← Chapters

မင်းက ကျားအရေခွံအတွက် ကျားနဲ့ ညှိနှိုင်းနေတာပဲ။ ညီမ အဆုံးသတ် မလှမှာကို ကျွန်တော် စိုးရိမ်မိပါရဲ့

Vol. 25 Ch. 358

မင်းက ကျားအရေခွံအတွက် ကျားနဲ့ ညှိနှိုင်းနေတာပဲ။ ညီမ အဆုံးသတ် မလှမှာကို ကျွန်တော် စိုးရိမ်မိပါရဲ့

Vol. 25 Ch. 358

“အစ်မအာ့ထောင် ညီမအကြောင်း ထပ်မပြောကြရအောင်၊ အစ်မ ကျင်းလင်ကို ဘာလို့ လာတာလဲ”

အချိန်အတော်ကြာငိုလိုက်ပြီးနောက် ဖန့်ရွှမ်ချောင်တစ်ယောက် နေလို့ ပိုကောင်းလာသည်။ သူမသည် ကျီကျောက်အား ကြည့်လျက် စိုးရိမ်ကြီးစွာ မျက်မှောင်ကြုတ်လိုက်မိသည်။

“ကျင်းလင်မြို့က လူဆိုးလူမိုက်တွေ ထူထပ်တဲ့နေရာလေ။ အချိန် အကြာကြီး မနေသင့်ပါဘူး”

“ အစ်မ သိပါတယ်” ကျီကျောက်သည် သူမ လက်ဖမိုးအား မြှောက်လိုက်ကာ သူမ မျက်နှာမှ မျက်ရည်များအား သုတ်ပေးလိုက်ကာ သက်ပြင်းဖျော့ဖျော့ချကာ ပြောသည်။

“ အစ်မ ရှန်းယောင်ကိုရှာဖို့ ကျင်းလင်ကို လာတာလေ”

“ အစ်ကိုရှန်းရော ကျင်းလင်ကို ရောက်နေတာလား”

“လွန်ခဲ့တဲ့တစ်လလောက်က ရှန်းယောင်က ချင်ဟွိုက်မြစ်ထဲပြုတ်ကျပြီး ပျောက်သွားတယ်”

“လွန်ခဲ့တဲ့တစ်လကလား” ဖန့်ရွှမ်ချောင်သည် စိတ်ရှုပ်ထွေးစွာ မျက်ခုံးပင့်ပြီး ရုတ်တရက် မော့ကြည့်လိုက်မိသည်။

“ သခင်လေးလင်ရဲ့ မြှားနဲ့ အပစ်ခံရတဲ့လူက အစ်ကိုရှန်းလား”

“ရွှမ်ချောင် ညီမ အဲ့နေ့က ရှိနေခဲ့တာလား”

“ဟုတ်ကဲ့….” ထိုအခိုက်တွင် ဖန့်ရွှမ်ချောင်သည် တစ်ကိုယ်လုံး တုန်ရီနေမိသည်။

“ အစ်မအာ့ထောင် အစ်မ ကျင်းလင်ကနေ အမြန်ဆုံး ထွက်သွားသင့်တယ်၊ ဒီနေရာက အကြာကြီး နေထိုင်လို့ကောင်းတဲ့ နေရာ မဟုတ်ဘူး”

“ရွှမ်ချောင် အဲ့နေ့က ညီမ အားလုံးကို ကိုယ်တိုင်မြင်ခဲ့တယ်မလား၊ ရှန်းယောင် တကယ်ပဲ သေသွားတာလား”

“ အစ်မအာ့ထောင် ညီမ အစ်ကိုရှန်း အသက်ရှင်သေးလား မသိပေမဲ့ သာမာန်လူတစ်ယောက်သာဆို နှလုံးကို အပစ်ခံလိုက်ရတာနဲ့ သေချာပေါက် သေမှာ မဟုတ်လား” ဖန့်ရွှမ်ချောင်သည် အပြစ်ရှိစိတ်ဖြင့် အဝေးသို့ကြည့်လိုက်ကာ အသံတိုးတိုးဖြင့် အကြံပေးသည်။

“ အစ်မအာ့ထောင် သေ‌တဲ့သူက ပြန်မရှင်တော့ပါဘူး၊ အစ်မ….အစ်မလဲ ‌လက်လျှော့လိုက်ပါတော့နော်”

ကျီကျောက်သည် သူမ မျက်လုံးများအား ၀မ်းနည်းစွာ မှေးမှိတ်လိုက်မိသည်။

သူမ ခန္ဓာကိုယ်မှာ မထိန်းချုပ်နိုင်ဘဲ စတင်ယိမ်းထိုးလာသည်။

“ မဟုတ်ဘူး၊ သူ သေမှာ မဟုတ်ဘူး….. သူ အစ်မကို အိမ်ကို ဘေးကင်းကင်းနဲ့ ပြန်လာပါ့မယ်လို့ ကတိပေးထားတယ်၊ သူက ကိုယ့်စကားကိုယ် ပြန်ရုတ်သိမ်းတတ်တဲ့သူမျိုး မဟုတ်ဘူး”

“အစ်မအာ့ထောင်” ဖန့်ရွှမ်ချောင်က သူမကို ဖျောင်းဖျရန် လုပ်နေစဉ်မှာပဲ အလျင်စလို တံခါးခေါက်သံအား ကြားလိုက်ရသည်။

သူမရဲ့ နှလုံးသား နစ်မြုပ်သွားပြီး အလျင်အမြန် တံခါးဖွင့်လိုက်သည်။

“ မားမားလျို ဘာများဖြစ်လို့လဲ”

“ရွှမ်အာ အရာရှိလင်က သမီးကို တွေ့ချင်နေတယ်။ အရေးပေါ်တဲ့။”

“ဒါပေမယ့် ဧည့်သည်က အထဲမှာလေ…..”

“ အဆင်ပြေပါတယ်ကွယ်၊ မားမားနဲ့ ထားခဲ့လိုက်”

ဖန့်ရွှမ်ချောင်တစ်ယောက် ခေါင်းညိမ့်ပြရုံသာ တတ်နိုင်သည်။ သူမ မထွက်သွားခင် ကျီကျောက်နှင့် တိတ်တဆိတ် အကြည့်ချင်း ဖလှယ်လိုက်မိသည်။

နောက်တော့ အရက်ဒဏ် မခံနိုင်တော့ဘဲ မှောက်သွားသည့် ကျီကျောက်အား မားမားလျိုသည် ချင်ဟွိုက်မျှော်စင်ဘေးရှိ ထူးခြားလှပသည့် အပျော်စီးလှေသင်္ဘော တစ်စင်းတွင် တည်းခိုရန် စီစဉ်ပေးခဲ့သည်။

“ မင်းတို့အားလုံး ထွက်သွားကြစမ်း” ကျီကျောက်သည် ဒေါသတကြီး ကြိမ်း‌မောင်းကာ တံခါးအား စောင့်ပိတ်လိုက်သည်။

မားမားလျိုသည် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါလိုက်မိသည်။ သူမ ထင်ထားတာက ဒီကောင်ချောလေးက အသုံး၀င်လိမ့်မည်ဟုပင်။ အရက် နှစ်ခွက်လောက် ၀င်သွားတာနဲ့ သူက ဒီလိုမျိုး ဖြစ်လာလိမ့်မယ်လို့ ဘယ်သူ ထင်မိပါ့မလဲ။ တကယ့်ကို စိတ်ပျက်စရာပါပဲ။

ကျီကျောက်သည် ဆိုဖာခုံပေါ်တွင် မတ်မတ်ထိုင်လိုက်ကာ သူမ မျက်လုံးများမှာ ဝါးနေရာမှ ကြည်လင်လာခဲ့သည်။

ချင်ဟွိုက်မျှော်စင်မှာ ဖန့်ရွှမ်ချောင်ကို တွေ့ခဲ့ရသည်မှာ သူမ မှန်းဆထား‌သည်ထက် ကျော်လွန်နေသည်။

သို့ပေမဲ့ ဖန့်ရွှမ်ချောင်၏ စကားများမှာ အမှန်လား၊ အမှားလားဆိုသည်ကို အတည်မပြုနိုင်သေးပေ။

သူမသည် ဖန့်ရွှမ်ချောင်အား အမှန်ကို ကိုယ်ချင်းစာသော်ငြား သူမ ကျင်းလင်မြို့မှာ ရှိနေစဉ်တွင် အန္တရာယ်က နေရာတိုင်းမှ ပေါ်ထွက်နိုင်သည်။ သူမသည် တကယ်ပဲ ဖန့်ရွှမ်ချောင်က ယုံကြည်စိတ်ချရမည့်သူ ဟုတ် မဟုတ် မသေချာသေးပေ။

အခု သူမ တစ်ခုတည်းသော မျှော်လင့်သည်မှာ ရှန်းယောင်အား တတ်နိုင်သမျှ အမြန်ဆုံး ရှာတွေ့နိုင်ဖို့ပင်။ ထိုအခါမှသာ သူမ စိတ်ကျေနပ်နိုင်ပေလိမ့်မည်။

ကျီကျောက် ခန့်မှန်းထားသည့်အတိုင်း ရှန်းယောင်မှာ အမှန်ပင် မသေသေးပေ။ တကယ်တော့ သူသည် သူမနှင့် သိပ်မဝေးသည့် အိမ်တော်တစ်ခုထဲတွင် ရှိနေသည်။

ကျွီ*

ဖန့်ရွှမ်ချောင်သည် ပင်ပန်းနွမ်းနယ်စွာဖြင့် သူမ၏ နေအိမ်သို့ ပြန်သွားပြီး သူမ၏ အိပ်ခန်းထဲသို့ ၀င်လိုက်သည်။

သူမ တစ်ကိုယ်လုံးကို ရေနွေးထဲ ၀င်စိမ်လိုက်ပြီးမှသာ သူမ တ‌ဖြည်းဖြည်း အသိပြန်၀င်လာခဲ့သည်။

ဒီနေ့ည လင်ကျီရွှမ် အကြောင်းကို စဉ်းစားပြီးနောက် သူမ ရွံရှာလွန်းသဖြင့် ပျို့အန်ချင်လာသည်။

ဒီရက်တွေထဲ သူမ တကယ် ပင်ပန်းလွန်းလှသဖြင့် သူမကိုယ်သူမ အမြန်ဆုံး လွတ်မြောက်ချင်လိုသည်။

သို့ပေမဲ့ သူမသည် ရှန်းယောင်တို့လင်မယားအား ထပ်တွေ့ရလိမ့်မည်ဟု မထင်ထားခဲ့ပေ။

သူမ သူတို့ကို ပြန်တွေ့ရတာ အမှန်ကို ၀မ်းမြောက်ပျော်ရွှင်မိကာ ရှန်းယောင်အား ပြန်ခေါ်လာချင်ခဲ့သည်။

တစ်နာရီခန့်ကြာပြီးနောက် ရေစည်ထဲမှ ရေများမှာ လုံးဝ အေးစက်သွားသည့်အခါ ဖန့်ရွှမ်ချောင်သည် ပါးလွှာသည့် ၀တ်စုံ တစ်ထည်ကို ၀တ်ဆင်လိုက်ကာ ဘေးအခန်းထဲသို့ ၀င်သွားသည်။

ထိုအချိန်တွင် ရှန်းယောင်မှာ နိုးနှင့်နေပြီ ဖြစ်သည်။

သို့ပေမဲ့ သူ့ဒဏ်ရာများမှာ အလွန်ပြင်းထန်လှသဖြင့် သူ မလှုပ်ရှားနိုင်ပေ။

“အစ်ကိုရှန်း ဒီနေ့ သက်သာရဲ့လား” ဖန့်ရွှမ်ချောင်သည် ဖြည်းညှင်းစွာ ချဉ်းကပ်လာကာ သူမ၏ နှုတ်ခမ်းနီနီအား ညင်သာစွာ ကိုက်လိုက်သည်။

“စိတ်ပူပေးလို့ ကျေးဇူးပါ၊ အတော်လေး သက်သာလာပါပြီ” ရှန်းယောင်၏ အသံမှာ တည်ငြိမ်ကာ ခံစားချက် စိုးစိမျှ မရှိပေ။

ဖန့်ရွှမ်ချောင်သည် သူ့အား စိတ်ပျက်လက်ပျက် ကြည့်လာသည်။ “အစ်ကိုရှန်း ညီမကို စိတ်ထဲကနေ အပြစ်တင်နေတုန်းပဲမလား”

ရှန်းယောင်သည် သူ့နှုတ်ခမ်းအား တင်းတင်းစေ့ထားကာ တိတ်‌ဆိတ်နေသည်။

သူ့ရှေ့မှ အမျိုးသမီးမှာ ဟိုးအရင်ကလို တက်ကြွကာ အပြစ်ကင်းသည့် ဆရာတူညီမငယ်လေး မဟုတ်တော့ပေ။

သူမ၏ ခန္ဓာကိုယ်မှ နံ့သာချေအနံ့ပြင်းပြင်းများမှာ လူအများအား မသိစိတ်မှ ခုခံစေလိုသည်။

“အစ်ကိုရှန်း ညီမ အစ်ကို့ကို ဆေးကူလိမ်းပေးရမလား” ဖန့်ရွှမ်ချောင်သည် ရွှင်ပျချင်ယောင်ဆောင်ကာ ပြုံးပြသည်။

“ မလိုပါဘူး၊ ကျွန်တော် ကိုယ့်ဘာသာ လိမ်းပြီးပါပြီ”

“ အစ်ကိုရှန်း အစ်ကို ညီမကို စက်ဆုပ်ရွံရှာနေတာလား” ဖန့်ရွှမ်ချောင်သည် သနားစဖွယ်ကောင်းအောင် ငိုယိုပြသည်။

“ညီမမှာ ဘာရည်ရွယ်ချက်မှ မရှိပါဘူး၊ ညီမက အစ်ကို့ကို အမြန်သက်သာလာစေချင်ရုံလေးပါ”

“မိန်းကလေးဖန့်” ရှန်းယောင်က သူမအား စိုက်ကြည့်လာသည်။

“မင်းက ကျားအရေခွံအတွက် ကျားနဲ့ ညှိနှိုင်းနေတာပဲ။ ညီမ အဆုံးသတ် မလှမှာကို ကျွန်တော် စိုးရိမ်မိပါရဲ့”

“ အစ်ကိုရှန်းက ညီမ ပြည့်တန်ဆာဖြစ်နေတာကို ရွံရှာတာလား” ဖန့်ရွှမ်ချောင်သည် ခါးသီးစွာ ပြုံးပြသည်။

“ဒါပေမယ့် ညီမ ဘာမှားနေလို့လဲ၊ ညီမက မိန်းမတစ်ယောက်ပဲလေ၊ ညီမ ဆောင်ကြာမြိုင်ကို ရောင်းစားခံရတယ်၊ ညီမ ထွက်ပြေးဖို့ ကြိုးစားခဲ့ပေမဲ့ အဆုံးမှာ ဘာဖြစ်သွားခဲ့လဲ၊ အရိုက်ခံရတယ်…. အစ်ကိုရှန်း အစ်ကို ဒါမျိုး အရင်တုန်းက တွေ့ကြုံဖူးမယ်လို့ ညီမ မထင်ဘူး၊ သားရေကျားပွတ်နဲ့ အရိုက်ခံထားရတဲ့ နောက်ကျောကို ဆားရည်နဲ့ အပက်ခံရတဲ့ ခံစားချက်က အရမ်းနာကျင်ပြီး…. မွန်းကြပ်လွန်းပါတယ်….”

ရှန်းယောင်သည် သူ့နှုတ်ခမ်းအား တင်းတင်းစေ့ထားကာ သူ့မျက်လုံးများအား ညင်သာစွာ မှိတ်လိုက်သည်။

ဖန့်ရွှမ်ချောင်သည် ရုတ်တရက် အနားသို့ တိုးလာကာ သူ့နှုတ်ခမ်းများအား ထိတွေ့ချင်နေသည်။

“အစ်ကိုရှန်း အစ်ကိုသာ ညီမနဲ့ တစ်ညလောက် အတူအိပ်ပေးမယ်ဆိုရင် ညီမ အရာရှိချင်ကို ဆက်သွယ်ဖို့ နည်းလမ်း စဉ်းစားကြည့်ပေးမယ်….ဘယ်လိုလဲ”

ရှန်းယောင်သည် သူ့မျက်လုံးကို ဖွင့်လိုက်တော့ သူ့မျက်၀န်းထဲမှ စက်ဆုပ်ရွံရှာမှုက သိသာထင်ရှားလှသည်။

“အစ်ကိုရှန်းက မလုပ်ချင်ဘူးလား” ဖန့်ရွှမ်ချောင်က အလွန်အမင်း စိတ်ပျက်သွားမိသည်။

“ အစ်ကိုရှန်းက မလုပ်ချင်မှတော့ ညီမ တွန်းအားမပေးတော့ပါဘူး၊ ပြီးတော့ တွန်းအားပေးတာက ချိုမြိန်မှုမှ မရှိတာ”

“ အစ်ကိုရှန်း အခုထိ သိလောက်အုံးမှာတော့ မဟုတ်ဘူး၊ ဒီနေ့ ညီမ အစ်မအာ့ထောင်ကို တွေ့ခဲ့တယ်”

ရုတ်ခြည်းဆိုသလို ရှန်းယောင်၏ မျက်လုံးများ ပြူးကျယ်သွားကာ သူမအား ခြိမ်းခြောက်သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။

“တကယ်လို့ ကျောက်ကျောက် တစ်ခုခု ဖြစ်ခဲ့ရင် မင်းကို လွတ်ပေးမယ် မထင်နဲ့”

“ဒါဆို အစ်ကိုရှန်းက သွေးအေးတဲ့သူ မဟုတ်ဘူးပေါ့” ဖန့်ရွှမ်ချောင်က ရှန်းယောင် ဒေါသထွက်နေတာကို မြင်လိုက်ရသည့်အခါ အရမ်းစိတ်လှုပ်ရှားဖို့ကောင်းတယ်ဟု တွေးမိသည်။

“ဆိုတော့ အစ်မအာ့ထောင်က တကယ်ပဲ အစ်ကို့ရဲ့ အားနည်းချက်ပေါ့၊ ညီမထင်တာ အစ်ကိုရှန်းက ဘာကိုမှ မကြောက်တဲ့လူလို့လေ”

“ အစ်ကိုရှန်း ကြားဖူးလားတော့ မသိဘူး အရာရှိလင်က မိန်းမလှလေးတွေကို အလိုလိုက် အကြိုက်ဆောင်ပေးရတာကို တအားမြတ်နိုးတာတဲ့လေ၊ ဒီနေ့ ညီမ အစ်မအာ့ထောင်ကိုတွေ့တော့ အစ်မအာ့ထောင်က ညီမထက်တောင် ပိုလှတာကို သိလိုက်ရတယ်”

ရှန်းယောင်သည် သူ့မျက်လုံးများ ပြုတ်ထွက်မတတ် သူမအား စူးစိုက်ကြည့်သည်။

“တကယ်လို့ ညီမသာ အစ်မအာ့ထောင်ကို အရာရှိလင်နဲ့ မိတ်ဆက်ပေးလိုက်ရင် ဘယ်လို စိတ်၀င်စားစရာမျိုးတွေ ဖြစ်လာမလဲ ညီမ သိချင်မိသားနော်”

“ မင်း လုပ်ရဲလား”

“ အစ်ကိုရှန်း ညီမကို ခြိမ်းခြောက်နေတာလား” ဖန့်ရွှမ်ချောင်သည် ကြောက်လန့်သလို ဟန်ဆောင်လိုက်ကာ သူမ ရင်ဘတ်အား ဖိလိုက်သည်။

“ အစ်ကိုရှန်း အရမ်းမကြမ်းပါနဲ့၊ ညီမ ကြောက်လို့ပါနော်”

“ အစ်ကိုရှန်းကို ညီမ ဆုံးဖြတ်ဖို့ အချိန်တစ်ညပေးမယ်ဆို ဘယ်လိုလဲ၊ အစ်ကိုသာ ညီမနဲ့ တစ်ခါလောက် အိပ်ပေးမယ်ဆိုရင် ညီမ အစ်မအာ့ထောင်ကို အစ်ကိုနဲ့တွေ့ဖို့ ခေါ်လာပေးမယ်၊ အစ်ကို ဒီအခွင့်အရေးကို အဆုံးရှုံး မခံသင့်ဘူးနော်”

ရှန်းယောင်သည် သူမအား ခက်ထန်စွာ ကြည့်ကာ ထပ်မပြောတော့ပေ။

တစ်ဖက်တွင်တော့ အချိန်အတော်ကြာအောင် အိမ်မက်မမက်ခဲ့သည့် ကျီကျောက်သည် အိမ်မက် ထပ်မက်ခဲ့သည်။

ဒီတစ်ခေါက်မှာတော့ အိမ်မက်က အတော်လေး ကြည်လင်လှသည်။

သူမသည် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရနေသည့် ရှန်းယောင်ဆီသို့ အ၀တ်မဲ့နေသည့် ဖန့်ရွှမ်ချောင်တစ်ယောက် ချဉ်းကပ်သွားသည်ကို တွေ့ခဲ့ရသည်။

သူမ အိမ်မက်မှ နိုးထလာခိုက်တွင် ကျီကျောက် ဒေါသထွက်သွားသည်။

ဘန်း*

အိပ်ချက်မူးတူးဖြစ်နေသည့် ဖန့်ရွှမ်ချောင်မှာ ကျယ်လောင်သည့် ရိုက်သံအား ကြားလိုက်ရသဖြင့် စိုးထိတ်သွားမိသည်။

သူမသည် ဒေါသထွက်နေသည့် ကျီကျောက်အား မြင်လိုက်ရချိန်တွင် မယုံနိုင်လောက်အောင် စိတ်ငြိမ်သွားသည်။

“ အစ်မအာ့ထောင် အစ်မ ဘာလို့ ဒီကိုရောက်နေတာလဲ”

***

All Chapters