← Chapters

ကုသမရနိုင်သည့် စိတ်ပိုင်းဆိုင်ရာ ရောဂါ။

Vol. 24 Ch. 350

ကုသမရနိုင်သည့် စိတ်ပိုင်းဆိုင်ရာ ရောဂါ။

Vol. 24 Ch. 350

ဧကရာဇ်ကျင်းယွမ်သည် ခါးသီးစွာ ပြုံးလိုက်မိသည်။

“‌ဒေါ်လေး ကျွန်တော့်ရဲ့ သားတော် သုံးယောက်စလုံးက အသုံးမကျပါဘူး၊ ကျွန်တော်က တော်၀င်ကိုယ်လုပ်တော်စွင်းက ကျန်းမာတဲ့ မင်းသားကို အောင်အောင်မြင်မြင် ဖွားမြင်ပေးဖို့ပဲ မျှော်လင့်တာပါ….”

“ယွီဟန် မင်း၀ဋ်လည်တယ်ဆိုတာကို ယုံလား” မင်းသမီးကြီးသည် ရုတ်တရက် သူ့အား အေးစက်စွာ စကားဖြတ်ပြောလိုက်သည်။

“ အရင်က မင်းအမေက မောင်းမဆောင်ကို ဒုက္ခဖြစ်စေပြီး များစွာသော မကောင်းတဲ့ အကုသိုလ်တွေကို ကျူးလွန်ခဲ့တယ်၊ သူမက မရေတွက်နိုင်တဲ့ အပြစ်မဲ့တဲ့ ကိုယ်လုပ်တော်တွေကို ထိခိုက်စေခဲ့တယ်၊ တခြား ဘာမှ မပြောနဲ့ဦး၊ အငယ်ဆုံး မင်းသားရှစ်တောင် သူ့လက်ထဲမှာ ဘယ်လောက် ခံစားခဲ့ရလဲ”

ဧကရာဇ်ကျင်းယွမ် တိတ်ဆိတ်သွားသည်။

သူ့အမေ လုပ်ခဲ့တာတွေကို သူ ကောင်းကောင်း သိသည်။

သူ့အမေသည် သူ့အား ဘယ်တော့မှ မဖုံးကွယ်ခဲ့ပေ။

သူ သိပေမဲ့ သူ ဘယ်တုန်းကမှ မတားခဲ့ပေ။

သူ တိတ်ဆိတ်နေသည်အား ကြည့်လိုက်ကာ မင်းသမီးကြီးမှာ တဖြည်းဖြည်း စိတ်ငြိမ်လာသည်။

သူမသည် မတ်တပ်ထရပ်ကာ ထွက်ခွာရန် ပြင်လိုက်သည် သူမ မထွက်သွားခင် တစ်စုံတစ်ခုအား တွေးလိုက်မိသည်။

“ မင်းသားရှန်းနဲ့ မင်းက အမေတစ်ယောက်ထဲက ဖွားမြင်လာခဲ့ကြတယ်၊ ဒီနှစ်တွေမှာ သူက မင်းလက်ထဲက အချွန်မြဆုံးဓားတစ်လက် ဖြစ်ပေးခဲ့တယ်၊ သူ့အောင်မြင်မှုတွေထက်စာရင် တိုင်းပြည်ရဲ့ အုပ်ချုပ်သူတစ်ယောက်အနေနဲ့ မင်း ဘာတွေလုပ်ခဲ့လဲ၊ တူခုနှစ် မင်းကို သစ္စာရှိနေတာက သူ ငယ်ငယ်က ရေထဲပြုတ်ကျသွားတဲ့ချိန် မင်းက မင်းကိုယ်မင်း အသက်စွန့်ပြီး သူ့ကို ကယ်တင်ခဲ့လို့ပဲ၊ အေးစက်တဲ့ ဆောင်းရာသီကြီးမှာ မင်းက သုံးရက်သုံးညလောက် အဖျားတက်ခဲ့တာကြောင့် တူခုနှစ်က သူ့အစ်ကိုကြီးဖြစ်တဲ့ မင်းအပေါ် အပြစ်ရှိစိတ်တွေ ပြည့်နေခဲ့တယ်”

“ဒါပေမယ့် မင်းမသိလိုက်တာက အဲ့တုန်းက မင်း ချောကျိနေတဲ့ ရေညှိတွေ တစ်ယောက်ယောက်ကို ခင်းခိုင်းတဲ့အချိန်မှာ ဘေးနားက ဥယျာဉ်မှာ တို့ ငါးစာကျွေးနေခဲ့တာကိုပဲ၊ တို့ဘေးက အစေခံက အချိန်မှီသာ ဘေးကနေ ဖြတ်မသွားခဲ့ရင် မင်း ချက်ချင်း ရေထဲ ခုန်ဆင်းခဲ့မှာ မဟုတ်ဘူးမလား”

ဒီစကားအားကြားပြီးနောက် ဧကရာဇ်ကျင်းယွမ်မှာ အလျင်အမြန် ချောင်းဆိုးလာသည်။

နောက်တော့ သူသည် ပါးစပ်အပြည့် သွေးတစ်လုတ်အား အန်ထုတ်လိုက်သည်။

ရပ်မကြည့်နေနိုင်သည့် ချန်အန်းမင်းသမီးကြီးမှာ လက်ဖက်ရည်ပူ တစ်ခွက်အား ငှဲ့လိုက်ကာ သူ့အား လှမ်းပေးသည်။

“တို့မျက်လုံးထဲမှာတော့ မင်းတို့အားလုံးက တို့ရဲ့ တူတော်တွေပါပဲ၊ ဒီနှစ်တွေထဲမှာ တို့ ဘယ်သူနဲ့မှ နီးနီးကပ်ကပ် မရှိခဲ့သလို တို့ကိုယ်တို့ လူတိုင်းနဲ့ အကွာအဝေး ခြားနေခဲ့တယ်၊ တို့မျှော်လင့်တာက တာ့ကျင်းမင်းဆက်က ငြိမ်းငြိမ်းချမ်းချမ်းရှိနိုင်ပြီးတော့ လူတိုင်း အေးချမ်းသာယာမှုနဲ့ နေနိုင်ဖို့အတွက်ပါပဲ၊ ဒါပေမယ့် ယွီဟန်…. မင်း အဲ့လို မလုပ်နိုင်ခဲ့တာကို တို့ တကယ် စိတ်ပျက်မိတယ်”

“ အရင်တုန်းက ခန်းလဲ့က ယုံအန်းအမတ်နဲ့ မြင်မြင်ချင်း စုံမက်တာ ဘာကြောင့်လဲဆိုတာ တို့မသိဘူးလို့ မင်းထင်လား၊ တို့က….. ဒီတိုင်း တို့ မယုံကြည်ချင်ရုံပါ…. အခု တို့ သံနက်တံဆိပ်ပြားကို တူခုနှစ်ကို ဘာလို့ လက်လွှဲပေးခဲ့တယ်ဆိုတာ မင်းနားလည်လောက်ပြီလို့ ထင်တယ်”

ချန်အန်းမင်းသမီးကြီးက ကူကယ်ရာမဲ့စွာ ပြုံးလိုက်သည်။ သူမ မထွက်သွားခင် ဧကရာဇ်ကျင်းယွမ်အား နက်နက်နဲနဲ တစ်ချက်ကြည့်လိုက်သည်။

သူမ မျက်၀န်းများထဲမှ စိတ်ပျက်မှုများမှာ အတိုင်းသား ထင်ဟပ်နေသည်။

ချန်အန်းမင်းသမီးကြီး အိမ်‌တော်သို့ ပြန်ရောက်ပြီးနောက် မဖိတ်ခေါ်ထားသည့် ဧည့်သည် တစ်ဦးအား တွေ့လိုက်ရသည်။

မင်းသားရှန်းသည် ပင်ပန်းနွမ်းလျနေသည့် မင်းသမီးကြီးအား ကြည့်လိုက်က လေးလေးစားစား ဂါရ၀ပြုသည်။

“ဒေါ်လေး ကြည့်ရတာ ပင်ပန်းနေပြီနဲ့တူတယ်၊ ကျွန်တော် ထပ်ပြီး မနှောင့်ယှက်တော့ပါဘူး”

“တူခုနှစ်….” ချန်အန်းမင်းသမီးကြီးသည် သူ့အား လက်ဝှေ့ပြလိုက်သည်။

“စာကြည့်ခန်းထဲကို လိုက်ခဲ့ပါ၊ ဒေါ်လေး မင်းကို ပြောချင်တာလေး ရှိတယ်”

တစ်ဖက်ရှိ ချွေ့ယွမ်ခြံဝင်းတွင်တော့။

မင်းသမီးကြီး လုံလုံခြုံခြုံပြန်ရောက်သည်အား ကြားလိုက်ရသဖြင့် ကျီကျောက် လုံးလုံးလျားလျား စိတ်သက်သာရာရသွားသည်။

“‌တော်သေးတာပေါ့ အဖွား အဆင်ပြေ‌ပြေ ပြန်ရောက်လို့” ကျီကျောက်သည် ရှန်းယောင်လက်ထဲမှ ပဲနီနို့လက်ဖက်ရည်အား ယူလိုက်ကာ အပြုံးလေးဖြင့် တစ်ငုံသောက်လိုက်သည်။ ထို့နောက် သူမ မျက်လုံးများ ပင့်သွားမိသည်။

“ အရသာရှိလိုက်တာ…. ယောက်ျား ရှင့်ရဲ့ ဟင်းချက်စွမ်းရည်က အတော်လေး တိုးတက်လာပြီပဲ”

“မြှောက်ပင့်ပေးလို့ ကျေးဇူးပါ ရှင်မရေ” သူမ မျက်နှာပေါ်မှာ တောက်ပသည့် အပြုံးအား ကြည့်လိုက်ရင်း ရှန်းယောင် ရယ်ရုံသာ တတ်နိုင်သည်။

“ဒါနဲ့ ထပ်ပြောဦးမယ် ဘာလို့ အရှင်က အဖွားကို တွေ့ချင်ရတာလဲ” ကျီကျောက်သည် သိချင်စိတ်ဖြင့် မျက်တောင်ခတ်လိုက်ကာ သူမဘေးရှိလူအား မျက်ခုံးပင့်ပြလိုက်သည်။

“သံနက်တံဆိပ်ပြားနဲ့ ပတ်သက်မှု တစ်ခုခု ရှိလောက်မယ်ထင်တယ်” ရှန်းယောင်သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်ကာ နူးညံ့စွာ ခန့်မှန်းလိုက်သည်။

အရင်ဧကရာဇ် အယုံကြည်ရဆုံးသူမှာ သူ့၏ ညီမအရင်းဖြစ်သူ ချန်အန်းတော်၀င်မင်းသမီးကြီး ဖြစ်သည်။

တာ့ကျင်းမင်းဆက်ရဲ့ ဧကရာဇ်မှ ရုံတိမျိုးနွယ်စုအား သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ချန်အန်းမင်းသမီးကြီးသည် ရုံတိမျိုးနွယ်စုထဲသို့ လက်ထပ်၀င်ရောက်ခဲ့သည်။ ငါးနှစ်အကြာတွင် သူမသည် ရုံတိမျိုးနွယ်စုတစ်ခုလုံးအား သိမ်းသွင်းနိုင်ခဲ့သည်။ ရုံတိဘုရင်ဟောင်း ကွယ်လွန်ပြီးနောက်မှာတော့ ရုံတိရဲ့ အရိုက်အရာအားလုံးကို ချန်အန်းမင်းသမီးကြီး လက်ထဲကို လွှဲအပ်ခဲ့သည်။

နောက်တော့ ချန်အန်းမင်းသမီးကြီးသည် နန်းမြို့တော်ဆီသို့ မင်းသမီးခန်းလဲ့အား ခေါ်ဆောင်လာကာ မင်းသမီးကြီးနန်းဆောင်တွင် ဒီနှစ်တွေတစ်လျှောက်လုံး ဗုဒ္ဓအား ၀တ်ပြုရင်း နေခဲ့သည်။

တာ့ကျင်းမင်းဆက်တစ်ခုလုံးကို လွှမ်းခြုံထားသည့် စစ်အန်းခန်းမမှာ ချန်အန်းမင်းသမီးကြီး ချုပ်ကိုင်နေသည့် လုပ်ငန်းတစ်ခု ဖြစ်သည်။

လိုရင်းပြောရလျှင် တာ့ကျင်းမင်းဆက်ရဲ့ ပြည်သူတွေရဲ့ နှလုံးသားထဲမှာ ချန်အန်းမင်းသမီးကြီးသည် ဗုဒ္ဓကဲ့သို့ နွေးထွေးကြင်နာသည့် နှလုံးသားရှိသူဖြစ်သည်။

“ကိုယ်ကြားတာတော့ လက်ရှိဧကရာဇ် နန်းတက်တဲ့အချိန် သူ့မှာ ဘိုးဘွားအမွေဖြစ်တဲ့ တံဆိပ်တုံးပဲရှိပြီး သံနက်တံဆိပ်ပြား မရှိဘူးတဲ့၊ အရင်ဧကရာဇ် မကွယ်လွန်ခင်တုန်းက သူနောက်ဆုံးမြင်ခဲ့တဲ့သူက ချန်အန်းမင်းသမီးကြီးတဲ့လေ” ရှန်းယောင်သည် သူမ နှုတ်ခမ်းထောင့်လေးအား ညင်သာစွာ သုတ်လိုက်ကာ နူးညံ့စွာပြောသည်။

“လက်ရှိဧကရာဇ်ရဲ့ ရုပ်ပိုင်းဆိုင်ရာက ကျန်းမာတယ်လို့ ယူဆလို့ ရပေမဲ့ အခု သူက အရမ်း နာမကျန်းဖြစ်နေတယ်၊ ကျွန်မ စိုးရိမ်မိတာက စိတ်ပိုင်းဆိုင်ရာ နာမကျန်းမှု ဖြစ်နေမှာကိုပဲ”

စိတ်ပိုင်းဆိုင်ရာ ရောဂါပြဿနာအတွက် ကုရာနတ္ထိ ဆေးမရှိပေ။

တစ်ဖက်တွင်။

မင်းသားရှန်းသည် အမှန်တရားအား ချန်အန်းမင်းသမီးကြီးဆီမှ ကြားရပြီးနောက် သူ့စိတ်အခြေအနေမှာ အရမ်း ရှုပ်ထွေးနေခဲ့သည်။

“သူက ကျွန်တော့်အစ်ကိုကြီး၊ သူ့အသက်သူ မငှဲ့ဘဲ ကျွန်တော့်ကို ကယ်တင်ဖို့ လုပ်ခဲ့တဲ့ အစ်ကိုကြီး….. ဒါတွေအားလုံးက ဇာတ်လမ်းဆင်ထားတာလို့ ကျွန်တော် ဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး ဟား…..” မင်းသားရှန်းသည် ဟားတိုက်ရယ်မောလိုက်သော်ငြား သူ့မျက်လုံးထောင့်မှာ အမည်မသိ အရည်များ စိုစွတ်လာခဲ့သည်။

မင်းသမီးကြီးသည် သူ့အား ဒီလိုမြင်လိုက်ရသဖြင့် သူမ နှလုံးသားမှာ အနည်းငယ် လေးလံလာသလို ခံစားရသည်။

“တူလေးခုနှစ်….. ဒါက ဒေါ်လေးရဲ့ အမှားပါကွယ်၊ အဒေါ် အဲ့တုန်းက မင်းကို အမှန်တရား မပြောပြခဲ့တာက ‌ဒေါ်လေး အမြဲတမ်း ဖြစ်ချင်တာရှိလို့ပါ၊ ဒေါ်လေးများ နားကြားမှားမိတာလား၊ ယွီဟန်က ခဏလောက် စိတ်ရှုပ်သွားရုံလားလို့ပေါ့၊ ပြီးတော့ မင်းတို့က မိခင်တစ်ယောက်ထဲက ဖွားမြင်လာတဲ့ ညီအစ်ကိုအရင်းတွေလေ၊ မင်းတို့ရဲ့ ညီအစ်ကိုဆက်ဆံရေး ပျက်ဆီးသွားမှာကို စိုးရိမ်မိတာကြောင့် ဒေါ်လေး မျက်စိပိတ် နားပိတ်နေခဲ့မိတာပါ၊ ဒါပေမယ့် ဒီနှစ်တွေအားလုံးမှာ တာ့ကျင်းမင်းဆက်က အကြီးကျယ် ပျက်ဆီးသွားခဲ့ရတယ်၊ မူလက လှပတဲ့မြစ်တွေ၊ တောင်တွေက အခုတော့ အခုတော့…..”

မင်းသမီးကြီးက တစ်ဆို့သွားကာ ငိုလိုက်မိသည်။

“ဒေါ်လေးမင်းကို ဒီသံနက်တံ‌ဆိပ်ပြား ပေးခဲ့တာက တစ်ကိုယ်ကောင်းဆန်တဲ့ အကြောင်းရင်း ရှိလို့ပါ၊ အဲ့ကောင်လေး ကျောက်ကျောက်က ခန်းလဲ့ရဲ့ အသက်သွေးကြောပါ၊ ဒီနှစ်တွေအားလုံးမှာ တို့စိတ်မချရတဲ့သူက ခန်းလဲ့ပြီးရင် မင်းပါပဲ…. ကျောက်ကျောက်ရဲ့ ခင်ပွန်းက အလားအလာ ကောင်းမွန်ပြီး အရည်အချင်းရှိတဲ့ သူဆိုတာ တို့သိပါတယ်၊ တူလေးခုနှစ်…. တို့တွေရဲ့ တာ့ကျင်းမင်းဆက်ကို ကာကွယ်ပေးဖို့ တစ်ယောက်ယောက်ကို လိုအပ်တယ်ကွယ့်”

မင်းသားရှန်းသည် မင်းသမီးကြီး နန်းဆောင်မှ လေးလံသည့် ခြေလှမ်းများဖြင့် ထွက်ခွာသွားသည်။

သူ့မှာ ရှုပ်ထွေးသည့် ခံစားချက်များ ရှိသည်။

သူ အဲ့နေရာအား ရယူရန် ပါ၀င်လိုသည့်ဆန္ဒ ဘယ်တုန်းကမှ မရှိခဲ့ပေ။

ဧကရာဇ်ကျင်းယွမ်၏ ညီတော်တစ်ယောက် အနေနှင့် သူသည် ဧကရာဇ်ကျင်းယွမ် မကြာခင် သက်သာလာရန် မျှော်လင့်ခဲ့သည်။

သူသည် ဧကရာဇ်ကျင်းယွမ်လက်ထဲမှ ချွန်ထက်သည့် ဓားတစ်လက်ဖြစ်လာရန်သာ ဆန္ဒရှိကာ သူ့အား ကူညီ၍ အနောက်မြောက်ဖက်အား ကူညီစောင့်ကြပ်ပေးချင်ခဲ့သည်။ သူသည် ဧကရာဇ်အား ကူညီ၍ တာ့ကျင်းမင်းဆက်၏ မိုင်ထောင်ပေါင်းများစွာရှိ မြစ်များ တောင်တန်းများအား စောင့်ကြပ်ပေးလိုသည်။

ဒါပေမယ့် အခုတော့ သူ နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ရသည့် ယုံကြည်မှုများ ပြိုကွဲခဲ့ရသည်။ သူ ယုံကြည် နှစ်သက်ရသည့် သူ့အစ်ကိုမှာ အစထဲက သူ့အား လျှို့ဝှက် ကြံစည်ခဲ့သည်။

အမှန်တော့ သူငယ်ငယ်ထဲက သူ့အစ်ကိုက သူ့အား လုပ်ကြံချင်ခဲ့သည်။

ဘယ်လိုတောင် မယုံနိုင်စရာလဲ။

မင်းသားရှန်းသည် သူ့ကိုယ်သူ ဖျားနာနေသည်ဟု ဆိုကာ အပြင်ထွက်ရန် ငြင်းပယ်ခဲ့သည်။ နန်းတွင်းညီလာခံမှာ ကမောက်ကမများ ဖြစ်နေသည်။

တခဏလောက် နန်းမြို့တော်မှာ ထိန်းမရသိမ်းမရ အခြေအနေ ဖြစ်နေသည်။

သူတို့ကြားတွင် ပြင်ပတိုင်းပြည်များမှ ထီးနန်းလုရန်အတွက် ကြိုးစားချင်သူများ မပြတ်ရှိခဲ့သည်။

နိမ့်ပါးသော နောက်ခံရှိကာ မျက်စိရောဂါ ခံစားနေရသည့် တတိယမင်းသားတောင်မှ သူ့ဖက်မှ ရပ်တည်သည့်သူများ တဖြည်းဖြည်း ရှိလာသည်။

မင်းသား သုံးပါး၏ နောက်ကွယ်မှ အင်အားစုများမှ အချင်းချင်း ယှဉ်ပြိုင်တိုက်ခိုက်နေကြသည်။

အချိန်တွေ လျင်မြန်စွာ ကုန်ဆုံးလာသည်နှင့် မျက်စိတစ်မှိတ်မှာပင် နောက်ထပ် သုံးလခန့် ကုန်လွန်သွားခဲ့သည်။

ဆောင်းဦးလလယ်ပွဲတော်မှာ နီးကပ်လာသည်နှင့် ကျီကျောက် ဗိုက်ကလေးမှာလဲ ပိုပိုကြီးလာခဲ့ပြီး ရှန်းယောင်မှာ ပို၍ အလုပ်များလာခဲ့သည်။

ညနက်တစ်ခု‌မှာတော့ ရှန်းယောင်သည် ချွေ့ယွမ်ခြံဝင်းသို့ အလျင်အမြန် ပြန်လာခဲ့သည်။ သူ ကျီကျောက်အား မြင်လိုက်ရသည့်အချိန်မှာပဲ သူ့ပင်ပန်းမှုများ ပျောက်ကွယ်သွားသည်။

***

All Chapters