← Chapters

ကျောက်ကျောက်သာလျှင် ကိုယ့်ဇနီးလေး။

Vol. 24 Ch. 348

ကျောက်ကျောက်သာလျှင် ကိုယ့်ဇနီးလေး။

Vol. 24 Ch. 348

ကျီကျောက်သည် စုမြောင်က မည်သူဆိုသည်အား သိသည်။

သူမသည် နန်းမြို့တော်တွင် အရည်ချင်းအရှိဆုံး မိန်းမပျိုတစ်ဦးဖြစ်ကာ လက်ရှိအမတ်ချုပ်ကြီး စုရူရွှမ်း၏ အချစ်ဆုံးမြေးလေး ဖြစ်သည်။ သူမသည် ထူးချွန်ရုံသာမကပဲ အတော်လေး ချစ်စရာကောင်းသည့် မိန်းကလေး ဖြစ်သည်။

စုမြောင်သည် ဧကရီ၏ ပဏာမ ချွေးမစာရင်း၀င် ဖြစ်သည်။

သို့ပေမဲ့ နန်းမြို့တော်တွင် လူတိုင်းသိသည့် လျှို့ဝှက်ချက်တစ်ခု ရှိသည်။ လက်ရှိအိမ်ရှေ့စံမှာ သက်တော် ၂၃နှစ် ရှိပြီဖြစ်သော်ငြား ကလေးစိတ် ဖြစ်သည်။

အိမ်ရှေ့စံနန်းတက်သည်နှင့်တစ်ပြိုင်နက် အာဏာရှိမည့်သူမှာ ဧကရီ ဖြစ်သည်။

ကောင်းကင်ဘုံ၏ အချစ်ခံရသည့် သမီးတော်လေး စုမြောင်မှာ သူမကိုယ်သူမ အိမ်ရှေ့စံ၏ ရုပ်သေးမိဖုရား မဖြစ်လိုပေ။

“ပညာမဲ့လွန်းလိုက်တာ” ဧကရီသည် သူမအား အထင်သေးစွာ ကြည့်ရင်း ပြောသည်။

“စုမြောင်က လက်ရှိအမတ်ချုပ်ကြီးရဲ့ မြေးမလေးပဲ၊ သူမရဲ့ အရည်အချင်းနဲ့ ရုပ်ရည်က ပြိုင်ဘက်ကင်းပဲလေ”

“ ဧကရီက ဘာကို ပြောချင်တယ်ဆိုတာ ကျွန်မ နားမလည်ပါဘူးရှင့်” ကျီကျောက်သည် စိတ်ရှုပ်ထွေးနေသည့် အမူအရာဖြင့် ပြန်မေးလိုက်သည်။

“ သခင်မလေးစုက အရမ်းထူးချွန်ထက်မြက် လှပါတယ်၊ သူမက ဘာလို့ လက်ထပ်ပြီးသား ယောက်ျားတစ်ယောက်ကို ဘာလို့ အငမ်းမရ လိုချင်ရမှာပါလဲ၊ ဒါမှမဟုတ် သခင်မလေးစုရဲ့ ဂုဏ်သတင်းက အလိမ်အညာများလား၊ သူမက လူနုံလူအတစ်ယောက်များလား”

“ မင်း….. ဘယ်လိုတောင် ပြောရဲတာလဲ”

ဧကရီသည် သူမ တကယ်ကြီး အငြင်းခံရလိမ့်မည်ဟု မထင်ထားသဖြင့် သူမ ချက်ချင်းဆိုသလို ဒေါသထွက်လာသည်။

“ကျွန်မ စကားပြောမှားသွားတာကြောင့် ခွင့်လွှတ်ပေးဖို့ ဧကရီကို တောင်းပန်ပါတယ်” ဟု ကျီကျောက်က နာခံမှုရှိစွာ ပြောလိုက်သည်။

“ဒီတိုင်း ကျွန်မရဲ့ စိတ်ထဲမှာ ရှုပ်ထွေးသွားလို့ပါ”

“မိန်းက‌လေးစုက အရည်ချင်းရှိပြီး လှပတဲ့ မိန်းကလေးတစ်ယောက်ပဲ၊ သူမက သခင်ရှန်းကို မြင်မြင်ချင်း နှစ်သက်မိတာ၊ ဒါကြောင့် သူမဆန္ဒကို လိုက်လျောပေးလိုက်ပါ” ဧကရီက အလေးမထားသလို ပြောလိုက်သည်။

“မင်းမှာ ဘာငြင်းစရာမှမရှိဘူးဆိုရင် တို့ အမိန့်စာထုတ်ပြန်ပေးမယ်”

“ အရှင်မ ကျွန်မ သဘောမတူပါဘူး” ကျီကျောက်သည် မသိနားမလည်ပုံ ဟန်ဆောင်လိုက်သည်။

“နတ်သမီးလိုအဆင်းရှိတဲ့ မိန်းကလေးလေးစုက ရှန်းမိသားစုလို အဆင့်အတန်း နိမ့်ကျတဲ့ မိသားစုထဲ ဘယ်လိုများ လက်ထပ်၀င်နိုင်တာပါလဲ၊ ဒါပေမယ့် အရှင်မ ကျွန်မ ကြားတာတော့ မိန်းက‌လေးစုရဲ့ ကံကြမ္မာက အတော်လေး ကောင်းတာတဲ့လေ၊ အရှင်မင်းကြီးအတွက် ကံကောင်းခြင်းတွေ ယူဆောင်လာပေးနိုင်ဖို့ နန်းတော်ထဲ လက်ထပ်၀င်ရောက်ခိုင်းတာက ပိုမကောင်းဘူးလားရှင့်”

“ အတင့်ရဲလိုက်တာ”

“ကျွန်တော်လဲ သခင်မရှန်းရဲ့ အကြံပြုချက်က အတော်လေးကောင်းတယ်လို့ ထင်တယ်” ဧကရီက ကျီကျောက်အား ရိုက်နှက်ရန် အမိန့်ပေးဖို့ပြင်ခိုက်တွင် မင်းသားရှန်းသည် ရုတ်တရက်ဆိုသလို ရှန်းယောင်အား အနောက်နန်းဆောင်ထဲသို့ ခေါ်ဆောင်လာခဲ့သည်။

“ကျွန်တော် မိန်းကလေးစုရဲ့ အင်္ဂါရပ်ရှစ်ပါးကို မယ်တော်ကြီးဆီ ပို့ထားပြီးပြီ။ မယ်တော်ကြီးက မိန်းက‌လေးစုရဲ့ အင်္ဂါရပ်ရှစ်ပါးက အတော်လေး ကောင်းတယ်လို့ ထင်တယ်၊ ကျွန်တော်တို့တွေ ကံအညံ့တွေကို ဆေးကြောပစ်ဖို့ မိန်းက‌လေးစုကို နန်းတော်ထဲ လက်ထပ်၀င်ရောက် ခိုင်းကြရအောင်လေ၊ ပြောမရဘူး အရှင်မင်းကြီး နိုးထကောင်း နိုးထလာနိုင်တယ်”

“ မင်းသားရှန်း….. မောင်းမဆောင်ထဲကို ခွင့်ပြုချက်မရှိဘဲ ဘယ်လိုလုပ်ပြီး အတင်း၀င်လာရဲရတာလဲ” မည်သူဖြစ်ကြောင်း သိရှိပြီးနောက် ဧကရီက အေးစက်စွာ ဆူပူကြိမ်းမောင်းသည်။

“အရှင်မက အတွေးလွန်နေပါပြီဗျ၊ ကျွန်တော်က နန်းတွင်းစည်းမျဉ်းတွေနဲ့ ရင်းနှီးပြီးသားပါ၊ ဘယ်လိုလုပ်ပြီး ရာဇ၀တ်မှု ကျူးလွန်ရဲပါ့မလဲဗျာ”

မင်းသားရှန်းတစ်ဖြစ် ကျိုးယွီဟိန်သည် ခပ်ဟက်ဟက် ရယ်မောလိုက်ကာ သံနက်တံဆိပ်ပြားအား ထုတ်ပြလာသည်။

“ကျွန်တော် သိချင်ပါရဲ့…. အရှင်မ ဒီသံနက်တံဆိပ်ပြားကို စိတ်၀င်စားရဲ့လားလို့လေ”

ဧကရီသည် ထိုတံဆိပ်ပြားကို အနည်းငယ် ကြည့်လိုက်ပြီးနောက် နှလုံးတစ်ချက် ဆောင့်ခုန်သွားသည်။

တာ့ကျင်းမင်းဆက်၏ အရင်မင်းဆက်အတွက် အရေးအကြီးဆုံး အရာမှာ ကျောက်စိမ်းတံဆိပ်တုံးနှင့် စစ်တပ်အင်အား ငါးသောင်းအား ဦးဆောင်နိုင်သည့် သံနက်တံဆိပ်ပြားပင် ဖြစ်သည်။

ဘုရင်မင်းမြတ် ကျင်းယွမ် အပြင်းထန် နာမကျန်းဖြစ်သွားကတည်းက ဧကရီသည် ကျောက်စိမ်းတံဆိပ်တုံး ရှိနိုင်မည့် နေရာများအကြောင်းအား ဖမ်းဆုပ်မိ‌ခဲ့ပေမဲ့ သံနက်တံဆိပ်ပြား၏ တည်နေရာအား ဘယ်တုန်းကမှ ရှာမတွေ့နိုင်ခဲ့ပေ။ ဒီနေ့မှာတော့ သူမ မင်းသားရှန်းလက်ထဲတွင် သံနက်တံဆိပ်ပြားအား မြင်လိုက်ရသည်။

“ဒီသံနက်တံ‌ဆိပ်ပြားနဲ့သာဆိုရင် ဘယ်သူမဆို မောင်းမဆောင်ထဲ လွတ်လွတ်လပ်လပ် ၀င်ထွက်နိုင်တယ်”

ကျိုးယွီဟိန်သည် ဧကရီ၏ ထိတ်လန့်နေသည့် အမူအရာအား ကြည့်လျက် ပြုံးလိုက်မိသည်။ သူ့စကားလုံးများထဲမှ သရော်မှုများမှာ သိသာထင်ရှားသည်။

“အခုလေးတင် ဧကရီပဲ မိန်းကလေးစုရဲ့ ကံကြမ္မာက အရမ်းကောင်းတယ်လို့ ပြောခဲ့တယ်မလား၊ အခု အစ်ကိုတော်က အပြင်းအထန် နာမကျန်းဖြစ်နေတာမလား၊ ကျွန်တော့်အထင်တော့ သခင်မရှန်းရဲ့ အကြံပြုချက်က အတော်လေး ကောင်းသလားလို့လေ”

“တစ်ယောက်ယောက် လာစမ်း၊ ငါ့ရဲ့ အမိန့်ကို ပြန်ကြားလိုက်၊ အမတ်ချုပ်ကြီးစုရဲ့ သမီး စုမြောင်ကို တော်၀င်ကိုယ်လုပ်တော်ဘွဲ့အပ်နှင်းပြီး ယောင်လီနန်းဆောင်တွင် နေထိုင်ခွင့်ပြုစေ။”

“ကျိုးယွီဟိန် မင်းမှာ ဒီလို အမိန့်ထုတ်ပြန်ဖို့ ဘာလုပ်ပိုင်ခွင့်ရှိလို့လဲ” ဧကရီသည် မမျှော်လင့်ဘဲ သူမကိုယ်သူမ ကျဉ်းထဲကြပ်ထဲ တွန်းပို့လိုက်မိမည်ဟု မထင်ထားသဖြင့် ချက်ချင်းဆိုသလို အမျက်ထွက်သွားသည်။ ထိုအချိန်ခိုက်တွင် သူမကိုယ်သူမ ဧကရီဖြစ်သည်အား မေ့လျော့သွားကာ မင်းသားရှန်းရှေ့သို့ အမြန်ပြေးသွားလိုက်ကာ သူ့မျက်နှာအား ကုတ်ဆွဲဖို့ ပြင်သည်။

မင်းသားရှန်းသည် လှောင်ရယ်လိုက်ကာ သူမ၏ တိုက်ခိုက်မှုအား ရှောင်လိုက်သည်။

“ ဧကရီက ငါ ကိုယ်တော်ကို လုပ်ကြံချင်နေတယ်၊ ဧကရီကြည့်ရတာ စိတ်လွတ်သွားပြီထင်တယ်”

မင်းသားရှန်း၏ အမိန့်ဖြင့် ဧကရီအား ဖုန့်လွမ်နန်းဆောင်တွင် အကျယ်ချုပ် ချထားလိုက်သည်။

သူတို့နှစ်ဦးကြားမှ အဖြစ်အပျက်အား ထိပ်တိုက်ကြုံတွေ့လိုက်ရသည့် မျက်မြင်သက်သေဖြစ်သူ ကျီကျောက်မှာလည်း မှင်သက်နေမိသည်။ မင်းသားရှန်းမှ သူမအား မင်းသမီးကြီးနန်းဆောင်သို့ ပြန်ပို့ပြီးနောက်မှ သူမ အသိလုံးလုံး ပြန်၀င်လာခဲ့သည်။

“ ကျောက်ကျောက်” မင်းသမီးခန်းလဲ့သည် တိတ်ဆိတ်နေသည့် ကျီကျောက်အား နာကျင်နေသည့် အမူအရာဖြင့် ကြည့်ကာ စိုးရိမ်တကြီး မေးသည်။

“သမီး လန့်သွားလားကွယ်”

“ အမေ သမီး အဆင်ပြေပါတယ်” ကျီကျောက်သည် ပြတင်းပေါက် အပြင်ဖက်သို့ ကြည့်လိုက်ကာ ညင်သာစွာ သက်ပြင်းချလိုက်သည်။

“ကောင်းကင်ကြီးက ပြောင်းလဲတော့မယ်လို့ သမီး ခံစားနေရလို့ပါ”

“ အင်း…. ပြောင်းလဲတော့မှာပါ” မင်းသမီးခန်းလဲ့သည် သူမ လက်လေးအား ညင်သာစွာ ကိုင်ကာ တခစ်ခစ် ရယ်မောလိုက်သည်။

“ဒါပေမယ့် ကျောက်ကျောက် စိတ်မပူနဲ့နော်၊ အပြင်မှာ မုန်တိုင်း ဘယ်လောက် ထန်ပါစေ အမေတို့ မင်းသမီးကြီးအိမ်တော်ထဲကို မသက်ရောက်နိုင်ပါဘူးကွယ်”

ချန်အန်းမင်းသမီးကြီးသည် အရင်ဘုရင်မင်းမြတ်၏ အစ်မတော် ဖြစ်သည်။ ဒီနှစ်တွေမှာ မင်းသမီးကြီးသည် မည်သည့်ဖက်မှ မပါခဲ့သလို နန်းတွင်းရေးရာ ကိစ္စများတွင်လည်း ၀င်ရောက် စွက်ဖက်ခြင်း မရှိခဲ့ပေ။ ပိုအရေးကြီးသည်မှာ ချန်အန်းမင်းသမီးကြီးသည် ပြည်သူအကြားတွင် ဂုဏ်သတင်း မြင့်မားကျော်ဇောမှု ရှိသည်။

ညနေဆည်းဆာချိန် နီးကပ်လာသည်နှင့် ကျီကျောက်သည် ပြတင်းပေါက်အား မှီ၍ အဝေးမှ နေ၀င်ချိန်မြင်ကွင်းအား ကြည့်နေသည်။ ထိုအချိန်ခိုက်တွင် သူမ၏ ခံစားချက်များမှာ တ‌ဖြည်းဖြည်း အနည်ထိုင်လာခဲ့သည်။

ကျွီ*

ရှန်းယောင်သည် တံခါးအား တွန်းဖွင့်ကာ သူမဘေးသို့ လျှောက်လာခဲ့သည်။ ရှန်းယောင်က ညင်သာစွာ ခေါ်လိုက်သည်။

“ ကျောက်ကျောက်”

ကျီကျောက်သည် နောက်လှည့်ကြည့်လိုက်ရင်း တောက်ပစွာ ပြုံးပြသည်။ သို့ပေမဲ့ သူမ နှာခေါင်းမှ သွေးညှီနံ့ ခပ်ဖျော့ဖျော့အား ရှူလိုက်မိသည်။

“ရှင် ဒဏ်ရာရလာတာလား” ကျီကျောက်သည် စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

“ကိုယ့်သွေး မဟုတ်ပါဘူး” ရှန်းယောင်သည် ခဏလောက် စဉ်းစားလိုက်ပြီးနောက် နောက်သို့ ခြေနှစ်လှမ်း ပြန်ဆုတ်လိုက်သည်။

“ ကျောက်ကျောက် ကိုယ် အရင် အ၀တ်စား လဲလိုက်ဦးမယ်”

တကယ်တော့ သူ ချွေ့ယွမ်ခြံဝင်းသို့ ပြန်မလာခင် ရေချိုးအ၀တ်စားလဲပြီးပြီ ဖြစ်သည်။

သို့ပေမဲ့ လက်ရှိအချိန်တွင် ကျီကျောက်၏ အနံ့ခံနိုင်စွမ်းမှာ အတော်လေး အထိမခံ ဖြစ်နေသည်။

တစ်နာရီခန့်ကြာပြီးနောက် ရှန်းယောင်သည် သူ့လက်ထဲတွင် မဟော်ဂနီရောင် လင်ဗန်းတစ်ချပ်ဖြင့် ချွေ့ယွမ်ခြံဝင်းဆီသို့ ပြန်ရောက်လာခဲ့ပြန်သည်။

“ အမေက တစ်ယောက်ယောက်ကို ငှက်သိုက်စွပ်ပြုတ်လေး လုပ်ခိုင်းထားတယ်၊ ‌ပူနေတုန်းလေး သောက်လိုက်နော် ဟုတ်ပြီလား”

“ကောင်းပါပြီ”

ကျီကျောက်က ထိုင်းထိုင်းမှိုင်းမှိုင်း တုံ့ပြန်လိုက်သည်။ ထို့နောက် သူမသည် မော့ကြည့်လာရင်း မေးသည်။

“ ရှန်းယောင် အပြင်မှာ အရမ်း ဖရိုဖရဲ ဖြစ်နေတယ်မလား”

“ အဆင်ပြေပါတယ်”

“အိုး…”

“ ကျောက်ကျောက်က အပြင်မှာ ဘာတွေ ဖြစ်နေတယ်ဆိုတာ သိချင်လို့လား”

“ရှင်က ကျွန်မကို ပြောပြမှာမလို့လား”

“ဒါပေါ့ ကိုယ်ပြောပြမှာပါ” ရှန်းယောင်က ချက်ချင်း ခေါင်းညိမ့်ပြကာ အလေးအနက် ပြောသည်။

“ ကျောက်ကျောက်သာ တစ်ခုခုကို သိချင်တယ်ဆို ကိုယ်က အကုန်လုံး ပြောပြပေးမှာပါ”

ကျီကျောက် ရယ်မောရုံသာ တတ်နိုင်သည်။

သူမ နှလုံးသားထဲမှ ထွက်ပြူနေသည့် ထိုင်းမှိုင်းမှုမှာ ရှန်း‌ယောင်၏ စကားလုံးများအား ကြားလိုက်သည့်အခါ စတင်ပျောက်ကွယ်လာသည်။

သူမ မျက်နှာလေးပေါ်မှ အပြုံးအား မြင်ရသည့်အခါ ရှန်းယောင် စိတ်သက်သာရာရစွာ သက်ပြင်းတစ်ချက် ချလိုက်မိသည်။

“ ဧကရီက ရှင့်ကို စုမြောင်နဲ့ လက်ထပ်ပေးချင်နေတယ်” ကျီကျောက်သည် သူ့လက်မောင်းအား ရုတ်တရက် ဆွဲယူကာ ခပ်စပ်စပ်လေး ကိုက်လိုက်ချင်ပေမဲ့ အဆုံးမှာတော့ သူမ အင်တင်တင်ဖြင့် လွှတ်ပေးလိုက်သည်။

“ အရူးမလေး” ရှန်းယောင်သည် သူမအား သူ့လက်မောင်းကြားသို့ ဆွဲသွင်းလိုက်ကာ ခိုင်မာစွာ ပြောသည်။

“ဒီဘဝမှာ ကျောက်ကျောက် တစ်ယောက်ထဲကသာ ကိုယ့်ဇနီးပါဗျာ”

“အပြောကောင်းလိုက်တာနော်” ကျီကျောက်သည် သူမ ခေါင်းလေးအား မော့ကာ သူ့လည်ပင်းအား ဖက်တွယ်ပြီး သူ့နားထဲသို့ တိုးတိုးလေး ပြောလိုက်သည်။

“ကျွန်မ အရမ်းပျော်တယ်”

“‌ဒါနဲ့ မင်းသားရှန်းက ဘာလို့ အချိန်ကိုက် ရောက်လာရတာလဲ” ကျီကျောက်သည် သူမကိုယ်သူမ သက်တောင့်သက်သာ အနေအထား ပြင်ပြီး ရှန်းယောင် လက်မောင်းထဲသို့ တိုးဝှေ့ဝင်လိုက်သည်။ ထို့နောက် သူမ မျက်လုံးများအား မှေးမှိတ်ကာ မေးလိုက်သည်။

“ မင်းသားရှန်းလက်ထဲက သံနက်တံဆိပ်ပြားကရောဟင်…၊ တံဆိပ်ပြားကို ပြလိုက်တဲ့ချိန်မှာ ဧကရီရဲ့ အမူအရာက ပြောင်းလဲသွားတယ်”

“ မင်းသမီးကြီးက မင်းသားရှန်းကို သံနက်တံဆိပ်ပြားပေးဖို့ ကိုယ့်ကို အမိန့်ပေးခဲ့တယ်” ရှန်းယောင်သည် အသံတိုးတိုးဖြင့် ပြောသည်။

“ကိုယ်ကြားရသလောက်တော့ အရှင်မင်းမြတ်ရဲ့ အခြေအနေက ပိုဆိုးသထက် ဆိုးလာတယ်တဲ့လေ”

လူတိုင်းသည် ဧကရီ၏ ရည်ရွယ်ချက်အား သိကြသည်။

ဘုရင်မင်းမြတ်ကျင်းယွမ်၏ အပြင်းအထန် နေမကောင်းမှုအပေါ် အခွင့်ကောင်းယူ၍ ဉာဏ်ရည်ချို့ယွင်းမှုရှိနေသည့် ဒုတိယမင်းသားအား ဆက်ဆံသူနေရာသို့ အတင်းအကြပ် တွန်းပို့စေသည်။

သူမသည် စုမြောင်၏ လက်ထပ်ပွဲစီစဉ်မှုအား အသုံးချ၍ အမတ်ချုပ်ကြီးစု၏ ထောက်ခံမှုအား ရယူလိုသည်။ ထို့အပြင် ဧကရီ၏ အကြီးဆုံးအစ်ကိုမှာ အနောက်မြောက်ဖက်တွင် စစ်တပ်အင်အား နှစ်သိန်း ရှိသည့် စစ်သူကြီးချုပ်ဖြစ်သဖြင့် ဒုတိယမင်းသားအား နန်းတင်ပေးဖို့ ထောက်ပံ့ရန် လွယ်ကူလာပေလိမ့်မည်။

တစ်ခုတည်းသော နောင်တရစရာက ဒုတိယမင်းသားမှာ နန်းတင်ရန်အတွက် အကောင်းဆုံး ဆက်ဆံသူနန်းလျာ မဟုတ်တာပါပဲ။

***

All Chapters