ရွံစရာအကောင်းဆုံးနဲ့ အရှက်မရှိဆုံးလူ
Vol. 25 Ch. 353
တစ်နာရီခန့်ကြာပြီးနောက် ရှန်းယောင် ချွေ့ယွမ်ခြံဝင်းသို့ ပြန်ရောက်ချိန်တွင် လေထု မူမမှန်နေကြောင်း သိရှိလိုက်သည်။
မင်းသမီးကြီးနှင့် မင်းသမီးခန်းလဲ့တို့သည် အိမ်ခန်းအပြင်ဖက်တွင် စိတ်လှုပ်ရှားနေကြသည့် အမူအရာဖြင့် ရပ်စောင့်နေကြသည်။
သူ မှင်သက်နေတုန်း ရုတ်တရက် ကျီကျောက် အော်သံအား ကြားလိုက်ရသည်။
ဘုတ်*
ရုတ်တရက် သူ့လက်ထဲမှ မုန့်အချိုများ မြေကြီးပေါ်သို့ ပြုတ်ကျသွားသည်။
“ဘာ….. ဘာတွေဖြစ်နေကြတာလဲ” ရှန်းယောင်သည် စိတ်လှုပ်ရှားပူပင်စွာ မေးသည်။
“ အဖွား အမေ ကျောက်ကျောက်…. ကျောက်ကျောက်က ဘာလို့ အရမ်း စူးစူးဝါးဝါး အော်နေရတာလဲ”
“ အမျိုးသမီး အများစု မီးဖွားကြရင် ဒီလိုပါပဲကွယ့်” မင်းသမီးခန်းလဲ့၏ အသံမှာ တည်ငြိမ်နေသော်လဲ ရှန်းယောင်သည် သူမ၏ တုန်ရီနေသည့် လက်အစုံအား မြင်နိုင်သည်။
ထို့နောက် ရှန်းယောင်သည် အခန်းတွင်းသို့ မစဉ်းစားနေတော့ဘဲ အမြန်ပြေး၀င်သွားသည်။
“ သခင်မ ကြိုးစားလိုက်ပါဦး…. ကျွန်မတို့တွေ ကလေးခေါင်းကိုတောင် မြင်နေရပါပြီရှင့်”
မီးဖွားကုတင်ပေါ်တွင် လဲလျောင်းနေသည့် ကျီကျောက်သည် သူမအားကုန် ထပ်မံ သုံးလိုက်ပြန်သည်။
“ ရှန်းယောင် ခွေးကောင်ကြီး နာတယ်လို့ ဝူးဝူး…”
“ ကျောက်ကျောက် ကိုယ် ဒီမှာနော် ကိုယ် ဒီမှာ ရှိတယ်”
မှင်သက်နေတုန်းမှာပင် ကျီကျောက်သည် ရှန်းယောင်အသံအား ကြားလိုက်ရတာကြောင့် ထိုလူ၏ လက်မောင်းအား တုံ့ဆိုင်းမှု မရှိဘဲ ဆွဲယူကာ ပြင်းထန်စွာ ကိုက်လိုက်သည်။
သူမ အရမ်းပင်ပန်းလာသဖြင့် သတိလစ်မေ့မျောခါနီးတွင် ကျယ်လောင်သည့် ငိုသံလေးအား ကြားလိုက်ရပုံပင်……
နောက်တစ်နေ့တွင် ကျီကျောက် သူမ မျက်လုံးများအား ဖွင့်ကြည့်လိုက်သည်။ သူမ အတွေးများမှာ ဝါးတားတား ဖြစ်နေသေးသည်။
သူမ မီးဖွားခဲ့တယ်လို့ အိမ်မက်မက်ခဲ့ပုံပေါ်သည်။
ကျီကျောက်သည် သူမ၏ ပြားချပ်နေသည့် ဗိုက်ကလေးအား ကြည့်ပြီးနောက် တိတ်ဆိတ်သွားသည်။
ဒီအိမ်မက်က အိမ်မက် မဟုတ်နေဘူးပဲ။
ကျီကျောက်သည် မသိစိတ်ဖြင့် သူမ ခေါင်းအား လှည့်ကြည့်လိုက်ရာ ရှန်းယောင်သည် အိပ်ရာအစွန်တွင် နှစ်ခြိုက်စွာ အိပ်မောကျနေသည်။
သူ့မျက်လုံးများအောက်မှ မျက်ကွင်းညိုများမှာ သိသာထင်ရှားလှသည်။
“ယောကျာ်း……” ကျီကျောက်က နူးညံ့စွာ ခေါ်လိုက်သည်။
“ ကျောက်ကျောက်လား’ ရှန်းယောင်သည် သူမ အသံအား ကြားလိုက်သဖြင့် ရုတ်ချည်း နိုးလာခဲ့သည်။
“ ကျောက်ကျောက် နိုးနေပြီလား၊ နာနေတုန်းပဲလား”
ကျီကျောက်က ခေါင်းခါပြသည်။
“ မနာတော့ပါဘူးရှင့်”
“ဗိုက်ဆာလား”
“ဗိုက်ဆာတယ်…..” ကျီကျောက်သည် မကျေမနပ် တိုင်တန်းပြောဆိုသည်။
“ကျွန်မ ဗိုက်အရမ်းဆာလွန်းလို့လေ စကားပြောဖို့ အားတောင် မရှိတော့ပါဘူး”
“ အမေက စားဖိုဆောင်ကို ဂျင်ဆင်း ကြက်စွပ်ပြုတ်လေး ပြင်ခိုင်းထားတယ်၊ ခဏစောင့်နော် ကိုယ် ယူလာခဲ့မယ်”
“ကောင်းပါပြီ”
ရှန်းယောင် ထွက်သွားပြီးနောက် ကျီကျောက်သည် အိပ်ရာဘေးတွင် အနီရောင်အနှီးထုပ်လေး လဲလျောင်းနေကြောင်း သတိထားလိုက်မိသည်။
“ငါ တကယ်ပဲ ဒီကလေးကို မွေးခဲ့တာလား” ကျီကျောက်သည် တွန့်ရှုံ့နေသည့် မျက်နှာပိစိလေးအား ကြည့်လိုက်ကာ အနည်းငယ် သံသယရှိဖွယ် ခံစားလိုက်ရသည်။
ထို့အပြင် သူမနှင့် ရှန်းယောင်တို့၏ ရုပ်ရည်သွင်ပြင်မှာ အချောဆုံးထဲမှ အချောဆုံး ဖြစ်သည်။
ဘာလို့ သူမ မွေးလာတဲ့ ဒီကလေးက ဘာဖြစ်လို့ အရမ်း ရုပ်ဆိုးနေရတာလဲ။ သူက နီတာရဲနေပြီး လူအိုတစ်ယောက်ကဲ့သို့ ရှုံ့တွနေသည်။
အတွင်းခန်းထဲသို့ လျှောက်လာသည့် မင်းသမီးခန်းလဲ့သည် သူမ သမီး၏ ညီးညူသံအား ကြားသည့်အခါ သူမ၏ နှဖူးအား ကူရာမဲ့စွာ ကိုင်လိုက်မိသည်။
မင်းသမီးခန်းလဲ့သည် စိတ်ဆိုးရင်း အံ့ဩသင့်ကာ ကျီကျောက် လက်မောင်းထဲမှ အနီးထုပ်ကလေးအား လှမ်းယူလိုက်ကာ ကူကယ်ရာမဲ့စွာ ပြောသည်။
“မွေးကင်းစ ကလေးပေါက်စလေးတွေ အားလုံး ဒီတိုင်းပါပဲကွယ့်၊ မီးတွင်းထဲက ထွက်ပြီး သူတို့ကြီးပြင်းလာတဲ့အခါ လုံး၀န်းလာပြီး နူးညံ့လာမှာလေ”
“တကယ်လား” ကျီကျောက်သည် အပြည့်အ၀ မယုံကြည်နိုင်သေးပေ။
“ အမေ သမီးကို နှစ်သိမ့်နေတာလား”
မင်းသမီးခန့်လဲ့မှာ ရယ်ရခက် ငိုရခက် ဖြစ်သွားမိသည်။
“ကလေး အမေက အမှန်တိုင်း ပြောနေတာပါကွယ်၊ သမီး မယုံရင် မီးတွင်းထဲက ထွက်ပြီးနောက် သိလာမှာပါ”
မင်းသမီးခန်းလဲ့သည် ခဏလောက် တွေးလိုက်ကာ ပြောသည်။
“ မနေ့က သမီး မီးဖွားနေတုန်းက ရှန်းယောင်ကို အတော်ဆိုးဆိုး အနိုင်ကျင့်ခဲ့တယ်နော်၊ သူ့လက်မောင်းပေါ်က သွားကိုက်ရာတွေက တကယ် ထိတ်လန့်စရာပါပဲ၊ ပုံမှန်ဆို သမီးယောကျာ်းကို သမီး ကာကွယ်တတ်ဆုံး မဟုတ်လား၊ မနေ့က ဘာလို့ သမီးရဲ့ ဒေါသတွေအကုန်လုံး ရှန်းယောင်ပေါ် ပုံချလိုက်တာလဲ၊ ပြီးတော့ သမီးအဖွားနဲ့ အမေ့အထင်မှာတော့ ရှန်းယောင်က အတော်လေး ကောင်းပါတယ်၊ ဒီလိုခင်ပွန်းမျိုးကို မီးခွက်ထွန်းပြီး ရှာရင်တောင် ရှာရခက်တယ်နော်၊ သူ့ကို အရမ်းအနိုင်မကျင့်ရဘူး နားလည်ရဲ့လား”
“ သမီးလား….. ရှန်းယောင်ကို အနိုင်ကျင်ခဲ့တာက သွားကိုက်ရာတွေလား” ကျီကျောက် စိတ်ရှုပ်ထွေးနေသည်။
သူမ ဂရုတစိုက် ပြန်စဉ်းစားပြီးနောက် သူမ စိတ်ပူလာသည်။
ရှန်းယောင် ဂျင်ဆင်းကြက်စွပ်ပြုတ်နှင့် အထဲသို့၀င်လာချိန်တွင် ကျီကျောက်သည် အသိမပေးဘဲ သူ့၀တ်ရုံလက်စအား လိပ်တင်လိုက်သည်။
သူ့လက်မောင်းမှ သွားကိုက်ရာများအား ကြည့်လိုက်ကာ ကျီကျောက် စိတ်သောကရောက်သွားကာ ငိုချလိုက်မိသည်။
“ဘာဖြစ်လို့လဲ” ရှန်းယောင်သည် သူမ အကြောင်းပြချက်မရှိ ငိုလိမ့်မည်ဟု မထင်ထားမိပေ။ သူသည် သူမ မျက်၀န်းထောင့်မှ မျက်ရည်စလေးများအား ထိတ်ထိတ်ပျာပျာဖြင့် သုတ်ပေးလိုက်ကာ စိုးရိမ်တကြီး မေးသည်။
“ ကျောက်ကျောက် စာအုပ်ထဲမှာ ပြောထားတာက အမျိုသမီးတွေ မီးဖွားပြီးရင် အားဖြည့်ရမယ်တဲ့၊ မငိုပါနဲ့ကွာ မဟုတ်ရင် အနာဂတ်မှာ မီးယပ်ရောဂါ ဖြစ်တတ်တယ်”
“ မနာနေဘူးလား” ကျီကျောက်သည် သူမ လက်ဖမိုးလေးအား မြှောက်လိုက်ကာ သူမ မျက်နှာမှ မျက်ရည်စလေးများအား သုတ်ပေးလိုက်သည်။ သူမသည် သူ့လက်မောင်းမှ သွားကိုက်ရာများအား ညွှန်ပြကာ တိုးတိုးလေး မေးသည်။
“ မနာပါဘူးကွာ”
“လူလိမ်” ကျီကျောက်သည် စိတ်ဆိုးမာန်ဆိုးဖြင့် ပြောသည်။
“ရှင် ဒီလောက် ညိုမဲစွဲနေတာပဲကို အဓိပ္ပါယ်မရှိတာတွေ ပြောနေတုန်းပဲလား”
“တကယ် မနာပါဘူးကွာ” ရှန်းယောင်သည် သူမ လက်အား အမြန် ကိုင်လိုက်ကာ ညင်သာစွာ ပြောသည်။
“ ကျောက်ကျောက် မီးဖွားကလို့ နာကျင်ရတာနဲ့ယှဉ်ရင် တကယ် မနာပါဘူးကွာ”
ကျီကျောက် မျက်လုံးများ နီရဲလာပြန်သည်။
“ ရှန်းယောင်…..”
“ဟုတ်ပါပြီ….. ငိုနေတာ တိတ်တော့နော်” ရှန်းယောင်သည် စိတ်ရှည်ရှည်ဖြင့် ချော့မော့သည်။
“ ကျောက်ကျောက် ဒီဂျင်ဆင်းကြက်စွပ်ပြုတ်လေး အရင်သောက်နှင့်အုံး၊ ပြီးရင် မျက်လုံးလေး မှိတ်ပြီး နားလိုက်နော်”
“ကောင်းပါပြီ”
တစ်နာရီခန့်ကြာပြီးနောက် ကျီကျောက်တစ်ယောက် နက်ရှိုင်းစွာ အိပ်ပျော်သွားပြန်သည်။
နတ်ဆေးသမားတော် ရှန်းဟယ် ပြောခဲ့သလိုပဲ ကျီကျောက်၏ ခန္ဓာကိုယ်မှာ စတင် အားနည်းလာသည်။ ကလေးမွေးဖွားပြီးနောက် သူမ မကြာခဏ အကြာကြီး အိပ်ပျော်နေလေ့ ရှိသည်။ လ၀က်ခန့်အကြာမှသာ သူမ တဖြည်းဖြည်း ပုံမှန်အခြေအနေသို့ ပြန်ရောက်လာခဲ့သည်။
လ၀က်ခန့်အတွင်း နန်းမြို့တော်မှာ တိုင်းပြည်တစ်ခုလုံးအား တုန်ဟီးလောက်အောင် ပြောင်းလဲမှုများ ကြုံတွေ့နေရသည်။
ဧကရာဇ်ကျင်းယွမ်၏ နာတာရှည်ဖျားနာမှုမှာ ဧကရီမှ တိတ်တဆိတ် လုပ်ကြံထားခြင်း ဖြစ်သည်။
ဧကရီသည် သူမ၏ ဘွဲ့တော်အား ရုတ်သိမ်းခံရကာ အဆိပ်ဝိုင်တစ်ခွက် ပေးအပ်ခံရသည်။
ဧကရီ၏ ဒုတိယသားတော်မှာတော့ အရပ်သားအဖြစ် နန်းချခံရကာ အနောက်ဖက် ဇနပုဒ်ရှိ တော်၀င်ဗိမာန်အား စောင့်ကြပ်ရန် စေလွှတ်ခံရသည်။ သူသည် တော်၀င်ဗိမာန်မှ သူ့ဘ၀တစ်လျှောက်လုံး အပြင်ထွက်ခွင့် ဘယ်တော့မှ မရှိပေ။
ကိုးလပိုင်း ကိုးရက်မြောက်နေ့သည် ကိုးနှစ်ထပ်ပွဲတော်နေ့ ဖြစ်သည်။
လွန်ခဲ့တဲ့ သုံးဆယ့်ငါးနှစ်အကြာက ဒီနေ့သည် ဧကရာဇ်ကျင်းယွမ်နှင့် ဧကရီ၏ လက်ထပ်ပွဲနေ့ ဖြစ်သည်။
“အဲ့နေ့က နန်းမြို့တော်တစ်ခုလုံး အနီရောင်တွေ ဖိတ်ဖိတ်တောက်လို့ပေါ့ရှင်၊ အရှင်က ပါမောက္ခအိမ်တော်ကို တင်တောင်းပစ္စည်းတွေ သယ်လာခဲ့တယ်၊ အဲ့ပစ္စည်းတွေက ပိုပြီး မျက်စိကျိန်းလောက် စရာပေါ့…..”
ဖန့်လွမ်ခန်းမဆောင်ထဲတွင် ဧကရီသည် ဧကရာဇ်သည် မထူးခြားစွာ ကြည့်လိုက်ရင်း သူမ အပြုံးမှာ ခါးသီးမှုများဖြင့် ပြည့်နေသည်။
“ကျွန်မ အရှင်နဲ့ သုံးဆယ့်ငါးနှစ်တိတိတိုင်အောင် အတူအိပ်ခဲ့ပါတယ်၊ ဒါပေမယ့် ကျွန်မက အရှင့်နှလုံးသားထဲ ၀င်ရောက်နိုင်ခဲ့ရဲ့လားတောင် မသိပါဘူး၊ အဲ့တုန်းက အရှင် ဘာလို့များ ကျွန်မကို လက်ထပ်ဖို့ တောင်းဆိုခဲ့တာပါလဲ”
“မင်ချန်…..” ဧကရာဇ်ကျင်းယွမ်သည် သူမအား နက်နက်နဲနဲကြည့်ကာ သူ့မျက်လုံးထဲမှ ခံစားချက်များမှာ ရှုပ်ထွေးနေသည်။
“ဒီနှစ်တွေတစ်လျှောက်လုံးမှာ ကိုယ်တော့်နှလုံးသားထဲက လူက မင်း မဟုတ်ဘူးဆိုတာကို မင်း ကောင်းကောင်း သိပါတယ်ကွာ…..”
ဧကရီပဲဖြစ်ဖြစ် မောင်းမဆောင်ထဲက အခြားကိုယ်လုပ်တော်တွေပဲဖြစ်ဖြစ်…
ဧကရာဇ်ကျင်းယွမ်မျက်လုံးထဲတွင် ထိုမိန်းမများမှာ သူ့နှလုံးသားထဲမှ ထိုသူ၏ အစားထိုးများပင် ဖြစ်သည်။
“ အရှင်….. ရှင်က တကယ်ကို ရက်စက်လွန်းလှပါတယ်” ဧကရီသည် သူမ၏ ရင်ဘတ်အား ဆွဲဆုပ်လိုက်ကာ သူမ မျက်၀န်းများအား နာကျင်မှုဖြင့် မှေးမှိတ်လိုက်သည်။
“ကျွန်မ မောင်းမဆောင်ထဲ ၀င်လာကတည်းက ကျွန်မရဲ့ လက်ထဲမှာ မရေတွက်နိုင်တဲ့ သွေးတွေ စွန်းပေခဲ့ပြီးသားပါ၊ ဒီလိုနေ့မျိုး အနှေးနဲ့ အမြန် ရောက်လာမယ်ဆိုတာ သိပြီးသားပါ၊ ဒါပေမယ့်…. မတရားဘူးရှင့်၊ အသေအချာကြီးကို…. အရှင့်ကို ကျွန်မ အရင်တွေ့ခဲ့တာကို ဘာလို့ အရှင့်နှလုံးသားထဲကလူက ကျွန်မ မဟုတ်ရတာပါလဲ”
“ မင်ချန်…. အရင်တွေ့လို့ အရင်ချစ်ကြိုက်ရမယ်ဆိုတာမျိုးမှ မရှိဘဲ” ဧကရာဇ်ကျင်းယွမ်သည် မျက်လွှာချကာ မထူးမခြားမနား ပြောသည်။
“ဟမ့်” ဧကရီသည် သရော်လိုက်သည်။ သူမ အသံထဲမှ အထင်သေးမှုမှာ အထင်ရှား ပေါ်လွင်နေသည်။
“ အရှင်မင်းကြီးရဲ့ စကားလုံးတွေက အရမ်းရက်စက်တာပဲ၊ ဒါပေမယ့် အရှင်က မရနိုင်တဲ့အရာကို ချစ်ဖို့ ကံပါလာတာ မဟုတ်ဘူးလား၊ အရင်က ကြင်ယာတော်ရုန်က သူ ချစ်ရတဲ့ သခင်လေးကု ဘယ်လို ကွယ်လွန်သွားတယ်ဆိုတာ မသိဘူးလို့ အရှင် တကယ်ပဲ ထင်နေတာလား”
“ကြင်ယာတော်ရုန်နဲ့ တပ်မှူးလေးကုတို့က ငယ်ချစ်ဦးတွေလေ၊ ဒါပေမယ့် အရှင်ကရော…. အိမ်ရှေ့စံအနေနဲ့ အရှင်က ကိုယ့်သူငယ်ချင်းရဲ့ ဇနီးကို လုယူပြီးတော့ ညစ်ညမ်းတဲ့အရာမျိုး လုပ်ခဲ့တယ်၊ ကြင်ယာတော်ရုန်က နာတာရှည်ရောဂါကြောင့် အသက်ဆုံးရှုံးတာလို့ အရှင် တကယ် ထင်တာလား၊ မဟုတ်ဘူး၊ ဒါက အဓိက အကြောင်းရင်း မဟုတ်ဘူးရှင့်၊ သူက အရှင့်ကို မုန်းလွန်းလို့ ဆေးမသောက်ခဲ့ဘူး၊ ဒါကြောင့် သူက အလွန်ဆိုးဝါးတဲ့နည်းလမ်းကို သုံးပြီးတော့ သူမကိုယ်သူမ အဆုံးစီရင်ခဲ့တာလေ”
“သူမ အသက်မရှင်နိုင်တာမျိုး မဟုတ်ဘူးရှင့်၊ သူမက သေဖို့ကို ဆန္ဒပြင်းပြနေရုံပဲ၊ အရှင်က တိုင်းပြည်ရဲ့ ဦးသျှောင်ဖြစ်ပေမဲ့ မိန်းမကောင်းတစ်ယောက်ကို ပြည့်တန်ဆာအဖြစ် တွန်းပို့ပြီးတော့ ယုံကြည်ရတဲ့အမတ်ရဲ့ ဇနီးကို လုယူခဲ့တယ်၊ ကျွန်မ လုပ်ခဲ့တာတွေနဲ့ယှဉ်ရင် ရှင်တို့ ကျိုးမိသားစုက ဘိုးဘေစဉ်ဆက် ယောက်ျားတွေအားလုံး ရှင်တို့တွေက ရွံစရာအကောင်းဆုံးနဲ့ အရှက်မရှိဆုံး လူတွေပဲရှင့်”
***