ဘယ်လိုကန်ရမယ်ဆိုတာကို ညီမ မသိဘူး…” ကျန်းရုန်ရုန်သည် အရှုံးပေးသည့် လေသံဖြင့် ပြောသည်။
”ရုန်ရုန် အရူးမလေး…. ပထမဆုံး စကန်တဲ့သူအနေနဲ့ ညီမက ကြက်တောင် ခတ်တဲ့နေရာမှာ အရမ်းတော်ပါတယ်ကွယ်၊ နောက်ပြီး ညီမက ကြက်တောင်ခတ်တာ များများ ပိုလေ့ကျင့်ဖို့ လိုနေရုံပါ” ကျီကျောက်သည် ခဏလောက် စဉ်းစားလိုက်ကာ သူမ လက်ထဲသို့ ကြက်တောင်အား ပြန်ပေးလိုက်သည်။
“ရုန်ရုန် ဒီနေ့ အစ်မကိုလာတွေ့ပေးလို့ ကျေးဇူးပါကွယ်၊ ဒီကြက်တောင်လေးကို အစ်မရဲ့ ကျေးဇူးတင်လက်ဆောင်အဖြစ် ယူသွားလိုက်နော်”
“ကျေးဇူးတင်ပါတယ် မမအာ့ထောင်”
ကျန်းရုန်ရုန်သည် ပျော်ရွှင်စွာ ပြုံးပြသည်။
ချင်မင်ဟုန်သည် ဒီမြင်ကွင်းအား အဝေးမှ မြင်လိုက်ရသည့်ချိန်တွင် သက်ပြင်းချလိုက်မိသည်။
“ကိုယ်တို့အာ့ထောင်က အရမ်းချစ်ဖိုကောင်းတာပဲ၊ ကျန်းမိသားစုရဲ့ အချစ်ဆုံး သမီးလေးက သူမ ငယ်ငယ်ထဲက အမြဲတမ်း ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်သလို ခံစားနေခဲ့ရတာ၊ သူမက အာ့ထောင်ရှေ့မှာ အရမ်း ပျော်ပျော်ရွှင်ရွှင် ရယ်မောတတ်လိမ့်မယ်လို့ မထင်ထားမိဘူး”
“ ကျောက်ကျောက်က အကောင်းဆုံးပဲ” ရှန်းယောင်သည် သူ့အား မျက်လုံးထောင့်မှ စိုက်ကြည့်လိုက်သည်။
“ဒါပေမယ့် သူမက ကျွန်တော်တစ်ယောက်ထဲ ပိုင်တာလေ၊ အစ်ကိုချင် စကားပြောတဲ့အခါ ဂရုတစိုက် ပြောပေးပါဗျ”
“ မင်းက တကယ့်ကို ရှာလကာရည်အိုးပဲကွ” ချင်မင်ဟုန်သည် သူ့လက်ထဲမှ ခေါက်ယပ်တောင်အား ဝှေ့လိုက်ကာ ထိုယပ်တောင်ပေါ်မှ လွတ်လပ်တဲ့ဝိညာဉ် ဆိုတဲ့ စကားလုံးအား ညွှန်ပြကာ လေးနက်စွာ ပြောသည်။
“ မင်း ဒီဟာကို လေ့လာဖို့ လိုတယ်”
ရှန်းယောင်သည် သူ့ခေါင်းအနောက်ဖက်အား ထုလိုက်သည်။
“နောက်ကျနေပြီ။ ကျောက်ကျောက် အနားယူရတော့မယ်။ အစ်ကိုချင် ဂရုစိုက် ပြန်ပါဗျ။”
“မင်း တကယ်ပဲ မီရှန်းကို သွားမှာလား” ချင်မင်ဟုန်သည် သူ မထွက်သွားခင် သူ့အား လေးနက်စွာ အသိပေးသည်။
“ မင်းတကယ်သွားချင်ရင် ကိုယ့်ကိုပြော…. ကိုယ် မင်းနဲ့ လိုက်ခဲ့ပေးမယ်”
***