ကျောက်ကျောက် ကျေးဇူးတွေပါပဲ။
Vol. 25 Ch. 354
ဧကရီ ကွယ်လွန်သွားသဖြင့် တိုင်းပြည် တစ်ခုလုံး ပူဆွေးနေကြသည်။
ပိုပြီး အံ့ဩစရာကောင်းသည်မှာ ဧကရာဇ်သည် ဧကရီရုပ်အလောင်းအား တော်ဝင်သင်္ချိုင်းတွင် မြေမြုပ်ချင်သည့် ဆန္ဒမရှိခဲ့ပေ။
တာ့ကျင်းမင်းဆက်၏ ဥပဒေအရ ဧကရီနေရာ မထိုက်တန်သည့်သူမှသာ တော်၀င်သင်္ချိုင်းတွင် သဂြိုလ်ခွင့် မရပေ။ ထို့ကြောင့် ဧကရာဇ်၏ အပြုအမူမှာ စုမိသားစုဖက်မှ ရပ်တည်သည့် အမတ်များအား စိတ်ဆိုးစေခဲ့သည်။
ဧကရာဇ်ကျင်းယွမ်သည် ညီလာခံအမတ်များမှ ကမ်းလာသည့် သ၀န်လွှာများအား ပယ်ချလိုက်သည်။
ပိုပြီး အရေးကြီးသည်မှာ ဧကရာဇ်ကျင်းယွမ်၏ ကျန်းမာရေးမှာ တိုးတက်လာခဲ့သည်။
တော်၀င်နန်းတော်ထဲရှိ လူအချို့အတွက် ကောင်းမွန်သည့်အရာ မဟုတ်ပေ။
သူတို့သည် မိုက်မဲပြီး အရည်အချင်း မပြည့်မှီသည့် ဧကရာဇ်အား ခစားရသည်မှာ ကျင့်သားရနေပြီ ဖြစ်သည်။ အခု ဧကရာဇ်မှ လုံ့လဝီရိယရှိကာ ပြည်သူများအား မြတ်နိုးတန်ဖိုးထားသဖြင့် သူတို့မှာ အသားမကျနိုင်ကြသေးပေ။
နိုင်ငံဦးသျှောင်မှာ ပညာရှိအုပ်ချုပ်သူ ဖြစ်လာသည့်အခါ ထိုင်ရင်း စားလိုက်သောက်လိုက် လုပ်နေကြသည့် ထိုအရာရှိများမှာ ငြိမ်ငြိမ် မထိုင်နေနိုင်ကြတော့ပေ။
ဧကရာဇ်ကျင်းယွမ်မှ ထီးနန်းလွှဲပြောင်းစာတမ်း ရေးသားပြီးနောက်တွင် တော်၀င်ညီလာခံ တစ်ခုလုံး ဗြောင်းဆန်ကုန်ကြသည်။
မင်းသားရှန်းကိုလား…..
ဧကရာဇ်ကျင်းယွမ်မှ သူ့ညီတော်ဖြစ်သည့် မင်းသားရှန်းအား ရွေးချယ်လိမ့်မည်ဟု မည်သူမှ မထင်ထားပေ။
တော်၀င်အမိန့်ပြန်တမ်းအား ရရှိပြီး ဒုတိယမြောက်နေ့တွင် မင်းသားရှန်းသည် မြင်းနှင့် တပ်သား သောင်းချီအား စုဆောင်းကာ အနောက်မြောက်ဖက်သို့ ချီတက်သွားသည်။
ဒီလူနှစ်ယောက်၏ အပြုအမူများမှာ အမတ်များအား မှင်သက်စေခဲ့သည်။
နန်းမြို့တော်မှ မင်းသားရှန်း ထွက်သွားပြီး တတိယမြောက်နေ့တွင် ဟန်လင်းကျောင်းတော်၏ အဆင့်ခြောက် ကျမ်းဂန်ပြုစုသူ ရှန်းယောင်သည် လက်ရှိဘုရင့်အကြံပေးအမတ်စုအား ရုတ်တရက် တရားစွဲဆိုသည်။
ဘုရင့်အကြံပေးအမတ်စုသည် သူ့မိသားစုအား မတင်းကြပ်ပေ။ သူသည် အမတ်စုချန်အား အပြန်အလှန် နားလည်မှုဖြင့် အရာရှိနေရာများအား အရောင်းအ၀ယ် တိတ်တဆိတ် ပြုလုပ်ခွင့်ပြုထားပြီး လာဘ်စားခဲ့သည်။
ပို၍ဒေါသထွက်စရာကောင်းသည်မှာ ဘုရင့်အကြံပေးစု၏ စာကြည့်ခန်း နံရံသုံးချပ်မှာ ရွှေဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။
ဘုရင့်အကြံပေးအမတ်စုအပြင် စုမိသားစုနှင့် နီးနီးကပ်ကပ် ပတ်သက်မှုရှိသည့် စွင်းမိသားစုသည်လည်း စုံစမ်းစစ်ဆေးခံခဲ့ရသည်။
တော်၀င်မင်းသမီးကြီး၏ မြေးသမက်ဖြစ်သူ ရှန်းယောင်သည် ယခုနှစ် နွေဦးလလယ် စာမေးပွဲတွင် ထိပ်တန်းကျောင်းသားအဖြစ် အသစ်ခန့်အပ်ခြင်း ခံထားရသူ ဖြစ်သည်။
ထိပ်တန်းပညာရှင်ရှန်းမှာ အလွန်ခေါင်းမာသူ ဖြစ်မည်ဟု မည်သူမှ မထင်ထားပေ။ သူက တကယ်ပဲ စုမိသားစုရော စွင်းမိသားစုအား အထိနာစေခဲ့သည်။
ထို့နောက် စုမိသားစုနှင့် စွင်းမိသားစုတို့၏ ပြစ်မှုသက်သေများမှာ အတည်ပြုပြီး ဖြစ်သဖြင့် သူတို့အိမ်တော်များမှာ သိမ်းဆည်းခံလိုက်ရသည်။
နန်းမြို့တော်ပေါ်ရှိ ကောင်းကင်တွင် ဘယ်လောက်ပဲ မုန်တိုင်းထန်ပါစေ ချန်အန်းမင်းသမီးကြီး၏ အိမ်တော်မှာ အရင်တိုင်း အေးချမ်းမြဲ ရှိသည်။
နတ်ဆေးသမားတော် ရှန်းဟယ်၏ ပြင်းထန်သည့် တောင်းဆိုမှုအောက်တွင် ကျီကျောက်သည် အိမ်တော်ထဲတွင် ငါးရက်တိတိ အားဖြည့်နေခဲ့ရသည်။
“နောက်ဆုံးတော့ လွတ်လပ်ပြီ” ကျီကျောက်သည် သူမ လက်ကောက်၀တ်အား ဆန့်တန်းလိုက်ကာ သူမ နှလုံးသားအောက်ခြေမှ သက်ပြင်းချလိုက်မိသည်။
“ ရှန်းယောင် အပြင်လေက ပိုပြီး လတ်ဆတ်တယ်လို့ ရှင် မခံစားရဘူးလား”
ရှန်းယောင်သည် တိတ်တဆိတ် နောက်လှည့်လိုက်ကာ ခြေလှမ်း လေးငါးလှမ််းအကွာရှိ ချွေ့ယွမ်ခြံဝင်းအား ကြည့်ကာ နာခံစွာ ခေါင်းညိမ့်ပြသည်။
“ အင်း… တကယ် ခြားနားတာပဲ”
“စကားမစပ် ကျွန်မတို့ ဖက်ထုပ်လေးကို နာမည်ပေးကြရင် မကောင်းဘူးလား” ကျီကျောက်သည် သူမ လက်မောင်းထဲမှ ချစ်စရာ ကလေးပေါက်စလေးအား ငုံ့ကြည့်ကာ အပြုံးဖြင့် ပြောသည်။
“ဖက်ထုပ်လေးက အမှန်ကို ကျွန်မတို့သားလေးပဲ၊ အရမ်း ချောတာပဲ”
သူလေး၏ ဖြူအုအက်နေသည့် မျက်နှာလေးနှင့် မျက်တောင်ရှည်များအား အလွန်အမင်း ချစ်စဖွယ်ကောင်းလှသည်။
ကျီကျောက်သည် သူမ ခေါင်းလေးအား ငုံ့လိုက်ကာ ဖက်ထုပ်လေးအား နမ်းလိုက်သည်။
သူမ၏ အနမ်းသည် ဖက်ထုပ်လေး၏ အိမ်မက်အား အစိတ်စိတ် အမွှာမွှာ ကွဲအက်သွားစေသော်လည်း ဖက်ထုပ်လေးသည် ဒေါသမထွက်ဘဲ နာခံစွာ ဆက်အိပ်နေသည်။
သူလေးကိုကြည့်ပြီး ကျီကျောက်၏ နှလုံးသားမှာ အရည်ပျော်လုမတတ် ခံစားနေရသည်။
“သားတွေက သူတို့အမေနဲ့ ဆင်တူကြတယ်တဲ့၊ ဖက်ထုပ်လေး ချောတာက ကျောက်ကျောက်ရဲ့ ကျေးဇူးတွေပါပဲကွာ” ရှန်းယောင်သည် တည်ငြိမ်စွာ ပြောသည်။
ကျီကျောက်က ပြုံးလိုက်မိသည်။ “ရှန်းယောင် ရှင် တစ်နေ့တစ်ခြား အပြောကောင်းလာသလိုပဲနော်”
“ဒါဆို ကျောက်ကျောက် ကျေနပ်မှုရှိရဲ့လား” ရှန်းယောင်သည် ရုတ်တရက် အနားတိုးလာကာ သူမ နှဖူးအား နမ်းလိုက်သည်။
“ အဟမ်း” ကျီကျောက်သည် အလျင်အမြန် သူနှင့် ခြေနှစ်လှမ်းခန့် ခွာလိုက်သည်။
“ အလေးထားပါဦးရှင့်၊ အခု ကျွန်မတို့တွေ ဖက်ထုပ်လေးရဲ့ နာမည်ကို အလေးအနက်ထားပြီး ဆွေးနွေးကြရအောင်”
အရင်က ရှန်းယောင် သူမဗိုက်ထဲက ကလေးလေး၏ နာမည်အား တွေးခဲ့ဖူးပေမဲ့ သူပြင်ဆင်ထားသည့် နာမည်အားလုံးမှာ မိန်းကလေး နာမည်များ ဖြစ်သည်။
ထို့ကြောင့် ဖက်ထုပ်လေးမှာ ထိုနာမည်တစ်ခုမှ မှည့်တွင်လို့ မရနိုင်ပေ။
“ ကျောက်ကျောက် ကိုယ်စဉ်းစားပါရစေအုံး” ရှန်းယောင်က ကူရာမဲ့စွာ ပြုံးလိုက်မိသည်။
“ အခုချိန်မှာ ဖက်ထုပ်လေးအတွက် သင့်တော်တဲ့နာမည် စဉ်းစားဖို့ ခက်တယ်”
“ဒါပေမယ့် အကြီးဆုံးမရီးရှန်းနဲ့ ဒုတိယမရီးရှန်းတို့ ကလေးမွေးတုန်းကကြ ရှင် ချက်ချင်းပဲ နာမည် မှည့်ပေးနိုင်ခဲ့လားလို့လေ”
ရှန်းထောင်၊ ရှန်းဟောင် ထိုနာမည်များကို ရှန်းယောင်တစ်ယောက် ချက်ချင်း တွေးခဲ့မိသည်။
ကျီကျောက်သည် သူမဘေးမှ လူအား သံသယ၀င်စွာ ကြည့်လိုက်ကာ ရုတ်တရက် ခန့်မှန်းလိုက်သည်။
“ကျွန်မကို မပြောနဲ့ ရှင်က ဖက်ထုပ်လေးကို ယောကျာ်းလေးဖြစ်နေတာမို့ ယောက်ျားလေးနာမည်ပေးဖို့ စိတ်မ၀င်စားဘူးလို့လေ၊ ရှန်းယောင် ရှင် နည်းနည်းလေး ဘက်လိုက်လွန်းမနေဘူးလား။ ဟမ့်…”
ရှန်းယောင်သည် တိတ်တဆိတ် အဝေးသို့ ကြည့်လိုက်ကာ တည်ငြိမ်စွာ ပြောသည်။
“ ကျောက်ကျောက် ဘာတွေ တွေးနေတာလဲ၊ ဖက်ထုပ်လေးက ကိုယ့်အသွေးသားလေးပါကွာ၊ ကိုယ်က အခုချိန်မှာ သင့်တော်တဲ့နာမည် တစ်ခုကို မစဉ်းစားနိုင်သေးရုံပါ”
“တကယ်လား”
“ဒါပေါ့။ တကယ်ပါကွာ။”
ရက်တစ်ရာခန့်ကြာပြီးနောက်တွင်တော့ ရှန်းယောင် နာမည်ပေးဖို့ ဆုံးဖြတ်နိုင်ခဲ့သည်။
ရှန်းခန်။
ကျီကျောက်သည် ‘ခန်’ ဆိုသည့် စကားလုံးအား ကြည့်ကာ တွေဝေသွားမိသည်။
“ ‘ ခန် ‘ ဆိုတာ ကျန်းမာတယ်လို့ အဓိပ္ပါယ်ရတယ်၊ ပထမဆုံးအနေနဲ့ ကိုယ် ဖက်ထုပ်လေးကို သူ့ဘ၀တစ်လျှောက်လုံး ကျန်းကျန်းမာမာ နေနိုင်ဖို့ မျှော်လင့်တယ်၊ နောက်တစ်ချက်ကတော့ တာ့ကျင်းမင်းဆက်က လုံလုံခြုံခြုံနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ရှိဖို့ ဆုတောင်းတစ်ခုပါ။”
ရှန်းယောင်က ညင်သာစွာ ရှင်းပြသည်။ ထို့နောက် သူ့အကြည့်များမှာ ကျီကျောက်၏ မျက်နှာပေါ်သို့ ကျရောက်သွားကာ ဂရုတစိုက် မေးသည်။
“ ကျောက်ကျောက် ကြိုက်ရဲ့လား”
“ အတော်လေး ကောင်းတဲ့ နာမည်လေးပဲ” ကျီကျောက် ချက်ချင်း ခေါင်းညိမ့်ပြသည်။
“ဒီနာမည်လေးက မဆိုးဘူး”
“ဒါပေမယ့် ကျွန်မ တစ်ခုလောက် မေးချင်တယ်”
“တကယ်လို့လေ…” ကျီကျောက်သည် သူ့မျက်လုံးထဲသို့ ကြည့်ကာ အပြုံးဖျော့ဖျော့ ပြုံးပြသည်။
“တကယ်လို့ ပြောတာပါ ကျွန်မတို့တွေ အနာဂတ်မှာ သမီးလေးရှိလာရင် ရှင် ရှန်းအန်လို့ နာမည်ပေးမှာပါလား”
“ဟင့်အင်း” ရှန်းယောင် သူ့ခေါင်းအား တွင်တွင်ခါပြသည်။
“ဒီနာမည်က အရမ်းသာမာန်ဆန်တယ်၊ ကိုယ်တို့သမီးနဲ့ မထိုက်တန်ဘူး”
ဖွီး*
ကျီကျောက်တစ်ယောက် ရယ်ရုံသာ တတ်နိုင်သည်။
ဒီလူက သမီးမိန်းကလေးကို သားယောက်ျားလေးထက် ပိုအရေးပေးတာပဲ။
သူက သမီးအတွက် အစေခံ ဖြစ်လာနိုင်တယ်။
မင်းသားရှန်းသည် သူ့တပ်သားများအား အနောက်မြောက်ဖက်သို့ ကိုးလပိုင်းလလယ်တွင် ဦးဆောင်သွားလိုက်သည်မှာ ဆယ့်နှစ်လပိုင်းအစောပိုင်းမှသာ အောင်ပွဲခံ၍ ပြန်လာခဲ့သည်။
တစ်ချိန်ထဲမှာပဲ ဧကရာဇ်ကျင်းယွမ်၏ ရောဂါမှာ တစ်ဖန် ထလာပြန်သည်။
ဒီတစ်ခါမှာတော့ သူ အပြင်းအထန် ဖျားနာပြီး ဘယ်တော့မှ ပြန်မကောင်းတော့ဘူး။
မင်းသားရှန်းသည် သူ့ချပ်၀တ်တန်ဆာများအား ချွတ်လိုက်ကာ ချန်ချင်းနန်းဆောင်ထဲသို့ ၀င်လာကာ ဧကရာဇ်ကျင်းယွမ်အား နောက်ဆုံးအနေနဲ့ တွေ့လိုက်သည်။
“ အစ်ကိုတော်…..” မင်းသားရှန်းသည် သူ့ဘေးသို့ ခြေလှမ်းကျဲကျဲ လျှောက်လာကာ သူ့မျက်လုံးများမှာ တဖြည်းဖြည်း ရဲတက်လာသည်။
“ညီခုနှစ်…..” ဧကရာဇ်ကျင်းယွမ်သည် သူ့မျက်လုံးထဲသို့ ကြည့်ကာ ပြုံးပြသည်။
“ အနာဂတ်မှာ အစ်ကိုတော်တို့ ကျင်းမင်းဆက်ကို ညီခုနှစ်လက်ထဲပဲ အပ်ခဲ့တယ်နော်….. အစ်ကိုတော်ရဲ့ ဘ၀မှာ အဓိပ္ပါယ် မရှိတဲ့ အရာတွေ အများကြီးလုပ်ခဲ့ဖူးတယ်၊ ဟိုးအရင်ထဲက အစ်ကိုတော်က အပြစ်ကြွေးတွေကို ပေးဆပ်ဖို့ မြေအောက်ကမ္ဘာကို သွားသင့်နေပါပြီ၊ အစ်ကိုတော်ရဲ့ နောက်ဆုံးထွက်သက်ကို တောင့်ခံထားတယ်ဆိုတာ ညီခုနှစ်ကို ကိုယ်တိုင် တောင်းပန်ချင်လို့ပါ ညီခုနှစ်….”
ကျင်းယွမ်မင်းဆက်၏ နန်းသက် ၃၀ နှစ်မြောက် သက်ဝောာ် ၅၆ နှစ်တွင် ဆောင်းရာသီ တစ်ရက်၌ ကွယ်လွန်ခဲ့ရသည်။
ဧကရာဇ်ကျင်းယွမ်သည် နှစ်ပေါင်း ၂၀ ကြာအောင် အုပ်စိုးခဲ့သော်ငြား သူ၏ တိုင်းပြည်အကျိုးပြု ဆောင်ရွက်မှုများမှာ သာမာန်မျှသာ ဖြစ်သည်။ သူသည် တိုင်းပြည်နှင့် ပြည်သူမှ ချစ်ခံရသည့် ကောင်းမြတ်တဲ့မင်းတစ်ပါး မဟုတ်ပေမဲ့ သူ မသေခင်မှာ စစ်မက်ရေးရာမှာရော တိုင်းပြည်ရေးရာမှာပါ ကောင်းမွန်စွာ အုပ်ချုပ်နိုင်သည့် မင်းသားအား ထီးနန်းလွှဲအပ်ခဲ့သည်။ ထို့ကြောင့် သမိုင်းမှတ်တမ်းများတွင် ဧကရာဇ်ကျင်းယွမ်အား သဒ္ဒါတရားထက်သန်သည့် ညီအစ်ကိုကောင်းအဖြစ် မှတ်တမ်းတင်ခဲ့သည်။
နောက်တစ်နှစ်ဆောင်းဦးတွင် မင်းသားရှန်း တစ်ဖြစ် ကျိုးယွီဟိန် နန်းတက်လာကာ တိုင်းပြည်အမည်အား ကျင်းချန်အဖြစ် ပြောင်းလဲခေါ်တွင်ခဲ့သည်။
ဆောင်းဦးလ၀က် စာမေးပွဲအပြီးတွင် နန်းတွင်းညီလာခံ၏ အခြေအနေမှာ ပြင်းပြင်းထန်ထန် ပြောင်းလဲခဲ့သည်။
ငွေကြေးချို့တဲ့သည့် မိသားစုမှ ကျောင်သားများမှာ နေရာပိုရလာကြကာ တောင်၀င်မိသားစုများ၏ အာဏာမှာ တဖြည်းဖြည်း အင်အားနည်းလာခဲ့သည်။
ဧကရာဇ်၏ အယုံကြည်ရဆုံး အနီးကပ် အမှုထမ်းမှာ အသစ်ခန့်အပ်ခံရသည့် ဘုရင့်အကြံပေးရှန်းယောင်ဖြစ်ကာ အသက် ၂၇ နှစ်မျှသာ ရှိပေသေးသည်။
ရှန်းအိမ်တော်။
ကျီကျောက်သည် ဆိုင်ခွဲတစ်ချို့မှ ငွေစာရင်းများအား ပြုစုနေရင်း အပြင်ဖက်မှ အော်ဟစ်သံများ ကြားလိုက်ရသည်။
“ဒေါ်လေး ၃ အမေက ကျွန်တော့်ကို ဖင်စုတ်အောင် ဆော်တော့မယ်။ ကယ်ပါဦးဗျ။”
“ဘာဖြစ်နေကြတာလဲ” ကျီကျောက်သည် သူမ ခေါင်းအား မော့လိုက်ကာ တိုးတိုးလေး မေးသည်။
ဒုတိယမရီးရှန်းသည် ကြက်မွှေးတံမြက်စည်းအား ကိုင်လျက် ခန်းမထဲသို့ ဒေါသတကြီး လျှောက်လာသည်။
“တတိယခယ်မလေးရယ်… ဒီကောင်စုတ်လေး ရှန်းဟောင်က ကြက်တိုက်တာကြည့်ဖို့ ခန်းအာကို ခေါ်သွားတယ်တဲ့လေ”
“ကြက်တိုက်တာ….. ခန်းအာလား” ကျီကျောက် အံ့အားသင့်စွာ ကြည့်လိုက်သည်။
“ဒုတိယမရီး တစ်ခုခု နားလည်မှုလွဲနေတာများ ရှိလား”
သူမရဲ့ ကောင်ငယ်လေးက အခုမှ လမ်းလျှောက်ကာစ အရွယ်လေးမလား။
အခုမှ သူက ခြောက်လသားသာ ရှိပေသေးသည်။
***