← Chapters

တိုင်းပြည်ကို မဖျက်ဆီးပါ။

Vol. 25 Ch. 352

တိုင်းပြည်ကို မဖျက်ဆီးပါ။

Vol. 25 Ch. 352

ဧကရာဇ်ကျင်းယွမ်သည် တဟားဟား ရယ်မောလိုက်မိသည်။ “အဲ့နှစ်တုန်းက အစက အစ်ကိုတော် မင်းကို မထိခိုက်စေလိုခဲ့ပါဘူး၊ ဒါပေမယ့် အမေက မင်းရဲ့ နောက်ကြောင်း ပြောနေတာကို မတော်တဆ ကြားလိုက်ရတယ်”

တွေဝေနေသည့် မင်းသားရှန်းမှာ ထိုစကားများအား ကြားလိုက်ရသည့်အခါ သူ ရုတ်တရက် မော့ကြည့်ကာ သူ့မျက်လုံးများမှာ ပို၍ ကြည်လင်လာခဲ့သည်။

“အဲ့နေ့က…. အစ်ကိုတော် ရေးထားတဲ့ စာစီစာကုံးကို ခမည်းတော် ချီးကျူးတာ ခံရတာကြောင့် အရမ်းပျော်ပြီး မယ်တော်နဲ့အတူ ခွန်နင်းနန်းဆောင်းမှာ ဒီသတင်းကောင်းကို မျှဝေဖို့ မစောင့်နိုင်တာနဲ့ အပြေးသွားခဲ့ပေမဲ့ မယ်တော်ရဲ့ ဆောက်တည်ရာ မရဖြစ်နေတဲ့ အခြမ်းကို မြင်ခဲ့ရတယ်….. အဲ့အချိန်မှာ ညီခုနှစ်က အမေ့သားအရင်း မဟုတ်ဘဲ ခမည်းတော် အရမ်းချစ်ရတဲ့ ကြင်ယာတော်ရှူရဲ့ သားဆိုတာကို သိလိုက်ရတယ်၊ အဲ့တုန်းက မယ်တော်ရော ကြင်ယာတော်ရှူရော နှစ်ယောက်လုံး ကိုယ်၀န်ရှိနေခဲ့ပြီး တစ်ချိန်တည်း ဖွားမြင်ခဲ့ကြတယ်၊ အဲ့တုန်းက ကျန်းမိသားစုရဲ့ မိသားစုအဆင့်တန်းက မတည်ငြိမ်သေးဘူး၊ မယ်တော့်မောင်က ပြဿနာတက်စေခဲ့ပြီး လူတွေကို ဒေါသထွက်စေခဲ့တယ်၊ မယ်တော်က အရေးပေါ်‌အနေနဲ့ သူမ နေရာ တည်ငြိမ်စေဖို့ နောက်ထပ် မင်းသားလေး တစ်ပါးကို ဖွားမြင်ပေးဖို့ လိုအပ်ခဲ့ပေမဲ့ မယ်တော်က အသက်မဲ့နေတဲ့ မင်းသမီးလေးကို ဖွားမြင်ခဲ့တယ်….. ဒီအကြောင်းပြချက်ကြောင့် အမေက အချစ်ခံရဖို့အတွက် တိုက်ခိုက်ဖို့ မလိုတဲ့ ကြင်ယာတော်ရှုကို မျက်စိကျသွားခဲ့တယ်၊ မောင်းမဆောင်က လူတိုင်းထင်တာက ခမည်းတော်က မိန်းမတိုင်းကို ညီတူမျှတူ ချစ်တယ်လို့ပေါ့၊ ဒါပေမယ့် ကြင်ယာတော်ရှူက မတူညီဘူးဆိုတာကို မယ်တော်တစ်ယောက်ထဲ သိခဲ့တယ်…..”

“ကြင်ယာတော်ရှူက ခမည်းတော်ရဲ့ အချစ်ဦးဖြစ်ပြီး သူနှစ်တွေအကြာကြီး မြတ်နိုးလာရသူလဲဖြစ်တယ်။ သို့ပေမဲ့ ကြင်ယာတော်ရှူကို ကာကွယ်ပေးနိုင်ဖို့တွက် အရင်ဧကရာဇ်က တမင်တကာ ဖုံးကွယ်ခဲ့ပြီး ကြင်ယာတော်ရှူကို နန်းတော်ထဲမှာ နှစ်တွေအကြာကြီး ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ခွင့်ပြုခဲ့တယ်။”

ကြင်ယာတော်ရှူ ကိုယ်၀န်ရလာပြီးနောက်မှ ဧကရီသည် သာမညကြင်ယာတော်ရှူမှာ ဧကရာဇ်မှ အစစ်အမှန် ကာကွယ်ပေးချင်သည့် အမျိုးသမီးဖြစ်ကြောင်း တဖြည်းဖြည်း သဘောပေါက်လာခဲ့သည်။

ဒါက မောက်မာပြီး ဘ၀င်လေဟပ်သည့် ဧကရီကျန်းအား မခံမရပ်နိုင် ဖြစ်စေခဲ့သည်။ နောက်တော့ အကြံအစည်တချို့ စီစဉ်ပြီးနောက် သူမသည် ကြင်ယာတော်ရှူ၏ မင်းသားခုနှစ်ကို ဧကရီမှ မွေးဖွားလာသော မင်းသားခုနှစ်အဖြစ် ပြောင်းလဲစေခဲ့သည်……

မင်းသားရှန်း၏ မက်မွန်ပွင့်လိုမျက်ဝန်းမှာ ရဲတွတ်လာသည်။

“ညီခုနှစ် ငယ်ငယ်တုန်းက မယ်တော်က ညီတော့်ကို အမြဲအလိုလိုက်ခဲ့တယ်၊ ညီတော် စာကောင်းကောင်း မရေးရင်တောင် အဆူမခံရဘူး၊ ဒါပေမယ့် မယ်တော်က အစ်ကိုတော်ကိုတော့ အထူးတလည် တင်းကြပ်ခဲ့တယ်၊ အစက အစ်ကိုတော် တကယ်နားမလည်နိုင်ခဲ့ဘူး၊ အစ်ကိုတော် အမြဲ ခံစားရတာက မယ်တော်က ဘက်လိုက်တယ်လို့ပေါ့….. နောက်ကြ ညီတော်ရဲ့ နောက်ကြောင်းကို မ‌ထင်မှတ်ပဲ သိရှိသွားခဲ့ပြီး မယ်တော် ဘာလို့ ဒီလိုလုပ်တယ်ဆိုတာ နားလည်လာခဲ့တယ်၊ ဒီလိုလုပ်မှပဲ ညီတော်ကို အသုံးမကျတဲ့ မင်းသားဖြစ်အောင် လုပ်နိုင်ပြီး အစ်ကိုတော်က အရည်အချင်းပြည့်မှီတဲ့ အိမ်ရှေ့စံအဖြစ် ပျိုးထောင်နိုင်မှာလေ……”

ဧကရာဇ်ကျင်းယွမ် အမြဲ ထင်ခဲ့သည်က သူက နှစ်သက်ခြင်း မခံရသည့် မင်းသားတစ်ပါး ဖြစ်သည်ဟုပင်၊ ထို့ကြောင့် သူသည် မကောင်းသည့် အတွေးများ ၀င်လာခဲ့သည်။

သူသည် တစ်ယောက်ယောက်အား တမင်တကာ ရေညှိ‌မှော်ပင်များအား အနောက်ဘက်ရေကန်တွင် ထားခိုင်းခဲ့ကာ သူ့ညီအရင်းအား သတ်ချင်ခဲ့သည်။

သူ့အတွေးမှာ ရိုးရှင်းသည်။ ညီခုနှစ်သာ ‌ဆုံးပါးသွားပါက သူ့အမေက သူ့ကို ပိုချစ်လာလိမ့်မည်ဟုပင်။

သူသည် ဒီအကြံဉာဏ်က ဘယ်လောက် ရက်စက်သည်ဆိုသည်ကို ဘယ်တုန်းကမှ နက်နက်ရှိုင်းရှိုင်း မတွေးမိခဲ့ပေ။

“တကယ်တော့ ညီတော် ရေထဲမှာ ရုန်းကန်နေတာကို မြင်ကထဲက အစ်ကိုတော် နောင်တရနေနှင့်ပါပြီ၊ အစ်ကိုတော် ရေထဲဆင်းခုန်ပြီး ကယ်ရမလား မဆုံးဖြတ်နိုင်သေးခင်မှာ ‌ဒေါ်လေးရဲ့ အစေခံတွေက အနားကနေ ဖြတ်သွားတာကြောင့် ရွေးချယ်စရာ မရှိပဲ ခုန်ချခဲ့တယ်….” ဧကရာဇ်ကျင်းယွမ်က ချောင်းထပ်ဆိုးပြန်သည်။

“ဒီနှစ်တစ်လျှောက်လုံး နောင်တရခဲ့ပါတယ်၊ တကယ်လို့ အဲ့တုန်းကသာ အစ်ကိုတော် အဲ့လိုတွေ မလုပ်ခဲ့ရင်…..”

“နောင်တတရားအတွက် ဒီလောကမှာ ဖြေဆေးမရှိဘူး အစ်ကိုတော်” မင်းသားရှန်းသည် သူ့အား ကြားဖြတ်ပြောသည်။ သူ့အသံမှာ ဩရှနေခဲ့သည်။

“နောက်ကျနေပြီ….. ပြန်လိုက်ပါဦးမယ်”

ဒီတစ်ချိန်မှာတော့ မင်းသားရှန်း တကယ် ထွက်သွားသည်။

ချန်ချင်းနန်းဆောင်တံခါး တဖြည်းဖြည်း ပိတ်သွားသည့်အခါ ဧကရာဇ်ကျင်းယွမ်သည် ပူပင်သောကများဖြင့် သူ့မျက်လုံးအား မှိတ်လိုက်သည်။

ခြောက်လပိုင်းဆယ့်ငါးရက် ဆောင်းဦးလလယ်ပွဲတော်နေ့။

နန်းမြို့တော်ရဲ့ မနက်စောစောတွင် မိုးရွာခဲ့သည်။ ဆောင်းဦးမိုးရွာသွန်းပြီးနောက် ပုစဉ်းရင်ကွဲများမှာ ပျော်ရွှင်မြူးထူးစွာ အော်မြည်နေကြသည်။

ဆောင်းဦးလေမှာ သစ်လွင်လန်းဆန်းလှသည်။ လေတိုက်တိုင်း မေပယ်ရွက်လေးများ ကြွေကျနေသည်။

မင်းသားရှန်းအိမ်‌တော်။

ရှန်းယောင်သည် သလင်းကျောက် လကိတ်မုန့်များအား မင်းသားရှန်း၏ အိမ်တော်သို့ သယ်ဆောင်လာသည်။ ထိုအချိန်တွင် မင်းသားရှန်းသည် စာကြည့်ခန်းတွင် တစ်ယောက်ထဲ သောက်နေခဲ့သည်။

“ကျွန်တော့်ဇနီးက လကိတ်မုန့်အသစ်တချို့ လုပ်ခဲ့ပါတယ်ဗျ။ အရှင့်သား သုံးဆောင်ပါဦး”

“တွေးတတ်ပါပေတယ်ကွယ်” မင်းသားရှန်းသည် တည်ငြိမ်သော လေသံဖြင့် ကျေးဇူးတင်ကြောင်း အရိပ်အမြွက်တစ်ခု ထုတ်ပြောလိုက်သည်။

“ အရှင့်သား ဘာဆက်လုပ်ဖို့ စဉ်းစားထားလဲဗျ” ရှန်းယောင်သည် အဓိကဆိုလိုရင်းသို့ သွားလိုက်သည်။

“ဒါမှမဟုတ် နေမကောင်းယောင် ဆက်လက်ဟန်ဆောင်နေမှာပါလားဗျ၊ အခု ချူကျိုးက ဖရိုဖရဲဖြစ်နေပါတယ်၊ အနောက်မြောက်ဖက်ကလဲ စစ်ပွဲတွေ ကပ်ဘေးတွေနဲ့ ကြုံနေရပါတယ်၊ ဟူကျိုးမှာလဲ မိုးရေတက်နေပြီး…. တာ့ကျင်းမင်းဆက်က ၀ရုန်းသုန်းကားဖြစ်နေပါတယ်၊ အရှင့်သားက တိုင်းပြည်ပျက်ကပ်ဆိုက်မှာကို တကယ်ပဲ အလိုရှိတာလားဗျ”

'တိုင်းပြည်ပျက်’ ဆိုသည့်စကားလုံးများမှာ မင်းသားရှန်း၏ နှလုံးသားထဲသို့ အချက်ပေး ခေါင်းလောင်းကဲ့သို့ ရက်စက်စွာ စူး၀င်လာသည်။

“ကိုယ်….. ကိုယ့်နိုင်ငံကို ဖျက်ဆီးပစ်ဖို့ မတွေးခဲ့မိဖူးပါဘူး” ခဏအကြာတွင် မင်းသားရှန်းသည် ခိုင်မာစွာ ပြောသည်။

“တာ့ကျင်းမင်းဆက်က ဖျက်ဆီးခံရမှာ မဟုတ်ဘူး”

“ အရှင့်သား ကိုယ့်စိတ်ကိုယ် ဆုံးဖြတ်ပြီးပြီ ဆိုမှတော့ ကိုယ့်ကိုယ်ကိုယ် သက်သေပြနိုင်ဖို့ ကျွန်တော် မျှော်လင့်ပါတယ်ဗျ” ရှန်းယောင်က ဖြည်းညှင်းစွာ ပြောသည်။

“ကျွန်တော့်ဇနီးက မင်းသမီးကြီးကို ကြင်ယာတော်ရှုအကြောင်း ပြောပြဖို့ အပူကပ်ခဲ့ပါတယ်၊ ကျွန်တော် ကြားတာတော့ ကြင်ယာတော်ရှုက သလင်းကျောက်ပုံ လကိတ်မုန့်စားရတာကို အကြိုက်ဆုံးပဲတဲ့၊ အရှင့်သား မြည်းကြည့်ပါဦးဗျ”

ဤသို့ပြောပြီးနောက် ရှန်းယောင် ထွက်သွားခဲ့သည်။

သူသည် မင်းသားရှန်းအိမ်တော်တွင် ဆယ့်ငါးမိနစ်ခန့်မျှသာ နေခဲ့သည်။

ကျိုးယွီဟိန်သည် သလင်းကျောက် လကိတ်မုန့်ဘူးအား ဖွင့်လိုက်ကာ ညင်သာစွာ ယူလိုက်ရင်း တစ်ကိုက် ကိုက်လိုက်မိသည်။

နှင်းဆီပန်းရနံ့မှာ မွှေးကြိုင်လှသည်။

မင်းသားရှန်းသည် အချိုစားရတာ ကြိုက်သည့်သူမျိုး မဟုတ်ပေ။ သို့ပေမဲ့ ဒီနေ့တွင် သူသည် သလင်းကျောက် လကိတ်မုန့် ခြောက်ခုခန့် စားခဲ့သည်။

နှစ်ဆယ့်ရှစ်နှစ်ခန့်အကြာက ဆောင်းဦးလလယ်ပွဲတော်နေ့တွင် မောင်းမဆောင်အတွင်း ကြင်ယာတော်များ စုဝေးပွဲခန်းမ၌ ကြီးမားသည့် မီးလောင်မှု ဖြစ်ပွားခဲ့သည်။ မီးမှာ အရှိန်ဟုန်ပြင်းစွာ တောက်လောင်ခဲ့သည်။

အရင်ဧကရာဇ်မှ မြတ်နိုးတန်ဖိုးထားရသည့် ကြင်ယာတော်ရှူမှာ ထိုမီးထဲတွင် အသက်ဆုံးရှုံးခဲ့ရသည်။

မင်းသမီးကြီးအိမ်တော်၊ ‌ချွေ့ယွမ်ခြံဝင်းဆောင်။

ဆောင်းဦးလလယ်ပွဲတော်အပြီးတွင် ဆောင်းဦးလေမှာ အေးသည်ထက် ပိုအေးလာသည်။

ကျီကျောက်သည် မကြာခဏ ဖောင်းအစ်လာသလို ခံစားရသဖြင့် နတ်ဆေးသမားတော် ရှန်းဟယ်သည် သူမအား လေးနက်စွာ စမ်းသပ်စစ်ဆေးပေးသည်။

အမှားအယွင်းသာ မရှိလျှင် ဒီလကုန်တွင် ကျီကျောက် ‌မီးဖွားမည်ဖြစ်သည်။

ရှန်းယောင်သည် ဟန်လင်းကျောင်းတော်မှ ခွင့်ယူကာ တစ်ချိန်လုံး ကျီကျောက်နားတွင် ရှိနေသည်။

“ကျွန်မ ကြားတာတော့ အရှင်မင်းကြီးက ထီးနန်းလွှဲအပ်စာတမ်း ရေးပြီးသွားပြီဆို…” ကျီကျောက်သည် ဥယျာဉ်ထဲတွင် လမ်းလျှောက်ထွက်ရင်း အသံတိုးတိုးဖြင့် မေးသည်။

“ မင်းသားရှန်းက နန်းတက်မှာလား”

“ အမှားအယွင်း မရှိဘူးဆို နှစ်ကုန်လောက် ဖြစ်လိမ့်မယ်” ရှန်းယောင်သည် အသံတိုးတိုးဖြင့် ပြောသည်။

“ အနောက်မြောက်စစ်တပ်က ဖရိုဖရဲဖြစ်နေပြီး မင်းသားရှန်းက အနောက်မြောက်ဖက်ကို ကိုယ်တိုင်သွားပြီး စစ်တပ်ကို တည်ငြိမ်အောင် လုပ်ဖို့လိုတယ်”

“ဒါပေမယ့် ဧကရီက မျက်စိဒေါက်ထောက် ကြည့်နေတယ်မလား၊ မင်းသားရှန်း နန်းမြို့တော်က ထွက်သွားတာနဲ့ ဧကရီက အလျင်စလို လှုပ်ရှားလောက်လား၊”

“ ကျောက်ကျောက် အရူးမလေး၊ ဧကရီက အလျင်စလို မလှုပ်ရှားသေးရင်တောင် မင်းသားရှန်းရဲ့ နေရာက တရား၀င် မဟုတ်သေးဘူး” ရှန်းယောင်သည် သူမ နှာခေါင်းထိပ်လေးအား ကူကယ်ရာမဲ့စွာ တို့ထိလိုက်ကာ ညင်သာစွာ အပြုံးဖြင့် ပြောသည်။

“ ကျောက်ကျောက် အတွေးမလွန်ပါနဲ့၊ အခုချိန်မှာ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်အသင့်ဆုံးပဲလေ”

ကျီကျောက် ‌မီးဖွားတော့မည်အား တွေးမိတိုင်း ရှန်းယောင်၏ နှလုံးသားမှာ ‌‌ဖရိုဖရဲဖြစ်နေသည်။

အမျိုးသမီးတစ်ယောက်မှ ကလေးမွေးရသည့် အချိန်သည် သေမင်းခံတွင်း၀သို့ လျှောက်လှမ်းနေရသလိုမျိုး ဖြစ်သည်။

ရှန်းယောင် တကယ် ကြောက်လန့်မိသည်။

သို့ပေမဲ့ သူမ အစား သူ မျှဝေမခံစားနိုင်ပေ။

“ သခင်ရှန် ကျွန်မအထင် မီးဖွားရမယ့်သူက ကျွန်မပါနော်” သူ၏ စိတ်ဖိစီးနေသည့်အမူအရာအား မြင်ရသဖြင့် ကျီကျောက် သူမ ခေါင်းခါလိုက်ကာ ပြုံးလိုက်သည်။

“ ကျောက်ကျောက် ကိုယ်တို့ အမေ့ကို နောက်ထပ် လက်သည်တစ်ယောက် ထပ်ရှာခိုင်းကြရအောင်လား”

ရှန်းယောင်သည် ခဏလောက်တွေးလိုက်ကာ အကြံပြုသည်။

“ကိုယ် မလွယ်လောက်ဘူးလို့ ခံစားနေရတယ်”

“ကျွန်မအထင်တော့ ရှင်ကသာ အတွေးမလွန်သင့်ဘူးလားလို့လေ” ကျီကျောက်သည် ကူကယ်ရာမဲ့စွာ ပုခုံးတွန့်လိုက်မိသည်။

“ဖရဲသီးက မှည့်နေပြီဆိုမှတော့ သေချာပေါက် ကြွေကျမယ်ဆိုသလို ကလေးက ထွက်ချင်လာမှတော့ ပုံမှန်အတိုင်း ထွက်လာမှာပါဘဲ”

“ဒါပေမယ့်…..”

“ကောင်းပါပြီ အီရောအီရော လုပ်နေတာ တော်ပါတော့” ကျီကျောက်သည် စကားလမ်းကြောင်း လွှဲလိုက်သည်။

“စကားမစပ် ကျွန်မ အဖွားပြောတာကြားမိတယ်၊ နန်းမြို့တော်ရဲ့ မက်မွန်ပွင့်စားသောက်ဆိုင်မှာ မုန့်အချိုအသစ် နှစ်မျိုး ရောက်နေတယ်တဲ့၊ နည်းနည်းလောက် သွား၀ယ်ပေးပါနော် ကျွန်မစားချင်လို့”

“ကိုယ် မင်းကို အရင် အခန်းထဲသို့ ပြန်ပို့နှင့်ရမလား”

“ သဘောပါရှင့်”

***

All Chapters