← Chapters

ပြီးဆုံးခါနီးပြီ။

Vol. 24 Ch. 351

ပြီးဆုံးခါနီးပြီ။

Vol. 24 Ch. 351

“ဒီနေ့ ကျွန်မ ငါးစားချင်နေတာလေ၊ အဲ့တာကြောင့် အမေနဲ့အတူ အချဉ်ရည်လေးနဲ့ ငါးခေါက်ဆွဲလေး ပြင်ထားတယ်၊ ရှင့်လက်တွေကို အမြန်သွားဆေးပြီး နောက်မှ တစ်ခွက်လောက် မြည်းကြည့်လိုက်ပါဦး ဟမ်…” ကျီကျောက်သည် သူမ၏ လေးလံလာသည့် ခါးလေးအား ကိုင်ကာ သူ့ရှေ့သို့ အပြုံးဖျော့ဖျော့လေးဖြင့် ဂရုတစိုက် လျှောက်လာခဲ့သည်။

“ ကျောက်ကျောက်” ရှန်းယောင်၏ နှလုံးသားမှာ တစ်ချက်ဆောင့်ခုန်သွားသည်။ သူသည် သူမအား သူ့လက်ထဲသို့ ညင်သာစွာ ဆွဲသွင်းလိုက်ကာ သူမလည်ပင်းထဲသို့ သူ့ခေါင်းအား မြှုပ်ထားလိုက်ကာ အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်သည်။ ခေါင်ရန်းပန်းနံ့သင်းသင်းလေးမှာ သူ့အား လန်းဆန်းလာစေသည်။

“ကိုယ် မင်းကို ဖက်ထားပါရစေ”

“ကောင်းပါပြီ” ကျီကျောက်သည် နာခံစွာ ခေါင်းညိမ့်လိုက်ကာ သူမ မျက်လုံးများအား ညင်သာစွာ မှိတ်လိုက်သည်။

ထိုအခိုက်တွင် လောကကြီးမှာ တိတ်ဆိတ်ငြိမ်သက်သွားသည်။

သူတို့နှစ်ယောက်မှာ တစ်ယောက်ကိုတစ်ယောက် ဖက်လိုက်ကြကာ တစ်‌ယောက်ရဲ့နှလုံးခုန်သံအား တစ်ယောက်ခံစားမိလိုက်သဖြင့် သူတို့၏ နှုတ်ခမ်းများမှာ တူညီတဲ့အပြုံးကိုယ်စီ ဖြစ်လာခဲ့သည်။။

ခဏအကြာတွင် ရှန်းယောင်သည် ငါးခေါက်ဆွဲအချဉ်ရည် ပန်းကန်လုံးအကြီး နှစ်လုံးအား စားသောက်လိုက်သည်။

“ရှင် ပိန်သွားတယ်နော်” ကျီကျောက်သည် စိုးရိမ်တကြီး ပြောသည်။

“ အခုတလော အရမ်းပင်ပန်းနေလို့လား”

“ အင်း” ရှန်းယောင်သည် မော့ကြည့်လိုက်ကာ သူမအား ပြုံးပြသည်။

“ပြီးခါနီးနေပါပြီ”

ဧကရာဇ်ကျင်းယွမ်၏ ပြစ်ချက်ကိုယ်စီရှိသည့် မင်းသားသုံးယောက်နှင့် ယှဉ်လျှင် မင်းသားရှန်းမှာ ဒီနေရာအတွက် ပို၍ သင့်တော်သည်။

ဧကရာဇ်ကျင်းယွမ်အတွက် သူ့ကံကြမ္မာအား လက်ခံလိုက်ရုံသာ ရှိသည်။ မကြာခင်မှာ ထီးနန်းအရိုက်အရာအတွက် အမိန့်ပြန်တမ်းအား ရေးနိုင်တော့ပေမည်။

ရှန်းယောင်သည် ဒီအချိန်အတောအတွင်း အရမ်းအလုပ်များနေရခြင်းမှာ မင်းသားရှန်း၏ နောက်ခံနှင့် ဆက်စပ်နေသည်။

သူမ ဒီသတင်းများအား ကြားသည့်အခါ ကျီကျောက်သည် ရှန်းယောင်အား အံ့သားသင့်စွာ ကြည့်လိုက်သည်။ “ မင်းသားရှန်းရဲ့ နောက်ခံလား….. မင်းသားရှန်းက လက်ရှိဧကရာဇ်နဲ့ ညီအစ်ကိုအရင်းတွေ မဟုတ်ဘူးလား”

တာ့ကျင်းမင်းဆက်ပြည်သူတိုင်း မင်းသားရှန်းသည် လက်ရှိဧကရာဇ်၏ ညီငယ်ဖြစ်ကာ မိခင်တူကြောင်း သိကြသည်။

“တော်၀င်မိသားစုက ဘာတွေ လျှို့ဝှက်ကြံစည်ထားတယ်ဆိုတာ ခန့်မှန်းကြည့်ဖို့ဝောာင် ခက်ပါတယ်” ရှန်းယောင်သည် သူမ ပါးလေးအား ပွတ်လိုက်ရင်း အပြုံးလေးဖြင့် စကားလမ်းကြောင်း လွှဲလိုက်သည်။

“ ကျောက်ကျောက် ဒီအကြောင်း ထပ်မပြောကြရအောင်၊ ကျောက်ကျောက်က ကိုယ်၀န်ကြီးနဲ့မလား အများကြီး တွေးတာက မသင့်တော်ဘူးမလား”

ရှန်းယောင်၏ လက်ဖဝါးကြီးကြီးမှာ သူမ၏ ဗိုက်လုံးလုံးလေးပေါ်သို့ တင်လိုက်ကာ သူ့နှုတ်ခမ်းများအား အနည်းငယ် ကွေးညွှတ်လိုက်သည်။

“ကိုယ်ကြားတာတော့ ကိုယ်၀န်သည် ဆယ်ယောက်မှာ ကိုးယောက်က ပျို့အန်တာ တော်တော်ဆိုးရွားကြတယ်တဲ့၊ ဒါပေမယ့် ကိုယ်တို့ သမီးကတော့ ကျောက်ကျောက်ကို ၀န်မပေးဘူးဘဲ” ရှန်းယောင်က မြှောက်ပင့်ပြောဆိုလိုက်သည်။

“ သမီး‌ဆိုတာ ရှင် ဘာလို့ အရမ်းသေချာနေရတာလဲ” သူ၏ ညင်သာပြီး သာယာဖွယ်ကောင်းသည့် အသံအား ကြားလိုက်ရသဖြင့် ကျီကျောက်သည် မျက်ခုံးပင့်ကာ တမင်တကာ စနောက်လိုက်သည်။

“ကျွန်မကတော့ သားလေးဖြစ်မယ်လို့ထင်တယ်”

“ကျောက်ကျောက် အဓိပ္ပါယ်မရှိတာတွေ မပြောရဘူး၊ သမီးလေး ဖြစ်မှာပါဆို” ရှန်းယောင်က ခေါင်းမာစွာ ပြောသည်။

ကျီကျောက်သည် ကူကယ်ရာမဲ့စွာဖြင့် သူ့ပုခုံးပေါ်သို့ ခေါင်းတင်လိုက်ကာ ခဏလောက် ရယ်မောနေလိုက်ရင်း ထပ်မံ အိပ်ပျော်သွားပြန်သည်။

တကယ်တော့ သူမ ၀မ်းဗိုက်ထဲက ကလေးမှာ ယောက်ျားလေးဖြစ်ကြောင်း သိရှိပြီးဖြစ်သည်။

သခင်ရှန်း၏ သမီးလေးရဖို့ အိမ်မက်လေး မပြိုကွဲသွားစေရန် အလို့ငှာ အချိန်တစ်ခုလောက် သူ့အား မပြောပြသေးရန် သူမ ဆုံးဖြတ်ထားသည်။

ခြောက်လပိုင်း ကုန်ဆုံးပြီးနောက် နန်းမြို့တော်၏ ရာသီဥတုမှာ ပို၍ ပူလာပြန်သည်။

ဧကရာဇ်နန်းဆောင်၊ ချန်ချင်းနန်းဆောင်။

မရေတွက်နိုင်သည့် နန်းတွင်းသမားတော်များအား ပင့်ဖိတ်ပြီးနောက်တွင်မူ ဧကရာဇ်ကျင်းယွမ်၏ အခြေအနေမှာ တိုးတက်မှု မရှိလာခဲ့ပေ။

ကြီးမားလှသည့် ချန်ချင်းနန်းဆောင်ထဲမှာ ဆေးခါးနံ့ပြင်းပြင်းများဖြင့် ပြည့်နေသည်။

ဧကရီနှင့် ကြင်ယာတော်ရှုတို့သည် နေ့စဉ်နေ့တိုင်း ဧကရာဇ်ကျင်းယွမ်၏ ရောဂါအခြေအနေအား လာရောက်ကြည့်ရှုကြပေမဲ့ ဧကရာဇ်၏ အခြေ‌အနေမှာ ပို၍ပင် ဆိုးရွားလာခဲ့သည်။ သူသည် လူတွေကို ရှင်းရှင်းလင်းလင်း မမြင်နိုင်တော့သည့် အခြေအနေသို့ပင် ရောက်လာခဲ့သည်။

သူ မှတ်မိသည့် တစ်ဦးတည်းသောသူမှာ မင်းသားရှန်း ကျိုးယွီဟိန်သာ ဖြစ်သည်။

နောက်တစ်နေ့တွင် မင်းသားရှန်းအား နန်းတော်ထဲသို့ ဆင့်ခေါ်ခဲ့သည်။

“အစ်ကိုတော် ဘာလို့ ကျွန်တော့်ကို ဆင့်ခေါ်တာလဲဗျ” ချန်ချင်းနန်းဆောင်ထဲ ၀င်ရောက်ပြီးနောက် မင်းသားရှန်းသည် နဂါးကုတင်တော်မှ ပေသုံးဆယ်အကွာတွင် ရပ်နေရင်း မထူးမခြားမေးသည်။

“ညီခုနှစ်…..” လွန်ခဲ့တဲ့ဆယ့်ငါးမိနစ်ခန့်ကမှ ဆေးသောက်ပြီးသည့် ဧကရာဇ်ကျင်းယွမ်သည် အောက်တွင် ရပ်နေသည့် ကောင်ချောလေးအား ကြည့်လိုက်ကာ သူ့နှလုံးသားမှာ တစ်ချက် ဆောင့်ခုန်သွားသည်။

“ အစ်ကိုတော်ကို မုန်းနေသေးတယ် မဟုတ်လား”

မင်းသားရှန်းသည် ခေါင်းအောက်စိုက်ထားကာ သူ့ခါးမှ လက်စွပ်ပုံစံ ကျောက်စိမ်းဆွဲပြားဖြင့် ကစားနေရင်း တိတ်ဆိတ်‌လျက် ရှိနေသည်။

“ အစ်ကိုတော်….. အရင်က အဲ့အတွက် နောင်တရခဲ့ပါတယ်” ဧကရာဇ်ကျင်းယွမ်သည် ခါးသီးစွာ ပြုံးလိုက်ကာ ချောင်းအနည်းငယ် ဆိုးလိုက်သည်။ ထို့နောက် သူသည် ခံစားချက်မျိုးစုံဖြင့် သက်ပြင်းချလိုက်ကာ အသံတိုးတိုးဖြင့် ပြောသည်။

“ အစ်ကိုတော် သိပါတယ် မကြာသေးခင်က ညီတော် မင်းရဲ့ နောက်ကြောင်းနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေခဲ့ပေမဲ့ ဘယ်လောက်ပဲ စုံစမ်းရှာဖွေပါစေ ဘာသက်သေမှ မရှာနိုင်သေးဘူးမလား”

“အအေးနန်းဆောင်က ကြင်ယာတော်ကျန်း၊ အ၀တ်လျှော်ဌာနက နို့ထိန်းကွေ့……” မင်းသားရှန်းက ခေါင်းမော့ကြည့်ကာ တည်ငြိမ်စွာ ပြောသည်။

“ အစ်ကိုတော် ကျွန်တော် မရှာနိုင်ဘူးလို့ တကယ် ထင်တာလား၊ ဒီလောကထဲမှာ ဘယ်လို ဒုစရိုက်မှုမျိုးကမှ မဖုံးကွယ်ထားနိုင်ပါဘူးဗျ၊ လက်မှာ သွေးစွန်းနေတဲ့သူတွေက သူတို့ နောင်ဘ၀ကို မကူးခင် ငရဲမှာ ထိုက်သင့်တဲ့ ညှင်းပန်းနှိပ်စက်မှုကို ခံစားကြရမှာပါပဲ”

“ အစ်ကိုတော်ကို အဲ့လောက်တောင် မုန်းတာလား”

“ အစ်ကိုတော်…… ကျွန်တော် အစ်ကို့ကို မမုန်းသင့်ဘူးလို့ ထင်တာလားဗျ” မင်းသားရှန်းက အပြုံးဖြင့် အမေးကို ဖြေရမည့်အစား ပြန်မေးလိုက်သည်။

“ အစ်ကိုတော် အမြဲထင်ခဲ့တာက အစ်ကိုတော်သာ ဒီလျှို့ဝှက်ချက်ကို မကြားခဲ့ရင် မကောင်းမှုတွေ အများကြီး ကျူးလွန်ခဲ့မိမှာ မဟုတ်လောက်ဘူး” ဧကရာဇ်ကျင်းယွမ်သည် သူ့ကိုယ်သူ အတင်းရုန်းကန်လိုက်ကာ နဂါးကုတင်အား မှီလိုက်သည်။ သူသည် ကြီးမားသည့် အတွင်းခန်းမဆောင်ထဲမှ ပရိဘောဂများအား လှည့်ပတ်ကြည့်လိုက်ကာ ညင်သာစွာ တဟားဟား ရယ်လိုက်မိသည်။

“ညီခုနှစ် ဒါက နန်းတော်ပဲ၊ နက်ရှိုင်းတဲ့ နန်းတော်ကြီးက လူတွေကို အရိုးတစ်ခြား အသားတစ်ခြားဖြစ်အောင် စားမြိုနိုင်တယ်၊ အစ်ကိုတို့ ခမည်းတော်တောင် သူ့ရဲ့ မရေတွက်နိုင်တဲ့ ညီအစ်ကိုတွေရဲ့ သွေးတွေကို ချနင်းပြီးမှ ထီးနန်းတက်နိုင်ခဲ့တာပါ၊ ဒါကြောင့် ဒီနှစ်တွေထဲမှာ အစ်ကိုလုပ်ခဲ့တဲ့အရာတွေက မှားယွင်းတယ်လို့ မခံစားခဲ့ရဖူးဘူး၊ ဒါပေမဲ့ မင်း…. မင်းကတော့ ဒီတော်၀င်မိသားစုမှာ ထူးခြားတဲ့ တည်ရှိမှုပဲ၊ မင်းက အစ်ကိုတော်ကို လေးစားတယ်၊ အစ်ကိုတော်အတွက် တိုက်ပွဲမြေတွေကို အကြောက်အလန့် ကင်းမဲ့စွာ သွားခဲ့ပေးတယ်….. အစ်ကိုတော် အရမ်းကို ရင်ထဲထိပြီးတော့ အားကျရပါတယ်…..”

“ညီခုနှစ် မင်းကတော့ မင်းရဲ့ သန့်စင်တဲ့နှလုံးသားက ဘယ်လောက် ဆွဲဆောင်မှုရှိတယ်ဆိုတာ မသိလောက်ဘူး”

“ အစ်ကိုတော် ကျွန်တော့်ကို ဒီနေ့ ဆင့်ခေါ်တာက ဘာတွေပြောမလို့လားဗျ” မင်းသားရှန်းက မျက်မှောင်ကြုတ်ကာ ပြောသည်။

“တကယ်လို့ ဘာမှ ထပ်မရှိတော့ဘူးဆိုရင် ကျွန်တော့်ကို ထွက်သွားခွင့်ပြုပါဗျ”

“ကျိုးယွီဟိန်… တာ့ကျင်းမင်းဆက် လဲပြိုကျနေတာကို ကူကယ်ရာမဲ့စွာနဲ့ ဒီတိုင်းပဲ ကြည့်နေတော့မှာလား၊ မင်းက လပေါင်းများစွာ နေထိုင်မကောင်းဘူးလို့ အဆိုပြုနေခဲ့တယ်၊ မင်း ဒီနေရာကို လုံး၀ မလိုချင်ဘူးလား” ဧကရာဇ်ကျင်းယွမ်က အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားတဲ့ မင်းသားရှန်း၏ နောက်ကျောပုံရိပ်အား ကြည့်လျက် နာကျင်မှုဖြင့် အော်ပြောသည်။

“ အစ်ကိုတော်….” မင်းသားရှန်းက ခပ်ဖြည်းဖြည်း လှည့်ကြည့်လာသည်။ သူ၏ မက်မွန်ပွင့်မျက်ဝန်းများမှာ ခံစားချက်စိုးစိမျှ မရှိသော တိတ်ဆိတ်နေသည့် ရေအိုင်ငယ်ကဲ့သို့

မယှဉ်နိုင်လောက်အောင် တည်ငြိမ်နေသည်။

“ကျွန်တော် ဧကရာဇ်ဖြစ်လာဖို့ အိမ်မက်တောင် မမက်ခဲ့ဖူးပါဘူး၊ အစ်ကိုတော် မေ့နေပြီလား၊ ကျွန်တော်တို့ ငယ်ငယ်က အစ်ကိုတော်နဲ့ ကျွန်တော်တို့ တော်၀င်ကျောင်းတော်မှာ ပညာအတူသင်ခဲ့ကြတယ်၊ ကျွန်တော်ရဲ့ အဆင့်တွေက မထူးချွန်နေခဲ့ဘူး၊ ဒါပေမယ့် အစ်ကိုတော်ကတော့ ကွဲပြားတယ်၊ အစ်ကိုတော်က စာပေရော လက်ရုံးရည်မှာရော ကျွမ်းကျင်တယ်၊ ကျွန်တော့်စိတ်ထဲမှာတော့ အစ်ကိုတော်က စံပြပြဂ္ဂိုလ်ပါပဲ”

“ကျွန်တော် ငယ်ငယ်လေးကတည်းက အစ်ကိုတော် ကျွန်တော့်ကို ကယ်တင်ခဲ့တာကြောင့်ပဲ လုံးလုံးလျားလျား လေးစားတာမျိုး မဟုတ်ခဲ့ပါဘူး” မင်းသားရှန်းက ရယ်လိုက်မိပြန်သည်။

“ အခုကတော့ ကျွန်တော့်ဘ၀ကို ကယ်တင်တယ် ဆိုတဲ့ စကားကို ပြောနေရတာ မယုံနိုင်စရာပဲ ဆိုတာကို ကျွန်တော် သိလိုက်ရတယ်”

“ညီတော်…. မင်း…. ထီးနန်းအကြောင်း ဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူးပေါ့”

“ အစ်ကိုတော်က ဒါကို ကောင်းကောင်း သိပါတယ်ဗျာ”

ဧကရာဇ်ကျင်းယွမ်က ရယ်မောလိုက်မိသည်။ သူ မရပ်မနား ရယ်မောလိုက်ပြီးနောက် အလျင်အမြန် ချောင်းဆိုးလာကာ သွေးများပါလာခဲ့သည်။

“ဒါဆို ဒီနှစ်တွေအားလုံးမှာ အစ်ကိုတော်က ကိုယ့်ဘာသာ ဉာဏ်ကောင်းလွန်းတယ်လို့ ထင်နေခဲ့တာ…. အစ်ကိုတော် ထင်တာက….. မေ့လိုက်ပါတော့”

ဧကရာဇ်ကျင်းယွမ်က နာကျင်မှုဖြင့် သူ့မျက်လုံးများအား မှိတ်လိုက်မိသည်။

“ကျွန်တော် ကျန်းနန်ကို နာမည်ကြီး သမားတော်ရှာဖို့ လူလွှတ်ထားပါတယ်၊ အစ်ကိုတော် ကိုယ့်ကျန်းမာရေးကိုယ် ဂရုစိုက်ပါဗျ”

“ညီခုနှစ်….”

ဧကရာဇ်ကျင်းယွမ်သည် နှလုံးကွဲကြေစွာဖြင့် ‌ကျယ်လောင်စွာ အော်လိုက်ကာ သူသည် အသံနက်နက်ဖြင့် ပြောသည်။

“ အစ်ကိုတော် ညီတော်ကို ပြောပြချင်တယ်”

မင်းသားရှန်းသည် ထွက်သွားချင်ပေမဲ့ အကြောင်းရင်းတချို့ကြောင့် ဆက်နေရန် ရွေးချယ်လိုက်သည်။

မိန်းမစိုးမှ ခုံပုလေး တစ်လုံးအား ယူလာပေးသည်။ မင်းသားရှန်းသည် အောက်တွင် ထိုင်လိုက်ကာ စကားတစ်ခွန်းမှ မပြောပေ။

ခဏအကြာတွင် လက်ဖက်ရည် တစ်ခွက်အား ဆက်သလာသည်။

အဆင့်မြင့်လုံကျင်း လက်ဖက်ခြောက်။

“ အစ်ကိုတော် မှတ်မိသေးတယ်။ မိုးမရွာခင် ညီခုနှစ်ရဲ့ အကြိုက်ဆုံးလက်ဖက်ရည်က ဒီလုံကျင်းလက်ဖက်ခြောက်ဆိုတာကိုလေ၊ ဒါမို့ ဒီနှစ်တွေအားလုံးမှာ အစ်ကိုတော် လက်ဖက်ခြောက်အသ စ်ရတိုင်း တစ်ယောက်ယောက်နဲ့ ညီတော်ရဲ့ အိမ်တော်ကို ပို့ခိုင်းစေခဲ့တာလေ”

“တော်၀င်အစ်ကိုတော်ရဲ့ ကြင်နာမှုကို မမေ့ရဲပါဘူးဗျ” မင်းသားရှန်းသည် မွှေးရနံ့ တထောင်းထောင်း ထနေသည့် လက်ဖက်ရည်ခွက်အား စိုက်ကြည့်ကာ သူ့အတွေးများမှာ ထွေပြားနေသည်။

***

All Chapters