← Chapters

နောက်ခံဇစ်မြစ်။

Vol. 24 Ch. 345

နောက်ခံဇစ်မြစ်။

Vol. 24 Ch. 345

ကျီကျောက်သည် ခဏလောက် တုန့်ဆိုင်းသွားပြီးနောက် သူမ ခေါင်းခါပြလိုက်သည်။

“ကျွန်မ ဖွင့်ဖတ်သင့်ရဲ့လား မသိပါဘူး” ကျီကျောက်သည် သူ့အားကြည့်ကာ အားတင်းပြုံးပြသည်။

“ကျွန်မ ကိုယ်၀န်ရှိနေတာကြောင့်ဖြစ်မယ် နည်းနည်း စိတ်အတက်အကျရှိနေသလိုပဲ”

“ အရာရှိကျီပြောတာတော့ သူ မင်းကို ပထမဆုံးစမြင်တည်းက အတော်လေး အံ့ဩနေမိတာတဲ့” ရှန်းယောင်သည် သူမ လက်လေးအား ညင်သာစွာကိုင်၍ နှစ်သိမ့်ပေးသည်။

“သူပြောတာတော့ မင်းရဲ့အသွင်အပြင်က သူ့အဒေါ် ငယ်ငယ်ကနဲ့ အရမ်း ဆင်တူတယ်တဲ့၊ ပိုအရေးကြီးတာက သူ့အဒေါ်က လွန်ခဲ့တဲ့ ဆယ့်နှစ်နှစ်တုန်းက အသက်မပါလာတဲ့ ကလေးလေးကို ဖွားမြင်ခဲ့တယ်တဲ့လေ”

ကျီကျောက်၏ နှလုံးသားမှာ မထိန်းချုပ်နိုင်စွာ တုန်လှုပ်နေခဲ့ကာ သူမ အနည်းငယ် ၀မ်းနည်းသွားမိသည်။

အမှန်တရားက ရက်စက်ရမည့်အစား နည်းနည်း ခါးသီးလွန်းမနေဘူးလား။

“ ရှန်းယောင် ရှင်ကျွန်မအတွက် စာအိတ်ဖွင့်ပေးမလား” ကျီကျောက်သည် သူမကိုယ်သူမ အားတင်းလိုက်ကာ စာအား ရှန်းယောင်သို့ လှမ်းပေးလိုက်ပြီး သူ့မျက်၀န်းထဲသို့ ကြည့်ရင်း ညင်သာစွာ ပြုံးပြသည်။

“ကျွန်မအတွက် ဖွင့်ဖတ်ပေးပါဦး”

“ကောင်းပါပြီဗျ”

ရှန်းယောင်သည် ဂရုတစိုက် စာအိတ်အား ဆွဲဖောက်ကာ စာတစ်စောင်ထက် အထဲတွင် ရိုးရှင်းတဲ့ ပုံတူပန်းချီကားချပ်တစ်ခု ရှိနေသည်။

ပန်းချီကားထဲမှာ ပုဂ္ဂိုလ်မှာ ပန်း‌ကလေးများကဲ့သို့ လှပကာ လမင်းကြီးကဲ့သို့ တောက်ပနေသည်။ ပိုအရေးကြီးသည်မှာ ပန်းချီကားချပ်ထဲမှ ပုဂ္ဂိုလ်မှာ ကျီကျောက်နှင့် ၈ဝ ရာခိုင်နှုန်းလောက် ဆင်တူသည်။

တစ်ခုထဲသောခြားနားချက်မှာ ပန်းချီကားချပ်ထဲမှ သခင်မမှာ ပို၍ နူးညံ့သည့် အမူအရာ ရှိသည်။

“ဒါက မင်းသမီးခန်းလဲ့လား” ပန်းချီကားအားကြည့်လျက် ကျီကျောက် အနည်းငယ် အံ့ဩသွားမိပေမဲ့ အကြောင်းရင်း ခိုင်လုံမှုရှိသည်ဟု သူမ ခံစားလိုက်ရသည်။

သူမ၏ အသွင်အပြင်မှာ မင်းသမီးခန်းလဲ့နှင့် တစ်ပုံစံတည်းဟုပင် ပြောနိုင်သည်။

“ အင်း” ရှန်းယောင်သည် ပန်းချီကားအား သူမကို လှမ်းပေးကာ စာရွက်အား ဖြန့်လိုက်ကာ ဖြေးဖြေးချင်း ပြောလာသည်။

ဆယ့်ရှစ်နှစ်ခန့်အကြာက မင်းသမီးခန်းလဲ့သည် ချန်အန်းအင်ပါယာ မင်းသမီးကြီး၏ သမီးငယ်လေးဖြစ်ပြီး ကျီ၀မ်ပေါ်နှင့် စားပွဲတစ်ခုတွင် မြင်မြင်ချင်း ချစ်ကြိုက်စုံမက်ခဲ့ကြသည်။ နှစ်ယောက်လုံးသည် တစ်ဦးကိုတစ်ဦး ရင်းနှီးကျွမ်း၀င်ကာ ချစ်ကြိုက်ခဲ့ကြသည်။ သို့ပေမဲ့ နှစ်၀က်ခန့်အကြာမှာတော့ မင်းသမီးခန်းလဲ့သည် ယုံအန်းအမတ်နှင့် လက်ထပ်ထိမ်းမြားခဲ့ပြီးနောက် ယုံအန်းအမတ်မှာ နောက်ထပ် ဇနီး ထပ်ယူခဲ့သည်။ မင်းသမီးခန်းလဲ့အား ပို၍ ၀မ်းနည်းစေသည့်အချက်မှာ ကျီ၀မ်ပေါ်၏ ဒုတိယဇနီးမှာ အကြီးဆုံးသမီးအား ဖွားမြင်ခဲ့ခြင်း ဖြစ်သည်။

မင်းသမီးခန်းလဲ့သည် ယူကျုံးမရဖြစ်ကာ ယုံအန်းအမတ်နှင့် ကွာရှင်းပြတ်ဆဲရန် ဆုံးဖြတ်လိုက်သည်။

“ယုံအန်းအမတ်ကရော သူမကို တကယ် ချစ်မြတ်နိုးရဲ့လား” ကျီကျောက်သည် ရှန်းယောင်၏ စကားအား ဖြတ်ပြောလိုက်ကာ သူမ၏ အကြည့်များမှာ မည်းမှောင်နေသည်။

“သူသာ မင်းသမီးခန်းလဲ့ကို အရမ်းချစ်တယ်ဆိုရင် နောက်ထပ်ဇနီး ဘယ်ထပ်ယူပါ့မလဲ၊ ကြင်ယာတော်က မွေးလာတဲ့ သမီးအကြီးကို ဘယ်လိုများ လက်ခံနိုင်ရတာလဲ”

တာ့ကျင်းမင်းဆက်သည် တရား၀င်ဇနီးနှင့် ကိုယ်လုပ်တော်ကြားမှ ကွာခြားချက်အား တန်ဖိုးထားသည်။ ပဏာမဇနီးထက်အရင် ကိုယ်လုပ်တော်က ဘယ်လိုများ ကလေးမွေးဖွားနိုင်ရတာလဲ။

မင်းသမီးခန်းလဲ့က ယုံအန်းအမတ်အား ချစ်မြတ်နိုးခဲ့ပေမဲ့ သူမ အလိမ်ညာခံလိုက်ရမယ်လို့ ထင်ထားမိလောက်ဘူးလား။

ဒါကြောင့် အမှန်တရားအား သိရှိပြီးနောက် သူမ အရမ်း ၀မ်းနည်းခဲ့ရသည်။

“နက်ရှိုင်းတဲ့ အချစ်၊ နက်ရှိုင်းတဲ့ အမုန်းတရား” ကျီကျောက်သည် တခစ်ခစ်ရယ်လိုက်ကာ ရှန်းယောင်အား ခေါင်းညိမ့်ပြလိုက်သည်။

“ဆက်ဖတ်ပါ။ ကျွန်မ နားထောင်နေတယ်။”

ရှန်းယောင်သည် သူမ နဖူးလေးအား ချစ်မြတ်နိုးစွာ ထိကပ်လိုက်ကာ သူ့မျက်လုံးများမှာ ခိုင်မြဲနေကာ ခပ်ဖွဖွပြုံးလိုက်သည်။

“ကျောက်ကျောက် ယောက်ျားတိုင်းက နှလုံးသားမမဲ့ကြပါဘူး၊ လောကကြီးမှာ သစ္စာရှိတဲ့ လူတွေလဲ ရှိကြပါသေးတယ်”

ကျီကျောက်သည် သူ့အား ပြုံးပြသည်။

“ယုံအန်းအမတ်မှာ နောက်ထပ်ဇနီးရှိနေတာ သူမ သိလိုက်ရပြီးနောက် မင်းသမီးခန်းလဲ့မှာ အလွန်အမင်း နှလုံးကွဲကြေသွားတယ်၊ ဒါကြောင့် သူမက ကွာရှင်းပေးဖို့ တောင်းဆိုလာခဲ့တယ်၊ ယုံအန်းအမတ်ကလဲ ခါးခါးသီးသီး တောင်းပန်လာခဲ့ပေမဲ့ မင်းသမီးခန်းလဲ့က ကွာရှင်းပေးဖို့ အတင်းတောင်းဆိုခဲ့တယ်၊ နောက်တော့ မင်းသမီးခန်းလဲ့က အရမ်းဒေါသထွက်ပြီး ၀မ်းနည်းတာကြောင့် သူမ မေ့မျောသွားခဲ့တယ်၊ တော်၀င်သမားတော်က သူမကို လာရောက်စမ်းသပ်ပေးတဲ့ အချိန်မှာတော့ သူမမှာ ကိုယ်၀န်ရှိနေတာကို သိလိုက်ရတယ်”

“မမျှော်လင့်ထားတဲ့ သူမဗိုက်ထဲက ကလေးလေးကြောင့် မင်းသမီးခန်းလဲ့က ကွာရှင်းပေးဖို့ အတင်းမတောင်းဆိုတော့ဘဲ တော်၀င်မင်းသမီးကြီးရဲ့ နန်းဆောင်ကို ပြန်ဖို့ ဆုံးဖြတ်လိုက်တယ်၊ ယုံအန်းအမတ်က သူ့ကို စိတ်ကျေနပ်စေဖို့ မကြာခဏ လာရောက်ချော့မော့ပြီးတော့ ဖျောင်းဖျခဲ့တယ်၊ သူတို့နှစ်ယောက်ဟာ အရင်က နက်ရှိုင်းတဲ့ ချစ်ခင်မှုတွေ ရှိတာကြောင့် မင်းသမီးခန်းလဲ့ရဲ့ စိတ်နေစိတ်ထားက တဖြေးဖြေး နူးညံ့လာခဲ့တယ်၊ သူမ ဗိုက်ထဲက ကလေးလေး ရှစ်လခန့် ရှိလာတဲ့အခါမှာတော့ မင်းသမီးက ယုံအန်းအမတ်ရဲ့ အိမ်တော်ကို ပြန်လိုက်ဖို့ ဆုံးဖြတ်တာပေါ့”

“အစကတော့ မင်းသမီးခန်းလဲ့က ယုံအန်းအမတ် သူ့ကို အမှန်တကယ် ချစ်မြတ်နိုးပြီး‌‌ဒုတိယဇနီးက အမှားတစ်ခုလို့ ထင်ခဲ့မိတယ်၊ ဒါ့အပြင် သူမရဲ့ ကလေးမွေးဖွားလာဖို့ကို မျှော်လင့်စောင့်ဆိုင်းရင်း သနားကြင်နာစိတ်တွေ ပိုမိုပေါက်ဖွားလာတာကြောင့် ယုံအန်းအမတ်ရဲ့ ဒုတိယဇနီးနဲ့ ကလေးကို အိမ်‌တော်ထဲ ခေါ်ခွင့်ပြုဖို့ ဆုံးဖြတ်ခဲ့တယ်”

“ဒုတိယဇနီးက ပြစ်ဒဏ်ချခံထားရတဲ့ အရာရှိတစ်ဦးရဲ့ သမီးဖြစ်ပြီး သူမက တေးဂီတ၊ ကျားကွက်ထိုးခြင်း၊ လက်ရေးလှရေးသားခြင်းနဲ့ ပန်းချီအတတ်ပညာတို့မှာ ထူးချွန်လှတယ်၊ ပိုပြီးအရေးကြီးတာက သူမက ယုံအန်းအမတ် အိမ်တော်ထဲ ၀င်ရောက်ပြီးနောက်မှာ မင်းသမီးခန်းလဲ့ကို အမြဲလေးစားသမှုရှိတာကြောင့် မင်းသမီးကြီးကတောင်မှ စိတ်ချယုံကြည်ရတယ်ဆိုပြီး ချီးကျူးခဲ့တယ်”

“နောက်တော့ မင်းသမီးခန်းလဲ့ ကလေးမမွေးခင် လ၀က်လောက်မှာ ဒုတိယဇနီးက မင်းသမီးခန်းလဲ့ကို နောက်ယောက်ျားတစ်ယောက်နဲ့ ဖောက်ပြန်နေတယ်ဆိုပြီး မလိုမုန်းထားပြီး ချောက်ချကြံစည်ခဲ့တယ်၊ သူမက ယုံအန်းအမတ်ရှေ့မှာတောင် သက်သေအတုတွေကို ပြခဲ့တာကြောင့် ယုံအန်းအမတ်က အမျက်ထွက်ပြီး မင်းသမီးကို ရိုက်နှက်ခဲ့တယ်”

ထိုဖြစ်ရပ်ကြောင့် မင်းသမီးမှာ လမစေ့ခင် ဖွားမြင်ခဲ့ရပြီး အသက်မဲ့နေသည့် သန္ဓေလောင်းအား မွေးဖွားခဲ့ရသည်။

ရှန်းယောင်မှာ ဆက်မဖတ်ရဲတော့ကာ တိတ်ဆိတ်နေသည့် ကျီကျောက်အား ကြည့်၍ စိုးရိမ်ပူပန်လာမိသည်။

“ ကျောက်ကျောက်”

“ကျွန်မ အဆင်ပြေပါတယ်” ကျီကျောက်သည် သူမ မျက်လုံးထဲမှ မျက်ရည်များဝဲလျက် သူ့အား ကြည့်လိုက်ကာ သူမ အသံမှာ တုန်ရီနေခဲ့သည်။

“သူမ အရမ်း၀မ်းနည်းသွားမှာပဲနော်”

“ အရင်ကသာဆို ကျွန်မ သူမနဲ့ ထပ်တူခံစားပေးနိုင်ခဲ့မှာ မဟုတ်ဘူး” ကျီကျောက်သည် နီရဲနေသည့် မျက်လုံးများဖြင့် ပြုံးလိုက်ကာ မွန်းကြပ်နေမိသည်။

“ အခုတော့ ကျွန်မလဲ ကိုယ်၀န်လွယ်ထားရတာမို့ သူမ အဲ့ချိန်တုန်းက ခံစားခဲ့ရတဲ့ ခံစားချက်ကို တွေးကြည့်လို့ရပါတယ်၊ လောကမှာရှိတဲ့ ဘယ်အမျိုးသမီးကမှ သူတို့ကလေးကို မရှိဘူးဆိုတာ မရှိပါဘူး၊ မိန်းမတစ်ယောက် ကိုယ်၀န်ဆောင်လိုက်တာနဲ့ မိခင်ဆိုတာ ဖြစ်လာပြီလေ၊ သူမ မကျော်လွှားနိုင်ခဲ့တာ ဖြစ်လိမ့်မယ်…. သူမက အရမ်း၀မ်းနည်းဖို့ ကောင်းလွန်းတယ်”

ယုံကြည်ရတဲ့သူမှ ချောက်ချခြင်း၊ ချစ်ရတဲ့သူမှ အထင်သေးခံရခြင်း။

သူမ အနှစ်နှစ် အလလ စောင့်နေခဲ့ရတဲ့ ကလေးကတောင်မှ သွေးအိုင်အဖြစ် ပြောင်းသွားခဲ့တာကို သူမ ဘယ်လောက်တောင် ၀မ်းနည်းခဲ့ရမလဲ။

“ ရှန်းယောင် ဆက်ဖတ်ပေးပါရှင်….” ခဏလောက်တိတ်ဆိတ်နေပြီးနောက် ကျီကျောက်သည် လက်ကိုင်ပုဝါအား ကောက်ယူလိုက်ကာ သူမ မျက်လုံးထောင့်မှ မျက်ရည်များအား သုတ်လိုက်သည်။ သူမသည် မျက်ရည်များဖြင့် ပြုံးလိုက်မိသည်။

“ကျွန်မ ထပ်နားထောင်ချင်သေးတယ်”

သူမ အနည်းငယ် သိချင်နေမိ‌သည်။

မင်းသမီးခန်းလဲ့က ဘယ်လိုလူမျိုးဖြစ်လိမ့်မလဲ။

ဒီလိုအခြေအနေမျိုး ရင်‌ဆိုင်ရပြီးနောက် သူက ဘာဆက်လုပ်လဲ။

“ကောင်းပါပြီ…” ရှန်းယောင်သည် ပြုံးလိုက်ကာ သူမ မျက်နှာလေးအား ဆွဲဆိတ်လိုက်သည်။ သူ့လေသံမှာ ပို၍ ညင်သာလာသည်။

မင်းသမီးခန်းလဲ့သည် သူမ အသက်မဲ့သည့် ကလေးအား ဖွားမြင်ခဲ့မည်ဟု မထင်ထားခဲ့ပေ။ သူမသည် ထိုကဲ့သို့ ရလဒ်မျိုးအား ယုံကြည်ရန် ငြင်းပယ်လိုက်သည်။ အပြင်ဖက်တွင်တော့ သူမသည် မျှော်လင့်ချက် ကင်းမဲ့နေပုံ ပေါက်သော်ငြား တိတ်တဆိတ် ရှာဖွေစစ်ဆေးနေခဲ့သည်။

နှစ်၀က်လောက်ကြာပြီးနောက်မှာ သူမ နာမည်အား ရှင်းလင်းနိုင်ခဲ့သည်။

သူမက ယုံအန်းအမတ်ရဲ့ ဒုတိယဇနီးကို အနိုင်ကျင့်ရမဲ့အစား ကိုယ်လုပ်တော်ရဲ့ အကြီးဆုံးသမီးကို ကောင်းကောင်း ဂရုစိုက်ပေးခဲ့တယ်။

သို့ပေမဲ့ ကိုယ်လုပ်တော်မှာ ကိုယ်၀န် အကြိမ်ကြိမ် ဆောင်ခဲ့ရပေမဲ့ အကုန်လုံး ပျက်ကျခဲ့တယ်။

ဒုတိယဇနီးမှာ သွေးပျက်ကြောက်လန့်ကာ မင်းသမီးခန်းလဲ့အား တောင်းပန်ခဲ့ပေမဲ့ မင်းသမီးခန်းလဲ့က သူမကို လျစ်လျူရှုခဲ့ပြီး ဒုတိယဇနီးရဲ့ သမီးအကြီးကို ‌မင်းမျိုးနွယ်တွေရဲ့ စားသောက်ပွဲမျိုးစုံကို ဆက်လက် ခေါ်ဆောင်သွားခဲ့တယ်၊ သူမက ဒုတိယဇနီးက ဖွားမြင်တဲ့ သမီးအကြီးကို လက်ထပ်ပွဲ ကောင်းကောင်း တစ်ခုကိုတောင် စီစဉ်ပေးခဲ့တယ်။

နှစ်နှစ်ခန့်အကြာမှာတော့ အကြီးဆုံးသမီးရဲ့ လက်ထပ်ပွဲမှာ မင်းသမီးခန်းလဲ့က ဒုတိယဇနီးရဲ့ ပုံစံ အစစ်အမှန်ကို ဖော်ထုတ်ပြကာ ယုံအန်းအမတ်ရဲ့ မျက်နှာကို အကြင်နာမဲ့စွာ ဖြတ်ရိုက်ခဲ့တယ်။

ယုံအန်းအမတ် အချစ်ရဆုံး ကိုယ်လုပ်တော်မှာ လုံး၀ မဖြူစင်နေကြောင်း ထွက်ပေါ်လာခဲ့သည်။

ပိုပြီး ဒေါသထွက်စရာကောင်းသည်မှာ သွေးသားရင်း စစ်ဆေးမှု ပြုလုပ်ပြီးနောက် ကိုယ်လုပ်တော်၏ သမီးအကြီးမှာ ယုံအန်းအမတ်၏ သမီးရင်း မဟုတ်ခဲ့ပေ။

ယုံအန်းအမတ်သည် အရမ်းဒေါသထွက်သွားရတာကြောင့် အဲ့နေ့မှာပဲ အိပ်ရာထဲမှာ လဲပြီး အကြောသေသွားခဲ့သည်။

ဒုတိယဇနီးမှာ ဆင်ခြေဖုံးရှိ သီလရှင်ကျောင်းတစ်ခုသို့ ပို့ခံရပြီး သူမ ဘ၀တစ်လျှောက်လုံးကို ဓမ္မကျမ်းစာတွေကြားထဲ ကုန်ဆုံးခဲ့ရသည်။

ဒုတိယဇနီးရဲ့ အကြီးဆုံးသမီးမှာတော့ သူမ လက်ထပ်ပြီးနောက် သူမ ခင်ပွန်း၏ မိသားစုမှ အနိုင်ကျင့်နှိပ်စက်ခံရပြီး နာမကျန်းမှုကြောင့် စောစောကွယ်လွန်ခဲ့ရသည်။

မင်းသမီးခန်းလဲ့ကတော့ ဒီနှစ်တွေမှာ အဖြစ်မှန်ကို တိတ်တဆိတ် ရှာဖွေနေခဲ့ပြီးနောက်မှာတော့ သူမ သဲလွန်စ ရှာတွေ့သွားခဲ့သည်။

သူမ မီးဖွားသည့်ညမှာ ဒုတိယဇနီးအနားရှိ အထိန်းတော်မှာ အနှီးထုပ်တစ်ထုပ်အား အပြင်ဖက်သို့ သယ်ဆောင်သွားသည်ကိုပင်။

“နန်းမြို့တော်မှာရှိတဲ့လူတိုင်း မင်းသမီးခန်းလဲ့က သူမ ကလေးကို အလွန်အမင်း တွယ်တာတယ်ဆိုတာကို သိကြပြီး သူမ မွေးခဲ့တဲ့ ကလေးက အသေလေး မွေးခဲ့တယ်ဆိုတာ မဟုတ်လို့ ခေါင်းမာမာနဲ့ ယုံကြည်နေတယ်လို့ ထင်ကြတယ်။”

***

All Chapters