ဒရာမာဘုရင်မလေး ရှန်းခန်။
Vol. 25 Ch. 355
“အဲ့ဒီကောင်စုတ်လေး ရှန်းဟောင် ပြောတာက ခန်းအာက ကြက်တိုက်တာ ကြည့်ချင်လို့ ပူဆာတယ်တဲ့လေ၊ ဒီကောင်စုတ်လေးက တစ်ရက်တစ်ခြား ဆိုးသွမ်းလာရော ဒီနေ့မှ အစ်မ သူ့ကို ဖင်ပွင့်အောင် မဆော်နိုင်ရင် အစ်မမျိုးရိုးက ကျန်း မဟုတ်တော့ဘူးဝေ့”
ဒုတိယမရီးရှန်းသည် အလွန်အမင်း ဒေါသထွက်ကာ သူမ လက်ထဲမှ ကြက်မွှေးအား ခါလိုက်ရင်း စိတ်ဆိုးမာန်ဆိုး ပြောသည်။
ဒါကိုမြင်ပြီးနောက် ကျီကျောက် တိတ်တဆိတ် သူမ၏ ဒုတိယမရီးအား လက်ဖက်ရည်ပူပူ တစ်ခွက် ငှဲ့ပေးလိုက်သည်။
“ဒုတိယမရီး စိတ်လျှော့ပါဦး၊ အရင် လည်ချောင်းရှင်းအောင် လက်ဖက်ရည်ပူပူလေး သောက်လိုက်ပါဦး”
“ အစ်မကတော့ စိတ်မလျှော့နိုင်လောက်ပါဘူးကွယ်”
ခဏအကြာတွင် နစ်နာသလို ခံစားနေရသည့် ရှန်းဟောင်သည် အသနားခံသည့် မျက်လုံးများဖြင့် ကျီကျောက်အား ကြည့်သည်။
“တတိယဒေါ်လေး ကျွန်တော့်ကို ကယ်ပါနော်၊ တကယ်ပဲ ခန်းအာက ကြက်တိုက်တာ သွားကြည့်ချင်တယ်ဆိုပြီး ကျွန်တော့်ကို ပူဆာလို့ပါဗျာ….. အစက ကျွန်တော်လဲ သူ့ကို အတူမခေါ်သွားချင်ပါဘူး၊ ဒါပေမယ့် ကျွန်တော် သူ့ကို မခေါ်သွားတော့ သူက ကျွန်တော့် လည်ပင်းကို အတင်းတွယ်ဖက်ထားပြီးတော့ မလွှတ်ပေးတော့လို့ပါ”
အရင်နှစ် ဆောင်းရာသီ အစောပိုင်းတွင် ကျီကျောက်သည် ရှန်းမိသားစုအား နန်းမြို့တော်သို့ ခေါ်ယူရန် လူကြုံစေလွှတ်လိုက်သည်။
အစက ကျောက်လန်ဟွာနှင့် သူမ ခင်ပွန်းတို့မှာ မလာချင်ကြပေမဲ့ ကျီကျောက်သည် ထပ်ခါထပ်ခါ တိုက်တွန်းကာ မရီးနှစ်ယောက်လုံးကိုလည်း ကလေးတွေရဲ့ ကြီးပြင်းမှုမှာ ကောင်းမွန်တဲ့ ပညာရေးက ဘယ်လောက်အရေးပါကြောင်း ရှင်းပြကာ စာပို့ခဲ့သည်။
ထို့နောက်မှသာ ရှန်းမိသားစုသည် ရွှေ့ပြောင်းလာရန် သဘောတူခဲ့သည်။
ရှန်းတာ့လန်သည် နန်းမြို့တော်တွင် ရှန်းကျီအစာသွပ်မုန့်ဆိုင်အား ဖွင့်လှစ်ခဲ့သည်။ ရှန်းအာ့လန်ကတော့ ကျီကျောက်၏ ဟုန်ရှို့စားသောက်ဆိုင်တွင် နေရင်း လက်ထောက်ဆိုင်ရှင်အဖြစ် ကူညီလုပ်ကိုင်နေသည်။
ကျီကျောက်သည် ရှန်းထောင်နှင့် ရှန်းဟောင်တို့အား အရွယ်ရောက်လာလျှင် အမျိုးသားကျောင်းတော်တွင် ပညာသင်ယူရန် လွှတ်ဖို့စီစဉ်ထားသည်။
ထို့အပြင် အရေးကြီးဆုံးအရာမှာ မိသားစုတစ်ခုလုံး သိုက်သိုက်၀န်း၀န်း အတူနေထိုင်ရန်ပင် ဖြစ်သည်။
မင်းသမီးခန်းလဲ့သည် ရှန်းမိသားစုအား အလွန်အမင်း ကျေးဇူးတင်မိသည်။
အဲ့တုန်းက ကျောက်လန်ဟွာသာ ကျီကျောက်အား လက်မခံခဲ့ပါက ကျီကျောက်သည် လမ်းပေါ်တွင် နေနေရလောက်သည်။
ထို့အပြင် ကျောက်လန်ဟွာသည် ဖြောင့်မတ်မှန်ကန်ကာ စိတ်ဓာတ်ပြင်းပြသည့် လူမျိုး ဖြစ်သည့်အတွက် မကြာခင်မှာပင် သူမနှင့် မင်းသမီးခန်းလဲ့တို့ သူငယ်ချင်းကောင်းများ ဖြစ်လာကြသည်။
သုံးရက်အကြာက သူတို့နှစ်ယောက်သည် မြို့ပြင်ရှိ ဟူကော်ဘုရားကျောင်းသို့ လည်ပတ်ရန် စီစဉ်ခဲ့ကြသည်။
“ဘယ်လိုတောင် အဓိပ္ပါယ်မဲ့တာတွေ ပြောနေတာလဲ” ဒုတိယမရီးရှန်းသည် သူမ လက်ထဲမှ ကြက်မွှေးတံမြတ်စည်းအား မြှောက်လိုက်ကာ ဒေါသတကြီး ပြောသည်။
“ မင်းကတော့ ရိုက်ခံချင်လွန်းလို့ ယားနေပြီထင်တယ်၊ ခန်းအာက အခုမှ ဘယ်အရွယ်ရှိသေးလို့ ခန်းအာကို ခုတုံးလုပ်ရဲရတာလဲ”
“ဒုတိယမရီး ကလေးကို မရိုက်ပါနဲ့အုံး” ကျီကျောက်သည် ကူကယ်ရာမဲ့စွာ ပြုံးလိုက်သည်။
“ဟောင်အာက အမှန်တိုင်း ပြောနေတာလဲ ဖြစ်မှာပါ”
နို့ထိန်းမှ ခန်းအာအား ချီလာချိန်တွင် ကျီကျောက်သည် သူမ သားငယ်အား ကြည့်ကာ စိတ်ရှည်လက်ရှည်ဖြင့် မေးမြန်းလိုက်သည်။
“ခန်းအာ မင်းက မင်းအစ်ကိုကြီးကို အပြင်ထွက် ကစားဖို့ ပူဆာခဲ့လားကွယ်”
“အာ့ထောင် ခန်းအာက အခုမှ ခြောက်လသားပဲ ရှိသေးတာ သူ ညီမ စကားကို နားလည်ပါ့မလားကွယ့်” ဒုတိယမရီးရှန်းသည် သူမ၏ သံသယများအား ဖော်ပြလာသည်။
ရှန်းခန်သည် သူ့ခေါင်းလေးအား ကျီကျောက် လက်မောင်းများကြားသို့ မြှုပ်လိုက်ကာ နှာခေါင်းလေးဖြင့် ပွတ်သီးပွတ်သပ် လုပ်လာသည်။
“ခန်းအာ ဘာဖြစ်လို့လဲ။ သား နေမကောင်းလို့လား။”
“ခန်းအာက နေမကောင်းဖြစ်နေလို့ မဟုတ်ဘူး၊ သူက ၀န်ခံနေတာလေ” ကျီကျောက်သည် အလွန်အမင်း ကူကယ်ရာမဲ့သလို သူမ သားငယ်လေး၏ ခေါင်းလေးအား ထိကပ်လိုက်ကာ တိုးတိုးလေး ပြောသည်။
“ခန်းအာ နောက်တစ်ခါဆို ဒါမျိုး မလုပ်ရဘူးနော်၊ အစ်ကိုက သားကြောင့် အဆူခံရပြီး ဒုတိယဒေါ်လေး ရိုက်တာ ခံရတော့မလို့နော်”
ရှန်းခန်သည် နှုတ်ခမ်းစူလိုက်ကာ ဒုတိယမရီးရှန်းအား နစ်နာသည့် အမူအရာဖြင့် ကြည့်လိုက်သည်။
“အိုက်ရား ခန်းအာ ဘာဖြစ်လို့လဲကွဲ့၊ ဘာလို့ ရုတ်တရက် အရမ်း ၀မ်းနည်းသွားတာတုန်း၊ ဒုတိယဒေါ်လေး လက်ထဲက ကြက်မွှေးက သားလေးကို ခြောက်မိလို့လား” ဒုတိယမရီးရှန်းသည် ကြက်မွှေးအား အလျင်အမြန် လွှတ်ပစ်လိုက်သည်။
“ခန်းအာ မငိုနဲ့တော့နော် မငိုပါနဲ့ ဒုတိယဒေါ်လေးက မင်း အစ်ကိုကြီးကို ထပ်မရိုက်တော့ပါဘူးကွယ်”
ဒီမြင်ကွင်းအား လက်တွေ့ကြုံတွေ့လိုက်ရသည့် ရှန်းဟောင်သည် ဆွံ့အသွားရသည်။
ဒီညီငယ်လေး ခန်းအာက စာအုပ်တွေထဲမှာ ဖော်ပြထားတဲ့ ဒရာမာဘုရင်မ ဆိုတာများလား။
ထို့နောက် ရှန်းယောင် အိမ်ပြန်ရောက်ချိန်တွင် ကျီကျောက်သည် ခန်းအာ လုပ်ခဲ့သည်များအား ပြန်ပြောပြလိုက်သည်။
“ ရှန်းယောင် ကြားရတာ နည်းနည်းတော့ ထူးဆန်းတယ်ဆိုပေမဲ့ ကျွန်မတို့ကလေး ခန်းအာက ဉာဏ်ရည်မြင့်တဲ့ ကလေးဖြစ်မယ်လို့ ထင်တာပဲ” ခန်းအာအား ချော့သိပ်ပြီးနောက် ကျီကျောက်သည် စိုးရိမ်သည့် အမူအရာဖြင့် ပြောသည်။
“နောင်တစ်ချိန်ကြရင် ကျွန်မတို့တွေ ခန်းအာ အရူးလုပ်တာ ခံရလောက်မလား”
“ မခံရပါဘူး” ရှန်းယောင်က ချက်ချင်း ခေါင်းခါပြီး ပြောလိုက်သည်။
“သူ အရွယ်ရောက်လာတဲ့အခါ ကိုယ်တို့တွေ သူ့အတွက် တင်းကြပ်တဲ့ဆရာတစ်ယောက် ငှားပေးလိုက်မယ်”
သူတို့သားလေးက သူ့ရဲ့ မှတ်ဉာဏ်ကောင်းတဲ့ ဦးဏှောက်လေးကို ကောင်းကောင်းသုံးဖို့ပဲ မျှော်လင့်မိပါတယ်။
ညနက်လာချိန်တွင် ကျီကျောက်သည် ရှန်းယောင် လက်မောင်းထဲသို့ တိုးဝှေ့လိုက်ကာ သူမ မျက်လုံးများအား ညင်သာစွာ မှိတ်လိုက်သည်။
“ ကျောက်ကျောက်” ရှန်းယောင်သည် သူမ လက်မောင်းအား တင်းကြပ်စွာ ကိုင်လိုက်ကာ အသံတိုးတိုးဖြင့် ခေါ်သည်။
“ဟင်” ကျီကျောက် သူမ မျက်လုံးများအား မှိတ်လျက်ဖြင့် နူးညံ့စွာ မေးသည်။
“ဘာဖြစ်လို့လဲ၊ နန်းတွင်းညီလာခံမှာ တစ်ခုခု ထပ်ဖြစ်လာလို့လား”
လက်ရှိ ရှန်းယောင်သည် သံမဏိနှလုံးသားကဲ့သို့ အေးစက်သည့် အကြံပေးအမတ်ဟူသည့် အမည်ပြောင် ရရှိထားသည်။
ထို့အပြင် ဘုရင့်အကြံပေးအမတ်ရှန်းသည် ရာထူးအာဏာများအား ကြောက်ရွံ့သည့် အရာရှိတစ်ဦး မဟုတ်ပေ။ နှစ်၀က်အတွင်းမှာပင် သူသည် တော်၀င်မျိုးနွယ်၀င်များ အပါအ၀င် အမှုပေါင်း မြောက်များစွာအား စုံစမ်းစစ်ဆေးခဲ့သည်။
“ကျင်းနန်မှာ တစ်ခုခုဖြစ်နေတယ်” ရှန်းယောင်က သက်ပြင်းဖျော့ဖျော့ ချလိုက်သည်။
“ရက်အနည်းငယ်လောက်က အရှင်က အစ်ကိုချင်ဆီက စာတစ်စောင် ရခဲ့တယ်၊ စာထဲမှာ အစ်ကိုချင် ပြောထားတာက တရားမ၀င် ဆားခွန်ကောက်ခံတဲ့ အမှုနဲ့ ပတ်သက်ပြီး သဲလွန်စတချို့ ရှာတွေ့ခဲ့တယ်တဲ့၊ သူထပ်ပြီး မစုံစမ်းနိုင်ခင် လုပ်ကြံမှု သုံးခါ ဆက်တိုက် ကြုံတွေ့ခဲ့ရတယ်တဲ့လေ”
ကျီကျောက်သည် စိုးရိမ်တကြီး သူ့လက်အား ဆုပ်ကိုင်လိုက်သည်။
“ဒါဆို အရှင်က…..”
“ အရှင်က ဒီအမှုနဲ့ ပတ်သက်ပြီး ကျင်းနန်ကို သွားဖို့ ယုံကြည်ရတဲ့ အမှုထမ်း အရေးပေါ် လိုအပ်တယ်တဲ့” ရှန်းယောင်သည် သူမ နဖူးအား ညင်သာစွာ နမ်းလိုက်ကာ နူးညံ့စွာ ပြောသည်။
“နောက်ပြီး ကိုယ်က အသင့်တော်ဆုံးသူပဲလေ…”
ဧကရာဇ်ကျင်းယွမ်၏ အပေါင်းအပါများဖြင့် မတူညီစွာ ဧကရာဇ်ကျင်းချန်သည် တာ့ကျင်းမင်းဆက်အား အမှန်တကယ် ရှင်သန်စေလိုသည်။ သူသည် တာ့ကျင်းအား ချမ်းသာ၀ပြောသည့် မင်းဆက်အဖြစ် အုပ်ချုပ်ချင်လိုပေမဲ့ လူနည်းစုကိုသာ သူယုံကြည်လို့ရနိုင်သည်။
“ အရှင်က သာမာန်လူတန်းစားတွေကို အရေးကြီးတဲ့အခန်းကဏ္ဍတွေ တာ၀န်ယူဖို့ ခွင့်ပြုတယ်ဆိုပေမဲ့ နန်းတွင်းညီလာခံထဲက တစ်၀က်ထက်ပိုတဲ့ အရာရှိတွေက တော်၀င်မျိုးနွယ်တွေပဲလေ၊ သူတို့နောက်ကွယ်က အာဏာတွေက ရောယှက်နေပြီး အတော်လေး ရှုပ်ထွေးမှု ရှိတယ်၊ အခုချိန်မှာ အရှင်က အရေးကြီးတဲ့ တာ၀န်တွေပေးဖို့ ရနိုင်တဲ့သူတွေက ရှန်းမိသားစုရယ်၊ ချင်မိသားစုရယ်၊ ကုမိသားစုနဲ့ ကျန်းမိသားစုပဲ ရှိတာလေ”
“ဒါပေမယ့် ကျင်းနန်ကတော့ မတူဘူး၊ ကျင်းနန်ရဲ့ အခြေအနေတွေက ပိုပြီး ပြင်းထန်လာတယ်၊ အစ်ကိုချင်ရဲ့ တစ်ယောက်တည်းအားနဲ့ ဆားအခွန်စာရင်းတွေကို စုံစမ်းစစ်ဆေးဖို့ဆိုတာ အရမ်းခက်ခဲလွန်းတယ်၊ ဒါပေမယ့် ကျင်းနန်က ဆားအခွန်ကိစ္စကိုသာ ရှင်းလင်းနိုင်မယ်ဆိုရင် အရှင့်အတွက် သူ့အာဏာစက်ကို အစပြိုးနိုင်ဖို့ အခွင့်အရေးကောင်း ဖြစ်လာမှာပဲ”
ကျီကျောက်က တိတ်တဆိတ် ခေါင်းညိမ့်ပြသည်။
“ရှင် ဘာပြောချင်တယ်ဆိုတာ ကျွန်မ သိပါပြီ၊ ရှင်က အရှင့်လက်ထဲက အထက်ဆုံး ဓားတစ်လက် ဖြစ်လာချင်တာ မဟုတ်လား”
“ အင်း” ရှန်းယောင်က ချက်ချင်း ခေါင်းညိမ့်ပြသည်။
“ ကျောက်ကျောက် ကိုယ်…..”
“ရှင် သွားချင်တယ်ဆို သွားလေ” ကျီကျောက်သည် သူ့အား မော့ကြည့်ကာ ပြုံးလိုက်မိသည်။
“ရှင် လုပ်ချင်တာကို လုပ်သာ လုပ်ပါ၊ ကျွန်မ ရှင်ပြန်လာတာကို စောင့်နေမယ်”
သူမ အမျိုးသား၏ ကျင်းမင်းဆက်အပေါ် စိတ်ဓာတ်ပြင်းထန်သည့် မြှုပ်နှံမှုရှိသည်ကို အရင်ထဲက သူမ သိနေပြီးသား ဖြစ်သည်။
သူ့နှလုံးသားထဲတွင် တာ့ကျင်းအား ပို၍ ကောင်းမွန်လာစေလိုသည်။
“ ကျောက်ကျောက် ကိုယ် ဘေးကင်းကင်းနဲ့ ပြန်လာပါ့မယ်”
“ အင်း ကျွန်မ ရှင့်ကို ယုံပါတယ်” ကျီကျောက်သည် ချိုသာစွာ ပြုံးလိုက်ကာ လက်ဦးရယူကာ သူ့နှုတ်ခမ်းများအား နမ်းလိုက်သည်။
မှင်သက်နေတုန်းမှာပင် ရှန်းယောင်သည် သူမပြောသည်အား ကြားလိုက်ရသည်။
“ယောက်ျား ကျွန်မတို့တွေ အန်အန်းကို မွေးကြရအောင်လား”
သူမသည် သူ့အတွက် ကလေးများ မွေးပေးချင်လိုသည်။ အခု သူတို့မှာ သားဦးလေး တစ်ယောက် ရှိလာသည်ကို သူမ အရမ်း ပျော်ရွှင်ရပေမဲ့ အန်အန်းကိုလဲ ရှိစေချင်သည်။
အချိန်မည်မျှကြာသွားသည် မသိသည့်နောက်တွင် ကျီကျောက် အိပ်မောကျသွားသည်။
ရှန်းယောင်သည် သူမ နဖူးလေးအား ညင်သာစွာ နမ်းရှိုက်လိုက်သည်။ သူ့မျက်၀န်းနက်များထဲတွင် နူးညံ့မှုများဖြင့် ပြည့်နေသည်။
ချင်မင်ပွဲတော်နေ့တွင် မိုးများ ရွာသွန်းခဲ့ပြီး နန်းမြို့တော်၏ ရာသီဥတုမှာ ပူသည်ထက် ပိုပူလာခဲ့သည်။
ကျီကျောက်သည် နောက်ဆုံးတွင် ရှန်းယောင်ဆီမှ စာရလာခဲ့သည်။ စာထဲမှ အကြောင်းအရာများအား သူမ ဖတ်ရှုပြီးနောက် သူမ စိတ်နှလုံး ညှိုးငယ်သွားရသည်။
***