ကျောက်ကျောက်…. ပုံပြင် နားထောင်ချင်လား။
Vol. 24 Ch. 342
ရှန်းယောင်အတွက် မီရှန်းသို့ သွားမည့် ခရီးမှာ အလွန်အရေးပါလှသည်။
သို့ပေမဲ့ မီရှန်းသည် အလွန်အန္တရာယ် ရှိသည့်အတွက် သူလုံး၀ ယုံကြည်ချက် မရှိသေးခင်ထိ ချင်မင်ဟုန်အား ပါ၀င်ငြိစွန်းခွင့် မပြုနိုင်ပေ။
ထို့ကြောင့် သူသည် ချင်မင်ဟုန်၏ ကောင်းမွန်သည့် ရည်ရွယ်ချက်အား အသိအမှတ်ပြုသည်။
ကျန်းရုန်ရုန်၏ လည်ပတ်မှုသည် ကျီကျောက်၏ ထူးဆန်းပြီး လေးလံသည့် စိတ်အခြေအနေအား ဖျက်ဆီးပစ်နိုင်ခဲ့သည်။ ထို့အပြင် သူမသည် ရှန်းယောင်အား စိတ်မပူစေချင်တာကြောင့် ဒီအကြောင်းအား အတော်လေး စဉ်းစားခဲ့သည်။
အိမ်မက်ဆိုးထဲမှာ ဖြစ်ခဲ့သည့်အရာမှာ အခုထိ မဖြစ်သေးပေ။ သူမသာ အခုထဲက စတင် ကြောက်လန့်နေပါက သူမ လုံးလုံး အသုံးမကျ ဖြစ်သွားပေမည်။
“ ရှန်းယောင်” ကျီကျောက်သည် သူ့ဘေးသို့ အပြုံးလေးဖြင့် လျှောက်သွားလိုက်ကာ သူမ မျက်လုံးလေးများမှာ ရေကဲသို့ ညင်သာလှသည်။
“ကျွန်မ မီရှန်းကို သွားချင်တယ်”
“ မသွားရပါဘူး” ရှန်းယောင်သည် ချက်ချင်း ငြင်းပယ်သည်။
“ ကျောက်ကျောက် မင်း…..”
“ ရှန်းယောင် ကျွန်မ အတွင်းစိတ်နတ်ဆိုးကို ချေမှုန်းပြစ်ချင်တယ်” ကျီကျောက်သည် သူ့အား ဖြတ်ပြောလိုက်သည်။ သူမသည် သူ့မျက်လုံးများထဲသို့ ကြည့်လိုက်ကာ အလေးအနက်ပြောသည်။
“အိမ်မက်တစ်ခုကို ကျွန်မ ကြောက်နေစရာ မလိုဘူး၊ ပြီးတော့ ရှင် ကျွန်မနဲ့ အဖော်လိုက်ခဲ့ပေးမယ်မလား”
ရှန်းယောင်သည် မျက်မှောင်ကြုတ်ကာ ငြင်းလိုက်သည်။
ကျီကျောက်သည် ရုတ်တရက် ပြုံးလိုက်ကာ ပြောသည်။
“ကျွန်မတို့က လင်မယားတွေ ဖြစ်နေမှတော့ ကျွန်မတို့တွေ သိုက်သိုက်၀န်း၀န်း အတူရှိသင့်တယ်”
“ကောင်းပါပြီ” ရှန်းယောင်သည် သူမအား ပြောမနိုင်တော့ သဖြင့် ကူရာမဲ့စွာ ခေါင်းညိမ့်ပြရုံသာ တတ်နိုင်သည်။
“ဒါပေမယ့် ကျောက်ကျောက် ကိုယ် ပြင်ဆင်မှုတချို့ လုပ်ဖို့ လိုတယ်၊ မနက်ဖြန်မနက်မှ ကိုယ်တို့ မီရှန်းကို ထွက်ခွာကြမယ်”
“ အင်း ကျွန်မ ရှင့်စကားကို နားထောင်ပါ့မယ်” ကျီကျောက်သည် နာခံစွာ ခေါင်းညိမ့်ပြသည်။ သူမ နောက်မလှည့်ခင် ပြောလိုက်သည်။
“ဒါပေမယ့် ရှန်းယောင် ရှင်ကျွန်မကို မပြောဘဲ တစ်ယောက်ထဲ လျှို့ဝှက်ပြီး ထွက်သွားရဲရင်တော့ ကျွန်မ ရှင့်ကို တစ်သက်လုံး လျစ်လျူရှုလိုက်မှာနော်”
ထိုကဲ့သို့တွေးနေသည့် ရှန်းယောင်တစ်ယောက် ကူကယ်ရာမဲ့စွာ ခေါင်းခါမိလိုက်သည်။
“ ကျောက်ကျောက် စိတ်ချပါ…. ကိုယ်အဲ့လို မလုပ်ပါဘူးကွာ”
တစ်ဖက်တွင်တော့ ကြက်တောင် ရရှိလာသည့် ကျန်းရုန်ရုန်တစ်ယောက် ကျန်းအိမ်တော်သို့ ပျော်ရွှင်စွာ ပြန်လာခဲ့သည်။
သူမ သမီးငယ်လေး ပျော်ရွှင်စွာ ပြုံးရယ်နေသည်အား မြင်ပြီးနောက် သခင်မကြီးကျန်းသည် သူမ နှလုံးသားအောက်ခြေမှ ပျော်ရွှင်မှုအား ခံစားလိုက်ရသည်။
“ အမေ သမီးရဲ့ မွေးနေ့စားပွဲကို ချွင်းဖုန့်စားသောက်ဆိုင်မှာ ကျင်းပကြမလား”
ကစားနေရာမှ ချွေးများစွာထွက်နေသည့် ကျန်းရုန်ရုန်သည် သူမ အမေဆီသို့ အပြုံးလေးဖြင့် လျှောက်လာသည်။ သူမ အမေအား ချစ်မြတ်နိုးစွာ ဖက်လိုက်ကာ အားရပါးရပြုံးပြသည်။
“ မမအာ့ထောင်ကလေ အရမ်းကောင်းတယ်၊ သမီး မမကို အရမ်းသဘောကျတယ်၊ အမေ ချွင်းဖုန့်စားသောက်ဆိုင်မှာ စားသောက်ပွဲတချို့ မှာကြရအောင်နော်”
“ကောင်းပါပြီ ကောင်းပါပြီကွယ်၊ အမေ ရုန်ရုန်လေးရဲ့ စကားကို နားထောင်ပါ့မယ်” သူမ သမီးငယ်လေးအား အတိုင်းအဆမရှိ မြတ်နိုးတန်ဖိုးထားရသည့် သူမလိုလူအတွက် သူမ သမီးရဲ့ အကြံပြုချက်အား သခင်မကျန်း ဘယ်ငြင်းရက်နိုင်ပါ့မလဲ။
သို့ပေမဲ့ နောင်နှစ်များစွာကြာပြီးနောက်တွင် သခင်မကျန်းသည် အရင်က သူမ သမီးလေး၏ စကားအား နားထောင်ခဲ့မိသည်အား အလွန်အမင်း ပျော်ရွှင်မိသည်။ သူမသည် ကျန်းမိသားစု၏ မျိုးဆက်အား ကာကွယ်နိုင်ခဲ့ရုံသာမက ကျန်းမိသားစုအား ပိုမိုကြွယ်၀ချမ်းသာသည့် အဆင့်တစ်ခုရောက်အောင် ဦးဆောင်နိုင်ခဲ့သည်။
“ဒါပေမဲ့ အမေ အစ်ကိုကြီးက မမအာ့ထောင်ကို အတော်လေး မကြိုက်ဘူးလို့ ထင်တယ်…..” ကျန်းရုန်ရုန်သည် သူမ အမေ၏ လက်မောင်းထဲသို့ တိုးဝှေ့လိုက်ကာ နူးညံ့စွာ တီးတိုးပြောသည်။
“ အစ်ကိုကြီးက မမအာ့ထောင်ကို အနိုင်မကျင့်လောက်ဘူး”
ထို့အပြင် ယွင်ချွမ်မြို့တော်တွင် ကျန်းလီသည် သူလိုချင်တာကိုလုပ်နိုင်သည့် လူတစ်ယောက် ဖြစ်သည်။
ကျန်းလီသည် ကိုယ်လုပ်တော်မှ ဖွားမြင်သည့် ကျန်းမိသားစု၏ အကြီးဆုံးသားဖြစ်သည်။ သူသည် စီးပွားရေးလောကထဲသို့ ၀င်ရောက်ခဲ့သော်ငြား ကျန်းဟွေ့သည် သူ့သားအကြီးပေါ်တွင် မျှော်လင့်ချက် မြင့်မြင့်ထားရှိသည်။ ထို့အပြင် ကိုယ်လုပ်တော်မှ ဖွားမြင်သည့် အကြီးဆုံးသားသည် ခုနှစ်နှစ်အတွင်း မြို့တော်ရဲ့ အချမ်းသာဆုံး နံပါတ်နှစ် နေရာအား တည်ဆောက်နိုင်ခဲ့သည်။
“ဘာပဲပြောပြော မင်းအစ်ကိုကြီးကလဲ မငယ်တော့ဘူး” သခင်မကျန်းသည် သူမ မျက်၀န်းများထဲမှ အတွေးများအား ဖုံးကွယ်ရန် အောက်စိုက်ကြည့်လိုက်ပြီး သူမလေသံထဲတွင် စိတ်ပျက်မှု အရိပ်အယောင်များ ပါရှိနေသည်။
ထိုညတွင် သခင်မကျန်းသည် အရာရှိကျန်း၏ အကြိုက်ဆုံး စွပ်ပြုတ်အချို တစ်အိုးအား ချက်ပြုတ်ကာ ကျန်းဟွေ့၏ စာကြည့်ခန်းထဲသို့ ၀င်လာသည်။
ခဏကြာအောင် စကားလက်ဆုံကျပြီးနောက် ကျန်းဟွေ့သည် သူ၏ အကြီးဆုံးသားအတွက် လက်ထပ်ပွဲ စီစဉ်ပေးသင့်သည်အား ခံစားလိုက်ရသည်။
“လက်ထပ်ပွဲလားဗျ” ကျန်းလီသည် အနည်းငယ် အံ့ဩသွားမိသည်။ သူ ဒီအကြောင်းအား ဘယ်တုန်းကမှ မတွေးမိခဲ့ပေ။
ထို့အပြင် သူ အရွယ်ရောက်ကထဲက သူ့နံဘေးတွင် မိန်းမတွေ ပြတ်လပ်နေတာမျိုး မရှိခဲ့ပေ။
သို့ပေမဲ့ သူသည် လက်ထပ်ထိမ်းမြားမှုအား ဆန့်ကျင်မည် မဟုတ်ပေ။
မက်မွန်ပွင့်အိမ်တော်။
ကျီကျောက်သည် အကြီးဆုံးသခင်လေးကျန်း လက်ထပ်တော့မည့်သတင်းအား ကြားလိုက်ရသည့်အခါ အနည်းငယ် အံ့ဩသွားမိသည်။
“ မမအာ့ထောင် အမေပြောတာတော့ လုမိသားစုက အစ်မကြီးက စိတ်ထားအရမ်းကောင်းတယ်တဲ့၊ ကိုကြီးသာ လက်ထပ်ပြီးသွားရင် ပြောင်းလဲကောင်း ပြောင်းလဲလာနိုင်တယ်တဲ့” ကျန်းရုန်ရုန်သည် ယိုအပြည့်ဖြင့် မုန့်အား စားနေရင်း အပြုံးလေးဖြင့် ပြောသည်။
“စကားမစပ် ညီမအမေကပြောသေးတယ်၊ အစ်ကိုကြီးက ချွင်းဖုန့်စားသောက်ဆိုင်နဲ့ ပတ်သက်ပြီး ဘာမှ လုပ်မှာ မဟုတ်ဘူးတဲ့”
“ဘာလို့ သခင်မကျန်းက အရမ်းသေချာနေတာလဲကွယ့်”
ကျီကျောက် ပို၍ ပဟေဠိဖြစ်သွားသည်။ ပြဿနာ၏ တိုးတက်မှု အခြေအနေမှာ သူမ အိမ်မက်ထဲကနှင့် အရှေ့အနောက် လုံးလုံး မညီလှပေ။
ကျန်းလီသာ တစ်ယောက်ယောက်ကို လက်ထပ်လိုက်ရင် သူမနှင့်ရှန်းယောင်တို့ မီရှန်းကို သွားဖို့ မလိုတော့ဘူးမလား။
“ညီမလဲ မသိပါဘူး၊ အမေပြောပြလို့ ပြောတာပါ” ကျန်းရုန်ရုန်သည် ကူရာမဲ့စွာ ပုခုံးတွန့်ပြသည်။
“ဒါပေမယ့် မမအာ့ထောင် အရမ်းမစိုးရိမ်ပါနဲ့နော်၊ ညီမအမေက ကိုယ့်စကား ကိုယ်တည်တဲ့ လူမျိုးပါ”
အချိန်တွေကုန်ဆုံးသွားပြီး မျက်စိတစ်မှိတ်ခန့်မှာတင် ဆယ်လပိုင်းအကုန်သို့ ရောက်လာသည်။
ဆောင်းလေမှာ ပို၍ ပြင်းထန်လာပြီး ယွင်ချွမ်မြို့တော်အား ထီးပင်မှ ကြွေကျသည့် အရွက်များဖြင့် ဖုံးအုပ်နေသည်။
သခင်မကျန်း၏ လျို့ဝှက်အထောက်ပံ့ဖြင့် ချွင်းဖုန့်စားသောက်ဆိုင်ရဲ့ စီးပွားရေးလုပ်ငန်းမှာ ပို၍ကောင်းမွန်လာခဲ့သည်။
ချင်မင်ဟုန်နှင့် ဆွေးနွေးပြီးနောက် ကျီကျောက်သည် နောက်ထပ် ဆိုင်တစ်ဆိုင် ထပ်ဖွင့်ရန် ဆုံးဖြတ်လိုက်သည်။
“ အသားကင်က အရမ်းအရသာရှိတာပဲ” ချင်မင်ဟုန်သည် ချီးကျူးမှုအပြည့်ဖြင့် ပြောသည်။
“ကိုယ်တို့တွေ စားသောက်ဆိုင် ဖွင့်တဲ့အခါ ကိုယ်တို့ စီးပွားရေးလုပ်ငန်း ဘယ်လောက်တောင် တိုးတက်ကြီးပွားလာမယ်ဆိုတာ ခန့်မှန်းလို့ရနေပြီ”
ချင်မင်ဟုန်၏ မျက်လုံးထဲတွင် ဒီအသားကင်မှာ အဖြူရောင်ငွေတုံးကြီး ဖြစ်သည်။
“ကျွန်တော်ကြားတာတော့ အစ်ကိုချင် ယန်ကျိူကိုသွားဖို့ ပြင်ဆင်ပြီးပြီဆို၊ အစ်ကိုချင် အခု ထွက်ခွာရတော့မယ်မလား” ရှန်းယောင်သည် ကျီကျောက်ရှေ့တွင် အမဲသားကင် ပန်းကန်လုံးအား ထားလိုက်ကာ ချင်မင်ဟုန်အား ခေါင်းမော့၍ ကြည့်လိုက်သည်။
သူ့ပါးစပ်ထဲမှ အသားကင်မှာ အမွှေးနံ့ပင် ပျောက်ကွယ်သွားသလို ခံစားလိုက်ရကာ ချင်မင်ဟုန်သည် သက်ပြင်းဖွဖွချလိုက်သည်။
“ အမှန်ပဲ ဘာပဲပြောပြော နောက်နှစ်ရက်ျနရင် ကိုယ်တို့ ထွက်ခွာရတော့မယ်၊ ကိုယ် စားသောက်ဆိုင်နဲ့ ပတ်သက်ပြီး စဉ်းစားရတော့မှာ မဟုတ်လား၊ ထပ်ပြီးတော့ အာ့ထောင်ကို အနာဂတ်မှာ စားသောက်ဆိုင်ရေးရာ ကိစ္စတွေနဲ့ ပတ်သက်ပြီး ဒုက္ခပေးရတော့မှာပါပဲ”
“ရပါတယ်ရှင်” ကျီကျောက်သည် ခပ်ဖွဖွပြုံးပြလိုက်သည်။
“ကျွန်မရဲ့ ၀မ်းမြောက်စရာပါ”
ဆယ့်တစ်လပိုင်းလအစတွင် မြို့တော်၌ နှင်းများကျလာသည်။
ကျီကျောက်နှင့်သူမခင်ပွန်းတို့ ချင်မင်ဟုန်အား လိုက်ပို့ပြီးနောက် သူတို့အလုပ်သို့ ပြန်သွားကြသည်။
နှစ်သစ်ပြီးနောက် ရှန်းယောင်သည် မြို့တော်သို့ သွားရောက်၍ နွေဦးကာလ စာမေးပွဲအား ဖြေဆိုရပေမည်။
ဆိုလိုသည်က ရှန်းယောင်နှင့် စွင်းမိသားစုကြားမှ အာဃာတ အမုန်းတရားအား စာရင်းရှင်းရန် အချိန်ဖြစ်သည်။
ကျီကျောက် သိတာကတော့ သူမ လုပ်နိုင်တာ များများစားစား မရှိပေ။ သူမ လုပ်နိုင်သည့် တစ်ခုထဲသော အရာမှာ သူမ အင်အားကိုပြသ၍ ချမ်းသာမှုအား စုဆောင်းရန်ပင် ဖြစ်သည်။ ထို့မှသာ သူမသည် ရှန်းယောင် ကျပ်တည်းနေသည့် အချိန်တွင် ကူညီနိုင်မည်ဖြစ်သည်။
မျက်စိတစ်မှိတ်မှာပင် ဆောင်းတွင်းကာလ ရောက်လာသည်။ မက်မွန်ပွင့်အိမ်တော်ထဲမှ ပန်းရောင်ပုံရိပ်လေးမှာ အလုပ်ရှုပ်နေသည်။
ဒီအချိန်ကာလအတွင်းတွင် ရှန်းယောင်သည် နောက်နှစ် နွေဦးကာလ စာမေးပွဲအတွက် ပြင်ဆင်နေရသဖြင့် အများကြီး ပိန်ကျသွားသည်။
ကျီကျောက် ထိုအရာအား မြင်ရသည့်အခါ သူမစိုးရိမ်သောကရောက်ရသည်။
နှစ်ရက်အတွင်း နွေဦးပွဲတော် ရောက်တော့မည်ဖြစ်သည်။ မူလတွင် ကျီကျောက်သည် ရှန်းဟယ်ရွာသို့ ပြန်ချင်ပေမဲ့ ရှန်းယောင်မှာ နေ့ရောညပါ စာဖတ်နေသည်အား သူမတွေ့ရသဖြင့် သူမ မပြောနိုင်ခဲ့ပေ။
“ ရှန်းယောက် ကျွန်မ ထျန်းမာခိုသားစွပ်ပြုတ် လုပ်လာခဲ့တယ်” ကျီကျောက်သည် သူ့ဘေးသို့ လျှောက်လာကာ ညင်သာစွာ ခေါ်လိုက်သည်။
“ အရင်စားလိုက်ပါဦး”
“ကောင်းပါပြီ” ရှန်းယောင်သည် သူ့လက်ထဲမှ စာအုပ်အားချကာ ကျီကျောက်အား ညင်သာစွာ ကြည့်လိုက်သည်။
ခဏအကြာတွင် သူတို့စုံတွဲမှာ လက်ကိုင်လျက်ဖြင့် နူးညံ့သည့် အိပ်ရာပေါ်တွင် ထိုင်ချလိုက်ကြသည်။ ရှန်းယောင်သည် သူမပုခုံးလေးအား ပွတ်လိုက်ကာ သက်ပြင်းဖွဖွချလိုက်သည်။
“နန်းမြို့တော်က အခြေအနေတွေက အခု အတော်လေး ကောင်းမနေဘူး”
“ဟင်” ကျီကျောက်သည် အလွန်အံ့ဩသွားမိသည်။
“နန်းမြို့တော်လား”
“ အင်း” ရှန်းယောင်သည် ခေါင်းဖွဖွညိမ့်ပြကာ ပြတင်းပေါက်အပြင်ဖက်မှ တိတ်ဆိတ်စွာ တဖိတ်ဖိတ်တောက်ပနေသည့် ကောင်းကင်ယံသို့ ကြည့်လိုက်သည်။
“ကိုယ်ကြားတာတော့ အရှင်မင်းမြတ်က အတော်လေး နာမကျန်းဖြစ်နေတယ်တဲ့လေ”
ကျီကျောက်သည် ဒီသတင်းအား ကြားပြီးနောက် သူမ တောင့်ခဲသွားသည်။ “ရှင် ဘယ်လိုသိတာလဲ…. အရှင်က အတော်လေး နာမကျန်းဖြစ်နေတာကို….”
“ ကျောက်ကျောက် ပုံပြင်လေးတစ်ပုဒ် နားထောင်ချင်လား” ရှန်းယောင်သည် ရုတ်တရက် နောက်လှည့်လိုက်ကာ သူမ မျက်၀န်းများထဲသို့ ကြည့်လိုက်သည်။ သူသည် ခပ်ဖွဖွ ပြုံးပြလိုက်ရာ ထိုမျက်လုံးများမှာ ကြယ်များကဲ့သို့ တောက်ပနေသဖြင့် ကျီကျောက် အနည်းငယ် မှင်သက်သွားမိသည်။
***