ဘယ်လို နှိုင်းယှဉ်သင့်လဲ။
Vol. 25 Ch. 357
ကျီကျောက်သည် အရမ်း ရက်ရောလှသည်။ သုံးကြိမ်ဆက်တိုက် ရှုံးသွားတာတောင်မှ သူမ မျက်မှောင်တစ်ချက် မကြုတ်ခဲ့ပေ။
ငါးကြိမ်မြောက်အလှည့်တွင်တော့ သူမကံမှာ စတင်ပြောင်းလဲလာခဲ့သည်။
သူမသည် ဆက်တိုက်အနိုင်ရကာ သူမ လက်ထဲမှ တိုကင်ပြားများမှာ တိုးပွားလာခဲ့သည်။ အဆုံးမှာတော့ သူမ ခြောက်လွှာမြောက်သို့ အောင်အောင်မြင်မြင် ရောက်ရှိလာခဲ့သည်။
ချင်ဟွိုက်မျှော်စင်၏ စီမံခန့်ခွဲသူ မားမားလျိုသည် သူမ၏ သက်လတ်ပိုင်းအရွယ်တွင်ပင် ပန်းကလေးတစ်ပွင့်အဖြစ် လူသိများသည်။ သူမသည် သူမ၏ ခါးသိမ်သိမ်လေးအား လှုပ်ယမ်းကာ ကျီကျောက်ရှေ့သို့ တင့်တယ်လှပစွာ လမ်းလျှောက်လာခဲ့သည်။ သူမသည် ကျီကျောက်အား မျက်လုံးတစ်ဖက်မှိတ်ပြကာ ပြောသည်။
“ကျွန်မ ရှင့်နာမည်ကို သိပါရစေနော် သခင်လေးရှင့်၊ ဒီနေ့ ချင်ဟွိုက်မျှော်စင်ရဲ့ ဘယ်မိန်းကလေးဆီများ သခင်လေးက လည်ပတ်ချင်တာပါလဲ”
“မားမားလျိုက အဖြေသိပြီးသား မေးခွန်းကို မေးဖို့ လိုသေးလို့လားဗျာ” ကျီကျောက်က ခပ်ဟဟ ရယ်မောလိုက်သည်။ သူ့စကားလုံးများထဲမှ ခံစားချက်များမှ တွေးမရနိုင်အောင် နက်နဲလှသည်။
“ကျုပ် ချင်ဟွိုက်မျှော်စင်တစ်လျှောက်လုံး လာခဲ့ရတာက မိန်းကလေးလျှို့ရဲ့ ဆွဲဆောင်မှု လက်တစ်ဆုပ်စာလောက် ဖမ်းမိချင်လို့ပါဗျ၊ မားမားလျို ခင်ဗျားက ဒီလောက်လေးတောင် မခန့်မှန်းနိုင်ဘူးလို့ မပြောနဲ့နော်”
ကျီကျောက်က ပြုံးလိုက်ကာ ရဲတင်းစွာဖြင့် ငွေစာရွက်တစ်ထပ်အား မားမားလျိုဆီသို့ လှမ်းပေးလိုက်သည်။
အကြမ်းဖျင်းအားဖြင့် အနည်းဆုံး ငွေတုံးတစ်သောင်းခန့်လောက် ရှိသည်။
ချမ်းသာမှုသည် လူ့စိတ်အား ရွေ့လျားစေနိုင်သည်။ မားမားလျိုသည် ဒီငယ်ရွယ်ခန့်ညားသည့် လူငယ်လေးမှာ အရမ်းတည့်တိုးဆန်လိမ့်မည်ဟု မခန့်မှန်းထားမိပေ။ သူမသည် ချက်ချင်း သွားမပေါ်ရုံ ပြုံးရယ်လိုက်သည်။
“သခင်လေးက သဘောထားကြီးလှပါတယ်၊ မိန်းကလေးလျှို့က ကျွန်မတို့ ချင်ဟွိုက်မျှော်စင်ရဲ့ အထင်ကရပြယုဂ်ပါပဲ၊ သခင်လေးသာ သူမကို တကယ် တွေ့ချင်တယ်ဆိုရင် ဒီတစ်လှည့်ကို နိုင်ရပါမယ်ရှင့်”
“အဆင်ပြေပါတယ်၊ ဒါဆို နောက်တစ်လှည့် ကစားကြရအောင်လား” ကျီကျောက်သည် သူမ ရင်ဘတ်အား မထူးခြားနားစွာ ပုတ်ကာ ဘ၀င်လေဟပ်စွာ ပြောလိုက်သည်။
“ကျုပ်က အရမ်းဆင်းရဲလွန်းတော့ ကျုပ်မှာ ငွေ ဒီလောက်ပဲ ကျန်တော့တယ်၊ ကျုပ် အမျိုးသမီးလျှို့ကို မြင်နိုင်သ၍ပေါ့…. ဆိုတော့ ကျုပ် မွဲပြာကျသွားရင်လည်း ဘာအရေးလဲ”
ထိုအချိန်တွင် မားမားလျိုသည် ပို၍ပင် ပျော်ရွှင်စွာ ပြုံးလိုက်သည်။
“ဒီလိုဆိုရင် ကျွန်မကို သခင်လေး ခဏလောက်စောင့်ပေးဖို့ ဒုက္ခပေးရတော့မှာပါပဲ”
မားမားလျိုသည် ပြုံးလိုက်ကာ သူမ လက်ထဲမှ ငွေစက္ကူ တစ်ထပ်အား ချလိုက်ကာ နောက်လှည့်လိုက်ကာ သူမ ခါးသိမ်သိမ်အား ခါယမ်းရင်း ထွက်ခွာသွားသည်။
ဆယ့်ငါးမိနစ်ခန့်အကြာတွင် မျက်နှာကို ပုဝါအုပ်ထားသည့် အမျိုးသမီးတစ်ဦး ၀င်လာခဲ့သည်။
“သခင်လေး ဒီတစ်ခေါက်က အရင်အလှည့်တွေနဲ့ ကွာခြားပါတယ်၊ ဒီတစ်ခေါက်မှာတော့ အနိုင်ရရှိသူက တစ်ခေါက်တည်းနဲ့ ဆုံးဖြတ်လို့ရမှာပါ” မျက်နှာအုပ်ထားသည့် အမျိုးသမီး၏ အသံမှာ အလွန်ကြည်လင်လှသည်။ သာလိကာငှက်ကဲ့သို့ ချိုမြိန်လှကာ ဆွဲဆောင်မှုရှိ၍ နူးညံ့လှသည်။
“အိုး” ကျီကျောက်သည် သူမ မျက်ခုံးအား တမင်ပင့်လိုက်ကာ ပြောသည်။
“စိတ်၀င်စားစရာပဲ၊ မင်း ဘယ်လိုများ ယှဉ်ပြိုင်ချင်ပါသလဲ”
“အံစာဂိမ်း၊ သခင်လေးရဲ့ ဂဏန်း အကြီးလား အသေးလားဆိုတာ ဆုံးဖြတ်မှုအပေါ် မူတည်ပါတယ်ရှင့်”
မျက်နှာအုပ်ထားသည့် အမျိုးသမီးသည် ကျီကျောက်၏ အသံအား ကြားသည့်အခါ သူမ မျက်လုံးများထဲမှာ အံ့ဩရိပ်ယောင်များ ဖြတ်ပြေးသွားပေမဲ့ သူမ၏ ခံစားချက်များအား ချက်ချင်းဆိုသလို ထိန်းချုပ်လိုက်သည်။
အစ်မအာ့ထောင်က ချင်ဟွိုက်မျှော်စင်မှာ ဘာလို့ ရှိနေတာလဲ။
“ဒါဆိုရင် အသေးနဲ့ စကြတာပေါ့” ကျီကျောက်သည် တုံ့ဆိုင်းမှု မရှိဘဲ သူမ ငွေစက္ကူများ အားလုံးကို ‘အကြီး’ ဆိုသည့် စကားလုံးပေါ်သို့ တင်လိုက်သည်။
“ကောင်းပါပြီ။ သခင်လေး အလှည့်ပါရှင့်”
ကျီကျောက်သည် ဖြည်းညှင်းစွာ ပြုံးလိုက်ကာ နှစ်ချက်လောက် ခလောက်လိုက်သည်။
“ပြီးပြီ”
“သခင်လေး သေချာရဲ့လားရှင့်”
“ဒါပေါ့”
အဖြူရောင် ၀တ်ဆင်ထားသည့် အမျိုးသမီးသည် ပြုံးလိုက်ကာ သူမ လက်ထဲမှ ဝါးကျီတောက်အား လှုပ်ယမ်းလိုက်သည်။
ခဏအကြာတွင် ရပ်တန့်သွားသည်။
“သခင်လေး ဘယ်လိုဖွင့်ဖို့ စီစဉ်ထားလဲ၊ အရင်ဖွင့်ချင်လား နောက်မှဖွင့်ချင်လား၊ တစ်ပြိုင်တည်း ဖွင့်ချင်လားရှင့်”
“ကျုပ်က အချိန်ဆွဲရတာ ကြိုက်တဲ့သူမျိုး မဟုတ်ဘူး၊ အတူတူ ဖွင့်ကြတာပေါ့” ကျီကျောက်သည် သူမ လက်အား မထူးခြားနားစွာ ခါလိုက်သည်။
နှစ်ဖက်လုံးမှ အမှတ်များမှာ တစ်ပြိုင်ထဲ ပေါ်လာခဲ့သည်။
အဖြူရောင်၀တ်စုံဖြင့် အမျိုးသမီးရှေ့တွင် အံစာသုံးခုမှ အတူတကွ ကျလာကာ ထိပ်ဆုံးနံပါတ်မှာ တစ် ဖြစ်သည်။
ကျီကျောက်အတွက်တော့ သူမရှေ့ရှိ အံစာသုံးခုလုံးမှာ ပြာအဖြစ် ပြောင်းသွားသည်။
“သခင်လေး နိုင်ပါတယ်” အဖြူရောင်၀တ်ဆင်ထားသည့် အမျိုးသမီးသည့် စိတ်သက်သာရာရစွာ သက်ပြင်းချကာ တစ်ခစ်ခစ် ရယ်မောလိုက်သည်။
“ သခင်လေး ကျွန်မ အနောက်ကို လိုက်ခဲ့ပါ”
ချင်ဟွိုက်မျှော်စင်၏ ခုနှစ်ထပ်မြောက်တွင် အမျိုးသမီးလျှို့ နေထိုင်သည်။
တစ်ထပ်လုံး အနီရောင်နှင့် အဖြူရောင် လိုက်ကာများဖြင့် ဖုံးအုပ်ထားသည်။
ကျီကျောက်သည် မျက်မှောင်ကြုတ်ကာ သူမရှေ့မှ အမျိုးသမီးအား ကြည့်လိုက်မိသည်။ သူမသည် မျက်မှောင်ကြုတ်လျက် မေးသည်။
“ မင်းက အမျိုးသမီးလျှို့လား”
အဖြူရောင်၀တ်စုံဖြင့် အမျိုးသမီးသည် ရုတ်တရက် သူမ အရှေ့သို့ လှည့်လာခဲ့သည်။ ကျီကျောက်သည် မသိစိတ်မှ သူမခါးရှိ ဓားမြှောင်အား တင်းကြပ်စွာ ဆုပ်ကိုင်လိုက်မိသည်။
ထို့နောက် သူမအား ‘အစ်မအာ့ထောင်’ ဟု ခေါ်လာသည့် ရင်းနှီးနေသည့်အသံအား ကြားခဲ့ရသည်။
“ပြီးတော့ မင်းက…”
သူမ အရှေ့ရှိ အဖြူရောင်၀တ်ရုံအမျိုးသမီးသည် သူမ မျက်နှာမှ ပုဝါအား ဖယ်လိုက်ကာ သူမ၏ လှပကာ ဆွဲဆောင်မှုရှိသည့် မျက်နှာလေးအား ထုတ်ပြလာသည်။
ကျီကျောက် အနီးကပ်ကြည့်လိုက်ကာ လုံးလုံးမှင်သက်သွားမိသည်။
“ရွှမ်ချောင်”
သူမရှေ့မှလူသည် ဖန့်ရွှမ်ချောင်နှင့် တစ်ထေရာထဲ တူသည်။
သူမ မျက်ခုံးနှစ်ခုကြားမှ ဆွဲဆောင်မှုရှိသည့် အနီရောင် ပြဒါးအမှတ်မှ လွဲ၍ပင်။
“ညီမပါ” ဖန့်ရွှမ်ချောင်သည် နာခံစွာ ခေါင်းငြိမ့်ပြကာ ကျီကျောက်အား ထိုင်ရန် ဖိတ်ခေါ်သည်။
“နှစ်တွေအများကြီးကြာတာတောင် အစ်မအာ့ထောင် ညီမမျက်နှာကို မှတ်မိသေးမယ်လို့ မထင်ထားဘူး”
“ရွှမ်ချောင် ဘာတွေ….. ဘာတွေ ဖြစ်ကုန်တာလဲကွယ်၊ ညီမက ညီမအဒေါ်နဲ့အတူ နေနေတာ မဟုတ်ဘူးလား၊ ဘာလို့ ချင်ဟွိုက်ခန်းမကို ရောက်နေရတာလဲ”
“ အစ်မအာ့ထောင် ပြောရရင် အရှည်ကြီးပါပဲ” ဖန့်ရွှမ်ချောင်သည် ကူကယ်ရာမဲ့စွာ ပြုံးလိုက်မိသည်။ သူမ မျက်၀န်းများထဲမှ ဖုံးကွယ်ထားသည့် ခါးသီးမှုများမှာ သိသာထင်ရှားလှသည်။
“အခု ညီမမှာ နောက်ထပ် ပုံစံ တစ်မျိုး ရှိနေပြီ၊ ညီမကို လျှို့ရူရွှမ်လို့ ခေါ်ပြီးတော့ ချင်ဟွိုက်မျှော်စင်ရဲ့ ထိပ်တန်းပြည့်တန်ဆာပါ”
ကျီကျောက်သည် စိတ်အားထက်သန်လှသည့် မိန်းကလေးငယ်လေးမှာ ဆောင်ကြာမြိုင်သို့ ရောက်သွားလိမ့်မည်ဟု သူမ တစ်ခါမှ မတွေးခဲ့ဖူးပေ။
“ညီမ…. အရမ်း ခံစားခဲ့ရမှာပဲနော်” ကျီကျောက်သည် သူမ မျက်လုံးများအား ကြည့်လိုက်ကာ သူမ နှလုံးသားထဲမှ အလွန် နာကျင်ခံစားရသဖြင့် သူမ မျက်လုံးများ ရဲတက်လာခဲ့သည်။
“အစ်မတို့သာ အဲ့တုန်းက ညီမကို အတူခေါ်လာဖို့ တောင်းဆိုနိုင်ခဲ့ရင်…. ညီမ….”
“ အစ်မအာ့ထောင် အစ်မက အရမ်း နူးညံ့ပြီး ကြင်နာနေတုန်းပါပဲ” ဖန့်ရွှမ်ချောင်သည် သူမအား ဖြတ်ပြောကာ အပြုံးလေးဖြင့် ပြောသည်။
“ဒါက ညီမရဲ့ ဘ၀ပါ၊ အစ်မနဲ့ အစ်ကိုရှန်းတို့ကသာ ညီမရဲ့ မှောင်မဲနေတဲ့ဘ၀ကို အလင်းရောင် ပေးခဲ့တာပါ၊ ပြီးတော့ ဒါက အစ်မ အပြစ် မဟုတ်ပါဘူး၊ အစ်မ ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့နော်”
“ဒါပေမယ့်……”
မွှေးပျံ့နေသည့် စံပယ်လက်ဖက်ရည် တစ်လုတ်အား သောက်လိုက်ပြီးနောက် ဖန့်ရွှမ်ချောင်က ဖြည်းညှင်းစွာ ပြောသည်။ “ အစ်မအာ့ထောင် ညီမရဲ့ ဇာတ်လမ်းကို နားထောင်ချင်လား”
“ အင်း”
ဆရာဖန် ကွယ်လွန်သွားပြီးနောက် ဖန့်ရွှမ်ချောင်သည် ဆုကျိုးသို့သွားကာ သူမ အဒေါ် အရိပ်အောက်တွင် ခိုလှုံချင်ခဲ့သည်။
သို့ပေမဲ့ သူမ အဒေါ်မှာ နာမကျန်းမှုကြောင့် စောစောစီးစီး ဆုံးပါးသွားလိမ့်မည်ဟု မည်သူ ထင်မိပါလိမ့်မည်နည်း။
သူမ၏ ဦးလေးသည် နောက်မိန်းမ ယူထားကာ ဖန့်ရွှမ်ချောင်၏ အလှအား ငမ်းငမ်းတက် လိုချင်နေတာကြောင့် သူသည် သူ့အိမ်တော်တွင် ဖန့်ရွှမ်ချောင်အား နေခွင့်ပေးချင်ယောင်ဆောင်ခဲ့သည်။
တစ်နေ့တွင် သူမ၏ အရက်မူးနေသည့် ဦးလေးသည် ဖန့်ရွှမ်ချောင်အား အနိုင်ကျင့်စော်ကားခဲ့သည်။ ဖန့်ရွှမ်ချောင်သည် ဆက်တိုက်ခုခံခဲ့ကာ ကျားခံတွင်း၀မှ လွတ်မြောက်ခဲခဲ့သည်။
သို့ပေမဲ့ သူမ ဦးလေးရဲ့ ဒုတိယဇနီးက ရက်စက်ကြမ်းကြုတ်တဲ့ အမျိုးသမီး တစ်ယောက် ဖြစ်သည်။ သူမသည် ဖန့်ရွှမ်ချောင်အား အဆိပ်ပေးခဲ့ရုံသာမက သူမအား ချင်ဟွိုက်မျှော်စင်သို့ ရောင်းစားခဲ့သည်။
“မားမားလျိုက ငွေနောက်လိုက်တဲ့သူလေ၊ သူက ညီမက မွေးရာပါအလှနဲ့သူဆိုတာ တွေ့ပြီးတဲ့နောက် ညီမအတွက် ဂရုဏာသက်ခဲ့တယ်” ဖန့်ရွှမ်ချောင်သည် လက်ဖက်ရည် နောက်တစ်ခွက် ငှဲ့ကာ တိုးတိုးလေး သက်ပြင်းချလိုက်သည်။
“တဖြေးဖြေးနဲ့ ညီမရဲ့ ဂုဏ်သတင်းက ကြီးမားလာခဲ့တယ်၊ ကျန်းနန်ဆားတင်ပို့ရေးဠာနရဲ့ အရာရှိလင်က ညီမရဲ့ သီချင်းဆိုသံကို အရမ်းကောင်းတယ်လို့ ခံစားရပြီး ညီမကို ကာကွယ်ချင်ခဲ့တယ်၊ တဖြေးဖြေးနဲ့ အဲ့ဒီလူယုတ်မာတွေက ညီမကို မမြင်နိုင်တော့ဘူး၊ ဒါ့အပြင် အရာရှိလင်က ညီမက အပျိုစင်ပဲ ရှိသေးတာကို သိလိုက်ရတော့ သူ အရမ်းစိတ်လှုပ်ရှားသွားတယ်၊ နောက်တော့ ညီမက သူ့ရဲ့ လူယုံတော် ဖြစ်လာခဲ့တယ်”
ဖန့်ရွှမ်ချောင်၏ အသံမှာ အလွန်အမင်း တည်ငြိမ်နေသော်ငြား ကျီကျောက်သည် သူမ၏ အသံထဲမှ ဖုံးကွယ်ထားသည့် ခါးသီးမှုများအား ကြားနိုင်သေးသည်။
“အစ်မအာ့ထောင် ညီမကို အဲ့လို သနားတဲ့အကြည့်နဲ့ မကြည့်ပါနဲ့၊ တကယ်တော့ ညီမ အတော်လေး ကောင်းကောင်းမွန်မွန် နေထိုင်နေရပါတယ်”
ကျီကျောက်သည် ထပ်ပြီး မတင်းခံနိုင်စွာ အရှေ့သို့ ပြေးသွားကာ သူမအား ဖက်လိုက်ရင်း တိတ်တဆိတ် နှစ်သိမ့်ပေးသည်။
ဖန့်ရွှမ်ချောင်သည် ထိုညက ကျီကျောက်၏ လက်မောင်းများအောက်တွင် ရှိနေကာ မငိုခဲ့ပေ။
ထို့အပြင် သူမ ချင်ဟွိုက်မျှော်စင်ကို ရောင်းချခံလိုက်ရကတည်းက သူမ၏ ကံကြမ္မာကို သူမ သိနေခဲ့သည်။
မားမားလျိုမှ သူမအား ဧည့်သည်များကို ၀န်ဆောင်မှုပေးရန် မမေးခဲ့ရသည့် အကြောင်းရင်းမှာ သူမသည် ရှားပါးကုန်က ပို၍ တန်ဖိုးကြီးသည်ဟု ထင်မြင်ခြင်းကြောင့်ဖြစ်ကြောင်း သူမ သိသည်။
သို့ပေမဲ့ သူမ အစ်မအာ့ထောင်၏ လက်မောင်းများထဲတွင် ပွေ့ဖက်ခံထားရသည့် အခိုက်တွင် သူမ နှလုံးသားအောက်ခြေမှ နာကြည်းချက်များအား ရုတ်တရက် မဖိနှိပ်ထားနိုင်တော့ပေ။
သူမသည် တိတ်တဆိတ် ငိုကြွေးလိုက်မိကာ သူမ၏ မျက်ရည်များမှာ ကျီကျောက်၏ ပုခုံးပေါ်တွင် ရွှဲရွှဲစိုသွားသည်။
***